အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း ၁၇၅: မြေးဆီ ရာထူးလွှဲပေးခြင်း
"ဒီလိုလုပ်တာက ဘယ်လို အန္တရာယ်တွေ ရှိတယ်ဆိုတာ ငါ ဘယ်လိုလုပ်ပြီးတော့ မသိဘဲ နေမလဲ..."
အိုးယန်မိသားစုခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်၏။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါကြောင့် မဖြစ်မနေ လိုအပ်လို့မှလွဲရင် အဲ့ဒီလိုမလုပ်တာက အကောင်းဆုံးပဲ...တကယ်တော့... သခင်ကြီးအိုးယန်... သခင်ကြီးသာ သိုင်းဘိုးဘေးနယ်ပယ်ကို ရောက်သွားရင် ဆက်ခံမယ့်သူ ကိစ္စကို စိတ်ပူစရာ မလိုတော့ဘူး... ပြီးတော့ အိုးယန်မိသားစုကို ဆက်လက်ပြီးတော့ အင်အားတောင့်တင်းအောင် လုပ်ဆောင်နိုင်လိမ့်မယ်..."
အိုးယန်မိသားစုခေါင်းဆောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါက အရမ်းခက်တယ်... သိုင်းဘိုးဘေးနယ်ပယ်ကို ရောက်ရင် သက်တမ်းတိုးသွားနိုင်တာ မှန်ပေမယ့် အဲ့ဒီကိစ္စက မလွယ်ဘူး...ချန်ယန်မြို့တစ်မြို့လုံးတောင် ကျင့်ကြံသူတွေအများကြီးကြားမှာ သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူ ဘယ်နှယောက် ရှိလို့လဲ... ငါတို့ အိုးယန်မိသားစုရဲ့ အခြေအနေနဲ့ ငါက ဘယ်လိုလုပ်ပြီးတော့ မြင့်မြတ်တဲ့ သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင်သူ ဖြစ်လာနိုင်မှာလဲ..."
သိုင်းဘိုးဘေးနယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် သက်တမ်းကို နှစ်ပေါင်းတစ်ရာအထိ တိုးမြှင့်နိုင်ပြီး ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ အိပ်မက်မက်နေကြသည့် အရာပင်။ သို့သော် သိုင်းဘိုးဘေးနယ်ပယ်သို့ ရောက်ရှိရန်အတွက် တစ်စုံတစ်ယောက်သည် ပါရမီအရည်အချင်း လိုအပ်ရုံသာမက ကြီးမားသော အရင်းအမြစ် ပမာဏလည်း လိုအပ်သည်။
သေးငယ်သော အိုးယန်မိသားစု အနေဖြင့် သူ့ကို သိုင်းဘိုးဘေးနယ်ပယ်အထိ ရောက်ရှိအောင် ပံ့ပိုးပေးရန် မလုံလောက်ပေ။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အဲ့ဒါက ပြောဖို့ ခက်ပါတယ်..."
သူတို့ ပြန်မပြောနိုင်သေးမီမှာပင် ချင်းမင်က ဆက်လက်၍ ပြောဆိုလိုက်၏။
"နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်... အဲ့ဒါကတော့ ရာထူးကို သခင်ကြီးရဲ့မြေးဆီ လွှဲပေးလိုက်တာပဲ..."
"ငါ့ရဲ့မြေးဆီ ရာထူးလွှဲပေးရမယ်....ဟုတ်လား..."
