← Chapters

ရှုခို

Vol. 4 Ch. 40

ရှုခို

Vol. 4 Ch. 40

ရှုခိုက ကျန်းယွဲ့လုကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူ၏ အကြည့်က အနည်းငယ်ပင် ရန်လိုနေသည်။

စွန်းယုံဖုန့်က ဤအခြေအနေနှင့် ပတ်သက်၍ တိတ်တဆိတ် အူမြူးအားရနေပြီး သူ၏ခေါင်းကို အနည်းငယ် ငုံ့ထားသည်။ ဤလက်ထောက်ခန်းမသခင်က ကိုင်တွယ်ရ လွယ်ကူသူ မဟုတ်ပေ။ ထို့ကြောင့် သူမကို ရန်စမည်ဆိုလျှင် ရှုခိုက ထိခိုက်မှုတချို့ ခံစားရပေလိမ့်မည်။

သို့သော်လည်း ကြီးကြပ်ရေးမှူးအနေဖြင့် အသစ်ဝင်ရောက်လာသော လက်ထောက်ခန်းမသခင်က အရှက်ခွဲခံရမည်ကို စွန်းယုံဖုန့်က တွေ့မြင်လိုနေသည်။ ရလဒ်က မည်သို့ဆိုစေ စွန်းယုံဖုန့်အတွက် မည်သည့် ထိခိုက်နစ်နာ ဆုံးရှုံးစရာမှ မရှိပေ။

ခဏနေပြီးနောက် ရှုခိုက ခွန်းတုံ့ပြန်လိုက်၏။

“လက်ထောက်ခန်းမသခင်ရဲ့ ဆုံးဖြတ်ချက်ကို… မေးခွန်းထုတ်လို့ မရနိုင်ဘူးလား”

ကျန်းယွဲ့လုက ရှူးရှူးရှားရှား ဖြစ်မသွားချေ။ သူမက တည်ငြိမ်စွာသာ ပြောလိုက်၏။

“ရတာပေါ့… နင် ထင်မြင်ချက်တစ်ခု ပေးလို့ရတယ်… ဒါပေမဲ့ နင်က ငါ့ရဲ့ဆုံးဖြတ်ချက်ကိုပဲ နာခံရမယ်… နင်က ကျိကျိုးတာအိုစံအိမ်က လာတယ်၊ သူတော်စင်ချင်းဝေက နင့်ရဲ့ပုံစံကို နားလည်လက်ခံထားပြီး နင့်ကို မြင့်မြင့်မားမား သတ်မှတ်ထားတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ ဒါက ကျိကျိုးတာအိုစံအိမ်မဟုတ်သလို ငါကလည်း သူတော်စင်ချင်းဝေ မဟုတ်ဘူး”

ရှုခိုက ရယ်မောကာ ပြောလိုက်၏။

“သူတော်စင်ချင်းဝေကတော့ အဲဒီလိုမျိုး ထင်မှာမဟုတ်လောက်ဘူး”

ကျန်းယွဲ့လုက ရုတ်တရက် စွန်းယုံဖုန့်ဘက်သို့ လှည့်ပြီး မေးလိုက်၏။

“ကြီးကြပ်ရေးမှူးစွန်း… ယောင်ကွမ်းဆောင်မှာ ပြောရေးဆိုခွင့် ရှိတာက ဘယ်သူလဲ… ထျန်ကန်းခန်းမလား ဒါမှမဟုတ် ကျိကျိုးတာအိုစံအိမ်လား”

စွန်းယုံဖုန့်က ညင်သာစွာ ချောင်းဟန့်လိုက်၏။

“တကယ်တော့ ထျန်ကန်းခန်းမပါ… ဒါပေမဲ့ သူတော်စင်ချင်းဝေက တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲက တစ်ပါးဖြစ်တယ်… သူက ထိုက်ဖျင်ဂိုဏ်းရဲ့ နောက်ထပ် မဟာသူတော်စင် ဖြစ်လာဖို့ရှိတယ်… သူတော်စင်ချင်းဝေက သာမန်တာအိုစံအိမ်သခင်မဟုတ်ပါဘူး… ကျုပ်တို့ ခန်းမသခင်တောင်မှ သူတော်စင်ချင်းဝေရဲ့ ထင်မြင်ချက်ကို လေးစားမှု ပေးရပါတယ်”

