← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း ၁၇၂: စိတ်နှလုံး သေဆုံးတာက အကြီးမားဆုံး ဝမ်းနည်းပူဆွေးမှုပဲ

ချင်းမင်သည် သူ ပြောဆိုနေသကဲ့သို့ စိတ်ပေါ့ပါးလွတ်လပ်နေခြင်း မရှိချေ။

ဝမ်မိသားစုသည် ချင်းမိသားစုအပေါ် မကောင်းကြံစည်ခဲ့သည်မှာ တစ်ကြိမ်နှစ်ကြိမ် မကတော့သည့်အပြင် အိုးယန်မိသားစုခေါင်းဆောင်ကိုပင် အဆိပ်ခတ်ခဲ့ကြသည်။ အကယ်၍ သူ၏အဆိပ်ဖြေဆေးသာ မရှိခဲ့လျှင် အိုးယန်မိသားစုခေါင်းဆောင်သည် ယခုအချိန်၌ သေဆုံးနေလောက်လေပြီ။

ချင်းမင်သည် ဤအငြိုးကို မဖြစ်မနေ လက်စားချေရပေမည်။

အိုးယန်မိသားစုခေါင်းဆောင်အကြောင်း တွေးမိချိန်၌ သူ၏အဆိပ်များ ကင်းစင်သွားခြင်းရှိမရှိ ဆိုသည်ကို ချင်းမင် မသိရှိသေးချေ။

သူ၏ပြန်လည်သက်သာလာမှု အခြေအနေသည် မည်သို့ရှိနေသနည်း....

"အဖေ... ဒီက ကိစ္စတွေလည်း ပြီးသလောက် ရှိနေပြီ... ကျွန်တော် ကူညီနိုင်တာ သိပ်မရှိတော့ဘူး... အခု ကျွန်တော်က ချင်းမိသားစုကိုယ်စား အိုးယန်မိသားစုကို သွားလည်ချင်ပါတယ်..."

ချင်းမင်က သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

ချင်းယွမ်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"ငါတို့က အိုးယန်မိသားစုခေါင်းဆောင်ဆီ သွားလည်သင့်တယ်... သူက အဆိပ်တွေ ကင်းစင်သွားပေမယ့် အိပ်ယာထဲမှာ လဲနေတုန်းပဲထင်တယ်... ဒီတစ်ကြိမ်မှာ သူက သေမင်းတံခါးဝကို ဖြတ်ကျော်ခဲ့ရတာ... ငါတို့ချင်းမိသားစုအနေနဲ့ ဝမ်းနည်းကြောင်း သွားပြောသင့်တယ်... မင်း သွားလိုက်ပါ..."

ချင်းမင်က ချက်ချင်းဆိုသလိုပင် သူ၏ဖခင်ကို အရိုအသေပြုလိုက်ပြီး အိုးယန်မိသားစုဆီသို့ ဦးတည်၍ ထွက်ခွာလာခဲ့၏။

လျှိုမြို့ရှိ အိုးယန်အိမ်တော်၏အတွင်းခြံဝန်းထဲတွင် အဘိုးအိုတစ်ဦးသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မိန်းကလေးငယ်တစ်ဦးသည် သူ၏ဘေးတွင် တိတ်တဆိတ် ငိုရှိုက်နေသည်။

"ရှောင်ရှောင်... မငိုပါနဲ့တော့... အဖေ အဆင်ပြေနေပြီပဲ မဟုတ်လား..."

အဘိုးအိုက သူ၏သမီးအငယ်ဆုံးလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထိုစကားကိုကြားချိန်၌ မိန်းကလေးက ခေါင်းမော့ကြည့်ပြီး ပြောဆိုလိုက်၏။

"အဖေ... အဖေက သေလုမျောပါး ဖြစ်ခဲ့တာကို သိရဲ့လား... သခင်လေးချင်းမင်သာ မရှိရင် အဖေ... အဖေက..."

