ရှုပ်ထွေးဆန်းကြယ်သော ကမ္ဘာကြီး
Vol. 5 Ch. 43
အာယိုးသည် အပြင်ပန်းတွင် စိတ်မရှည်သလို ပြသထားသော်လည်း တကယ်တော့ နှုတ်သီးသန်ပြီး စိတ်ထားနူးညံ့သူ ဖြစ်သည်။ တန်ဝမ်ကျဲတွင် ထူးခြားသော ပါရမီရှိသည်ကို သူမြင်နိုင်သဖြင့် သူ၏ပညာရပ်များကို မြေကြီးထဲယူသွားမည့်အစား တန်ဝမ်ကျဲကို သင်ပေးလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့၏။
ထို့ကြောင့် တန်ဝမ်ကျဲသည် အာယိုးထံမှ အထွေထွေဗဟုသုတများစွာကို အောင်မြင်စွာ သင်ယူနိုင်ခဲ့သည်။ ကံမကောင်းသည်မှာ အာယိုးသည် နောက်ဆုံးသော နတ်ဆရာဖြစ်သော်လည်း နက်နဲသည့် ဂါထာမန္တန်များကို မသိပေ။ သူသည် အဓိကအားဖြင့် မက်မွန်သားဓား၊ ကြက်သွေး၊ ကြိုးနီနှင့် အခြားပစ္စည်းများ၏ စွမ်းအားကိုသာ အားကိုးပေသည်။
သို့သော် ဤအခြေခံဗဟုသုတများသည် တန်ဝမ်ကျဲအတွက် အကွက်တိ လိုအပ်နေသောအရာများပင် ဖြစ်သည်။
ပုံမှန်အားဖြင့် တန်ဝမ်ကျဲသည် ရုတ်တရက်ပေါ်လာသော တာဝန်အချို့ကို လက်ခံရရှိတတ်သော်လည်း သူတွေ့သမျှ သရဲတိုင်းကိုတော့ သတ်ပစ်လေ့မရှိပေ။ ၎င်းမှာ သရဲနှင့် စကားပြောဆို၍ ရ၊ မရပေါ်တွင်သာ အဓိက မူတည်ပေသည်။ အကယ်၍ စကားပြော၍ရပါက သူတို့ကို ဘဝမကူးခင် လွှတ်ပေးတတ်ပြီး စကားပြော၍မရပါက ခုတ်သတ်ပစ်လိုက်၏။ သူ၏လက်ထဲရှိ ၂၉ ခုမြောက် တပ်မတော်သုံး ဓားမကြီးမှာ ကျူးကျော်သူများကို သတ်ရာ၌ စွမ်းအားကြီးရုံသာမက သရဲသစ္ဆေများကို နှိမ်နင်းရာတွင်လည်း ပို၍ထက်မြက်သဖြင့် လမ်းတစ်လျှောက်တွင် မှော်ဝင်ငွေ တော်တော်များများ ရရှိခဲ့ပေသည်။
တန်ဝမ်ကျဲက အာယိုးအား သရဲတမန်များ နှင့် ငရဲပြည်အကြောင်း ပြောပြသောအခါတွင် အာယိုးက “စည်းကမ်းအတိုင်းပဲ နေစမ်းပါ။ လူရှင်တွေက လူသေတွေရဲ့ ကိစ္စထဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ” ဟုသာ ရိုးရိုးရှင်းရှင်း ပြန်ပြောခဲ့၏။
ယနေ့လည်း မွန်းလွဲပိုင်းသို့ ရောက်လာခဲ့ပြန်ပြီ။ အချိန်ကာလများ ခုန်ကူးနေမှုမှာ အနည်းငယ် တည်ငြိမ်လာသော်လည်း နေ့တာကတိုပြီး ညတာက ရှည်နေဆဲပင်။ မေလမှ မတ်လသို့ ပြန်လည်ခုန်ကူးသွားခြင်းမျိုးလည်း မကြာခဏ ဖြစ်ပွားတတ်သည်။