ကျန်းယွဲ့လုက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ချီရွှမ်းစုကို လှည့်မေးလိုက်၏။

“ထျန်းယွမ်… ရှင်ရော ဘယ်လိုထင်လဲ”

ကျန်းယွဲ့လုက လူယုံတစ်ဦးကို ဘာကြောင့် အသည်းအသန် လိုအပ်နေသလဲ ယခုအချိန်မှာ ချီရွှမ်းစု နားလည်သဘောပေါက်သွားသည်။ သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်၏။

“ဒါက… အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပဲ… လက်ထောက်ခန်းမသခင် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးစွန်းနဲ့ ကျုပ် သီးသန့် ဆွေးနွေးပြီးသွားပြီ။”

စွန်းယုံဖုန့်က မှင်တက်သွား၏။ သူသည် ဤကိစ္စကို ချီရွှမ်းစုနှင့် ဘယ်အချိန်တုန်းက ဆွေးနွေးခဲ့သလဲ မသိတော့ပေ။ အဲဒါက စိတ်ဝင်စားစရာ ကောင်းသည် သို့မဟုတ် အဓိပ္ပာယ်ရှိသော ခေါင်းစဉ်တစ်ခုဟု သူ မထင်ပေ။ ထိုစကားက ရယ်စရာပင် ကောင်းနေသည်။

ကျန်းယွဲ့လုက ဂရုမစိုက်သည့်ဟန်ဖြင့် မေးလာ၏။

“ဒါဆို… ဆွေးနွေးမှုရဲ့ ရလဒ်က ဘာတဲ့လဲ”

ချီရွှမ်းစုက တမင်သက်သက် လုပ်ကြံကာ ပြောလိုက်၏။

“ဒီနေရာမှာ ကြီးကြပ်ရေးမှူးစွန်းနဲ့ ကျုပ်ရဲ့အမြင်က အနည်းငယ် ကွဲလွဲမှုရှိနိုင်တယ်… ထျန်ကန်းခန်းမကသာ ပြောရေးဆိုခွင့်ရှိတယ်လို့ ကျုပ်တို့နှစ်ယောက်စလုံး ခံစားရလို့ပဲ… ကျုပ်တို့တွေက လူနည်းစုပဲဆိုတာကိုလည်း သိပါတယ်… အဲဒါကြောင့် အများစုရဲ့ ထင်မြင်ချက်ကိုတော့ ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူး”

ကျန်းယွဲ့လုက ညင်သာစွာ ပြုံး၍ ပြောလိုက်၏။

“ပြောတာကောင်းတယ်… အခုကစပြီး ရှင်တို့ကိုယ့်ရှင်တို့ လူများစုလို့ သတ်မှတ်လို့ရပြီ”

ထိုသို့ပြောပြီးနောက် ကျန်းယွဲ့လုက လူအုပ်ကြီးကို အကဲခတ် စစ်ဆေးကြည့်လိုက်၏။

လူတိုင်းက ငြင်းဆန်ရဲခြင်းမရှိဘဲ ခေါင်းငုံ့ထားကြ၏။ သို့သော်လည်း သူတော်စင်ချင်းဝေက ဘယ်လောက်စွမ်းအားကြီးမားသလဲ သိရှိထားသောကြောင့် သူတို့က သဘောတူလက်ခံခြင်းလည်း မရှိချေ။

