အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အခန်း ၁၆၉: အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းကို သိမ်းပိုက်ခြင်း
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ချင်းမင်သည် ချိုင့်ဝှမ်းမှ ထွက်ခွာလာပြီး အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်း၏အနီးသို့ ရောက်ရှိလာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူများသည် သတ္တုတွင်းကို မလှုပ်မယှက် စောင့်ကြပ်နေဆဲဖြစ်သည်ကို သူ မြင်လိုက်ရပြီး တစ်မိုင်ခန့် အကွာတွင်မူ ကျင့်ကြံသူတစ်စုက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"ဒီကျင့်ကြံသူတွေက အနက်ရောင်ဝတ်စုံဝတ် လူတွေရဲ့လက်ချက်နဲ့ အထိနာထားပုံရတယ်... မဟုတ်ရင် သူတို့က ဒီလောက်ထိဝေးတဲ့ အကွာအဝေးမှာ နေမှာမဟုတ်ဘူး..."
ချင်းမင်သည် အရာအားလုံးကို ခပ်ဖျော့ဖျော့အပြုံးဖြင့် ကြည့်ရှုလိုက်ပြီးနောက် အနက်ရောင် ဝတ်စုံဝတ် လူတစ်စုထံသို့ လျှောက်လှမ်းသွားလိုက်၏။
"ဘယ်သူလဲ..."
လူစိမ်းအဘိုးအိုတစ်ဦး လာနေသည်ကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်စုံဝတ် လူများအနက်မှ သန်မာထွားကျိုင်းသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အော်သံကို ကြားလိုက်ရသဖြင့် အဝေးမှ ဆွေးနွေးနေကြသော ကျင့်ကြံသူများသည် ထိုနေရာသို့ လျှောက်လှမ်းလာကြပြီး အခြေအနေကို အာရုံစိုက်လိုက်ကြသည်။
ချင်းမင်က အေးစက်စက် အပြုံးနှင့် ပြောဆိုသည်။
"မင်းတို့ ထွက်သွားလို့ရပြီ..."
"ဟား ဟား..."
ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ရယ်မောလိုက်သည်။
"ခင်ဗျားကလား... ခင်ဗျားရဲ့နောက်က ကျင့်ကြံသူတွေကိုရော မြင်ရဲ့လား... သူတို့တောင် ငါတို့ သတ္တုတွင်းကို မသိမ်းပိုက်နိုင်ခဲ့ဘူး... ခင်ဗျားလို သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးကများ..."
"ခေါင်းမာလိုက်တာ..."
ချင်းမင်က အေးစက်စက် နှာမှုတ်လိုက်ပြီး အနက်ရောင်ဝတ် အမျိုးသားထံသို့ ဦးတည်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလိုပင် ချင်းမင်၏လက်မှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပွင့်အံ့ထွက်လာပြီး သိန်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို ခုန်အုပ်လိုက်လေသည်။ ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ပေါင်တစ်ထောင်လေးလံသော ကျောက်တုံးကြီးနှင့် ထုနှက်ခံလိုက်ရသည့်အလား သိန်းငှက်ကြီး၏ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ သူ၏ခန္ဓာကိုယ်သည် စုတ်ပြတ်နေသော အဝတ်စုတ်တစ်ခုအလား လွင့်ထွက်သွားပြီး ကျောက်ကမ်းပါး မျက်နှာပြင်ပေါ်မှ ဇောက်ထိုးကျသွားကာ သူ၏ခန္ဓာကိုယ်သည် ပျော့ခွေနေလေပြီ။
ချီစွမ်းအား ပုံရိပ်ယောင်ထင်ဟပ်ခြင်း...
သိုင်းဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ဦး...
