အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း ၁၇၈: စားရင်းနဲ့ အဆင့်တက်ခြင်း
ချင်းမင်က သူ၏ညီမလေးသည် မည်သည်ကြောင့် သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်ကို တွေးတောနေမိသည်။
ဖြစ်နိုင်တာက... အဲ့ဒီ သကြားလုံးတွေလား....
"တကယ်လား...ညီမလေးက ဘယ်လိုလုပ်ပြီး သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းသွားတာလဲ..."
ချင်းမင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
အစ်ကိုဖြစ်သူ၏ တည်ကြည်လေးနက်သော အမူအယာကို မြင်တွေ့လိုက်ရသဖြင့် ချင်းချင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး သူမ၏အင်္ကျီထောင့်စွန်းကို လိမ်ကျစ်ရင်း တီးတိုးပြောဆိုလိုက်၏။
"ညီ... ညီမလည်း မသိဘူး... ညီမက ဒီအတိုင်း စားနေရင်းနဲ့... သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားတာပဲ..."
ထိုစကားကိုကြားချိန်၌ ချင်းမင်က အလွန်ဝမ်းသာသွားသည်။ သူ့တပည့်များ၏ ကျင့်ကြံဆင့်ကို မည်သို့လျှင်မြန်စွာ မြှင့်တင်ပေးရမည်နည်းဟု သူ စိတ်ပူနေခဲ့ရာ... ဤသကြားလုံးများသည် ပြီးပြည့်စုံနေသည် မဟုတ်လော။
သကြားလုံးများသည် အဆင့်မဲ့ဆေးလုံးများ ဖြစ်ပြီး ဆေးအဆိပ် လုံးဝမပါရှိသဖြင့် ပမာဏအမြောက်အများကို စိတ်ချလက်ချ စားသုံးနိုင်သည်။
သူ၏အရည်အချင်းနှင့်ဆိုလျှင် သကြားလုံး အမြောက်အများကို လွယ်လင့်တကူ ဖော်စပ်နိုင်ပြီး သူ၏တပည့်များကို ရူးသွပ်လုမတတ် စားခိုင်းနိုင်ပေ၏။
ဤဆေးလုံးများ၏ အကူအညီဖြင့် ကျင့်ကြံခြင်း လုံးဝမရှိသော ထိုတပည့်များသည် သူတို့၏စွမ်းအားကို လျှင်မြန်စွာ တိုးတက်စေနိုင်မည်ဟု သူ ယုံကြည်သည်။
"လာ... သကြားလုံး သွားဖော်စပ်ကြမယ်..."
ချင်းမင်က ရယ်မောရင်း ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်၌ ချင်းချင်းသည် ပျော်ရွှင်စွာဖြင့် ချင်းမင်၏နောက်သို့လိုက်ကာ ဆေးဖော်စပ်ခန်းဆီသို့ ထွက်ခွာသွားသည်။
ဆေးဖော်စပ်ခန်းအတွင်း၌ ချင်းမင်သည် သူ၏ညီမအတွက် ပြီးပြည့်စုံခြင်းအဆင့် သကြားလုံး အလုံးတစ်ရာကို ဖော်စပ်ပေးလိုက်သည်။ သူ ဖော်စပ်ပြီးသည်နှင့် စိတ်မရှည်သော သူ၏ညီမသည် ဆေးလုံးများကို ဆွဲယူကာ လေကဲ့သို့ အလျင်အမြန် ပြေးထွက်သွားလေ၏။
ချင်းမင်က ခေါင်းခါလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တစ်ယောက်လောက် လာခဲ့အုံး..."
ချင်းမိသားစုအစေခံတစ်ဦးက အခန်းထဲသို့ ဝင်လာပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"သခင်လေးချင်း... ဘာများ ခိုင်းစေချင်တာ ရှိလို့ပါလဲ..."
