စိတ်ကူးမယဉ်စမ်းပါနဲ့ အမျိုးသမီးလေးရယ်၊ ကျုပ်က မိန်းကလေးတွေကို မသတ်ပါဘူး
Vol. 5 Ch. 41
“ဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူးနော် ဦးလေးယိုး...။”
“ကျစ်... မင်းလို လူမမယ်လေးက သက်တမ်းတိုနေတာတောင် ကျန်းမာရေးအတွက် စိုးရိမ်နေသေးတာလား။ မင်း အဲ့ဒီနေ့အထိ အသက်ရှင်မှာ မဟုတ်ဘူး။”
“စကားကို ကောင်းကောင်းပြောစမ်းပါ။ မဟုတ်ရင် ခင်ဗျား သတိမေ့နေတုန်း ကျုပ် ခင်ဗျား နဖူးကို တောက်ရိုက်ပစ်မယ်။”
ထို့နောက် အာယိုးသည် တန်ဝမ်ကျဲ့ထံသို့ လျှောက်လှမ်းသွားသည်။
တန်ဝမ်ကျဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ အကြောင်းမှာ သူ၏ အမြင်အာရုံထဲတွင် အာယိုးသည် သူ၏ဘေး၌ ရပ်ကာ ခါးထောက်ပြီး ဟိုညွှန်သည်ညွှန်နှင့် စေခိုင်းနေခြင်းသာဖြစ်ပြီး တစ်ဖက်လူက သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း မဟုတ်သောကြောင့်ပင်။
‘အဝတ်စုတ်နှင့် မြေနင်းခြင်း’ အတတ်သည် ကိုယ်ပိုင်လွတ်လပ်ခွင့် အများအပြား ရှိနေသေးသည်။
“ခုတ်စမ်း...နှလုံးသားကို...လည်ပင်းကို...။”
အာယိုးက အော်ဟစ်လိုက်၏။
တန်ဝမ်ကျဲ့ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လက်ထဲမှ ဓားကြီးသည် ဓားရှည်တစ်လက်ကဲ့သို့ လျင်မြန်ဖြတ်လတ်လာပြီး သူ၏ တိုက်ခိုက်ရေးဟန်မှာ အနည်းငယ်... ကြွားဝါသော ဟန်ပန်မျိုး ဖြစ်လာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ယခင်က သူ ကျန်းမာရေးသိုင်းကို လေ့ကျင့်စဉ်က အနည်းငယ် တောင့်တင်းနေခဲ့သော်လည်း ယခု သူ၏ပုံစံမှာ အာယိုးနှင့် အလွန်တူနေပြီး မြေပြင်ပေါ်၌ ဒလိမ့်ခေါက်ကွေး လိမ့်ခြင်းကိုပင် သဘာဝကျကျ ပြုလုပ်နိုင်လာခဲ့သည်။
၎င်းမှာ နတ်ပင့်ခေါ်ခြင်းမှ ရရှိလာသော စွမ်းရည်ဖြစ်ပြီး တစ်ဖက်လူ၏ အရည်အချင်းများကို အလိုအလျောက် ရရှိသွားခြင်းဖြစ်သည်။
နှစ်ချက်ဆက်တိုက် ခုတ်လိုက်သော်လည်း ကျည်ဆန်နှင့် အပစ်ခံရသော ဖုတ်ကောင်ကဲ့သို့ ထိခိုက်မှုမရှိသည်တော့ မဟုတ်ပေ။ သို့သော် အလွန်တုံးတိကြီးဖြစ်လွန်းနေ၏။ အသားထဲသို့ ဓားဝင်သွားပြီးနောက် အားစိုက်ရန် ခက်ခဲသွားပြီး နက်လေလေ ပို၍ခက်ခဲလေလေ ဖြစ်နေခဲ့သည်။
တန်ဝမ်ကျဲ့သည် သူ၏ လက်ညှိုးကို ကိုက်ဖောက်လိုက်ပြီး သူ၏ လျှပ်စီးလက်ဝါးထဲသို့ လျင်မြန်စွာ ဖိသိပ်လိုက်ကာ ဖုတ်ကောင်၏ နဖူးကို အနီးကပ် ပေါက်ကွဲစေလိုက်သည်။
မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ဖုတ်ကောင်၏ ဦးခေါင်းတစ်ဝက် လွင့်ထွက်သွားခဲ့၏။ ဤတစ်ကြိမ်တွင်မူ အမွှာညီအစ်မ ဝိညာဉ်များမှာ ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်တော့ဘဲ လျှပ်စီးလက်ဝါးကြောင့် အမွှာထဲမှ တစ်ယောက်၏ ဝိညာဉ်မှာ လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
တန်ဝမ်ကျဲ့သည် ထိုအခွင့်အရေးကို အသုံးချကာ ဓားကိုသုံးပြီး အမွှာထဲမှ တစ်ယောက်၏ ဦးခေါင်းကို မ၍ ဆွဲထုတ်ကာ လည်ပင်းကို ဖြတ်ချလိုက်တော့သည်။
[အတွေ့အကြုံ ရမှတ် - ၂၅]
နောက်ဆုံးတော့ သတ်လိုက်နိုင်ပြီ။
ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားသောအခါ အမွှာညီအစ်မများ၏ ခံနိုင်ရည်မှာ အကြီးအကျယ် ကျဆင်းသွားပုံရသည်။
ဖုတ်ကောင်သည် ရူးသွပ်စွာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ရှောင်ဟောင်က ပြေးဝင်လာပြီး တန်ဝမ်ကျဲ့၏ လျှပ်စီးလက်ဝါးကြောင့် ပွင့်ထွက်သွားသော ဖုတ်ကောင်၏ ဦးခေါင်းရှိ ဒဏ်ရာထဲသို့ သူ၏ မက်မွန်သားဓားကို ထိုးစိုက်လိုက်လေ၏။
ထိုစဉ် အာယိုး၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“သတိထား...အဲ့ကောင် ရူးနေပြီ။”
အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များသည် ဖုတ်ကောင်၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေသော အမျိုးသားနှစ်ဦးကို ကြည့်နေခဲ့ကြသည်။ သူတို့သည် ဖုတ်ကောင်၏ ခေါ်ဆောင်ရာနောက် ဒုတိယထပ် အမြင့်အထိ ပါသွားပြီးနောက် အောက်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့လေသည်။
သူတို့ ကူညီချင်သော်လည်း မည်သို့ကူညီရမည်ကို မသိကြပေ။ ကျည်ဆန်များက အသုံးမဝင်သလို၊ တန်ဝမ်ကျဲ့ကလည်း သူတို့သာ ပြေးဝင်လာပြီး ဖုတ်ကောင်၏ စုပ်ယူခြင်းကို ခံရပါက ဖုတ်ကောင်၏ စွမ်းအားကို မြှင့်တင်ပေးသလို ဖြစ်ကာ အကျိုးယုတ်လိမ့်မည်ဟု ကြိုတင်ပြောထားပြီးသားဖြစ်၏။
သူက သူတို့အား အနားမလာရန် အကြိမ်ကြိမ် သတိပေးထားခဲ့လေသည်။
ထို့ကြောင့် ထိုနှစ်ယောက် ဖုတ်ကောင်ကို သတ်နိုင်ပါစေဟုသာ သူတို့ ဆုတောင်းပေးနိုင်တော့သည်။
ဝုန်းကနဲ မြည်သံနှင့်အတူ သူတို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မြေကြီးပေါ်၌ တွင်းကြီးတစ်ခု ဖြစ်သွားခဲ့၏။ တန်ဝမ်ကျဲ့နှင့် ရှောင်ဟောင်တို့သည် လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားခဲ့ကြသည်။
