← Chapters

အိပ်မက်အစည်းအဝေး

Vol. 4 Ch. 36

အိပ်မက်အစည်းအဝေး

Vol. 4 Ch. 36

ချီရွှမ်းစုသည် မတည်မငြိမ် လွင့်မျောပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်ဟု ခံစားလိုက်ရ၏။ အမှောင်ထုက သူ့ကို လွှမ်းခြုံလာပြီး သူ၏ ဘေးပတ်ဝန်းကျင်က ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအခိုက်အတန့်မှာ သူသည် ထူးဆန်းသော ထိုအိပ်မက်ဆိုးထဲသို့ နောက်တစ်ဖန် ဝင်ရောက်တော့မည်ဟု တွေးမိလိုက်၏။ သို့သော်လည်း ယခုတစ်ခေါက်က ကွဲပြားခြားနားသည်။ သူ၏ ဘေးပတ်လည်မှာ မည်သည့်တောင်တန်းမှ မရှိဘဲ အဆုံးမဲ့ အမှောင်ထုသာ ရှိနေ၏။

အချိန်အနည်းငယ်ကြာပြီးနောက် အမှောင်ထုက ကျယ်ပြောသော လေဟာနယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မလှမ်းမကမ်းမှာ နန်းတော်တစ်ခု လွင့်မျောနေ၏။ နောက်ခဏ၌ ချီရွှမ်းစုသည် ထိုနန်းတော်ရှိရာသို့ အထိန်းအကွပ်မဲ့စွာ လွင့်မျောသွားသည်။

ချီရွှမ်းစုသည် သူ၏ ခြေဖဝါးအောက်မှာ မာကျောသော မြေပြင်ကို နောက်တစ်ဖန် စမ်းမိချိန်မှာ သူက စိမ်းသက်သော နေရာတစ်ခုသို့ ရောက်ရှိနေပြီကို သိလိုက်ရသည်။

ဤနေရာကို စကားလုံးဖြင့် ဖော်ပြဖို့ မတတ်နိုင်ပေ။ အတွင်းပိုင်းသည် ခမ်းနားသော ခန်းမတစ်ခုနှင့် ဆင်တူသော်လည်း ၎င်းကို မီးခိုးများက လွှမ်းခြုံထားသည်။ အရာရာတိုင်းက ဝေဝေဝါးဝါး ဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။ ဤနေရာမှာ မျက်နှာကျက်မရှိဘဲ ကြယ်တာရာကောင်းကင်ကို တွေ့မြင်နေရသည်။

ချီရွှမ်းစုက အောက်ကို တစ်ချက်ငုံ့ကြည့်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသော မီးခိုးများ လွှမ်းခြုံထားသည်ကို တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်မှာ မီးခိုးများ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုက သူရှိရာသို့ လွင့်မျောလာသည်။

သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်လိုက်သော်လည်း ထိုသူက သူ့ကို လက်ဟန်အမူအယာပြနေသည့်အတွက် သူက မဝံ့မရဲဖြင့် မေးမြန်းလိုက်၏။

“အစ်မချီလား”

“ဟုတ်တယ်… ငါလေ”

အစ်မချီ၏ အသံက အနည်းငယ် မပီမသ ဖြစ်နေ၏။

ချီရွှမ်းစုက စိတ်သက်သာရာရစွာ သက်ပြင်းချပြီး မေးလိုက်၏။

“အစ်မချီ… ကျုပ်တို့ ဘယ်ရောက်နေတာလဲ”

အစ်မချီက ပြန်ပြောလိုက်၏။

“ဒါက ချင်းဖျင်အသင်းတော်ရဲ့ (ခ) အဆင့် စုဝေးပွဲပဲ”

ချီရွှမ်းစုက ဘေးဘီဝဲယာကို ကြည့်ရှုကာ ပြောလိုက်၏။

“ဒါက… ဝိညာဉ်ထွက်ခွာခြင်းလား”

“မဟုတ်ဘူး”

