အပိုစောင်းတာဝန်- နိုင်ငံခြားသား သရဲဖမ်းသမား
Vol. 5 Ch. 42
ရုပ်ရှင်ရိုက်ကွင်းတစ်ခုတွင် ဆံပင်တိုတိုနှင့် အမျိုးသမီးသတင်းထောက်တစ်ဦးသည် သူမ၏သူငယ်ချင်းအား ဗီဒီယိုတစ်ခုကို ပြလိုက်၏။
“ဒီဗီဒီယိုက တော်တော်ခေတ်စားနေတာ။ နင်ကြည့်ကြည့်... သူက တကယ့်သရဲဖမ်းသမားအစစ်လား၊ အတုလား။ နင် ဘယ်လိုထင်လဲ။”
သူမ၏ ဒါရိုက်တာသူငယ်ချင်းက ဗီဒီယိုကို ခေါင်းစောင်းကြည့်လိုက်သည်။
ဗီဒီယိုထဲတွင် ချောမောခန့်ညားသော လူငယ်တစ်ဦးရှိနေလေသည်။ ထိုသူသည် သူ၏လက်ဖဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရုံဖြင့် စားသောက်ဆိုင်ရှိ မီးဖိုမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ထွက်ပေါ်လာပြီး ၎င်းသည် ကောင်းကင်သို့ ပျံတက်သွားသော မီးနဂါးတစ်ကောင်နှင့်ပင် တူနေခဲ့၏။
“အတုတော့ မဟုတ်လောက်ဘူး။ ကွန်ပျူတာ အထူးပြုလုပ်ဆောင်ချက်တွေက အခုချိန်ထိ ဒါမျိုးတွေကို မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ မီးဖိုအောက်မှာ တစ်ခုခု ဝှက်ထားတာမျိုးတော့ ဖြစ်နိုင်တယ်။”
သူငယ်ချင်းဖြစ်သူက ပြောလိုက်သည်။
“အစစ်လား အတုလားဆိုတာကတော့ စုံစမ်းစစ်ဆေးကြည့်မှပဲ ငါတို့ ပြောပိုင်ခွင့်ရှိလိမ့်မယ်။”
“ဒီလူဘယ်မှာနေလဲဆိုတာ တစ်ယောက်ယောက်က ရှာတွေ့သွားပြီဟ။ ခဏလေး...။”
ထိုအမျိုးသမီးသတင်းထောက်၏ ဖုန်းထဲသို့ မက်ဆေ့ချ်အသစ်များ တရစပ်ဝင်လာခဲ့သည်။
“အဲဒီအိမ်ရာဝင်း... ခုနက သရဲဖမ်းသမားလို့ ပြောတဲ့လူနေတဲ့ အိမ်ရာဝင်းမှာ အခုလေးတင် လောလောလတ်လတ်ကြီး လူသတ်ပြီး အလောင်းဖျောက်တဲ့ အမှုကြီးဖြစ်ခဲ့တာ။ နောက်ပြီး အလောင်းတွေကို ဖျက်ဆီးပြီး အလောင်းမွေးတဲ့အမှုလည်း ပါသေးတယ်။ ဒါပေမဲ့ အဲဒီနေရာမှာရှိနေတဲ့ ငါ့သူငယ်ချင်းတစ်ယောက် ပြောပြတာကတော့ အဲဒီလူက သရဲဖမ်းပြီး ဖုတ်ကောင်တွေကို သတ်နေတာ မြင်လိုက်ရတယ်တဲ့။”
အမျိုးသမီးသတင်းထောက်က စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်၏။
“နင်ပြောတာမှန်တယ်။ အစစ်လား အတုလားဆိုတာ စုံစမ်းကြည့်ရင် သိရမှာပဲ။”