ကြွင်းကျန်သော အနက်ရောင်ဝတ်စုံဝတ် လူများသည် သူတို့၏ဓားများကို ဆွဲထုတ်ပြီး လှုပ်ရှားရန် ဟန်ပြင်လိုက်ကြသည်။ သို့ရာတွင် ချင်းမင်၏တိုက်ခိုက်မှုကို မြင်တွေ့ချိန်၌ သူတို့အားလုံး ကြောင်အသွားပြီး အရူးများကဲ့သို့ ဖြစ်သွားကြတော့သည်။ သူတို့၏လက်ထဲမှ ဓားများသည် မယုံနိုင်လောက်အောင် လေးလံလာသကဲ့သို့ ခံစားလိုက်ရပြီး ဝုန်းခနဲအသံများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။
ခေါင်းဆောင်ဟု ထင်ရသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် သူ၏လက်ကိုပူးဆုပ် အရိုအသေပြုလိုက်ပြီး တုန်တုန်ရီရီဖြင့် ပြောဆိုသည်။
"စီ... စီနီယာ... စီနီယာ့မှာ ဘာ... ဘာအမိန့် ပေးချင်တာများ ရှိပါသလဲ..."
"ထွက်သွားစမ်း... ဒီနေရာကို ဒီအဘိုးကြီး ပိုင်သွားပြီ..."
ချင်းမင်က အေးစက်တင်းမာသောအသံဖြင့် အော်ဟစ်လိုက်သည်။
"ဒီနေရာကို ဆဋ္ဌမမင်းသားက သိမ်းပိုက်ထားတာပါ... စီနီယာက ပြန်စဥ်းစားပါအုံး ..."
ခေါင်းဆောင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အားတင်းပြီး ပြောဆိုသည်။
"ငါ့ကို ဖိအားပေးဖို့ ဆဋ္ဌမမင်းသားကို လာမသုံးနဲ့... ဒီအဘိုးကြီးက အရိပ်နတ်ဆိုး ပဲ... မကျေနပ်တဲ့သူ ရှိရင် ငါ့ကို လာရှာလို့ရတယ်..."
ချင်းမင်က စူးစိုက်ကြည့်လိုက်ရာ သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါသည် အနက်ရောင်ဝတ်စုံဝတ် လူများအပေါ်သို့ ဆင်းသက်လာသည်။
သေးငယ်သော အဆင့်နှစ်သတ္တုတွင်းသည် သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအတွက် ဘာမှမဟုတ်ချေ။ ဆဋ္ဌမမင်းသားအနေဖြင့် အဆင့်နှစ်သတ္တုတွင်းတစ်တွင်းအတွက် သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ပြဿနာရှာလိမ့်မည်ဟု သူ မယုံကြည်ချေ။
"ကျွန်တော်တို့ အခု ထွက်သွားပါ့မယ်... အခုချက်ချင်း သွားပါ့မယ်..."
အနက်ရောင်ဝတ်စုံဝတ် လူများသည် မြေပြင်ပေါ်၌ ကျနေသော ဓားများကို အလျင်အမြန်ကောက်ယူပြီး အဝေးသို့ ထွက်ခွာသွားကြ၏။ လေလွင့်ကျင့်ကြံသူများ အနေဖြင့်မူ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။ ဤအဘိုးကြီးသည် စိတ်ရှိတိုင်း သတ်ဖြတ်တတ်ပြီး ခန့်မှန်းရခက်သည်။ အကယ်၍ သူသာ စိတ်မကြည်မလင်ဖြစ်ပြီး သူတို့အားလုံးကို သတ်ပစ်လိုက်လျှင် မည်သူ့ကို သွားတိုင်ရမည်နည်း။
"မင်းတို့ မထွက်သွားကြသေးဘူးလား... ငါ လက်ဖက်ရည် တိုက်တာကို လိုချင်လို့လား..." ချင်းမင်က လှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။
ထိုကျင့်ကြံသူအုပ်စုသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်နေသော ငှက်များအလား လူစုကွဲသွားကြလေ၏။
