ရန်စလာခြင်း
Vol. 4 Ch. 39
ချီရွှမ်းစုက အမှုဆောင်နေရာကိုယူဖို့ သဘောတူလိုက်ပြီးနောက် ကျန်းယွဲ့လုက သူ့ကို ထွက်သွားခိုင်းပြီး အခြားသော လျှောက်ထားသူများကို လူတွေ့စစ်ဆေးဖို့ ခေါ်ယူလိုက်၏။
တာဝန်ကျအခန်းထဲကနေ သူထွက်လာသည့်အချိန်မှာ လူတွေ့စစ်ဆေးဖို့အတွက် ပြင်ဆင်နေသော လူတစ်ယောက်နှင့် ပက်ပင်းတိုးမိသွား၏။ ထိုသူသည် လှံဓားကိုကိုင်စွဲသည့် အဆင့် - ၆ တာအိုဆရာ ဖြစ်သည်။
ချီရွှမ်းစုက သူ့ကို ညင်သာစွာ ပြုံးပြလိုက်၏။ သို့သော်လည်း ထိုလူက ချီရွှမ်းစုကို အထင်မြင်သေးစွာ ကြည့်ပြီး တာဝန်ကျအခန်းထဲသို့ တန်းဝင်သွား၏။ ချီရွှမ်းစုက စိတ်ထဲမှာ ထည့်မမှတ်ထားဘဲ ထွက်ခွာတော့မည့်ဆဲဆဲမှာ စွန်းယုံဖုန့်က သူ့ထံသို့ ရောက်ရှိလာသည်။
ချီရွှမ်းစု ဘာမှမပြောရသေးခင် စွန်းယုံဖုန့်က သူ၏ လက်သီးနှင့်လက်ဝါးကို ထိကပ်ကာ လေးစားမှုပြပြီး ပြောလိုက်၏။
“ညီအစ်ကိုချီ… ငါတို့ သီးသန့်စကားပြောလို့ ရမလား”
ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
ခန်းမသခင်နှင့် လက်ထောက်ခန်းမသခင်မှာ သီးသန့်ကိုယ်ပိုင်ခြံဝင်းများ ရှိကြသည်။ ကြီးကြပ်ရေးမှူးများ၊ အမှုဆောင်များနှင့် အခြားသော လက်အောက်ငယ်သားများကလည်း တာဝန်ကျနေသည့် အချိန်မှာ ထိုနေရာတွင် နေထိုင်ကြသည်။
ကျန်းယွဲ့လုနေထိုင်သည့် သီးသန့်ခြံဝင်းကို ယောင်ကွမ်းဆောင်ဟု ခေါ်ဆိုပြီး လက်ထောက်ခန်းမသခင်အနေဖြင့် ကျန်းယွဲ့လုက ပင်မခန်းမကို ယူထားသည်။ ကြီးကြပ်ရေးမှူး စွန်းယုံဖုန့်သည် ကျန်းယွဲ့လုနှင့် ဘေးချင်းကပ်လျက်အခန်းမှာ တာဝန်ထမ်းဆောင်ရသည်။ သို့သော်လည်း ကျန်းယွဲ့လုက ယခုအချိန်မှာ တာဝန်ကျနေပြီး ပင်မခန်းမတံခါးကို သော့ခတ်ထား၏။
စည်းမျဥ်းစည်းကမ်းအရ အမှုဆောင်တိုင်းက အခန်းတစ်ခန်းစီ ရကြသည်။ ကြီးကြပ်ရေးမှူးက နှစ်ခန်း၊ လက်ထောက်ခန်းမသခင်က လေးခန်းယူထားသည်။ ကျန်လက်အောက်ငယ်သားများကတော့ ကြီးမားသော အခန်းတစ်ခန်းကို မျှသုံးကြရသည်။
စွန်းယုံဖုန့်က ချီရွှမ်းစုကို အတွင်းခန်းထဲသို့ ခေါ်သွားပြီး တာဝန်ကျနေသော တာအိုအစောင့်ကို သူတို့အတွက် လက်ဖက်ရည် ဖျော်ခိုင်းလိုက်၏။ ထို့နောက် သူက ချီရွှမ်းစုကို ထိုင်ခိုင်းကာ ပြုံးပြလိုက်၏။ သူ့ဂေဟာမှာ သူတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့်ယှဉ်လျှင် ချီရွှမ်းစုအပေါ် သူ၏အပြုအမူက တကယ့်ကို ကွာခြားသွားပြီ ဖြစ်သည်။
သူတို့ ထိုင်ချလိုက်ပြီးနောက် စွန်းယုံဖုန့်သည် ထိုက်ဖျင်ဒင်္ဂါးတစ်ရာတန်သော ငွေစက္ကူနှစ်ရွက်ကို သူတို့နှစ်ယောက်ကြား လက်ဖက်ရည်စားပွဲပေါ်မှာ တည်ငြိမ်စွာ တင်လိုက်၏။
ချီရွှမ်းစုက တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ပညာရှိစွန်း ဒါက...”