သူတော်စင်ချင်းဝေ၊ သူတော်စင်တန်ဟွားနှင့် သူတော်စင်စီဟန်တို့သည် တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲမှာ အတော်ဆုံးသူများ ဖြစ်ကြသည်။ လက်ထောက်မဟာအကြီးအကဲ ၃ ဦး ပြီးလျှင် သူတို့ကို ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဒုတိယနေရာတွင် ရှိသည်ဟု သတ်မှတ်ထားကြသည်။ သူတို့ကို လာမည့် လက်ထောက်မဟာအကြီးအကဲများ ဖြစ်လာမည်ဟုလည်း မျှော်လင့်ထားကြသည်။ တာအိုအဖွဲ့အစည်းအတွင်း ဤသူတော်စင် ၃ ပါးကို လောကီဆရာသခင်လောင်း၊ မြေကမ္ဘာဆရာသခင်လောင်း နှင့် ကောင်းကင်ဆရာသခင်လောင်းဟူ၍ အသီးသီး ခေါ်ဆိုကြသည်။

ကျန်းယွဲ့လုက ဤအခြေအနေကို မျှော်လင့်ထားသည်။ သူမက ချီရွှမ်းစုကို ဩဇာတိက္ကမတည်ဆောက်၍ သူ၏အစွမ်းအစကို အများသူငါ လက်ခံအောင် လုပ်ခိုင်းထားသည်မှာ ထိုသို့ပြုလုပ်ဖို့ သူမကို အခြားသူများကလည်း တောင်းဆိုထားသောကြောင့် ဖြစ်သည်။ မဟာသူတော်စင်လွင်ကျစ်သည် စမ်းသပ်သည့်အနေဖြင့် သူမကို လက်ထောက်ခန်းမသခင် ရာထူး တိုးမြှင့်ပေးထားသည်။ ကျန်းယွဲ့လုက ဤအခွင့်အရေးကို ကောင်းကောင်းချိန်ဆနိုင်မည်ဆိုလျှင် သူမက ထိပ်ဆုံးကို တဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။ ကျန်းယွဲ့လုက အခွင့်အရေးကို အသုံးမချနိုင်ဘူးဆိုလျှင်လည်း အရာတိုင်းကို ဆုံးရှုံးရပေလိမ့်မည်။

ယခုမှ စတင်ရုံသာဖြစ်ပြီး အစစ်အမှန် စိန်ခေါ်မှုများနှင့် ဝေးကွာလွန်းသေးသည်။

ကျန်းယွဲ့လုက ရှုခိုကို ကြည့်ကာ ပြောလိုက်၏။

“သူတော်စင်ချင်းဝေက ရွှေနန်းမြင့်မျှော်စင်ရဲ့ တန်ခိုးရှင်သူတော်စင်အနေနဲ့ ထျန်ကန်းခန်းမရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်မယ်၊ ငါ့ရဲ့ဆုံးဖြတ်ချက်ကို ရုပ်သိမ်းဖို့ ပြောမယ်ဆိုရင် ငါက မဖြစ်မနေ နာခံရလိမ့်မယ်… အဓိကအချက်ကတော့ နင်က သူတော်စင်ချင်းဝေကို ကြားဝင်စွက်ဖက်လာအောင် လုပ်နိုင်မလားဆိုတာပဲ… မဟုတ်ရင်တော့ နင်က ငါ့ကို ခြောက်လှန့်ဖို့အတွက် သူတော်စင်ချင်းဝေရဲ့နာမည်ကို သက်သက် အသုံးချနေတာပဲ။”

ရှုခိုက အနည်းငယ် ထိတ်လန့်သွား၏။ သူက ဤလက်ထောက်ခန်းမသခင်ကို လျှော့တွက်ခဲ့မိသည်။

ကျန်းယွဲ့လုက ဆက်ပြောလိုက်၏။

“ငါ… စောစောက ပြောခဲ့သလိုပဲ ဒါက ကျိကျိုးတာအိုစံအိမ် မဟုတ်သလို နင်ကလည်း ကျိကျိုးတာအိုစံအိမ်က အဖွဲ့ဝင်တစ်ဦး မဟုတ်တော့ဘူး… နင်က အခု ထျန်ကန်းခန်းမရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီ… နင့်မှာ ကြီးမားတဲ့ နောက်ခံပေးသူ ရှိနေတယ်လို့ထင်ရင်လည်း တရားဝင် စကားပြောဖို့အတွက် သူ့ကိုသွားပြီး ဖိတ်ခေါ်လိုက်… နင် မလုပ်နိုင်ဘူးဆိုရင် ငါ့အမိန့်ကိုပဲ နာခံလိုက်… ရှင်းရှင်းလေးပဲ… အခု ငါပြောတာကို နင်နားလည်လား”

