ကွမ်တိဘုရားကျောင်းသို့ဝင်၍ စစ်သူကြီး ကျိုးချန်အား ပူဇော်ခြင်း
Vol. 5 Ch. 44
စားသောက်ပြီးနောက် တန်ဝမ်ကျဲသည် အနီးနားရှိ လင်ဖူ နားနေရိပ်သာတွင်ရှိသော ကြွက်သားပုသရဲ၏ ဖခင်ထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။ အိမ်ပေါက်ဝအထိ ရောက်လာသည့် မှော်ဝင်ငွေကို သူငြင်းပယ်မည်မဟုတ်ပေ။ ညဦးပိုင်းရောက်တော့မည်ဖြစ်၍ သရဲသစ္ဆေများ ပြန်လည်ပေါများလာတော့မည်ဖြစ်သည်။
ဇီနင်သည်လည်း သူမ၏လွယ်အိတ်ကို လွယ်ကာ သူ့နောက်မှ ချက်ချင်းလိုက်လာခဲ့သည်။
“ဒီကမ္ဘာမှာ တကယ်ပဲ သရဲတွေ အများကြီးရှိတာလား။”
“အများကြီးပဲ။”
ထိုအရာက တန်ဝမ်ကျဲ ကိုယ်တိုင်လည်း အနားမလည်နိုင်ဆုံး အချက်ဖြစ်သည်။
သရဲများသည် လမ်းမပေါ်တွင် စိတ်ကြိုက် လျှောက်သွားနေကြ၏။ အချိန်အခါ မမှန်ပါက လူနှင့်သရဲ ခွဲခြားရန်ပင် ခက်ခဲလှပေသည်။
သရဲတမန်များသည် ဝိညာဉ်များကို ဖမ်းဆီးရာတွင် တာဝန်ကျေသော်လည်း မထွက်ခွာချင်ကြသော သရဲများ သို့မဟုတ် သက်တမ်းမကုန်သေးသော သရဲများကိုမူ လူ့လောကထဲတွင် မိမိဘာသာ စိတ်ကြိုက် လှုပ်ရှားခွင့် ပေးထားသကဲ့သို့ ဖြစ်နေခဲ့လေသည်။
လုပ်ငန်းစဉ်ရဲ့ ဘယ်နေရာမှာ မှားယွင်းနေတာလဲ။
အာယိုးကတော့ လူရှင်တွေအနေနှင့် ငရဲပြည်၏ကိစ္စများတွင် ဝင်မပါသင့်ဘူးဟုသာ ပြောခဲ့သည်။ ဟုတ်ပါသည်၊ သူကိုယ်တိုင်လည်း ကပ်စေးနဲထမင်းကြော်ရောင်းသည့် နောက်ဆုံးသော နတ်ဆရာတစ်ယောက် ဖြစ်နေရုံမျှမက ဘာမှနားမလည်ကြောင်းသာ ဝန်ခံခဲ့ပေသည်။
“ရောက်ပြီ။”
ကျဉ်းမြောင်းသော ထောင့်တစ်နေရာတွင်ရှိသည့် နားနေရိပ်သာတစ်ခုရှေ့တွင် ကားရပ်လိုက်၏။
တန်ဝမ်ကျဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင်း ပြောလိုက်သည်။
“ဘယ်ဘက်မှာ ရဲစခန်း၊ ညာဘက်မှာ မီးသတ်စခန်း။ ကြွက်သားပုသရဲ ဒီကိုမလာရဲတာ မဆန်းတော့ပါဘူး။”
ထိုအရာမှာ အမှန်တကယ် ထူးဆန်းလှပေသည်။ လူ့လောကထဲက သရဲများသည် ယင်နှင့်ယန် နယ်နိမိတ်ကို ဂရုမစိုက်ဘဲ လွတ်လပ်စွာ ဖြတ်သန်းနေကြသော်လည်း ရဲစခန်းကိုတော့ ကြောက်ကြ၏။ ထို့အပြင် ခွေးနက်သွေးနှင့် ကြက်ဖသွေးကဲ့သို့သော အရာများကိုလည်း ခြွင်းချက်မရှိ ကြောက်ရွံ့ကြသေးသည်။
ကြွက်သားပုသရဲ၏ ဖခင်မှာ ရိပ်သာတွင် သူငယ်ပြန်ရောဂါ ခံစားနေရသူဖြစ်သည်။ တန်ဝမ်ကျဲက တစ်ချက်ကြည့်ရှုကာ ပြုစုစောင့်ရှောက်သူကို မေးမြန်းစုံစမ်းပြီးနောက် ထွက်ခွာလာခဲ့သည်။