ရှောင်ဟောင်မှာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူသည် ကိုယ်ခံပညာသရုပ်ဆောင် အခြေခံရှိသော်လည်း သာမန်လူသာ ဖြစ်နေသေးသည်။ ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံး နာကျင်နေပြီး ခုခံရန်ပင် အင်အားမရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် နတ်ပင့်ခေါ်ခြင်းအတတ်ကို အသုံးပြုထားသော တန်ဝမ်ကျဲ့မှာမူ မည်သည့်နာကျင်မှုကိုမျှ မခံစားရပေ။
သူသည် မြေပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ အားစိုက်၍ ဖုတ်ကောင်၏ ရှေ့သို့ ပြန်လည်ပြေးဝင်သွားခဲ့သည်။
ဓားသည် ဖုတ်ကောင်၏ လည်ပင်းဆီသို့ ဝေ့ယမ်းသွားသော်လည်း ဓားသွားမှာ လည်ပင်းရိုး ကြားထဲတွင် ညပ်သွားခဲ့၏။
တန်ဝမ်ကျဲ့သည် ဓားကြီးကို ချက်ချင်းစွန့်လွှတ်လိုက်ပြီး ဖုတ်ကောင်၏ ရင်ဘတ်ကို ကန်ကာ အရှိန်ဖြင့် အလျင်အမြန် နောက်ပြန်ဆုတ်လိုက်သည်။
“ငါ မင်းကို အကွက်တစ်ခု သင်ပေးမယ်။”
အာယိုးသည် တန်ဝမ်ကျဲ့၏ ဘေးတွင် ပေါ်လာပြီး လက်ဟန်တစ်ခုကို ရုတ်တရက် ပြုလုပ်ကာ သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်၏။
တန်ဝမ်ကျဲ့ကလည်း လိုက်လုပ်လိုက်သည်။
“ဘာအကွက်လဲ...။”
“ဖုတ်ကောင်တွေကို ထိန်းချုပ်တဲ့အကွက်။”
အာယိုးသည် ခြေဖျားဖြင့် ပင့်တင်လိုက်ရာ ကြက်သွေးစွန်းနေသော လက်သမားသုံး မင်ကြိုးဘူးမှာ သူ၏ လက်ထဲသို့ ပျံတက်လာခဲ့၏။ တန်ဝမ်ကျဲ့သည်လည်း တစ်ချိန်တည်းမှာပင် ထိုအတိုင်း လိုက်လုပ်လိုက်သည်။
သူတို့၏ လှုပ်ရှားမှုများမှာ ထပ်တူကျနေပြီး ၁၀၀ ရာခိုင်နှုန်း တူညီနေခဲ့သည်။
နောက်တစ်စက္ကန့်တွင် လည်ပင်း၌ ဓားမကြီး တွဲလောင်းကျနေသော ဖုတ်ကောင်သည် သူ့ထံသို့ ခုန်အုပ်လာခဲ့သော်လည်း တန်ဝမ်ကျဲ့နှင့် အာယိုးတို့သည် ရှေ့သို့ တပြိုင်နက် တိုးသွားကာ မင်ကြိုးကို အသုံးပြု၍ ဖုတ်ကောင်၏ လက်များကို ချည်နှောင်လိုက်ကြ၏။
သူသည် ငုံ့ရှောင်ကာ ဖုတ်ကောင်၏ ဂျိုင်းအောက်သို့ တိုးဝင်ပြီး ဖုတ်ကောင်၏ ကျောဘက်သို့ လှိမ့်ဝင်ကာ မင်ကြိုးဖြင့် ဆက်လက်ရစ်ပတ်လိုက်သည်။
အကြိမ်အနည်းငယ် လျင်မြန်စွာ ရစ်ပတ်ပြီးနောက် ဖုတ်ကောင်သည် မင်ကြိုးဖြင့် ချည်နှောင်ခံလိုက်ရပြီး ယာယီ ထိန်းချုပ်ခြင်း ခံလိုက်ရလေသည်။
အာယိုးသည် လင်းကွမ်းချိတ်တံဆိပ်ကို ပြုလုပ်ကာ ဖုတ်ကောင်၏ ဦးခေါင်းပေါ်သို့ ဖိနှိပ်ရန် ကြိုးစားရင်း ၎င်းကို သတ်ပစ်မည့်အစား ဖမ်းဆီးရန် ပြင်ဆင်နေပုံရသည်။ သို့သော် တန်ဝမ်ကျဲ့သည် နောက်ဆုံးမိနစ်တွင် သူ၏လှုပ်ရှားမှုကို ပြောင်းလဲလိုက်ပြီး ဖုတ်ကောင်၏ မျက်နှာ အခြားတစ်ဝက်ကို လျှပ်စီးလက်ဝါးဖြင့် ရိုက်ချလိုက်တော့လေသည်။
