ငရဲမှတက်လာသည့် မသေနိုင်သည့် မိစ္ဆာကဲ့သို့
Vol. 3 Ch. 281
ဆန်းလျန်၏ ညာဘက်လက်ကို ချုပ်နှောင် ထားသည့် ပုံပြောင်း နဂါးတိုင်လုံးသည် သာမန် သစ်သား ခြောက်တိုင် တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ ဆန်းလျန်မှာ သစ်သား ခြောက်တိုင်မှာ အသာအယာပင် ရုန်းထွက် လိုက်သည်။
ကွမ်ဖားမှာ တည်ငြိမ် နေသည့်တိုင် ရင်ထဲတွင် တုန်လှုပ် သွားလေသည်။
ဆန်းတန်ခိုးရှင် ဆိုသူ၏ တန်ခိုး စွမ်းအားများသည် သူတွေးထင် ထားသည်ထက် နက်နဲ နေလေပြီ။ သူကိုယ်တိုင် ပြုလုပ်ထားသည့် ပုံပြောင်း နဂါးတိုင်လုံး၏ လျှို့ဝှက်ချက်ကို သူသာလျှင် သိလေသည်။
ထို့နောက် ဆန်းလျန်က လက်ဖျောက် တစ်ချက် တီးလိုက်လေသည်။
ထိုအခါ ကောင်းကင်ထက်မှ အနက်ရောင် မိုးရေများ ရွာကျလာလေသည်။ ထိုရေများမှာ ဝိညာဉ်ခွဲ အဆိပ်ရေများပင် ဖြစ်လေသည်။ ဆန်းလျန်က နဂါး ငွေ့တန်း ဓားဝိညာဉ်ကို အသုံးပြုကာ ကိုယ်တွင်းမှ အဆိပ်များကို ထုတ်လိုက်ပြီး မိုးအဖြစ် ရွာကျ စေလိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် အပြင်သို့ ရောက်သွားသည့် ဝိညာဉ်ခွဲ အဆိပ်များမှာ နတ်ဘုရား နွယ်ပင်၏ ဖိအားများကြောင့် ဆယ်ဆ ပြင်းထန် လာလေသည်။
ဆန်းလျန်နှင့် အနီးဆုံး နေရာတွင် ရှိနေသူမှာ ကွမ်ဖား ဖြစ်လေသည်။ ထို့ကြောင့် သူက မိုးရေများကို ကမန်းကတန်းပင် ကာကွယ် လိုက်ရသည်။ ကွမ်ဖားက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။ ထိုအလင်းတန်းက အနက်ရောင် မိုးရေများကို တားဆီး ထားလိုက်လေသည်။
ကွမ်ဖား အသုံးပြုလိုက်သည့် ပညာမှာ ရွှမ်ချင်း အလင်းတန်း တန်ခိုးစွမ်းအား ဖြစ်လေသည်။ ကွမ်ဖား၏ ရွှမ်ချင်း အလင်းတန်းမှာ ဟွမ်ကျန်းကဲ့သို့ပင် တန်ခိုးစွမ်းအား ကြီးမားပြီး လျှင်မြန် လွန်းလေသည်။
သို့သော် ထိုအလင်းတန်းတွင် ချက်ချင်းပင် အပေါက် တစ်ပေါက် ဖြစ်လာလေသည်။ အနက်ရောင် အဆိပ် မိုးရေများ တိုက်စားလိုက်သည့် အတွက် တန်ခိုးစွမ်းအား အလင်းတန်း ပေါက်သွားရခြင်း ဖြစ်လေသည်။
ကွမ်ဖားနောက်သို့ အသာဆုတ် လိုက်သည်။
ရွှမ်ချင်း အလင်းတန်းများလည်း အဆက်မပြတ် ထုတ်လွှတ်ကာ အဆိပ်မိုးရေများကို ကာကွယ် နေရလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်း ကွန်ရက် သုံးဆယ့် ခြောက်ခု ထွက်ပေါ်လာလေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် လူတော်များစွာ ရှိသည့်တိုင် ရွှမ်ချင်း အလင်း စွမ်းအားကို ယခုကဲ့သို့ အသုံး ပြုနိုင်သူမှာ ရှားပါးလေသည်။