စကားပြောဆိုရင်းနှင့် မိန်းကလေးက တစ်ဖန် ပြန်၍ ငိုကြွေးလိုက်သည်။

အဘိုးအိုက မိန်းကလေး၏လက်ကို ဆုပ်ကိုင်ပြီး သက်ပြင်းချလိုက်သည်။

"ငါ့ရဲ့ဘဝတစ်ဝက်ကို အိုးယန်မိသားစုအတွက် ကြိုးစားလုပ်ကိုင်ရင်း ကုန်ဆုံးခဲ့တယ်... သားလေးယောက်ကို ပြုစုပျိုးထောင်ခဲ့ပေမယ့် လေးယောက်စလုံးက တိရစ္ဆာန်တွေ ဖြစ်နေခဲ့တယ်... ငါ့ရဲ့သမီးအငယ်ဆုံးလေးကသာ ငါ အားကိုးရမယ့်သူ ဖြစ်နေတယ်... တကယ်လို့ သမီးလေးသာ မရှိရင် ငါ သေသွားလောက်ပြီ..."

အိုးယန်မိသားစုခေါင်းဆောင်အနေဖြင့် မိသားစုတစ်စုလုံးကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်ခဲ့သူဖြစ်ရာ သူ နိုးလာသည်နှင့် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သိရှိပြီး ဖြစ်သည်။

ထို့ပြင် အကြီးအကဲချင်းကလည်း အခြေအနေကို သူ့အား ရှင်းပြခဲ့သည်။ သူ ဝန်မခံချင်သော်လည်း အမှန်အားဖြင့် သူသည် ရှုံးနိမ့်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားကြောင်း အမှန်တရားက အတင်းအကြပ် ဝန်ခံခိုင်းနေပေ၏။

ကံကောင်းစွာဖြင့် သူ့ထံတွင် သမီးတစ်ယောက် ရှိနေသည်။ အကယ်၍ သူ၏သမီးကသာ ချင်းမိသားစုကို သူမကိုယ်တိုင် သွားရောက် တောင်းပန်ခြင်း မပြုခဲ့လျှင် သူ ပြန်လည်၍ သက်သာလာမည် မဟုတ်ပေ။

"မငိုနဲ့တော့..."

အဘိုးအိုက သူ့သမီး၏လက်ကို ပုတ်ပြီး ပြောဆိုလိုက်သည်။

"အဖေ အခု လုံးဝ နေကောင်းသွားပါပြီ... နည်းနည်းလေး အားနည်းနေရုံပါ... မဟာသိုင်းဆရာကြီး တစ်ယောက်အနေနဲ့ အဖေက အဲ့ဒီလောက် လွယ်လွယ်ကူကူ မသေနိုင်ပါဘူး..."

"အဖေ..."

သမီးဖြစ်သူက အိပ်ယာထဲတွင် လဲလျောင်းနေသော အိုမင်းရင့်ရော်နေသည့် ဖခင်ကို ကြည့်ကာ အော်ခေါ်လိုက်၏။

ဖခင်ဖြစ်သူ အားနည်းနေခြင်းမှာ အဆိပ်မိထားခြင်းကြောင့် မဟုတ်ကြောင်း သူမ သိသည်။ မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတစ်ဦး အနေဖြင့် အဆိပ်ကင်းစင်သွားပြီးနောက် နေ့ဝက်အတွင်း ပြန်လည်၍ ကောင်းမွန်လာသင့်သည်။

သူ ယခုချိန်ထိ အားနည်းပြီး ခွန်အားမရှိ ဖြစ်နေရသည့် အကြောင်းအရင်းမှာ သူမ၏အစ်ကိုများက ဖခင်ဖြစ်သူကို အလွန်အမင်း စိတ်ပျက်စေခဲ့သောကြောင့်ဖြစ်ပေ၏။

စိတ်နှလုံး သေဆုံးခြင်းသည် အကြီးမားဆုံး ဝမ်းနည်းပူဆွေးမှုပင်။

"ဆက်ခံသူ မရှိဘူး... ဆက်ခံသူ မရှိဘူး..."