“ငါ့ကို ထုံးတမ်းစဉ်လာအတိုင်း ခေါ်နေစရာမလိုပါဘူးကွာ”
စွန်းယုံဖုန့်က ရယ်မောကာ ပြောလိုက်၏။
“ငါက မင်းထက် နည်းနည်းပဲ အသက်ပိုကြီးတာပါ… မင်းငါ့ကို ညီအစ်ကိုစွန်းလို့ ခေါ်လို့ရတယ်… ငါကလည်း မင်းကို ညီအစ်ကိုချီလို့ ခေါ်မယ်”
ချီရွှမ်းစုက အတည်အတံ့မမှတ်ယူရဲဘဲ ပြောလိုက်၏။
“ကျုပ် မခေါ်ရဲပါဘူး… အင်းပါ ဒါဆိုရင်လည်း ကျုပ် ခင်ဗျားကို ကြီးကြပ်ရေးမှူးစွန်းလို့ ခေါ်မယ်… တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လက်ထောက်ခန်းမသခင်က ကျုပ်တို့ကို တစ်ယောက်နဲ့တစ်ယောက် ရာထူးအလိုက် ခေါ်ဝေါ်စေချင်တယ်… ဒါပေမဲ့ သီးသန့်အချိန်မှာဆိုရင်တော့ ကျုပ် ခင်ဗျားကို ညီအစ်ကိုစွန်းလို့ ခေါ်ပါ့မယ်”
စွန်းယုံဖုန့်က ခေါင်းညိတ်၍ ပြော၏။
“လက်ထောက်ခန်းမသခင်ဆိုမှပဲ… မင်းက သူနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ ငါသိချင်မိသား။”
ချီရွှမ်းစုက ဤသို့ ဖြစ်လာမည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ စောစောက ကျန်းယွဲ့လု၏ အပြုအမူသည် သူ့ကို ရှေ့သို့ တွန်းပို့ခဲ့ပြီကို သူသိထား၏။ ထို့ကြောင့် နောက်ခံအဖြစ် သူမ၏ နာမည်ကို အသုံးချနိုင်သည့်အချိန်မှာ သူက သိပ်ပြီး နှိမ့်ချနေတော့မည် မဟုတ်ချေ။ သူက ကျန်းယွဲ့လုနှင့် မကြာသေးခင်ကမှ တွေ့ဆုံထားသည်ဟု တုံးအစွာဖြင့် ဝန်ခံလိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြင့် ကျန်းယွဲ့လုက အကျိုးအမြတ်များ အားလုံးကို ရရှိပြီး သူကတော့ အခွင့်မသာ ဖြစ်သွားပေလိမ့်မည်။
ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ကျုပ်တို့တွေက… သာမန်မိတ်ဆွေတွေပါပဲ”
စွန်းယုံဖုန့်သည် စဉ်းလဲသော မြေခွေးအိုကြီး ဖြစ်သည်။ သူတို့သည် ရင်းနှီးသော မိတ်ဆွေတွေပါဟု ချီရွှမ်းစုကဆိုမည်ဆိုလျှင် သူက ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော် သာမန်မိတ်ဆွေများသာ ဖြစ်သည်ဟု ချီရွှမ်းစုပြောသောအခါ စွန်းယုံဖုန့်က သံသယသိပ်မဝင်တော့ချေ။
တကယ်လည်း ချီရွှမ်းစုက လိမ်ညာ ပြောဆိုနေခြင်း မဟုတ်ပေ။ သူတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူတို့သည် မိတ်ဆွေများဖြစ်သည်ဟု ကျန်းယွဲ့လုက ပြောခဲ့လေသည်။