အပြင်သို့ထွက်လာသောအခါ သစ်ပင်ရိပ်အောက်တွင် ရပ်နေသော ကြွက်သားပုသရဲကို တွေ့လိုက်ရလေသည်။ ပြတ်သွားသော သူ၏လက်မောင်းမှာလည်း ပြန်ပေါက်နေပြီဖြစ်သည်။
သူ၏ဖခင် အခြေအနေကို ရှင်းပြပြီးနောက် တန်ဝမ်ကျဲက ငရဲပြည်အကြောင်း ပိုမိုမေးမြန်းရန် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူက ခေါင်းခါပြရုံသာ တတ်နိုင်ခဲ့သည်။
“ငရဲပြည်ဆိုတာက သွားချင်တဲ့ အချိန်တိုင်း သွားလို့ရပါတယ်။”
သရဲများသည် လူ့လောကမှ ငရဲပြည်သို့လည်းကောင်း၊ ငရဲပြည်မှ လူ့လောကသို့လည်းကောင်း ကူးလူးသွားလာရာတွင် အတားအဆီး လုံးဝမရှိဘဲ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှသည်။
တန်ဝမ်ကျဲ၏ ခေါင်းညိတ်လက်ခံမှုကို ရရှိပြီးနောက် ကြွက်သားပုသရဲသည် စိတ်အေးချမ်းစွာဖြင့် ထွက်ခွာသွားတော့လေသည်။
“သရဲတွေကို ဘယ်တော့ သွားရှာမှာလဲ။”
ဇီနင်က တန်ဝမ်ကျဲ၏နောက်မှ တကောက်ကောက် လိုက်နေဆဲပင်။ တန်ဝမ်ကျဲက အချိန်ကို ကြည့်လိုက်သည်။
“ဆောရီးပါ...ကျုပ် အလုပ်ဆင်းချိန် ရောက်ပြီ။”
သူသည် နတ်ဘုရားတစ်ပါးထံမှ အကြံဉာဏ်တောင်းရန် ဘုရားကျောင်းတစ်ခုခုကို ရှာလိုနေခဲ့သည်။ အခြားနတ်ဘုရားများနှင့် မရင်းနှီးသဖြင့် သူနှင့် ရင်းနှီးမှုရှိသည့် စစ်သူကြီး ကျိုးချန်းကိုသာ မေးမြန်းလိုပေသည်။ ကံမကောင်းစွာဖြင့် နောက်ဆုံးအကြိမ် မြေနင်းဂါထာသုံး၍ ပင့်ဖိတ်စဉ်က တစ်ဖက်လူမှာ ‘ဝန်ဆောင်မှု နယ်မြေပြင်ပ’ သို့ ရောက်နေခဲ့၏။
ဇီနင်နှင့် လူစုခွဲခဲ့ပြီးနောက် တန်ဝမ်ကျဲသည် ဖုန်းဖြင့်ရှာဖွေကာ ကွမ်တိဘုရားကျောင်းတစ်ခုကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။
ယခင်က သူသည် လျှို့ဝှက်နယ်မြေရှိ အိမ်ရာဝင်းထဲတွင် ပိတ်မိနေပြီး အပြင်ထွက်၍မရခဲ့ပေ။ ယခုအခါ အချိန်ကာလများ ရှုပ်ထွေးနေသော်လည်း အနည်းဆုံးတော့ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်သည်။
အငှားယာဉ်ဖြင့် ကွမ်တိဘုရားကျောင်းသို့ သွားပြီး အတွင်းသို့ ဝင်လိုက်သောအခါ အလယ်တွင် ထိုင်နေသော ကွမ်ယွီရုပ်တုနှင့် ဘယ်ညာတွင် ကွမ်ဖိန်နှင့် စစ်သူကြီးကျိုးချန်တို့၏ ရုပ်တုများကို တွေ့လိုက်ရလေသည်။
တန်ဝမ်ကျဲသည် သူ၏အိတ်ကပ်ထဲမှ ရှိသမျှငွေများကို အလှူခံပုံးထဲသို့ ထည့်လိုက်ပြီးနောက် နဂါးစိမ်းလခြမ်းဓားကို ကိုင်ဆောင်ထားသော စစ်သူကြီး ကျိုးချန်ကို ဦးညွှတ်ကာ အလေးပြုလိုက်သည်။