ဆေးရုံ....။
တန်ဝမ်ကျဲသည် ဒုတိယအကြိမ်မြောက် ဆေးရုံတက်ရခြင်းဖြစ်ပြီး သူ၏ကိုယ်ပေါ်တွင် ပတ်တီးများ ပို၍ထူထဲစွာ စည်းထားခဲ့ရသည်။
သူသည် ရှောင်ဟောင်၊ အားယိုးတို့နှင့်အတူ ဆေးရုံတက်ခဲ့ရသော်လည်း ဒဏ်ရာအခြေအနေချင်း မတူညီသောကြောင့် အလွှာမတူသော အခန်းများတွင် ရှိနေကြရ၏။
“တန်ဝမ်ကျဲလားရှင့်။”
ထိုစဥ် နာ့စ်မလေးတစ်ဦး လျှောက်ဝင်လာသည်။
“ဘာကိစ္စရှိလို့လဲ။”
တန်ဝမ်ကျဲက သူမကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
သူသည် အကြောဆေးသွင်းပိုက်ကို ဖြုတ်ပြီးကာစဖြစ်ပြီး ဖုန်းကစားနေခြင်းဖြစ်သည်။
သူသည် ရီပတ်ဘလစ်ကန်ခေတ် (Republican era) တုန်းက အင်တာနက်သုံး၍မရခဲ့ပေ။ သူ၏ အရင်ဘဝတုန်းက သူဌေးကြီးတန်သည် တက်ဘလက်ကွန်ပျူတာတစ်လုံးကို အသုံးပြုရင်း သေဆုံးခဲ့ရခြင်းဖြစ်၏။
“ရှင်နဲ့တွေ့ချင်တဲ့သူရှိတယ်။”
နာ့စ်မလေးက ပြောလာခဲ့သည်။
သူမသည် နေ့တိုင်း အလုပ်ရှုပ်နေရသဖြင့် သက ချောသည်ဖြစ်စေ၊ လှသည်ဖြစ်စေ ဂရုမစိုက်နိုင်အားပေ။
“ကျုပ်နဲ့ တွေ့ချင်နေတာလား။”
သူသည် လောလောဆယ် ရဲများ၏ အစောင့်အရှောက်အောက်တွင် ရှိနေခြင်းဖြစ်သည်။
တန်ဝမ်ကျဲ တွေးတောနေစဉ်မှာပင် ဆံပင်တိုတိုနှင့် လှပသော မိန်းကလေးတစ်ဦးသည် တစ်စုံတစ်ယောက်က မြင်သွားမည်ကို စိုးရိမ်နေသည့်ပုံစံဖြင့် လျှောက်ဝင်လာခဲ့သည်။
“ဟယ်လို ရှင်က အဲဒီအိမ်ရာဝင်းက သရဲဖမ်းသမား မဟုတ်လား။”
“ခင်ဗျားကို ကျုပ်မှတ်မိတယ်။ ခင်ဗျားက မစ်ဟောင်ကောင်ရဲ့ ဒုတိယဆုရထားတဲ့သူ မဟုတ်လား။”
တန်ဝမ်ကျဲက သူမကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ရှင် အမှတ်မှားတာနေမှာပါ။ ကျွန်မက သတင်းထောက် ဖန်းဇီနင်ပါ။”
ဆံပင်တိုတိုနှင့် မိန်းကလေးက သူမ၏ သတင်းထောက်ကတ်ကို ထုတ်ပြလိုက်၏။
“ခွင့်ပြုပါဦးရှင်...ရှင့်အေနေနဲ့ အင်တာဗျူးလေး လက်ခံပေးလို့ရမလား။ ရှင်က သရဲဖမ်းရင်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာလား။ ရှင့်ရဲ့ဒဏ်ရာက ရဲတွေ ပိတ်ဆို့ထားတဲ့ အိမ်ရာဝင်းက လူသတ်မှုနဲ့ ပတ်သက်နေပါသလား။”