ရှုခိုက ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။

“နားလည်ပါပြီ”

ကျန်းယွဲ့လုက သူ့ကို စိုက်ကြည့်နေဆဲဖြစ်ကာ

“နင့်မှာ… တခြားဘာပြောစရာ ရှိသေးလဲ” ဟု မေးလိုက်၏။

ရှုခိုက သူ့လှံဓား၏ ဓားရိုးပေါ် လက်တင်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ရွှမ်မြို့တော်မှာ တစ်ယောက်ချင်း တိုက်ခိုက်တာကို ခွင့်ပြုထားတယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း ရှိတယ်လို့ ကျုပ်ကြားဖူးတယ်… လက်ထောက်ခန်းမသခင်... ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းကို ကျုပ်ကြားဖူးတာကြာပြီ… အဲဒါကြောင့် ဒီနေ့ ကျုပ် ခင်ဗျားနဲ့ တစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်လိုပါတယ်”

ချီရွှမ်းစုက မျက်မှောင်ကြုတ်လိုက်၏။ အခြေအနေသည် သူမျှော်လင့်ထားသည်နှင့် တဖြည်းဖြည်း သွေဖယ်လာပြီကို နားလည်သဘောပေါက်လိုက်သည်။

ကျန်းယွဲ့လုက ကွေ့ကျန်းအဆင့်ကျင့်ကြံမှုတွင် ရှိနေသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။ သူမ၏ ကျင့်ကြံမှုအဆင့်ကို သိနေလျှင်တောင် ရှုခိုက ကျန်းယွဲ့လုကို စိန်ခေါ်လာသည့်အတွက် သူက ကြိုတင်ပြင်ဆင်လာသည်မှာ သိသာနေသည်။

ချီရွှမ်းစုမှာ ရဲတင်းသော ခန့်မှန်းချက်တစ်ခုပင် ရှိနေသည်။

ရှုခိုက သူ့ကို အထင်မြင်သေးနေသော်လည်း ၎င်းကို ဤမျှအထိ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်စရာ မလိုအပ်ခဲ့ပေ။ ရှုခို၏ ပစ်မှတ်သည် တစ်ချိန်လုံး ကျန်းယွဲ့လုဖြစ်နေခဲ့ပြီး စိန်ခေါ်တိုက်ခိုက်ဖို့အတွက် ချီရွှမ်းစုက အကြောင်းပြချက်မျှသာ ဖြစ်နေခဲ့နိုင်သည်။

တကယ်တော့ ချီရွှမ်းစုမှာလည်း ထည့်တွက်စဉ်းစားရသည်များ ရှိသည်။ သူသည် ရှုခို၏ စိတ်နေစရိုက်ကြောင့် ဒေါသထွက်မသွားခဲ့ပေ။ သူက များစွာအလျှော့ပေးလိုက်လျှင် သူရဲဘောကြောင်ရာကျလိမ့်မည်ဟုသာ ခံစားမိခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏အစွမ်းအစကို အများသူငါ လက်ခံအောင်လုပ်ဖို့ ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့်ပင် သူက ရှုခိုကို အရင်စတင် လှောင်ပြောင်သရော်ခဲ့ခြင်းဖြစ်သည်။ သူ၏ ခန့်မှန်းချက်က မှန်ကန်နေမည်ဆိုလျှင် သူက ရှုခို၏ ထောင်ချောက်ထဲကို တည့်တည့်ကျဆင်းသွားခဲ့လေပြီ။

ဤစကားကို ကြားပြီးနောက် ကျန်းယွဲ့လုက ရှုခိုကို လေးလေးနက်နက် တစ်ချက်စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။