ချင်းမင်က ခေါင်းခါလိုက်ပြီး အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းကို စတင်၍ စစ်ဆေးလိုက်သည်။ ဤသတ္တုတွင်းကို သူ သိမ်းပိုက်ချင်ရသည့် အကြောင်းအရင်းမှာ လျှိုမြို့မှ မငြိမ်မသက်မှုများကို ဖြေရှင်းရန်အတွက်ပင်။ သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးမှ ဤနေရာကို သိမ်းပိုက်ထားမှသာ မည်သူမှ ဤနေရာကို မျှော်မှန်းရဲတော့မည် မဟုတ်ပေ။ ထို့ပြင် ဆဋ္ဌမမင်းသားသည် ဤသတ္တုတွင်းကြောင့် သူ၏ဖခင်ကို မြို့တော်ဝန် ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းနေခြင်း မဟုတ်လော။ ယခုချိန်၌ သတ္တုတွင်းသည် သူ၏လက်ထဲသို့ ရောက်နေပြီဖြစ်ရာ ဆဋ္ဌမမင်းသားအနေဖြင့် သူ၏ဖခင်နေရာ၌ အစားထိုးရန် ကြီးမားသော တန်ကြေးကိုပေးဆပ်ခြင်းရှိမရှိ သူ သိချင်မိသည်။
သတ္တုတွင်းကို အကြမ်းဖျင်း လှည့်ပတ်ကြည့်ရှုပြီးနောက် ချင်းမင်က ခေါင်းခါယမ်းလိုက်၏။ ဤသတ္တုတွင်းသည် သေးငယ်ပြီး သူ့အတွက် လုံးဝတန်ဖိုးမရှိချေ။
"ထားလိုက်တော့... ငါက သတ္တုတွင်းရဲ့ တန်ဖိုးကို လိုချင်တာမှ မဟုတ်တာ... အရင်ဆုံး ဝင်္ကပါတစ်ခု ခင်းကျင်း လိုက်မယ်... လေလွင့်ကျင့်ကြံသူတွေက သတ္တုရိုင်းတွေ လာခိုးမှာကို ကာကွယ်ရမယ်..."
ချင်းမင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ပြင်ဆင်ထားသော ပစ္စည်းများကို ထုတ်ယူလိုက်ပြီး ကာကွယ်ရေးဝင်္ကပါတစ်ခုကို စတင်၍ တည်ဆောက်လေသည်။ လေလွင့်ကျင့်ကြံသူများမှ သတ္တုရိုင်းအား ခိုးယူမည်ကို သူ ဂရုမစိုက်ချေ။ သို့ရာတွင် ဤသတ္တုရိုင်းများမှ ရရှိသော အကျိုးအမြတ်များသည် လေလွင့်ကျင့်ကြံသူ အမြောက်အများကို ဆွဲဆောင်လာမည်အား သူ စိုးရိမ်သည်။ ဤလေလွင့်ကျင့်ကြံသူများသည် အကျိုးအမြတ်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြမည့်သူများပင်။ ဤနေရာကို သူ ပိုင်ဆိုင်ကြောင်း ကြေညာထားပြီးဖြစ်သော်လည်း ဝင်္ကပါဖြင့် ကာကွယ်ထားခြင်းက ပိုကောင်းပေမည်။
အခန်း ၁၇၀: ချင်းအိမ်တော်သို့ ပြန်လာခြင်း
"တာဝန်ပြီးဆုံးပြီ..."
ချင်းမင်က သူ၏လက်နှစ်ဖက်ကို ခါလိုက်ရင်း အပြည့်အစုံ ခင်းကျင်းထားသော ကာကွယ်ရေး ဝင်္ကပါကိုကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကာကွယ်ရေးဝင်္ကပါသည် ယခုအချိန်၌ ပြီးစီးသွားလေပြီ။ စိတ်ဝိညာဉ်ကျောက်တုံးများကို အချိန်အပိုင်းအခြားအလိုက် လဲလှယ်ပေးရန်သာ လိုအပ်ပြီး ဤနေရာသည် လုံးလုံးလျားလျား လုံခြုံသွားပေလိမ့်မည်။
"နတ်ဘုရားရုပ်သွင်ပြောင်းဆေးလုံး... ပျက်ပြယ်စမ်း..."