အိုးယန်မိသားစုခေါင်းဆောင်က ထပ်မံ၍ သက်ပြင်းချလိုက်သည်။

ဘဝတွင် အဆိုးရွားဆုံး အဖြစ်အပျက်မှာ သားက ဖခင်ကို သတ်ဖြတ်ခြင်းသာ ဖြစ်သည်။

"ငါ ဒီတစ်သက် သူတို့ကို မတရား မဆက်ဆံခဲ့ဖူးဘူး... သားတစ်ယောက်ချင်းစီအပေါ် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး ပုံအောထားခဲ့တာ... ဒါပေမဲ့ သူတို့အားလုံးက စာပေလည်း မကျွမ်းကျင်သလို သိုင်းပညာမှာလည်း မတော်ကြဘူး... ငါက ရာထူးကနေ မဆင်းချင်ဘူးလို့ သူတို့ ထင်နေကြတာလား...တကယ်လို့ သူတို့မှာသာ ချင်းမင်ရဲ့အရည်အချင်း တစ်ဝက်လောက် ရှိရင် ငါအခုပဲ သေပြီး ဘိုးဘေးတွေကို အေးအေးချမ်းချမ်း သွားတွေ့လိုက်မယ်..."

အိုးယန်မိသားစုခေါင်းဆောင်က သူ့သားများ၏ ရည်မှန်းချက်ကင်းမဲ့မှုကြောင့် ညည်းတွားလိုက်သည်။

"ငါတို့ အိုးယန်မိသားစုက ဘာလို့ ပုံမှန်အနေအထားနဲ့ နေနေရတာလဲ... ငါက ဘာလို့ လောကီရေးရာတွေကို လျစ်လျူရှုထားရတာလဲ... အရာအားလုံးက ဒီအသုံးမကျတဲ့ သားတွေကြောင့်ပဲ... သူတို့သာ အရည်အချင်းရှိရင် ငါတို့အိုးယန်မိသားစုက အင်အားတွေကို ဖုံးကွယ်ထားစရာ လိုပါ့မလား..."

သူသည် အိုးယန်မိသားစုကို မတိုးတက်စေချင်၍ ထိုသို့ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။ သူ၏သားများသည် လက်ရှိအခြေခံအုတ်မြစ်ကိုပင် မထိန်းသိမ်းနိုင်လျှင် ထပ်မံတိုးတက်အောင်လုပ်ခြင်းက အိုးယန်မိသားစုအတွက် မည်သည့်အကျိုး ရှိနိုင်မည်နည်း။

ဤနယ်မြေလေးကို အေးချမ်းစွာ စောင့်ကြပ်ပြီး သူ၏သားများကို သေချာဆုံးမကာ သူတို့အနက်မှ အရည်အချင်းပြည့်မီသော ဆက်ခံသူတစ်ဦးကို ရှာဖွေခြင်းက ပိုကောင်းပေလိမ့်မည်။

"ထားလိုက်တော့... ငါက မိသားစုခေါင်းဆောင်နေရာကို မင်းရဲ့ဦးလေးဆီ လွှဲပေးလိုက်တော့မယ်..."

အချိန်အတော်ကြာ စဉ်းစားပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်က နောက်ဆုံးတွင် ပြောဆိုလိုက်၏။

အခန်း ၁၇၃: ဦးလေးဆီ လွှဲပေးလိုက်မယ်

"ဦးလေးဆီ လွှဲပေးမယ် ဟုတ်လား..." မိန်းကလေးငယ် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

မိသားစုတစ်စုတွင် အမွေဆက်ခံခြင်းစည်းမျဉ်းများ ရှိသည်။ သူမ၏ဖခင် ပြောဆိုသော ဆက်ခံမှုလမ်းကြောင်းသည် ပင်မမျိုးဆက် မဟုတ်သော မိသားစုဝင်တစ်ဦးထံ လွှဲပြောင်းပေးခြင်း ဖြစ်သဖြင့် အမွေဆက်ခံခြင်း စည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်နေသည်။

ဤစည်းမျဉ်း ရှိနေရခြင်းမှာ စနစ်တကျ ဆက်ခံမှုကို သေချာစေရန်နှင့် ညီအစ်ကိုများအကြား၌ ပဋိပက္ခများ မဖြစ်ပွားစေရန်ပင်။

