← Chapters

“ဟယ်ကျင်းရင်၏ လျှို့ဝှက်ကွက်ဖြင့် စီနီယာအစ်ကိုကြီးကို ပိတ်ဆို့ခြင်း”

Vol. 5 Ch. 46

“ဟယ်ကျင်းရင်၏ လျှို့ဝှက်ကွက်ဖြင့် စီနီယာအစ်ကိုကြီးကို ပိတ်ဆို့ခြင်း”

Vol. 5 Ch. 46

တိုက်ခန်းတံခါးရှေ့၌...။

အေးစိမ့်သော အငွေ့အသက်များ ထူထပ်နေပြီး တံခါးဝတွင် ရေစက်အချို့ တတောက်တောက်ကျနေခဲ့သည်။

တန်ဝမ်ကျဲ၏လက်က တံခါးလက်ကိုင်ကို မထိရသေးမီမှာပင် “ကလစ်” ခနဲ အသံနှင့်အတူ တံခါးသည် အလိုလိုပွင့်သွားပြီး တကျီကျီမြည်ကာ ဟသွားတော့လေသည်။

အတွင်းဘက်တွင်တော့ မှောင်အတိကျနေခဲ့သည်။

ဖန်ဇီနင်သည် ယခင်က တည်ငြိမ်မှုများ ပျောက်ဆုံးနေပြီး တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် လုံးလုံးလျားလျား ပုန်းကွယ်ကာ သူ့အင်္ကျီစကို မြဲမြဲဆွဲထားရင်း အခန်းထဲသို့ ချောင်းကြည့်လိုက်၊ ပြန်ဆုတ်လိုက် လုပ်နေ၏။

ရုတ်တရက် ရေစိုနေသော အမျိုးသမီးအလောင်းတစ်ခု လေထဲတွင် ဝုန်းခနဲ ပေါ်လာခဲ့သည်။

“အား....”

ထိုအော်သံကြောင့် တန်ဝမ်ကျဲ၏ နားစည်များပင် ကွဲထွက်လုနီးပါး ဖြစ်သွား၏။ သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဖန်ဇီနင်၏ လည်ပင်းကို သူ၏ညာဘက် ဂျိုင်းအောက်သို့ ညှပ်ကာ ဘယ်ဘက်လက်ဖြင့် သူမ၏ပါးစပ်ကို ပိတ်လိုက်တော့လေသည်။

“အု... အု”

ဖန်ဇီနင်၏ မျက်လုံးများ ပြူးထွက်သွားခဲ့သည်။

“ဟီး... ဟီး... ဟီး...ဟီး”

ထိုစဉ် ခြောက်ခြားဖွယ်ရာ ရယ်သံတစ်ခု ထိုအမျိုးသမီးအလောင်းထံမှ ထွက်ပေါ်လာပြီး ရေစိုနေသော ဆံပင်ရှည်များနှင့် သရဲမတစ်ကောင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားတော့လေသည်။

သူမသည် သရဲမဖြစ်သော်လည်း သေဆုံးခဲ့သည်မှာ ဆယ်စုနှစ်ချီ ကြာပြီဖြစ်သဖြင့် တန်ဝမ်ကျဲက သူမကို သရဲအိုမကြီးဟု ခေါ်ဆိုခြင်းဖြစ်သည်။

နဂါးကို ချစ်သည်ဟု ပါးစပ်ကပြောပြီး နဂါးနှင့်တွေ့မှ ကြောက်ပြေးသည့် ‘ယဲ့ကုန်း’ကဲ့သို့ဖြစ်နေသော ဇီနင်သည် အတင်းရုန်းကန်ကာ မျက်စိကို စုံမှိတ်ပြီး တန်ဝမ်ကျဲ၏ရင်ခွင်ထဲသို့ တိုးဝင်ရန် ကြိုးစားနေ၏။ သူမသည် တန်ဝမ်ကျဲ၏ ချုပ်ကိုင်မှုမှ ရုန်းထွက်နိုင်ခဲ့ရုံသာမက သူ၏လည်ပင်းကိုပင် နောက်ပြန်ချုပ် လိုက်လေသည်။

တန်သူဌေးကြီးကဲ့သို့ သိက္ခာရှိပြီး ဖြူစင်သန့်ရှင်းသော အမျိုးသားတစ်ဦးက သူ့ကို ဤသို့ အခွင့်ကောင်းယူသည်ကို အဘယ်သို့ ခွင့်ပြုပါမည်နည်း။

သူ ပြန်မရုန်းဘူးလား။

ခေတ္တခဏ အခွင့်အရေးရသွားသည်ကို သူ သတိမထားမိလိုက်ခြင်းသာ ဖြစ်မည်။ နောင်တွင် အနီးကပ်တိုက်ခိုက်ရေးအကွက်များ (CQC) ကို အမှန်တကယ်လေ့လာရန် လိုနေပြီဟု သူတွေးလိုက်မိသည်။