ဤကမ္ဘာသည် အချို့သော “ဇာတ်ကွက်များ” ရောထွေးနေခြင်းကြောင့် အချိန်များ ရှုပ်ထွေးစွာ ခုန်ကူးနေခြင်းဖြစ်မည်ဟု တန်ဝမ်ကျဲ သံသယဝင်မိသည်။ သို့မဟုတ်ပါက မနေ့ကမှ နွေဦးရာသီ၏ လူဆိုးနှိမ်နင်းခြင်း အခမ်းအနား ကျင်းပပြီးကာစရှိသေး ယနေ့တွင် ရုတ်တရက် သရဲပွဲတော်သို့ ခုန်ကူးသွားရန်မှာ မဖြစ်နိုင်ပေ။
သတင်းများနှင့် သတင်းစာများကို ဖတ်နေခြင်းမှာလည်း လုံးဝ အကျိုးမရှိတော့ပေ။ ထူးဆန်းသည်မှာ အခြားသူများအားလုံးမှာမူ အချိန်နှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို လုံးဝ သတိမထားမိဘဲ ပုံမှန်အတိုင်းသာ ရှေ့ဆက်နေကြခြင်းပင်။
အချိန်ကာလများ ရှုပ်ထွေးနေရုံသာမက လူ့လောကကြီးမှာလည်း လူနှင့်သရဲများ ရောနှောနေထိုင်နေကြသဖြင့် အလွန်ပင် ပရမ်းပတာ ဖြစ်နေခဲ့သည်။
တန်ဝမ်ကျဲသည် အစားအသောက်အိတ် နှစ်အိတ်ကို ဆွဲကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ အမွှာညီအစ်မ သရဲမများ အခန်း ၂၄၄၂ တွင် မရှိတော့သော်လည်း အားဖုန်းသည် ထိုအခန်းထဲသို့ ပြန်မဝင်ရဲသေးဘဲ ဤအလွှာထဲတွင်သာ လှည့်လည်သွားလာနေမည်ကို သူသိပေသည်။
“ရှောင်ပိုင်... အားဖုန်း..၊။ငါ အစားအသောက်ကောင်းတွေ ဝယ်လာတယ်ဟေ့။”
တန်ဝမ်ကျဲက သူ့လက်ထဲက အိတ်များကို လွှဲယမ်းရင်း အဝေးမှ လှမ်းအော်လိုက်၏။
လောလောဆယ်တွင် အိမ်ရာဝင်း၏ ဤအလွှာတွင် အခန်း ၂၄၁၀ မှ တန်ဝမ်ကျဲနှင့် လေလွင့်နေသော သားအမိ အားဖုန်းတို့သာ ရှိကြသည်။
ထို့နောက် ပြေးလာသော ခြေသံသဲ့သဲ့ကို သူကြားလိုက်ရ၏။ ရှောင်ပိုင် ပြေးလာခဲ့သော်လည်း နောက်မှ လိုက်လာသူမှာ အားဖုန်းမဟုတ်ဘဲ ထိုနေ့က သတင်းထောက်မလေး ဖန်ဇီနင် ဖြစ်နေခဲ့သည်။
ရှောင်ပိုင်က တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် ဝင်ပုန်းလိုက်၏။
“ကျွန်မ အရင်က ပို့ထားတဲ့ မက်ဆေ့ချ်တွေကို ဘာလို့ ပြန်မပို့တာလဲ။”
ဖန်ဇီနင်က ဖန်လုံးလေးတစ်ခုကို ရှောင်ပိုင်အား ပေးလိုက်ပြီး တန်ဝမ်ကျဲကို မော့ကြည့်လိုက်သည်။