ဤစည်းမျဉ်း ရှိနေသည့်တိုင် သူမ၏အစ်ကိုများသည် မိသားစုခေါင်းဆောင် ရာထူးအတွက် အသည်းအသန် လုယက်နေကြသည်။ အကယ်၍သာ ဤစည်းမျဉ်း မရှိလျှင် သူမဖခင်၏ ညီဝမ်းကွဲများနှင့် ဦးလေးများသည်လည်း ပါဝင်လာပြီး အိုးယန်မိသားစု တစ်ခုလုံးကို စိတ်ပိုင်း၍ ခွဲဝေယူကြမည် မဟုတ်လော။

ယခုချိန်၌ ဖခင်ဖြစ်သူက ဦးလေးကို မိသားစုခေါင်းဆောင်ရာထူး ဆက်ခံစေရန် ရည်ရွယ်ထားသဖြင့် သူမ၏အစ်ကိုများက မည်သို့မျှသဘောတူကြမည် မဟုတ်ပေ။ ထိုအချိန်မှာပင် တံခါးဝရှိ အစောင့်က အခန်းထဲသို့ ဝင်ရောက်လာပြီး သတင်းပို့သည်။

"မိသားစုခေါင်းဆောင်... သခင်လေးချင်းကတွေ့ဆုံခွင့် တောင်းနေပါတယ်..."

"မြန်မြန် ဖိတ်ခေါ်လိုက်ပါ... ရှောင်ရှောင်... သမီး သွားပြီးတော့ ချင်းမင်ကို ကြိုဆိုလိုက်ပါ..."

အိုးယန်မိသားစုခေါင်းဆောင်က အလျင်အမြန် ပြောဆိုလိုက်၏။

"ဟုတ်ကဲ့ပါ..."

အိုးယန်ရှောင်ရှောင်က အမိန့်ကိုနာခံပြီး ချက်ချင်းထွက်ခွာသွားသည်။

ချင်းမင်သည် အိုးယန်အိမ်တော်၏ ဧည့်ခန်းမဆောင်တွင် ထိုင်နေကာ လက်ဖက်ရည်ကို တိတ်တဆိတ် သောက်နေသည်။

အပျိုဖော်ဝင်စအရွယ် မိန်းကလေးငယ်တစ်ဦးသည် ဧည့်ခန်းမဆောင်ထဲသို့ အပြေးအလွှားရောက်ရှိလာပြီး သူ့ကို မြင်တွေ့ချိန်၌ စိတ်လှုပ်ရှားသော အမူအယာဖြင့် ပြောဆိုလိုက်သည်။

"ချင်းမင်... ရှင်နဲ့ ပြန်တွေ့ရပြီပဲ..."

လက်ဖက်ရည် သောက်နေသော ချင်းမင်သည် မိန်းကလေး၏ ကြည်လင်ပြတ်သားသော အသံကို ကြားလိုက်ရသဖြင့် မော့ကြည့်ပြီး ပြုံးလိုက်သည်။

"မင်းကိုး..."

ပြီးခဲ့သည့်တစ်ခေါက်က သခင်ကြီးအိုးယန်နှင့် ဆွေးနွေးပြီးနောက် ထွက်လာချိန်တွင် ဤမိန်းကလေးနှင့် ဝင်တိုက်မိခဲ့သည်ကို ချင်းမင် မှတ်မိနေသည်။

"ရှင် ကျွန်မကို မှတ်မိသားပဲ..."

အိုးယန်ရှောင်ရှောင်က အပြုံးဖြင့် ပြောဆိုလိုက်၏။

"ဒါပေါ့..."

