← Chapters

ပြုလုပ်ခဲ့သော အမှားကောင်းတစ်ခု

Vol. 4 Ch. 38

ပြုလုပ်ခဲ့သော အမှားကောင်းတစ်ခု

Vol. 4 Ch. 38

ယခုအချိန်တွင် ထျန်ကန်းခန်းမ၏ ဝင်းတံခါးရှေ့မှာ လူအုပ်ကြီးတစ်အုပ် စုဝေးရောက်ရှိနေ၏။ လှံဓားနှင့် အရပ်မြင့်မြင့်အမျိုးသားကလည်း ထိုနေရာမှာ ရှိနေသည်ကို ချီရွှမ်းစု တွေ့မြင်လိုက်ရ၏။ သို့သော် ထိုလူသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိဘဲ လက်ပိုက်၍ မျက်လုံးနှစ်ဖက်မှိတ်ကာ တစ်ယောက်ထဲ မတ်တပ်ရပ်နေသည်။

ချီရွှမ်းစု၏ အကြည့်ကို အာရုံခံမိသွားပြီး အရပ်မြင့်မြင့်လူက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ကာ ညင်သာစွာပြုံး၍ အကြည့်လွှဲသွားသော ချီရွှမ်းစုကို ပြန်ငေးကြည့်နေ၏။

ထျန်ကန်းခန်းမ၏ ဝင်းတံခါးတစ်ဘက်ခြမ်းမှာ နေနာရီတစ်ခုကို ထားရှိပြီး နာရီအမှတ်သည် နောက်တစ်နာရီမှာ တံခါးဖွင့်မည်ကို ညွှန်ပြပေးနေ၏။

ချီရွှမ်းစုက တိတ်ဆိတ်ငြိမ်သက်သော ထောင့်တစ်နေရာကို ရွေးချယ်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

သိပ်မကြာခင် သူ့ပခုံးကို တစ်ယောက်ယောက် လာပုတ်သည်ဟု ခံစားမိလိုက်ပြီး ချီရွှမ်းစုတစ်ယောက် လန့်ဖျပ်သွား၏။

လောကမှာ လှည့်ပတ်သွားလာခဲ့သော ခရီးသွားအတွေ့အကြုံအရ ချီရွှမ်းစုက အလွန်တရာ နိုးနိုးကြားကြားရှိသည်။ ထို့ကြောင့် ကျင့်ကြံမှုအဆင့်တူမှာရှိသော တစ်ယောက်က သူအနားကို ချဥ်းကပ်ပြီး သူမသိအောင် သူ့ပခုံးကိုပုတ်ဖို့ မဖြစ်နိုင်ပေ။ ဤအချက်သည် တစ်ဘက်သူ၏ ကျင့်ကြံမှုအဆင့်က သူ့အထက်မှာ ရှိနေသည်ကို ညွှန်ပြနေသည်။

ချီရွှမ်းစုက လှည့်ကြည့်လိုက်ပြီး သူဘေးမှာ မတ်တပ်ရပ်နေသည့် ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရ၏။

သို့သော်လည်း ကျန်းယွဲ့လုသည် ခါတိုင်းနှင့်မတူ အနည်းငယ် ကွဲပြားနေသည်။ ဤတစ်ခေါက်မှာ သူမသည် အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများ၏ ထုံးတမ်းစဉ်လာ ဝတ်စားဆင်ယင်မှုဖြစ်သော ဟဲချန်ဝတ်ရုံ၊ အဖျားဝိုင်းဖိနပ်ရှည်နှင့် ချွန်းယန်ဦးဆောင်းတို့ကို ဆင်မြန်းထားသည်။

ချီရွှမ်းစုသည် တစ်နည်းတစ်ဖုံအားဖြင့် အံ့အားသင့်သွားသော်လည်း အရာအားလုံးကို အလျင်အမြန် ချိတ်ဆက်မိသွား၏။ သူက နားလည်သဘောပေါက်သွားကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။

ကျန်းယွဲ့လုက သူ့ကို ပြန်ပြုံးပြပြီး ပြောလိုက်၏။

“မောင်လေးထျန်းယွမ်… နင့်ကိုကြည့်ရတာ သိပ်ပြီး အံ့အားသင့်မနေတဲ့ပုံပဲ”