“တပည့် တန်ဝမ်ကျဲ...ဤနေရာသို့ အသစ်ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဒီကမ္ဘာရဲ့ ယင်နှင့်ယန်က ရှုပ်ထွေးနေပြီး သရဲသစ္ဆေများက လူ့လောကမှာ အတားအဆီးမရှိ လှည့်လည်နေကြပါတယ်။ တပည့်ရဲ့ စိတ်ထဲမှာ ငရဲပြည်က ဘာကြောင့် လူ့လောကမှာ လှည့်လည်နေသော ဝိညာဉ်များကို လွှတ်ထားရသလဲလို့ သံသယဖြစ်မိပါတယ်။ စစ်သူကြီးမှ လမ်းညွှန်ပြသပေးပါရန် လျှောက်တင်အပ်ပါတယ်။”
ထိုသို့ပြောပြီးနောက် သူပြန်မော့ကြည့်လိုက်သော်လည်း ရုပ်တုသုံးခုမှာ သာမန်ရွှံ့ရုပ်များကဲ့သို့ မလှုပ်မယှက် ရှိနေဆဲပင်။
တန်ဝမ်ကျဲက နှစ်ကြိမ်တိုင်တိုင် ထပ်မံဦးညွှတ်လိုက်သော်လည်း စစ်သူကြီး ကျိုးချန်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
“ဒါက နတ်ဘုရားတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ကမ္ဘာများလား။ ဒါဆိုရင်... သရဲတမန်တွေကို ဘယ်သူက ခိုင်းတာလဲ။ ဝိညာဉ်တွေ ဘဝကူးတာကရော ဘယ်လိုလုပ်ဆောင်တာလဲ။ ငါ သရဲတမန်တစ်ယောက်ကို ဖမ်းကြည့်လိုက်ရမလား။”
ထိုသို့တွေးမိသည်နှင့် တန်ဝမ်ကျဲ ချက်ချင်း ခေါင်းခါလိုက်သည်။ သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် သာမန်နတ်ဆိုးများကိုပင် ရှောင်ရှားနေရပေမည်။
အသက်ကိုနှုတ်ယူနိုင်သော သရဲတမန်များသည်လည်း အားနည်းမည် မဟုတ်ပေ။ အငယ်ကိုရိုက်လို့ အကြီးက လိုက်လာလျှင် ပို၍ အခက်တွေ့သွားပေလိမ့်မည်။
သူ စဉ်းစားနေစဉ်မှာပင် ရှေ့ရှိ စစ်သူကြီး ကျိုးချန်၏ ရုပ်တုထံမှ ခရက်ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် ရွေ့လျားသွားခဲ့သည်။ တန်ဝမ်ကျဲက ချက်ချင်း မော့ကြည့်လိုက်သော်လည်း ရုပ်တုမှာ မလှုပ်မယှက် ပြန်ဖြစ်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။
“ကြည့်ရတာ နတ်ဘုရားတွေက ဒီကမ္ဘာမှာ တကယ်ပဲ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့ မရဘူးပဲ။ ဒီနည်းလမ်းနဲ့ပဲ ငါ့ကို ဆက်သွယ်နိုင်တာ ဖြစ်မယ်။”
စစ်သူကြီး ကျိုးချန်နှင့် ဆက်သွယ်နိုင်သော်လည်း သူ၏အကူအညီကို မရရှိနိုင်ခြင်းက ကောင်းသလား၊ ဆိုးသလား သူ မဝေခွဲတတ်တော့ပေ။