စွန်းယုံဖုန့်က ချီရွှမ်းစု၏ အမူအရာကို အကဲခတ်ကြည့်ပြီး ၎င်းကနေ တစ်စုံတစ်ရာကို သိမြင်ရဖို့ ကြိုးစားနေသည်။
“ညီအစ်ကိုချီ… မင်းနဲ့ လက်ထောက်ခန်းမသခင်က အသိအကျွမ်းတွေဆိုမှတော့ ထောက်ခံချက်ရဖို့အတွက် မင်းငါ့ဆီကို ဘာလို့ရောက်လာခဲ့တာလဲ”
ချီရွှမ်းစုက အနည်းငယ် အားနာဟန်ဖြင့် အလျင်အမြန် ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးစွန်း ကျုပ်တောင်းပန်ပါတယ်… ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး”
သူ့ကို ထောင်ချောက်ဆင်ဖို့ ကျန်းယွဲ့လုက ချီရွှမ်းစုကို ခိုင်းထားခြင်းဖြစ်မည်ဟု စွန်းယုံဖုန့်က သံသယဝင်နေခဲ့သည်။ ဤစကားကို ကြားရပြီးနောက် သူ၏ ထင်မြင်ချက်ကို စွန်းယုံဖုန့်က ပို၍ပင် ယုံကြည်သွားသည်။
ချီရွှမ်းစုက စားပွဲပေါ်က ငွေစက္ကူနှစ်ရွက်ကို လက်ဖြင့် အသာလှမ်းဖိပြီး စွန်းယုံဖုန့်ရှေ့သို့ ဖြည်းဖြည်းချင်း တွန်းပို့လိုက်၏။
“ကြီးကြပ်ရေးမှူးစွန်း… ကျုပ်ရဲ့ တောင်းပန်မှုအဖြစ် ဒါကို လက်ခံပေးပါ”
စွန်းယုံဖုန့်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ သူက ချီရွှမ်းစု၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခြင်းမရှိဘဲ ထိုအစား ချီရွှမ်းစုသည် မိတ်ဆွေဖွဲ့ရန် ထိုက်တန်သည့် လူတစ်ယောက်ဟု ခံစားမိလိုက်သည်။
ထိုက်ဖျင်ဒင်္ဂါးနှစ်ရာကို လက်လွှတ်လိုက်ရသည့်အတွက် ချီရွှမ်းစုက ရင်ထဲမှာ မကောင်းချေ။ သို့သော် အဲဒါကို သူကောင်းကောင်း အသုံးချရပေမည်။ သူက ထပ်ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးစွန်း… ကျုပ် ခင်ဗျားကို မေးစရာတစ်ခုရှိတယ်”
“ဘာများလဲ”
စွန်းယုံဖုန့်က အနည်းငယ်ထိတ်လန့်သွား၏။
ချီရွှမ်းစုက ပြောလိုက်၏။
“တာဝန်ကျအခန်းကနေ ကျုပ်ထွက်လာတုန်းက အတော်လေး စိမ်းသက်တဲ့အမူအရာနဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်… သူက ဘယ်နေရာကနေ လာတာပါလိမ့်”
စွန်းယုံဖုန့်က ပြောလိုက်၏။