ချီရွှမ်းစုက မှန်မှန်ကန်ကန်ပင် ဖြေပေးလိုက်၏။

“အဲ့ဒီနေ့က… ထျန်ကန်းခန်းမကို ကျုပ်ဝင်နိုင်မယ်လို့ ခင်ဗျား ပြောခဲ့တုန်းက ကျုပ်ခဏလောက် အဲ့ဒီအကြောင်းကို စဉ်းစားနေခဲ့မိတယ်… ခင်ဗျားရဲ့ ယုံကြည်မှုရှိတဲ့လေသံ၊ အသက်အရွယ်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာက လက်ထောက်ခန်းမသခင်အသစ်နဲ့ အတော်လေး ကိုက်ညီမှု ရှိနေတယ်… အဲ့ဒါကြောင့် ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတော့တယ်။”

ကျန်းယွဲ့လုက သိနေပြီးသားဟန်ဖြင့် မေးလိုက်၏။

“ဖြစ်နိုင်ခြေက… ဘာတဲ့လဲ”

ချီရွှမ်းစုက ဖြေပေးလိုက်၏။

“မိန်းမပျိုထန်ထိုက်… ခင်ဗျားက ထျန်ကန်းခန်းမရဲ့ လက်ထောက်ခန်းမသခင်ကျန်းပဲ”

ကျန်းယွဲ့လုက ညင်သာစွာ ပြုံးလိုက်၏။

“မိတ်ဆွေကောင်းတွေက ပွင့်လင်းရိုးသားမှု ရှိရမယ်လို့ ဆိုတယ်… မောင်လေးထျန်းယွမ်… ငါနင့်ကို တမင်သက်သက် လှည့်စားခဲ့တယ်လို့ နင်ထင်လား… ပွင့်ပွင့်လင်းလင်း ပြောရရင် ထန်ထိုက်ဆိုတာ ငါ့အမေရဲ့ မျိုးရိုးနာမည်ပဲ… သူက ငါ့ကို ထန်ထိုက်ချူးဆိုတဲ့ အမည်ပေးထားခဲ့တယ်… သီးသန့် အချိန်တွေမှာဆို ငါအဲ့ဒီနာမည်ကို သုံးတယ်… နင်ဆန္ဒရှိတယ်ဆိုရင် နောက်ပိုင်း ငါ့ကို မိန်းမပျိုထန်ထိုက်လို့ ဆက်ပြီး ခေါ်လို့ရတယ်”

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ် အဆင့် - ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးအဖြစ် ကျန်းယွဲ့လု၏ ဝတ်စားဆင်ယင်ပုံကို အခြားသူများကလည်း သတိထားမိသွားကြ၏။ သူတို့အားလုံးက အနည်းငယ် အံ့အားသင့်သွားကြသည်။

ထျန်ကန်းခန်းမ၏ ဝင်းတံခါးအပြင်ဘက်မှာ ပေါ်ထွက်လာသော အဆင့် - ၄ ဤအမျိုးသမီးငယ်၏ သရုပ်သကန်က သိသာထင်ရှားနေသည်။ သူမသည် လက်ထောက်ခန်းမသခင်အသစ် ကျန်းယွဲ့လုဖြစ်သည်မှာ သံသယရှိစရာ မလိုတော့ပေ။ သို့သော်လည်း သူမနှင့် ရင်းနှီးကျွမ်းဝင်သည့်ပုံပေါ်နေသည့် အဆင့် - ၇ တာအိုဆရာက ဘယ်သူလဲ။ သူက ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်ခုက သခင်လေးတစ်ဦးလား။

မည်သို့ပင်ဆိုစေ လူတိုင်းသည် သူတို့၏ အဆင့်ကို ဖော်ပြဖို့အတွက် ထုံးတမ်းစဉ်လာ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဝတ်စားဆင်ယင်မှုပေါ် အခြေခံ၍ ဘယ်နေရာက လာသည်ကို ပြောဖို့ခက်နေသည်။ ယခုအချိန်မှာ သူတို့သည် ထင်ရာမြင်ရာ ခန့်မှန်းဖို့သာ တတ်နိုင်ကြ၏။ တစ်ခဏအတွင်း လူတိုင်းထံကနေ ထင်မြင်ယူဆချက် အမျိုးမျိုး ပေါ်ထွက်လာသည်။