ရှုခိုက တစ်ဖန် ထပ်ပြောလိုက်၏။

“ဒါက အင်မော်တယ်နတ်မျက်စိပဲ… ဒါဆိုရင် ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ခင်ဗျားသိပြီးရောပေါ့… လက်ထောက်ခန်းမသခင်… ကျုပ်က ခင်ဗျားနဲ့ တစ်ယောက်ချင်းတိုက်ခိုက်ဖို့ အဆင့်မီရဲ့လား”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်၏။

“နင်က ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဆိုမှတော့ တစ်ယောက်ချင်း စိန်ခေါ်တိုက်ခိုက်ဖို့အတွက် တကယ်ပဲ အဆင့်မီတယ်”

စွန်းယုံဖုန့်၊ ချီရွှမ်းစုနှင့် လက်ရှိလူတိုင်းက တုန်လှုပ်သွားကြသည်။

သူသည် ယွီရှုအဆင့်နှင့် ကိုက်ညီသည့် အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမား တစ်ဦးဖြစ်သည်ဟု ရှုခို၏ ကိုယ်ရေးအချက်လက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ရှုခိုသည် ကြမ်းတမ်းသော သူ၏ သွင်ပြင်အောက်မှာ သူ၏ ကျင့်ကြံမှုကို တမင်သက်သက် ဖုံးကွယ်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ တကယ်ဆို သူသည် ကိုယ်ခံပညာသိုင်းသမားများ၏ ကောင်းကင်ဘုံအချိတ်အဆက်နယ်ပယ်မှာပင် ရှိနေသည်။

ရှုခိုသည် ချင်းဖျင်အသင်းတော်က (ခ)အဆင့် အသင်းဝင်တစ်ဦးကို ဘာကြောင့် ဖမ်းဆီးနိုင်ခဲ့သလဲ ချီရွှမ်းစု နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။ ရှုခိုကို အဆင့်-၆ မဟုတ်ဘဲ အဆင့်-၄ မှာ ရှိသည်ဟု ယူဆရပေလိမ့်မည်။

သူတို့၏ ကျင့်ကြံမှုအပေါ်သာ ကြည့်မည်ဆိုလျှင် ရှုခိုနှင့် ကျန်းယွဲ့လုက အဆင့်တူသလောက်နီးပါး ဖြစ်သည်။

ရှုခိုက မေးလိုက်၏။

“ကျုပ်တို့တွေ လက်နက်နဲ့ တိုက်ခိုက်ကြမလား… ဒါမှမဟုတ် လက်ဗလာနဲ့ တိုက်ခိုက်ကြမလား”

ကျန်းယွဲ့လုက သူမ၏ ဣန္ဒြေကိုထိန်းပြီး ပြောလိုက်၏။

“နင် ငါ့ကို ရန်စနေစရာ မလိုပါဘူး… ရလဒ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ငါ့ရဲ့ အင်မော်တယ်တစ်ပိုင်းပစ္စည်းကို မသုံးချင်ဘူး… အဲဒါမှပဲ ငါနိုင်တာကို နင် အမှန်တကယ် လက်ခံယုံကြည်သွားလိမ့်မယ်”

ရှုခို၏ မျက်လုံးများက သံသယမကင်း ဖြစ်နေသေးပြီး တီးတိုးရေရွတ်လိုက်၏။

“ဒါဆိုရင်တော့ ကောင်းတာပေါ့”

ကျန်းယွဲ့လုက ဘာကြောင့် ဤမျှအထိ တဇွတ်ထိုး လုပ်ရသလဲ ချီရွှမ်းစုက နားမလည်ပေ။ သူမက ရှုခိုကို ရှုံးနိမ့်သွားမည်ဆိုလျှင် ဤသတင်းက နေ့တစ်ဝက်မကူးခင် ရွှမ်မြို့တော်မှာ ပျံ့နှံ့သွားပေလိမ့်မည်။ သူမသည် လက်ထောက်ခန်းမသခင် ဖြစ်လာသည်မှာ မဟာသူတော်စင်များ၏ ထောက်ပံ့မှုနှင့် နတ်သက်ကြွေအင်မော်တယ်ဟူသော သူမ၏ သရုပ်သကန်ကြောင့်ဖြစ်သည်။ ဩဇာအာဏာကို မတည်ဆောက်နိုင်လျှင် သူမအနေဖြင့် လက်ထောက်ခန်းမသခင်နေရာကို ဆက်ထိန်းထားဖို့ ခက်ခဲပေလိမ့်မည်။