အိုးယန်မိသားစုခေါင်းဆောင်က စဉ်းစားလိုက်သည်။ ဤသည်မှာ ပြီးပြည့်စုံခြင်း မရှိသော်လည်း နည်းလမ်းတစ်ခုတော့ ဖြစ်နေဆဲပင်။
မိသားစုခေါင်းဆောင်ရာထူးကို ပုံမှန်အားဖြင့် အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သူထံသို့ လွှဲပြောင်းပေးလေ့ရှိသော်လည်း လက်ရှိ အိုးယန်မိသားစု၏အခြေအနေအရ မြေးများ ရင့်ကျက်လာသည်အထိ စောင့်ဆိုင်း၍ မရနိုင်ပေ။
ရာထူးကို မြေးထံသို့ လွှဲပြောင်းပေးခြင်းက သွေးဝေးဆွေမျိုးထံသို့ လွှဲပြောင်းပေးခြင်းထက် ပို၍ကောင်းမွန်ပေမည်။
"ဒါ့ပြင်... သခင်ကြီးအိုးယန်... သခင်ကြီးက သူတို့ကို ပြိုင်ဆိုင်ခိုင်းလို့ ရတယ်... အလားအလာရှိတဲ့မြေးဆိုရင် ဘယ်သူပဲဖြစ်ဖြစ် သခင်ကြီးက ရာထူးကို သူ့ဆီ လွှဲပေးလိုက်ပေါ့...အဲ့ဒီလိုဆိုရင် သခင်ကြီးရဲ့သားတွေက သူတို့ရဲ့သားတွေကို အသည်းအသန် ပညာသင်ပေးကြမှာ မဟုတ်ဘူးလား..."
ချင်းမင်က ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အိုးယန်မိသားစုခေါင်းဆောင်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"ဒါက တကယ့်ကို အကြံကောင်းပဲ...ချင်းမင်... ငါမင်းကို တကယ်ပဲ ကျေးဇူးတင်ရမယ်..."
အိုးယန်မိသားစုခေါင်းဆောင်က သူ၏လက်ကို ပူးဆုပ်ကာ ပြောဆိုသည်။
"မင်းက ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ..."
ချင်းမင်က လက်ကာပြလိုက်၏။
"ဒါက သခင်ကြီးတို့ရဲ့ မိသားစု ကိစ္စပါ... ကျွန်တော့်ကို ဝင်ပါတယ်လို့ သဘောမထားသရွေ့ ကျွန်တော် ကျေနပ်နေပါပြီ... ကျေးဇူးတင်စရာ မလိုပါဘူး..."
"မိုးချုပ်နေပြီ... သခင်ကြီးရဲ့ အနားယူချိန်ကို မနှောင့်ယှက်တော့ပါဘူး..."
ချင်းမင်က ဦးညွှတ်အရိုအသေပြုလိုက်သည်။
အိုးယန်မိသားစုခေါင်းဆောင်သည် ပြင်းထန်သောရောဂါမှ ပြန်လည်သက်သာလာခါစ ဖြစ်သဖြင့် ပို၍အနားယူသင့်သည်။
"ရှောင်ရှောင်... ဘာလို့ ချင်းမင်ကို လိုက်မပို့တာလဲ..."
အိုးယန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။
အိုးယန်ရှောင်ရှောင်၏ဦးဆောင်မှုဖြင့် ချင်းမင်က အိပ်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။
"ချင်းမင်... ဒီတစ်ကြိမ်မှာ ရှင့်ကို ကျေးဇူးတင်ရမယ်... ရှင်က ကျွန်မတို့ အိုးယန်မိသားစုအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးလိုက်တာပဲ..."
အိုးယန်ရှောင်ရှောင်က ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။
ချင်းမင်က ခေါင်းကုတ်ပြီး တုံ့ပြန်ပြောဆိုလိုက်၏။
"တကယ်တော့ သခင်ကြီးအိုးယန်လည်း ဒီနည်းလမ်းကို သေချာပေါက် တွေးမိမှာပါ... သူက အခု သူ့ရဲ့သားတွေကို ဒေါသထွက်နေလို့ အဲ့ဒီလိုမျိုး မတွေးချင်တော့တာပဲဖြစ်မယ်..."