သူမက ထိုသို့ပြောရင်းနှင့် သူမ၏ဖုန်းကို ထုတ်ယူလိုက်သည်။ ထိုဖုန်းထဲတွင် တန်ဝမ်ကျဲက အားယိုးအတွက် ဂါထာမန်းမှုတ်ပေးနေသည့် မှတ်တမ်းတစ်ခု ရှိနေလေသည်။ ထိုအချိန်တုန်းက သူသည် အပိုစောင်းတာဝန်တစ်ခု ပေါ်လာပါက ပိုက်ဆံအပိုရရန်သာ စဉ်းစားခဲ့ခြင်းဖြစ်သည်။ ယခု သတင်းထောက်မလေး ရောက်လာတော့မှ သူ ဘာကြောင့် လျှို့ဝှက်နယ်မြေထဲက ချက်ချင်း နှင်ထုတ်မခံရသေးသလဲဆိုသည်ကို သိလိုက်ရတော့သည်။
ဒါက တကယ့်ကို အင်တာနက်ခေတ်ပဲ။ သတင်းအချက်အလက်တွေက အရမ်းမြန်တယ်။
“ဘယ်သူ ငါ့ကို ဗီဒီယိုရိုက်လိုက်တာလဲ။ ကြည့်ရှုသူ ၂ သိန်းတောင် ရှိနေပြီပဲ။”
တန်ဝမ်ကျဲ အံ့သြသွား၏။ သူသည် သရုပ်ဆောင်လုပ်ရန် အမှန်တကယ် ပါရမီပါပုံရသည်။ ကြည့်ရှုသူ ၂ သိန်းထဲတွင် ၁ သိန်း ၉ သောင်းကတော့ သူ၏ရုပ်ရည်ကြောင့် ကြည့်ကြခြင်းဖြစ်ရမည်ဟု သူယုံကြည်ပေသည်။
“ခင်ဗျား သရဲကြည့်ချင်လား။”
တန်ဝမ်ကျဲက ဖုန်းကို ချလိုက်ပြီး သူမ၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
သူသည် ဤမျက်နှာကို ကောင်းကောင်းမှတ်မိနေပြီး မည်သည့်ရုပ်ရှင်ထဲကမှန်းကိုပါ မှတ်မိနေခဲ့သည်။ သူ၏အရင်ဘဝတွင် ‘Rigor Mortis’ ဇာတ်ကားကို ကြည့်ပြီးနောက် အခြားရုပ်ရှင်တစ်ခုက ထိုကားနှင့် ဆက်စပ်နေသည်ဟု ထင်ခဲ့သော်လည်း ကြည့်လိုက်သည့်အခါတွင်တော့ ထိုသို့မဟုတ်မှန်း သိခဲ့ရသည်။
ထိုရုပ်ရှင်ထဲတွင် ဒေသခံ သရဲဖမ်းသမားတစ်ဦးလည်း ပါဝင်၏။
မဟုတ်သေးဘူး...သူ့ကို ‘Keeper of Darkness’ ထဲက ဒေသခံ နတ်ဆိုးနှင်ထုတ်သူလို့ ခေါ်ရမယ်။
ကံမကောင်းစွာဖြင့် ထိုလုပ်ဖော်ကိုင်ဖက်၏ သရဲနှင်ထုတ်နည်းများမှာ လျှပ်စစ်ရှော့တိုက်ခြင်း၊ ကြက်ဖများနှင့် ယမ်းများ အသုံးပြုခြင်းနှင့် နောက်ဆုံးတွင် စကားပြော၍ နားချခြင်းတို့သာ ဖြစ်သည်။ သို့သော် ထိုရုပ်ရှင်ထဲက မကောင်းဆိုးဝါးများမှာ အလွန်အင်အားကြီးမားလှပေသည်။
သူ အမှတ်ရဆုံးကတော့ ဂျက်ကီချန်းသရုပ်ဆောင်ထားသည့် ‘Grim Reaper’ ပင် ဖြစ်သည်။
“ရလို့လား။”
ဖန်းဇီနင်က ချက်ချင်းမေးလိုက်သည်။
“ဒါပေါ့...”
