တန်မိသားစုဝင်တို့၏ အစဉ်အလာ၊ အမျိုးသားမရှိခိုက် အခွင့်ကောင်းယူခြင်း
Vol. 5 Ch. 45
လက်ဖက်ရည်ဆိုင်အတွင်း၌...။
တန်ဝမ်ကျဲသည် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး ဆံပင်ဖြူနှင့် နတ်ဆိုးနှင်ထုတ်သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
တစ်ဖက်လူသည် အသံကြားသဖြင့် တန်ဝမ်ကျဲကို မော့ကြည့်ပြီးနောက် အစားအသောက်ကိုသာ အာရုံစိုက်ကာ ပြန်ငုံ့စားနေလိုက်သည်။ သူသည် အလွန်ဂရုတစိုက် စားနေခြင်းဖြစ်ပြီး စားပွဲပေါ်သို့ ဖိတ်ကျသွားသော ထမင်းစေ့ကိုပင် ပြန်ကောက်ကာ ပါးစပ်ထဲ ထည့်လိုက်သေးသည်။
တစ်ဖက်လူသည် လေလွင့်ပြုန်းတီးမှုကို အမုန်းဆုံးဖြစ်ပြီး ပန်းကန်ထဲရှိ ထမင်းတစ်စေ့မကျန်အောင် ပြောင်စင်အောင် စားတတ်သည့် သူနှင့် စရိုက်ချင်း တူနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကိစ္စ ရှိလို့လား။”
ဟွမ်ယုံဖားသည် အစိုက်ကြည့်ခံနေရသဖြင့် စိတ်ထဲတွင် အနေရခက်လာကာ နောက်ဆုံးတွင် မေးလိုက်တော့သည်။
တန်ဝမ်ကျဲမှာမူ ဤလူ၏ နောက်ကြောင်းရာဇဝင်ကို သိပြီးသားဖြစ်သည်။ သူသည် ငယ်စဉ်က မိခင်ဖြစ်သူနှင့်အတူ သရဲခြောက်သော တိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရသည်။ မိခင်ဖြစ်သူက သူ့ကိုခေါ်ပြီး တိုက်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့စဉ် သရဲမ ကျန်းရွှယ်က သူ့ကို ကယ်တင်ခဲ့ပေသည်။ မိခင်ဖြစ်သူမှာတော့ ပြုတ်ကျသေဆုံးသွားခဲ့ပြီး ထိုအချိန်မှစ၍ လူနှင့်သရဲမှာ အတူတူ နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။
ဟွမ်ယုံဖားသည် အားဖုန်းကဲ့သို့ပင် ယင်ယန်မျက်လုံးရှိသဖြင့် သရဲများကို မြင်နိုင်၏။ ကျန်းရွှယ်က သူ့ကို သရဲဖမ်းနည်းများလည်း သင်ပေးခဲ့သည်...။
အင်း...သရဲအိုမတစ်ကောင်က လူတစ်ယောက်ကို သရဲဖမ်းနည်း သင်ပေးတယ်ဆိုတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။
သူသည် ကျန်းရွှယ် နောင်ဘဝတွင် လူပြန်ဖြစ်နိုင်ရန်အတွက် ကုသိုလ်ရအောင် သရဲဖမ်းပေးခြင်းဖြစ်၏။ သို့သော် သရဲများနှင့် ထိတွေ့မှု များလာလေလေ သူ၏ကိုယ်ပေါ်ရှိ သေခြင်းတရယးအငွေ့အသက်များက ပိုမို လေးလံလာလေလေ ဖြစ်ပြီး ၎င်းကို တက်တူးထိုးခြင်းဖြင့်သာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
ကျန်းရွှယ်ကလည်း ဟွမ်ယုံဖား အသက်ရှည်စေရန်အတွက် သူမ၏ နောက်ဘဝသက်တမ်းကို အနစ်နာခံကာ အလဲအလှယ် လုပ်ပေးထားခဲ့သည်။
အတိုချုပ်ပြောရလျှင် ဤသူနှစ်ဦးသည် ငရဲပြည်၏ ဟာကွက်ကို အသုံးချတတ်သော လူနှင့်သရဲအတွဲပင် ဖြစ်သည်။ ထို့ကြောင့်လည်း ဤသူနှစ်ဦးသည် တစ်ခုခုကို သိထားရမည်ဖြစ်ပြီး ကျန်းရွှယ်ဆိုလျှင် ပို၍ပင် သိနိုင်သည်ဟု တန်ဝမ်ကျဲ ယုံကြည်နေခြင်းဖြစ်သည်။