“သူ့နာမည်က ရှုခိုတဲ့.. အဆင့် - ၆ တာအိုဆရာတစ်ဦးပဲ… သူက 'ယမမင်းလေး'ဆိုတဲ့ နာမည်ပြောင်ကို ရထားတဲ့ အသွေးအသားနယ်ပယ် ကိုယ်ခံပညာ တိုင်းသမားတစ်ဦးပဲ… သူက တစ်ခါတုန်းက ဖီးနစ်စိမ်းတပ်ဖွဲ့မှာ တပ်မှူးတစ်ဦးဖြစ်ခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းမှာ သူက တာအိုဂိုဏ်းတော်ကို ဝင်ရောက်ပြီး ချီကျိုးတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်… သူက အကျဥ်းသားတစ်ယောက်ကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်တဲ့ အတွက် အဆင့် - ၇ တာအိုဆရာတစ်ဦးအဖြစ် လျှော့ချခံခဲ့ရတယ်”
“နောက်ပိုင်းမှာ… သူက ချင်းဖျင်အသင်းတော်က ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးပေးပြီး သူ့ရဲ့ အကျိုးဆောင်မှုကြောင့် အဆင့် - ၆ တာအိုဆရာတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရတယ်… မင်းသူနဲ့ မကြေမလည် ဖြစ်ထားတယ်ဆိုရင် သည်းခံလိုက်တာ ကောင်းလိမ့်မယ်… ဘာပဲပြောပြော သူက အဆင့် - ၆မှာ ရှိတယ်… ပြီးတော့ ရုန့်ရင်းကြမ်းတမ်းတယ်… သူ့ကို ချီကျိုးတာအိုစံအိမ်ကလည်း နောက်ခံပေးထားတယ်… အဲ့ဒါကြောင့် သူနဲ့မရှုပ်တာ ကောင်းမယ်”
“ကြီးကြပ်ရေးမှူးစွန်း… သတင်းအချက်အလက်အတွက် ကျေးဇူးပါပဲ”
ချီရွှမ်းစုက အံ့အားသင့်သွားသည့်ပုံပေါ်ပြီး ရင်ထဲမှာတော့ ယောက်ယက်ခတ်သွားသည်။
ထိုလူသည် ချင်းဖျင်အသင်းတော်က ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ဖူးသည် ဆိုပါလား။
ချင်းဖျင်အသင်းတော်မှာ (ဃ)အဆင့် အသင်းဝင်တစ်ဦးက အပယိကအသင်းဝင်တစ်ဦးသာ ဖြစ်ပြီး၊ (ဂ)အဆင့် အသင်းဝင်တစ်ဦးက ပင်တိုင်အသင်းဝင်တစ်ဦး ဖြစ်သည်။ (ခ)အဆင့် အသင်းဝင်တစ်ဦးကို ခေါင်းဆောင်တစ်ဦးဟု ဆိုနိုင်ပြီး အစ်မချီကလည်း (ခ)အဆင့် အသင်းဝင်တစ်ဦးဖြစ်သည်။
အစ်မချီသည် ကျူးကောယုံမင်လို အဆင့် - ၆ တာအိုဆရာတစ်ဦးကို လှုပ်ရှားကွက် တစ်ကွက်ထဲဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။ ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း အစ်မချီသည် ချီရွှမ်းစုနှင့်ယှဉ်လျှင် များစွာပိုမိုသန်မာသည်မှာ သိသာနေ၏။ ရှုခိုက ချင်းဖျင်အသင်းတော်မှ (ခ)အဆင့် အသင်းဝင်တစ်ဦးကို ဖမ်းဆီးပေးနိုင်ခဲ့သည်ဆိုလျှင် သူ့မှာမြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခု ရှိနေခြင်း သို့မဟုတ် လုံလောက်သည့် လူအင်အားကို စုစည်းရန် တောင့်တင်းသော နောက်ခံတစ်ခု ရှိထားခြင်းကြောင့်ဖြစ်မည်။
မည်သို့ပင်ဆိုစေ ရှုခိုက ကိုင်တွယ်ရခက်ခဲမည့် လူတစ်ယောက် တကယ်ပင်ဖြစ်သည်။