သို့သော် ဆန်းလျန်၏ ဦးတည် တိုက်ခိုက် လိုသူက ကွမ်ဖား မဟုတ်သေးပါ။
ဆန်းလျန်က ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး သူ့ကျောတွင်လွယ်ထားသည့် ရွှမ်တယ်ဓားကို ဆွဲထုတ် လိုက်လေသည်။ ဓားသွားတွင် အနက်ရောင်နှင့် အဝါရောင် အလင်းတန်းများ စီးဆင်းနေလေသည်။
တစ်ချိန်တည်းမှာပင် ဆန်းလျန် ဖန်ဆင်းထားသည့် နဂါးငွေ့တန်း ဓားဝိညာဉ်မှာလည်း ကောင်းကင်ထက်တွင် ကြယ်စင် အလား တောက်ပ နေလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် လူသူ မရှိသည့် အလား တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ဆန်းလျန်ထံမှ လူသတ်လိုသည့် အငွေ့အသက်များက ကြောက်မက်ဖွယ်ရာ ထွက်ပေါ် နေလေသည်။ အဆိပ်ငါးပါး ဂိုဏ်းတွင် မွေးမြူ ထားသည့် အဆိပ်ရှိ မြွေများနှင့် ပိုးကောင်များမှာ ကြောက်လွန်း သဖြင့် ပုန်းအောင်း နေကြလေသည်။
ဆန်းလျန်သည် ကောင်းကင်ထက်သို့ ခုန်တက် သွားလေသည်။
သူ၏ ခြေထောက် အောက်တွင် မီးခိုးရောင် တိမ်တိုက် တစ်ခု ရှိနေလေသည်။ ထိုမီးခိုးရောင် တိမ်တိုက်မှာ ကြာပန်းပုံသဏ္ဌာန်၊ ဘဲငန်းပုံသဏ္ဌာန်နှင့် ကျားပုံသဏ္ဌာန် စသည်ဖြင့် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲ နေလေသည်။ ဓားခြိမ်းသံကြီးက အဆက်မပြတ် ထွက်ပေါ်နေပြီး ကောင်းကင် တစ်ခုလုံးမှာ ပင်လယ်ပြင် တစ်ခုအလား ဆန်းလျန်၏ တန်ခိုးစွမ်းအား လှိုင်းလုံးကြီးများဖြင့် တဝုန်းဝုန်း ရိုက်ခတ်လျက် ရှိလေသည်။
ဆန်းလျန်၏ပုံစံမျာ စကြဝဠာတစ်ခုလုံးမှ ရန်အပေါင်းကို နှိမ်နင်းရန် အတွက် ဗောဓိသကျမှ စေလွှတ် လိုက်သည့် နတ်ဒေဝါ တစ်ပါးအလားပင် ဖြစ်လေသည်။ မကောင်းမိစ္ဆာတိုင်းကို သုတ်သင် ပစ်တော့မည် အလား ဝင့်ကြွားလျက် ရှိလေ၏။
ချီယန်ဂိုဏ်းချုပ်၊ အဆိပ်ငါးပါး ဂိုဏ်းချုပ်နှင့် လေနက် ဂူဂိုဏ်းချုပ်တို့က လေထဲသို့ ခုန်တက် လိုက်ကြလေသည်။ ထို့နောက် သူတို့၏ တန်ခိုးစွမ်းအား အလင်းတန်းများကို ဖန်ဆင်း လိုက်ကြပြီး ကောင်းကင်ထက်သို့ ပစ်လွှတ် လိုက်ကြလေသည်။ သူတို့က ဆန်းလျန်ကို စတင် တိုက်ခိုက် လိုက်ကြခြင်း ဖြစ်လေသည်။
အနက်ရောင်၊ အနီရောင်နှင့် အဖြူရောင် အလင်းတန်းများမှာ ဆန်းလျန်ဆီသို့ အရှိန် အဟုန်ပြင်းစွာ ဝင်ရောက် လာလေသည်။
ဆန်းလျန်၏ ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်နေလေသည်။ သူ့ကို ကြည့်ရသည်မှာ ငယ်ရွယ်သည့် နတ်လုလင် ပျိုလေးနှင့်ပင် ဆင်တူသည်။
ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများ မြင့်တက်လာပြီး သူ၏ နှလုံးသားဆီမှ ကျောက်စိမ်း ကျိုင်းတံကို ကိုင်ဆောင်ထား သည့်နတ်ဘုရား ထွက်ပေါ် လာလေသည်။ သူ၏ပုံစံက မည်သူ့ကိုမှ ဂရုမစိုက်သည့် ဘာမထီ စိတ်ထားကို ပေါ်လွင်နေစေသည်။ သူ၏ မျက်ဝန်းများကလည်း တလက်လက် တောက်ပ နေလေသည်။
လေနက် ဂူဂိုဏ်းချုပ် ကျင့်ကြံသူ အမျိုးသမီးက မဲ့ပြုံး တစ်ချက်ပြုံးလိုက်ရင်း…
"လွတ်မယ်လို့ မထင်နဲ့…"
ဟု အော်ပြောလိုက်သည်။
သူတို့ သုံးယောက်မှာ ကွမ်ဖားထံမှ အကျိုးအမြတ် များစွာ ရယူ ထားကြသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် ရရှိမည့် အကျိုးအမြတ်များကို မက်မောသည်က တစ်ကြောင်း၊ သူတို့ ကိုယ်တိုင်မှာလည်း ပုရွှီး အဆင့် ကျင့်ကြံသူများ ဖြစ်သည်က တစ်ကြောင်းကြောင့် ကွမ်ဖားနှင့်သာ ပူးပေါင်း တိုက်ခိုက်လျှင် ဆန်းလျန်ကို ကျိန်းသေ အနိုင်ရမည်ဟု ထင်နေကြလေသည်။
ကွမ်ဖားကလည်း ဆန်းလျန်ကို နှိမ်နင်းနိုင်လျှင် သူက ဆန်းလျန်ဆီမှ မည်သည့် အရာမှ မယူဘဲ သူတို့ သုံးယောက်ကိုသာ ပေးမည်ဟု ကတိ ပေးထားလေသည်။ ထိုအကျိုးအမြတ် များကို မျှော်ကိုးသည့် အတွက် ဆန်းလျန်ကို တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။ သူတို့သုံးယောက်မှာ အကျိုးအမြတ်သာ ရမည်ဆိုပါက ဆန်းလျန်မှ မဟုတ်၊ မည်သူ့ကိုမဆို တိုက်ခိုက်မည့် သူများ ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် ကွမ်ဖား၏ ပုံပြောင်း နဂါးတိုင်လုံးကို လွယ်လွယ်နှင့် ချိုးဖျက် ပစ်နိုင်မည်ဟု သူတို့ သုံးယောက်လုံး တွေးထင်ထားမိခြင်း မရှိခဲ့ပေ။ စီစဉ်ထားသည့် အတိုင်း ဆန်းလျန်သာ ပုံပြောင်း နဂါးတိုင်လုံးတွင် ချုပ်မိနေပါက သိပ်ပြီး တိုက်ခိုက်စရာပင် လိုမည် မဟုတ်ပေ။
ဆန်းလျန်က သူ့ကိုထဲမှ ဝိညာဉ်ခွဲ အဆိပ်ရေများကို ထုတ်လိုက်ပြီး ကွမ်ဖားကို တိုက်ခိုက် လိုက်သည်မှာ ဟန်ပြသာ ဖြစ်လေသည်။ သူတကယ် ဦးတည် တိုက်ခိုက် လိုက်သည်က ဂိုဏ်းချုပ် သုံးယောက်ကို ဖြစ်လေသည်။
ဆန်းလျန်ကို သူတို့သုံးယောက် ပူးပေါင်း တိုက်ခိုက်လိုက်သည့် သိုင်းကွက်မှာ "ပါရမီရှင် သုံးပါး စုပေါင်း တိုက်ကွက်" ဖြစ်လေသည်။ သူတို့၏ စုပေါင်း တိုက်ကွက်ကို ဖောက်ထွက် နိုင်သည့်သူ လောကတွင် မရှိသလောက် ရှားလေသည်။
ဆန်းလျန်မှာ သူတို့ သုံးယောက်၏ တိုက်ကွက်ထဲတွင် ပိတ်မိ နေလေသည်။