သူ့ဘက်က ပေါ့ဆမှုလည်း ပါပါသည်။ ဇီနင်က အနီးကပ်လုံးထွေးသတ်ပုတ်သည့်နေရာတွင် ဤမျှ ကျွမ်းကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဟယ်ကျင်းယင်က လျှို့ဝှက်အကွက်သုံးပြီး စီနီယာအစ်ကိုကြီးကို ချုပ်လိုက်သလို” မျိုးဖြင့် သူမက တန်ဝမ်ကျဲကို ရုန်းမရအောင် လုပ်ထားလိုက်၏။

သို့သော် ၎င်းက သူ၏ ဆက်သွယ်ပြောဆိုမှုကိုတော့ မဟန့်တားနိုင်ခဲ့ပေ။ သူမကို လောလောဆယ်တော့ အခွင့်ရေးယူခွင့် ပေးထားလိုက်ပေမည်။ သို့သော် အဆုံးသတ်တွင် စိတ်ဒဏ်ရာရမှုအတွက် အပို ယွမ် ၅၀၀ ထပ်ပေါင်းယူမည်ဟု သူ တေးထားလိုက်သည်။

တန်ဝမ်ကျဲက ဇီနင်၏ တင်ပါးကို လက်နှစ်ဖက်ဖြင့် ပင့်မထားရင်း ရှေ့ရှိ သရဲမကို တည်ငြိမ်သော မျက်နှာပေးဖြင့် ကြည့်လိုက်၏။ သူမ၏ နာမည်ကြီးစကားတစ်ခွန်းဖြစ်သော “ရုပ်ဝတ္ထုပစ္စည်းမပါတဲ့ အချစ်ဆိုတာ သဲပုံတစ်ပုံလိုပဲ” ဆိုသည်ကို သူ မှတ်မိနေသေးသည်။ ဤမျက်နှာနှင့် ထိုစကားစုမှာ သူ့စိတ်ထဲတွင် အလွန်စွဲထင်နေခဲ့သည်။

“ကျုပ် ခင်ဗျားကို အကူအညီတောင်းစရာ ရှိတယ်”

တန်ဝမ်ကျဲက ပြောလိုက်သည်။

ကျန်းရွှယ်ကတော့ သူခိုးဝင်လာသည်ဟုသာ ထင်နေခဲ့၏။ ဒါမျိုးက သူမအတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ရှေ့ကလူက ဘာမှမဖြစ်သလို တည်ငြိမ်နေမည်ဟုတော့ သူမ မထင်ထားခဲ့ပေ။

ထို့အပြင် ရှေ့ကအတွဲက ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေ၏။

သူမက သရဲဖြစ်နေရင်တောင်မှ ဒီလိုပုံစံကြီးနဲ့ စကားလာပြောဖို့တော့ မလိုဘူး မဟုတ်လား။

သူမက နူးညံ့ချိုသာသော ထိုင်ဝမ်လေသံဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ။”

“သရဲဖမ်းသမားပါ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

အနည်းငယ် ပြုံးနေသော သရဲမ ကျန်းရွှယ်၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

“ခင်ဗျားက ဟွမ်ယုံဖားကို သရဲဖမ်းနည်း သင်ပေးခဲ့တဲ့သူဆိုတာ ကျုပ်သိတယ်။ စိတ်မပူပါနဲ့။ ကျုပ် ခင်ဗျားတို့ကို ခွဲဖို့လာတာ မဟုတ်ဘူး။ ဒီနေ့တောင် သူ့ကို လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့သေးတယ်။”

တန်ဝမ်ကျဲက ဆိုသည်။ တန်သူဌေးကြီးအနေဖြင့် သူသည် လူကို ဘယ်တော့မှ ခြိမ်းခြောက်လေ့မရှိသော်လည်း သရဲနှင့်ဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ ပုံမှန်ဆိုလျှင် သူက အရင်ခုတ်ပြီးမှ မေးလေ့ရှိ၏။ ယခုကဲ့သို့ လက်မပါဘဲ စကားပြောနေခြင်းမှာပင် သူ၏စိတ်ရှည်မှုကို ပြသနေခြင်းဖြစ်သည်။ သို့သော် ခြိမ်းခြောက်သည့် လေသံမပါဘဲ ပြောရန်မှာမူ မဖြစ်နိုင်ပေ။