ထိုအချိန်မှာ စွန်းယုံဖုန့်၏ တာအိုအစောင့်က ရောက်ရှိလာပြီး လက်ထောက်ခန်းမသခင်က သူ့ကို လာရောက်ဖို့ ဆင့်ခေါ်လိုက်ကြောင်း အစီရင်ခံ တင်ပြလိုက်၏။
ထို့ဖြင့် ချီရွှမ်းစုက မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်၏။
“ဒါဆိုရင်တော့… ကျုပ် ခင်ဗျားကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး”
ချီရွှမ်းစုသည် ယောင်ကွမ်းဆောင်ကနေ ထွက်လာခဲ့သော်လည်း ထျန်ကန်းခန်းမကနေ ထွက်ခွာမသွားပေ။ မည်သို့ပင်ဆိုစေ သူသည် အမှုဆောင်ခြောက်ဦးထဲမှ တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံထားရသည်။ လူတွေ့စစ်ဆေးမှု ပြီးဆုံးသွားပြီးနောက် ကျန်းယွဲ့လုသည် တရားဝင်ခန့်အပ်မှုများကို ကြေညာရန် လူတိုင်းကို ခေါ်ယူစုဝေးပေလိမ့်မည်။
ချီရွှမ်းစုက သစ်ပင်တစ်ပင်၏ အရိပ်အောက်မှာ နေရာတစ်ခုရှာပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။ ဤအချိန်အတွင်း သူသည် လက်ထောက်ခန်းမသခင် ကျန်းယွဲ့လုနှင့် ဘယ်လောက်ရင်းနှီးကြောင်း အခြားသူများ တွေ့မြင်ထားခဲ့သောကြောင့် လူတချို့က သူနှင့် မိတ်ဆွေဖွဲ့ဖို့ ရောက်ရှိလာခဲ့ကြသည်။
သတ်ဖြတ်နေရသည့် အချိန်မဟုတ်လျှင် ချီရွှမ်းစုသည် စကားများပြီး ရင်းနှီးဖော်ရွေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ သူသည် ထက်ရှသည့် အနားစောင်းမရှိတော့ဘဲ ဓားအိမ်ထဲမှာ ထည့်ထားသည့် ဓားတစ်လက်လိုဖြစ်ပြီး ရောက်လာသည့် လူများကို ယဉ်ကျေးပျူငှာစွာဖြင့် ဧည့်ခံပြောဆိုနေ၏။
ကျန်းယွဲ့လု၏ လူတွေ့စစ်ဆေးမှုများက မွန်းလွဲချိန်မှာ နောက်ဆုံး အဆုံးသတ်သွားလေသည်။ ကြီးကြပ်ရေးမှူးနှင့် အမှုဆောင်များမပါ လူသုံးဆယ်ကျော်က ဖယ်ရှားခံလိုက်ရသည်။ လူ ၇၂ ဦးသာလျှင် ကျန်ခဲ့ပြီး အမှုဆောင်တစ်ဦးစီ၏ အောက်မှာ ၁၂ ယောက်စီ အမှုထမ်းမည်ဖြစ်သည်။
လူတွေ့စစ်ဆေးမှု အပြီးမှာ လက်ထောက်ခန်းမသခင်က အနားယူခြင်းမရှိဘဲ လူတိုင်းကို ယောင်ကွမ်းဆောင်သို့ ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။
ချီရွှမ်းစုကလည်း လူအုပ်ကြီးနှင့်အတူ ထိုနေရာသို့ လိုက်ပါသွား၏။