ဆန်းလျန်က လေထဲတွင် ရပ်တန့်နေရင်း သူ၏ ရွှမ်တယ်ဓားကို ဂိုဏ်းချုပ် သုံးယောက်ထံသို့ ပစ်လွှတ် လိုက်လေသည်။ သူ၏ဓားမှာ ငှက်မွေးလေး အလား ပေါ့ပါးစွာဖြင့် ဝင်ရောက် လာလေသည်။ ဓားဆီမှ ထူးဆန်းသည့် တန်ခိုး စွမ်းအားများ ထွက်ပေါ်လျက် ရှိလေသည်။ ဓားထဲမှ စွမ်းအားလှိုင်းများကို ဂိုဏ်းချုပ် သုံးယောက်လုံး သတိပြုမိ လိုက်ကြသည်။ အချိန်မရွေး ပေါက်ကွဲ ထွက်သွားနိုင်သည့် စွမ်းအားများ ဖြစ်လေသည်။
ဓားဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ဂိုဏ်းချုပ် သုံးယောက်မှာ ပုရွှီး အဆင့် ကျင့်ကြံသူများနှင့် မတူညီစွာ အားနည်း သူများကဲ့သို့ ခံစား လိုက်ကြရလေသည်။ သူတို့ သုံးယောက်လုံးမှာ စွမ်းအားမြင့် ဓာတ်ပေါင်းဖိုကြီး တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့် အလား မသက်မသာ ခံစား လိုက်ကြရလေသည်။
ထိုတန်ခိုး စွမ်းအားများ နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခု ရှိနေသည်ကိုလည်း သူတို့ သုံးယောက် ရိပ်မိ လိုက်ကြသည်။
ဓားဆီမှ ထူးဆန်းသည့် စွမ်းအားသည် ရုတ်တရက်ပင် ပေါက်ကွဲ ထွက်သွားပြီး သန့်စင်သည့် အလင်းတန်းတစ်ခု ထွက်ပေါ် လာလေသည်။ ထိုအလင်းတန်းကြောင့် ကောင်းကင် တစ်ခုလုံးပင် တုန်လှုပ် သွားရသည်။ မည်သို့မျှ ခုခံ တွန်းလှန်ရန် မဖြစ်နိုင်သည့် တန်ခိုး စွမ်းအား ဖြစ်လေသည်။
အဆောက်အဦ တိုင်လုံးကို နွယ်ပတ် တက်နေကြသည့် နတ်ဘုရား နွယ်ပင်များပင် တန်ခိုး စွမ်းအား ဒဏ်ကို မခံနိုင်ဘဲ အမှုန့် ဖြစ်သွားကြရလေသည်။ တည်ငြိမ်နေသည့် ရေကန်မှာလည်း လှိုင်းများ ပြင်းထန်ကာ ဆူညံသံများ ထွက်ပေါ်နေလေသည်။
အဆိပ်ငါးပါး ဂိုဏ်း၏ သစ်သား အိမ်များမှာ တစ်စစီ ကျိုးပဲ့ ကုန်ကြလေသည်။
အဆိပ်ငါးပါး ဂိုဏ်းမှ တပည့်များမှာ ရေကန် အတွင်းသို့ ပြုတ်ကျ ကုန်ကြသည်။ မွေးထားသည့် အဆိပ်မြွေများနှင့် ပိုးကောင်များမှာလည်း ရေကန် အတွင်းသို့ ဆင်းသွားပြီး ပြန်တက် မလာတော့ပေ။ တန်ခိုး စွမ်းအားများမှာ သေစေနိုင်သည့် စွမ်းအားများ ဖြစ်ကြောင်း သတ္တဝါများက ခံစား သိရှိကြလေသည်။ ထို့ကြောင့် ရေကန် အတွင်းတွင် ပုန်းအောင်း နေကြခြင်း ဖြစ်လေသည်။
အချို့ စွမ်းအား နည်းပါးသည့် တပည့်များမှာ ကြီးမားသည့် တန်ခိုးစွမ်းအား ဒဏ်ကို မခံနိုင်ဘဲ ခန္ဓာကိုယ်မှာ သွေးမှုံများအဖြစ် ပေါက်ကွဲ ထွက်ကုန် ကြရလေသည်။ နေရာအနှံ့တွင် နာကျင်စွာ အော်ဟစ် နေကြသည့်အသံများ ထွက်ပေါ်နေလေသည်။
