← Chapters

ငါလည်း အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်ချင်တယ်

Vol. 5 Ch. 48

ငါလည်း အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်ချင်တယ်

Vol. 5 Ch. 48

ဤကမ္ဘာကြီးက အလွန်အမင်း ရှုပ်ထွေးလွန်းနေပြီး သူ့ကိုလည်း အကူအညီခေါ်ခွင့် မပေးမှတော့ သူသည်လည်း ဒီလိုပဲ ရမ်းလုပ်ရပေတော့မည်။ ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာလျှင် ရူးကြောင်ကြောင် အကြံတစ်ခုက ပိုကောင်းပါသေးသည်။

“ဘာကြီး...။”

အာယိုး လန့်သွား၏။

“အားကျဲ မင်း ဘာလုပ်မလို့လဲ။ ပိရမစ်စနစ်လား။ သရဲတွေကို ပိရမစ်စနစ်နဲ့ ချိတ်မလို့လား။”

ဒီအရာ နှစ်ခုက ဘယ်လိုလုပ်ပြီး ပေါင်းစပ်လို့ ရမှာလဲ။

အာယိုးသည် စိုးရိမ်တကြီး မတ်တပ်ထရပ်လိုက်ပြီး တန်ဝမ်ကျဲ၏ ပုခုံးကို ပုတ်ကာ အလေးအနက် ပြောလိုက်သည်။

“အားကျဲ မင်း အဲဒီဗီဒီယိုတွေ ကြည့်တာ ရပ်သင့်ပြီ။ မင်းရဲ့ ဦးနှောက်ကတော့ ပြာဖြစ်ကုန်ပြီ ထင်တယ်။”

“ကျုပ်က ဦးလေးနဲ့ အလုပ်ကိစ္စ ပြောနေတာလေဗျာ...။”

တန်ဝမ်ကျဲက သူ့လက်ကို ဖယ်ထုတ်လိုက်သည်။

သူကိုယ်တိုင် ဒီလိုတွေ လိုက်လုပ်နေဖို့ လိုလို့လား။ ဟာသပဲ။ သူ့မျက်နှာနဲ့သာ လမ်းပေါ်ထွက်ပြီး တစ်နာရီကို တစ်သိန်းလို့ ဈေးခေါ်လိုက်ရင် ချမ်းသာတဲ့ အမျိုးသမီးကြီးတွေက သံဆူးပွတ်တံတွေ ကိုင်ပြီး သူ့ကို လုယူကြမှာ သေချာတယ်။

“အဲ့ဒီသရဲတွေက လမ်းသရဲလို လျှောက်သွားပြီး မကောင်းမှုတွေ လုပ်နေကြတာ။ သူတို့ အပြင်မှာ ပြဿနာမရှာအောင် တစ်နေရာတည်းမှာ စုစည်းထားဖို့ နည်းလမ်းတစ်ခု လိုတယ်။ အဖွဲ့အစည်းကို ရာထူးအဆင့်ဆင့် ခွဲခြားထားမယ်။ အရောင်းဝန်ထမ်း၊ အဖွဲ့ခေါင်းဆောင်၊ ဒါရိုက်တာ၊ မန်နေဂျာနဲ့ သူဌေးဆိုပြီးပေါ့။”

တန်ဝမ်ကျဲက သူများဆီက ကူးချထားသည့် အစီအစဉ်ကို စတင်ရှင်းပြလိုက်၏။

“သရဲတွေကို ကျုပ်တို့ရဲ့ အပြန်အလှန် ကူညီရေးအသင်းထဲ စုဆောင်းမယ်။ သူတို့ လူဦးရေ အတိုင်းအတာတစ်ခုအထိ စုမိမယ်ရင် ရာထူးတိုးပေးမယ်။ အသစ်ဝင်လာတဲ့ သရဲတွေက အရောင်းဝန်ထမ်းဖြစ်ဖို့နဲ့ တခြားသရဲတွေကို စုဆောင်းခွင့်ရဖို့အတွက် အရင်ဆုံး ကုသိုလ်ကို အသင်းဝင်ကြေးအဖြစ် ပေးသွင်းရမယ်။”