သူတို့နှစ်ဦး၏ ပတ်သက်မှုကိစ္စများကိုတော့ တန်ဝမ်ကျဲ ထည့်မစဉ်းစားပေ။ ‘မိခင်မေတ္တာကနေ အချစ်ကို ကူးပြောင်းသွားတာ’ ဆိုသည့် အတင်းအဖျင်းကိစ္စများကိုလည်း သူ စိတ်မဝင်စားချေ။ အမှန်တော့ သူ့မှာ စပ်စုချင်စရာ မေးခွန်းတစ်ခုတော့ ရှိပါသည်။ သို့သော် ထားလိုက်ပါတော့...နောက်မှ အခွင့်အရေးရရင် မေးရပေမည်။
“အလုပ်တူ သူငယ်ချင်းတစ်ယောက်ပါ။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
“ငါ သိပါတယ်။”
ဟွမ်ယုံဖားက ထမင်းကို ခက်ရင်းဖြင့် ခပ်စားလိုက်သည်။
“မင်းဆီက တစ္ဆေချီကလည်း တော်တော်လေးလံနေတယ်။ ဒါက မင်းရဲ့ သက်တမ်းကို တိုစေလိမ့်မယ်။”
တန်ဝမ်ကျဲသည် ဦးလေးကျိုး၊ အာယိုးနှင့် အခြားသူများ ပြောခဲ့သည်ကို ပြန်လည်အမှတ်ရလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“လူတွေတော်တော်များက ငါ့ကို အဲဒီလိုပဲ ပြောကြတယ်။ ငါက တော်တော် ခေါင်းမာတယ်လေ။ သူများ ခိုင်းတာကိုလည်း နားမထောင်တတ်ဘူး။”
ထို့နောက် သူက ပြန်မေးလိုက်သည်။
“မင်းလည်း အတူတူပဲ မဟုတ်လား။”
လက်ရှိ ဟွမ်ယုံဖား၏ အခြေအနေမှာ အလောင်းတစ်လောင်းနှင့် ဆင်တူနေပေသည်။ ယင်ယန်မျက်လုံး မရှိလျှင်ပင် တန်ဝမ်ကျဲအနေဖြင့် ဤလူမှာ သေခြင်း၊ရှင်ခြင်း နယ်နိမိတ်ကြားတွင် ရှိနေပြီး သရဲတစ်ကောင်၏ အသက်စွမ်းအင်ဖြင့် လူ့အသက်အား ဆွဲထားရသည်ကို အာရုံခံနိုင်သည်။
မထင်မှတ်ဘဲ ဟွမ်ယုံဖားက စကားပြန်မပြောဘဲ ထမင်းစားခြင်းကိုသာ အာရုံစိုက်ကာ စားနေလိုက်၏။
ဟွမ်ယုံဖားကဲ့သို့သော လူစားမျိုးနှင့်ဆိုလျှင် တန်ဝမ်ကျဲမှာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။ ဤလူက သူတစ်ပါးနှင့် ဆက်ဆံရေးတွင် လုံးဝ အားနည်းပုံရပြီး ထမင်းပန်းကန်ထဲသာ ခေါင်းစိုက်ထားတတ်သည်။
သူ့ဘေးက သရဲအိုမကြီးကို တိုက်ရိုက်စကားပြောဖို့ကလည်း မသင့်တော်သေးပေ။ သူသည် ယန်ချီရှကဲ့သို့ လူနှင့်သရဲအတွဲကို ခွဲပစ်မည့်သူ မဟုတ်သော်လည်း။သူက စကားပြောလိုက်လျှင် တစ်ဖက်လူက သတိကြီးသွားမည်ကိုလည်း စိုးရိမ်ရပေသည်။ တန်သူဌေးကြီးဆိုသည်မှာ အရာရာတွင် အလွန်ပင် စေ့စပ်သေချာသူဖြစ်ကြောင်း သိသူတိုင်း သိကြ၏။
နောက်ပြီး သူ မမှားဘူးဆိုရင် ဟွမ်ယုံဖားမှာ လူကြောက်ရောဂါ ရှိနေပုံရသဖြင့် ကိစ္စရပ်များကို ပို၍ ခက်ခဲစေခဲ့သည်။
“မင်္ဂလာပါ ဆရာကြီး။”
ထိုအချိန်တွင် ဇီနင်သည် ပိုက်အင်္ကျီဝတ်ထားသော လူကို ရှင်းထုတ်ပြီးနောက် တန်ဝမ်ကျဲအနားသို့ လျှောက်လာကာ ကုလားထိုင်ဆွဲ၍ ဝင်ထိုင်လိုက်လေသည်။
နတ်ဆိုးနှင်ထုတ်သူ နှစ်ယောက်တောင်တဲ့။ ရေးစရာ သတင်းထူးတွေ အများကြီး ရတော့မှာပဲ။
ဇီနင် ရောက်လာခြင်းက အနည်းငယ် ခြောက်ကပ်နေသော အခြေအနေကို သက်ဝင်လာစေခဲ့သော်လည်း သူမက လှုပ်လှုပ်ရှားရှား ရှိလွန်းသဖြင့် ဟွမ်ယုံဖားသည် သူ၏ထမင်းပန်းကန်ကို မကာ အမြန်ခပ်စားလိုက်ပြီးနောက် ချက်ချင်းပင် ထ၍ ထွက်သွားတော့သည်။
“ဟေး! ဟေး!”
