← Chapters

နတ်ဆိုးများနှင့် MLM၊ အလားအလာ ရှိရဲ့လား။

Vol. 5 Ch. 47

နတ်ဆိုးများနှင့် MLM၊ အလားအလာ ရှိရဲ့လား။

Vol. 5 Ch. 47

“ဝူး...။”

တန်ဝမ်ကျဲသည် လေကို အငမ်းမရ ရှူသွင်းလိုက်၏။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် ဟွမ်ယုံဖား၏ စုတ်ပြတ်သတ်နေသော အိမ်လေးထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။

အဆင်ပြေပါသည်။ သူ တောင့်ခံနိုင်ပါသေးသည်။ အသက်ရှူကြပ်ပြီး အမှန်တကယ်သေဖို့ဆိုလျှင် အချိန်အနည်းငယ် လိုပါသေးသည်။

သူ၏ သွေး (HP) နှင့် ခွန်အားကို ကြည့်လိုက်ရာ နှစ်ခုလုံးမှာ ထက်ဝက်ကျော် ကျန်ရှိနေသေးသည်။

ခုနက သူ လူသတ်ပွဲ စတင်ဖို့ လက်တစ်လုံးအလိုသာ လိုတော့၏။ ဇီနင်က သူ့ကို နောက်ဆုံးအချိန်တွင် ဆွဲထုတ်လိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကတိပျက်သွားရသည်မှာ နှမြောစရာပင်။ သူသည် တစ်မိသားစုလုံးကို သတ်ပစ်မည်ဟု ပြောလျှင် တကယ်သတ်ပစ်တတ်သည့် ကတိတည်သော အမျိုးသားတစ်ဦး မဟုတ်ပါလား။

နောက်တစ်ခါ ထပ်တွေ့ရင်တော့ အဲဒီအကြွေးကို အပြေအကျေ ပြန်ဆပ်ရပေမည်။

သူသည် ၂၉ ခုမြောက်တပ်မတော်သုံး ဓားကြီးကဲ့သို့သော လက်နက်များကို ပို၍ တန်ဖိုးထားလာမိသည်။ ‘နောက်ဆုံးသော နတ်ဆရာ’ ခေတ်က သရဲတွေလိုပင်၊ အစွမ်းထက်သော လက်နက် သို့မဟုတ် မှော်ဝင်ပစ္စည်းတစ်ခုရှိလျှင် အခက်အခဲမှန်သမျှကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ပေသည်။

အခွင့်အရေးရရင် ကျိန်စာကမ္ဘာကို နောက်တစ်ခါ သွားရပေမည်။ အခြားမဟုတ်ရင်တောင် ဆုလာဘ်တွေထဲကနေ ဓားမကြီးအနည်းငယ်လောက် ထပ်နှိုက်ဖို့ပင်ဖြစ်သည်။ အကယ်၍ ၎င်းကို +၁၀ အထိ အဆင့်မြှင့်နိုင်လျှင် နတ်ဘုရားများ၊ ဗုဒ္ဓများကိုတောင် သူ သတ်ပစ်နိုင်လောက်ပေမည်။

မက်မွန်သားဓားနှင့် ယှဉ်လျှင် ဤဓားကြီးက ပိုအသုံးဝင်သည်ဟု သူ ခံစားနေရဆဲပင်။

“ရှင် အဆင်ပြေရဲ့လား။”

ဇီနင်က အနားသို့ တိုးကပ်လာပြီး စိုးရိမ်တကြီး မေးလိုက်၏။

တန်ဝမ်ကျဲသည် သူ၏ရင်ဘတ်ကို ဖိထားသော ဇီနင်၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ သူက ကိုယ်ခန္ဓာ တောင့်တင်းသူမှန်း သူသိပါသည်။ လက်ဝှေ့လေ့ကျင့်ထားသဖြင့် ရင်အုပ်ကြွက်သားများမှာလည်း အထိုက်အလျောက် ရှိနေ၏။ သို့သော် သူ၏ ဖြူစင်မှုမှာ ဤသို့ ဖျက်ဆီးခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နောက်ပြီး သူ၏ နှုတ်ခမ်းများမှာလည်း ပူထူနေခဲ့သည်။

“ခုနက အိတ်ကို ဖြုတ်လိုက်တော့ ရှင့်မှာ အသက်ရှူသံ မရှိတော့လို့ အရေးပေါ် အခြေအနေမှာ ကျွန်မ CPR လုပ်ပေးလိုက်တာပါ။”