သူမသည် တန်ဝမ်ကျဲကို အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း သူက သူမကို လုံးဝ လျစ်လျူရှုထားကြောင်း တွေ့ရှိခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် အိမ်ရာဝင်း၏ လိပ်စာကို စုံစမ်းတွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ကို မေးမြန်းကြည့်ရာ တန်ဝမ်ကျဲ ဤနေရာတွင် နေထိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရှောင်ပိုင်နှင့် ဆော့ကစားရင်း တန်ဝမ်ကျဲ ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမသည် မုဆိုးက ယုန်ကို စောင့်သကဲ့သို့ စောင့်နေရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တန်ဝမ်ကျဲမှာမူ အာယိုးထံမှ ပညာသင်ယူရင်း ကျေနပ်နေ၏။ သူ၏ အခြေခံစွမ်းရည်များ တိုးတက်မလာသော်လည်း သူ၏စွမ်းရည်များမှာမူ သိသိသာသာ တိုးတက်လာခဲ့ပြီး ထိုစွမ်းရည်များကို စစ်မှန်သည့်တိုက်ပွဲဝင် စွမ်းအားအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီဖြစ်သည်။
သရဲတွေ နေရာတိုင်းမှာ ရှိနေတာကို ဘာလို့ သတင်းထောက်မလေး တစ်ယောက်နဲ့ အချိန်ဖြုန်းနေရမှာလဲ။
တန်ဝမ်ကျဲအကြောင်း သိသူတိုင်း သိကြသည်မှာ သရဲဖမ်းသည့် ကိစ္စရှိနေပါက အမျိုးသမီးများသည် သူ့အတွက် လုံးဝ ဆွဲဆောင်မှု မရှိတော့ခြင်းပင်။
“မင်းအမေ ဘယ်မှာလဲ။”
တန်ဝမ်ကျဲက သူမကို ဂရုမစိုက်ဘဲ ရှောင်ပိုင်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
“ငါ အစားအသောက်ကောင်းတွေ ဝယ်လာတယ်။ သူ့ကို လာစားဖို့ သွားခေါ်လိုက်ဦး။”
ရှောင်ပိုင်သည် ချက်ချင်းပင် ပြေးထွက်သွားပြီး ခဏအကြာတွင် အားဖုန်းကို ဆွဲခေါ်လာခဲ့သည်။ သို့သော် အားဖုန်းသည် သူစိမ်းများရှေ့တွင် အလွန်ရှက်ရွံ့တတ်သူဖြစ်ပေသည်။
“ဟယ်လို”
ဇီနင်က အားဖုန်းကို နွေးထွေးစွာ ပြုံးပြလိုက်သော်လည်း ကံမကောင်းစွာဖြင့် တစ်ဖက်လူက အသိအမှတ်မပြုပေ။ ယင်းအစား “အာ့!” ဟု အော်ကာ ပို၍ပင် ဝေးဝေးသို့ ပြေးပုန်းသွားခဲ့သည်။
တန်ဝမ်ကျဲ၏ မျက်နှာပေး အနည်းငယ် ပြောင်းလဲသွား၏။
သူ့တွင် မှော်အစွမ်းရှိသဖြင့် အငွေ့အသက်များကို မဖုံးကွယ်ထားသော အင်အားကြီးသရဲများကို အာရုံခံနိုင်သော်လည်း သာမန်သရဲအသေးစားလေးများကိုမူ သူ၏မျက်စိကို ဖွင့်လိုက်ခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ကိုယ်ထင်ပြခြင်းမျိုး မရှိပါက အာရုံမရနိုင်ပေ။