ကိုယ်ချင်းစာကြည့်လိုက်လျှင် ချင်းမင် ကိုယ်တိုင်သာ ထိုကဲ့သို့ အခြေအနေနှင့် ကြုံတွေ့ရပါက သူ ပို၍ပင် စိတ်ဆင်းရဲနေပေမည်။ မိသားစုကို တိုက်ရိုက်ဖျက်သိမ်းမပစ်လိုက်ခြင်းကပင် အိုးယန်မိသားစုခေါင်းဆောင်သည် အလွန်တည်ငြိမ်သူဟု ယူဆရပေမည်။
"ဘာပဲဖြစ်ဖြစ်... ရှင့်ရဲ့လမ်းညွှန်မှုကြောင့် အဖေက အများကြီး လန်းဆန်းလာတယ်..."
အိုးယန်ရှောင်ရှောင်က ပြုံးလိုက်သည်။ ဤကာလသည် သူမကို အမှန်တကယ် ပင်ပန်းနွမ်းနယ်စေခဲ့သည်။
သူမ၏ဖခင် အသည်းအသန် ဖျားနာနေကာ မိသားစုတွင်း၌ ပဋိပက္ခများ ရှိနေသေးပြီး လျှိုမြို့ကလည်း ရှုပ်ထွေးနေသည်။ ဤကိစ္စများသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသဖြင့် သူမကို အသက်ရှူမဝအောင် ဖြစ်စေခဲ့ပေ၏။
ယခုချိန်၌ သူမ၏ဖခင် နိုးထလာပြီဖြစ်သည့်အပြင် လျှိုမြို့သည်လည်း ငြိမ်းချမ်းလာတော့ပေမည်။ သူမ၏အစ်ကိုများသည်လည်း မိသားစုခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ရန် စိတ်ကူးမရှိကြတော့ပေ။ သူတို့သည် ယခုအချိန်တွင် သူတို့၏အသက် ရှင်သန်အောင် မည်သို့လုပ်ဆောင်ရမည်ကိုသာ တွေးတောနေကြပေမည်။
ရုတ်တရက် လေးလံသော ဝန်ထုပ်ဝန်ပိုး အားလုံး ပျောက်ကွယ်သွားသဖြင့် သူမသည် ထူးခြားစွာ လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအကြောင်းကို တွေးမိရင်း အိုးယန်ရှောင်ရှောင်က တည်ကြည်လေးနက်သောအသံဖြင့် ထပ်မံ၍ ပြောဆိုသည်။
"ချင်းမင်... ဒီတစ်ကြိမ်မှာ ရှင့်ရဲ့ဆရာသာ မရှိရင် ကျွန်မတို့ အိုးယန်မိသားစု သေချာပေါက် ပျက်စီးသွားလောက်ပြီ... ကျေးဇူးတင်ပါတယ်...ရှင်က ကျွန်မတို့ အိုးယန်မိသားစုတစ်စုလုံးကို ကယ်တင်ပေးခဲ့တာပါ..."
သူမ၏ဖခင်ကို ကယ်တင်ပေးခဲ့သူမှာ ချင်းမင်၏ဆရာဖြစ်သော်လည်း သူ့၏သြဇာလွှမ်းမိုးမှုကြောင့်သာ ဖြစ်ကြောင်း လူများအားလုံး သိထားကြသည်။
ချင်းမင်သာ မရှိလျှင် မဟာဆေးပညာရှင်တစ်ဦးသည် လူတစ်ယောက်ကို ကုသပေးရန် လွယ်လင့်တကူ သဘောတူညီမည် မဟုတ်ပေ။
အခန်း ၁၇၆: အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်း ဆေးလုံး
"ဒါက ဘာမှမဟုတ်ပါဘူး..."
ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်၏။
"ကျွန်တော်တို့ ချင်းမိသားစုနဲ့ အိုးယန်မိသားစုက မဟာမိတ်တွေလေ... မဟုတ်ဘူးလား... မဟာမိတ်တွေဆိုတာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပေါ့..."
"ဟုတ်ပါတယ်..."
အိုးယန်ရှောင်ရှောင်က ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
"ကျွန်မအဖေက သူ့ရဲ့ဘဝမှာ လုပ်ခဲ့သမျှ အကောင်းဆုံး ဆုံးဖြတ်ချက်က ချင်းမိသားစုနဲ့ မဟာမိတ်ဖွဲ့လိုက်တာပဲလို့ ကျွန်မ ထင်တယ်..."