သူ ကျန်းရွှယ်ကို ဤသို့ဆက်ဆံရခြင်းမှာ သူမသည် “အချစ်ကိုသာ ဦးစားပေးသူ” ဖြစ်ကြောင်း သူ သေချာပေါက် သိနေသောကြောင့်ပင်။ သို့မဟုတ်ပါက သရဲတစ်ကောင်နှင့် ညှိနှိုင်းနေစရာ အကြောင်းမရှိပေ။ သရဲများနှင့် ဆက်ဆံရာတွင် သနားညှာတာခြင်းသည် မိမိကိုယ်ကိုယ် အန္တရာယ်တွင်းထဲ တွန်းပို့ခြင်းဖြစ်သည်ဟု သူ အမြဲခံယူထားပေသည်။

သရဲမကျန်းရွှယ်သည် အမှန်တကယ်ပင် အချစ်ရူးမလေးဖြစ်၏။ သူမသည် အချစ်ကြောင့် သေဆုံးခဲ့ရပြီး သေပြီးနောက်တွင်လည်း အချစ်အတွက်သာ ရှင်သန်နေသူဖြစ်သည်။ ထို့ကြောင့် တန်ဝမ်ကျဲက ဟွမ်ယုံဖား အကြောင်းကို ပြောလိုက်သောအခါ သူမ ချက်ချင်းပင် ယုံကြည်သွားတော့သည်။ “ဟွမ်” ဆိုသည့် အမည်ကို ကြားလိုက်ရသည်နှင့် သူမ၏ ဉာဏ်ရည်မှာ သုညသို့ ကျဆင်းသွား၏။ ၎င်းမှာ အချစ်ရူးများ၏ သဘာဝပင်။

ကျန်းရွှယ် ပါးစပ်မဟရသေးမီမှာပင် တန်ဝမ်ကျဲက ထပ်ပြောလိုက်သည်။

“ဟွမ်ယုံဖား တစ်သက်လုံး ဒီလိုပုံစံနဲ့ ဖြတ်သန်းသွားတာကို ခင်ဗျား မမြင်ချင်ဘူး မဟုတ်လား။”

တန်ဝမ်ကျဲကို ချုပ်ထားသော ဇီနင်သည် သူတို့စကားပြောသံကို ကြားသဖြင့် ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး မျက်စိကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်၏။ စကားဝိုင်းက တစ်မျိုးဖြစ်နေသည်ဟု ခံစားမိကာမှ သူမကိုယ်သူမ တန်ဝမ်ကျဲအပေါ်တွင် မီးရထားတွဲပုံစံဖြင့် လုံးလုံးလျားလျား တွယ်ကပ်နေမှန်း သိလိုက်ရတော့သည်။

သူမ မရည်ရွယ်ဘဲ တန်ဝမ်ကျဲကို ထိခိုက်စေခဲ့သည့် (သို့မဟုတ် အခွင့်ကောင်းယူမိသည့်) ဤကိုယ်ခံပညာကြောင့် ဇီနင် ချက်ချင်းပင် မျက်နှာတစ်ပြင်လုံး နီမြန်းသွားကာ သူ့လည်ပင်းကို ဖက်ထားသော လက်များနှင့် ခါးကို ပတ်ထားသော ခြေထောက်များကို လွှတ်ပြီး အောက်သို့ ခုန်ဆင်းလိုက်လေသည်။

ဆိုဖာပေါ်တွင် လူနှစ်ယောက်နှင့် သရဲတစ်ကောင်တို့ အပြန်အလှန် မိတ်ဆက်ပြီးနောက် ထိုင်လိုက်ကြသည်။

ဇီနင်သည် တစ်ယောက်တည်း စိတ်လှုပ်ရှားနေပြီး ကျန်းရွှယ်ကို လက်ဖြင့် တို့ကြည့်လိုက်၏။ သူမလက်က ကျန်းရွှယ်၏ ကိုယ်ထဲကို ဖောက်ထွက်သွားပြီး အေးစိမ့်စိမ့် ခံစားချက်ကို ရရှိလိုက်ရာ ကြောက်လည်းကြောက်၊ ဝမ်းလည်းသာ ဖြစ်သွားခဲ့ရသည်။ ၎င်းက အလွန်ဆန်းကြယ်လှသဖြင့် သူမ နောက်တစ်ကြိမ် ထပ်တို့ကြည့်မိပြန်သည်။

ကျန်းရွှယ်က လှည့်ကြည့်လိုက်သောအခါ ဇီနင်က တန်ဝမ်ကျဲဘက်သို့ ချက်ချင်း ပြန်ကပ်သွားခဲ့သည်။ တန်ဝမ်ကျဲကတော့ သူမ၏ မျက်နှာကို လက်နှင့်တွန်းကာ အတင်းတားထားလိုက်၏။

“ခင်ဗျား မကြာခင် လူပြန်ဖြစ်တော့မယ် မဟုတ်လား။”

တန်ဝမ်ကျဲက တိုက်ရိုက်ပင် မေးလိုက်သည်။ ကျန်းရွှယ်က ရုတ်တရက် မော့ကြည့်လာ၏။

“ဒါကို ရှင် ဘယ်လိုသိတာလဲ။”