သူမက အနိုင်ရဖို့အတွက် ဤမျှအထိ ယုံကြည်မှု ရှိနေတာလား ဒါမှမဟုတ် အရမ်းကို ဘဝင်မြင့်လွန်းနေတာလား။

ကျန်းယွဲ့လုက သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်း၍ လူတိုင်းကို နောက်ဆုတ်ခိုင်းပြီး တစ်ယောက်ချင်းတိုက်ခိုက်ဖို့အတွက် လုံလောက်သည့် နေရာလွတ်ကို ကျန်ရစ်ခဲ့စေသည်။ ချီရွှမ်းစုက ညွှန်ကြားသည့်အတိုင်း နောက်သို့ဆုတ်ခွာသွားသော်လည်း ကျန်းယွဲ့လုကို စိုးရိမ်ပူပန်နေဆဲဖြစ်၏။

ကိုယ်ခံပညာသိုင်းသမားများ၏ ကြမ်းကြုတ်ခက်ထန်မှုကို သူတွေ့ကြုံထားဖူးသည်။ ကျူးကောရုံမင်ထံမှ ထိုးချက်အချို့မှာ လတစ်ဝက်ကြာအောင် သူ ဆေးပေါင်းရည် သောက်ခဲ့ရသည်။ ကျန်းယွဲ့လု၏ ပါရမီအရည်အချင်းနှင့် ပတ်သက်၍ သံသယမရှိသော်လည်း သူမသည် ရန်သူကို လျှော့တွက်မိပြီး အမှတ်တမဲ့ ရှုံးနိမ့်သွားမည်ကို သူစိုးရိမ်ပူပန်နေသည်။ အထူးသဖြင့် သူမသည် ဩဇာညောင်းသည့်အထက်အမြင့်မှာ အချိန်ကြာမြင့်စွာ နေလာခဲ့ရသောကြောင့် ဖြစ်သည်။

ရှုခိုက သူ၏လှံဓားကို ဘေးသို့ပစ်ချပြီး လက်ဝှေ့ကိုယ်နေဟန်ထားကို ယူလိုက်သည်။ ယင်းသည် ထိုက်ဖျင်ဂိုဏ်း၏ အရပ်ငါးမျက်နှာလက်သီး အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်သည်။ အရပ်ငါးမျက်နှာသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ်ဗဟိုကို ရည်ညွှန်းသည်။ ဤလက်ဝှေ့နည်းစနစ်ကို အပိုင်းငါးပိုင်း ခွဲထားပြီး တစ်ပိုင်းချင်းစီက အလယ်အလတ်ထွန်းပေါက်မှုကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့သော် အတူတကွ ပေါင်းစည်းလိုက်မည်ဆိုလျှင် ၎င်းသည် အဆင့်မြင့်ထွန်းပေါက်မှုကျင့်စဉ်တစ်ခု ဖြစ်သွားသည်။ ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။

ကျန်းယွဲ့လုက ရှုခိုကို တစ်ချက်ကြည့်ပြီး ကမ်းလှမ်းလိုက်၏။

“လာခဲ့လေ”

များသောအားဖြင့် ဝါစဉ်မြင့်သူတစ်ဦးက ဝါစဉ်နိမ့်သူတစ်ဦးကို လေ့ကျင့်သင်ကြားပေးသည့်အခါ ဤကဲ့သို့သော လေသံဖြင့် ပြောဆိုတတ်ကြသည်။ ကျန်းယွဲ့လု၏ လေသံအရ သူမသည် ရှုခိုကို အစစ်အမှန် ပြိုင်ဘက်အဖြစ် မသတ်မှတ်ကြောင်း ဖော်ပြနေသည်။