ချီရွှမ်းစုသည် ကျန်းမိသားစုမှဖြစ်ပြီး တာ့ကျန်းစံအိမ်မှာဖွားမြင်ကာ ကျန်းယွဲ့လု၏ ငယ်ကျွမ်းဆွေဖြစ်သည်ဟု လူတချို့က ခန့်မှန်းကြ၏။ ချီရွှမ်းစုသည် လီမိသားစုမှဖြစ်ပြီး ရွှမ်အရှင်မြတ်၏ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်ကာ လီတုံဝမ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော လီထျန်ကျန်းထက်ပင် ပိုမိုမြင့်မြတ်သော အဆင့်အတန်းရှိသည်ဟု တချို့က ထင်မြင်ယူဆကြသည်။

ချီရွှမ်းစုသည် ထင်ရှားကျော်ကြားသော ကျန်းမိသားစုနှင့် လီမိသားစုတို့မှ မဟုတ်ဘဲ ကျန်းယွဲ့လု၏ မိတ်ဆွေမိသားစုမှ သားတစ်ဦးဖြစ်သည်ဟု တချို့က တွေးကြသည်။ ပို၍ပင် ရယ်စရာကောင်းသည်မှာ လူတချို့သည် ချီရွှမ်းစုကို တော်ဝင်မိသားစုမှ လာသည်ဟု ထင်နေကြသည်။

ချီရွှမ်းစုသည် လူတိုင်း၏ ထင်မြင်ချက်အမျိုးမျိုးကို မသိရှိနိုင်သော်လည်း မနာလိုမှု၊ အားကျမှု၊ မုန်းတီးမှု၊ အထင်မြင်သေးမှုနှင့် မျက်နှာလိုမျက်နှာရလုပ်လိုမှုတို့ အပါအဝင် သူ့အပေါ်ကျရောက်လာသည့် အကြည့်ပေါင်းစုံကို ခံစားမိနိုင်သည်။ ဤခံစားချက်က သိပ်ပြီး မကောင်းလှချေ။

ကျန်းယွဲ့လုသည် သူ့ကို ထိုအခြေအနေသို့ တမင်သက်သက် တွန်းပို့လိုက်ခြင်း ဖြစ်သည်ဟုပင် ချီရွှမ်းစု သံသယဝင်မိ၏။ ယခင်က သူသည် ဘယ်လိုဟာကွက်ကို ထုတ်ဖော်မိပြီး ကျန်းယွဲ့လု၏ စိတ်အာရုံကို ရရှိခဲ့သလဲ ချီရွှမ်းစု စဉ်းစားမရခဲ့ချေ။

ဤအခိုက်အတန့်မှာ အရာရာတိုင်းက နေ့ဘက်အလား ရှင်းလင်းသွား၏။ သူတို့ ပထမဆုံးတွေ့ဆုံမှုသည် အမှတ်မထင် ဖြစ်ခဲ့သည်။ ကျန်းယွဲ့လုက ချီရွှမ်းစု၏ နာမည်ကို မှတ်မိနေခဲ့ပြီး စွန်းယုံဖုန့်က နာမည်စာရင်း တင်သွင်းသည့်အခါ သူ့နာမည်ကို သူမ တွေ့မြင်သွားခဲ့ပေလိမ့်မည်။

အမှတ်တမဲ့ ကြည့်လျှင် ကိစ္စများစွာက ယုတ္တိတန်သည်ဟု ထင်ရသည်။ သူတို့သည် အခြားသူများ၏ ထူးခြားသော စိတ်အာရုံကို မဆွဲဆောင်မိသရွေ့ မည်သည့်ပြဿနာမှ ရှိလာလိမ့်မည် မဟုတ်ပေ။ သို့သော် တစ်ယောက်ယောက်က သေသေချာချာ စစ်ဆေးကြည့်ရှုမည်ဆိုလျှင် ဟာကွက်များစွာကို တွေ့မြင်ရပေလိမ့်မည်။ သူ၏ အဆင့်အတန်းနှင့် သူက လူတိုင်း၏ ရှေ့မှာ ဤမျှအထိ ပေါ်ပေါ်ထင်ထင် ဘယ်လိုလုပ် ရပ်တည်နိုင်ပါ့မလဲ။