ရုတ်ချည်းဆိုသလိုပင် ဆံပင်ဖြူ မုတ်ဆိတ်ဖြူနှင့် ချင်းမင်သည် ခန့်ညားသော လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူသည် အနက်ရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး လျှိုမြို့ဘက်သို့ ဦးတည်၍ လျှောက်လှမ်းလိုက်၏။
လျှိုမြို့ရှိ မြို့တော်ဝန်အိမ်တော်တွင် တစ်ညလုံး ကျင်းပခဲ့သော အောင်ပွဲခံသည့် စားသောက်ပွဲ ပြီးဆုံးပြီးနောက် ချင်းမိသားစုတစ်စုလုံး တည်ငြိမ်အေးချမ်းသွားလေပြီ။ သို့သော် ချင်းမိသားစုဝင်တိုင်း၏မျက်နှာပေါ်ရှိ မပျောက်ပျက်သေးသော အပြုံးများမှတဆင့် သူတို့၏ စိတ်နှလုံးများအတွင်းတွင် ဝမ်းသာပီတိ ဖြစ်နေဆဲဖြစ်ကြောင်း သိနိုင်သည်။
မြို့တော်ဝန်အိမ်တော်သို့ ရောက်ရှိချိန်၌ ချင်းမင်သည် အနက်ရောင်ဝတ်စုံကို ချွတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းကာ ချင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားသည်။
"သခင်လေးချင်း..."
တံခါးဝရှိ အစောင့်နှစ်ဦးက သူတို့၏လက်ကိုပူးဆုပ်ပြီး အရိုအသေ ပြုလိုက်ကြ၏။
ချင်းမင်က ခေါင်းညိတ်ပြပြီး မြို့တော်ဝန်အိမ်တော်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။ ကင်းလှည့်နေသော မြို့စောင့်တပ် အနည်းငယ်မှလွဲ၍ အိမ်တော်အတွင်း၌ တခြားပြောင်းလဲမှုများကို သူ သတိမထားမိချေ။
အချိန်တခဏကြာပြီးနောက် သူသည် အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့သည်။ ချင်းမိသားစုမှ အစေခံနှစ်ဦးသည် တံခါးဝတွင် စောင့်ကြပ်နေကြ၏။
"သခင်လေးချင်း..."
အစေခံနှစ်ဦးသည် ချင်းမင် ရောက်လာသည်ကို မြင်တွေ့ချိန်၌ ဝမ်းသာသွားကြသည်။
ချင်းမင်က ခေါင်းညိတ်လိုက်သည်။
"အဖေ အထဲမှာလား..."
"မိသားစုခေါင်းဆောင်က အကြီးအကဲတွေနဲ့ တွေ့ဆုံနေပါတယ်..."
ထိုသို့ပြောဆိုပြီးနောက် အစေခံများက အစည်းအဝေးခန်းမ၏ တံခါးမကြီးကို တွန်းဖွင့်ပေးလိုက်ကြသည်။
"ချင်းမင်... မင်းပြန်ရောက်ပြီလား..."
ချင်းယွမ်သည် သူ၏သားဝင်လာသည်ကို မြင်တွေ့ချိန်၌ ဝမ်းသာအားရ ရေရွတ်လိုက်သည်။
"အဖေ... အကြီးအကဲတို့..."
ချင်းမင်က ယဉ်ကျေးသိမ်မွေ့စွာ ဦးညွှတ်လိုက်၏။
"လာ ထိုင်ပါအုံး..."
မဟာအကြီးအကဲက သူ့ကို လက်ယပ်ခေါ်လိုက်သည်။
"ငါ့ရဲ့ဘေးမှာ လာထိုင်ပါ..."
ဤမဟာအကြီးအကဲသည် လောကီရေးရာကိစ္စများနှင့် ကင်းကွာနေခဲ့သူပင်။ သူသည် ချင်းမိသားစုခေါင်းဆောင် သုံးဆက်တိုင်တိုင် အကြံဉာဏ် ပေးခဲ့ပြီး ကြီးမားသော ရိုသေလေးစားမှုကို ရရှိထားသူ ဖြစ်ပေ၏။ ချင်းမင်သည် ငယ်စဉ်က သူ့ကို တစ်ကြိမ်သာ တွေ့ဖူးသည်။ သူသည် အသက်အကြီးဆုံး ဝါအကြီးဆုံး အကြီးအကဲဖြစ်ပြီး ချင်းမိသားစုတစ်စုလုံးက သူ့ကို မဟာအကြီးအကဲအဖြစ် ဂုဏ်ပြုကြသည်။
"ဟုတ်ကဲ့ပါ မဟာအကြီးအကဲ..."
