အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း ၁၆၆: ချင်းမိသားစု ကျင့်ကြံသူများ
"ယန်ရှူ... ငါ မင်းကို ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်ကို သီးသန့်သင်ပေးမယ်... မင်းတတ်မြောက်ပြီးရင် သူတို့ကို ပြန်သင်ပေးလိုက်..."
ကျယ်ဝန်းသော အခန်းအတွင်းတွင် ချင်းမင်သည် သူ၏ရှေ့တွင် မတ်တတ်ရပ်နေသော ယန်ရှူကိုကြည့်ကာ ပြောဆိုလိုက်၏။
"ဒါ့ပြင် မင်းက သူတို့ကို စာပေ ကျင့်ကြံနည်းစနစ်တွေအပြင် ဆေးလုံးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း သင်ပေးရမယ်..."
"ဟုတ်ကဲ့..."
ယန်ရှူက ရိုသေလေးစားစွာဖြင့် ပြောဆိုသည်။
"ဆရာ... တပည့်တို့က ဆရာ့ကို စိတ်ပျက်စေမိပြီ..."
ချင်းမင်က လက်ကာပြပြီး ပြောဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး... မင်းတို့အားလုံးက ဒီအရာတွေကို မြန်မြန်ဆန်ဆန် တတ်မြောက်နိုင်မယ်လို့ ငါယုံကြည်တယ်..."
ဤကာလအတွင်း သူ၏လေ့လာစောင့်ကြည့်မှုများအရ ဤတပည့်များသည် အလွန်ဝီရိယရှိကြပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကြသည်ကို ချင်းမင် တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ချင်းမင်သည် ဤတပည့်များ၏ အနာဂတ်အတွက် လုံးဝစိတ်မပူမိချေ။ ဆေးနတ်ဘုရားတစ်ပါးအနေဖြင့် သူ ဖော်စပ်ထားသော ဆေးလုံးများနှင့် ကောင်းကင်အဆင့် အဆင့်မြင့် ကျင့်ကြံနည်းစနစ်ဖြစ်သည့် ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်တို့ ပေါင်းစပ်လိုက်လျှင် ဤတပည့်များ လျင်မြန်စွာ မကြီးပြင်းလာရန် အကြောင်းမရှိဟု သူယုံကြည်ထားသည်။ ဤတပည့်များသည် တုံးအသူများ မဟုတ်ကြချေ။
"မင်းတို့ စာတတ်မြောက်ပြီးတော့ ကျင့်ကြံခြင်း နည်းစနစ်ကို ပိုင်နိုင်သွားတာနဲ့ ဂိုဏ်းစည်းမျဉ်းတွေကို ငါ တရားဝင် သတ်မှတ်ပေးမယ်..."
ချင်းမင်က ပြောဆိုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ချင်းမင်က စိတ်လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်ရသည်။ မူလက သူသည် သတင်းအချက်အလက် စုဆောင်းရန်နှင့် မိသားစုကို ကာကွယ်ရန်အတွက်သာ အင်အားစုတစ်ခုကို တည်ထောင်လိုခဲ့ခြင်း ဖြစ်သည်။
တိုက်ဆိုင်မှုများကြောင့် သူသည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်မိသား ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။ ဤသည်ကို ဂိုဏ်းထောင်ခြင်းဟု ယူဆနိုင်ပေ၏။
"ဟုတ်ကဲ့ပါ ဆရာ..."
ယန်ရှူက ရိုသေလေးစားစွာ ပြန်လည်အဖြေပေးလိုက်သည်။
"ကဲ... ငါ မင်းကို ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်းနည်းစနစ် သင်ပေးမယ်..."
ယန်ရှူသည် ချင်းမင်ကို လေးလေးနက်နက် ကြည့်ရှုကာ ဂရုတစိုက် နားထောင်နေပေ၏။
ထို့နောက် ချင်းမင်သည် ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်ကို ရိုးရှင်းသော စကားလုံးများဖြင့် စတင်၍ ရှင်းပြလိုက်သည်။
ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်သည် အမြန်နှုန်းကို အဓိကထားသော ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုပင်။ ထိုနည်းစနစ်ကို ကျင့်ကြံရန်အတွက် ခက်ခဲမှုမှာ မမြင့်မားလှဘဲ နယ်ပယ်တစ်ခုချင်းစီတွင် ကွဲပြားခြားနားမှုရှိသည်။
အချိန်တခဏကြာပြီးနောက် ချင်းမင်သည် ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်၏ ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်အပိုင်းကို ယန်ရှူအား အပြည့်အစုံ သင်ကြားပေးနိုင်ခဲ့သည်။
"မင်းက အခု ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ်ရဲ့ ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်ကို အပြည့်အစုံ သင်ယူပြီးပြီ... မင်း ကောင်းကောင်းကျွမ်းကျင်သွားရင် မင်းရဲ့ ဂျူနီယာညီလေးတွေနဲ့ ညီမလေးတွေကို စပြီးသင်ကြားပေးလို့ရပြီ..."