ဇီနင်က သူ့နောက်ကို မလိုက်ဘဲ တန်ဝမ်ကျဲကို ကြည့်လိုက်သည်။
“အခု ဘာလုပ်ကြမလဲ။ သူ ထွက်သွားပြီ။”
“ခင်ဗျား အပြင်က တစ်ယောက်ကို ရှင်းပြီးပြီ မဟုတ်လား။”
တန်ဝမ်ကျဲက မှန်တံခါးအပြင်ဘက်တွင် ဟွမ်ယုံဖားဆီ လျှောက်သွားပြီး တစ်ခုခု ပြောနေသော ပိုက်အင်္ကျီဝတ် လူကို လက်ညှိုးထိုးပြလိုက်၏။
ဖန်ဇီနင်က မျက်မှောင်ကြုတ်လိုက်သည်။
“ရှင် ဘာလုပ်မလို့လဲ။”
“ဟွမ်ယုံဖားရဲ့ အိမ်လိပ်စာကို ယူမလို့။”
ဟွမ်ယုံဖားမှာ လူကြောက်ရောဂါ ရှိနေသဖြင့် သူ အိမ်မှာမရှိမည့် အချိန်ကို စောင့်ပြီး တိတ်တဆိတ် သွားတွေ့ရမည်။
ခဏလေး... သူ အခု လုပ်နေတာက “ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီဖြစ်သော” သူ့ဦးလေး လုပ်ရပ်နဲ့ အတော်လေး ဆင်တူနေပါလား။ အမျိုးသား အိမ်မှာ မရှိခိုက် ဇနီးသည်ဆီ သွားရှာတာက တန်မိသားစုရဲ့ အစဉ်အလာများလား။ အား...။
ဖန်ဇီနင်က တန်ဝမ်ကျဲကို မျက်စောင်းထိုးလိုက်၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် ယခင်က သတင်းရဖို့အတွက် ညှို့ယူဖမ်းစားသည့် နည်းလမ်းများကို အကြိမ်ကြိမ် အသုံးချခဲ့ဖူးပေသည်။
“ကျွန်မ ရှင့်ကို ကူညီပြီးရင် သရဲတစ်ကောင်လောက် ပြပေးလို့ရမလား။”
သူမက ရုတ်တရက် မေးလိုက်သည်။
“အခုသွားမှာကလည်း သရဲကြည့်ဖို့ပဲလေ။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
သရဲကြည့်ရမည်ဆိုသည်ကို ကြားလိုက်ရသဖြင့် ဖန်ဇီနင်၏ မျက်လုံးများ တောက်ပသွားပြီး တန်ဝမ်ကျဲ၏ ခြေထောက်ကို ဖက်တွယ်လိုက်တော့သည်။
သူမ သတင်းရေးဖို့ အကြောင်းအရာများ ရပေတော့မည်...။
ဟွမ်ယုံဖားသည်မူ သူ့နောက်ကို လိုက်လာသည့် တန်ဝမ်ကျဲကို ဂရုမစိုက်ပေ။ သူက တစ်ယောက်တည်းနေတတ်သော နတ်ဆိုးနှင်ထုတ်သူဖြစ်ပြီး ကျန်းရွှယ် လူပြန်ဖြစ်နိုင်ဖို့အတွက်သာ သရဲဖမ်းခြင်း ဖြစ်သည်။ အလုပ်တူ မိတ်ဆွေများကို သူ ဂရုမစိုက်ချေ။
မှောင်မည်းပြီး ကျဉ်းမြောင်းသော လမ်းကြားတစ်ခုတွင် ဟွမ်ယုံဖားသည် သကြားလုံးထုပ် တစ်ထုပ်ကို ဝေငှနေခဲ့သည်။ ယုန်ဖြူနို့သကြားလုံးတစ်လုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ အကြိမ်အနည်းငယ် ခုန်သွားပြီးနောက် နံရံကြားမှ ထွက်လာသော ဖြူဖျော့ဖျော့ လက်ဖဝါးတစ်ခုက ချက်ချင်း ကောက်ယူသွားခဲ့သည်။