အားဖုန်းမှာမူ မွေးရာပါ ယင်ယန်မျက်လုံး ပါလာသူဖြစ်သဖြင့် သရဲအကြီးအသေး မရွေးဘဲ တွေ့မြင်နိုင်ပေသည်။ တန်ဝမ်ကျဲက ယခင်က သူမကို မေးမြန်းဖူးသဖြင့် ယင်ယန်မျက်လုံး၏ ကြောက်စရာကောင်းပုံမှာ အသေးစိတ် မြင်ရခြင်းဖြစ်ကြောင်း သိထားခဲ့သည်။ ဥပမာအားဖြင့် ဦးလေးကျိုးပင်လျှင် သရဲများကို မြင်ရန် မိုးမခရွက်နှင့် မျက်စိကို ပွတ်ရသေးသော်လည်း အားဖုန်းမှာမူ သရဲများ၏ ဖုံးကွယ်မှုကို ဖောက်ထွင်းမြင်နိုင်ပြီး ၎င်းတို့၏ တကယ့်ရုပ်သွင်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။ ၎င်းတို့က ဂါထာမန္တန်သုံး၍ ရုပ်ဖျက်ထားခြင်း မရှိလျှင်ပေါ့။
ဤစွမ်းရည်က သိပ်တော့ မကောင်းလှပေ။ သူမမြင်ရသမျှ သရဲတိုင်းမှာ သေခါနီးရုပ်သွင်အတိုင်း မည်သည့် ပြုပြင်မွမ်းမံမှုမှမရှိဘဲ ပေါ်နေခြင်းဖြစ်၏။ ထို့ကြောင့်လည်း အားဖုန်းမှာ သူမ၏ရူးသွပ်မှုကို မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ ၎င်းမှာ လူသူကင်းမဲ့သော စင်္ကြံလမ်းတစ်ခုတွင် သာမန်လူတစ်ယောက် လျှောက်သွားလျှင် ဘာမှမရှိဟု ထင်ရသော်လည်း အားဖုန်းကဲ့သို့ ယင်ယန်မျက်လုံးရှိသူအတွက်မူ လူအုပ်ကြီးနှင့် တိုးနေရသကဲ့သို့ပင်။
အားဖုန်းက ဒီလောက်တောင် ကြောက်နေမှတော့ ဇီနင်ရဲ့ ကိုယ်ပေါ်မှာ သရဲတစ်ကောင် ရှိနေတာ သေချာသွားပြီ။
အားဖုန်း၏ တုံ့ပြန်မှုကြောင့် ဇီနင် ထိတ်လန့်သွား၏။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တန်ဝမ်ကျဲက သူမ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး ပြောလိုက်၏။
“ကျုပ်ရဲ့ အကြံပေးခက တစ်နာရီကို ယွမ် ၂,၀၀၀။ ၈ နာရီအောက် ဘယ်နှစ်နာရီပဲ ငှားငှား ၈ နာရီစာ ယူတယ်။ အလုပ်အတူ တွဲလုပ်ရတဲ့အတွက် ဝမ်းသာပါတယ်ဗျာ။”
“ကျွန်မက...”
ဖန်ဇီနင် စကားပြောရန် ကြိုးစားလိုက်၏။ သို့သော် တန်ဝမ်ကျဲက မေးလိုက်သည်။
“အားဖုန်း ဘယ်နေရာမှာလဲ။”
“ပု...ပုခုံးပေါ်မှာ။”
အားဖုန်းက ဇီနင်၏ ဘယ်ဘက်ပုခုံးကို တုန်တုန်ရင်ရင်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။
“အိုကေ...ရပြီ။”
တန်ဝမ်ကျဲက သူ၏လက်ဖဝါးကို လှန်ကာ ဇီနင်၏ ပုခုံးအထက်ရှိ လေဟာနယ်ထဲသို့ ဓားလက်ချောင်းဖြင့် ထိုးလိုက်တော့၏။
ဇီနင်သည် သူမ၏ နားရွက်နားတွင် “ဖွတ်” ခနဲ မြည်သံကို ကြားလိုက်ရပြီးနောက် သူမ၏ ပုခုံးမှာ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