တန်ဝမ်ကျဲ့တွင် ကရုဏာတရဟူ၍ စိုးစဉ်မျှမရှိပေ။ အမျိုးသမီး သရဲများနှင့် ဖုတ်ကောင်များသည် လူ့ဘဝတုန်းက မည်မျှပင် သနားစရာကောင်းခဲ့ပါစေ၊ သူတို့ လူသတ်ပြီးနောက်တွင် သူလုပ်နိုင်သမျှမှာ သူတို့ သေချာပေါက် သေသွားအောင် လုပ်ပေးဖို့သာ ရှိပေသည်။
ဤမျှ ပြင်းထန်စွာ တိုက်ခိုက်နေရချိန်တွင် ကရုဏာသက်နေခြင်းမှာ မိမိကိုယ်ကိုယ်ရော၊ အခြားသူများကိုပါ ဒုက္ခပေးခြင်းဖြစ်၏။ သူတို့ကို အရင်သတ်ပြီးမှ သနားခြင်းက ပို၍ကောင်းပေသည်။
အကယ်၍ သူတို့သည် ယခုတစ်ကြိမ် အသတ်ခံရပြီးနောက်တွင် အသက်ပြန်ရှင်လာနိုင်သေးသည်ဆိုပါက ယခင်ကိစ္စများကို ပြတ်စဲပြီဟု မှတ်ယူနိုင်ပေမည်။
ကျန်ရှိနေသော အမျိုးသမီးဝိညာဉ်မှာ လျှပ်စီးလက်ဝါးကြောင့် လွင့်ထွက်သွားခဲ့၏။ သူမ၏တုံ့ပြန်မှုမှာ မြန်ဆန်ခဲ့ပြီး တန်ဝမ်ကျဲ့၏ ဓားချက်ကို မခံလိုက်ရပေ။
အမျိုးသမီးဝိညာဉ်သာ ပုန်းကွယ်ချင်နေလျှင် တန်ဝမ်ကျဲ့ပင် သူမကို ရှာမတွေ့နိုင်တော့ပေ။ သူသည် နတ်မျက်စိသို့မဟုတ် ယင်ယန် မျက်စိကို မဖွင့်ထားသောကြောင့် သူမ ရှိရာကို ရှာမတွေ့ခြင်းဖြစ်သည်။
အမွှာညီအစ်မများ ပူးကပ်ခြင်း မရှိတော့သဖြင့် ဖုတ်ကောင်၏စွမ်းအားမှာ များစွာလျော့နည်းသွားခဲ့၏။ တန်ဝမ်ကျဲ့သည် ၎င်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီးနောက် မင်ကြိုးကို အသုံးပြု၍ ဖုတ်ကောင်ကို ကောက်ညှင်းဆန်များရှိရာသို့ တရွတ်တိုက် ဆွဲသွားခဲ့သည်။
သေးငယ်သော မင်ကြိုးသည် အလေးချိန်ကို ခံနိုင်ရည်ရှိရန် မဟုတ်သော်လည်း ဖုတ်ကောင်ကို ဆွဲရာတွင်မူ ဖုတ်ကောင် မည်သို့ပင် ရုန်းကန်နေပါစေ သံမဏိကဲ့သို့ ခိုင်မာနေပြီး ပြတ်တောက်သွားခြင်း မရှိပေ။
ကောက်ညှင်းဆန်များထဲသို့ တစ်ဖန် ပြန်လည်နစ်မြုပ်သွားသောအခါ ဖုတ်ကောင်၏ ရုန်းကန်မှုများမှာလည်း တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။
တန်ဝမ်ကျဲ့သည် ဓားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခုတ်ချလိုက်၏။
မပြတ်သွားပေ။
နောက်တစ်ခါ...။
အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များသည် တန်ဝမ်ကျဲ့က အလောင်းအား နင်းကာ အထပ်ထပ်အခါခါ ခုတ်ပိုင်းနေသည်ကို ကြည့်ပြီး တုန်လှုပ်နေကြ၏။
ဤသရဲဖမ်းသူ၏ သရဲဖမ်းနည်းမှာ အလွန်ပင် ရက်စက်လွန်းပြီး သရဲဖမ်းသည်ထက် အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်နေသည့် မြင်ကွင်းနှင့် ပိုတူနေခဲ့သည်။
[အတွေ့အကြုံ ရမှတ် - ၅၀]
“ဟူး...”