“အဲဒီ ကုသိုလ်တွေကို အဆင့်ဆင့် ခွဲဝေယူမယ်။ သီအိုရီအရတော့ ခင်ဗျားရဲ့ ရာထူးက မြင့်လေ ဘာမှလုပ်စရာ မလိုလေပဲ။ အောက်ကလူတွေ ရှာလာသမျှ ကုသိုလ်တွေကိုပဲ ထိုင်စားရုံပဲ။ ကုသိုလ်တွေ ပိုရဖို့အတွက် သရဲတွေက နောက်ထပ် သရဲတွေကို ထပ်ပြီး စုဆောင်းလာကြလိမ့်မယ်...။”

အာယိုး ငေးကနဲ ဖြစ်သွားသည်ကို မြင်သောအခါ တန်ဝမ်ကျဲက ဆက်ပြောလိုက်သည်။

“ကုသိုလ် ရဖို့အတွက်ဆိုရင် သူတို့က တက်တက်ကြွကြွဖြစ်စေ၊ အတင်းအကျပ်ဖြစ်စေ အသင်းဝင်သစ်တွေကို ရူးရူးမူးမူး လိုက်ရှာကြမှာပဲ။ ဒါဆိုရင် သူတို့ကို ထိန်းချုပ်ရတာ ပိုလွယ်သွားလိမ့်မယ်။ သရဲတွေ ထွက်ပြေးမှာကိုလည်း ပူစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ အပေါ်ကလူတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် အောက်ကလူတွေကို အနားပေးမှာ မဟုတ်လို့ပဲ။”

တောင်ပိုင်းစတိုင် ပိရမစ်စနစ် + မြောက်ပိုင်းစတိုင် ပိရမစ်စနစ်၊ ဦးနှောက်ဆေးခြင်း + ချုပ်နှောင်ခြင်း။

ဒါက တကယ်ကို အလားအလာရှိတဲ့ လုပ်ငန်းပဲ။

တကယ်တော့ ဤသည်မှာ ပိရမစ်စနစ် အစစ်တော့ မဟုတ်ချေ။ သူတို့၌ ‘ထုတ်ကုန်’ ရှိပေသည်။ ထိုထုတ်ကုန်မှာ လူတိုင်း မြင်နိုင် ကိုင်တွယ်နိုင်သည့် ‘ကုသိုလ်’ ပင် ဖြစ်သည်။ သူက ထိုပုံစံခွက်နှင့် အဖွဲ့အစည်း တည်ဆောက်ပုံကိုသာ ငှားသုံးလိုက်ခြင်း ဖြစ်သည်။

ဤကဲ့သို့ ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် သရဲများက ပိရမစ်စနစ်ကို ပြုလုပ်ရန် အသင့်တော်ဆုံးပင်။ သူတို့သည် အရေအတွက် များသလို စဉ်းစားနိုင်စွမ်းလည်း ရှိပြီး လူသားနှင့် သိပ်မကွာလှချေ။ သို့သော် သေပြီးသွားလျှင်မူ လူဖြစ်တုန်းကထက် အနည်းငယ် ပိုပြီး နုံအသွားကြပေသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့သည် အရေအတွက် များပြီး ခေါင်းမကောင်းသောကြောင့် လိမ်ရသည်မှာ လွယ်ပေသည်။

ကုသိုလ်ကို သုံးပြီး မိသားစုဝင်များ၏ အသက်ကို ဆွဲပေးလို့ ရသလို လူပြန်ဖြစ်ဖို့ အချိန်ကိုလည်း စောအောင် လုပ်လို့ရပေသည်။ ၎င်း၏ အရေးပါပုံမှာ ပြောနေစရာ မလိုသော်လည်း သရဲအတော်များများက ၎င်းကို ဘယ်လိုရယူရမလဲ မသိကြဘဲ လက်မှိုင်ချနေကြရသည်။

သရဲမကျန်းရွှယ်လို ကံကောင်းသူမှာ ရှားပါးလှချေ၏။ သူမသည် ဟွမ်ယုံဖားလို ယင်ယန်မျက်လုံးရှိပြီး သူမအတွက် ကုသိုလ်ရအောင် ကူညီပေးမည့်သူနှင့် တွေ့ခဲ့ရသည် မဟုတ်ပါလား။ ကျန်သည့် သရဲအများစုမှာမူ လူသားများကို ကြောက်ကြရသလို ကုသိုလ်ရမည့် လမ်းစလည်း မရှိကြချေ။

အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်လိုက်ရုံနှင့် ကုသိုလ်ရမယ့် နည်းလမ်း ရှိလာပြီဖြစ်သည်။ လူတိုင်းက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲချင်ကြခြင်းမဟုတ်လျှင် ဘာမှမလုပ်ဘဲ ကောင်းမွန်သည့် ဘဝသစ်ကို ရချင်ကြသည်ချည်းပင်။ ထို့ကြောင့် မည်သည့်သရဲကမျှ ဤမက်လုံးကို ငြင်းနိုင်မည်မဟုတ်ဟု သူ ယုံကြည်ပေသည်။

“မင်းက အသစ်ဝင်လာတဲ့ သရဲလေးတွေကိုပဲ ခိုင်းပြီး ကုသိုလ်ရှာခိုင်းမယ်ဆိုတော့ အပေါ်ရောက်သွားတဲ့ သရဲကြီးတွေကကျ ဘာလုပ်ရမှာလဲ။ ထိုင်စားနေရုံပဲလား။”

အာယိုးက မေးလိုက်သည်။

အောက်ကသရဲများသည် ကုသိုလ်ပေးကာ ဝင်ရပြီး အပေါ်ကသရဲများမှာမူ အကျိုးအမြတ်ကို ထိုင်စောင့်ရ၏။ ဤသည်မှာ တကယ့်ကို ပိရမစ်စနစ် ပုံစံပင်။

တန်ဝမ်ကျဲက လက်ခါပြလိုက်သည်။

“ဒါမှလည်း လူအင်အား အလုံအလောက် ရမှာလေ။ နောက်ပြီး အပေါ်ကလူတွေကလည်း အပျင်းပြေထိုင်နေရမှာ မဟုတ်ဘူး။ သူတို့က ရံဖန်ရံခါမှာ သူတို့ရဲ့ အောင်မြင်မှုတွေကို ထုတ်ပြရမယ်။ ဥပမာ လူပြန်ဖြစ်သွားတာ၊ မိသားစုရဲ့ အသက်ကို ဆွဲပေးတာ ဒါမှမဟုတ် သူတို့ကိုယ်ပေါ်က နာကြည်းချက်တွေ ပြေပျောက်သွားတာမျိုးပေါ့။ အစည်းအဝေးတွေ ခဏခဏ လုပ်မယ်၊ ဟောပြောပွဲတွေ လုပ်မယ်။ ဒါမှ အရောင်းဝန်ထမ်းတွေက အလုပ်လုပ်ရတာ ပိုပြီးယုံကြည်မှု ရှိလာမှာပေါ့။”

အောင်မြင်မှု ဒဿန ဟောပြောပွဲများ၊ အဆင့်မြင့် ဝိညာဉ် လူမှုကွန်ရက်၌ ပို့စ်တင်ခြင်းများမှာ အမြဲရှိနေရမည်ဖြစ်သည်။

အဆင့်မြင့်သရဲများ၏ အဓိက အလုပ်က သင်တန်းပေးရန်၊ ဦးနှောက်ဆေးရန်နှင့် လှပသည့် အနာဂတ်ကြီးကို တည်ဆောက်ပြရန်ဖြစ်သည်။

ကမ္ဘာကြီးက ပျက်စီးနေပြီပဲ။ သူ နည်းနည်း ထူးဆန်းတဲ့ နည်းလမ်းသုံးတာက ဘာမှမဖြစ်ပါဘူး။ ဒါ့အပြင် သူတို့ အားလုံးက ကုသိုလ်ရအောင် ကောင်းမှုတွေပဲ လုပ်ကြတာလေ။ ဦးတည်ချက်ကတော့ မှန်ကန်ပါတယ်၊ အောက်ခြေက သရဲတွေကတော့ နည်းနည်း ပိုပင်ပန်းတာပေါ့။

“ပထမဆုံး သရဲအုပ်စုကို မင်းက ဘယ်လို စုဆောင်းမလို့လဲ။”