ချင်းမင်သည် ချင်းမိသားစု၏ တစ်ဦးတည်းသော သခင်လေး ဖြစ်သဖြင့် သူ၏အမိန့်ကိုနာခံရန် အမြဲတစေ အဆင်သင့် စောင့်ဆိုင်းနေသူများ ရှိသည်။
ချင်းမင်သည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ အဆင့်မဲ့ စိတ်ဝိညာဉ်ဆေးပင်တချို့၏ အမည်များကို ရေးချလိုက်ပြီး ထိုစာရွက်ကို အစေခံအားပေးကာ ညွှန်ကြားလိုက်သည်။
"ဒီဆေးပင်တွေကို သွားပြီးစုဆောင်းပေးပါ... များများရလေ ကောင်းလေပဲ..."
သကြားလုံးဖော်စပ်ရာတွင် အသုံးပြုသော စိတ်ဝိညာဉ်ဆေးပင်များသည် အဆင့်မဲ့ဆေးပင်များ ဖြစ်ပြီး ဈေးပေါကာ လျှိုမြို့တွင် ပေါများသည်။ ထိုအရာများသည် သူ၏လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဟု သူယုံကြည်သည်။
စာရွက်ကို ဂရုတစိုက် ယူလိုက်ပြီး အစေခံသည် အမိန့်အတိုင်း ဆောင်ရွက်ရန် အလျင်အမြန် ထွက်ခွာသွားပေ၏။
ချင်းမင်ကလည်း ဆေးဖော်စပ်ခန်းမှထွက်ခွာပြီး သူ့ဖခင်၏စာကြည့်ခန်းသို့ သွားလိုက်သည်။
"ချင်းမင်... ရောက်လာပြီလား..."
ချင်းယွမ်က ချင်းမင်ကို ကြည့်ပြီး မေးလိုက်သည်။
"သခင်ကြီးအိုးယန်ရဲ့ အခြေအနေ ဘယ်လိုလဲ..."
သူ၏ချင်းမိသားစု အကျပ်အတည်းနှင့် ကြုံနေရစဉ်က သခင်ကြီးအိုးယန်၏ကိစ္စများကို ကူညီ၍ဖြေရှင်းရန် သူ့ထံ၌ အချိန်နှင့်အင်အား မရှိခဲ့ချေ။
ယခုချိန်၌ ချင်းမိသားစု၏ အကျပ်အတည်း ပြီးဆုံးသွားပြီး လျှိုမြို့တစ်ခုလုံးကို ထိန်းချုပ်တော့မည်ဖြစ်ရာ မဟာမိတ်မိသားစု၏ ကိစ္စရပ်များကို သူ ဂရုစိုက်ရပေမည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အဖေ... သခင်ကြီးအိုးယန်ရဲ့ ရောဂါက ပျောက်ကင်းနေတာ ကြာပါပြီ... သူက စိတ်ဓာတ်ကျနေပြီး အိပ်ရာထဲ လဲနေတာပါ... အဖေ စိတ်ပူဖို့ မလိုပါဘူး..."
"စိတ်ဓာတ်ကျနေတာလား..."
ချင်းယွမ် အံ့အားသင့်သွားသည်။ သခင်ကြီးအိုးယန်သည် မဟာသိုင်းဆရာကြီးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။ သူသည် စိတ်ဓာတ်ကျရုံနှင့် အိပ်ရာထဲ လဲနေနိုင်သလော။
ထို့ကြောင့် ချင်းမင်သည် အိုးယန်မိသားစု၏ ဇာတ်လမ်းစုံကို သူ၏ဖခင်အား အစအဆုံး ပြန်လည်ပြောပြလိုက်၏။
ချင်းယွမ်က သက်ပြင်းချပြီး ပြောဆိုသည်။
"သခင်ကြီးအိုးယန်က သူ့ရဲ့တစ်ဘဝလုံးမှာ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူ့သားတွေကြောင့် ကျရှုံးခဲ့ရတာပဲ... တကယ်ကို..."