ထို့နောက် သရဲမက ခေါင်းငြိမ့်ပြလိုက်သည်။

“အားဖားက ကောင်းမှုတွေလုပ်တယ်။ သရဲတွေကို ကူညီပေးတယ်။ အဲဒါကြောင့် ကျွန်မ လူပြန်ဖြစ်ဖို့ စောင့်ရမယ့် အချိန်တွေက တိုသွားခဲ့တာပါ။”

သရဲများ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းက လူပြန်ဖြစ်ဖို့ စောင့်ဆိုင်းရမယ့် အချိန်ကို တိုတောင်းစေသည်။

သရဲများ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းက သူ့ကို မှော်ဝင်ငွေ ရစေ၏။

တန်ဝမ်ကျဲ စဉ်းစားခန်း ဝင်သွားခဲ့သည်။ ဤမှော်ဝင်ငွေက အငှားခနှင့် တူနေပြီး အလွန်ဈေးပေါသော အငှားခ ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။

“ခင်ဗျား လူပြန်ဖြစ်သွားပြီးရင် ဟွမ်ယုံဖားကတော့ ဒီ နတ်ဆိုးနှင်ထုတ်သူအလုပ်ကို ဆက်လုပ်နေဦးမှာပဲ။ တစ်နေ့နေ့မှာ သူ သေသွားနိုင်တယ်။ ဒါမှမဟုတ် လူပြန်ဖြစ်ဖို့ အခွင့်အရေးတောင် မရဘဲ ဖြစ်သွားနိုင်တယ်။”

တန်ဝမ်ကျဲက ဆက်ပြောလိုက်သည်။

“အကယ်၍ ဒီကမ္ဘာမှာ သရဲတွေ နည်းသွားရင် သူ ပိုပြီး အခြေတကျ ဖြစ်မသွားဘူးလား။ သူ အလုပ်ပြောင်းပြီး သာမန်လူတစ်ယောက်လို နေထိုင်သွားလို့ ရနိုင်တာပေါ့။”

“သရဲတွေ နည်းသွားမှာလား။”

ကျန်းရွှယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“လူတွေက နေ့တိုင်း သေနေတာပဲလေ။ သရဲတွေ ဘယ်လိုနည်းသွားမှာလဲ။”

“လူတစ်ယောက် သေပြီးရင် ငရဲပြည်ကို သွားရမှာလေ။ လူတွေ ဘယ်လောက်ပဲ သေပါစေ၊ လူ့လောကမှာ သရဲတွေ ဒီလောက် အများကြီး ကျန်နေဖို့ မလိုဘူး။ ဒါပေမဲ့ ဘာလို့ သူတို့က လူ့လောကမှာပဲ သောင်တင်နေကြတာလဲ။”

သူသည် ဤမေးခွန်းကို လူရော သရဲပါ အများကြီးကို မေးခဲ့ဖူးသော်လည်း အဖြေ မရခဲ့ပေ။

ကျန်းရွှယ်သည် ဒူးပေါ်တင်ထားသော သူမ၏ စကတ်စကို လက်ဖြင့် ဖိထားလိုက်၏။ ဟွမ်ယုံဖားနှင့် ပတ်သက်နေသဖြင့် သူမ သေချာစဉ်းစားပြီးမှ ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ ဘာအတားအဆီးမှ မရှိလို့ပါ။ သရဲတွေက ယင်နဲ့ ယန် လောကနှစ်ခုကြားမှာ လွတ်လပ်စွာ ကူးလူးနိုင်ကြလို့ပဲ။”

ထင်ထားသည့်အတိုင်းပင်။ စိတ်ကြိုက် ဝင်ထွက်နေကြခြင်းဖြစ်သည်။

“ဒါဆို ငရဲတမန်တွေကရော။ သူတို့က ဂရုမစိုက်ကြဘူးလား။”

တန်ဝမ်ကျဲက ထပ်မေးလိုက်၏။

အမွှာညီအစ်မ သရဲမများ သောင်းကျန်းတုန်းကလည်း ငရဲတမန်များသည် အိမ်ရာဝင်းထဲကို လူလာဖမ်းရင်းနှင့်တောင် ဘာမှဝင်မလုပ်ခဲ့ကြဘူး။ ဒီလို အခြေအနေတွေက ပုံမှန်လို ဖြစ်နေခဲ့သည်။

“သူတို့က ဖမ်းရမယ့်သူကိုပဲ ဖမ်းတာလေ။”

သူမ စတင်ဖြေကြားနေပြီဖြစ်၍ ကျန်းရွှယ် ဘာမှ ဖုံးကွယ်မထားတော့ပေ။ အမှန်တော့ ငရဲပြည်အကြောင်း သတင်းအချက်အလက်လေးတွေက ကြီးမားတဲ့ လျှို့ဝှက်ချက်တော့ မဟုတ်ချေ။