အာယိုးက ထပ်မေးလိုက်၏။ တန်ဝမ်ကျဲက ပြန်ပြောလိုက်သည်။

“အတင်းဖမ်းခေါ်လာမှာပေါ့။ အစောပိုင်း အုတ်မြစ်က အရမ်းအရေးကြီးတယ်။ သူတို့က နားထောင်တတ်ရမယ်၊ ပြီးတော့ နာမည်ကြီးပြီး လူသိများရမယ်။ ဒါမှ တခြားသရဲတွေလည်း အုံနဲ့ကျင်းနဲ့ လာကြမှာ။ လူဖြစ်တုန်းက ပိရမစ်စနစ်မှာ ပါခဲ့တဲ့သူတွေ ဒါမှမဟုတ် ဟောပြောပွဲ လုပ်ခဲ့တဲ့သူတွေကို သရဲအဖြစ် ပြန်ရှာဖို့ ကျုပ် စိတ်ကူးထားတယ်။”

တစ်ခုတည်းသော ပြဿနာမှာ စည်းကမ်းထိန်းသိမ်းရေး ဖြစ်သည်။ ဤမျှများပြားလွန်းသည့် သရဲများ စုမိပြီး ဆူပူမှုများဖြစ်လာလျှင် ထိန်းချုပ်ရခက်ပေလိမ့်မည်။

“ဦးလေးယိုး ကျုပ် ဦးလေးကို တစ်ခုလောက် တောင်းဆိုချင်တယ်။ ငရဲတမန် အုပ်စုတစ်စုကို ဖမ်းပြီး ဒီအိမ်ရာဝင်းထဲမှာ လုံခြုံရေးအစောင့်တွေအဖြစ် ထားပေးပါ။”

တန်ဝမ်ကျဲက ခြောက်ကပ်နေသော အိမ်ရာဝင်းကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

“ဒီနေရာက ကျုပ်တို့ရဲ့ အပြန်အလှန် ကူညီရေးအသင်းရဲ့ အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်။”

သရဲ ပိရမစ်စနစ် စခန်းကို ရွေးချယ်ပြီးချေပြီ။

အချိန်တန်ရင် သူသည် အားဖုန်းနှင့် ရှောင်ပိုင်ကို တခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးမည်ဖြစ်သည်။ ထို့နောက်တွင် ဤအိမ်ရာဝင်းသည် အစစ်အမှန် သရဲ ရဲတိုက်ကြီး ဖြစ်လာပေလိမ့်မည်။

ဒါကတော့ သူနဲ့မဆိုင်ပါဘူး။ ဒီတိုက်က သူ့တိုက်မှ မဟုတ်တာ။

အားကျိုးပင် ငရဲတမန်များကို ကိုင်တွယ်နိုင်သေးလျှင် အာယိုးက မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။ သူ အများကြီး မလိုချင်ပါပေ။ ငရဲတမန်များကို ဒီအိမ်ရာဝင်းထဲ၌ ရက်အနည်းငယ်ခြားတစ်ခါ လမ်းလျှောက်ခိုင်းထားရုံပင်။ ထို ပရိုဂရမ်များမှာ အသိဉာဏ်မရှိသောကြောင့် ဘာမှ ပြဿနာမရှိပါချေ။

“ငါ့မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ အကယ်၍ သူတို့က ရာထူးတွေ အရမ်းမြန်မြန် တိုးလာရင် အမြင့်ဆုံးက ‘ဘော့စ်’ က ဘာလုပ်ရမှာလဲ။”

အာယိုးက မေးလိုက်သည်။

အပေါ်ဆုံးမှာ သရဲတစ်ကောင်ကတော့ အမြဲရှိနေမှာပဲ။ အဲဒါက အောက်ကသရဲတွေ တက်လာဖို့ လမ်းပိတ်မနေဘူးလား။ တက်လမ်းမရှိရင် ဘယ်သရဲမှ အသင်းထဲ ဝင်ချင်မှာ မဟုတ်တော့ဘူးလေ။

“ဒါဆိုရင် အဲ့ဒီဘော့စ်ကို ‘ဘွဲ့နှင်းသဘင်’ ပေးလိုက်ရုံပေါ့။ ဘော့စ် ရာထူးအထိ ရောက်လာပြီဆိုရင် သူတို့မှာ လူပြန်ဖြစ်ဖို့ ကုသိုလ် အလုံအလောက် ရှိနေပြီ။ အကယ်၍ လူမဖြစ်ချင်သေးဘဲ ကုသိုလ်တွေ ထပ်ရှာချင်သေးတယ်ဆိုရင်တော့ သူတို့ကို ကိုယ်ပိုင်အသင်းခွဲတစ်ခု ထောင်ခိုင်းလိုက်မယ်။ ကျုပ်တို့က လမ်းညွှန်မှုတွေတောင် ပေးဦးမှာပါ။ အဲဒီ နှစ်ခုလုံးကို မရွေးချယ်ဘူးဆိုရင်တော့ သူတို့ကို တိတ်တိတ်လေး သတ်ပစ်လိုက်ရုံပေါ့။”