ဤအခိုက်အတန့်မှာ နွားလှည်းတစ်စင်းက ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ အဆင့် - ၄ ကျိကျိုးတာအိုဆရာတစ်ဦးလို ဝတ်စားဆင်ယင်ထားသည့် လူတစ်ယောက်က လှည်းထဲကနေ ထွက်လာ၏။ ထိုသူက ချီရွှမ်းစုထံမှ ထိုက်ဖျင်ဒင်္ဂါးနှစ်ရာ လာဘ်စားခဲ့သော စွန်းယုံဖုန့်ဖြစ်သည်။

အဆင့် - ၄ ကျိကျိုးတာအိုဆရာတစ်ဦးအတွက် ထိုက်ဖျင်ဒင်္ဂါးနှစ်ရာက များပြားလှသော ပမာဏ မဟုတ်ချေ။ သို့သော် စွန်းယုံဖုန့် လက်ခံရယူထားသည့် တံစိုးလက်ဆောင်များမှာ ချီရွှမ်းစုထံကသာ မဟုတ်ပေ။ သူလက်ခံရယူထားသည့် တံစိုးလက်ဆောင်များအားလုံးကို စုစည်းမည်ဆိုလျှင် များပြားသော ပမာဏတစ်ခု ဖြစ်နေပေလိမ့်မည်။

ခုနစ်လပိုင်း ၁၅ ရက်နေ့ကနေ ရှစ်လပိုင်း ၁၅ ရက်နေ့အထိ စွန်းယုံဖုန့်သည် အလျှံအပယ် ရရှိထားသောကြောင့် ရွှင်လန်းတက်ကြွနေ၏။ နောက်ပိုင်း တာဝန်ထမ်းဆောင်ရ ပိုမိုအဆင်ပြေစေရန် ရွှမ်မြို့တော်မှာ ဂေဟာတစ်ခုဝယ်ယူဖို့ သူ ကြံဆနေသည်။

သို့သော် ကျန်းယွဲ့လုသည် သူ့ထက်အရင် ရှေ့ကို ကြိုရောက်နေမည်ဟု စွန်းယုံဖုန့် ထင်မထားခဲ့ချေ။ သူ၏ အမူအရာက တည်ကြည်လေးနက်သွားပြီး ကျန်းယွဲ့လုထံသို့ ခပ်မြန်မြန် လျှောက်လှမ်းသွား၏။

သူတို့ နှစ်ယောက်စလုံးက တူညီသောအဆင့်မှာ ရှိသော်လည်း သူတို့၏ ရာထူးများက မတူပေ။ တန်ခိုးရှင်သူတော်စင်တစ်ပါးနှင့် သာမန်သူတော်စင်တစ်ပါးလိုမျိုးပင်။ နှစ်ဦးစလုံးက ထိုက်ယီ တာအိုဆရာများဖြစ်သော်လည်း သူတို့၏ အဆင့်အတန်းများက သီးသီးသာသာ ကွာခြားနေသည်။

ကျန်းယွဲ့လုသည် သူတို့၏ အသက်အရွယ်၊ အလားအလာ သို့မဟုတ် နောက်ခံတို့ကို ယှဉ်စရာပင် မလိုချေ။ သူမ၏ တရားဝင်ရာထူးကပင် သူ့ကို ကောင်းကောင်း ဖိနှိပ်နိုင်သည်။

“လက်ထောက်ခန်းမသခင်တောင် ရောက်နေပြီပဲ”

စွန်းယုံဖုန့်က ကျန်းယွဲ့လုကို ဦးညွှတ်လိုက်၏။

ကျန်းယွဲ့လုက ဤဦးညွှတ်မှုကို လက်ခံပြီး ပြန်လည်နှုတ်ဆက်ခြင်း မရှိချေ။ သူမက မသိမသာ ပြုံး၍ ပြောလိုက်၏။