သူမ၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်အောက်၌ သူပြောလိုက်၏။
“မရဘူးလေ။ ကျုပ်ရဲ့ ဒဏ်ရာတွေရ ပြင်းနေသေးတယ်လေ မိန်းကလေးရယ်။”
“ဒါက ကျွန်မရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေပါ။ ရှင့်ဒဏ်ရာတွေ ပျောက်ရင် ဆက်သွယ်ပေးပါ။ ကျွန်မ ပိုက်ဆံပေးနိုင်ပါတယ်။”
ဖန်းဇီနင်သည် ထိုသို့ပြောပြီးနောက် တန်ဝမ်ကျဲ ငြင်းဆိုသည်ကိုပင် မစောင့်တော့ပေ။ သူမသည် တန်ဝမ်ကျဲ၏ဖုန်းကို စွက်ခနဲယူလိုက်ပြီး သူမ၏ဖုန်းနံပါတ်ကို အမြန်ရိုက်ထည့်ကာ သူမဆီသို့ ဖုန်းတစ်ချက်ခေါ်လိုက်၏။ ထို့နောက် လူနာကြည့်ချိန် ပြည့်တော့မည်ဟု ခံစားရသဖြင့် လက်ပြကာ ထွက်ခွာသွားတော့လေသည်။
ဖန်းဇီနင် ဖုန်းကို ကိုင်လိုက်စဉ်မှာပင် သူမ ဆက်သွယ်နေသည်မှာ သူတစ်ယောက်တည်း မဟုတ်မှန်း တန်ဝမ်ကျဲ မြင်လိုက်ရသည်။
“ငါက အရံအဖြစ် သတ်မှတ်ခံထားရတာလားဟ။ ထားလိုက်ပါတော့လေ။”
တန်ဝမ်ကျဲသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း မရင်းနှီးသော မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။
[ရွေးချယ်နိုင်သောမစ်ရှင်- နိုင်ငံခြားသား သရဲဖမ်းသမား။ သရဲတစ်ကောင်၏ ဆန္ဒကို ဖြည့်ဆည်းပေးပါ သို့မဟုတ် ၎င်းကို နှိမ်နင်းပါ။ ဆုလာဘ်- သရဲတစ်ကောင်လျှင် မှော်ဝင်ငွေ ၁၀၀။]
“ကပ်စေးနည်းလိုက်တာ...။”
တန်ဝမ်ကျဲက အထင်သေးစွာဖြင့် တွေးလိုက်မိသည်။
သူ ပြန်လည်မထွက်ခွာခင် အနည်းဆုံး ၃၀၀ လောက်တော့ ရှာသွားမည်ဟု စိတ်ကူးထားလိုက်၏။ အနည်းဆုံးတော့ ဆယ်ကြိမ်ဆက်တိုက် ကံစမ်းမဲနှိုက်ရန်အတွက် စုထားရဦးမည်ဖြစ်သည်။
သို့သော် ၎င်းက ဤကမ္ဘာသည် အမှန်တကယ်ပင် ရှုပ်ထွေးလှကြောင်းကိုလည်း ပြသနေခဲ့သည်။
ဆန္ဒမပြည့်သေးတဲ့ သရဲတွေက နေရာတိုင်းမှာ ရှိနေကြတာလား။
အကယ်၍ သူသာ ထိုတာဝန်ကို မရွေးချယ်ဘူဆိုရင် သူ ချက်ချင်း ထွက်သွားလို့ရမလား။
သို့သော် တန်ဝမ်ကျဲ စဉ်းစားကြည့်လိုက်သည်။ အကယ်၍ သူသာ နောက်ဆက်တွဲပေါ်လာသည့် ဤတာဝန်များကို မလုပ်ခဲ့လျှင် နှမြောစရာဖြစ်သွားပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ဤလျှို့ဝှက်နယ်မြေထဲတွင် မည်မျှပင်ကြာအောင် နေထိုင်ပါစေ၊ သူ၏ဇာတိကမ္ဘာရှိ သူ၏ကိုယ်ခန္ဓာမှာမူ ခေတ္တခဏ အိပ်ပျော်သွားရုံသာရှိပေလိမ့်မည်။
မကြာမီမှာပင် အရာရှိလျူ ရောက်ရှိလာခဲ့သည်။
“အဲဒီ အားကျိုး သေသွားပြီ။ မနေ့ညက သေသွားတာ။”
“သူ့ရဲ့ သက်တမ်းက ကုန်နေပြီလေ။ သရဲလေးကသာ သူ့အသက်ကို ဆွဲမထားရင် သူ သေတာ ကြာလှပြီ။”
တန်ဝမ်ကျဲက ပြန်ပြောလိုက်၏။ သို့သော် သေမင်းကို ကိုယ်တိုင်ကိုယ်ကျ မတွေ့လိုက်ရသည့်အတွက် သူ အနည်းငယ်တော့ နောင်တရသွားမိသည်။
အရာရှိလျို တိတ်ဆိတ်သွားခဲ့သည်။ ထိုစကားများကို သူ ဘယ်လိုတုံ့ပြန်ရမလဲပင် မသိတော့ပေ။
နောက်ထပ် သရဲတွေပဲလား။ အမှုမှတ်တမ်း ရေးရတာ ခက်တော့မှာပဲ...