ဇီနင်က စိုးရိမ်တကြီး ပြောရှာသည်။

တန်ဝမ်ကျဲ၏ အကြည့်မှာ သူ၏ ရင်အုပ်ကြွက်သားများကို ဆုပ်ကိုင်ထားသော သူမ၏လက်တစ်စုံပေါ်၌သာ ရှိနေဆဲပင်။ သူမ၏ လက်ချောင်းလေးများမှာ အနည်းငယ် ကွေးနေပြီး လက်ထိပ်လေးများက အားစိုက်ကာ ဖိညှစ်နေခဲ့သည်။ သူ မမှားဘူးဆိုလျှင် ဒါက ဒဏ္ဍာရီလာ ‘နဂါးလက်သည်း’ ပညာသာ ဖြစ်ရမည်။ CPR မဟုတ်တန်ရာ။

“ဘာလဲ။ လိုအပ်ရင် ရှင့်ကိုလည်း ကျွန်မကို ပြန်ကိုင်ခွင့် ပေးမှာပေါ့။”

ဇီနင်က နောက်လိုက်၏။ တန်ဝမ်ကျဲ အသက်ရှင်လျက် ပြန်ရောက်လာသည်ကို မြင်ရသဖြင့် သူမလည်း သက်ပြင်းချနိုင်သွားခဲ့သည်။ ကယ်လိုက်တာကတော့ အစစ်အမှန်ပင်။ တန်ဝမ်ကျဲ ပြန်နိုးလာသည်ကို မြင်ပြီး စိတ်အေးသွားမှ အမှတ်မထင် နှစ်ချက်လောက် ညှစ်မိသွားခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် သူမသည် သတင်းထူးရဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးချတတ်သူဖြစ်၏။ လက်ကိုင်တာ၊ ရင်သားဟပြတာ၊ အလှပြပြီး မြှူဆွယ်တာ... ထိုအရာများက သူမအတွက်တော့ နေ့စဉ်စားနေကျ ထမင်းလိုပင်။ သူမက လုံးဝ ရှက်မနေပါချေ။ အလုပ်က ပထမ မဟုတ်ပါလား။

ထို့အပြင် သူမမှာ ရည်းစားတွေလည်း အများကြီး ထားခဲ့ဖူးသည်။

ကဲပါ... ဒါက ၂၁ ရာစုပဲလေ။ ဘယ်သူက ရှက်နေဦးမှာလဲ။

“ကောင်းပြီလေ။”

တန်ဝမ်ကျဲက လက်ကို မြှောက်လိုက်၏။ သူသည် အမျိုးသမီးတစ်ဦး၏ ဆန္ဒကို ဆန့်ကျင်မည့်သူ မဟုတ်သလို တရားမျှတမှုကိုလည်း မြတ်နိုးသူဖြစ်သည်။ ‘ရူယီဂေဟာ’ က ရှောင်ချွေ့က သူ့ကို ကိုင်ခွင့်ပေးရင်တောင် သူမ ဝမ်းနည်းပြီး ညဘက် အိပ်ရာထဲမှာ မျက်ရည်မကျရအောင် သူက မငြင်းဘဲ လက်ခံတတ်သူ ဖြစ်သည်။

“အဟမ်း...”

ဘေးမှ ချောင်းဟန့်သံ တစ်ခု ထွက်ပေါ်လာ၏။

တန်ဝမ်ကျဲက ကျန်းရွှယ်ဘက်သို့ နားမလည်သလို လှည့်ကြည့်လိုက်သည်။

“ဘာလဲ...သရဲတွေလည်း အအေးမိပြီး ချောင်းဆိုးတတ်တာပဲလား။”

သရဲမ ကျန်းရွှယ်သည် သူမ၏ ဆိုဖာပေါ်တွင် အဝတ်အစားများ ချွတ်ပြီး ရွံစရာကောင်းသည့်အရာများ ပြုလုပ်တော့မည့်ပုံ ပေါက်နေသည့် အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

“ရှင်တို့ အလုပ်ကိစ္စတွေ ပြီးပြီ မဟုတ်လား။”

သူမက နှင်ထုတ်နေခြင်း ဖြစ်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါက ကျုပ်ရဲ့ဖုန်းနံပါတ်ပါ။ တစ်ခုခုဆို ဆက်သွယ်လိုက်ပါ။”