တန်ဝမ်ကျဲက လည်ပင်းကို ဓားနဲ့လှီးမည့် အမူအရာ လုပ်ပြလိုက်၏။ သူက သူတစ်ပါးအပေါ် အမြဲပြတ်သားသူဖြစ်သည်။ မပူးပေါင်းဘူး သို့မဟုတ် ပြဿနာရှာမယ်ဆိုလျှင် သေရုံသာရှိသည်။

အာယိုး တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်၏။ တန်ဝမ်ကျဲ၏ အစီအစဉ်က ဖြစ်နိုင်ခြေ ရှိ၍ မဟုတ်ဘဲ။တန်ဝမ်ကျဲသည် အရင်က တကယ်ပဲ ပိရမစ်စနစ်ထဲမှာ ပါခဲ့ဖူးသလားဟု သူ သံသယဝင်လာသောကြောင့်ပင်။

...

“ဘာလို့ အခုတလော ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်နေသလို ခံစားနေရတာလဲ။”

ဟွမ်ယုံဖားသည် လမ်းလျှောက်နေပြီး သူ့နောက်တွင် ပိုက်အင်္ကျီဝတ်ထားသော အားချုံက တင်ပါးလွှဲယမ်းကာ လိုက်ပါလာခဲ့သည်။

“ငါတို့ဆီမှာ အလုပ်အပ်တဲ့သူ မရှိတာ ကြာပြီ။ ငါတို့ရဲ့ ဗီဒီယိုအကောင့်မှာလည်း အပ်ဒိတ် မတင်ဖြစ်တာ ကြာပြီလေ။”

ဟွမ်ယုံဖားသည် ယင်ယန်မျက်လုံးရှိသူဖြစ်ရာ အရာရာကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

“ဘာလို့လဲဆိုတော့ သရဲတွေ တကယ်နည်းသွားလို့ပဲ။”

ယခင်ကဆိုလျှင် လမ်းကြားလေးများ၊ မှောင်နေသည့် စင်္ကြံများနှင့် ဆေးရုံများတွင် သရဲများမှာ ပခုံးချင်းတိုက်မိလုမတတ် ပြည့်နေခဲ့ခြင်းဖြစ်၏။ သို့သော် အခုတလော ဟိုတစ်စ ဒီတစ်စသာ မြင်ရတော့သည်။ တိုက်ဆိုင်သည်မှာ ကျန်နေသည့်သူများမှာလည်း စကားပြော၍မရသည့် အသိဉာဏ်မဲ့ သရဲများသာဖြစ်နေပြန်သည်။

သူသည် သူငယ်ချင်းဟောင်းအချို့ကို ရှာပြီး မေးကြည့်ချင်သော်လည်း လူ့လောက၌ နောက်ပြောင်တတ်သည့် သရဲလေးများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်ကုန်ကြသည်ကို တွေ့လိုက်ရလေသည်။

“ဟေး နေဦး...။”

ဟွမ်ယုံဖားသည် ရုတ်တရက် တက်ကြွသွားပြီး ရှေ့က မှောင်မဲနေသည့် ထောင့်တစ်နေရာကို ကြည့်လိုက်၏။ ထိုနေရာ၌ ခေါင်းချွန်ချွန်နှင့် ပုံရိပ်တစ်ခု ဖြတ်သွားခဲ့လေသည်။

“ဘာလို့ အဲဒီလောက်တောင် အော်နေတာလဲ။”

ကြွက်သားပု သရဲသည် လန့်သွားသော်လည်း ဟွမ်ယုံဖားမှန်း သိလိုက်ရသောအခါ သူ ထွက်မပြေးတော့ပေ။

ဟွမ်ယုံဖားက အနားသို့ ပြေးသွားလိုက်သည်။

“ဘာလို့ အခုတလော လမ်းပေါ်မှာ သရဲတွေ နည်းသွားတာလဲ။”

“ငါ ငရဲပြည်မှာ ခဏသွားပုန်းနေပြီး အခုမှ ပြန်လာတာ။ ငါက ဘယ်လိုလုပ် သိမှာလဲ။”