“ကြီးကြပ်ရေးမှူးစွန်း… ရှင် ကျွန်မအတွက် ဒီလောက် များပြားတဲ့ ပါရမီအရည်အချင်းရှိတဲ့ လူတွေကို စုဆောင်းပေးထားတာပဲ ကျေးဇူးတောင် တင်လို့မနိုင်တော့ဘူး။”

စွန်းယုံဖုန့်သည် ကျန်းယွဲ့လု၏ လေသံမှ မူမမှန်မှုကို သတိထားမိလိုက်ပြီး သူမကို မသိမသာ ခေါင်းမော့ကာ ကြည့်လိုက်၏။ ထိုအခါမှသာ သူသည် ကျန်းယွဲ့လု၏ ဘေးမှာ မတ်တပ်ရပ်နေသည့် ချီရွှမ်းစုကို သတိထားမိသွားသည်။

စွန်းယုံဖုန့် ပေါ်ထွက်လာစဉ်က ချီရွှမ်းစုက ခေါင်းငုံ့နေခဲ့သည်။ ထို့သို့ဖြင့် စွန်းယုံဖုန့်က သူ့ကို စစချင်း သတိမထားမိခဲ့ချေ။ ဤတစ်ခေါက်မှာ ချီရွှမ်းစုသည် ဆက်လက်၍ ပုန်းကွယ်မနေတော့ပေ။ သူက အနေရခက်စွာဖြင့် ချောင်းဟန့်ပြီး အကြည့်လွှဲလိုက်၏။

စွန်းယုံဖုန့်သည် ဝါရင့်အမှုထမ်းတစ်ဦးဖြစ်ပြီး အခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။ တစ်ခဏအတွင်း သူက ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ပြောစရာစကားမဲ့သွားရသည်။

လူတိုင်း၏ အကြည့်အောက်မှာ ကျန်းယွဲ့လုက စွန်းယုံဖုန့်ကို အခြေခံကျသော လေးစားမှုပေးထားဆဲ ဖြစ်သည်။ သူမက ဝင်းတံခါး၏ ဘေးမှာရှိသော နေနာရီကို တစ်ချက်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

“ကြီးကြပ်ရေးမှူးစွန်း… စဖို့အတွက် အဆင်သင့် ပြင်ထားလိုက်တော့။”

စွန်းယုံဖုန့်က အလျင်အမြန် တုံ့ပြန်လိုက်၏။

“ကောင်းပါပြီ… လက်ထောက်ခန်းမသခင်။”

ကျန်းယွဲ့လုက ချီရွှမ်းစုကို နောက်တစ်ဖန် ကြည့်ပြီး ညင်သာစွာပြောလိုက်၏။

“မောင်လေးထျန်းယွမ်… ငါနဲ့လိုက်ခဲ့”

ချီရွှမ်းစုက မတတ်သာဘဲ ထျန်ကန်းခန်းမ၏ ပင်မဝင်းတံခါးရှိရာသို့ ကျန်းယွဲ့လုနှင့်အတူ လိုက်ပါသွားရသည်။ ထိုအခိုက်အတန့်မှာ လူတိုင်း၏ အကြည့်များက သူနှင့် ကျန်းယွဲ့လုအပေါ် မမှိတ်မသုန် ကျရောက်နေ၏။

ကျန်းယွဲ့လုက တည်ငြိမ်နေသော်လည်း လူတိုင်း၏ စူးရှသောအကြည့်များမှာ ချီရွှမ်းစုတစ်ယောက် နောက်ကျောမလုံ ဖြစ်နေ၏။

ထိုအခါမှသာ စွန်းယုံဖုန့်သည် သူ၏ အင်္ကျီလက်အိုးထဲကနေ အဖြူရောင် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ သူနဖူးက ချွေးများကို ညင်သာစွာ သုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက ချီရွှမ်းစုကို စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

'မင်းက လက်ထောက်ခန်းမသခင်နဲ့ သိထားတယ်ဆိုရင်လည်း သူ့ဆီကို တန်းသွားပါလား… ဘာလို့ ငါ့ဆီကို ရောက်လာခဲ့တာလဲ၊ မင်း ငါ့ကို သက်သက်ဒုက္ခလာပေးတာပဲ။’