ဆန်းလျန်သည် စစ်မှန်သည့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့သည့် အဆင့်မြင့် တန်ခိုးရှင် တစ်ယောက် ဖြစ်လေသည်။ သူ၏ရုပ်ခန္ဓာမှာ သူ၏ တန်ခိုး စွမ်းအားများကို ကောင်းကောင်း ခံနိုင်ရည် ရှိလေသည်။ ထို့ပြင် သူက ဝိညာဉ်စွမ်းအား အလွန်မြင့်မားသူ ဖြစ်သည့်အတွက် သူဖောက်ခွဲ ပစ်လိုက်သည့် တန်ခိုး စွမ်းအားများကို ကောင်းစွာ ကိုင်တွယ် နိုင်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းချုပ်မှာ သူ့ကိုယ်သူပင် ကာကွယ် နိုင်စွမ်း မရှိတော့ပေ။ သူက ဆန်းလျန်၏ စူးရှသည့် ဓားသွားကဲ့သို့ အကြည့်ကြောင့်လည်း ဒဏ်ရာ ရထားသေးသည်။ ထို့ကြောင့် တိုက်ခိုက်မှုမှာ တဖြည်းဖြည်း နှေးကွေး လာရလေသည်။
ဆရာသခင်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲမှာ ပြင်းထန်သည်ထက် ပြင်းထန် လာလေသည်။
ဂိုဏ်းချုပ် သုံးယောက်တွင် အဆိပ်ငါးပါး ဂိုဏ်းချုပ်၏ သိုင်းကွက်များက အထူးခြားဆုံး ဖြစ်လေသည်။ သို့သော် ဝိညာဉ် စွမ်းအား အနည်းပါးဆုံး သူမှာလည်း အဆိပ်ငါးပါး ဂိုဏ်းချုပ်ပင် ဖြစ်လေသည်။ သူက အဆိပ်ကိုသာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး စစ်မှန်သည့် တာအို ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။
သူက ရန်သူ၏ အားနည်းချက်ကို ဖွေရှာကာ အဆိပ်ပညာဖြင့် တိုက်ခိုက်တတ်သူ ဖြစ်လေသည်။ ထိုသို့ တိုက်ခိုက်ခြင်းကလည်း သူ့ဘဝ တစ်လျှောက်တွင် အမြဲတမ်း အကျိုးရှိခဲ့ လေသည်။
ရွှမ်တယ်ဓားမှာ ဆန်းလျန်နှင့် တစ်သားတည်း ကျနေလေသည်။ ဆန်းလျန်၏ အဆင့်လွန် ဓားရေးမှာ မရပ်တန့်နိုင်သည့် မိုးကောင်းကင် စွမ်းအား တစ်ခုအလားပင် ဖြစ်လေသည်။ ဂိုဏ်းချုပ် သုံးယောက်၏ စုပေါင်း တိုက်ကွက်ကို အသာလေးပင် ဖျက်ဆီး ပစ်လိုက်လေသည်။ ပါရမီရှင် သုံးပါး တိုက်ကွက်သည် ဆန်းလျန်အတွက်တော့ အလကား တိုက်ကွက်ပင် ဖြစ်လေသည်။
ပါရမီရှင်သုံးပါး တိုက်ကွက်မှာ ရန်သူကို တိုက်ခိုက်ရန် ဂိုဏ်းချုပ် သုံးယောက်၏ တန်ခိုး စွမ်းအားသုံးခု ပေါင်းစပ် ထားခြင်းသာ ဖြစ်ပြီး အခြေခံ ဝိညာဉ် စွမ်းအားများ ပေါင်းစပ်ထားခြင်း မရှိပေ။ ထို့ကြောင့် ထိုတိုက်ကွက်၏ ဟာကွက်ကို ဆန်းလျန်မှာ လွယ်လွယ်နှင့် ရှာတွေ့ခဲ့လေသည်။
အမှန်တော့ ပုရွှီး အဆင့်ကျင့်ကြံသူ သုံးယောက်၏ စုပေါင်း တိုက်ကွက်မှာ အစွမ်းထက်သင့် သလောက်တော့ ထက်လေသည်။ သို့သော် အဆိပ်ငါးပါး ဂိုဏ်းချုပ်မှာ ဒဏ်ရာ ရထားသည့် အတွက် သူ၏ တိုက်ကွက်က နှေးကွေးနေလေသည်။ ထို့ကြောင့် လျှပ်တစ်ပြက် ထိုးဖောက် ဝင်ရောက် လာသည့် ဆန်းလျန်၏ ဓားချက်ကို မကာကွယ်နိုင် ဖြစ်သွားရခြင်း ဖြစ်လေသည်။