အစ်မချီက ခေါင်းခါပြလိုက်၏။

“ဂမ္ဘီရဝိဇ္ဇာတွေရဲ့ အိပ်မက်စေနယ်ပယ်ကို မင်း ကြားဖူးမှာပေါ့”

“အင်း… ကျုပ်ကြားဖူးတယ်”

“အိပ်မက်စေနယ်ပယ်မှာ ဝိညာဉ်ကို စေလွှတ်ပြီး တခြားသူတွေရဲ့ အိပ်မက်တွေထဲကို ဝင်ရောက်နိုင်တယ်… အဲဒီနယ်ပယ်ကို ရောက်လာပြီးတဲ့နောက် မသမာတဲ့သူတချို့က… အထူးသဖြင့် အမျိုးသမီးတွေရဲ့ အိပ်မက်တွေထဲကို ဝင်ပြီး သူတို့နဲ့ မေထုန်အမှု ကျူးလွန်ကြတယ်လို့ ကျုပ်ကြားဖူးတယ်… အဲဒီ အမျိုးသမီးတွေက နိုးလာတဲ့အခါ သူတို့က မဖွယ်မရာ အိပ်မက်တစ်ခု မက်နေခဲ့တယ်လို့ပဲထင်ပြီး ယုတ်မာခံခဲ့ရတယ်လို့ တွေးမိမှာမဟုတ်ဘူး”

အစ်မချီက ချီရွှမ်းစုကို လက်ဖြင့် လှမ်းဆိတ်ကာ ပြောလိုက်၏။

“နင်… အဲ့လို ဇာတ်လမ်းတွေ နားထောင်ရတာကို သဘောကျနေတာမလား”

ချီရွှမ်းစုက ညင်သာစွာ လည်ချောင်းရှင်းပြီး မကြားချင်ယောင် ဆောင်လိုက်၏။

အစ်မချီက ရှင်းပြလိုက်သည်။

“ဝိညာဉ်နဲ့ အခြားသူတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်တယ်ဆိုတာ အိပ်မက်စေရဲ့ အခြေခံကျတဲ့ အသုံးချမှုတစ်ခုပဲ ရှိသေးတယ်… ဂမ္ဘီရဝိဇ္ဇာတွေက တစ္ဆေအင်မော်တယ်နယ်ပယ်(ကွေ့ရှန်းနယ်ပယ်)ကို ရောက်လာပြီးရင် သူတို့တွေက ‘ခေါင်းအုံးထဲကလောက’ဆိုတဲ့ လူအများသိထားတဲ့ ပုံပြင်ထဲကလိုမျိုး တခြားသူတွေကို သူတို့ရဲ့ အိပ်မက်တွေထဲ ဖိတ်ခေါ်နိုင်တယ်”

“အဲ့ဒီ ဇာတ်လမ်းမှာဆိုရင် လုရှန်က တော်ဝင်စာမေးပွဲဖြေဖို့ နေပြည်တော်ကို သွားခဲ့ပေမဲ့ သူက ကျရှုံးသွားခဲ့တယ်… ပြန်လာတဲ့လမ်းမှာ သူက လုဝမ်လို့ အမည်ရတဲ့ တာအိုဆရာတစ်ဦးနဲ့ ဆုံတွေ့ခဲ့တယ်… လုရှန်က သူ့ရဲ့ ဆိုးဝါးလှတဲ့ ဘဝအကြောင်း ညည်းပြခဲ့ချိန်မှာ လုဝမ်က သူ့ကို ကြွေခေါင်းအုံးတစ်လုံး ထိုးပေးခဲ့တယ်”