သူ အကြိမ်အနည်းငယ် ထပ်မံမေးမြန်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ရုပ်တုမှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ အကယ်၍ တန်ဝမ်ကျဲသာ ခုနက အာရုံစိုက်မထားပါက ထိုလှုပ်ရှားမှုကို လွဲချော်သွားမည် ဖြစ်သည်။
အခြေအနေကို ပိုမိုနားလည်သွားသဖြင့် တန်ဝမ်ကျဲ ချက်ချင်း လှည့်ထွက်လာခဲ့သည်။ မှော်ဝင်ငွေ ၁၀၀ ရရန် တာဝန်များကိုသာ ထိုင်လုပ်နေရခြင်းက ကြာတော့ ငြီးငွေ့စရာ ကောင်းလှပေသည်။ ဤနေရာတွင် အမြဲတမ်း နေထိုင်သွား၍ မရပေ။ အချိန်ကာလများ ပြောင်းပြန်ဖြစ်ပြီး နေ့ညခွဲမရသည့် ဤကမ္ဘာက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်၏။
အားယိုးထံမှ ပညာရပ်အားလုံးကိုလည်း သင်ယူပြီးသလောက် ဖြစ်နေပြီဖြစ်၍ သူသည်လည်း ထွက်ခွာချင်စိတ် ပေါ်နေပြီဖြစ်သည်။ ထို့ကြောင့် ‘နိုင်ငံခြားသား သရဲဖမ်းသမား’ ဆိုသည့် အဆုံးမရှိသော တာဝန်ကို အမြန်အဆုံးသတ်ရန် လိုအပ်လာခဲ့သည်။
နတ်ဘုရားတွေ ဘာနဲ့ရင်ဆိုင်နေရသလဲ၊ ငရဲပြည်က ဘယ်လိုအခြေအနေလဲဆိုတာကို သိနိုင်ဖို့အတွက် ငရဲပြည်အကြောင်း ကောင်းကောင်းသိတဲ့ သရဲအိုကြီးတစ်ကောင်ကို ရှာဖွေမေးမြန်းဖို့ လိုအပ်နေပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူက ထိုသို့သောလူတစ်ယောက်ကို သိထားခဲ့၏။
‘Keeper of Darkness’ ရုပ်ရှင်၏ ဇာတ်လိုက်ဖြစ်သူ ဟွမ်ယုံဖား၏ ဘေးတွင် ငယ်စဉ်ကတည်းက သရဲဖမ်းနည်းများ သင်ပေးခဲ့ပြီး ဟွမ်ယုံဖားအသက်ရှည်စေရန်အတွက် သူမ၏ နောင်ဘဝသက်တမ်းကိုပင် အလဲအလှယ်လုပ်ခဲ့သည့် သရဲမတစ်ကောင် ရှိနေခဲ့ပေသည်။
ငရဲပြည်ရဲ့ ဟာကွက်တွေကို ဒီလောက်လွယ်လွယ်နဲ့ အသုံးချလို့ ရပါ့မလား။ တခြားသရဲတွေကို မေးတာထက် ဒီလို သရဲအိုကြီးကို မေးတာကမှ ပိုထိရောက်လိမ့်မယ်။
သူသည် ‘Exorcist’ (နတ်ဆိုးနှင်ထုတ်သူ) ဗီဒီယိုများကို ရှာဖွေရန် ဖုန်းကို ထုတ်လိုက်ရာ ဆံပင်ဖြူနှင့် ‘နစ်ခ်ချွမ်း’ ကို မကြာမီ တွေ့လိုက်ရသည်။ သို့သော် ထိုသူ၏ ဗီဒီယိုများတွင် ကြည့်ရှုသူအရေအတွက်မှာ မတည်ငြိမ်ဘဲ၊ သူက လူလိမ်တစ်ယောက်သာဖြစ်ကြောင်း ပြောဆိုနေသူများက ပိုများနေလေသည်။
ဗီဒီယိုများထဲတွင်လည်း နတ်ဆိုးနှင်ထုတ်သည့် နည်းလမ်းများကို မတွေ့ရပေ။
တန်ဝမ်ကျဲက ခေတ္တစဉ်းစားပြီးနောက် ‘အသက် ၁၈ နှစ်ပြည့်ကာစ’ ဟု အမည်ပေးထားသော အမျိုးသမီးအကောင့်တစ်ခုကို ဖွင့်လိုက်ပြီး တစ်ဖက်လူဆီသို့ မက်ဆေ့ချ်ပို့လိုက်သည်။