ခေါင်းခါလိုက်ရင်း ချင်းယွမ်သည် အိုးယန်မိသားစုမှ တိရစ္ဆာန်များနှင့်တူသော သားများအကြောင်းကို မှတ်ချက်မပေးလိုတော့ပေ။
အဘိုးကြီးအိုးယန် အိပ်ရာထဲလဲနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဒေါသကြောင့် ချက်ချင်းသေမသွားခြင်းကပင် သခင်ကြီးအိုးယန်၏စိတ်ဓာတ်ခိုင်မာမှုကို သက်သေပြနေခြင်းဖြစ်သည်။
"ချင်းမင်... ငါတို့က အိုးယန်မိသားစုနဲ့ ပတ်သက်မှုအပေါ် ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ..."
ချင်းယွမ်က မေးမြန်းလိုက်၏။
လက်ရှိတွင် လျှိုမြို့တဝှမ်းလုံး၌ ချင်းမိသားစုနှင့် အိုးယန်မိသားစုသည် လွှမ်းမိုးထားသော အင်အားစုများပင်။ သူတို့သည် အိုးယန်မိသားစုနှင့် မဟာမိတ်များ ဖြစ်သော်လည်း...
တောင်တစ်လုံးတွင် ကျားနှစ်ကောင် အတူမနေနိုင်ပေ။ ချင်းမိသားစုနှင့်သခင်ကြီးအိုးယန်တို့ကြား၌ ဆက်ဆံရေး ကောင်းမွန်နိုင်သော်လည်း ချင်းမိသားစုနှင့် အိုးယန်မိသားစုဝင်များအားလုံးကြားတွင် ဆက်ဆံရေး ကောင်းမွန်သည်ဟု မဆိုလိုချေ။
ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သဖြင့် မိသားစုနှစ်ခုအတွက် ရှင်းလင်းသော ရပ်တည်ချက်တစ်ခု လိုအပ်သည်။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"အဖေ... အဖေ ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော်တို့ ချင်းမိသားစုအတွက် ဒီကိစ္စကို စိတ်ပူစရာ မလိုဘူးလို့ ကျွန်တော် ယုံကြည်တယ်..."
"အို..."
ချင်းယွမ်က သူ၏သားတွင် မည်ကဲ့သို့ ထက်မြက်သည့် အကြံဉာဏ်များ ရှိသည်ကို သိလိုသဖြင့် ချင်းမင်ကို ကြည့်လိုက်သည်။
အခန်း ၁၇၉: အရှင်ဝမ်၏ အနေရခက်သော ခရီးစဉ်
"အဖေ စဉ်းစားကြည့်ပါ... ကျွန်တော်တို့ ချင်းမိသားစုက အခု လျှိုမြို့မှာ တစ်ခုတည်းသော အဓိကအင်အားစု ဖြစ်နေပြီ... ဒါက မနာလိုမှုတွေ အများကြီးကို ဖိတ်ခေါ်နေသလိုပဲ...ကျွန်တော်တို့ မိသားစုမှာ မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတွေ အများကြီးရှိမယ်ဆိုရင် တခြားသူတွေက မကောင်းကြံဖို့ တွေးရဲမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ချင်းမိသားစုမှာ မဟာသိုင်းဆရာကြီး အနေနဲ့ အဖေ တစ်ယောက်တည်းပဲ ရှိတာ... ကျွန်တော်တို့ ချင်းမိသားစုရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားတာနဲ့ ယုတ်မာတဲ့ လူတွေက ကျွန်တော်တို့ကို ပစ်မှတ်ထားလာကြမှာ အသေအချာပဲ...အိုးယန်မိသားစုကို မဟာမိတ်အနေနဲ့ ထားရှိတာက ကျွန်တော်တို့အတွက် ဖိအားတွေအများကြီး လျော့သွားစေနိုင်တယ်..."
ချင်းမင်က ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
"ဒါ့ပြင် အိုးယန်မိသားစုက ကျွန်တော်တို့ ချင်းမိသားစုအပေါ် အရမ်း သစ္စာရှိခဲ့တာ... ကျွန်တော်တို့က သူတို့အပေါ် ဆက်ဆံရေး မပျက်စေသင့်ဘူး..."