“လုရှန် အိပ်မောကျသွားတာနဲ့ သူက ချင်းဟယ်ခရိုင်ရဲ့ စွေ့မိသားစုက ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ပြီးသွားပြီလို့ အိပ်မက်မက်ခဲ့တယ်… သူက တော်ဝင်စာမေးပွဲကိုအောင်ပြီး ခရိုင်ဝန်ကနေ ရှန်ကျိုးစီရင်စုဝန်အထိ တရားဝင် ရာထူးတွေကို ရရှိခဲ့တယ်… အဲ့ဒီနောက် သူက ဘဏ္ဍာရေးဝန်… အဲဒီကနေ စိစစ်ရေးအမတ်နဲ့ နောက်ဆုံး အတွင်းရေးမှူးချုပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့တယ်… 'ယန်'နယ်စားကြီးဆိုတဲ့ ဘွဲ့ကိုလည်း အပ်နှင်းခံရပြီး သူ့ရဲ့ ကလေးငါးယောက်ကလည်း အဆင့်မြင့် အရာရှိတွေ ဖြစ်လာကြတယ်… သူတို့တွေက မြင့်မြတ်တဲ့ မိသားစုဝင်တွေနဲ့ လက်ထပ်ထိမ်းမြားသွားကြတယ်”

“လုရှန်က သူ့ကို အဖော်ပြုပေးနေတဲ့ ကလေးတွေ၊ မြေးတွေ အများကြီးနဲ့ ချမ်းသာကြွယ်ဝပြီး ဩဇာတိက္ကမရှိတဲ့ ဘဝတစ်ခုမှာ နေထိုင်ခဲ့တယ်… သူ အသက် ၈၀ ရောက်တဲ့အချိန်မှာ သူက နာမကျန်းဖြစ်ပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့တယ်… သူ့ရဲ့ နောက်ဆုံးထွက်သက်မှာ လုရှန်က အလန့်တကြားနဲ့ နိုးထပြီး ထထိုင်လိုက်တယ်… သူက ဘေးဘီဝဲယာကို ကြည့်လိုက်တဲ့အခါ အားလုံးက အရင်ကအတိုင်း ရှိနေတာကို သိလိုက်ရတယ်… တာအိုဆရာ လုဝမ်က သူ့ဘေးမှာ ထိုင်နေတုန်းပဲ… မီးဖိုပေါ်က ဟင်းအိုးကတောင် မကျက်သေးဘူး”

ချီရွှမ်းစုက တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

“အဲ့ဒီ ဇာတ်လမ်းက ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ”

အစ်မချီက ပြုံး၍ ပြောလိုက်၏။

“နင် နားမလည်ဘူးလား… အခု ငါတို့က အိပ်မက်တစ်ခုထဲမှာ ဆုံတွေ့နေကြတာပဲ”

ချီရွှမ်းစုက ငေးငိုင်သွား၏။

“ဒါက ဝိညာဉ်ထွက်ခွာခြင်း မဟုတ်ဘဲ အိပ်မက်တစ်ခု ဖြစ်နေတာလား”

အစ်မချီက ဖြေပေးလိုက်၏။

“အတိအကျပေါ့… ငါတို့ရဲ့ ဝိညာဉ်တွေက ငါတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းပဲ… ဒါပေမဲ့ လုရှန်လိုမျိုးပဲ ငါတို့က အိပ်မက်တစ်ခုထဲကို ဝင်ရောက်လာခဲ့ကြတယ်… ဒါပေမဲ့ ဒါက ငါတို့ရဲ့ အိပ်မက်မဟုတ်ဘူး… တခြားတစ်ယောက်ရဲ့ အိပ်မက်ပဲ”

ချီရွှမ်းစုက ပို၍ပင် တုန်လှုပ်သွား၏။

“တခြားတစ်ယောက်ရဲ့ အိပ်မက်လား… အစ်မချီ ကျုပ်တို့တွေက မတူညီတဲ့ နေရာတွေမှာ ရှိနေပေမယ့် အစီအရင်ကနေတစ်ဆင့် တခြားတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်ပြီး ဒီနေရာမှာ လာဆုံရတယ်လို့ ခင်ဗျား ပြောနေတာလား”