အမှုကိုတော့ ပိတ်လိုက်ပြီဖြစ်သည်။
ရှောင်ဟောင်သည်လည်း ထွက်သွားခဲ့ပြီဖြစ်၏။ သူ ဘာကို နားလည်သွားသလဲဆိုသည်ကိုတော့ မရှင်းလင်းပေ။ သူသည် ရက်အနည်းငယ်သာ နေခဲ့သော်လည်း အလွန်ပြတ်သားစွာပင် ထွက်ခွာသွားခဲ့သည်။
အားယိုးသည်မူ ထမင်းကြော်ရန် အိမ်ရာဝင်းသို့ ပြန်သွားခဲ့၏။ သို့သော် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် အိမ်ရာဝင်းရှိ လူအများအပြား ပြောင်းရွှေ့သွားကြသဖြင့် နေရာမှ ပို၍ပင် ခြောက်ကပ်လာခဲ့သည်။ အားဖုန်းနှင့် ရှောင်ပိုင်တို့မှာ ပြန်ရောက်လာခဲ့ကြသည်။ ထိုသားအမိမှာ သွားစရာ နေရာမရှိတော့ပေ။
“အဒေါ်မေရော ဘာအပြစ်ဒဏ် ကျသွားခဲ့လဲ။”
တန်ဝမ်ကျဲက ကောက်ညှင်းထမင်းကြော်ကို ပါးစပ်ထဲ ခပ်ပေါ့ပေါ့ ခတ်ထည့်ရင်း မေးလိုက်သည်။
ထိုစဉ် အားယိုးက လျှောက်လာပြီး တန်ဝမ်ကျဲရှေ့က စီးကရက်ဗူးနှင့် မီးခြစ်ကို အမြန်ဆွဲယူကာ ဝင်ထိုင်လိုက်လေသည်။ ထို့နောက် ကိုယ့်ဘာသာ စီးကရက်တစ်လိပ်ကို အသာအယာ မီးညှိလိုက်ပြီး မီးခြစ်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှပင် သူက သက်တောင့်သက်သာဖြင့် ပြောလိုက်၏။
“အိမ်နီးနားချင်းတွေ သူမဆီ တစ်ခေါက်သွားတွေ့ခဲ့ကြတယ်။ အလောင်းဖျက်ဆီးမှု၊ လူသတ်မှု၊ အလောင်းကို အပိုင်းပိုင်းဖြတ်မှု... နောက်ပြီး ဦးလေးယန်ကို သတ်မှုတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ ကြားတယ်။ သူ ထောင်ထဲမှာ တော်တော်ကြာကြာ နေရမှာတော့ သေချာတယ်။ ငါ တကယ် သက်ပြင်းချမိပါတယ်... သူ့အသက်အရွယ်ကျမှ ဒါမျိုးတွေ လုပ်ရတယ်လို့။”
တန်ဝမ်ကျဲ ခေါင်းညိတ်လိုက်သည်။ သေဒဏ်မရှိသည့်အတွက် ထိုသို့ပင်ဖြစ်ပေလိမ့်မည်။ သို့သော် ဤကမ္ဘာသည် ငရဲပြည်ရှိသည့် ကမ္ဘာဖြစ်၏။ လူ့ပြည်မှာ ပြစ်ဒဏ်ခံယူပြီးသော်လည်း အောက်ဘုံတွင် သူမကို စောင့်ကြိုနေမည့်အရာများ ရှိနေပါသေးသည်။ ထိုမျှနှင့် လွယ်လွယ်ကူကူ ပြီးဆုံးသွားမည်တော့ မဟုတ်ပေ။
“မင်းရော.. အနာဂတ်မှာ ဘာလုပ်ဖို့ အစီအစဉ်ထားလဲ။”
အာယိုးက မေးလိုက်သည်။
“ကျုပ်က အခု ရဲတွေနဲ့ ပူးပေါင်းထားတဲ့ သရဲဖမ်းသမားလေ။ ကျုပ်ရဲ့ ပွဲထွက်ခက အရမ်းမြင့်တယ်။”
တန်ဝမ်ကျဲက အာယိုး၏ အိတ်ကပ်ကို အထင်သေးသလို ကြည့်လိုက်၏။ သူတစ်ပါး၏ မီးခြစ်ကို ခိုးယူသည့် အာယိုး၏ အပြုအမူကို ရှုံ့ချနေသည့်ပုံစံပင် ဖြစ်သည်။
ထို့နောက် သူသည် သူ၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ မီးခြစ်တစ်ခုကို ထုတ်လိုက်သည်။