မက်ဆေ့ချ် ရရှိပြီးမှသာ တန်ဝမ်ကျဲ့ ရပ်လိုက်သည်။
တန်ဝမ်ကျဲ့ သူ၏ လည်ပင်းကို ပွတ်လိုက်မိ၏။ လူတစ်ယောက်ကို အပိုင်းပိုင်း ခုတ်ထစ်ရသည်မှာလည်း ပင်ပန်းလှပြီး သူ၏ နဖူးတွင် ချွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။
မထင်မှတ်ဘဲ ကျန်ရှိနေသော အမျိုးသမီးဝိညာဉ်သည် မနီးမဝေးတွင် ပေါ်လာပြီး တန်ဝမ်ကျဲ့အား နာကျည်းကြီးစွာဖြင့် စိုက်ကြည့်နေခဲ့၏။ သို့သော် အမွှာထဲမှ တစ်ယောက် သေဆုံးသွားပြီး ဖုတ်ကောင်၏ ခေါင်းကိုလည်း ဖြတ်ပြီးပြီဖြစ်ရာ အမျိုးသမီးဝိညာဉ်တွင် ခုခံနိုင်စွမ်း မရှိတော့ပေ။
“စိတ်ကူးယဉ်မနေစမ်းပါနဲ့ အမျိုးသမီးလေးရယ်၊ ကျုပ်က မိန်းကလေးတွေကို မသတ်ပါဘူး။”
တန်ဝမ်ကျဲ့က လက်ဝှေ့ယမ်းကာ သူ၏ဓားမကြီးကို သိမ်းဆည်းလိုက်သည်။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် သူ လက်ကိုဝှေ့ယမ်းလိုက်သည့် အရှိန်နှင့်အတူ သူ၏လျှပ်စီးလက်ဝါးသည် တစ်ဖက်လူ၏ ဦးခေါင်းတည့်တည့်သို့ ဦးတည်သွားခဲ့လေ၏။
ဝုန်း
[အတွေ့အကြုံ ရမှတ် - ၂၅]
ထို့နောက် တန်ဝမ်ကျဲ့သည် အပြင်သို့ လျှောက်ထွက်သွားပြီး ကြောင်ကြည့်နေဆဲဖြစ်သော ရဲများကို အော်ပြောလိုက်၏။
“အရာရှိကြီး...နေရာကို ရှင်းလင်းလိုက်တော့။”
“အခြေအနေ ဘယ်လိုရှိလဲ။”
အရာရှိလျူက မေးလိုက်သည်။ သူသည် ဤအမှုတွင် တန်ဝမ်ကျဲ့နှင့် အရင်းနှီးဆုံး ဖြစ်သဖြင့် ဦးဆောင်မေးမြန်းလိုက်ခြင်းဖြစ်သည်။
“အလောင်းတွေအားလုံးကို မီးရှို့လိုက်ပါ။ ပြီးတော့ ဒေသခံတွေအတွက် ရပ်ကွက်ကို သန့်ရှင်းရေးလုပ်ပေးဖို့ ကူညီပေးပါဦး။ မဟုတ်ရင် ရာသီဥတုပူတော့ ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်လိမ့်မယ်။”
ထိုသို့ပြောရင်း တန်ဝမ်ကျဲ့သည် သူ၏လက်ကိုမြှောက်ကာ အရာရှိလျူ၏ ရင်ဘတ်ကို စမ်းလိုက်ပြီး သူ၏ သားရေဂျာကင်အိတ်ထဲမှ Red Marlboro ဆေးလိပ်ဘူးကို ဆွဲထုတ်လိုက်လေသည်။
အရာရှိလျူသည် ကန့်ကွက်လိုက်ချင်သော်လည်း တန်ဝမ်ကျဲ့က လေထဲသို့ စကားပြောနေသည်ကို မြင်လိုက်ရသဖြင့် သူ သရဲမြင်နေရသည်ကို သိလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်းထိန်းချုပ်လိုက်ရသည်။
“ခင်ဗျား အခု သေရတော့မှာလား။”
တန်ဝမ်ကျဲ့က အာယိုးကို ကြည့်လိုက်၏။