အစ်မချီက ခေါင်းညိတ်ပြလိုက်၏။

“သဘောတရားအရ ငါတို့က ငါတို့ရဲ့ အိပ်မက်ထဲကို အရင်ဝင်ရတယ်… ပြီးမှ အစီအရင်က ငါတို့ရဲ့ အိပ်မက်တွေကို ဒီအိပ်မက်နယ်ပယ်နဲ့ ချိတ်ဆက်ပေးတယ်… အဲ့ဒါက ပေါင်းကူးတံတားတစ်ခုလိုပဲ… ငါတို့တွေက ပေါင်းကူးတံတားကနေတစ်ဆင့် ဒီအိပ်မက်နယ်ပယ်ထဲကို ဝင်ရောက်လာကြတယ်… အဲ့ဒါက အိမ်ရာခြံဝင်းစနစ်တစ်ခုနဲ့ ဆင်တူတယ်… ငါတို့ရဲ့ အိပ်မက်တွေက သီးခြားခြံဝင်းတွေပဲ… ဒီ အိပ်မက်နယ်ပယ်ကတော့ အဲဒီ ခြံဝင်းတွေ အားလုံးကို ချိတ်ဆက်ပေးထားတဲ့ အလယ်ဗဟို ရင်ပြင်ပဲ”

ချီရွှမ်းစုက မေးလိုက်၏။

“ဒီ (ခ) အဆင့် စုဝေးပွဲမှာ လူဘယ်လောက်များများ တက်ရောက်ကြလဲ”

အစ်မချီက ခဏမျှ စဉ်းစားပြီး ပြန်ဖြေပေးလိုက်၏။

“လူ ၂၀၀ ၃၀၀ လောက် ရှိမယ်”

ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်သွား၏။

ဤမျှများပြားသော လူများ၏ အိပ်မက်များကို အိပ်မက်တစ်ခုနှင့် ချိတ်ဆက်ပေးထားသည်ဆိုလျှင် ထိုအိပ်မက်ပိုင်ရှင်က ဘယ်အဆင့်မှာ ရှိနေတာလဲ။

ချင်းဖျင်အသင်းတော်ရဲ့ စွမ်းအားက ဘယ်အဆင့်ထိ ရောက်ရှိနေတာလဲ။

ရုတ်တရက် ချီရွှမ်းစုက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မေးလိုက်၏။

“ဒါဆို… ဒီအိပ်မက်နယ်ပယ်ထဲမှာ ကျုပ်တို့ တစ်ခုခု ပြောမယ်ဆိုရင်… အဲ့ဒီ အိပ်မက်ပိုင်ရှင်က သိမှာလား”

အစ်မချီက ပြောလိုက်၏။

“အဲလို ပြောလို့ရတယ်… ဒါပေမဲ့ အိပ်မက်ပိုင်ရှင်က နင်ပြောတာကို စိတ်ဝင်စားဦးမှပေါ့… များသောအားဖြင့်တော့ သူတို့က ဒီလိုမျိုး အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်တတ်ကြဘူး… သူတို့က စုဝေးပွဲ လုပ်ဖို့အတွက် ဒီနေရာကို ထောက်ပံ့ပေးထားရုံပဲ… သူတို့က အတော်လေး အိပ်မောကျနေတယ်လို့ ငါထင်တယ်… ဒီအိပ်မက်က အဆုံးမဲ့ နက်ရှိုင်းတဲ့ ရေကန်တစ်ခုနဲ့ တူတယ်… ငါတို့တွေက ရေမျက်နှာပြင်ပေါ်မှာ လွင့်မျောနေကြတာပဲ… အိပ်မက်ပိုင်ရှင်ရဲ့ အသိစိတ်ကတော့ ရေကန်ရဲ့ အောက်ခြေမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေတယ်”

ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်၏။

“အိပ်မက်ပိုင်ရှင်က နိုးလာမယ်ဆိုရင်ကော”

“နင် ဘာလို့… ဒါတွေပဲ မေးနေရတာလဲ”

အစ်မချီက အနည်းငယ် စိတ်မရှည် ဖြစ်လာသော်လည်း သူမက ရှင်းပြလိုက်ဆဲဖြစ်သည်။

“ငါသိရသလောက်ဆိုရင် အိပ်မက်ပိုင်ရှင်က နိုးထဦးမှာ မဟုတ်သေးဘူး… သူအိပ်နေတာ နှစ်တစ်ရာ ကျော်သွားပြီလို့ ပြောကြတယ်”