"ကျွန်တော်တို့ ချင်းမိသားစုအနေနဲ့ မင်းတို့ အိုးယန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ရတာလည်း ကျွန်တော်တို့ရဲ့ ကံကောင်းခြင်းပါပဲ..."
ချင်းမင်က အော်ဟစ်ရယ်မောရင်း ပြောဆိုလိုက်၏။
"ကဲ... ကျွန်တော် ပြန်လိုက်ပါအုံးမယ်... ချင်းမိသားစုမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးလို့ပါ..."
သူသည် ယနေ့အတွက် ကျင့်ကြံခြင်းအစီအစဉ်ကိုပင် မပြီးဆုံးသေးချေ။ ဤနေရာတွင် သူ အချိန်ဖြုန်းနေ၍ မဖြစ်ချေ။
"အင်း..."
အိုးယန်ရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"ရှင် လုပ်စရာရှိတာ လုပ်လိုက်ပါအုံး... ကျွန်မ လိုက်မပို့တော့ဘူးနော်..."
ချင်းမင်၏ပုံရိပ် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အိုးယန်ရှောင်ရှောင်သည် အချိန်တခဏကြာသည်အထိ ငေးမောကြည့်နေမိသည်။
သူမ မျှော်လင့်ချက်မဲ့ပြီး အားအငယ်ဆုံး ဖြစ်နေချိန်တွင် သူမ၏ဖခင်ကို ကယ်တင်ပေးပြီး အိုးယန်မိသားစုကို ကယ်တင်ပေးခဲ့သူမှာ ချင်းမင်ပင်။
ပြီးပြည့်စုံခြင်းအဆင့် အဆိပ်ဖြေဆေးလုံး တစ်လုံး...
ဤသည်က မည်မျှထိ တန်ဖိုးရှိလိုက်သနည်း...
ချင်းမိသားစုက သူမ၏ဖခင်ကို ထိုဆေးလုံးအား သုံးစွဲခွင့်ပေးခဲ့ပြီးနောက် မည်သည့်အရာကိုမျှ ပြန်မတောင်းဆိုခဲ့ချေ။
ဤမျှထိကြီးမားသော ကျေးဇူးတရားကို သူမ၏ စိတ်နှလုံးသားထဲတွင် မည်သည်ကြောင့် အမှတ်မရဘဲ နေနိုင်မည်နည်း။
မြို့တော်ဝန်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ချင်းမင်က သူ၏အိပ်ခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ချင်းမိသားစုတွင် ဖြေရှင်းရန် အသေးအဖွဲကိစ္စရပ်တချို့သာ ကျန်ရှိနေလေရာ သူ၏ဖခင်အနေဖြင့် အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်သည်။ ယခုအချိန်တွင် သူ့အတွက် အဓိကဦးစားပေးကိစ္စမှာ ကျင့်ကြံအားထုတ်ရန်နှင့် သူ တည်ထောင်ခဲ့သော ဂိုဏ်းကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်ပင်။
ချင်းမင်သည် မြက်ဖျာပေါ်တွင် ပလ္လင်ခွေထိုင်ပြီး ယနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်၏။
ယနေ့တွင် သူသည် အဆင့်လေး စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကို အသုံးပြုရန် စီစဉ်ထားသည်။ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများဖြင့် ကျင့်ကြံခြင်းသည် သူလိုချင်သော ကျင့်ကြံမှုအမြန်နှုန်းကို ပေးစွမ်းနိုင်ခြင်း မရှိတော့ချေ။