အာယိုး မျက်လုံးပြူးသွား၏။ ဤကောင်က မီးခြစ်ကို ကိုယ်တိုင်ဝယ်လိမ့်မည်ဟုတော့ သူ မယုံကြည်ပေ။
ထိုစဉ် အဝေးတစ်နေရာ၌ အလုပ်ပြီးခါစ ရှမ်းရှီးသားသည် သူ၏အိတ်ကပ်ကို စမ်းကြည့်လိုက်မိ၏။
“ငါ့မီးခြစ် ဘယ်ရောက်သွားပါလိမ့်။”
အားယိုး နားလည်သွားခဲ့သည်။
တန်ဝမ်ကျဲသည် စီးကရက်ကို အသာအယာ မီးညှိလိုက်သော်လည်း ဖွာမသောက်ပေ။ စီးကရက်ငွေ့များ လွင့်ပျံ့နေပြီး ပတ်ဝန်းကျင်ရှိ သရဲအရိပ်အယောင်များမှာလည်း ဝေဝါးနေခဲ့သည်။
ဤကမ္ဘာတွင် သရဲများ အမှန်တကယ် များပြားလှပေသည်။
“ဦးလေးယိုး...ဦးလေး အသက်ရှင်ဖို့ နှစ်တွေ အများကြီး မကျန်တော့ဘူး။ ဦးလေးရဲ့ ပညာရပ်တွေကို ကျုပ်ကို အကုန်သင်ပေးလိုက်ပါလား။”
သရဲဖမ်းသည့် အပိုစောင်းတာဝန်များက အရေးမကြီးပေ။ အာယိုး၏လက်ထဲမှ ပညာရပ်များကို ရယူနိုင်လျှင် ပိုကောင်းပေမည်။ ဘယ်သူမှ သင်မပေးဘဲ ကိုယ့်ဘာသာ တတ်ထားသည့် လူတစ်ယောက်ထက်စာလျှင် ‘နောက်ဆုံးသော နတ်ဆရာ’ တစ်ဦး၏ ပညာက ပို၍ စွမ်းအားကြီးမည်ဖြစ်သည်။
“ငါက မင်းထက် ကျိန်းသေ ပိုအသက်ရှည်ဦးမှာကွ။”
အာယိုးက စီးကရက်ကို အားရပါးရ ဖွာလိုက်၏။
“မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ပြောင်းတာ ပိုကောင်းမယ်။ မင်းက ငယ်လည်းငယ်၊ သန်လည်းသန်တယ်၊ နတ်ဆရာလုပ်မယ့်အစား မိန်းမယူတာကမှ ပိုကောင်းဦးမယ်။ ဒီအလုပ်က ငတ်ရင်ငတ်၊ မငတ်ရင် သရဲစားတာ ခံရမယ့်အလုပ်ကွ။”
“ဟေး ကျုပ်ကို မစွပ်စွဲစမ်းပါနဲ့။ ကျုပ်က မိန်းမဆီက ကပ်စားဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ကျုပ်မှာ မူရှိတယ်ဗျ။ ကျုပ်က မိန်းမတွေဆီကနေ ချူမစားဘူး။”
တန်ဝမ်ကျဲက သူ၏လက်ချောင်းကို မြှောက်ကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
အာယိုးသည် သူ့ကို မနာလိုဖြစ်ပြီး တစ်ဖန် ပြန်လည်စွပ်စွဲနေခြင်းဖြစ်မှန်း သူသိပေသည်။
ထိုအခါ အာယိုးက အထင်သေးစွာဖြင့် ပြောလိုက်၏။
“မနေ့က မင်း ဝက်သားကင်ဆိုင်က သူဌေးမကို မျက်စပစ်နေတာ ငါ မြင်သားပဲ။”
“အဲဒီဆိုင်က ဦးလေးကြီးတစ်ယောက် သရဲဝင်ပူးနေလို့လေ။ သူ့ညာဘက်ခြေထောက်က မုန့်ကျိုးလိမ်ကြီးလို လိမ်နေတာကို ကျုပ်က သရဲနှင်ပေးနေရုံပါပဲ...။ ဟေး ကျုပ်က သောက်ချောကြီးပါနော်။ သူက အိမ်ပိုင်ရှင်အစ်မကြီးနဲ့ တူနေရုံနဲ့ ကျုပ်က သူ့ကို လိုက်ပိုးပါ့မလား။ ဦးလေး ကျုပ်ကို စွပ်စွဲနေတာပဲ။”
“ဘယ်သူသိမှာလဲကွ...။”