ချီရွှမ်းစုကို လွှမ်းခြုံထားသည့် မီးခိုးများကို အစ်မချီက လက်ညှိုးထိုးပြလိုက်၏။

“ချင်းဖျင်အသင်းတော်ရဲ့ အသင်းဝင်တွေက သူတို့ရဲ့ အစစ်အမှန် သရုပ်သကန်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်ကြတယ်… အဲ့ဒါကြောင့် လူတိုင်းက သူတို့ရဲ့ အမည်ဝှက်တွေကို အသုံးပြုကြတယ်… ဒီနေရာမှာ နင့်ရဲ့ သရုပ်သကန်က ဝင်ရောက်ဖို့ နင်အသုံးပြုခဲ့တဲ့ ငါးရုပ်အဆောင်ပဲ… ဒီ မီးခိုးအလွှာတွေက အိပ်မက်ထဲမှာ နင့်ရဲ့ခန္ဓာကိုယ်ဖြစ်သလို နင့်ရဲ့ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကိုလည်း ဖုံးကွယ်ပေးထားတယ်”

“ဒီမီးခိုးတွေက နင်ထွန်းညှိထားတဲ့ ဝိညာဉ်ပြန်ခေါ် အမွှေးနံ့သာကနေ လာတာပဲ… အဲ့ဒါကြောင့် အမွှေးတိုင်လောင်ကျွမ်းသရွေ့ပဲ နင် ဒီမှာနေလို့ရမယ်… ငါကတော့ အမွှေးနံ့သာ တစ်ခွေ ထွန်းထားခဲ့တယ်… အဲ့ဒါက နင့်ရဲ့ အမွှေးတိုင်ထက် ပိုပြီးတော့ ကြာတယ်… ဒါပေမဲ့ ဈေးလည်း ပိုကြီးတယ်”

ချီရွှမ်းစုက သဘောတရားကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားပြီး ချင်းဖျင်အသင်းတော်၏ ထူးခြားအံ့မခန်း နည်းလမ်းများမှာ အံ့ဩဘနန်း ဖြစ်ရလေသည်။ ဤနည်းလမ်းက သူတို့၏ ခြေရာများကို ကောင်းကောင်း ဖျောက်ပေးထားနိုင်သည်။ သူတို့သည် ဝိညာဉ်ထွက်ခွာခြင်း မဟုတ်ဘဲ အိပ်မက်တစ်ခုထဲမှာ လာရောက်ဆုံတွေ့သောကြောင့် ကျောက်စိမ်းနေပြည်တော်၏ ဝင်္ကပါကပင်လျှင် သူတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။

ဤသည်က တကယ့်ကို ယုံကြည်နိုင်စရာ ကောင်းလွန်းသည်။

ချင်းဖျင်အသင်းတော်သည် တာအိုဂိုဏ်းတော်၏ အကြိမ်ပေါင်းများစွာ ပစ်မှတ်ထား ချေမှုန်းခြင်း ခံခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပေ။ သူတို့သည် တကယ့်ကို လျှို့ဝှက်ပြီး ထူးခြားဆန်းကြယ်သော ပြိုင်ဘက်များ ဖြစ်ကြသည်။

သူတို့နှစ်ယောက်သည် ဧရာမ တိုင်လုံး ၁၂ လုံးရှိသော ခမ်းနားသည့် ခန်းမတစ်ခု၏ ထောင့်တစ်နေရာမှာ ရှိနေကြ၏။ တိုင်လုံးတစ်ခုချင်းစီက လူအယောက် ဆယ်ဖက်စာလောက် ကြီးမားသည်။ ၎င်း၏ အရှည်ကလည်း အလွန်တရာ မြင့်မားပြီး ကြယ်တာရာကောင်းကင်ထက်မှာ တိုင်အဖျားကို မတွေ့မြင်ရပေ။