ချင်းယွမ်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"သခင်ကြီးအိုးယန်က နားလည်သဘောပေါက်လွယ်တဲ့ လူတစ်ယောက်လို့ ငါ ယုံကြည်တယ်... တကယ်လို့ တခြားတစ်ယောက်သာ အိုးယန်မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် ငါက အိုးယန်မိသားစုနဲ့ မဟာမိတ်ဖွဲ့ထားတာကို ဖျက်သိမ်းလိုက်မှာပဲ..."
ချင်းယွမ်နှင့်ချင်းမင်နှစ်ယောက်လုံး သခင်ကြီးအိုးယန်၏ အကျင့်စာရိတ္တကို ယုံကြည်ကြသည်။ သို့သော် အခြားတစ်ယောက်သာ အိုးယန်မိသားစုခေါင်းဆောင် ဖြစ်လာပါက သူတို့ဘေးအန္တရာယ် ပြုခံရမည်ကို မကြောက်လျှင်ပင် ရောနှောပြီး အမှုပတ်ခံရမည်ကို စိုးရိမ်မိကြသည်။
"အဲ့ဒီအချိန်ကျမှ ဆွေးနွေးလည်း နောက်မကျပါဘူး... မမေ့ပါနဲ့... ကျွန်တော်တို့ ချင်းမိသားစုက အိုးယန်မိသားစုထက် အများကြီး ပိုပြီးမြန်မြန် တိုးတက်နေတာပါ..."
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါပေါ့..."
ချင်းယွမ်က ရယ်မောလိုက်၏။
"ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တွေရယ်... မရေမတွက်နိုင်တဲ့ ဆေးလုံးတွေရယ်နဲ့ဆိုရင် အိုးယန်မိသားစုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါတို့ကို မီအောင် လိုက်နိုင်မှာ မဟုတ်ဘူး..."
"ပြောရင်းနဲ့မှ... အဖေ... ကျွန်တော်တို့ ချင်းမိသားစုက ဆရာ့ဆီမှာ ဆေးပညာသင်ဖို့အတွက် လူနည်းနည်းလောက် ရှာထားဖို့ လိုတယ်...ဆရာ့ရဲ့အဆင့်အတန်းနဲ့ အဲ့ဒီအဆင့်နိမ့် ဆေးလုံးတွေကို သူကိုယ်တိုင်ဖော်စပ်နေရတာက တကယ့်ကို မဟုတ်သေးဘူး... ဒါက သူ့ရဲ့ ပါရမီကို အကြီးအကျယ် ဖြုန်းတီးရာ ရောက်တယ်..."
ချင်းမင်က ပြောဆိုလိုက်သည်။
"မင်းပြောတာ အမှန်ပဲ..."
ချင်းယွမ်က သဘောတူလိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက စီးမာမိသားစုကိစ္စကြောင့် ငါတို့မိသားစုရဲ့ တိုးတက်မှုတွေ တော်တော်လေး နှောင့်နှေးခဲ့ရတယ်...အခု ဆေးပညာသင်ယူဖို့အတွက် လူတွေကို စီစဉ်ပေးသင့်ပြီ..."
ချင်းမင်က သူ့ကို ယခင်ကတည်းက ဤှကိစ္စအကြောင်း ဆွေးနွေးတင်ပြခဲ့ဖူးပြီး သူသည်လည်း ရာနှုန်းပြည့် ထောက်ခံခဲ့သည်။
ထိုအချိန်မှာပင် တံခါး၏အပြင်ဘက်မှ အစောင့်က ရုတ်တရက် သတင်းပို့သည်။
"မိသားစုခေါင်းဆောင်... အရှင်ဝမ် လာတွေ့ပါတယ်..."
ချင်းယွမ်သည် ချင်းမင်နှင့်အတူ ဧည့်သည်ကို ကြိုဆိုရန် အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။
"အရှင်ဝမ်..."