သိုင်းဆရာကြီးနယ်ပယ်တွင် အဆင့်မြင့်လာလေလေ စိတ်ဝိညာဉ်စွမ်းအင် လိုအပ်ချက်များ ပို၍များပြားလာလေလေပင်။ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများမှ ရရှိသော စွမ်းအားပမာဏကို ကြည့်ခြင်းအားဖြင့် သူသည် သိုင်းဆရာကြီးနယ်ပယ်တွင် တစ်နှစ်လုံးလုံး ကြာမြင့်နေနိုင်ဖွယ်ရှိသည်။
ထိုတိုးတက်မှုပမာဏသည် ချင်းမင်အတွက် အလွန်နှေးကွေးသည်။
သူသာ သိုင်းဆရာကြီးနယ်ပယ်တွင် တစ်နှစ်ကြာနေရမည် ဆိုလျှင် မဟာသိုင်းဆရာကြီးနယ်ပယ် တွင် ငါးနှစ်နှင့် သိုင်းဘိုးဘေးနယ်ပယ် တွင် အနှစ်နှစ်ဆယ် ကြာနေမည် မဟုတ်ပါလော။ သူ ဤမျှထိ စောင့်ဆိုင်းမနေနိုင်ချေ။
မကြာသေးမီက လှုပ်ရှားမှု မရှိသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော ကင်းမြီးကောက် အင်အားစုအကြောင်းကို ချင်းမင် မှတ်မိနေဆဲပင်။
သို့သော် သူတို့၏တိတ်ဆိတ်နေမှုကပင် ချင်းမင်ကို ဖိအားပေးနေသကဲ့သို့ ဖြစ်စေသည်။ အကယ်၍ သူတို့ လှုပ်ရှားလာလျှင် ဤသည်က သေစေနိုင်သော တိုက်ခိုက်မှု သို့မဟုတ် သေစေနိုင်သော ထောင်ချောက်တစ်ခု ဖြစ်လာနိုင်သည်။
ထို့ပြင် သူ၏ဆရာအတွက် လက်စားချေရန်နှင့် ဆရာ၏ဒဏ်ရာများကို ကုသပေးနိုင်မည့် စိတ်ဝိညာဉ်ဆေးပင်များကို ရှာဖွေရန်အတွက် သူ့ထံတွင် လုံလောက်သော စွမ်းအားရှိရန် လိုအပ်သည်။
အရာအားလုံးအတွက် စွမ်းအားလိုအပ်ပြီး ယခုအချိန်တွင် သူသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမနေနိုင်ချေ။
မည်သည့်အညစ်အကြေးမှမပါဘဲ ကြည်လင်တောက်ပနေသော အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်းဆေးလုံးကို ကြည့်ရင်း ချင်းမင်သည် အံ့တင်းတင်းကြိတ်ကာ သူ၏ပါးစပ်ထဲသို့ ထည့်ပြီး မျိုချလိုက်၏။
ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဉ်စွမ်းအင်များသည် ဒီရေလှိုင်းများအလား သူ၏ဒန်တျန် အတွင်းသို့ တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးပျံပူဖောင်းကဲ့သို့ ဖောင်းပွလာသည်အား သူ ခံစားလိုက်ရသည်။
"အား..."
ချင်းမင်က အော်ဟစ်ပြီး သူ၏ရင်ဘတ်ကို အသည်းအသန် ထုရိုက်လိုက်သည်။ သူ၏ပါးစပ်မှသွေးတစ်လုတ် အန်ထွက်လာပြီး ထိုသွေးများနှင့်အတူ အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်းဆေးလုံးလည်း ထွက်ကျလာပေ၏။
ဝုန်း...
တံခါးကို ကြမ်းတမ်းစွာ တွန်းဖွင့်လိုက်ပြီး လူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။
ကြမ်းပြင်ပေါ်ရှိ သွေးများကို မြင်သောအခါ ထိုလူ၏မျက်နှာထား ပြောင်းလဲသွားတော့သည်။
"ချင်းမင်... မင်း အဆင်ပြေရဲ့လား..."
"ကျွန်တော် အဆင်ပြေပါတယ်... အခု တော်တော်လေး သက်သာသွားပါပြီ..."