ချင်းမင်က ခေါင်းညိတ်လိုက်သည်။ ရက်အနည်းငယ်သာ ကြာသေးသည့်အပြင် သူ၏မှတ်ဉာဏ်ကလည်း မညံ့ဖျင်းသဖြင့် သူ မည်သို့ မမှတ်မိဘဲ နေမည်နည်း။

အိုးယန်ရှောင်ရှောင်က ပြောဆိုသည်။

"ကျေးဇူးတင်ပါတယ်... ဒီတစ်ခါ ကျွန်မရဲ့အဖေ ပြန်ကောင်းလာတာ ရှင့်ရဲ့ဆရာကြောင့်ပါ... ရှင့်ဆရာသာ မရှိရင်..."

ချင်းမင်က လက်ကာပြလိုက်၏။

"ငါတို့ မိသားစုနှစ်စုက မဟာမိတ်တွေလေ... ဒါက ငါတို့ချင်းမိသားစု လုပ်သင့်တဲ့အရာပါ... သခင်ကြီးအိုးယန် အခု ဘယ်လိုနေသေးလဲ..."

"ကြည့်စမ်း... ကျွန်မ သတိမေ့နေလိုက်တာ..."

အိုးယန်ရှောင်ရှောင်က သူမ၏ခေါင်းကို နှစ်ချက်ခန့် ပုတ်လိုက်သည်။

"အဖေက ရှင့်ကို အထဲဝင်ခဲ့ဖို့ မှာလိုက်တယ်... ကျွန်မက ရှင်နဲ့ စကားပြောနေမိတာ..."

ထိုသို့ ပြောဆိုပြီးနောက် အိုးယန်ရှောင်ရှောင်က ရှေ့မှဦးဆောင်ကာ ချင်းမင်ကို အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။

"သခင်ကြီးအိုးယန်... ချင်းမင် ဂါရဝပြုပါတယ်..."

ချင်းမင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ်တွင် တင်လိုက်၏။

"ဒါတွေအားလုံးက သွေးချီကို အားဖြည့်ပေးတဲ့ ဆေးလုံးတွေပါ... သခင်ကြီး မြန်မြန်ပြန်ကျန်းမာလာမယ်လို့ မျှော်လင့်မိတယ်..."

"ချင်းမင်... မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ..."

အိုးယန်မိသားစုခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"မင်းလိုလူက ငါ့လို အဘိုးကြီးကို လာတွေ့တာနဲ့တင် ကျေးဇူးတင်လှပါပြီ... အခုလို လက်ဆောင်တွေပါ ယူလာရတယ်လို့... ဘယ်ဖြစ်မလဲ... ရှောင်ရှောင်... မြန်မြန် ပြန်ပေးလိုက်..."

"မလုပ်နဲ့... မလုပ်ပါနဲ့..."

ချင်းမင်က အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်၏။

"ဒါက ဂျူနီယာတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့စေတနာလေးပါ... ကျွန်တော်တို့က မိသားစု တစ်စုတည်းလိုပါပဲ... ကျွန်တော့်ကို အဲ့ဒီလောက်ထိ အားမနာပါနဲ့..."

"ချင်းမင်..."

အိုးယန်မိသားစုခေါင်းဆောင်က ခေါ်လိုက်သည်။

"ဗျာ..."

ချင်းမင်က အိုးယန်မိသားစုခေါင်းဆောင်ကို ကြည့်လိုက်၏။

"ကျေးဇူးတင်ပါတယ်..."

အိုးယန်မိသားစုခေါင်းဆောင်က စစ်မှန်သော ရိုးသားမှုဖြင့် ပြောဆိုသည်။

"ငါ့ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်က မင်းတို့ချင်းမိသားစုနဲ့ မဟာမိတ်ဖွဲ့ခဲ့တာပဲ... ပြီးတော့ ကံအကောင်းဆုံးက မင်းကို သိခွင့်ရခဲ့တာပဲ... ငါက ရာစုနှစ်တစ်ဝက်လောက် နေလာခဲ့ပြီးပြီ... ဘာအောင်မြင်မှုမှ မရှိခဲ့ဘူး..."

"သခင်ကြီးအိုးယန်... ကျေးဇူးပြုပြီး အဲ့ဒီလို မပြောပါနဲ့... အိုးယန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ရတာက ကျွန်တော်တို့ ချင်းမိသားစုရဲ့ ကံကောင်းခြင်းပါ..."