ချင်းယွမ်နှင့် ချင်းမင်တို့က သူတို့၏လက်ကို ပူးဆုပ်ကာ နှုတ်ဆက်လိုက်ကြ၏။
အရှင်ဝမ်က အနေရခက်စွာဖြင့် ပြောဆိုသည်။
"ချင်းမိသားစုခေါင်းဆောင်... ချင်းမင်..."
"ကျေးဇူးပြုပြီး အထဲကိုဝင်ပါ..."
ချင်းယွမ်က လက်ဟန်ပြလိုက်ပြီး သူတို့အားလုံး ဧည့်ခန်းမဆောင်ထဲသို့ အတူတကွ ဝင်သွားကြသည်။
ဧည့်ခန်းမဆောင်အတွင်း၌ ထိုင်ပြီးချိန်၌ ချင်းယွမ်က ကျေးဇူးတင်စကား ပြောလိုက်၏။
"ပြီးခဲ့တဲ့ တစ်ခေါက်က သတင်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အရှင်ဝမ်... ကျွန်တော်က ကျေးဇူးတင်စကား ပြောခွင့်မရလိုက်ဘူး... ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ချင်းအိမ်တော်မှာ ရက်နည်းနည်းလောက် နေသွားရမယ်..."
အရှင်ဝမ်က ရှက်ရွံ့သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော် ဒီတစ်ခါလာတာ သတင်းတချို့ လာပြောတာပါ..."
"အော်... ဘာသတင်းလဲ..."
ချင်းယွမ်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဆဋ္ဌမ မင်းသားက လျှိုမြို့ရဲ့မြို့တော်ဝန် ရာထူးကို သိမ်းချင်နေတယ်လို့ ကျွန်တော် မပြောခဲ့ဘူးလား...ဒီတစ်ခေါက်တော့ အခြေအနေ ပြောင်းလဲသွားပြီ... ဆဋ္ဌမ မင်းသားက လျှိုမြို့ မြို့တော်ဝန် ရာထူးကို မလိုချင်တော့လောက်ဘူး..."
အရှင်ဝမ်က ပြောဆိုသည်။
ထိုသတင်းကိုကြားချိန်၌ ချင်းယွမ်သည် အလွန်ဝမ်းသာသွားပြီး အရှင်ဝမ် မည်သည်ကြောင့် အနေရခက်နေသည်ကိုလည်း နားလည်လိုက်သည်။
လွန်ခဲ့တဲ့နှစ်ရက်ကမှ အရှင်ဝမ်က ဆဋ္ဌမ မင်းသားသည် လျှိုမြို့၏မြို့တော်ဝန် ရာထူးကို သိမ်းယူချင်နေသည်ဟု ပြောဆိုခဲ့ပြီး ယခုချိန်၌ လက်လွှတ်လိုက်ပြီဟု ပြောဆိုခဲ့သည်။ ထိုကြောင့် မည်သူမဆို အနေရခက်ပေမည်။
မယုံကြည်သူများဆိုလျှင် အရှင်ဝမ်က သူတို့၏ချင်းမိသားစုကို တမင်သက်သက် ကစားနေသည်ဟုပင် ထင်မှတ်သွားနိုင်သည်။
"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်က ဒီကိစ္စကို စိတ်ပူနေတုန်းပဲ ရှိသေးတာ...ဆဋ္ဌမ မင်းသားက ဘာလို့ ရုတ်တရက်ကြီး လျှိုမြို့ရဲ့ မြို့တော်ဝန် ရာထူးကို လက်လွှတ်လိုက်တာလဲ..."
ချင်းယွမ်က မေးမြန်းလိုက်၏။
ဆဋ္ဌမမင်းသား၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူသည် အနိုင်ကျင့် ဗိုလ်ကျတတ်သူ တစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ သူသည် မည်သည်ကြောင့် ဤအတိုင်း လက်လွှတ်လိုက်မည်နည်း။
အရှင်ဝမ်က နားမလည်နိုင်သော လေသံဖြင့် ပြောဆိုသည်။
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်... သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်က အဲ့ဒီ အဆင့်နှစ် သံတိမ်တိုက် သတ္တုတွင်းကို သဘောကျသွားပြီးတော့....သတ္တုတွင်းကို သိမ်းပိုက်ဖို့ ဆဋ္ဌမ မင်းသားနဲ့တောင် ရန်သူဖြစ်ဖို့ ဝန်မလေးခဲ့ဘူး..."