အစ်မချီက တိုင်လုံးများထဲက တစ်လုံးရှိရာသို့ လှည့်ထွက်ကာ လျှောက်သွား၏။

ချီရွှမ်းစုက အစ်မချီနောက်ကနေ လိုက်ပါလာပြီး မေးလိုက်၏။

“ဒီနေရာရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ချင်းဖျင်အသင်းတော်က တာအိုဂိုဏ်းတော်နဲ့ မတူဘူး… အဲ့ဒါက လွတ်လပ်တဲ့ မဟာမိတ်အဖွဲ့တစ်ခုနဲ့ ပိုတူတယ်… အသင်းဝင်အများစုမှာ သရုပ်သကန်နှစ်ခုစီနဲ့ သူတို့ရဲ့ ထိန်းသိမ်းထားတဲ့ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိကြတယ်… အဲဒါကြောင့် ဒီနေရာကို အဓိကကတော့ အသိပညာနဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ သုံးကြတယ်”

အစ်မချီက ဆက်ပြောလိုက်၏။

“တစ်ခါတလေမှာ အထီးကျန်ဝံပုလွေ(ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ)တချို့က ကြံရာမရတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒီနေရာကို အကူအညီ လာရှာတတ်ကြတယ်”

ချီရွမ်းစုက ခေါင်းညိတ်ပြလိုက်၏။

အစ်မချီသည် သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် ဤကဲ့သို့သော ပြဿနာများကို သူမက ကိုင်တွယ်ပေးလိမ့်မည်ဖြစ်ပြီး သူနှင့် သိပ်ပြီးမသက်ဆိုင်ဟု ခံစားရသည်။

သူက ထပ်မံ၍မေးလိုက်၏။

“ဒီနေရာက အိပ်မက်တစ်ခုဖြစ်ပြီး အရာရာတိုင်းက အတုအယောင်ဆိုမှတော့ သူတို့က ပစ္စည်းလဲလှယ်တာနဲ့ ငွေပေးချေတာတွေကို တစ်ထိုင်တည်း ဘယ်လိုလုပ်ကြမလဲ”

အစ်မချီက ပြောလိုက်၏။

“အဲဒါက လူတွေရဲ့လိမ်မာပါးနပ်မှုကို စမ်းသပ်တာပဲ… သူတို့က အိပ်မက်နယ်ပယ်မှာ တခြားသူတွေနဲ့ အပေးအယူလုပ်ပြီး အစစ်အမှန်လောကမှာ ငွေပေးချေမှုကို ပြုလုပ်နိုင်ကြတယ်… ဒါပေမယ့် အကဲဖြတ်မှားတာနဲ့… သစ္စာဖောက်တာတွေကလည်း မကြာခဏဖြစ်တတ်တယ်… အဲဒါကြောင့် လူတော်တော်များများက ကြားခံလူတစ်ဦးကို ရွေးချယ်တတ်ကြတာပဲ… သူတို့က သင့်တင့်မျှတတဲ့ ဝန်ဆောင်ခနဲ့ ယုံကြည်စိတ်ချရပြီး နာမည်ရှိတဲ့ ပွဲစားတစ်ဦးကို ငှားရမ်းတတ်ကြတယ်… ပြီးရင် သူတို့က ငွေကြေးနဲ့ပစ္စည်းကို ပွဲစားထံမှာ အပ်နှံပြီး အဲ့ဒီပွဲစားက သက်ဆိုင်ရာပစ္စည်းတွေကို သက်ဆိုင်ရာ လူဆီ ပြန်ပို့ပေးလိမ့်မယ်”

ချီရွှမ်းစုက အစ်မချီကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ပြီး ထပ်ပြောလိုက်၏။

“အစ်မချီ… ခင်ဗျားလည်း အဲ့ဒီ ပွဲစားတွေထဲက တစ်ဦးပဲမလား”

“ငါလား… ဟုတ်တယ်လေ”