“ကောင်လေး...မင်းက သေခြင်းတရားကို ရှာဖွေနေတာပဲ။”
သရဲတစ်ကောင် ကြမ်းပြင်ပေါ်သို့ လိမ့်ကျလာခဲ့သည်။ ၎င်း၏ ရင်ဘတ်တွင် တန်ဝမ်ကျဲ၏ လက်ချောင်းကြောင့် အပေါက်တစ်ပေါက် ဖြစ်သွားခဲ့လေသည်။ ၎င်းက တန်ဝမ်ကျဲကို ဒေါသတကြီး လက်ညှိုးထိုးကာ “မင်း သွားပြီသာမှတ်...ငါ့ကို စောင့်နေလိုက်စမ်း” ဟု အော်ဟစ်လိုက်၏။
၎င်းမှာ ကြွက်သားအမြောင်းမြောင်းနှင့် ဖြစ်သော်လည်း အရပ်ပုသည်။ ၎င်းက ဆဲဆိုနေသော်လည်း တန်ဝမ်ကျဲနှင့် ဝေးရာသို့ နောက်ဆုတ်ကာ အမြန်ပြေးရန် ပြင်နေခဲ့သည်။
“ဟေ့...ခေါင်းချွန်လေး”
တန်ဝမ်ကျဲက လှမ်းခေါ်လိုက်၏။
“မင်းမှာ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ဘာတွေ ရှိသေးလား။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ တစ်ခုက မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ နောက်တစ်ခုကတော့ အခုပဲ ခုတ်သတ်ပြီး မင်းကို နိဗ္ဗာန်ပို့ပေးမယ်။”
“ငါ့မှာ ဘာဆန္ဒမှ မရှိဘူး။”
ထိုကြွက်သားပု သရဲက လှည့်ပြေးရန် ကြိုးစားလိုက်၏။
“အော်...ဒါဆို မင်းက ဒုတိယတစ်ခုကို ရွေးလိုက်တာပေါ့။”
တန်ဝမ်ကျဲက ခြေလှမ်းအနည်းငယ်ဖြင့် ပြေးဝင်သွားသည်။ သူ၏ ဓားမကြီးမှာလည်း ရုတ်တရက် ထွက်ပေါ်လာပြီး ထိုသရဲကို ခုတ်ချလိုက်တော့သည်။ သရဲ၏ ကြွက်သားအမြောင်းမြောင်းနှင့် ညာဘက်လက်မောင်းမှာ ချက်ချင်းပင် ပြတ်ထွက်သွားတော့လေသည်။
“နေပါဦး...နေပါဦး...။ ကျုပ်မှာ မပြည့်သေးတဲ့ ဆန္ဒတွေ ရှိပါတယ်။ တကယ်ရှိတာပါ။”
ကြွက်သားပု သရဲသည် ပြတ်ထွက်သွားသော လက်မောင်းကို ဖက်ကာ ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်ရင်း အော်ဟစ်နေတော့၏။
ခုနက တိုက်ခိုက်မှုမှ ပါလာသော မိစ္ဆာစွမ်းအင်ကြောင့် ၎င်း၏ ဝိညာဉ်မှာ လွင့်စင်ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ဆန္ဒတစ်ခုကို လုပ်ကြံပြောလိုက်ရတော့သည်။
“မင်းမှာ ဆန္ဒရှိမှန်း ငါသိသားပဲ။ ပြောစမ်း...,ငါက သရဲတွေကို ကူညီရတာကို အနှစ်သက်ဆုံး လူစားမျိုးပါ။”
တန်ဝမ်ကျဲက သူ၏ဓားမကြီးကို မြှောက်ထားရင်း ပြောလိုက်သည်။
ကြွက်သားပု သရဲက ချက်ချင်းပြောလိုက်၏။