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာ... တပည့် ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေရပါဘူး..."
ယန်ရှူက သူ၏လက်ကိုပူးဆုပ်ကာ အရိုအသေပြုရင်း ပြောဆိုလိုက်၏။
ချင်းမင်က ခေါင်းခါယမ်းပြီး တုံ့ပြန်ပြောဆိုသည်။
"ဒါက ငါ့ရဲ့ မျှော်လင့်ချက် မဟုတ်ဘူး... မင်းတို့ကိုယ်တိုင်အတွက် မျှော်လင့်ချက်ပဲ.. မင်းတို့ကိုယ်မင်းတို့ စိတ်မပျက်စေသရွေ့ လုံလောက်ပြီ... ငါ့အနေနဲ့ မင်းတို့အပေါ် ဘာသတ်မှတ်ချက်မှ မရှိဘူး... ဒါ့ပြင် ငါက စခန်းမှာ ကာကွယ်ရေး ဝင်္ကပါတစ်ခု ချန်ထားခဲ့တယ်... စခန်းအတွင်းမှာဆိုရင် လုံးဝဘေးကင်းတယ်... ဒါပေမဲ့ မင်းတို့ အပြင်ထွက်တာနဲ့ ဘေးကင်းမှုကို ငါ အာမမခံနိုင်ဘူး... ဒါကြောင့် မလိုအပ်ရင် စခန်းထဲကနေ မဆင်မခြင် ထွက်မသွားကြနဲ့..."
ဤချိုင့်ဝှမ်းထဲတွင် နတ်ဆိုးသားရဲ တချို့ ရှိနေသဖြင့် ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်သို့ပင် မရောက်ရှိသေးသော ဤလူငယ်များ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာများ မဟုတ်ပေ။
"ဟုတ်ကဲ့ပါ... တပည့် မှတ်သားထားပါ့မယ်..." ယန်ရှူက ပြောဆိုသည်။
"အင်း..."
ချင်းမင်က ခေါင်းညိတ်ပြပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ခန္ဓာကိုယ် ထိန်းညှိခြင်းဆေးလုံး ပဲ... မင်းက အခု ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်မှာ ရှိနေတော့ မင်းအတွက် အဆင်ပြေတယ်... မင်း ကျင့်ကြံတဲ့အချိန်မှာ တစ်ကြိမ်ကို ဆေးတစ်လုံးပဲ သောက်လို့ရမယ်..."
ယန်ရှူသည် ဆေးလုံးကို ရိုသေစွာ ယူလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ် ဆရာ..."
"မင်း ပြန်လို့ရပြီ... ဒီည ကောင်းကောင်း ကျင့်ကြံတော့... နားမလည်တာရှိရင် မနက်ဖြန်မှာ ငါ့ကို မေးလို့ရတယ်..."
ချင်းမင်က ပြောဆိုလိုက်ပြီး အနားယူရန်အတွက် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
"ဟုတ်ကဲ့ပါ..."
ယန်ရှူက အခန်းထဲမှ ရိုသေလေးစားသော အမူအယာဖြင့် ဆုတ်ခွာသွားသည်။
လျှိုမြို့ရှိ ချင်းအိမ်တော်တွင် ချင်းမိသားစု ကျင့်ကြံသူတစ်စုသည် ပင်မတံခါးဝကို စိုးရိမ်သော အမူအဟာများဖြင့် စောင့်ကြပ်နေကြသည်။ ထိုအချိန်တွင် ချင်းမိသားစုဝင် တစ်ဦးသည် မြို့တံခါးဘက်မှနေ၍ အလျှင်အမြန် ပြေးလာခဲ့ပေ၏။
"အဲ့ဒါက ဟူကျီး မဟုတ်လား... သူ့ကို စီးမာမိသားစုကို စောင့်ကြည့်ဖို့ လွှတ်လိုက်တာ မဟုတ်ဘူးလား... ဘာလို့ ပြန်ပြေးလာတာလဲ..."