သာမန်လူဆိုလျှင် ဤလမ်းကြားကို ခြောက်ခြားစရာဟုသာ ထင်မြင်မိမည် ဖြစ်သော်လည်း ယင်ယန်မျက်လုံး ရှိသူအတွက်မူ ဤနေရာသည် သရဲများဖြင့် ပြည့်နှက်နေသည်ကို မြင်ရလိမ့်မည်ဖြစ်သည်။
လူ့လောကတွင် လေလွင့်နေသော သရဲများမှာ အလွန်များပြားလှပေသည်။
သကြားလုံးများ ဝေငှခြင်းက ဟွမ်ယုံဖား၏ အကျင့်ဖြစ်၏။ သူက ဂါထာမန္တန်တွေ မသိသလို၊ သူ၏ သရဲနှင်ထုတ်နည်းများမှာလည်း ကြက်ဖများ၊ ယမ်းများ ပစ်ပေါက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူသည် သရဲများနှင့် ရင်းနှီးအောင် ပေါင်းထားရပေသည်။ ဤသရဲများသည် သူ၏သတင်းပေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးတတ်ကြသည်။
“အား...”
ကြွက်သားပု သရဲက ရုတ်တရက် ပြေးထွက်လာပြီး သကြားလုံးကို ပုတ်ချလိုက်၏။
နောက်နေတာလား? သူက ကာယဗလမောင် တစ်ယောက်လေ။ ဒါကို လာပြီး သကြားလုံး ကျွေးနေရသလား။
“မင်း ဘာဖြစ်တာလဲ။”
ဟွမ်ယုံဖားက ထောင့်တွင်ရှိသော ကြွက်သားပု သရဲကို ကြည့်လိုက်၏။
“အရိုက်ခံထားရတာလား။”
“သရဲဖမ်းသမားလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေတဲ့ ကောင်စုတ်တစ်ယောက်က ဓားနဲ့ ခုတ်လိုက်တာ။ အဲဒီကောင်နဲ့သာ နောက်တစ်ခါ ထပ်တွေ့လို့ကတော့... တွေ့တဲ့အချိန်တိုင်း သူစိမ်းလိုပဲ နေပြပစ်မယ်။”
ကြွက်သားပု သရဲသည် သူ၏အကြောက်ဆုံးစကားကို အကြမ်းဆုံး လေသံဖြင့် အံကြိတ်ကာ ပြောလိုက်၏။
ဟွမ်ယုံဖား တိတ်ဆိတ်သွားပြီးနောက် ယနေ့ ခဏတာ တွေ့ခဲ့ရသော တန်ဝမ်ကျဲကို အလိုလို သတိရသွားခဲ့သည်။
သူသည် အလုပ်တူ နတ်ဆရာများစွာနှင့် တွေ့ဖူးသော်လည်း တန်ဝမ်ကျဲကဲ့သို့ မိစ္ဆာအငွေ့အသက် အလွန်လေးလံသောသူကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ၎င်းက... ကွမ်တောက် (နဂါးစိမ်းလခြမ်းဓား) တစ်လက်နှင့်ပင် တူလှသည်။
ကြွက်သားပု သရဲက ဆက်ပြောလိုက်၏။
“ဒါနဲ့ နောက်ထပ် နတ်ဆိုးသရဲတစ်ကောင် မကြာခင်ကမှ နိုးထလာပြီး သရဲတွေကို လိုက်စားနပြီး သတ်ပစ်နေတယ်တဲ့။”
ဟွမ်ယုံဖား ထိုစကားကို ကြားသောအခါ ရပ်တန့်သွားခဲ့သည်။
“မျက်နှာ အရှည်ကြီးနဲ့ အရမ်းရုပ်ဆိုးတဲ့ သရဲလား။ ခေါင်းချွန်ချွန်နဲ့လား။”
သူက ခြေဟန်လက်ဟန်ဖြင့် မေးလိုက်သည်။