"သိုင်းဝိညာဉ်နယ်ပယ်" ဟူသော စကားကို ကြားချိန်၌ ချင်းယွမ်၏စိတ်နှလုံးသား တုန်ရီသွားသည်။
သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင်ကြံသူဆိုသည်မှာ စီးမာမိသားစုကို ကစားစရာ တစ်ခုကဲ့သို့ ဖျက်ဆီးပစ်နိုင်သော အဆင့်ပင်။ ထိုကြောင့် သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး မည်မျှထိ စွမ်းအားကြီးမားကြောင်း ပြသနေသည်။
အကယ်၍ သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူကသာ ချင်းမိသားစုအပေါ် မကျေနပ်မှု တစ်စုံတစ်ရာ ရှိခဲ့လျှင် ချင်းမိသားစုတစ်စုလုံး ချက်ချင်းပြာကျသွားပေလိမ့်မည်။
အခန်း ၁၈၀: ဟွာယုဂိုဏ်း
"စီးမာမိသားစုက သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင်ကြံသူရဲ့လက်ချက်နဲ့ ပျက်စီးသွားတယ်... သတ္တုတွင်းကလည်း သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူရဲ့လက်ထဲကို ပါသွားတယ်... ဒါက တိုက်ဆိုင်မှုသက်သက်တော့ မဖြစ်နိုင်ဘူး...ဖြစ်နိုင်တာက..."
ချင်းယွမ်က ခန့်မှန်းလိုက်သည်။
"မင်း ခန့်မှန်းတာ အမှန်ပဲ... စီးမာမိသားစုကို ဖျက်ဆီးလိုက်တဲ့ သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူက သတ္တုတွင်းကို သိမ်းပိုက်လိုက်တဲ့လူနဲ့ အတူတူပါပဲ..."
အရှင်ဝမ်က အတည်ပြု ပြောဆိုလိုက်သည်။
ချင်းယွမ်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"အဲ့ဒီ သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူက ငါ့တို့ချင်းမိသားစုကို အများကြီး ကူညီပေးခဲ့တာပဲ...သူက ငါတို့ကို ကူညီပြီး စီးမာမိသားစုကို ရှင်းလင်းပေးခဲ့တယ်... သတ္တုတွင်းကိုလည်း သိမ်းပိုက်လိုက်တယ်... သူက မရည်ရွယ်ဘဲနဲ့ ငါတို့ချင်းမိသားစုကို အများကြီး ကူညီပေးလိုက်တာပဲ..."
"ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ... ငါ့မှာ တာဝန်တွေ ရှိသေးလို့ မနှောင့်ယှက်တော့ပါဘူး..."
အရှင်ဝမ်က မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
"နည်းနည်းလောက် ထပ်နေပါအုံးလား... ကျွန်တော်တို့က စားသောက်ပွဲ ပြင်ဆင်ပြီးနေပြီ... ခင်ဗျား စားသောက်ပြီးမှပြန်လည်း နောက်မကျပါဘူး..."
ချင်းယွမ်က ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်၏။
အရှင်ဝမ်က လက်ကာပြပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
အရှင်ဝမ် ထွက်သွားပြီးနောက် ချင်းယွမ်က မိုးကောင်းကင်ယံသို့ မော့ကြည့်ကာ ရယ်မောလိုက်သည်။
"ဟား ဟား ဟား... ကောင်းကင်ဘုံက ငါ့ကို တကယ်ကြီး ကူညီနေတာပဲ... အခု လျှိုမြို့တစ်မြို့လုံးက ငါ့တို့ချင်းမိသားစုပိုင် လုံးဝဖြစ်သွားပြီ..."