“ဆရာကြီး၊ ဆရာကြီးက တကယ်တော်တာပဲ။ ကျွန်မရဲ့ ပုခုံးတွေက အခုတလော အရမ်းလေးနေလို့ပါ။ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးဖို့ ဆရာကြီးရဲ့ အကူအညီကို တောင်းလို့ရမလားရှင်။”
သူသည် တစ်ဖက်လူကို ငါးစာချကြည့်ခြင်းဖြစ်ပြီး ပြန်စာမရနိုင်ဟုလည်း တွေးထားခဲ့သည်။ အဆိုးဆုံးအခြေအနေတွင် ပါပရာဇီ ဇီနင်ကို အကူအညီတောင်း၍ ထိုလူကို ရှာခိုင်းရပေမည်။ အံ့သြစရာကောင်းသည်မှာ တစ်ဖက်လူဆီမှ ပြန်စာက ချက်ချင်းရောက်လာခဲ့၏။
“ပုခုံးလေးနေတာလား။ တို့ရဲ့ ဆရာကြီးကို တွေ့ဖို့က တော်တော်ခက်တယ်နော်။ မင်းရဲ့ ဓာတ်ပုံတစ်ပုံလောက် ပို့လိုက်ဦး။ ငါအရင်ကြည့်ပေးမယ်။”
တော်တော်ငတ်နေတာပဲ။ မိန်းမဘယ်လိုလိုက်ရမလဲတောင် မသိဘူးလား။ တွေ့တာနဲ့ ဓာတ်ပုံတောင်းတယ်။ လူကြီးကစားနည်းတွေကို လုံးဝမသိတဲ့ကောင်ပဲ။
တန်ဝမ်ကျဲက စိတ်ထဲမှ ကဲ့ရဲ့လိုက်သော်လည်း အင်တာနက်ပေါ်မှ ရင်သားဖွံ့ဖြိုးသော မိန်းကလေးတစ်ဦး၏ပုံကို ယူလိုက်သည်။ ထို့နောက် မျက်နှာထက် ရင်သားက ပိုပေါ်လွင်သည့် ၄၅ ဒီဂရီ အလှဓာတ်ပုံတစ်ပုံကို ပို့ပေးလိုက်လေသည်။
ပို့ပြီး မကြာမီမှာပင် ပြန်စာရောက်လာ၏။
“ရတာပေါ့...ဒီည အချိန်ရမလား။”
“ဒီည ရလို့လား။”
တန်ဝမ်ကျဲ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“အင်း၊ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်။ ဆရာကြီးဆီ ခေါ်သွားပြီးရင် မင်း ငါနဲ့အတူ ရုပ်ရှင်သွားကြည့်ရမယ်။”
တန်ဝမ်ကျဲ ပြုံးလိုက်၏။
“ဒါပေါ့။”
သူသည် အငှားယာဉ်စီးရန် ပြင်လိုက်သော်လည်း အိတ်ကပ်ထဲရှိ ငွေအားလုံးကို လှူခဲ့မိမှန်း သတိရသွားခဲ့သည်။ တန်ဝမ်ကျဲ သက်ပြင်းတစ်ချက်ချလိုက်မိစဉ် လမ်းဘေးတွင် ရပ်ထားသော ရင်းနှီးနေသည့် ကားတစ်စီးကို တွေ့လိုက်ရ၏။
သူ ထိုနေရာသို့ လျှောက်သွားပြီး ကားမှန်ကို ခေါက်လိုက်လေသည်။
မှန်ကျလာသောအခါ ဇီနင်၏ မျက်နှာကို တွေ့လိုက်ရလေသည်။ သူမက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်၏။
“ဆရာတန်...တိုက်ဆိုင်လိုက်တာနော်။”
တန်ဝမ်ကျဲက သူမကို လူစုခွဲခဲ့သည်ဟု ထင်ရသော်လည်း ပါပရာဇီတစ်ယောက်အနေဖြင့် သူမတွင် တိတ်တဆိတ် ခြေရာခံနိုင်သည့် နည်းလမ်း ၉ မျိုးထက်မက ရှိနေပေသည်။