"စီးမာမိသားစုက တိုက်ခိုက်ဖို့ ရောက်လာတာများလား..."
ချင်းမိသားစုမှ ကျင့်ကြံသူတစ်ဦးက မေးမြန်းလိုက်သည်။
"ဖြစ်နိုင်တယ်... ကောင်းကင်ဘုံက ငါတို့ချင်းမိသားစုကို ဖျက်ဆီးချင်နေပုံပဲ..."
တခြားကျင့်ကြံသူတစ်ဦးက မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဟမ့်... ငါက အသက်ရှင်ရင် ချင်းမိသားစုဝင်... သေရင်လည်း ချင်းမိသားစုသရဲပဲ... စီးမာမိသားစု တိုက်ခိုက်ဖို့ ရောက်လာမယ်လို့ ကြားတာနဲ့ ထွက်ပြေးသွားကြတဲ့ မြို့စောင့်တပ်တွေနဲ့ ငါက မတူဘူး..."
ပထမဆုံး မေးခွန်းမေးခဲ့သည့် ကျင့်ကြံသူက သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောဆိုသည်။
အခန်း ၁၆၇: အကြီးအကဲချင်း၏ အကျပ်အတည်း
"ငါလည်း မထူးပါဘူး... ငါတို့ ချင်းမိသားစုရဲ့ ကျင့်ကြံသူတိုင်းက အတူတူပဲ... ငါတို့က နောက်ဆုံးအချိန်အထိ တိုက်ခိုက်သွားမယ်..."
ထိုကျင့်ကြံသူက အချိန်တခဏကြာအောင် တုံ့ဆိုင်းနေပြီးမှ ထပ်မံ၍ ပြောဆိုလိုက်၏။
"ဒါပေမဲ့... သခင်လေးက ထွက်ပြေးသွားပုံရတယ်..."
"သခင်လေးက ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်ပါ... သူ ထွက်သွားတယ်ဆိုရင် ချင်းမိသားစုအတွက် မျိုးဆက်ကျန်ရစ်အောင် လုပ်ဖို့ပဲ ဖြစ်ရမယ်..."
"သူ့ရဲ့ ပါရမီနဲ့ဆိုရင် သူက သေချာပေါက် ငါတို့အတွက် လက်စားချေပေးလိမ့်မယ်... မြေအောက်ကမ္ဘာရောက်ရင် ငါတို့နဲ့အတူ မြေမြှုပ်ခံရမယ့် စီးမာမိသားစု တစ်ခုလုံးကို ငါစောင့်နေမယ်..."
သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူက မတုန်မလှုပ် ပြောဆိုလိုက်သည်။
တခြားတစ်ယောက်က အလျင်အမြန် ရှင်းပြသည်။
"ဒါပေါ့... ငါက သခင်လေးကို ယုံကြည်တယ်... ချင်းမိသားစု ပြန်လည်ထွန်းကားလာအောင် သူဦးဆောင်တာကို မမြင်တွေ့ရတော့မှာကိုပဲ ငါနောင်တရတာ..."
"ချင်းမိသားစု ပြန်လည်ထွန်းကားလာတာကိုသာ မြင်တွေ့ခွင့်ရမယ်ဆိုရင် ငါ သေပျော်ပါပြီ..."
သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူသည် ချင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သော ဟူကျီးကို လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ရှေ့ကိုသာကြည့်ကာ တံခါးကို စောင့်ကြပ်နေလိုက်သည်။
ချင်းအိမ်တော်၏ အစည်းအဝေးခန်းမအတွင်း၌ နေရာတိုင်းတွင် လူများဖြင့် ပြည့်နှက်နေပြီး အဓိက မိသားစုဝင်များအားလုံး စုဝေးရောက်ရှိနေကြ၏။ ပင်မထိုင်ခုံမှ ချင်းယွမ်သည် တည်ကြည်လေးနက်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ဝိုင်ပန်းကန်လုံးကို မြှောက်ကာ ပြောဆိုသည်။
"ချင်းမိသားစုရဲ့ ၁၁ ဆက်မြောက် ခေါင်းဆောင် ကျွန်တော် ချင်းယွမ်က ခင်ဗျားတို့အားလုံးကို စိတ်ပျက်စေခဲ့မိပြီ... ချင်းမိသားစုကို စိတ်ပျက်စေခဲ့မိပြီ..."