မောက်မာဝင့်ကြွားတတ်သော ရှုခိုက ဒေါသချောင်းချောင်း ထွက်လာ၏။ သို့သော်လည်း သူက အပေါ်ယံမှာ တည်ငြိမ်မှုကို ထိန်းထားသည်။ သူသည် အရိုင်းဆန်သော ခွန်အားကိုသာ အသုံးပြုတတ်သည့် ဆင်ခြင်ဉာဏ်မရှိသော လူတစ်ဦးမဟုတ်ချေ။ မဟုတ်ပါက ချင်းဖျင်အသင်းတော်မှ ခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးပေးနိုင်ခဲ့မည် မဟုတ်ပေ။

ကျန်းယွဲ့လုက ဘဝင်မြင့်လွန်းနေသလား သို့မဟုတ် အနိုင်ရဖို့အတွက် အမှန်တကယ် ယုံကြည်မှုရှိနေသလား မကြာခင်မှာ သိရပေလိမ့်မည်။

ရှုခိုက ရှေ့သို့ ခြေတစ်လှမ်းယူလိုက်ပြီး သူ၏ ဘေးပတ်လည်မှာ ဖုန်မှုန့်များက ရှင်းလင်းသွားသည်။ ထိုသည်ကို တွေ့မြင်သည့်အခါ ချီရွှမ်းစု၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။

ရှုခို၏ ခန္ဓာကိုယ်အပေါ်ပိုင်းက မလှုပ်မယှက် ရှိနေသော်လည်း သူ၏ ခြေဖဝါးနှစ်ဖက်က ခွန်အားကို စိုက်ထုတ်လိုက်၏။ သူတို့သည် သန့်ရှင်းသပ်ရပ်သော ယောင်ကွမ်းဆောင်မှာ ရောက်ရှိနေခြင်းကြောင့် မဟုတ်လျှင် ရှုခို၏ ခြေဖဝါးအောက်မှာ သေးငယ်သော ကျောက်စရစ်ခဲလေးများ တုန်ခါနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ချီရွှမ်းစု မတွေ့မြင်ရသည်မှာ ရှုခို၏ ခြေဖဝါးအောက်တွင် ပါးလွှာသော အက်ကွဲကြောင်းများ ပေါ်ထွက်လာခြင်းပင်။ ယောင်ကွမ်းဆောင်၏ ကြမ်းခင်းကျောက်ပြားများသည် သာမန်ကျောက်တုံးပြာများ မဟုတ်ဘဲ အလွန်တရာ မာကျောပြီး ထူးခြားသောကျောက်တုံးများ ဖြစ်သည်။ သာမန် ဓားလှံ လက်နက်များက ဤကျောက်ပြားများပေါ်မှာ ခြစ်ရာတစ်ခု ကျန်ရစ်ခဲ့စေလိမ့်မည် မဟုတ်ချေ။

နောက်ခဏ၌ ရှုခိုက သူ၏ ခြေကန်အားပေါ် မှီခိုပြီး လေးကြိုးကနေ ပစ်လွှတ်လိုက်သော မြားတစ်စင်းလို ကျန်းယွဲ့လုထံ ခုန်ဝင်သွား၏။

စွန်းယုံဖုန့်က သူ့ဘာသာသူ တွေးလိုက်၏။

'ငါသာ သူ့နေရာမှာဆိုရင် ဒီထိုးချက်ကို ရှောင်မိမှာပဲ… ထိပ်တိုက်ရင်ဆိုင်မိရင် ငါ ကောင်းကောင်း ခံစားသွားရလိမ့်မယ်’

သို့သော်လည်း ကျန်းယွဲ့လုက သူမ၏ လက်ကိုဆန့်ပြီး ရှုခို၏ လက်သီးကို ဖမ်းဆုပ်လိုက်ရုံမျှသာ ဖြစ်သည်။

ရှုခို၏ ကြမ်းတမ်း၍ အသားမာတက်နေသော လက်သီးနှင့်ယှဉ်လျှင် သူမ၏ သေးသွယ်သော လက်ချောင်းများက အတော်လေး နူးညံ့သိမ်မွေ့နေပုံရသည်။ ဤအခိုက်အတန့်မှာ ရှုခို၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ၏ နဖူးမှာ ချွေးစေးများပင် စိုလာသည်။ ကြီးမားသော ကွဲလွဲဆန့်ကျင်မှုသည် ဤမြင်ကွင်းကို ရယ်စရာကောင်းလောက်အောင် ကြောင်တိကြောင်တောင် နိုင်နေစေသည်။