တန်ဝမ်ကျဲက ကတိတည်သော အမျိုးသားတစ်ဦးဖြစ်၏။ သူ ငုံ့ကြည့်လိုက်ရာ သူ၏ လက်နှစ်ဖက်လုံးက ဇီနင်၏ ရင်ဘတ်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် “ဆောရီး” ဟု ပြောကာ လက်ကို ခေတ္တဖယ်ထားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ဖောင်တိန်နှင့် စက္ကူကို ထုတ်ကာ ဖုန်းနံပါတ် ရေးပေးလိုက်ပြီး လက်ကို မူလနေရာသို့ ပြန်တင်လိုက်သည်။

ဘယ်ဘက်မှာ တစ်ဖက်၊ ညာဘက်မှာ တစ်ဖက်၊ ကွက်တိပင်။

ဇီနင်၏ ဦးနှောက်မှာ ခေတ္တရပ်ဆိုင်းသွားပြီး မေးလိုက်၏။

“ဘာလို့ ပြန်တင်တာလဲ။”

တန်ဝမ်ကျဲ : “ဒီလိုက ပိုပြီး အသားကျနေလို့ပါ။ ခင်ဗျား မကန့်ကွက်ဘူး မဟုတ်လား။”

“မကန့်ကွက်ပါဘူး။”

“အားးး။”

သရဲမ ကျန်းရွှယ်မှာတော့ ဒေါသထွက်နေပြီဖြစ်သည်။

“အခုပဲ ထွက်သွားကြတော့။ ကျေး— ဇူး— ပဲ—။”

ဒုန်း

တံခါး ပိတ်သွားတော့၏။

သူတို့နှစ်ဦးမှာ သရဲမ၏ နှင်ထုတ်ခြင်းကို ခံလိုက်ရလေသည်။ ချစ်ခင်ရင်းနှီးမှု ပြသသည့်အနေဖြင့် တစ်ယောက်ရင်ဘတ် တစ်ယောက်ကိုင်ထားသည့် ပုံစံကိုတော့ ဆက်ထိန်းထား၍ မရတော့ပေ။ သူတို့နှစ်ယောက်လုံးက ကလေးတွေ မဟုတ်ကြတော့သဖြင့် လောကီရေးရာများကို နားလည်ကြပြီးသား ဖြစ်သည်။

သို့သော် တန်ဝမ်ကျဲသည် လက်ဖြင့်ထိတွေ့သည့် အဆင့်မှာတင် ရပ်လိုက်ပြီး ဆက်လုပ်ရန် အစီအစဉ် မရှိပေ။

“နောက်ထပ် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။”

ဇီနင်ကိုယ်တိုင်ပင် တန်ဝမ်ကျဲအား ဘာကြောင့် ဒီလောက်ထိယုံကြည်နေမိမှန်း မသိပေ။

သူက ပြတ်ပြတ်သားသား လုပ်တတ်လို့လား။ ဒါမှမဟုတ် သူမဆီက ပိုက်ဆံ တစ်ခါမှ မတောင်းလို့လား။ ဒါမှမဟုတ် သူမ သူ့အပေါ် တကယ်ပဲ စိတ်ယိုင်သွားတာလား။

သူမ စိတ်ယိုင်တာကို မငြင်းပါချေ။ ဤမျှချောမောသည့်သူနှင့် တွေ့မှတော့ မြင်မြင်ချင်း ချစ်မိသွားခြင်းက သဘာဝကျပါသည်။

ရုပ်ချောတဲ့သူတွေက မြင်မြင်ချင်း ချစ်ဖို့အတွက် ဖန်တီးထားတာပဲ မဟုတ်လား။ တန်ဝမ်ကျဲနဲ့ တွဲရမှာကို သူမ မကန့်ကွက်ပါဘူး။

တန်ဝမ်ကျဲက တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။

“စနစ်သစ်တစ်ခု တည်ဆောက်မယ်။”

အကယ်၍ သူသာ ငရဲတမန်များ၏ အလုပ်လုပ်ပုံကို ပြင်ဆင်နိုင်လျှင် သို့မဟုတ် နတ်ဘုရားကြီးတစ်ပါးပါးကို ငရဲပြည်ကို ပင့်ဆောင်နိုင်လျှင် ပြဿနာအားလုံး ပြေလည်သွားမည်ဖြစ်၏။ သို့သော် အခုချိန်မှာ သူ ဒါကို မလုပ်နိုင်သေးပေ။