"ခေါင်းဆောင်က ဘယ်သူ့ကိုမှ စိတ်ပျက်စေတာ မဟုတ်ပါဘူး... အချိန်အခါက ငါတို့ဘက်မှာ မရှိခဲ့တာပါ... ခေါင်းဆောင် လုပ်ခဲ့သမျှ မှန်ကန်တယ်လို့ ငါတို့အားလုံး ယုံကြည်တယ်... ခေါင်းဆောင်က ငါတို့အတွက် အထိုက်တန်ဆုံး ခေါင်းဆောင်ပါ..."
အကြီးအကဲတစ်ဦးက စားပွဲပေါ်မှ ဝိုင်ပန်းကန်လုံးကို မယူလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဟုတ်ပါတယ် မိသားစူခေါင်းဆောင်... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့... ခေါင်းဆောင်က ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အကောင်းဆုံး ခေါင်းဆောင်ပဲ..."
"စီးမာမိသားစုက တရားလွန်နေတာပါ... သူတို့ကို အဆုံးထိ တိုက်ခိုက်ကြမယ်..."
ချင်းမိသားစုဝင်များသည် ဒေါသတကြီးဖြင့် ပြောဆိုလိုက်ကြ၏။
ထိုအချိန်တွင် အသက်အိုမင်းနေသော အကြီးအကဲတစ်ဦးက သူ၏တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ခေါက်လိုက်ရာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူသည် ချင်းမိသားစု၏ အသက်အကြီးဆုံး အကြီးအကဲဖြစ်ပြီး မိသားစုခေါင်းဆောင် သုံးဆက်တိုင်တိုင် အကြံဉာဏ် ပေးခဲ့ဖူးသူဖြစ်ကာ ယခုအချိန်၌ အနားယူနေလေပြီ။ သို့သော် ချင်းမိသားစုခေါင်းဆောင်သည် သေရေးရှင်ရေးအန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် နေဝင်ချိန်ကာလကို အေးချမ်းစွာ ဖြတ်သန်းနေသော ဤသက်ကြီးဝါကြီးပုဂ္ဂိုလ်သည် အစည်းအဝေးသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်ပေ၏။
လူတိုင်း ထိုအကြီးအကဲအိုကြီးကို ကြည့်ကာ သူ၏စကားကို စောင့်မျှော်နေကြသည်။ သူသည် ချောင်းနှစ်ချက်မျှ ဆိုးလိုက်ပြီးနောက် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သည်။ ရုတ်တရက် သူသည် သူ၏တုတ်ကောက်ကို နံဘေးသို့ လွှင့်ပစ်လိုက်ပြီး စားပွဲကို အားပြုကာ ခိုင်မာပြတ်သားသော အသံဖြင့် ပြောဆိုလိုက်သည်။
"ချင်းမိသားစု ပျောက်ကွယ်သွားတာမျိုး ငါ လက်မခံနိုင်ဘူး... ငါတို့လို လူအိုကြီးတွေက လိုအပ်ရင် အသက်ကို စွန့်နိုင်ပေမယ့် မျိုးဆက်သစ် လူငယ်တွေကတော့ အသက်ရှင်ရမယ်... ငါတို့မိသားစု တည်ထောင်ခဲ့တာ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ့်သုံးနှစ် ရှိခဲ့ပြီ... ငါတို့မျိုးဆက်ကို ဒီနေရာမှာတင် အပြတ်ခံလို့ မဖြစ်ဘူး..."
စီးမာမိသားစုကို အသက်ပေး တိုက်ခိုက်ကြမည်ဟု အော်ဟစ်နေကြသော ချင်းမိသားစုဝင်များသည် ချက်ချင်းဆိုသလိုပင် ရှက်ရွံ့ကာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ချင်းယွမ်က သက်ပြင်းချလိုက်သည်။
"ကောင်းပါပြီ... ၁၈ နှစ်အောက် ချင်းမိသားစုဝင် လူငယ်တွေအားလုံးကို စုစည်းလိုက်ပါ... ကျင့်ကြံဆင့်မြင့်မားတဲ့ အကြီးအကဲတွေက သူတို့ကို စောင့်အရှောက်ပြီးတော့ လိုက်ပါသွားရမယ်... မိသားစုရဲ့ အရင်းအမြစ်တွေအားလုံးကို ယူသွားပြီးတော့ ဝေးလံခေါင်ဖျားပြီး လူသူနည်းပါးတဲ့ နေရာတစ်ခုကို ရှာပြီး ပုန်းအောင်းနေကြပါ... မုန်တိုင်းပြီးသွားတဲ့အချိန်မှ ပြန်ထွက်လာကြ... လက်စားချေနိုင်ရင် ချေပါ... မချေနိုင်ရင်လည်း ထားလိုက်ပါ... ချင်းမိသားစု ဆက်ပြီးရှင်သန်ဖို့က အဓိကတာဝန်ပဲ..."