“ဖမ်းရမယ့်သူကိုပဲ ဖမ်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။”

“ဆိုလိုတာက သူတို့ ဖမ်းရမယ့်သူကိုပဲ ဖမ်းတာပေါ့။”

ကျန်းရွှယ်က တန်ဝမ်ကျဲကို နားမလည်သလို ကြည့်လိုက်၏။

“ဒါပေမဲ့ အချို့လူတွေက သူတို့ကို လှည့်စားဖို့ နည်းလမ်းတွေ ရှာတွေ့ထားကြတယ်။ အဲဒီအခါမှာ သူတို့က အချည်းနှီးပဲ အကြိမ်ကြိမ် ပြန်သွားကြရတာပေါ့။”

ထိုအရာမှာ အားကျိုးကို ဆိုလိုတာ ဖြစ်ရပေမည်။

အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် လူအိုကြီး။

သူ၏ အလောင်းမွေးသည့် ပညာက သာမန်သာရှိသော်လည်း ငရဲတမန်တွေဆီကနေတော့ ပုန်းနိုင်ခဲ့သည်။

သူက အားကျိုးကို အထင်သေး၍ မဟုတ်သော်လည်း ဦးလေးကျိုး သို့မဟုတ် ရှီကျန့်တို့နှင့် ယှဉ်လျှင်တော့ အဆင့်ချင်း မတူပေ။ ဂါထာမန္တန် အတတ်ပညာပိုင်းမှာတင် တန်ဝမ်ကျဲအနေဖြင့် သူသည် ဒေသတွင်း ထိပ်တန်းပညာရှင်ဖြစ်သည်ဟု ပြောဝံ့သည်။ အခြားသူများမှာမူ မိုးကြိုးလက်ဝါးသုံးပြီး နံရံကြီးကို အပေါက်ကြီးဖြစ်အောင် မဖောက်နိုင်ကြချေ။

တန်ဝမ်ကျဲက သူ၏မေးခွန်းကို ချက်ချင်း ပြောင်းလိုက်သည်။

“ဟွမ်ယုံဖားက ခင်ဗျားရဲ့ လူပြန်ဖြစ်မယ့်အချိန်ကို ဘယ်လိုမျိုး တိုတောင်းအောင် ကူညီပေးတာလဲ။ ပြီးတော့ ခင်ဗျားက ခင်ဗျားရဲ့ နောင်ဘဝ သက်တမ်းကို သုံးပြီး သူ့အသက်ကို ဘယ်လို ဆွဲထားပေးတာလဲ။”

ခင်ဗျားတို့နှစ်ယောက် ဒီဟာကွက်ကို ဘယ်လိုသုံးပြီး တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတာလဲ။ အသေးစိတ် ပြောပြစမ်းပါ။

ယခုတစ်ကြိမ်တွင် ကျန်းရွှယ်၏ မျက်နှာပေးမှာ ပြောင်းလဲသွားခဲ့သည်။ ရှေ့ကလူက သူမ ဟွမ်ယုံဖား၏ အသက်ကို ဆွဲပေးထားသည်အထိ သိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဒါကို သိနေမှတော့ အသေးစိတ်ကိုလည်း သူမသိဘဲ နေမည်မဟုတ်ပေ။

“ဒါက ငရဲပြည်မှာ သာမန်ပါပဲ။”

ကျန်းရွှယ်က ပြောလိုက်၏။

နောက်တစ်ယောက်ကလည်း “သာမန်ပါပဲ” တဲ့လား။

ယင်နဲ့ ယန် ကူးလူးနေတာကလည်း သာမန်၊ အသက်ဆက်ပေးတာကလည်း သာမန်...။

ကွမ်တိဘုရားကျောင်းမှာ စစ်သူကြီးကျိုးချန်ကို ရှိခိုးတုန်းက တုံ့ပြန်မှုနဲ့ ပေါင်းစပ်ကြည့်လိုက်ရင် တန်ဝမ်ကျဲအနေဖြင့် ဤကမ္ဘာတွင် နတ်ဘုရားများ လုံးဝမရှိတော့သလို ခံစားလိုက်ရသည်။ အရာအားလုံးက ပျက်စီးနေပြီး ဟာကွက်များ ပြည့်နေသည့် ပုံစံမျိုးဖြင့် လည်ပတ်နေခဲ့သည်။

ထို့ကြောင့်လည်း သရဲများက သောင်းကျန်းနေကြခြင်းဖြစ်ပြီး လူဖြစ်စဉ်က သနားစရာကောင်းသော်လည်း သေပြီးမှ စိတ်ကြိုက်လုပ်နေသည့် အခြေအနေများ ဖြစ်ပေါ်နေခြင်းပင်။