ထို့ကြောင့် သူသည် အကောင်းဆုံး မဟုတ်ရင်တောင် ဒုတိယအကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပြီး အနာဂတ်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်လာဖို့အတွက် မျိုးစေ့တစ်ခုပဲ ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်လေသည်။

တန်ဝမ်ကျဲသည် သူ၏ ရင်ဘတ်ကို စမ်းကြည့်လိုက်ရာ ဆေးလိပ်ကုန်နေပြီဖြစ်ကြောင်း သတိရသွား၏။ ဤအကျင့်က ဘယ်လိုဖြစ်လာမှန်း သူ မသိပေ။ သူ၏ လက်ရှိ ဇာတ်ကောင်စရိုက်နှင့် ဆက်စပ်နေပုံရသည်။

“အိုကေ...တစ်ခုခု လိုအပ်ရင် ကျွန်မ သေချာပေါက် ကူညီမှာပါ။”

ဇီနင်က တက်ကြွစွာ ပြောလိုက်သည်။ ယနေ့ ကျန်းရွှယ်နှင့် တွေ့ဆုံပြီးနောက် သူမသည် သရဲကြောက်သည့် စိတ်ကို လုံးဝကျော်လွှားနိုင်သွားပြီဟု ခံစားလိုက်ရသည်။

အကယ်၍ သူမသာ သတင်းဆောင်းပါး အမြန်ပြန်ရေးဖို့ မလိုဘူးဆိုလျှင် တန်ဝမ်ကျဲ၏ ဘေးမှ တကောက်ကောက် လိုက်နေမှာ သေချာပေသည်။

...

အာယိုးသည် ဆေးလိပ်ကို ပါးစပ်မှာ ခဲထားပြီး ညှပ်ဖိနပ်စီးထားသော ခြေမကြီးကို လှုပ်ခါနေ၏။

“မင်းကို ငါ ပြောသားပဲ၊ ငရဲပြည်ကကိစ္စတွေကို ဝင်မပါပါနဲ့ဆိုတာ။”

“ငရဲပြည်အထိ သွားစရာ မလိုပါဘူး။ လူ့လောကမှာတင် ဖြေရှင်းလို့ ရပါတယ်။”

တန်ဝမ်ကျဲက အာယိုး၏ ဆေးလိပ်ထုပ်ကို လှမ်းယူလိုက်သည်။

“ဦးလေးယိုး၊ ဦးလေးက အစွမ်းလည်းထက်သလို လူလေးစားခံရတဲ့သူလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် ဦးလေးကို ကျုပ်က ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တယ်။”

ဖြန်း

အာယိုးက လျင်မြန်စွာဖြင့် သူ၏လက်ကို မြှောက်လိုက်ပြီး တန်ဝမ်ကျဲ၏ လက်ကို ရိုက်ထုတ်လိုက်၏။

“ဥက္ကဋ္ဌဟုတ်လား။ မင်း ရုပ်ရှင်တွေ အကြည့်များသွားပြီ ထင်တယ်။ ငါ မင်းကို မကူညီချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း တောင်းဆိုတာက ငါ့အတွက် အရမ်းခက်ခဲတယ်။ ငါက အေးအေးဆေးဆေးပဲ အိုမင်းသွားချင်တာကွ။”

အာယိုးက မျက်နှာကြက်ကို တစ်ချက်၊ ကြမ်းပြင်ကို တစ်ချက် လက်ညှိုးထိုးပြလိုက်သည်။

“မင်း ပြောနေတဲ့ ‘အပြန်အလှန် ကူညီရေးအသင်း’ ဆိုတာက တကယ်တော့ ဘာလဲ။”

“ဒီကမ္ဘာမှာ သရဲတွေ အများကြီး ရှိနေတယ်လို့ ဦးလေး မခံစားရဘူးလား။ သူတို့က ယင်နဲ့ ယန် လောကနှစ်ခုကြားမှာ စိတ်ကြိုက် ဝင်ထွက်နေကြတယ်။ အချို့လူတွေက လူဖြစ်စဉ်က ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့ကြပြီး သရဲဖြစ်သွားတော့လည်း ဘာကိုမှ မကြောက်တဲ့အပြင် စွမ်းအားတွေတောင် ရလာကြသေးတယ်။ လူဖြစ်တုန်းကတော့ အနည်းဆုံး ဥပဒေနဲ့ ရဲကို ကြောက်ရသေးတယ်။ သေပြီးသွားတော့ တကယ့်ကို ဥပဒေမဲ့ ဖြစ်သွားကြတော့တာပဲ။”