ချင်းယွမ်က အကြီးအကဲချင်းရှေ့သို့ လျှောက်လှမ်းသွားပြီး ဒူးထောက်ကာ ပြောဆိုလိုက်၏။
"ကျွန်တော်တို့ ချင်းမိသားစုက အကြီးအကဲအပေါ် အမှားတွေ လုပ်မိခဲ့တယ်... ကျွန်တော်တို့ကို နောက်တစ်ကြိမ် ကူညီပေးဖို့ တောင်းပန်ပါတယ်... ဒီကလေးတွေကို စောင့်ရှောက်ပေးပါ..."
ခန်းမထဲတွင် မျက်လုံးစုံမှိတ်ကာ အနားယူနေသော အကြီးအကဲချင်းသည် အသံကြားသဖြင့် မျက်လုံးပွင့်လာပြီး ချင်းယွမ်ထံသို့ အပြေးသွားကာ သူ့ကို ဆွဲထူလိုက်ရင်း အံ့အားသင့်နေသောအသံဖြင့် ပြောဆိုသည်။
"ဘာလုပ်တာလဲ...ဒီလိုလုပ်ဖို့ မလိုပါဘူး..."
"အကြီးအကဲချင်း သဘောတူပေးဖို့ တောင်းပန်ပါတယ်..."
တခြားချင်းမိသားစုဝင်များကလည်း အကြီးအကဲချင်းဘက်သို့ လှည့်ကာ ဒူးထောက်ပြီး ကျယ်လောင်စွာ အော်ဟစ်၍ တောင်းပန်လိုက်ကြ၏။
"ငါ သဘောတူတယ်... သဘောတူတယ်..." အကြီးအကဲချင်းက ပျာပျာသလဲ ပြောဆိုသည်။
"ထကြ... မင်းတို့အားလုံး ထကြပါ... ငါ သဘောတူတယ်..."
လောကကြီးတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း...
သူသည် မျက်လုံးစုံမှိတ်၍ ဆေးညွှန်းတစ်ခုအကြောင်း စဉ်းစားနေချိန်မှာပင် ဤချင်းမိသားစုဝင်များ မည်သို့ ဖြစ်သွားကြသနည်း။ ချင်းမင် ရှိနေသည်ကို သူတို့သည် မည်သည့်အရာအား စိတ်ပူနေကြသနည်း။
အခန်း ၁၆၈: ချင်းမိသားစု ပျက်စီးသွားပြီလား
ချင်းမင်က စီးမာမိသားစုကို ကိုင်တွယ်နိုင်သည်ဟု ပြောဆိုခဲ့သဖြင့် သူသေချာပေါက် လုပ်နိုင်ပေလိမ့်မည်။ စီးမာမိသားစုက ပြဿနာမဟုတ်ဟု သူပြောခဲ့သဖြင့် သေချာပေါက် ပြဿနာတစ်ရပ် မဟုတ်နိုင်ပေ။ ထို့ကြောင့် အကြီးအကဲချင်းသည် လုံးဝစိတ်မပူမိချေ။ ချင်းမိသားစု ခေါင်းဆောင်၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားမှုကြောင့်သာ မဟုတ်လျှင် သူသည် ဤအစည်းအဝေးကို တက်ရောက်မည်ပင် မဟုတ်ပေ။
ယခု၌မူ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။ သူ သတိမထားမိလိုက်သော အချိန်တခဏတာအတွင်း၌ သူသည် ချင်းမိသားစုဝင်များ၏ ကြီးမားသော လေးစားမှုပြသခြင်းကို ခံလိုက်ရသည်။ ဤကိစ္စကို ချင်းမင်အား သူ မည်သို့ ရှင်းပြရမည်နည်း။ အကြီးအကဲချင်း စိတ်ရှုပ်နေစဉ်မှာပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အပြေးအလွှား ဝင်ရောက်လာပေ၏။
"မိသားစုခေါင်းဆောင်... ခေါင်းဆောင်... သတင်းကောင်း... အရမ်းကောင်းတဲ့ သတင်းပါ..."