အစ်မချီက ပြုံးပြလိုက်၏။

“ဒီလိုမျိုး ငွေရှာနည်းလမ်းတစ်ခုကို လက်လွှတ်ခံရမှာ နှမြောစရာပဲ… ငါက ကြားခံလူဖြစ်ရုံတင် မကဘူး… ငွေချေးဝန်ဆောင်မှုကိုလည်း ပေးတယ်… ငါ့ရဲ့ အတိုးနှုန်းက ထိုက်ဖျင်အသင်းရဲ့ဘဏ်ထက် တစ်ဝက်သက်သာတယ်… အဲ့ဒါက အမြတ်နည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ရှာဖွေတဲ့ နည်းလမ်းပဲ”

သူ့ဓားပျံက ဘယ်လိုရောင်းချခံခဲ့ရသည်ကို ချီရွှမ်းစုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။ သူပိုင်ဆိုင်လုနီးပါးဖြစ်ခဲ့သည့် နတ်နဂါးပစ္စတိုကိုပင် အစ်မချီက ရောင်းချပြီးကောင်း ရောင်းချပြီးသွားလောက်ပြီ ဖြစ်သည်။

အစ်မချီက တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ့ကို အကြံပေးလိုက်၏။

“နင် ဒီနေရာကို ပထမဆုံး ရောက်လာတာဆိုတော့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်အောင် အချိန်ယူလိုက်ဦး… တခြားသူတွေနဲ့ မဆင်မခြင် သွားပြီး မဆက်သွယ်နဲ့… နင့်အတွက် ငါဝယ်ပေးထားတဲ့ ပစ္စည်းတွေက အစီအရင်ကို ဆယ်ခါလောက် ထုတ်ဖော်လို့ ရတယ်… အဲ့ဒါကုန်သွားရင် ငါနင့်ဆီကို စာပို့လုလင်ကနေတစ်ဆင့် ထပ်ပို့လိုက်မယ်… ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ကိုတော့ နင်စုဆောင်းထားတဲ့ ငွေထဲကနေ ထုတ်လိုက်မယ်”

ဤစာပို့လုလင်သည် အင်ပါယာနန်းတော်က ဆက်သား သို့မဟုတ် စာပို့သမားများနှင့် ဆင်တူသည်။ ၎င်းသည် တာအိုဂိုဏ်းတော်အတွက် ဆက်သွယ်ရေးစခန်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး စာများ၊ ပစ္စည်းများနှင့် သတင်းစကားများ ပေးပို့ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးသည်။ ၎င်းကို အတိအလင်း ဖွင့်လှစ်ထားသော်လည်း ဝေဟင်ပျံသင်္ဘောများကဲ့သို့ပင် သူတို့အတွက် ဝန်ဆောင်ခများ ပေးချေရသည်။

သူတို့ စကားပြောရင်း ဧရာမတိုင်လုံးနားကို ရောက်ရှိလာကြ၏။ အနီးအနားတွင် လူနှစ်ယောက်ထပ်ဆင့်ကာ ရပ်နေသလောက် မြင့်မားသော ဧရာမသဲနာရီတစ်ခုကို ချီရွှမ်းစု သတိထားမိလိုက်၏။

အစ်မချီက သဲနာရီကို လက်ညှိုးထိုးပြီး ရှင်းပြလိုက်သည်။

“အိပ်မက်နယ်ပယ်မှာ အချိန်က အပြင်လက်တွေ့ဘဝနဲ့ မတူဘူး… အဲ့ဒါကြောင့် နင့်ရဲ့ ပင်ကိုယ်ဗီဇအသိစိတ်ပေါ်မှာပဲ မှီခိုနေလို့ မရဘူး… အဲ့ဒါကြောင့် ဒီလိုမျိုး နှိုင်းယှဉ်စရာတစ်ခုကို ငါတို့လိုအပ်တာပဲ… နောက်ပြီး လတိုင်း တစ်ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ငါဒီနေရာကို ရောက်တယ်… နင်ငါ့ကို ရှာဖို့လိုအပ်တယ်ဆိုရင် အဲဒီနေ့တွေမှာ လာခဲ့လို့ရတယ်… အရေးတကြီး ကိစ္စရှိရင်တော့ မိခင်-ကလေးအဆောင်နဲ့ ငါ့ကို ဆက်သွယ်လိုက်”