ချင်းမင်က နှိမ့်ချစွာ ပြောဆိုလိုက်သည်။

"ရှောင်ရှောင်... အဖေ ထိုင်လို့ရအောင် ကူပေးပါအုံး..."

အိုးယန်မိသားစုခေါင်းဆောင်က သူ၏သမီးကို ကြည့်လိုက်၏။

"အဖေ... အဖေက..."

အိုးယန်ရှောင်ရှောင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ငါ့ကို ထူပေးစမ်းပါ... ငါဘာမှ မဖြစ်ပါဘူး..."

အိုးယန်မိသားစုခေါင်းဆောင်က အတင်းအကြပ် ပြောဆိုလိုက်သည်။

ဖခင်ဖြစ်သူက အတင်းအကြပ်တောင်းဆိုနေသဖြင့် အိုးယန်ရှောင်ရှောင်သည် မလိုလားစွာဖြင့် အိုးယန်မိသားစုခေါင်းဆောင် ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။

ချင်းမင်ကလည်း ကူညီရန် အလျင်အမြန် လျှောက်လှမ်းသွားလိုက်၏။ အိုးယန်ရှောင်ရှောင်နှင့်ချင်းမင်တို့၏ အကူအညီဖြင့် အိုးယန်မိသားစုခေါင်းဆောင်သည် နောက်ဆုံးတွင် ထိုင်နိုင်သွားတော့သည်။

အခန်း ၁၇၄: မိသားစု အရှုပ်တော်ပုံ

"ချင်းမင်..."

အိုးယန်မိသားစုခေါင်းဆောင်က ချင်းမင်၏ လက်ဖမိုးကိုပုတ်ကာ ပြောဆိုသည်။

"မင်း ပြောစမ်းပါဦးကွာ... ငါက ဘယ်လောက်တောင် အရှုံးသမားတစ်ယောက်လဲဆိုတာ...ငါ့မှာ သားလေးယောက် ရှိတယ်... အဲ့ဒီကောင်တွေ အားလုံးက အိုးယန်မိသားစုရဲ့ စည်းစိမ်ကို လိုချင်လို့ ငါ့ကို သေစေချင်နေကြတယ်..."

ချင်းမင်က သူ့ကို နှစ်သိမ့်လိုက်၏။

"သခင်ကြီးအိုးယန်... အခြေအနေက သခင်ကြီး ထင်သလောက် မဆိုးဝါးလောက်ပါဘူး..."

အိုးယန်မိသားစုခေါင်းဆောင်က ခေါင်းခါယမ်းလိုက်သည်။

"ဒါက မိသားစု အရှုပ်တော်ပုံပါ... တကယ့်ကို အရှက်ရစရာပဲ... ဆက်မပြောတော့ဘူး... ငါ ဆက်မပြောတော့ဘူး... ဒါကို ဆက်ပြောနေရင် ငါ မျက်နှာက်ပျက်ရရုံပဲ ရှိလိမ့်မယ်..."

အိုးယန်မိသားစုခေါင်းဆောင်၏ မျက်နှာကို ကြည့်ရင်း ထိုလူ၏ အဆုံးစွန်သော စိတ်ပျက်အားငယ်မှုကို ချင်းမင် ကောင်းစွာမှန်းဆနိုင်သည်။

မူလက သူသည် ဤမိသားစုကြီးကို သူ၏သားများအတွက် တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ထိုသားများသည် စည်းစိမ်ဥစ္စာကို စောစီးစွာ ရယူရန်အတွက် သူ့ကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်နေကြသည်။

ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ချင်းမင်၏စိတ်ထဲ၌ အေးစက်သွားသည်။

"မင်းတို့ ချင်းမိသားစုရဲ့အခြေအနေက ဘယ်လိုလဲ... စီးမာမိသားစု ပျက်စီးသွားပြီလို့ ငါ ကြားတယ်..."