“ကျုပ်ရဲ့ အဖေကို ကူညီစောင့်ရှောက်ပေးပါ။ ကျုပ် လူဖြစ်စဉ်တုန်းက အရပ်ပုလို့ အနှိမ်ခံရမှာ ကြောက်လို့ အမြဲ လေ့ကျင့်ခန်းလုပ်တယ်၊ ဆေးတွေထိုးတယ်၊ အစားအသောက်တွေ ရှောင်ခဲ့တယ်။ ကျုပ် သေပြီးနောက်မှာ စိုးရိမ်ရဆုံးက ကျုပ် အဖေပါပဲ။”
တန်ဝမ်ကျဲ ခေါင်းညိတ်လိုက်သည်။ ဤသို့မှ ပိုကောင်းဦးမည်။ သူက ပူးပေါင်းဆောင်ရွက်တတ်သော သရဲများကို နှစ်သက်ပေသည်။
အချို့က သူ့ကို သွေးဆာသူဟု ပြောကြသော်လည်း တကယ်တော့ သူက စကားပြောရ အလွန်လွယ်ကူသူ ဖြစ်ပါသည်။
အရင်ခုတ်၊ ပြီးမှမေးလျှင် တစ်ဖက်လူတွင် အမြဲတမ်း “မပြည့်ဝသေးသော ဆန္ဒ” တစ်ခုတော့ ရှိနေတတ်စမြဲပင်။ ဤနည်းလမ်းက ဘယ်တော့မှ မလွဲချော်ပေ။
“လိပ်စာနဲ့ အချက်အလက်တွေ ပြော။ အော်... နောက်ပြီး ငါ့ရဲ့ တစ်နာရီကြေးက ၂,၀၀၀ နော်။ ၈ နာရီအောက် ဘယ်နှစ်နာရီပဲဖြစ်ဖြစ် ၈ နာရီစာ ယူမယ်။ ဘယ်လိုပေးမလဲ။ ခရက်ဒစ်ကတ်နဲ့လား။ ငွေသားနဲ့လား။ ဒါမှမဟုတ် အမွေအနှစ်နဲ့လား။ အိမ်ခြံမြေတွေတော့ မယူတော့ဘူး။ စာရွက်စာတမ်းကိစ္စတွေက အလုပ်ရှုပ်ပြီး အချိန်ကုန်လို့။”
“ကျုပ် သေပြီးကတည်းက ကတ်တွေက အဖျက်ခံလိုက်ရပြီ။ ကျုပ်မှာ ပိုက်ဆံမရှိဘူး။ မြေမြှုပ်ဖို့ မြေနေရာတောင် မဝယ်နိုင်သေးဘူး။”
ကြွက်သားပု သရဲက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
“ပိုက်ဆံမရှိဘဲနဲ့ သူများကို အကူအညီတောင်းနေတာလား။”
တန်ဝမ်ကျဲ၏ မျက်နှာမှာ မဲမှောင်သွားပြီး ဓားကို ပြန်မြှောက်လိုက်၏။
“နေဦး...ကျွန်မ ပေးမယ်။”
ဇီနင်က နောက်ကနေ အော်လိုက်သည်။ သူမ ဘာမှ မမြင်ရသော်လည်း တန်ဝမ်ကျဲမှာ သရဲတစ်ကောင်နှင့် တွေ့နေသည်ဟု ခန့်မှန်းမိပေသည်။ သူမအနေဖြင့် သရဲတစ်ကောင်ကိုသာ မြင်ရမည်ဆိုပါက အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
“မိန်းကလေး...ခင်ဗျား အလိမ်မခံနဲ့နော်။ သရဲတွေက အမြဲတမ်း အမှန်အတိုင်း ပြောတာ မဟုတ်ဘူး။”
တန်ဝမ်ကျဲက ဇီနင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒါပေမဲ့ ခင်ဗျားက ဒီလောက်တောင် စိတ်ကောင်းရှိနေမှတော့ ခင်ဗျားကို တစ်နာရီ ယွမ် ၄,၀၀၀ ယူလိုက်မယ်။”