ဆရာဖြစ်သူချင်းယန်၏ စိုးရိမ်ပူပန်သော အမူအယာကြောင့် ချင်းမင်၏စိတ် နွေးထွေးသွားကာ ပြောဆိုလိုက်သည်။
အကြီးအကဲချင်းသည် သွေးများအကြားမှ ဆေးလုံးကို တွေ့ရှိသွားပြီး ကောက်ယူကာ အနံ့ခံကြည့်ပြီးနောက် လန့်ဖျပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ချင်းမင်... ဒါက အဆင့်လေး ချီသန့်စင်ခြင်းဆေးလုံးပဲ..."
ချင်းမင်၏ ဆေးပညာစွမ်းရည်သည် သူ့ထက် များစွာသာလွန်သဖြင့် မှားယွင်းသောဆေးလုံးကို သောက်သုံးမိရန် အကြောင်းမရှိပေ။ ဆိုလိုသည်မှာ ချင်းမင်သည် ထိုဆေးလုံးကို တမင်သက်သက် မျိုချလိုက်ခြင်းပင်။ သို့ရာတွင် သူသည် မည်သည်ကြောင့် အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးကို သောက်ရသနည်း။
သူ၏လက်ရှိ ကျင့်ကြံဆင့်အတွက် ဒုတိယအဆင့် ချီတိုးမြှင့်ခြင်းဆေးလုံးသာ လိုအပ်ကြောင်း သူ မသိသလော။ သူ ကျင့်ကြံဆင့်ကို အတင်းအကြပ် တိုးမြှင့်ချင်လျှင်ပင် ချီစုစည်းခြင်းဆေးလုံးဆိုလျှင် အဆင်ပြေပေမည်။
သို့သော် အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးကို သူ သောက်သုံးခြင်းက သေလမ်းရှာခြင်းနှင့် ထပ်တူထပ်မျှပင်။
အခန်း ၁၇၇: သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်
ချင်းမင်က အားအင်ချည့်နဲ့စွာဖြင့် ခေါင်းညိတ်ပြပြီး သူ၏ဆရာကို ကြည့်လိုက်၏။
"ချင်းမင်... မင်းက ဘာလို့ အဆင့်လေးဆေးလုံးကို သောက်ရတာလဲ...မင်းရဲ့ ပါရမီနဲ့ဆိုရင် ပုံမှန်လေး ကျင့်ကြံသွားရုံနဲ့ အနည်းဆုံး သိုင်းဝိညာဉ်နယ်ပယ်ကို ရောက်နိုင်ပြီးတော့ နှစ်တစ်ထောင်လောက် အသက်ရှည်နိုင်တယ်...မင်းရဲ့ ဆေးပညာစွမ်းရည်နဲ့ ပေါင်းစပ်လိုက်ရင် သိုင်းဘုရင်နယ်ပယ်ကို ဘာအနှောင့်အယှက်မှ မရှိဘဲ ချိုးဖျက်ဝင်ရောက်နိုင်မှာပဲ..."
အကြီးအကဲချင်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ ချင်းမင်၏ ဆေးပညာစွမ်းရည်နှင့်ဆိုလျှင် သူသည် အရင်းအမြစ် ပြတ်လပ်မှု ရှိမည်မဟုတ်ပေ။
ရှေ့ဆက်ရမည့် သူ၏ ကျင့်ကြံခြင်းလမ်းခရီးသည် အကြွင်းမဲ့ ဖြောင့်ဖြူးနေသည်ဟု ပြောနိုင်သည်။
သူ့ထံ၌ စွန့်စားရမည့် အကြောင်းရင်း လုံးဝမရှိပေ။
"စိတ်မပူပါနဲ့... ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ မစွန့်စားတော့ပါဘူး..."