ထို့နောက် သူခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာ၏။

‘ဒါက ကျန်းယွဲ့လုရဲ့ ထောင်ချောက်များလား။ သူက ချီရွှမ်းစုကို သုံးပြီး ငါ့ကို တံစိုးလက်ဆောင် လက်ခံအောင် လုပ်ခဲ့တာပဲ။ ဒါပေမဲ့ သူက မသိချင်ယောင်ဆောင်ပြီး ငါ့ကို အပြစ်ပေးဖို့အတွက် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေတာပဲ။

သူ့လည်ဂုတ်ပေါ် ထက်ရှသောဓားတစ်လက် တင်ထားသည်ဟု စွန်းယုံဖုန့်တစ်ယောက် ခံစားလိုက်ရသည်။

လက်ထောက်ခန်းမသခင်မှာ ကြီးကြပ်ရေးမှူးတစ်ဦးကို ဖြုတ်ချနိုင်သည့် အခွင့်အာဏာမရှိသော်လည်း ကျန်းယွဲ့လုသည် သက်သေအထောက်အထားကို ပေချန်ခန်းမထံ လွှဲပြောင်းပေးနိုင်သည်။ ထိုအခါ သူဒုက္ခရောက်ရပေလိမ့်မည်။ ကျန်းယွဲ့လုသည် ပေချန်ခန်းမကနေ လာခဲ့သည်ကို ထည့်ပြောစရာ မလိုတော့ချေ။

ထိုသို့ဖြင့် စွန်းယုံဖုန့်သည် နောက်ပိုင်းမှာ မည်သည့်ဆင်ခြေမှ မပေးနိုင်တော့ဘဲ သူမ၏ အမိန့်ကို နာခံဖို့သာ ရှိတော့သည်။

ဤသည်ကို စဉ်းစားရင်း စွန်းယုံဖုန့်သည် ငယ်ရွယ်သော လက်ထောက်ခန်းမသခင်အသစ်ကို အထင်မသေးရဲတော့ချေ။ သူက လက်စားချေဖို့ အတွေးများကို လွှတ်ချပြီး ချီရွှမ်းစုကို ဘယ်လို ဖော်လံဖားပြန်လုပ်ရမလဲ စတင် ကြံဆနေ၏။ မည်သို့ပင်ဆိုစေ ချီရွှမ်းစုကို ကျန်းယွဲ့လုက စေခိုင်းထားသည်ဆိုလျှင် သူက သူမ၏ လူယုံတော်ဖြစ်ရပေမည်။

သူ့ကို ကျန်းယွဲ့လု၏ လူယုံအဖြစ် စွန်းယုံဖုန့် တွေးတောနေသည်ကို ချီရွှမ်းစုက မသိနိုင်ချေ။ သို့သော်လည်း သူသည် ကျန်းယွဲ့လု၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်၏။ ကျန်းယွဲ့လုသည် ထျန်ကန်းခန်းမနှင့် အစိမ်းသက်သက်ဖြစ်ပြီး ယုံကြည်စိတ်ချရသော ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ကာ သူမကိုယ်တိုင် နာမည်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေသည်။ ထိုသို့ဖြင့် သူမသည် ထျန်ကန်းခန်းမမှာ ခြေကုပ်ရယူနိုင်မည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရရှိလာပေလိမ့်မည်။ ကျန်းယွဲ့လုသည် ချီရွှမ်းစုကို သူမ၏ လူယုံအဖြစ် သွတ်သွင်းဖို့ ကြံနေသည်မှာ သိသာထင်ရှားနေသည်။

ကျန်းယွဲ့လုက ထျန်ကန်းခန်းမ၏ ပင်မဝင်ပေါက်ဝသို့ ရောက်ရှိလာ၏။ ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသော စိတ်ဝိညာဉ်တပ်သားနှစ်ဦးက သိပ်သည်းလေးလံသော ကြေးတံခါးနှစ်ချပ်ကို ဖြည်းဖြည်းချင်း ဖွင့်ပေးလိုက်၏။ တံခါး၏ နောက်ဘက်မှာ ကြီးမားသော ခြံဝင်းတစ်ခု ရှိနေပြီး မြောက်ဘက်မှာ ပင်မခန်းမဆောင်၊ အနောက်ဖက်မှာ တာဝန်ကျအခန်းနှင့် အရှေ့ဘက်မှာ ရုံးတော်စာကြည့်တိုက်ရှိသည်။