တန်ဝမ်ကျဲက ရေတစ်ဖန်ခွက် ငှဲ့လိုက်သည်။

“ဒါဆိုရင် လူတိုင်းက ဘာလို့ လူအဖြစ် နေနေကြဦးမှာလဲ။ သရဲဖြစ်ရတာက ပိုပြီး ပျော်စရာမကောင်းဘူးလား။”

သူသည် ပြီးခဲ့သည့်အကြိမ်က အကင်ဆိုင်မှာ ပူးကပ်ခံရသည့် လူကို ပြန်စဉ်းစားမိလိုက်၏။ ထိုလူသည် အလုပ်ပြုတ်ပြီးနောက် စားဝတ်နေရေး ခက်ခဲသဖြင့် အရိုးပြာခိုးပြီး ငွေညှစ်သည့်လမ်းကို ရွေးခဲ့ရသည်။ နောက်ဆုံးမှာ သရဲ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး သူ၏ အခန်းလေးထဲမှာတင် မီးလောင်သေဆုံးခဲ့ရသည်။ သူသည် တကယ့်ကို အခြေခံလူတန်းစား၊ ဆင်းရဲပင်ပန်းစွာ ရှင်သန်ခဲ့ရသူ ဖြစ်သည်။

မသေခင်က သူသည် ဈေးအပေါဆုံး ပေါင်မုန့်ကိုသာ စားခဲ့ရ၏။ သရဲဖြစ်သွားပြီးနောက်မှာတော့ သူ လိုချင်တာကို စားနိုင်၊ လုပ်ချင်တာ လုပ်နိုင်ပြီး လူဖြစ်စဉ်ကထက် အဆပေါင်းများစွာ ပိုပျော်နေရသည်။

အာယိုး တိတ်ဆိတ်သွားခဲ့သည်။

ဤသည်မှာ ကမ္ဘာကြီး၏ တကယ့် အခြေအနေပင်။

နာကြည်းချက်များ ပြင်းထန်လွန်း၍ နတ်ဆိုးဖြစ်ပြီး လူသတ်နေဟည့်သူများ သို့မဟုတ် မသေခင်က စိတ်ရူးပေါက်ပြီး ရည်ရွယ်ချက်မရှိ လျှောက်သွားနေသည့်သူများကလွဲလျှင် ကျန်သည့်သရဲ အများစုကတော့ လူဖြစ်စဉ်က အမှတ်သညာများကို ဆက်ထိန်းထားကြသည်။ သူတို့က လွတ်လပ်စွာ သွားလာနိုင်သလို ရန်ငြိုးပြန်ဆပ်ခြင်း သို့မဟုတ် စိတ်အလိုကျ မကောင်းမှုလုပ်နေခြင်းများကို တားဆီးမည့်သူ မရှိချေ။

လူဖြစ်စဉ်က စည်းကမ်းရှိသည့် သရဲများမှာမူ ပြဿနာမရှိချေ။ သူတို့က သေပြီးလျှင် ငရဲပြည်မှာသာ အေးအေးဆေးဆေး နေကြ၏။ သို့သော် ငြိမ်ငြိမ်မနေတတ်တဲ့သူတွေကတော့ တစ်မျိုးပေါ့။ လူ့လောကက ငရဲပြည်ထက် အမြဲတမ်း ပိုစည်ကားနေသည် မဟုတ်ပါလား။

ငရဲတမန်တွေလား။ အဲဒီ သစ်သားတုံးတွေကတော့ ဘာမှ အသုံးမကျပါဘူး။

“မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ။”

အာယိုးက ထူးထူးခြားခြား လေးလေးနက်နက် မေးလိုက်၏။

တန်ဝမ်ကျဲက ရေကို နောက်တစ်ငုံ သောက်လိုက်ပြီးမှ ပြောလိုက်သည်။

“ဦးလေးယိုး ဒီလို ရက်စက်တဲ့ နတ်ဆိုးတွေကို MLM နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အလားအလာ ရှိတယ်လို့ ခင်ဗျား ထင်လား။”

All Chapters