အနက်ရောင်ဝတ်စုံဝင် လူငယ်က ခန်းမထဲသို့ ဝင်လာရင်း အော်ဟစ်ပြောဆိုသည်။
"ဟူကျီး... မြန်မြန်ပြောစမ်း... ဘာသတင်းကောင်းလဲ..."
အကြီးအကဲချင်း၏ တွဲထူခြင်းကို ခံထားရသော ချင်းယွမ်က အလျင်စလို မေးမြန်းလိုက်၏။
တခြားချင်းမိသားစုဝင်များကလည်း မတ်တတ်ရပ်လိုက်ကြပြီး ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စိုက်ကြည့်နေကြသည်။
"စီးမာမိသားစု ပျက်စီးသွားပြီ... ငါတို့ ချင်းမိသားစု ဘေးကင်းပြီ... ငါတို့ ချင်းမိသားစု ဘေးကင်းပြီ..."
ဟူကျီးဟုခေါ်သော လူငယ်က ပြောရင်းဆိုရင်း ဝမ်းသာအားရ ခုန်ပေါက်နေသည်။
ချင်းမိသားစု ဘေးကင်းသွားပြီဟု ဆိုသလော....
အချိန်တခဏကြာသည့်အထိ လက်ရှိနေရာတွင် ရှိနေကြသော ချင်းမိသားစုဝင်များသည် ထိုသတင်းကို နားမလည်နိုင် ဖြစ်နေကြ၏။
ချင်းယွမ်က စိတ်လှုပ်ရှားသော အမူအယာဖြင့် ပြောဆိုသည်။
"ဟူကျီး... အသေးစိတ် ပြောပြစမ်း... တကယ်တမ်းကျ ဘာတွေ ဖြစ်ခဲ့တာလဲ..."
ဟူကျီးက ပျာပျာသလဲ ပြောဆိုသည်။
"စီးမာမိသားစုက သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို စော်ကားလိုက်မိတယ်... အခု စီးမားမိသားစုတစ်စုလုံး အသတ်ခံလိုက်ရပြီး အကြီးအကဲတွေအားလုံး သေကုန်ပြီ... စီးမာမိသားစု ခေါင်းဆောင်လည်း သေပြီ... စီးမာမိသားစုတော့ သွားပြီ..."
စီးမာမိသားစု ပျက်စီးသွားပြီဟု ဆိုသလော....
"ဟေး... စီးမာမိသားစုက ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်တာကို ခံလိုက်ရပြီ..."
ချင်းချင်းက ရုတ်တရက် ထခုန်ပြီး ကျယ်လောင်စွာဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ချင်းမိသားစုရှိ လူများအားလုံး မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားကြပြီး ဝမ်းသာအားရ ခုန်ပေါက်ကြတော့သည်။
" ကောင်းကင်ဘုံက ငါတို့ချင်းမိသားစုကို မစွန့်ပစ်ဘူးပဲ... စီးမာမိသားစု ပျက်စီးတာက ဝဋ်လည်တာ.. ဝဋ်လည်တာပဲ..."
"ချင်းမိသားစု ဘေးကင်းပြီ... ငါတို့ သေစရာ မလိုတော့ဘူး..."
ချင်းမိသားစု၏ ပျော်ရွှင်မြူးထူးသော အသံများသည် အိမ်တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး မြို့တော်ဝန်အိမ်တော်၏ပြင်ပသို့ပင် ရောက်ရှိသွားပေ၏။ ဝင်ပေါက်တွင် မတ်တတ်ရပ်နေကြသော ချင်းမိသားစုမှ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သတင်းများကို စတင်၍ စုံစမ်းကြသည်။ အတည်ပြုချက် ရရှိပြီးသည်နှင့် သူတို့သည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ဤသို့ဖြင့် ချင်းမိသားစုတစ်စုလုံးတွင် ရယ်မောသံများ ပျော်ရွှင်စွာ အော်ဟစ်သံများဖြင့် ဆူညံသွားသည်။
လျှိုမြို့ရှိ ဝမ်အိမ်တော်တွင် ဝမ်မိသားစုခေါင်းဆောင်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ၏ရှေ့ရှိ ရေကန်ကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။ သူ မသန်မစွမ်း ဖြစ်သွားကတည်းက ဤရေကန်ကို နှစ်သက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသားတစ်ဦးက အလျင်စလို လျှောက်လှမ်းလာပေ၏။ ဤခြံဝန်းအတွင်းသို့ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ လွတ်လပ်စွာ ဝင်ရောက်နိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။ ဤသည်မှာ ဝမ်မိသားစုခေါင်းဆောင်၏သားပင်။
"ရွှမ်အာ... ငါ မင်းကို ဘယ်နှခါ ပြောရမလဲ... ဘာကိစ္စပဲ ဖြစ်ဖြစ် မင်းရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရမယ်... မင်းရဲ့ အသက်ရှူသံတွေ ဘယ်လောက် မြန်နေလဲဆိုတာ ကြည့်စမ်း..."