ချင်းမင်က ရယ်ပြုံးပြီး သူ၏နံဘေးတွင် ဝင်ထိုင်လိုက်သည်။
မဟာအကြီးအကဲက ချင်းမင်၏လက်ကို ဆုပ်ကိုင်လိုက်၏။
"ကောင်းတယ်... အရမ်းကောင်းတယ်... ချင်းမိသားစုရဲ့တက်လမ်းက လက်တစ်ကမ်းအကွာမှာပဲ ရှိတော့တယ်..."
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ချင်းမင်၏လုပ်ဆောင်ချက်များကို ကြားသိခဲ့ရပြီး ယခုချိန်၌ လူငယ်လေး၏ ရိုသေမှုနှင့် ယဉ်ကျေးမှုကို မြင်တွေ့ရချိန်၌ သူ အလွန်ဝမ်းသာသွားသည်။ အကြီးအကဲများ အားလုံးက ချင်းမင်ကို ချင်ခင်ကြင်နာစွာဖြင့် ကြည့်ရှုနေကြ၏။
"ချင်းမိသားစုက တက်လမ်းကို ရောက်နေပြီ မဟုတ်ဘူးလား..."
ချင်းမင်က အပြုံးဖြင့် ပြောဆိုသည်။
"တက်လမ်းရောက်နေပြီ... တက်လမ်းရောက်နေပြီ..."
မဟာအကြီးအကဲက ခေါင်းမော့လိုက်ရာ ဝမ်းသာမျက်ရည်များ သူ၏ပါးပြင်ပေါ်သို့ စီးကျလာသည်။
လျှိုမြို့၏ ထိပ်သီးမိသားစုကြီးလေးစု အနက်မှ တစ်စုဖြစ်လာရန်မှာ အမြဲတစေ သူ၏အိပ်မက် ဖြစ်ခဲ့သည်။ ယခုအချိန်၌ သူတို့သည် ထိုမိသားစုကြီးလေးစုအနက်မှ တစ်စုဖြစ်လာရုံသာမက အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။ အမှန်အားဖြင့် လျှိုမြို့တစ်မြို့လုံးသည် ချင်းမိသားစုပိုင် ဖြစ်နေလေပြီ။ တစ်ခုတည်းသော နှမြောစရာကိစ္စမှာ မြို့တော်ဝန် ရာထူးကို ပြန်လည်၍ သိမ်းဆည်းခံရနိုင်ခြင်းပင်။ ထိုသို့မဟုတ်ပါက လျှိုမြို့သည် တရားဝင် ချင်းမိသားစုပိုင် ဖြစ်လာပေလိမ့်မည်။
လူများအားလုံးနှင့် ချင်းမင်တို့၏ နှစ်သိမ့်မှုကြောင့် မဟာအကြီးအကဲသည် စိတ်တည်ငြိမ်သွားပေ၏။
"ဒီတစ်ကြိမ်မှာ စီးမာမိသားစု ပျက်စီးသွားတာက ကောင်းကင်ဘုံက ငါတို့ချင်းမိသားစုအပေါ် ပေးသနားတဲ့ ကောင်းချီးပဲ... နောက်နောင် ငါတို့က မိသားစုတိုးတက်ဖို့အတွက် ပိုပြီးကြိုးစားအားထုတ်ရမယ်..."
ချင်းယွမ်က ကောင်းကင်ဘုံသို့ ဦးညွှတ်ရင်း ပြောဆိုလိုက်သည်။
စီးမာမိသားစုက သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို မောက်မာစွာ ရန်စခဲ့ပုံကို သိလိုက်ရချိန်၌ သူသည် ဝမ်းသာလွန်း၍ သတိလစ်မေ့မြောလုမတတ် ဖြစ်ခဲ့ရသည်။ ယခုအချိန်၌ သူသည် နက်နဲသိမ်မွေ့သော ကံကြမ္မာ၏ဖြစ်ပျက်ပုံများကို ကြည်ညိုလေးစားနေမိပေ၏။
"အခုက လျှိုမြို့တစ်မြို့လုံးကို ပြန်ပြီးဖွဲ့စည်းရမယ့် အချိန်ပဲ... ငါတို့ နိမ့်ကျနေတုန်းက ဒုက္ခပေးခဲ့တဲ့ မိသားစုတွေအားလုံးကို စာရင်းရှင်းဖို့ အချိန်တန်ပြီ..."