“နေဦး ကျုပ် မေ့တော့မလို့ လူတွေလည်း ငရဲပြည်ကို လွတ်လပ်စွာ သွားလို့ရတယ် မဟုတ်လား။”

တန်ဝမ်ကျဲက ပြောလိုက်သည်။

ယင်နှင့် ယန် ကြားတွင် အတားအဆီးမရှိသဖြင့် လူရော သရဲပါ စိတ်ကြိုက် သွားလာနိုင်ကြသည်။

“အကယ်၍ ငရဲတမန်က လူသားတစ်ယောက်ကို တွေ့ရင် ဘာဖြစ်မလဲ။”

ထိုအရာက တန်ဝမ်ကျဲ အမှန်တကယ်သိချင်သည့် အချက်ဖြစ်သည်။ အားဖုန်းသည် ငရဲတမန်များနှင့် ခဏခဏ တိုးလေ့ရှိသော်လည်း သူတို့က “ကုန်းရှီးဖာချိုင်” ဟု ပြောရုံမှအပ ဘာမှမလုပ်ကြပေ။

သူမက စိတ်မနှံ့ဘဲ စကားတွေ လျှောက်ပြောတတ်သဖြင့် တန်ဝမ်ကျဲ သူမကို အတင်းမမေးခဲ့ခြင်းဖြစ်သည်။

“သူတို့နဲ့ မတွေ့တာ အကောင်းဆုံးပဲ။ သူတို့က လူကို ဘယ်လိုရှောင်ရမလဲ မသိဘူး၊ သူတို့ အလုပ်ကိုပဲ သူတို့ မှတ်မိတာ။ အကယ်၍ အထိတွေ့ခံရရင် မင်းက...”

အဖြေက ထွက်လာတော့မည်ဖြစ်သည်။ ပြဿနာက ငရဲတမန်များနှင့် ထိုကဲ့သို့သော အရာများတွင် ရှိနေခဲ့ခြင်းပင်။

“ကျုပ်ကို ငရဲပြည် ခေါ်သွားပေး။”

သူ ထိုသို့ပြောပြီးသည်နှင့် ကျန်းရွှယ် ငြင်းမည်ကို သူ ဂရုမစိုက်တော့ပေ။ ယင်းအစား ဇီနင်ကို ပြောလိုက်၏။

“ကျုပ်ခေါင်းကို အိတ်နဲ့ စွပ်လိုက်မယ်။ အောက်စီဂျင်ပြတ်ပြီး စက္ကန့် ၆၀ ကြာရင် အိတ်ကို ပြန်ဖြုတ်ပေးဖို့ မမေ့နဲ့ဦး။”

အသက်ရှူကြပ်ပြီး ခေတ္တသေဆုံးသွားသည့် အခြေအနေသို့ ရောက်မှသာ ငရဲပြည်သို့ ဝင်ရောက်နိုင်ပေသည်။

“ဟမ်...”

ဇီနင် ဆွံ့အသွား၏။ သူမ ခေါင်းငြိမ့်ရမလားဟု မဆုံးဖြတ်ရသေးမီမှာပင် တန်ဝမ်ကျဲသည် အိတ်တစ်လုံးကို ရှာပြီး သူ၏ခေါင်းတွင် စွပ်လိုက်ကာ၊ အောက်စီဂျင် အမြန်ကုန်သွားစေရန် ထိုင်ထလုပ်ခြင်းနှင့် ဒိုက်ထိုးခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

သူ့ကိုယ်ထဲရှိ အောက်စီဂျင်များ ကုန်သွားသောအခါ သူသည် ဆိုဖာပေါ်သို့ လဲကျသွားတော့သည်။ ဇီနင်မှာလည်း အခြားရွေးချယ်စရာမရှိသဖြင့် ဖုန်းထဲတွင် အချိန်မှတ်နာရီကို အမြန်ဖွင့်လိုက်ပြီး လက်တစ်ဖက်ကို အိတ်ပေါ်တွင်တင်ကာ သူ့ကို အချိန်မီ ကယ်တင်နိုင်ရန် မျက်တောင်မခတ် စောင့်ကြည့်နေလိုက်ရတော့လေသည်။

နောက်အခိုက်တွင် တန်ဝမ်ကျဲ၏ ရှေ့ရှိ ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့၏။ သူသည် အဖြူနှင့် အမည်းသာရှိသော ထူးဆန်းသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သေချာကြည့်လိုက်သောအခါ ၎င်းသည် အမှိုက်မျိုးစုံ ပုံထားသည့် အမှိုက်ပုံကြီးတစ်ခုနှင့်ပင် တူနေ၏။ အပေါ်သို့ မော့ကြည့်လိုက်လျှင် မည်မျှ မြင့်သည်ကို မသိနိုင်ဘဲ။ထိုအမှိုက်ပုံကြီးမှာ ကောင်းကင်သို့ ထိနေသယောင်ပင်။