ကြွက်သားပု သရဲ : ... ခင်ဗျား ကျုပ်ကို သွယ်ဝိုက်ပြီး ဆဲနေတာလား။
ဟွမ်ယုံဖားလည်း သတိဝင်လာပြီး ချက်ချင်း ပြင်ပြောလိုက်သည်။
“အော်၊ အဲဒီ နတ်ဆိုးက အရမ်းအရပ်ရှည်တာ။ မင်းအကြောင်း ပြောတာ မဟုတ်ပါဘူး။”
ကြွက်သားပု သရဲ : ... ဆက်ပြီးတော့သာ ဆဲနေလိုက်ပါတော့။
“အဲဒီကောင်က မင်းဆီကို ရောက်လာတာလား။ ဝေးဝေးမှာပဲ နေနော်။ အဲဒီကောင်က တကယ် ကြမ်းတာ။”
ထို့နောက် ကြွက်သားပုသရဲက လှည့်ထွက်သွားခဲ့သည်။ သူ ဤကိစ္စတွင် မပါဝင်နိုင်ပေ။ သူသည် ခုနကပင် တန်ဝမ်ကျဲကြောင့် ဝိညာဉ်လွင့်လုနီးပါး ဖြစ်ခဲ့ရသဖြင့် ငရဲပြည်ထဲတွင် ခေတ္တခဏ ပုန်းနေရမလားဟုပင် စဉ်းစားနေခြင်းဖြစ်သည်။
...
“ပြီးပြီ...”
ဖန်ဇီနင်က ကားထဲကနေ အိုကေလက်ဟန် လုပ်ပြလိုက်၏။ ဟွမ်ယုံဖား၏ လိပ်စာကို ရရန်မှာ အလွန်လွယ်ကူလှပေသည်။ သူ့ဘေးမှာ ပိုက်အင်္ကျီဝတ်ထားတဲ့ နှာဗူးတစ်ယောက် ရှိနေခြင်းက နည်းနည်းလေး ညှို့လိုက်ရုံနှင့် ထိုလူမှာ ငါးတစ်ကောင်ကဲ့သို့ ဟပ်ပါလာတော့လေသည်။
ရင်ဘတ်လေး နည်းနည်းဟပြ၊ အလှပုံလေး ပို့လိုက်ရုံနဲ့ ကိစ္စပြတ်၏။
“ခင်ဗျား သူ့ကို ဘာကတိပေးလိုက်တာလဲ။”
တန်ဝမ်ကျဲက မေးလိုက်သည်။
“ရုပ်ရှင်အတူကြည့်ဖို့လေ။”
သူမက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ ရည်ရွယ်ချက် အောင်မြင်သွားပြီဆိုလျှင် ထိုကတိကို တကယ်တည်ဖို့ သူမ စိတ်ကူးမရှိပေ။
“ကျုပ်လည်း သူ့ကို ရုပ်ရှင်တစ်ကား အကြွေးတင်နေသေးတယ်။”
“ကျွန်မလည်း သူ့ကို ရုပ်ရှင်တစ်ကား အကြွေးတင်နေတာပဲ။ ကျွန်မတို့ နှစ်ယောက်ပဲ အတူတူ သွားကြည့်လိုက်ကြရင်ကော။”
ဖန်ဇီနင်က ပြောလိုက်သည်။
သူမသည် တန်ဝမ်ကျဲထံမှ အသုံးဝင်သော သတင်းအချက်အလက်များ ပိုရနိုင်ရန်အတွက် သူ့အနားတွင် ပိုနေချင်ရုံသာဖြစ်သည်။
“ရုပ်ရှင်လိုက်ကြည့်ပေးခက သီးသန့်ပေးရမယ်။”
ဖန်ဇီနင် အံ့သြသွား၏။
“ပိုက်ဆံပေးရဦးမယ်ဟုတ်လား။ ခဏလေး ရှင်က အခုထိ အလုပ်လုပ်နေတုန်းလား။”
“အလုပ်မလုပ်လို့ ဘာလုပ်ရမှာလဲ။”
တန်ဝမ်ကျဲက ပြန်မေးလိုက်သည်။
သူမသည် အလှအပကို အသုံးချပြီး အခိုင်းအစေလုပ်ပေးခဲ့ရသော်လည်း တစ်နာရီကြေးပါ ပေးနေရဦးမည်ဆိုသည်ကို တွေးမိသွားကာ... ဖန်ဇီနင် ဖုန်းကိုထုတ်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ကံကောင်းလို့ တစ်နာရီပဲ ရှိသေးတယ်။”