အိုးယန်မိသားစုခေါင်းဆောင်က စိတ်ဝင်တစား မေးမြန်းလိုက်၏။

သူသည် သမီးဖြစ်သူဆီမှ သတင်းအစအန အနည်းငယ်သာ ရရှိထားခြင်းဖြစ်ပြီး ကာယကံရှင်များ သိရှိထားသည်နှင့် ယှဉ်လျှင် အသေးအမွှားသာဖြစ်ပေမည်။

ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"ကျွန်တော်တို့က ကောင်းကင်ဘုံကို ကျေးဇူးတင်ရမှာပါ... ကောင်းကင်ဘုံရဲ့ အကူအညီသာ မပါရင် ကျွန်တော်တို့ ချင်းမိသားစုက ဒီအကျပ်အတည်းကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."

"တကယ်လား..."

အိုးယန်မိသားစုခေါင်းဆောင်က ချင်းမင်ကို ခပ်ဖျော့ဖျော့အပြုံးဖြင့် ကြည့်လိုက်၏။

အဘိုးအို၏သံသယအကြည့်ကို မြင်တွေ့ချိန်၌ ချင်းမင်က ပခုံးတွန့်ပြလိုက်သည်။

"စီးမာမိသားစုက အရမ်းမောက်မာလွန်းလို့ ကောင်းကင်ဘုံကတောင် သည်းမခံနိုင်တော့တာ ဖြစ်မှာပါ..."

အိုးယန်မိသားစုခေါင်းဆောင်က ထိုရှင်းပြချက်ကို လက်ခံလိုက်ပုံရပြီး ခေါင်းညိတ်လိုက်၏။

"ဒီတစ်ကြိမ်မှာ မင်းတို့ချင်းမိသားစုက လျှိုမြို့တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်တော့မယ် မဟုတ်လား..."

"အမှန်ပဲ..."

ချင်းမင်က ပွင့်ပွင့်လင်းလင်း တုံ့ပြန်အဖြေပေးသည်။

"ကောင်းကင်ဘုံက ပေးသနားတာကို ငြင်းပယ်လိုက်ရင် အပြစ်က ကိုယ့်ဆီ ပြန်ရောက်လာတတ်တယ်... အခုအချိန်မှာ အချိန်ကောင်း အခါကောင်းနဲ့ လူထုထောက်ခံမှုတွေ အားလုံးက ကျွန်တော်တို့ ချင်းမိသားစုဘက်မှာ ရှိနေတယ်... ကျွန်တော်တို့သာ လျှိုမြို့ကို မထိန်းချုပ်ရင်...နောက်ထပ် ပြဿနာတွေ ဘယ်လောက်ထိ ထပ်ဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."

အိုးယန်မိသားစုခေါင်းဆောင်ကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

"လောလောဆယ် လျှိုမြို့မှာ မင်းတို့ချင်းမိသားစု တစ်စုတည်းကသာ အင်အားအကြီးမားဆုံးပဲ... မင်း ဆန္ဒရှိရှိမရှိရှိ မြို့ထိန်းချုပ်မှုကို ရယူရလိမ့်မယ်...လျှိုမြို့တစ်မြို့လုံးကို မင်းတို့ ရဲ့အုပ်ချုပ်မှုအောက်မှာ ထားရှိတာက မြို့အတွက်လည်း ကောင်းမွန်ပါလိမ့်မယ်..."

လျှိုမြို့သည် မကြာသေးမီက ဖရိုဖရဲ ဖြစ်နေခဲ့သည်။ အမှန်အားဖြင့် စည်းလုံးညီညွတ်သော မြို့တစ်မြို့ကသာ ထိုမငြိမ်မသက်မှုများကို ပျောက်ကွယ်သွားစေနိုင်သည်။

"ဒါကြောင့် သခင်ကြီးအိုးယန်... စိတ်အေးအေးထားပါ... လျှိုမြို့တစ်မြို့လုံးက ချင်းမိသားစုပိုင် ဖြစ်သွားပြီ...အဲ့ဒါက အိုးယန်မိသားစုပိုင် ဖြစ်သွားပြီလို့လည်း ဆိုလိုတာပဲ... နောက်နောင် သခင်ကြီးက အနားယူပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလို့ ရပါပြီ..."