မြို့တော်ဝန်ရာထူးကို ပြန်လည်ရရှိခြင်းက ချင်းယွမ်ကို အလွန်ပျော်ရွှင်စေပြီး ကောင်းကင်ဘုံက သူ့အား မျက်နှာသာပေးသည်ဟု ခံစားရစေသည်။
သူ့ဖခင်၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း ချင်းမင်သည်လည်း ပျော်ရွှင်မိသည်။
သူ၏ဖခင်ကို ဂုဏ်ယူဝံ့ကြွားစေပြီး စိတ်ကျေနပ်စေခြင်းသည် ယခင်ဘဝကတည်းက ချင်းမင်၏ အိပ်မက်ပင်။ ယခုချိန်၌ ထိုအိပ်မက်သည် အကောင်အထည် ပေါ်လာပြီဖြစ်ရာ ချင်းမင်သည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေပေ၏။
'ဒီဘဝမှာ အဖေ့ကို အမြင့်ဆုံး နေရာထိ ရောက်အောင် ပို့ပေးပြီးတော့ ချင်းမိသားစုကို ချန်ကုန်းမြေမှာ အချမ်းသာဆုံးနဲ့အကြွယ်ဝဆုံး မိသားစု ဖြစ်လာစေရမယ်..."
ချင်းမင်က တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ချင်းမင်သည် မြို့တော်ဝန်အိမ်တော်မှ ထွက်ခွာပြီး သူ၏ဂိုဏ်းသို့ သွားရောက်ခဲ့သည်။
ထိုနေ့က ဂိုဏ်းကို အလျင်အမြန် တည်ထောင်ခဲ့သဖြင့် အရာများစွာ မပြီးပြတ်သေးဘဲ ကျန်ရှိနေခဲ့သည်။ ယခုချိန်၌ ချင်းမိသားစုတွင် ကြီးမားသော ပြဿနာများ မရှိတော့သဖြင့် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုကို သူ အာရုံစိုက်သင့်လေပြီ။
ချင်းမင်သည် ဤဂိုဏ်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိသည်။
'နတ်ဘုရားရုပ်သွင်ပြောင်းဆေးလုံး' ကို သောက်သုံးပြီးနောက် ချင်းမင်သည် ဂိုဏ်း၏ ပင်မခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
လမ်းတလျှောက်တွင် တွေ့ရသော ဂိုဏ်းသားများအားလုံးက သူ့အပေါ် ရိုသေလေးစားမှုနှင့် ကျေးဇူးတင်မှုကို ပြသကြသည်။
"ဆရာ..."
"မင်္ဂလာနံနက်ခင်းပါ ဆရာ..."
ချင်းမင်ကလည်း ပြန်လည်၍ ခေါင်းညိတ်ပြလိုက်သည်။
"ယန်ရှူ ဘယ်မှာလဲ..."
ခန်းမသို့ရောက်ချိန်၌ အနီးအနားရှိ ဂိုဏ်းသားများကို ချင်းမင်က မေးမြန်းလိုက်၏။
"ဆရာ... စီနီယာအစ်ကိုယန်က ဂိုဏ်းသားတွေကို ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သင်ပေးနေပါတယ်... သူ အခု လေ့ကျင့်ရေးကွင်း မှာ ရှိနေလောက်တယ်..."
ဂိုဏ်းသားတစ်ဦးက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးလိုက်သည်။
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းဘက်သို့ လျှောက်လှမ်းသွားလိုက်၏။
"ကျင့်ကြံနည်းစနစ်တွေအားလုံးက အခြေခံကို အလေးပေးတယ်... မင်းတို့က အခြေခံခိုင်မာအောင်လုပ်ရမယ်... ဒါမှသာ အမြင့်ကို တက်လှမ်းနိုင်လိမ့်မယ်..."