ယောင်ကွမ်းဆောင်၏ ခြံဝင်းထဲမှာ ကျန်းယွဲ့လုသည် အရင်ဆုံး ခန်းမသခင်ခန့်အပ်ပေးထားသည့် ကြီးကြပ်ရေးမှူးနှစ်ဦးကို မိတ်ဆက်ပေးလိုက်၏။ သူတို့ထဲမှ တစ်ယောက်က စွန်းယုံဖုန့် ဖြစ်ပြီး နောက်တစ်ယောက်က လင်းချွမ်ကျီ ဖြစ်သည်။ လင်းချွမ်ကျီသည် အမည်အရင်းမဟုတ်ဘဲ တာအိုနာမည် ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အဆင့် - ၄ တာအိုဆရာများဖြစ်သော်လည်း စွန်းယုံဖုန့်သည် လက်ဝဲရံ ကြီးကြပ်ရေးမှူးဖြစ်ပြီး ပိုမိုမြင့်မားသော အဆင့်အတန်းရှိနေသည်။
သူတို့၏ လက်အောက်မှာ ကျန်းယွဲ့လုကိုယ်တိုင် ခန့်အပ်ထားသည့် အမှုဆောင်ခြောက်ဦး ရှိသည်။
အဆင့် - ၇ တာအိုဆရာတစ်ဦးအနေဖြင့် ချီရွှမ်းစုက အမှုဆောင်ခြောက်ဦးကြားမှာ အဆင့်အနိမ့်ဆုံးဖြစ်သည်။ အခြားသူများသည် အဆင့် - ၆မှာ ရှိကြပြီး အဆင့် - ၅ အမှုဆောင်တစ်ဦးပင် ပါဝင်သည်။
သို့သော် ချီရွှမ်းစု အံ့အားသင့်သွားရသည်မှာ ဤရလဒ်ကို လူတိုင်းက မျှော်လင့်ထားပြီးသား ဖြစ်ကြသည်။ ချီရွှမ်းစုက အမှုဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရမည်ကို ကြိုတင်တွက်ဆထားသည့်အလား အတော်များများက နားလည်သဘောပေါက်ဟန်ဖြင့် သူ့ကို ခေါင်းပင်ညိတ်ပြနေ၏။
ချီရွှမ်းစုက မတတ်သာဘဲ ပြုံးပြလိုက်ရ၏။ ဤအခြေအနေသည် ကျန်းယွဲ့လု၏ လူယုံတော်အဖြစ် သူ၏ သရုပ်သကန်ကို အတည်ပြုပေးနေသည်။ အားသာချက်မှာ ဤလူများသည် သူ့ကို ကြောက်ရွံ့၍ ရန်စရဲလိမ့်မည် မဟုတ်ပေ။ အားနည်းချက်မှာ သူတို့သည် သူနှင့် ခပ်ခွာခွာနေကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေ အထက်လူကြီးများ၏ လူယုံတော်များမှာ 'အလိုတော်ရိ'ဟူသော နာမည်ပြောင်တစ်ခု ရှိလေသည်။
ချီရွှမ်းစုကို ခန့်အပ်ကြောင်း ကြေညာပြီးနောက် ကျန်းယွဲ့လုက ရှုခိုကို ခန့်အပ်ကြောင်း ဆက်လက်ကြေညာလိုက်၏။
ရှုခို၏ အစွမ်းအစနှင့် အရည်အချင်းများအရ သူသည် သိပ်မကြာခင် အဆင့် - ၅သို့ တိုးမြင့်ပေးခံရနိုင်သည်။ သို့သော်လည်း သူသည် အမှားများစွာ ပြုလုပ်ထားခဲ့သောကြောင့် အဆင့် - ၆မှာ ရပ်တန့်နေခဲ့သည်။ ထို့ကြောင့် အမှုဆောင်တစ်ဦးဖြစ်လာခြင်းက သူ့အတွက် သင့်လျော်သော ရာထူးတစ်ခုဟု ဆိုနိုင်သည်။