ချင်းမင်က စိတ်ရွှင်လန်းစွာဖြင့် ပြောဆိုလိုက်၏။

"ငါက မိသားစုခေါင်းဆောင်နေရာကို ငါ့ရဲ့ညီလေးဆီ လွှဲပေးဖို့ ဆုံးဖြတ်ပြီးပြီ... အိုးယန်မိသားစု ကိစ္စတွေနဲ့ ငါ့ကိုယ်ငါ ဒုက္ခမပေးတော့ဘူး..."

သခင်ကြီးအိုးယန်က သက်ပြင်းချလိုက်သည်။

"အဖေ..."

အိုးယန်ရှောင်ရှောင်က ပြောဆိုသည်။

"လျှိုမြို့က အခု ငြိမ်းချမ်းနေပြီပဲ... အဖေက မိသားစုခေါင်းဆောင် အနေနဲ့ စိတ်အေးလက်အေး နေလို့ရပါပြီ... တကယ်ကို စိတ်ပူစရာ မလိုတော့ပါဘူး..."

အိုးယန်မိသားစုခေါင်းဆောင်က လက်ကာပြလိုက်သည်။

"ငါသာ မိသားစုခေါင်းဆောင် ဆက်လုပ်နေရင် ငါ့ရဲ့ အဲ့ဒီ 'မလိမ္မာတဲ့ သား' တွေကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ..."

ကျားရဲတစ်ကောင်ပင်လျှင် သူ၏သားသမီးကို မစားပေ။ သို့သော် အကယ်၍ သူသာ မိသားစုခေါင်းဆောင် ဆက်လုပ်နေလျှင် သူ၏သားများကို အပြစ်ပေးရပေလိမ့်မည်။

အပေါ့ပါးဆုံး ပြစ်ဒဏ်က သူတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်ခြင်းဖြစ်ပြီး သူထံ၌ ထိုကဲ့သို့လုပ်ရက်မည့် စိတ်နှလုံးသားမျိုး မရှိချေ။

သူတို့ကို မသန်မစွမ်းဖြစ်အောင် လုပ်သည်ဖြစ်စေ သတ်ပစ်သည်ဖြစ်စေ...

ထိုကိစ္စမျိုးကို သူကိုယ်တိုင် မလုပ်ဆောင်လိုပါက သူသည် မိသားစုခေါင်းဆောင်ရာထူးကို သူ၏ညီထံ လွှဲပြောင်းပေးရပေမည်။ ထိုကြောင့် သူသည် ရာထူးကိုစွန့်လွှတ်လိုက်ပြီး သူ့သားများ၏ကျင့်ကြံဆင့်ကို ထိန်းသိမ်းပေးလိုက်သည်က ပိုကောင်းပေလိမ့်မည်။

ချင်းမင်က ပြုံးလိုက်၏။

"တကယ်တော့... ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း ရှိကောင်း ရှိနိုင်ပါသေးတယ်..."

"အမ်..."

အိုးယန်မိသားစုခေါင်းဆောင်က သူ့ကို နားမလည်စွာဖြင့် ကြည့်လေသည်။

အိုးယန်ရှောင်ရှောင်၏မျက်လုံးဝိုင်းလေးများလည်း ပြူးကျယ်သွားပြီး ချင်းမင်ကို သေချာကြည့်လိုက်သည်။

ချင်းမင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။

"ပထမဆုံးအနေနဲ့... မိသားစုခေါင်းဆောင် နေရာကို သွေးဝေးမျိုးဆက်ဆီ လွှဲပေးတာက အနာဂတ် ပဋိပက္ခကို မျိုးစေ့ချပေးလိုက်တာပဲ... အိုးယန်မိသားစုခေါင်းဆောင်ကသာ အဲ့ဒီလမ်းစကို ဖွင့်ပေးလိုက်ရင် အိုးယန်မိသားစုရဲ့ တခြား သွေးဝေးအဖွဲ့ဝင်တိုင်းကလည်း မိသားစုခေါင်းဆောင် နေရာကို လိုချင်တပ်မက်လာကြလိမ့်မယ်..."

All Chapters