ချင်းမင်သည် ယန်ရှူက ဂိုဏ်းသားများကို လေးလေးနက်နက် ညွှန်ကြားနေသည်ကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
ဤအရာအားလုံးသည် သူ သင်ပေးထားတဲ့ စကားလုံးများပင်။ ယန်ရှူက တစ်လုံးမကျန် ပြန်ရွတ်ပြနိုင်သည်ကပင် အလွန်အထင်ကြီးစရာ ကောင်းနေလေပြီ။
"ဆရာ..."
ယန်ရှူ၏မျက်လုံးအကြည့်က ဂိုဏ်းသားများထံသို့ ဝေ့ဝိုက်၍ကြည့်ပြီးနောက် ရုတ်တရက် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်သဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"မဆိုးဘူး... မင်း ကောင်းကောင်း သင်ပေးနေတာပဲ... ငါ အရမ်းစိတ်ကျေနပ်တယ်..."
ချင်းမင်က ယန်ရှူထံသို့ အပြုံးဖြင့် လျှောက်သွားလိုက်သည်။
"မင်း ဂိုဏ်းသားတွေအားလုံးကို စုစည်းလိုက်အုံး...ငါ ကြေညာစရာ ရှိတယ်..."
မကြာမီမှာပင် ဂိုဏ်းသားများအားလုံး လေ့ကျင့်ရေးကွင်းတွင် စုဝေးရောက်ရှိလာကြသည်။
"မင်္ဂလာနံနက်ခင်းပါ ဆရာ..."
ဂိုဏ်းသားများက တပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြ၏။
ချင်းမင်က လက်ကာပြလိုက်ပြီး ပြောဆိုသည်။
"ဒီနေ့ ငါ့မှာ ကြေညာစရာ အရေးကြီးသတင်းတစ်ခု ရှိတယ်..."
လူများအားလုံးက အာရုံစိုက်၍ နားထောင်နေကြပြီး သူတို့၏မျက်နှာထားများ တည်ကြည်လေးနက် နေကြသည်။
"ပထမဆုံးအနေနဲ့... ငါတို့ရဲ့ဂိုဏ်းကို နာမည်ပေးဖို့ လိုတယ်... မင်းတို့ ကျင့်ကြံနေတဲ့ နည်းစနစ်က ရွှေခန္ဓာကိုယ် ငှက်မွေးပြောင်းလဲခြင်း နည်းစနစ် ဖြစ်တဲ့အတွက် ငါတို့ဂိုဏ်းကို ဟွာယုဂိုဏ်း လို့ ခေါ်မယ်...ဂိုဏ်းက အတောင်ပံတွေနဲ့ မိုးကောင်းကင်ယံကို ပျံသန်းတက်လှမ်းသွားတာကို ကိုယ်စားပြုတယ်..."
ချင်းမင်က ကျယ်လောင်သောအသံဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
"ဟွာယုဂိုဏ်း..."
"ဟွာယုဂိုဏ်း..."
ဂိုဏ်းသားများသည် စိတ်လှုပ်ရှားစွာဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
ချင်းမင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းတို့အားလုံးက မိဘမဲ့တွေပဲ... နောက်နောင်မှာ ဟွာယုဂိုဏ်းက မင်းတို့ရဲ့အိမ် ဖြစ်လာလိမ့်မယ်... မင်းတို့ စည်းလုံးညီညွတ်ပြီး ဟွာယုဂိုဏ်းကို တိုးတက်အောင် လုပ်ဆောင်ပြီးတော့ ကုန်းမြေပေါ်မှာ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာအောင် လုပ်မယ်လို့ ငါမျှော်လင့်တယ်...ဂိုဏ်းရဲ့ ပထမဆုံး စည်းမျဉ်းကတော့... အတွင်းရေးပဋိပက္ခ လုံးဝမဖြစ်ရဘူး... ဒီစည်းမျဥ်းကို ချိုးဖောက်တဲ့ ဘယ်သူမဆို ကျင့်ကြံခြင်းကို ဖျက်ဆီးခံရပြီးတော့ ဂိုဏ်းကနေ နှင်ထုတ်ခံရမယ်..."
Thank For Reading.