သရဲမ ကျန်းရွှယ်က သူ့ဘေးတွင် ပေါ်လာခဲ့သည်။

“ရှင် ဘာကို ရှာနေတာလဲ။”

သူ၏ ဝိညာဉ်အခြေအနေတွင် တန်ဝမ်ကျဲသည် သူ၏ သွေး (HP) နှင့် ခွန်အားကို စစ်ဆေးလိုက်ရာ ၎င်းတို့မှာ အလွန်နှေးကွေးစွာ လျော့နည်းနေသည်ကို တွေ့လိုက်ရလေသည်။

တန်ဝမ်ကျဲက အမြန်ပြောလိုက်၏။

“ပထမဆုံး သက်တမ်းတွေ လဲလှယ်တဲ့နေရာကို ခေါ်သွားပေး။”

သရဲမက ရှေ့မှ လမ်းပြခေါ်သွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ အားကျိုးက တန်ဝမ်ကျဲကို မဲ့ပြုံးဖြင့် ကြည့်လိုက်သည်။

“အားကျဲ မင်းလည်း ရောက်လာတာလား။”

တန်ဝမ်ကျဲက သူ၏ ဓားကြီးကို ဝှေ့ယမ်းပြီး ၎င်းကို ခုတ်ချလိုက်၏။

လူ့လောကတွင် လူရှင်များပင် ၂၉ ခုမြောက်တပ်မတော်သုံး ဓားကြီးကိုမြင်လျှင် ကြောက်ကြရသည်။ ယခု ငရဲပြည်သို့ ရောက်လာသောအခါ ထိုဓားသည် ၎င်း၏ တကယ့်မူလရုပ်သွင်ကို အပြည့်အဝ ပြသလာခဲ့သည်။ စစ်ဦးထုပ်ဆောင်းထားပြီး နှုတ်ခမ်းမွှေးတိုတိုနှင့် သရဲခေါင်း ဒါဇင်ပေါင်းများစွာမှာ ဓားသွားပေါ်တွင် တွယ်ကပ်နေကာ မရပ်မနား အော်ဟစ်ငိုကြွေးနေခဲ့ကြလေသည်။

အားကျိုး၏ မျက်နှာပေး ပြောင်းလဲသွားခဲ့သော်လည်း သူစကားပင် မဆုံးသေးမီ ဓားချက်အောက်တွင် ပြတ်ကျသွားတော့သည်။

“မှော်ဝင်ငွေ မရပါလား။”

တန်ဝမ်ကျဲက သူ၏ စွမ်းရည်များကို နားလည်ထားပြီးသားဖြစ်သည်။ အရာအားလုံးက “ဇာတ်ကွက်” နှင့် ဆက်စပ်နေရမည်။ သို့သော် ယနေ့ သူသည် ဓားကို ကိုင်လာခဲ့ပြီဖြစ်ရာ အတွေ့အကြုံ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့လမ်းကို ပိတ်သည့်သူမှန်သမျှကို ခုတ်ပစ်မည်သာဖြစ်သည်။

တန်ဝမ်ကျဲက လှည့်ကြည့်လိုက်ရာ ကျန်းရွှယ်မှာ တုန်တုန်ရင်ရင်ဖြင့် အဝေးတွင် ပုန်းနေသည်ကို တွေ့လိုက်ရ၏။ သူ ဓားကို ချက်ချင်း ပြန်သိမ်းလိုက်လေသည်။

“ခုနက တစ်ယောက်က ရှင့်ရဲ့ အသိမိတ်ဆွေတစ်ယောက်ယောင်ဆောင်ပြီး လှည့်စားဖို့ ကြိုးစားတဲ့ သရဲပဲ။”

ကျန်းရွှယ်က ဘေးမှနေ၍ တန်ဝမ်ကျဲကို ခိုးကြည့်ရင်း ရှင်းပြလိုက်သည်။ ဤလူမှာ အမှန်တကယ်ကို ကြမ်းတမ်းလွန်းလှ၏။ အားဖားနှင့် လုံးဝ မတူပေ။ အားဖားကတော့ နတ်ဆိုးနှင်ထုတ်လျှင် အကျိုးအကြောင်းပြပြီး နားချလေ့ရှိသည်။

တန်ဝမ်ကျဲ ခေါင်းငြိမ့်လိုက်သည်။

၎င်းမှာ လှည့်စားခြင်း ဟုတ်မဟုတ် သူ မသိသော်လည်း။သူ့အတွက်တော့ အတူတူပင်ဖြစ်သည်။ ခုနက အားကျိုးက အစစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူကတော့ ခုတ်ပစ်မည်သာ။