သူမသည် အနောက်ဖက်မှာရှိသော တာဝန်ကျအခန်းသို့ တန်းသွားပြီး ချီရွှမ်းစုက ရွေးချယ်စရာမရှိဘဲ သူမနောက်ကနေ လိုက်ပါလာရသည်။ အခြားသူများသည် ဤကဲ့သို့ ဆက်ဆံမခံရဘဲ အပြင်ဘက်မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရ၏။

သူတို့နှစ်ယောက်သား တာဝန်ကျအခန်းထဲသို့ ဝင်ရောက်သွားသောအခါ ချီရွှမ်းစုက မနေနိုင်ဘဲ မေးလိုက်၏။

“မိန်းမပျိုထန်ထိုက်… ခင်ဗျား ကျုပ်ကို အရင်ဆုံး လူတွေ့စစ်ဆေးမှု မလုပ်တော့ဘူးလား”

“အဲဒါ ပြီးသွားပြီလေ”

ကျန်းယွဲ့လုက စားပွဲခုံရှိရာသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်၏။

ချီရွှမ်းစုက ခဏမျှ တွေဝေနေပြီးနောက် မေးလိုက်၏။

“အဲဒါက ဘာသဘောလဲ”

ကျန်းယွဲ့လုက သူမ၏ ချွန်းယန်ဦးဆောင်းကို ချွတ်ပြီး စားပွဲပေါ်မှာ တင်လိုက်၏။ ထို့နောက် ညင်သာစွာပြုံး၍ ပြောလာ၏။

“ကျွန်မရှင့်ကို ရှစ်လပိုင်း တစ်ရက်နေ့ကတည်းက လူတွေ့စစ်ဆေးမှု ပြုလုပ်ပြီးခဲ့ပြီပဲ… ရှင် မေ့သွားပြီလား”

ချီရွှမ်းစုက ငေးငိုင်သွား၏။

“အဲ့ဒါကိုပါ ထည့်တွက်တာလား… အရမ်းကို ပြီးစလွယ်နိုင်တယ်လို့ ခင်ဗျား မထင်ဘူးလား”

ကျန်းယွဲ့လုက ညှိနှိုင်းဆွေးနွေးခွင့်မပေးသောလေသံဖြင့် သူ့စကားကို ဖြတ်ပြောလိုက်၏။

“ငါက ပြီးပြီလို့ ပြောရင် ပြီးပြီပေါ့”

ချီရွှမ်းစုက စွံ့အသွား၏။ သူ့ထက် ရာထူးအဆင့်အတန်း များစွာပိုမိုမြင့်မားသော အထက်လူကြီးကို သူက ခွန်းတုံ့ပြန်နိုင်ခြင်း မရှိချေ။

ကျန်းယွဲ့လုက ဆက်ပြောလိုက်၏။

“မောင်လေးထျန်းယွမ်… နင်နဲ့ ငါက အသိအကျွမ်းတွေပဲ… အဲ့ဒါကြောင့် ငါ ဝေ့ဝိုက်မနေတော့ဘူး… ဒီတစ်ခေါက် လက်ထောက်ခန်းမသခင်ဆိုတဲ့ ငါ့ရဲ့ ရာထူးအသစ်နဲ့ ငါ့လက်အောက်မှာ ကြီးကြပ်ရေးမှူးနှစ်ဦး၊ အမှုဆောင် ခြောက်ဦးနဲ့ တခြားလက်အောက်ငယ်သားတွေကို ထားရှိလိမ့်မယ်”