ဝမ်မိသားစုခေါင်းဆောင်သည် နောက်ပြန်မလှည့်ဘဲ ရေကန်ကို ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ အဖေ..."
ထိုအမျိုးသားက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဒီရေကန်က သိပ်လှတာပဲ... ဒါပေမဲ့ သနားစရာကောင်းတာက ချင်းမိသားစု ဒါကို မမြင်နိုင်တော့တာပဲ... ချင်းမိသားစု မြင့်တက်လာတာက အရမ်းမြန်လွန်းတယ်... အခြေခံအုတ်မြစ် သေချာမရှိဘဲ လျှိုမြို့ကို သိမ်းပိုက်လိုက်မှတော့... သူတို့ မပျက်စီးရင် ဘယ်သူ ပျက်စီးမလဲ..."
ဝမ်မိသားစုခေါင်းဆောင်က သက်ပြင်းအကြိမ်ကြိမ်ချပြီးနောက် သူ၏သားကို လှည့်ကြည့်လိုက်သည်။
"ချင်းမိသားစု ပျက်စီးသွားပြီလား..."
ထိုအမျိုးသား၏မျက်နှာထားသည် တင်းမာခက်ထန်နေပြီး ပြောဆိုလိုက်၏။
"အဖေ... ချင်းမိသားစု မပျက်စီးပါဘူး... စီးမာမိသားစု ပျက်စီးသွားတာပါ..."
"ဘာ... စီးမာမိသားစု ပျက်စီးသွားတာလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... စီးမာမိသားစုမှာ သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ရှိတယ်လေ... ဘယ်သူက သူတို့ကို ဖျက်ဆီးနိုင်မှာလဲ..."
ဝမ်မိသားစုခေါင်းဆောင်က မယုံနိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ထိုအမျိုးသားက သူရရှိထားသော သတင်းအချက်အလက်များကို တစ်ခုပြီးတစ်ခု ပြန်ပြောပြလိုက်သည်။ သူ ပြောဆိုလေလေ ဝမ်မိသားစုခေါင်းဆောင်၏မျက်နှာထားက ပို၍ပျက်ယွင်းသွားလေလေပင်။ သူ စကားပြောဆိုပြီးသွားချိန်တွင် ဝမ်မိသားစုခေါင်းဆောင်၏မျက်နှာသည် သေလူကဲ့သို့ ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်တုန်ရီနေကာ ယခင်က တည်ငြိမ်သော အမူအယာများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။
"အ... အဖေ... အဆင်ပြေရဲ့လား..."
ထိုအမျိုးသားက ဝမ်မိသားစုခေါင်းဆောင်၏ အခြေအနေကို ကြည့်ပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
ဝမ်မိသားစုခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး ကုလားထိုင်ပေါ်သို့ မှီချလိုက်ကာ အားအင်ချည့်နဲ့စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြရင်း ပြောဆိုလိုက်၏။
"ငါ တကယ်ပဲ ချင်းမိသားစုကို နားမလည်နိုင်တော့ဘူး... ငါ တကယ် နားမလည်နိုင်တော့ဘူး... ချင်းမိသားစုက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ရထားတာများလား... ရွှမ်အာ... ပစ္စည်းတွေ သိမ်းတော့... ငါတို့ ထွက်ပြေးဖို့ ပြင်ဆင်ရမယ်..."
ထိုသို့ ပြောဆိုပြီးနောက် ဝမ်မိသားစုခေါင်းဆောင်သည် ရေကန်ကို နောက်ဆုံးအနေဖြင့် နှမြောတသစွာ ကြည့်လိုက်သည်။