ချီရွှမ်းစုက နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

အစ်မချီက သဲနာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ကဲ… နင်ပြန်သွားဖို့ အချိန်ကျပြီ။”

“ကျုပ် ဘယ်လို ပြန်သွားရမှာလဲ”

ချီရွှမ်းစုက မေးလိုက်၏။

အစ်မချီက ပြောလိုက်သည်။

“နင် တရားထိုင်တာကို လက်စသတ်လိုက်သလိုမျိုးပဲ… နင် ပုံမှန်အတိုင်း နိုးထသွားလိမ့်မယ်”

ချီရွှမ်းစုက နားလည်သဘောပေါက်သွားပြီး ညွှန်ကြားသည့်အတိုင်း အိပ်မက်နယ်ပယ်နှင့် သူ၏ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏။ ချက်ချင်းပင် သူ၏ ဘေးပတ်လည်မှာရှိသော အရာရာတိုင်းက ဒီရေလှိုင်းတစ်ခုလို ဆုတ်ခွာသွားသည်။ အစ်မချီနှင့် ခမ်းနားသော ခန်းမက ဝေဝါး၍ နောက်ဆုံးမှာ ရေပွက်များပမာ ပျောက်ကွယ်သွားသည်။

သူက ငှက်မွေးလိုပေါ့ပါးသွားသည်ဟု နောက်တစ်ဖန် ခံစားလိုက်ရ၏။ သူ၏ ဘေးပတ်ဝန်းကျင်က အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး အသံဟူသမျှ ကင်းမဲ့နေသည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်၏။ ထို့နောက် သူက ဆတ်ခနဲ နိုးသွားပြီး စာကြည့်ခန်းထဲမှာ ရှိနေသည်ကို သိရှိလိုက်သည်။ သို့သော်လည်း သူသည် အရက်နာကျသလို ခေါင်းအနည်းငယ် ကိုက်နေ၏။

အမွှေးတိုင်အိုးထဲက အမွှေးတိုင်သည် အကုန်အစင် လောင်ကျွမ်းလုနီးပါးဖြစ်ပြီး မွှေးပျံ့သော ပြာပုံတစ်ပုံသာလျှင် ကျန်ခဲ့သည်။

တစ်ခုကအနက်၊ တစ်ခုကအဖြူ ဖယောင်းတိုင် နှစ်တိုင်ကလည်း ဘယ်ချိန်ကရယ်မသိ ငြိမ်းသေသွားပြီဖြစ်သည်။ သို့သော်လည်း ဖယောင်းရည်တချို့က စီးကျနေဆဲဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ငြိမ်းသေသွားသည်ကို ညွှန်ပြပေးနေသည်။ ဖယောင်းတိုင်ခွက်၏ အောက်ဘက်မှာ မီးရှို့လိုက်သော အဆောင်စက္ကူများမှ ပြာမှုန်များ ကျန်ရစ်နေသည်။

ချီရွှမ်းစုကို အံ့အားသင့်သွားစေသည်မှာ မီးနဂါးသွေးတုဖြင့် သူရေးဆွဲထားသော ရှုပ်ထွေးသည့်ကားချပ်က တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းသည် ဘယ်တုန်းကမှ မရှိခဲ့သည့်အလားပင်။ ကျန်ရစ်ခဲ့သည်မှာ ဖယောင်းတိုင်နှစ်တိုင်ကြားရှိ သူ၏ ငွေကြက်သွေးရောင် ငါးရုပ်အဆောင်ပင်ဖြစ်သည်။

ချီရွှမ်းစုသည် အနီးနားမှာ မည်သူမျှရှိမနေသည်ကို သေချာအောင် စစ်ဆေးပြီးနောက် ကိရိယာများနှင့် ပစ္စည်းများကို ငါးရုပ်အဆောင်သိုလှောင်ပစ္စည်းထဲသို့ ထည့်သွင်းကာ ၎င်းကို သူ၏ အိတ်ကပ်ထဲ ထည့်သိမ်းလိုက်တော့သည်။

All Chapters