ချင်းယွမ်က စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောဆိုလိုက်သည်။
မဟာရန်သူတော်ကြီးက လက်တစ်ကမ်းအကွာတွင် ရှိနေစဉ်၌ ထိုအသေးအဖွဲမိသားစုများကို သူ အချိန်မပေးနိုင်ခဲ့ချေ။ ယခုချိန်၌ အကျပ်အတည်း ကျော်လွန်သွားပြီဖြစ်ရာ သူတို့လဲကျနေစဉ် ကန်ကျောက်ခဲ့သူများနှင့် စာရင်းရှင်းရန် အချိန်တန်လေပြီ။ သူသည်ယခုအချိန်၌ မြို့တော်ဝန်ဖြစ်ပြီး မဟာသိုင်းဆရာကြီးနယ်ပယ်၌ရှိသူလည်း ဖြစ်သည်။ သူ၏ရာထူးအရ တရားဝင်ဖြစ်သည့်အပြင် အင်အားအရလည်း တောင့်တင်းခိုင်မာနေသည်။ ယခုအချိန်မှ သူ မလှုပ်ရှားလျှင် မည်သည့်အချိန်၌ လုပ်ဆောင်ရမည်နည်း။
အခန်း ၁၇၁: ဝမ်မိသားစု ထွက်ပြေးခြင်း
"ကောင်းပြီလေ... အဲ့ဒီမိသားစုငယ်တွေကို ရှင်းလင်းပြီးတာနဲ့ လျှိုမြို့တစ်မြို့လုံးက ငါတို့ချင်းမိသားစုပိုင် ဖြစ်သွားလိမ့်မယ်..." အကြီးအကဲတစ်ဦးက ရယ်မောရင်း ပြောဆိုသည်။
ချင်းယွမ်က ခေါင်းညိတ်ပြပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ငါ အမုန်းဆုံးကတော့ ဝမ်မိသားစုပဲ... ငါတို့က သူတို့ရဲ့အသက်ကို ချမ်းသာပေးခဲ့တာတောင် သူတို့က ပြဿနာ ထပ်ရှာရဲသေးတယ်..."
"ဟုတ်တယ်... ဝမ်မိသားစုကို သုတ်သင်လိုက်..."
"ဝမ်မိသားစုက ဘေးအန္တရာယ်ပဲ... တစ်ယောက်မှ အရှင်မထားသင့်ဘူး..."
ချင်းမိသားစုရှိ လူများအားလုံးသည် မိသားစုခေါင်းဆောင်၏အမြင်ကို သဘောတူကြပြီး ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းသင့်သည်ဟု ယူဆထားကြသည်။
"ဒါဆိုရင် အချိန်ဆွဲမနေတော့ဘူး... ချင်းမိသားစုက ကျင့်ကြံသူတွေကို အခုချက်ချင်း စုစည်းပြီးတော့ ဝမ်မိသားစုဆီသွားပြီး အမြစ်ပြတ်သုတ်သင်ကြစို့..."
ချင်းယွမ်က သူ၏လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းပြီး ကျယ်လောင်စွာ ရယ်မောရင်း ထုတ်ပြန်ကြေညာလိုက်သည်။
"ကောင်းပြီ... ဝမ်မိသားစုကိုသွားပြီး အမြစ်ပြတ်သုတ်သင်ကြမယ်..."
ချင်းမိသားစုတစ်စုလုံးသည် ဝမ်မိသားစုအပေါ် ပြင်းထန်သော အမုန်းတရားများ ထားရှိကြသဖြင့် သူတို့၏စိတ်ခံစားချက်များ ချက်ချင်းမြင့်တက်လာသည်။
သူတို့ အန္တရာယ်အရှိဆုံးအချိန်တွင် ဝမ်မိသားစုသည် လဲနေသူကို ထပ်ကန်သကဲ့သို့ ပြုမူခဲ့ပြီး ချင်းမိသားစု ပျက်စီးမည့်အချိန်ကို စောင့်ဆိုင်းခဲ့ကြသည်။ ဝမ်မိသားစု လျှိုမြို့တစ်မြို့လုံးကို သိမ်းပိုက်ပြီး ချင်းမိသားစုနေရာတွင် အစားထိုးဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ကြသည် မဟုတ်လော။ ချင်းမိသားစုတစ်စုလုံးသည် ဤကဲ့သို့ မိသားစုမျိုးကို မည်သို့ မမုန်းဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် စိတ်ဓာတ်များ တက်ကြွနေသော ချင်းမိသားစု အကြီးအကဲများသည် မိသားစုမှ ကျင့်ကြံသူများအားလုံးကို စုစည်းလိုက်ကြ၏။ သူတို့သည် ဓားများ လှံများ ကိုင်ဆောင်ပြီး မိသားစုခေါင်းဆောင်ချင်းယွမ်၏ ဦးဆောင်မှုအောက်တွင် ဝမ်အိမ်တော်သို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
"ဝမ်ကောင်စုတ်... ထွက်ခဲ့စမ်း..."