သူသည် ဆေးလိပ်တစ်လိပ်ကို ပါးစပ်တွင် ခဲထားပြီး တစ်ချိန်တည်းမှာပင် အာယိုး၏ ဝိညာဉ်ပါးစပ်တွင်လည်း Red Marlboro ဆေးလိပ်တစ်လိပ် ပေါ်လာခဲ့သည်။
သူသည် ခေါင်းငုံ့ကာ မီးခြစ်ဖြင့် ဆေးလိပ်ကို မီးညှိလိုက်၏။
လူတစ်ယောက်နှင့် ဝိညာဉ်တစ်ဦးတို့ ဆေးလိပ်ငွေ့များကို အတူတူ မှုတ်ထုတ်လိုက်ကြသည်။
၎င်းမှာ သူတို့ အစောပိုင်းက သဘောတူထားခဲ့သည့်အတိုင်း ဖြစ်သည်။
“မင်းပဲ သေမှာကွ။”
အာယိုးက ဆေးလိပ်တစ်ချက်ဖွာကာ တန်ဝမ်ကျဲ့နှင့် ထပ်တူကျသော ဆေးလိပ်ငွေ့အကွင်းကို မှုတ်ထုတ်လိုက်သည်။
“ကောက်ညှင်းဆန်နဲ့ နောက်ထပ် အကြိမ်အနည်းငယ်လောက် ကုလိုက်ရင် ငါ နေကောင်းသွားမှာပါ။ ငါ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်တော့ ဆက်ပြီးအသက်ရှင်နိုင်ပါသေးတယ်။”
“အဲ့လောက်တောင် သက်တမ်းတိုသွားတာလား။”
တန်ဝမ်ကျဲ့က ပြန်ပြောလိုက်၏။
ဆေးလိပ်တစ်လိပ်မှာ ခဏချင်းပင် ကုန်ဆုံးသွားခဲ့သည်။
တန်ဝမ်ကျဲ့သည် တဖြည်းဖြည်း မှိန်ဖျော့လာသော အာယိုးကို ကြည့်လိုက်သည်။
“ပြန်တော့မလို့လား။”
“ ‘နတ်ပင့်ခြင်း’ ကို လျှော့သုံး။ အဲ့ဒါက ခန္ဓာကိုယ်အတွက် မကောင်းဘူး။”
အာယိုးက လက်ဝှေ့ယမ်းပြလိုက်သည်။
“ခန္ဓာကိုယ်အတွက် မကောင်းတာက အခု သေရတာထက်စာရင်တော့ တော်ပါသေးတယ်။”
တန်ဝမ်ကျဲ့က ဆေးလိပ်တိုကို ပေါ့ပေါ့ပါးပါးပင် တောက်ထုတ်လိုက်ပြီးနောက် ဆေးလိပ်ဘူးကို သူ၏ အိတ်ထဲသို့ ထည့်လိုက်လေသည်။
အရာရှိလျူသည် သူ၏ဆေးလိပ်ကို ပြန်တောင်းချင်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို အဝေးက လှမ်းခေါ်နေသဖြင့် လှည့်ထွက်သွားခဲ့ရတော့သည်။
ထို့နောက် တန်ဝမ်ကျဲ့သည် ရှောင်ဟောင်ထံသို့ လျှောက်သွားပြီး သူ့ကို ထူပေးလိုက်၏။ မောပန်းနွမ်းနယ်မှုကို ထားလိုက်ပါဦး၊ ယခု ‘မြေနင်းနတ်ပင့်ခြင်း’ အခြေအနေ ပျောက်ကွယ်သွားချိန်တွင် သူသည် ဒဏ်ရာဟောင်းနှင့် ဒဏ်ရာသစ်တို့ ပေါင်းစပ်ကာ မခံမရပ်နိုင်လောက်အောင် နာကျင်မှုဒဏ်ကို ခံစားနေရသည်။
တန်ဝမ်ကျဲ့၊ ရှောင်ဟောင်နှင့် သတိမေ့နေသော အာယိုးတို့ သုံးဦးစလုံး တာဝန်များ ပြီးဆုံးသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။ သို့သော် တန်ဝမ်ကျဲ့သည် သူ ဘာကြောင့် လျှို့ဝှက်နယ်မြေကမ္ဘာမှ အတင်းအကျပ် ထုတ်ပယ်ခြင်း မခံရသေးသလဲဆိုသည်ကို အလွန်ပင် ပဟေဠိ ဖြစ်နေမိတော့သည်။