“ဒါက… အရပ်ငါးမျက်နှာ လက်သီးရဲ့ အနောက်ဘက် ရွှေလက်သီးပဲ… စိတ်ဝင်စားစရာပဲ”

ကျန်းယွဲ့လုက သတ်ဖြတ်ခြင်းအော်ရာကို ထုတ်ဖော်ခြင်း မရှိသော်လည်း သူမ၏ နှုတ်ခမ်းဖျားမှာ လှောင်ပြောင်သရော်မှုကို ချီရွှမ်းစုက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ သူမသည် ရှုခိုကို လှောင်ပြောင်သရော်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံပေ။

ရှေးဦးမူလတာအိုဘိုးဘေး၊ တာအိုအကြီးအကဲနန်ဟွား နှင့် ရွှမ်အရှင်မြတ်တို့က ရှုခိုကို တစ်ချိန်တည်းမှာ နောက်ပြောင်ကျီစယ်နေပုံရသည်။ ကျန်းယွဲ့လုက ဘဝင်မြင့်လွန်းနေခြင်း မဟုတ်သည်ကို နောက်ဆုံးမှာ ချီရွှမ်းစု နားလည်သဘောပေါက်သွားသည်။

အဆင့်-၄ တာအိုဆရာတစ်ဦးအနေဖြင့် စွန်းယုံဖုန့်ပင်လျှင် တုန်လှုပ်နေ၏။

တစ်ချိန်လုံး စကားမပြောခဲ့သည့် လင်းရွှမ်ကျီက နောက်ဆုံးမှာ တည်တံ့စွာဖြင့် ဝင်ပြောလိုက်၏။

“ဒါက… လေဟာနယ်ကပ်ဘေးခြောက်ပါးမလား”

သူ့လက်တစ်ဖက်လုံးက လုံးလုံးလျားလျား ထုံကျင်သွားသည်ဟု ရှုခိုက ခံစားလိုက်ရ၏။ သို့သော်လည်း ကြီးမားသော ဇွဲနပဲနှင့် ရက်စက်ကြမ်းတမ်းမှုကနေ သူ၏ ကျင့်ကြံမှုအဆင့်ကို ရရှိလာသော ရှုခိုသည် အရှုံးကို ဝန်ခံဖို့ငြင်းဆန်ပြီး ကျန်းယွဲ့လု၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခြေဖြင့် လွှဲကန်လိုက်၏။

ကျန်းယွဲ့လုက ရှောင်တိမ်းခြင်း မရှိချေ။ ရှုခိုက ကန်လိုက်သည့်အချိန်မှာပင် သူမ၏ ဘေးပတ်လည်မှာ ရောင်စဉ်ငါးမျိုး အော်ရာတစ်ခု ပေါ်ထွက်လာသည်။

ရှုခို၏ ခြေထောက်သည် ကြီးမားသော ဝါဂွမ်းလုံးတစ်လုံးပေါ်သို့ ဆင်းသက်သွားသည်ဟု ခံစားလိုက်ရပြီး မည်သည့်ထိတွေ့ရိုက်ခတ်မှုကိုမှ မရရှိချေ။ ကျန်းယွဲ့လု၏ ဘေးပတ်လည်မှာရှိသော အော်ရာက သူ၏ လက်သီးနှင့် ခြေထောက်တို့ကို တားဆီးထားသည်။ သူက နားလည်သဘောပေါက်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းလိုက်၏။

ထိုအချိန်မှာ စွန်းယုံဖုန့်နှင့် လင်းချွမ်ကျီက တစ်ပြိုင်တည်း ပြောလိုက်ကြ၏။

“ဒြပ်စင်ငါးမျိုး ချီဒိုင်းကာပဲ။”

All Chapters