ချင်းမင်က ကတိပေးလိုက်ရသည်။
ချင်းမင်သည် သူ့အကန့်အသတ်ကို သူသိသည်ဟု ယုံကြည်သဖြင့် အကြီးအကဲချင်းသည် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
ချင်းမင်သည် သူ့အတွက် စိတ်ဝိညာဉ်ဆေးပင် များကို ရှာဖွေပေးရန် စွမ်းအားတိုးမြှင့်ရန်ကို အသည်းအသန် ကြိုးစားနေကြောင်း သူလုံးဝမသိခဲ့ပေ။
ချင်းမင်သည် ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး ကုသရန်အတွက် သူ၏စွမ်းအင်ကို လှည့်ပတ်လိုက်သည်။
သူကျင့်ကြံထားသော နဂါးရိုင်းနည်းစနစ်သည် မူလကတည်းက ခန္ဓာကိုယ်ကို သန်မာစေသော အာနိသင်များ ရှိနှင့်ပြီးသား ဖြစ်သည်။ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးနှင့် ပေါင်းစပ်လိုက်ချိန်၌ သူ၏မျက်နှာအသွေးအရောင်သည် အချိန်တခဏအတွင်းမှာပင် ပုံမှန်ပြန်ဖြစ်သွားပြီး အတွင်းဒဏ်ရာများလည်း ပျောက်ကင်းလုနီးပါးဖြစ်သွားသည်။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ အကြီးအကဲချင်း စိတ်သက်သာရာ ရသွားသည်။ ချင်းမင်၏ အခြေခံအုတ်မြစ်သည် မယုံနိုင်လောက်အောင် ခိုင်မာလွန်းသဖြင့် ဤကဲ့သို့ ဒဏ်ရာမျိုးပင်လျှင် ချက်ချင်းဆိုသလို ပျောက်ကင်းသွားပေ၏။
"ကောင်းပြီ... မင်း ကုသဖို့ကို အာရုံစိုက်လိုက်တော့... ငါ မင်းကို မနှောင့်ယှက်တော့ဘူး..."
ထိုသို့ပြောဆိုပြီးနောက် အကြီးအကဲချင်းက စိတ်ချလက်ချ ထွက်ခွာသွားသည်။
ယနေ့တွင် ချင်းမင်၏ခန္ဓာကိုယ်တွင်းအင်္ဂါများ ထိခိုက်မိသွားသဖြင့် ဆက်လက်၍ကျင့်ကြံရန် မသင့်တော်တော့ချေ။ ထို့ကြောင့် ချင်းမင်သည် ပြန်လည်သက်သာလာစေရန် အနားယူလိုက်ရသည်။
"ဟူး... ဒီရက်ပိုင်း ပြဿနာတွေချည်းပဲ..."
ချင်းမင်က သက်ပြင်းချလိုက်သည်။
ပထမဆုံး ခေါင်းကိုက်စရာကိစ္စမှာ သူ တည်ထောင်ထားသော အင်အားစုပင်။
သူ၏မူလအစီအစဉ်မှာ သတင်းအချက်အလက် စုဆောင်းရန်နှင့် မိသားစုကို လျှို့ဝှက်ကာကွယ်ရန်အတွက် လေလွင့်သိုင်းပညာရှင်တချို့ကို စုဆောင်းရန်သာဖြစ်သည်။
အစီအစဉ်များ ပြောင်းလဲသွားပြီး ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်မိသား ဖြစ်သွားလိမ့်မည်ဟု မည်သူက ကြိုတွေးမိမည်နည်း။
ဂိုဏ်းကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် သီးခြား အင်အားစုတစ်ခုကို တည်ထောင်ရန် သူ့ထံ၌ အချိန်မရှိတော့ပေ။
ထို့ပြင် ဂိုဏ်းသားများကလည်း ကျင့်ကြံခြင်းကို တစ်ကြိမ်တစ်ခါမျှ သင်ယူဖူးခြင်းမရှိသော လူငယ်များသာ ဖြစ်နေသည်။ သူတို့်သည် မည်သည့်အချိန်မှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မည်ကို မည်သူ သိနိုင်မည်နည်း။
ဒုတိယ ပြဿနာမှာ သူ၏ကျင့်ကြံရေးကိစ္စပင်။ အဆင့်လေး စိတ်ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးကို အသုံးပြု၍ မရသဖြင့် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများဖြင့်သာ သူ ကျေနပ်ရတော့မည်။
သို့သော် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်း ဆေးလုံးများသည် သူ လိုအပ်သော ကျင့်ကြံဆင့်အမြန်နှုန်းအတွက် အလွန်နှေးကွေးလွန်းသည်။ ထိုကြောင့် ပြဿနာနှစ်ခုလုံး မပြေလည်သေးချေ။
မတတ်သာသည့်အဆုံး ချင်းမင်သည် သူ၏ခန္ဓာကိုယ်မှ သွေးများကို သန့်စင်ရှင်းလင်းလိုက်ပြီး တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်၏။
သူသည် ကျင့်ကြံခြင်းကို မြန်ဆန်စေရန် အဆင့်လေးဆေးလုံးကို သောက်ခဲ့သော်လည်း အလျင်လိုသူ လမ်းပျောက်ဆိုသကဲ့သို့ နှောင့်နှေးမှုများသာ ဖြစ်စေခဲ့သည်။
ချင်းမင် ပြင်ပသို့ ထွက်လိုက်သည်နှင့် သူ၏ ညီမလေးချင်းချင်းက အပြေးအလွှား ရောက်လာပြီး အော်ဟစ်ပြောဆိုသည်။
"အစ်ကို... ညီမရဲ့သကြားလုံးတွေ ကုန်သွားပြီ..."