ချင်းယွမ်က ဝမ်အိမ်တော်၏ရှေ့တွင် အော်ဟစ်လိုက်သည်။
အချိန်တခဏကြာခန့် စောင့်ဆိုင်းသော်လည်း မည်သူမျှ ထွက်မလာသဖြင့် ချင်းယွမ်နှင့် အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ချင်းယွမ်က လက်ဝှေ့ယမ်းပြပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ဝမ်အိမ်တော်၏ပင်မတံခါးကြီးကို သော့ခတ်ထားမည်ဟု သူ ထင်မှတ်ထားသော်လည်း အံ့အားသင့်စရာကောင်းစွာဖြင့် သူ တွန်းလိုက်သည်နှင့် ပွင့်သွားသည်။
အတွင်းဘက်ရှိ ဗလာကျင်းပြီး ရှုပ်ပွနေသော ဝမ်အိမ်တော်ကို ကြည့်လိုက်သည်နှင့် ဝမ်မိသားစုသည် ယခင်ကတည်းက ထွက်ခွာသွားပြီ ဖြစ်ကြောင်း လူများအားလုံး ချက်ချင်းနားလည်သဘောပေါက်လိုက်ကြ၏။
"ရှာကြစမ်း..."
ချင်းယွမ်က မကျေမနပ်ဖြင့် ပြောဆိုသည်။
ချင်းမိသားစုမှ ကျင့်ကြံသူများသည် အိမ်တော်ထဲသို့ ဝင်ရောက်ကာ နေရာအနှံ့အပြား၌ မွှေနှောက်၍ ရှာဖွေကြသည်။
"မိသားစုခေါင်းဆောင်... တန်ဖိုးရှိတာဆိုလို့ ဘာမှမရှိတော့ဘူး... လူလည်း တစ်ယောက်မှ မတွေ့ဘူး..."
အကြီးအကဲတစ်ဦးက စေ့စပ်သေချာစွာ ရှာဖွေပြီးနောက် ချင်းယွမ်ထံသို့ သတင်းပို့လိုက်သည်။
ချင်းယွမ်သည် နှာတစ်ချက်မှုတ်လိုက်ပြီး ဗလာကျင်းနေသော ဝမ်အိမ်တော်ကို ကြည့်ကာ သူ၏မျက်နှာ သုန်မှုန်သွားသည်။
"အဖေ... ဝမ်မိသားစု ထွက်သွားရင်တောင် တစ်နေ့နေ့ကျရင် ကျွန်တော်တို့က သူတို့ကို ရှာတွေ့မှာပါ... အခု အရေးအကြီးဆုံးက လျှိုမြို့တစ်မြို့လုံးကို ထိန်းချုပ်ဖို့ပဲ..."
ချင်းမင်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ သတိပေးစကား ပြောဆိုလိုက်သည်။
"ဟုတ်တယ်...ဒါက အမှန်ပဲ... လျှိုမြို့ကို ထိန်းချုပ်ဖို့က အရေးကြီးတယ်..."