ရွှမ်တယ်ဓား၏ အနက်ရောင်နှင့် အဝါရောင် အလင်းတန်းများသည် ဂိုဏ်းချုပ် သုံးယောက်၏ တန်ခိုး စွမ်းအားများ ကြားတွင် စီးဆင်း နေလေသည်။ တောက်ပလင်း ထိန်လွန်းသည့် အလင်းတန်းများကြောင့် မည်သူမျှ ကောင်းကင်ထက်သို့ မော့မကြည့်ဝံ့ပေ။
ထို့ပြင် ကောင်းကင်ထက်တွင် တန်ခိုး စွမ်းအား လှိုင်းလုံးများကလည်း မြင့်တက်လျက် ရှိလေသည်။
လူသန်ကြီး တစ်ဦး ဖြစ်သည့် ချီယန်ဂိုဏ်းချုပ်နှင့် လေနက်ဂူဂိုဏ်းချုပ် အမျိုးသမီးတို့၏ ဝိညာဉ်များမှာ တုန်ခါ သွားကြရလေသည်။ အေးစက် လွန်းသည့် ဓားဝိညာဉ်က သူတို့၏ ဝိညာဉ်များကို လာရောက် ရိုက်ခတ်သည့် အတွက် ထိုသို့ တုန်ခါသွားရခြင်း ဖြစ်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းချုပ်ထံမှာ နာကျင်စွာ အော်ဟစ်သည့် အသံနက်ကြီး ထွက်ပေါ် လာလေသည်။ သူ့တစ်ကိုယ်လုံးတွင် ဓားဒဏ်ရာများဖြင့် ပြည့်နေလေသည်။
ထိုအချိန်မှာပင် အဆိပ်ငါးပါး ဂိုဏ်းချုပ်၏ မျက်ခုံး နှစ်ခုကြားတွင် အနီရောင် အစက်တစ်စက် ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်မှ ပြုတ်ကျ သွားလေတော့သည်။ အသက်ပျောက် သွားပြီ ဖြစ်လေသည်။
အဆိပ်ငါးပါးဘုရင်၏ အဖြစ်ဆိုးကို ကြည့်ကာ အခြား ဂိုဏ်းချုပ် နှစ်ယောက်မှာ အသည်းထဲထိ စိမ့်အောင် ကြောက်ရွံ့ ထိတ်လန့် သွားကြလေသည်။
သူတို့သည် ချောမောလှပသည့် လူငယ်လေးကို ငေးစိုက်ကြည့်ရင်း ငရဲမှတက်လာသည့် မသေနိုင်သည့် မိစ္ဆာတစ်ကောင် အလား ထင်မှတ် လိုက်မိကြလေသည်။
ဆန်းလျန်၏ နှုတ်ခမ်းဖျားလေးများ တွန့်ကွေး သွားပြီး အေးစက်စွာ ပြုံးလိုက်လေသည်။ ထိုအပြုံးတစ်ပွင့်သည် သူတို့ ဘဝတွင် မည်သည့် အခါမှ မမေ့နိုင်သည့် အိပ်မက်ဆိုး တစ်ခုအလား ဖြစ်သွားရလေသည်။
"မင်းတို့က ကျုပ်ကို သတ်ချင်မှတော့ ကျုပ်ကလည်း ညှာနေမှာ မဟုတ်ဘူး"
ဆန်းလျန်က ပြောလိုက်သည်။
ထိုအချိန်မှာပင်....
တိုက်ပွဲကို တစ်ချိန်လုံး ကြည့်နေသည့် ကွမ်ဖားသည် များစွာသော အလင်းတန်းများကို ထုတ်လွှတ် လိုက်လေသည်။ အလင်းတန်းများ ထဲတွင် ထူးဆန်းသည့် သင်္ကေတ တစ်ခု ပေါ်ထွက် လာလေသည်။
ကွမ်ဖား၏ တန်ခိုး စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။ ကွမ်ဖား တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည်နှင့် အခြားဂိုဏ်းချုပ် နှစ်ယောက်သည် မျှော်လင့်ချက်များ ပြန်ပြည့်လာကာ စိတ်ဓာတ်များလည်း ပြန်တက်ကြွ လာကြလေတော့သည်။
***