အကျိုးအကြောင်းပြပြီး နားချရမယ် ဟုတ်လား။

သူက စကားပြောရာ၌လည်း မလိမ္မာသလို “နားချခြင်းအတတ်” ကိုလည်း အမုန်းဆုံး ဖြစ်သည်။ သတ်ပြီးမှ စကားပြောတာက ပိုကောင်း၏။

သေသွားတဲ့သူကတော့ သူ့ကို ပြန်ငြင်းနိုင်မှာ မဟုတ်ဘူးလေ။

သူတို့သည် ပရမ်းပတာဖြစ်နေသော အမှိုက်ပုံကြီးထဲမှ ဖြတ်ကာ မြက်တောပြင်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ကမ္ဘာကြီးမှာ အဖြူနှင့် အမည်းသာ ရှိနေဆဲပင်။

“ဒီနေရာလား။”

တန်ဝမ်ကျဲ ပတ်ဝန်းကျင်ကို ကြည့်နေစဉ်မှာပင် ရုတ်တရက် အသိစိတ်တစ်ခုက သူ၏ ခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

ပေးဆပ်ခြင်း၊ ရရှိခြင်း၊ စတေးခြင်း၊ လဲလှယ်ခြင်း...

ထိုအသိစိတ်မှာ အလွန်ပင် ရက်ရောလှပြီး ဤကမ္ဘာ၏ “ကစားပွဲစည်းကမ်းများ” ကို သူ၏ခေါင်းထဲသို့ ရေလောင်းထည့်သကဲ့သို့ ထည့်ပေးလိုက်လေသည်။

“အလကား အမှိုက်တွေပဲ။”

ထိုအခါမှသာ တန်ဝမ်ကျဲသည် ဘာကြောင့် သရဲအားလုံးက ဤအရာများကို သဘာဝကျသည်ဟု ထင်နေကြမှန်း နားလည်သွားတော့သည်။ ဤကမ္ဘာရှိ ငရဲပြည်တွင် စည်းကမ်းချက်များသာ ရှိနေပြီး မည်သူမျှ အုပ်ချုပ်နေခြင်း မရှိကြောင်း သိလိုက်ရ၏။ ထိုငရဲတမန်များသည်လည်း ဟာကွက်တစ်ခုမှ မွေးဖွားလာသော “ပရိုဂရမ်” များသာ ဖြစ်ကြသည်။ ထိုတောင့်တင်းလှသော ပရိုဂရမ်များသည် ဝိညာဉ်များကို လာရောက်ဖမ်းဆီးကြသော်လည်း၊ လူများက ဟာကွက်ကို အလွယ်တကူ ရှာတွေ့နိုင်ကြ၏။ ထို့ကြောင့်လည်း ၎င်းတို့မှာ ဘာမှမတတ်နိုင်ဘဲ အချည်းနှီးသာ လူးလာတုံ့ခေါက် သွားလာနေကြခြင်း ဖြစ်သည်။

ယင်နှင့် ယန် ကြားတွင် အတားအဆီး မရှိခြင်းမှာလည်း ကြာလှပြီဖြစ်သည်။

“ငါ နတ်ဘုရားတစ်ပါးကို ပင့်ဖိတ်ပြီး ဒီနေရာကို ထိန်းချုပ်ခိုင်းလိုက်ရမလား။ ဒါမှမဟုတ် ယင်နဲ့ ယန် လောကနှစ်ခုကို ခွဲဖို့ ကိုယ်တိုင်ပဲ တံတိုင်းကြီး တစ်ခု တည်ဆောက်ရမလား။”

ဘယ်အရာပဲဖြစ်ဖြစ် ၎င်းမှာ သူ လက်ရှိ လုပ်နိုင်သော အရာမဟုတ်ပေ။ သူသည် မြို့ငယ်လေးတစ်မြို့၏ အချမ်းသာဆုံးသူ၊ သာမန် သူဌေးကြီးတန်တစ်ဦးသာ ဖြစ်သည်။ ယင်နှင့် ယန် ကိစ္စရပ်များကို ကိုင်တွယ်နိုင်လောက်အောင် သူ မကြီးကျယ်သေးပေ။

သူ စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် လှည့်ကြည့်လိုက်ရာ သရဲရာပေါင်းများစွာက သူ့ကို ဝိုင်းထားသည်ကို တွေ့လိုက်ရလေသည်။ တန်ဝမ်ကျဲသည် သူ၏ ဓားကြီးကို မြှောက်လိုက်ရင်း လက်ယားလာသဖြင့် သရဲများကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့အားလုံး လူ့လောကမှာ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ရှိနေကြမှာပဲ။ တစ်ယောက်ချင်းစီ ပြောပြကြစမ်း။ အကုန်ပြောမပြီးမချင်း ဘယ်သူမှ ထွက်မသွားရဘူး။”

“ပြောမှာလား...မပြောဘူးလား။ မပြောရင် ငါ စခုတ်ပြီနော်။”

All Chapters