“လက်ထောက်ခန်းမသခင်အတွက် လျာထားတဲ့သူကို မဟာအကြီးအကဲက ဆုံးဖြတ်တယ်… ကြီးကြပ်ရေးမှူး ရာထူးတွေကိုတော့ ခန်းမသခင်က ဆုံးဖြတ်ပေးတယ်… အမှုဆောင်တွေကိုတော့ လက်ထောက်ခန်းမသခင်အနေနဲ့ ငါရွေးချယ်ရမယ်… တခြား အဆင့်နိမ့်အမှုထမ်းတွေကိုတော့ ကြီးကြပ်ရေးမှူးတွေက ဆုံးဖြတ်ရွေးချယ်လိမ့်မယ်… ပြောရမယ်ဆိုရင် ငါ့မှာ ဖြည့်စရာ အမှုဆောင်နေရာ ခြောက်ဦးရှိနေတယ်… ငါ နင့်ကို သူတို့ထဲကတစ်ယောက်အဖြစ် ထမ်းဆောင်စေချင်တယ်… မောင်လေးထျန်းယွမ် နင် အဲ့ဒီနေရာကိုယူဖို့ ဆန္ဒရှိရဲ့လား။”

ချီရွှမ်းစုက ရင်ထဲမှာ လှုပ်ရှားသွား၏။ သို့သော်လည်း သူက အလျင်စလို သဘောတူညီခြင်းမရှိချေ။

“ထုံးတမ်းစဉ်လာအရဆို ခန်းမကိုးဆောင်ရဲ့ အမှုဆောင်တွေက အဆင့် - ၅ ဒါမှမဟုတ် အဆင့် - ၆ တာအိုဆရာတစ်ဦး ဖြစ်ရမှာ… ကျုပ်က အဆင့် - ၇ တာအိုဆရာတစ်ဦးပဲ… အဲ့လို လုပ်ဖို့က မသင့်လျော်ဘူးလို့ ကျုပ်…”

ကျန်းယွဲ့လုက ရယ်ပြီး သူ့စကားကို ဖြတ်ပြောလိုက်၏။

“နင်ပြောပုံအရဆို လက်ထောက်ခန်းမသခင်က ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် တာအိုအကြီးအကဲတစ်ဦး ဖြစ်ရမှာပေါ့… ငါက အဆင့် - ၄ တာအိုဆရာတစ်ဦးပဲ… ဒါဆို ငါက လက်ထောက်ခန်းမသခင် မဖြစ်သင့်ဘူးလို့ နင်ပြောချင်တာလား”

ချီရွှမ်းစုက အလျင်အမြန် တုံ့ပြန်လိုက်၏။

“မဟုတ်ရပါဘူး… ကျုပ်က အဲ့လို ပြောချင်တာ မဟုတ်ဘူး”

“ငါတောင်… လက်ထောက်ခန်းမသခင် ဖြစ်နိုင်မှတော့ နင်လည်း အမှုဆောင် ဖြစ်နိုင်တာပေါ့… အဲ့ဒါက ကိစ္စတစ်ခုပဲ… ငါ နင့်ကို ဘွဲ့တစ်ခုပဲပေးမှာ၊ အများသူငါက နင့်အမိန့်ကို နာခံမလားဆိုတာကတော့ အဲ့ဒါက နင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ် မူတည်လိမ့်မယ်”

ချီရွှမ်းစုက တွေဝေတုံ့ဆိုင်းနေသည်။

ကျန်းယွဲ့လုက သူမ၏ အသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်၏။

“မောင်လေးထန်းယွမ်… ငါ့ရှေ့မှာ ဥယျာဉ်ထဲက တာအိုဆရာတစ်ဦးလို ပြုမူမနေနဲ့… နင်က တိုက်ခိုက် သတ်ဖြတ်တာတွေနဲ့ အသားကျနေပြီးသားဆိုတာ ငါသိတယ်… အဲ့ဒါကြောင့် နင်ငါ့ရှေ့မှာ ကြောက်သလိုလို ရွံ့သလိုလို ဟန်ဆောင်နေစရာ မလိုဘူး”

ထိုသို့ဖြင့် ချီရွှမ်းစု သဘောတူလိုက်ရတော့သည်။ သူက ခါးသက်စွာပြုံး၍ တွေးလိုက်မိ၏။

'ငါ့ရဲ့ ဒီအထက်လူကြီးက အစ်မချီလို မရိုးရှင်းဘူးပဲ။’

All Chapters