တန်ဝမ်ကျဲသည်လည်း သူမ တစ်ယောက်တည်း ရေရွတ်နေသည်ကို ကြားလိုက်ရ၏။ သူ၏ မျက်နှာပေးက မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ “တစ်နာရီတည်းလား” ဟု ကဲ့ရဲ့လိုက်မိသည်။
ယင်နှင့်ယန် ရှုပ်ထွေးနေသော ဤကမ္ဘာတွင် ပိုက်ဆံရှာရတာ မလွယ်လှပေ။ နောက်ဆိုရင် တစ်နာရီချင်း ဘယ်လို ဈေးခေါ်ရပါ့မလဲ။
ထားလိုက်ပါတော့...။ နောက်တစ်ခါကျရင် တစ်ပွဲချင်းစာ ဈေးခေါ်ရမည်။ သို့မဟုတ် လှုပ်ရှားမှု တစ်ခုချင်းစီအတွက် ဈေးယူရပေမည်။
ညက နက်လာခဲ့၏။
လမ်းမီးတိုင်များအောက်တွင် လူအချို့မှာ ညဘက်အပန်းဖြေမှုများ၌ ပျော်ပါးနေကြဆဲပင်။
အမှိုက်ပုံးနားတွင် အနံ့အသက်ဆိုးသော ဟင်းရည်ဟောင်းများ ပါသည့် ပလတ်စတစ်ပန်းကန်အချို့ ပြန့်ကျဲနေပြီး ဖြတ်သွားဖြတ်လာသူများကို ခြေလှမ်းမြန်စေရန် နှိုးဆော်နေသကဲ့သို့ ရှိသည်။
ဟွမ်ယုံဖား နေထိုင်သည့် တိုက်ခန်းဝင်းသို့ ရောက်သောအခါ ပတ်ဝန်းကျင်လေထုမှာ ရုတ်တရက် ပိုမိုအေးစက်လာပြီး လမ်းသွားလမ်းလာလည်း ကျဲသွားခဲ့လေသည်။
သူတို့သည် ဟွမ်ယုံဖား နေထိုင်သည့် တိုက်ခန်းသို့ ရောက်ရှိလာခဲ့ကြချေပြီ။
တန်ဝမ်ကျဲသည် လှေကားပေါ်သို့ တက်ရန် ပြင်လိုက်စဉ် ဖန်ဇီနင်က သူမ၏ ကင်မရာကို ကိုင်ကာ နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရလေသည်။
“ခင်ဗျားပါ လိုက်လာမလို့လား။ ကျုပ် ကိစ္စတွေ ရှင်းပြီးမှ ခင်ဗျားကို သူတို့နဲ့ ပေးတွေ့မယ်။”
“တကယ်လား။”
တန်ဝမ်ကျဲက ဤမျှ စကားပြောရလွယ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် တန်ဝမ်ကျဲက သူမကို အရင်က ပစ်ထားခဲ့သည့် လုပ်ရပ်များကို ပြန်တွေးမိကာ ရှေ့ကလူကို ယုံကြည်လို့မရဟု ခံစားလိုက်ရသည်။
သူမ အနည်းငယ်စဉ်းစားပြီးနောက် ချက်ချင်း ခေါင်းခါလိုက်၏။
“မရဘူး..ကျွန်မ ရှင့်နောက်ကပဲ လိုက်ခဲ့မယ်။”
တန်ဝမ်ကျဲသည် ခေတ္တစဉ်းစားပြီးနောက် သတိပေးလိုက်၏။
“လိုက်ခဲ့လို့တော့ ရတယ်၊ ဒါပေမဲ့ ခင်ဗျား မအော်နဲ့နော်။”
စက္ကန့်အနည်းငယ် ကြာပြီးနောက်...
“အား...”
ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုက ညအမှောင်ထုကို ဖောက်ထွင်းကာ ထွက်ပေါ်လာတော့လေသည်။