ချင်းယွမ်က ပြန်တုံ့ပြန်လိုက်၏။
ယခုအချိန်သည် ဝမ်မိသားစုကို လက်စားချေရန် အချိန်မဟုတ်ဘဲ လျှိုမြို့ကို ထိန်းချုပ်ခြင်းက သူတို့အတွက် ထိပ်တန်းဦးစားပေးပင်။
ထို့ကြောင့် ချင်းယွမ်သည် ထိုမိသားစုငယ်များကို ကိုင်တွယ်ရန်အတွက် အင်အားစုများ စေလွှတ်မည့် အမိန့်ကိုပေးရန် ဟန်ပြင်လိုက်သည်။
ချင်းမင်က သူ့ကို ဟန့်တားပြီး ပြောဆိုသည်။
"အဖေ... အဲ့ဒီမိသားစုတွေကို ချင်းမိသားစုဆီ လက်ဆောင်ပဏ္ဍာတွေ လာပြီးဆက်သဖို့ လူလွှတ်ပြီး သတင်းစကားပါးလိုက်ရင် မကောင်းဘူးလား... ပြီးမှ လက်ဆောင်အနည်းဆုံးပေးတဲ့ မိသားစုနှစ်စုကို ရွေးပြီး ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်တဲ့အနေနဲ့ သုတ်သင်လိုက်မယ်... ဒါဆိုရင် အဲ့ဒီမိသားစုငယ်တွေက ဘာလုပ်ရမလဲဆိုတာ သိသွားပါလိမ့်မယ်..."
ချင်းမင်က သူ၏ဖခင်ကို ထိုမိသားစုငယ်များအား အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း မပြုစေလိုသည့် အကြောင်းအရင်းမှာ ထိုလူများအားလုံးကို ရှင်းလင်းပစ်၍ မရနိုင်သောကြောင့်ပင်။
အကယ်၍ သူတို့သည် ယခုလက်ရှိ မိသားစုငယ်အားလုံးကို သတ်ပစ်လိုက်လျှင် အချိန်တစ်ခု ကြာပြီးနောက် မိသားစုငယ်အသစ်များ ထပ်မံ၍ ထွက်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် လက်ရှိမိသားစုငယ်များကို အရင်းအမြစ်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် လျော်ကြေးပေးခိုင်းခြင်းက ပိုကောင်းပေ၏။
"ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်" ဟူသော ခြိမ်းခြောက်မှုအောက်တွင် ထိုမိသားစုငယ်များသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရပေမည်။ ထို့ပြင် ချင်းမိသားစုသည်လည်း ဤကိစ္စမှ အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဟု သူယုံကြည်ထားသည်။
ချင်းယွမ်သည် မိသားစုခေါင်းဆောင် ဖြစ်လာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် သူ အနည်းငယ် စဉ်းစားလိုက်သည်နှင့် ချင်းမင်၏ဆိုလိုရင်းကို နားလည်သွားပေ၏။
သူက ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ ပြောဆိုလိုက်သည်။
"ငါ့ရဲ့သားက တကယ့်ကို ဉာဏ်ကောင်းတာပဲ... ငါတို့ ဒီအတိုင်း လုပ်ကြတာပေါ့... ဒါပေမဲ့ ဒီဝမ်မိသားစုကတော့ လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေတုန်းပဲ..."
ဝမ်မိသားစုသည် နှစ်ပေါင်းများစွာကြာအောင် လျှိုမြို့၏ ထိပ်သီးမိသားစုကြီးလေးစုအနက်မှ တစ်စုဖြစ်ခဲ့ပြီး ချင်းယွမ်သည် ဝမ်မိသားစုခေါင်းဆောင်၏နည်းလမ်းများကို အလွန်သတိထားမိခဲ့သည်။
ယခုအချိန်၌ သူတို့သည် ဝမ်မိသားစုကို တစ်ချက်တည်းဖြင့် အလဲမထိုးနိုင်ခဲ့ဘဲ လျှိုမြို့မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
နောင်အနာဂတ်တွင် သူတို့သည် ချင်းမိသားစုအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်သည်။
"အဖေ... ကျွန်တော်တို့ ချင်းမိသားစုရဲ့ တိုးတက်မှုနှုန်းက ဝမ်မိသားစုလေး ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်... ကျွန်တော်တို့ ချင်းမိသားစုက ဝမ်မိသားစုထက် သာလွန်နေသရွေ့ ဝမ်မိသားစုက အမြဲတမ်း အမှောင်ထဲမှာ ပုန်းအောင်းနေရမယ့် ကောင်တွေပဲ ဖြစ်နေမှာပါ... သူတို့က ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရမှာပါ..."
ချင်းမင်က နှစ်သိမ့်လိုက်သည်။