သူမက ကူညီချင်ပါသည်ဆိုသည်ကို လျစ်လျူရှုခံလိုက်ရသဖြင့် တိတ်တဆိတ် နောက်ယောင်ခံစုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တန်ဝမ်ကျဲ တစ်ယောက် ကွမ်တိဘုရားကျောင်းထဲကို ခေါင်းစိုက်ဝင်သွားလိမ့်မည်ဟုတော့ သူမ မထင်ထားခဲ့ပေ။
သရဲဖမ်းသမားတစ်ယောက်က ကွမ်ယွီကို ရှိခိုးဖို့ လိုလို့လား။
သူမ စဉ်းစားမရပေ။
“ကျုပ်ကို နေရာတစ်ခု လိုက်ပို့ဦး။”
တန်ဝမ်ကျဲက ကားတံခါးကို ဆွဲဖွင့်ကာ အထဲသို့ ဝင်ထိုင်လိုက်၏။
“ကျွန်မ ပြောသားပဲ၊ ကျွန်မတို့က အပေးအယူ တော်တော်တည့်ပါတယ်ဆို။”
ဇီနင်က အံ့သြတကြီး မေးလိုက်သည်။
“သရဲသွားဖမ်းမှာလား။”
“နည်းနည်းတော့ ဆင်တယ်။”
တန်ဝမ်ကျဲက သက်တောင့်သက်သာရှိမည့် အနေအထားသို့ ပြင်ထိုင်လိုက်သည်။ သူ့ဘေးမှာ အသုံးချ၍ရသည့် လူလေးတစ်ယောက် ရှိနေခြင်းကလည်း သိပ်မဆိုးလှပေ။
လက်ဖက်ရည်ဆိုင် တစ်ခုရှေ့တွင် ကားရပ်လိုက်၏။
ငါးဖမ်းပိုက်ကဲ့သို့ အပေါက်များပါသည့် အင်္ကျီကို ဝတ်ထားသော အမျိုးသားတစ်ဦးသည် ဖြတ်သွားဖြတ်လာ ကားများကို စောင့်ကြည့်နေခဲ့သည်။ တန်ဝမ်ကျဲ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူ၏မျက်လုံးများကို ချက်ချင်း လွှဲလိုက်၏။ သူသည် သူ့ထက်ချောသောသူများကို မကြိုက်ပေ။ အထူးသဖြင့် ဒီလောက်အထိ ချောနေသောသူဆိုလျှင် မျက်နှာကို ထိုးချင်စိတ်ပင် ပေါက်လာစေပေသည်။
သို့သော် ဒရိုင်ဘာထိုင်ခုံမှ ဆင်းလာသော ဇီနင်ကို မြင်လိုက်ရသောအခါတွင်မူ သူ၏မျက်လုံးများ တောက်ပသွားတော့သည်။
ဒီကောင်မလေးက အဆင့်အတန်းမြင့်လှချည်လား။ မစ်ဟောင်ကောင်နဲ့တောင် ယှဉ်လို့ရတယ်။
“ကျွန်မတို့ ဆရာကြီး ဟွမ်ယုံဖားကို ရှာနေတာပါ။”
ဇီနင်က ဦးအောင် ပြောလိုက်၏။ သူမ လာစဉ်က တန်ဝမ်ကျဲက နတ်ဆိုးနှင်ထုတ်သူတစ်ဦးနှင့် ချိန်းထားသည်ဟု ပြောသဖြင့် သူမက ကိုယ်တိုင်ဦးဆောင်ကာ ဝင်လာခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူမသာ နတ်ဆိုးနှင်ထုတ်သူ နှစ်ယောက်နှင့် တစ်ပြိုင်တည်း ထိုင်နိုင်မည်ဆိုပါက သူမ လိုချင်သည့် အဖိုးတန်သတင်းအချက်အလက်မှန်သမျှကို ရနိုင်မည် မဟုတ်ပါလား။
“မင်းက ‘Just Turned Eighteen’ လား။”
ထိုလူက အံ့သြတကြီး မေးလိုက်သည်။
“ကျုပ်ပါ။”
တန်ဝမ်ကျဲက ဘေးမှ ဝင်ပြောလိုက်၏။
ထိုလူ၏ မျက်နှာပေးမှာ အေးခဲသွားသော်လည်း တန်ဝမ်ကျဲ၏ စကားကို ထပ်ကြားလိုက်ရသည်။
“စိတ်မပူပါနဲ့...အလုပ်ကိစ္စပြီးရင် ခင်ဗျားနဲ့အတူ ရုပ်ရှင်သွားကြည့်ပေးပါ့မယ်။”
“ငလူးပဲ...။”