သူတို့နှစ်ယောက်စလုံးက အမှုဆောင်များဖြစ်လျှင်တောင် ရှုခိုက ချီရွှမ်းစုကို အထင်မြင်သေးနေဆဲ ဖြစ်သည်။ လူများ၏ ကံကြမ္မာများ ရောထွေးယှက်ဖြာနေပုံက အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။ ချီရွှမ်းစုသည် ယနေ့မှသာ ကျန်းယွဲ့လုနှင့် တွေ့ဆုံမည်ဆိုလျှင် ကျန်းယွဲ့လုက ချီရွှမ်းစုကို သတိထားမိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့နှစ်ယောက်သည် သူစိမ်းများ၏ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ပြီး တစ်ယောက်၏ အစစ်အမှန်သရုပ်သကန်ကိုတစ်ယောက် သိရှိခြင်းမရှိဘဲ အတူတကွ သောက်စားခဲ့ကြ၏။ ဤအမှတ်မထင်တွေ့ဆုံမှုက သူတို့ကို ယခင်ကထက် ပိုမိုရင်းနှီးသွားစေခဲ့သည်။
ထိုနည်းတူစွာပင် ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်အပြင်ဘက်မှာ ရှုခိုနှင့် မဆုံတွေ့ခဲ့လျှင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေဖွဲ့မိနိုင်သည်။ သို့သော် သူတို့ ပထမဆုံး တွေ့ဆုံသည့်အချိန်က ရွှမ်မြို့တော်၏ မြို့ဝင်တံခါးမှာ ဖြစ်ခဲ့သည်။ စိတ်ဝိညာဥ်တပ်သားများ၏ ရှုခိုအပေါ် ခွဲခြားဆက်ဆံမှုနှင့် ချီရွှမ်းစုအပေါ် ကျန်းယွဲ့လု၏ မျက်နှာသာပေးမှုမှာ ရှုခိုအနေဖြင့် ချီရွှမ်းစုအပေါ် အမြင်မကြည် ဖြစ်လာခဲ့သည်။
ကျန်းယွဲ့လုက အခြားသော အမှုဆောင်လေးဦးကို ကြေညာဖို့ အလောတကြီးရှိမနေဘဲ ပြောလိုက်၏။
“အမှုဆောင်ချီနဲ့ အမှုဆောင်ရှုက… ကျမ အများကြီး မျှော်လင့်ထားတဲ့သူတွေပဲ… ရှင်တို့နှစ်ယောက် နောက်ပိုင်းမှာ အတူပူးပေါင်းပြီး အလုပ်လုပ်နိုင်ဖို့ ကျမ မျှော်လင့်တယ်။”
ချီရွှမ်းစုက လက်သီးနှင့်လက်ဝါးကို ထိကပ်၍ ရှုခိုကို လေးစားမှုပြလိုက်သော်လည်း ထိုသူက သူ့ကို ဘေးတိုက် တစ်ချက်မျှသာ ကြည့်လိုက်၏။
ချီရွှမ်းစုက မေးလိုက်၏။
“အမှုဆောင်ရှု ခင်ဗျားရဲ့မျက်လုံးမှာ ပြဿနာရှိနေတာလား… ခင်ဗျား ဘာလို့ တည့်တည့်မကြည့်နိုင်ရတာပါလိမ့်… ခင်ဗျား အမြင်အာရုံ ချို့တဲ့နေမှာ စိုးရိမ်မိလို့ အခုလို ကျုပ်မေးလိုက်ရတာ စိတ်မရှိပါနဲ့… နောက်ပိုင်း ခင်ဗျားကျုပ်ကို ဓားနဲ့ မတော်တဆထိုးမိရင် မခက်ချေဘူးလား။”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် လူအတော်များများက အသံထွက်၍ ရယ်မိမတတ် ဖြစ်သွားကြ၏။ သို့သော်လည်း သူတို့သည် ရှုခိုကို မဆန့်ကျင်ရဲဘဲ သူတို့၏ ရယ်ချင်စိတ်ကို ချုပ်တည်းဖို့ အလျင်အမြန် ခေါင်းငုံ့လိုက်ကြ၏။ သို့သော်လည်း လျှံထွက်လာသောရယ်သံကို ချုပ်တည်းထားရသည့်အတွက် သူတို့၏ ပခုံးများက တသိမ့်သိမ့် လှုပ်ခါနေ၏။