ဘေးနားမှ ကြွက်သားပု သရဲမှာ သူ၏ပြတ်နေသော လက်မောင်းကို ကိုင်ထားရင်း နှာခေါင်းရှုံ့လိုက်သော်လည်း တန်ဝမ်ကျဲက လှမ်းကြည့်လိုက်သောအခါတွင်တော့ ချက်ချင်းပင် ခေါင်းငုံ့ကာ လိပ်စာနှင့် အချက်အလက်များကို အမိန့်နာခံစွာ ပြောပြလိုက်တော့သည်။
ထို့နောက် တန်ဝမ်ကျဲက သူ့ကို ထွက်သွားရန် လက်ဝှေ့ယမ်းလိုက်၏။ အားဖုန်းမှာ အလွန်ကြောက်လန့်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ခေါင်းကိုလက်နှင့်အုပ်ပြီး “ကုန်းရှီးဖာချိုင်” (Gong Xi Fa Cai - ချမ်းသာပါစေ) ဟု ထပ်တလဲလဲ အော်နေသည်ကို သူ သတိထားမိလိုက်သည်။ ထို့အပြင် ထိုကြွက်သားပု သရဲမှာ ကြည့်ရဆိုးလွန်းလှသဖြင့် မျက်စိစူးစရာပင်။
ဤအဆောက်အဦးသည် ယင်စွမ်းအင်များ စုဝေးရာနေရာ ဖြစ်သဖြင့် သရဲများ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပေသည်။
ထို့နောက် သူတို့ လေးဦးသား ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ကြ၏။ အားဖုန်း၏ ခင်ပွန်းက အပြစ်မဲ့ မိန်းကလေးတစ်ဦးကို ထမင်းစားပွဲပေါ်တွင် မုဒိမ်းကျင့်ခဲ့သည်မှအစပြု၍ အားဖုန်းသည် စားပွဲပေါ်၌ ထမင်းမစားရဲတော့ပေ။ တန်ဝမ်ကျဲကတော့ ထိုမျှအထိ ဇီဇာမကြောင်ပေ။ သူက အဆင်ပြေသလို နေနိုင်သူ ဖြစ်သည်။
ယခုအခါ အိမ်ရာဝင်းရှိ နေထိုင်သူ အများစုမှာ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ အချို့အခန်းများကို အရိုးအိုးများ ထားရှိရန်သာ အသုံးပြုကြပြီး ရံဖန်ရံခါမှသာ လာရောက်ကန်တော့ကာ အစားအသောက်များ ထားခဲ့ကြသဖြင့် အားဖုန်းတို့ သားအမိမှာ ဗိုက်ဝအောင် စားနိုင်ကြခြင်းဖြစ်သည်။
အားဖုန်းက ခေါင်းငုံ့စားနေပြီး ရှောင်ပိုင်ကတော့ ဖန်လုံးလေးနှင့် ဆော့ကစားရင်း ရံဖန်ရံခါ အအေးကို တစ်ငုံသောက်နေခဲ့သည်။
တန်ဝမ်ကျဲက လက်လှမ်းပြီး အအေးကို ဆွဲယူလိုက်၏။
“ထမင်းများများစား။”
ဇီနင်သည် စကားပြောရန် ပြင်လိုက်သော်လည်း ဤ
ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမသည်လည်း အားဖုန်း၏ ဇာတ်လမ်းကို ကြားဖူးသည်။ ၎င်းမှာ အိမ်ရာဝင်းထဲတွင် လျှို့ဝှက်ချက်မဟုတ်ပေ။
စိတ်မနှံ့သော ယင်ယန်မျက်လုံးရှိသည့် မိခင်၊ ချစ်စရာကောင်းသော ကလေးနှင့် သရဲဖမ်းသမား။