"ဘယ်လို... အစ်ကို ပေးထားတာ အလုံးတစ်ရာကျော်တောင် ရှိတာကို... အကုန်စားလိုက်ပြီလား..."
ချင်းမင်က အံ့အားတသင့် မေးမြန်းလိုက်၏။
ချင်းချင်း၏ပါးပြင်များ နီမြန်းသွားသည်။
"မနေ့က ညီမ အရမ်းပျော်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ... တစ်လုံးပြီးတစ်လုံး စားလိုက်တာ... အဲ့ဒါနဲ့ ကုန်သွားတယ်..."
ထိုသကြားလုံးများသည် အလွန်အရသာရှိပြီး ချင်းမင် ပေးထားသည်ကလည်း အများကြီး ဖြစ်သဖြင့် ချင်းချင်းသည် တစ်လုံးကို စစားလိုက်သည်နှင့် မရပ်နိုင်တော့ဘဲ အကုန်လုံးကို စားပစ်လိုက်ခြင်းဖြစ်သည်။
ချင်းမင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သော်လည်း မည်သည့်စကားမျှ မပြောတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ညီမအတွက်သာ ဖြစ်သဖြင့် ကုန်သွားလျှင်လည်း သူ ထပ်မံ၍ ဖော်စပ်ပေးရုံသာ ရှိပေမည်။
အစ်ကိုဖြစ်သူ ခေါင်းခါယမ်းလိုက်သည်ကို မြင်တွေ့ချိန်၌ ချင်းချင်း၏မျက်လုံးများ တောက်ပသွားကေ၏။
"အစ်ကို... ညီမမှာ သတင်းကောင်း ရှိတယ်..."
"ဘာသတင်းကောင်းလဲ..."
ချင်းမင်က ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။
သူ၏ညီမထံတွင် ဘာသတင်းကောင်း ရှိနိုင်မည်နည်း။ အဝတ်အစားလှလှလေးများ ဝယ်လာခြင်း သို့မဟုတ် မုန့်ကောင်းကောင်းများနှင့် ကစားစရာများ ဝယ်လာခြင်းသာ ဖြစ်မည်ဟု သူတွေးတောလိုက်မိသည်။
ချင်းချင်းက အပြုံးနှင့် ပြောဆိုသည်။
"ညီမက သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားပြီ... မြန်တယ် မဟုတ်လား... ညီမက တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်လေးပဲ..."
ချင်းမင်က သူမကို မယုံနိုင်စွာ ကြည့်လိုက်၏။ အစ်ကိုတစ်ယောက် အနေဖြင့် ချင်းချင်း၏ အကျင့်စရိုက်ကို သူ အသိဆုံး ဖြစ်ပေ၏။
ဤရက်ပိုင်းတွင် အိမ်တော်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ချင်းချင်းသည် ကျင့်ကြံမည် မဟုတ်သည်မှာ သေချာပေါက်ပင်။