ကျန်းယွဲ့လု၏ နှုတ်ခမ်းပင်လျှင် အနည်းငယ် ကွေးညွှတ်သွားလေသည်။
ယမမင်းလေးသည် ကိုင်တွယ်ရခက်ခဲသောလူတစ်ယောက်ဖြစ်သည်ကို လူတိုင်းက ပြောနိုင်ကြသည်။ ကျန်းယွဲ့လုသည် သူ၏ အရည်အချင်းကို အသိအမှတ်ပြုထားသော်လည်း သူ၏ စိတ်နေစရိုက်နှင့် သွင်ပြင်ဟန်ပန်ကို သူမက သိပ်ပြီးသဘောမကျချေ။
ရှုခိုက အမျက်ဒေါသကို မပြသသော်လည်း သူက နောက်ဆုံးမှာ ရန်သူတစ်ယောက်ကို ကြည့်နေသလို ချီရွှမ်းစုကို တည့်တည့်ကြည့်လိုက်၏။
“မင်း… သေချင်နေတာလား”
ချီရွှမ်းစုက ပြောလိုက်၏။
“သြော်… ခင်ဗျားက ပုံမှန်အတိုင်း ကြည့်လို့ရနေတာပဲ… အဲဒါနဲ့များဗျာ.. ဘာလို့ စိတ်ကြီးဝင်နေတာလဲ… ခင်ဗျား ကျုပ်နဲ့ပတ်သက်ပြီး သဘောမကျတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောမှပေါ့”
ရှုခိုက သူ၏ မျက်လုံးကို မှေးကျဥ်း၍ ချီရွှမ်းစုကို အကဲခတ် ကြည့်လိုက်၏။
“မင်းလိုမျိုး အဆင့် - ၇ တာအိုဆရာတစ်ဦးက ဘယ်လိုလုပ် အမှုဆောင်တစ်ဦး ဖြစ်လာတာလဲ… မင်းအခုတော့ ကျေနပ်သွားပြီမလား”
“တကယ့်ကို ကျေနပ်စရာပေါ့။”
ချီရွှမ်းစုက ခေါင်းညိတ်ပြပြီးနောက် ကျန်းယွဲ့လုကို လှမ်းကြည့်လိုက်၏။
ချီရွှမ်းစုက သူ၏ ကိုယ်ပိုင်အစွမ်းအစပေါ် မှီခို၍ အများသူငှာကို လက်ခံယုံကြည်လာအောင် လုပ်ရမည်ဟု ကျန်းယွဲ့လုက ပြောထားသော်လည်း အများသူငှာဆိုသည်မှာ လက်အောက်ငယ်သားများကိုသာ ဆိုလိုပြီး သူနှင့် အဆင့်တူနှင့် အထက်လူကြီးများကို မဆိုလိုပေ။
ရှုခိုကလည်း အမှုဆောင်တစ်ဦးဖြစ်ပြီး ချီရွှမ်းစု၏ လက်အောက်က မဟုတ်ပေ။ အဆင့်အရ ရှုခိုသည် ချီရွှမ်းစုထက် တစ်ဆင့်ပင် ပိုမြင့်နေပြီး သူ့ကို အများသူငှာထဲမှာ ထည့်မတွက်နိုင်ပေ။
ကျန်းယွဲ့လုက ချီရွှမ်းစုကို သူ၏ လူယုံဖြစ်လာစေချင်သည် ဆိုမှတော့ သူမသည် သူ့အား ထောက်ပံ့မှုတချို့လည်း ပေးရပေလိမ့်မည်။
ကျန်းယွဲ့လုက ချီရွှမ်းစုကို တိတ်ဆိတ် ကြည့်နေ၏။ နောက်ဆုံးမှာတော့ သူမက ဝင်ပြောလိုက်၏။
“ချီရွှမ်းစုကို အမှုဆောင်အဖြစ် ကျွန်မ ခန့်အပ်ထားတာ… အမှုဆောင်ရှု ကျွန်မရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှင့်မှာ မေးခွန်းထုတ်စရာ ရှိလို့လား။”