သူတို့သည် မိသားစုတစ်ခု မဟုတ်သော်လည်း အခြားမိသားစုများထက်ပင် ပို၍ မိသားစုနှင့် တူညီနေခဲ့ကြလေသည်။
သို့သော်လည်း တန်ဝမ်ကျဲ ပြောလိုက်၏။
“မင်းက အအေးတွေ အကုန်သောက်လိုက်ရင် ငါက ဘာသောက်ရတော့မှာလဲ။ မင်းက ငယ်ပါသေးတယ်ကွ။ အစားကောင်းတွေ စားရမယ့်ရက်တွေ အများကြီး ကျန်သေးတယ်။”
သူ ရီပတ်ဘလစ်ကန်ခေတ်ကို ပြန်ရောက်သွားလျှင် ဤကဲ့သို့ ဓာတုပစ္စည်းများပါသော အစားအစာများကို စားရတော့မည် မဟုတ်ပေ။
ဇီနင်မှာ ချက်ချင်းပင် စကားဆွံ့အသွား၏။ သူမက စိတ်နွေးထွေးစရာ မြင်ကွင်းဟု ထင်မှတ်ထားသော်လည်း တကယ်တော့ သူက ကလေးဆီက အအေးကို လုသောက်နေခြင်းသာဖြစ်သည်။
တန်ဝမ်ကျဲ၏ လက်ထဲရှိ ဓားမကြီးက ဘာကြောင့် ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်ကို သူမ မေးချင်သော်လည်း တန်ဝမ်ကျဲက လုံးဝ ဖြေကြားလိုစိတ် မရှိပေ။
“တစ်နာရီ ယွမ် ၄,၀၀၀ ပေးနေရတဲ့ အကြံပေးခအတွက် ကျွန်မက မေးခွန်းတောင် မေးလို့မရဘူးလား။”
သူမက မကျေမနပ် မေးလိုက်၏။။တန်ဝမ်ကျဲက ဇီနင်ကို အထက်အောက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ပဲ။ မဖြေပိုင်ခွင့် ကျုပ်မှာ ရှိတယ်။ အကယ်၍ ခင်ဗျား မကျေနပ်ရင် အလုပ်ကိစ္စကို ဒီမှာတင် ရပ်လိုက်လို့ရတယ်။ သဘောတူထားတဲ့အတိုင်း ၈ နာရီအောက် ဘယ်လောက်ပဲဖြစ်ဖြစ် ၈ နာရီစာ ယူမယ်။ အားလုံးပေါင်း ယွမ် ၃၂,၀၀၀ ကျသင့်ပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“အိုကေ...မမေးတော့ဘူး။”
ဇီနင်က အံကြိတ်ပြီး ပြောလိုက်၏။ သူမသည် သရဲဖမ်းခြင်းကို အမှန်တကယ်နားလည်သည့် ပညာရှင်တစ်ယောက်ကို နောက်ဆုံးမှ ရှာတွေ့ထားခြင်းဖြစ်ရာ လက်လွှတ်ရလောက်အောင် သူမ မမိုက်မဲပေ။
သူ့ဆီကနေ အသုံးဝင်သည့် သတင်းအချက်အလက်များကို ရအောင် ညှစ်ထုတ်ရမည်ဖြစ်သည်။
တန်ဝမ်ကျဲ ခေါင်းခါလိုက်၏။ သူမက သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ပေသည်။ အခြားကမ္ဘာတွင်ဆိုလျှင် အမှန်တရားကို ရှာဖွေဖော်ထုတ်ခြင်းက ကောင်းသောအရာဖြစ်သော်လည်း ဤနေရာမှာတော့ ထိတ်လန့်စရာ ရုပ်ရှင်ကမ္ဘာ ဖြစ်နေခဲ့လေသည်။
ထိတ်လန့်စရာ ရုပ်ရှင်များတွင် အန္တရာယ်အရှိဆုံး အရာမှာ ကိစ္စရပ်များကို အလေးအနက်ထားလွန်းသည့် သတင်းထောက်တစ်ဦးပင် ဖြစ်တော့သည်။