ကြွက်သားပု သရဲက လှည့်ထွက်ရန် ပြင်လိုက်သော်လည်း သူ၏ခြေလှမ်းများမှာ ရွှေ့မရချေ။

“ငါ မင်းရဲ့ အဖေကြီးကို အရင်က ကူညီကြည့်ပေးဖူးတယ်လေ။ ဒါက မေးခွန်းလေး တစ်ခုပါပဲ။ အဲ့လောက်အထိ ဒေါသထွက်နေစရာ မလိုပါဘူး။”

ဟွမ်ယုံဖားက သူ့ကို မတားနိုင်သဖြင့် သံယောဇဉ်စကားဖြင့် နားချလိုက်သည်။

“ငါက စတီးရွိုက်ဆေးတွေ ထိုးရင်း သေခဲ့ရတာ။ စိတ်မကြည်တာက သဘာဝပဲ မဟုတ်လား။”

ကြွက်သားပု သရဲ ရပ်လိုက်ပြီး စိတ်ကို လျှော့ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

“ဒါကို မင်းတစ်ယောက်တည်းကိုပဲ ပြောပြတာနော်။ တခြားဘယ်သူ့ကိုမှ မပြောနဲ့။ လူတိုင်းက အပြန်အလှန် ကူညီရေးအသင်းထဲ ရောက်ကုန်ကြပြီ။”

“အပြန်အလှန် ကူညီရေးအသင်းလား။”

ဟွမ်ယုံဖား ပဟေဠိ ဖြစ်သွားခဲ့သည်။

“အေး...ငါကြားတာတော့ သူတို့က ငရဲပြည်က အာဏာပိုင်တွေနဲ့ လျှို့ဝှက် ပူးပေါင်းထားတာတဲ့။ ကုသိုလ်တွေကို တိုက်ရိုက်ရှာလို့ ရတယ်။ ဒါဆိုရင် နောင်ဘဝမှာ လူကောင်းဖြစ်ဖို့ ပိုလွယ်သွားတာပေါ့။”

ကြွက်သားပု သရဲက ခေါင်းကို တရစပ် ငြိမ့်ပြရင်းပြောလိုက်သည်။

“ဒါပေမဲ့ ဝင်ဖို့အတွက် လူတွေ့စစ်ဆေးတာတွေ ရှိတယ်လို့ ကြားတယ်။ တစ်ခါဝင်ပြီးသွားရင်တော့ အားလုံးက မိသားစုဝင်တွေပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်။ ငါလည်း အဲဒီထဲဝင်ဖို့ လမ်းစ ရှာနေတာ။”

ဟွမ်ယုံဖား တစ်စုံတစ်ခုကို မသင်္ကာဖြစ်လာခဲ့သည်။

“တကယ်ပဲ အဲဒီလောက် ကောင်းလို့လား။”

“ကောင်းတာပေါ့။”

ကြွက်သားပု သရဲက အားပါးတရ ခေါင်းငြိမ့်လိုက်၏။

“မင်းရော လိုက်ကြည့်ချင်လား။”

“ကြည့်ရမှာပေါ့။”

ဟွမ်ယုံဖားက မငြင်းပေ။ ထို့နောက် သူ အားချုံကို ပြန်လွှတ်လိုက်သည်။ အားချုံက သာမန်လူဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စများတွင် ဝင်မပါသင့်ပေ။

သရဲအများအပြား ပျောက်ကွယ်သွားခြင်းက ဟွမ်ယုံဖားကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။ သူ ကိုယ်တိုင် သွားကြည့်မှ ဖြစ်တော့မည်။

လူနှင့်သရဲတို့သည် မကြာမီမှာပင် အိမ်ရာဝင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

ဒေါင်လိုက်ထောင်ထားသော ခေါင်းတလားကြီးနှင့် တူသည့် အိမ်ရာဝင်းကြီးအောက်တွင် ရပ်နေရင်း ဟွမ်ယုံဖား မော့ကြည့်လိုက်ရာ သရဲအငွေ့အသက်များမှာ လေထုထဲ၌ ပျံ့နှံ့နေပြီး သရဲထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာတို့သည် ထိုအတွင်း၌ လှည့်လည်သွားလာနေကြသည်ကို မြင်လိုက်ရလေသည်။

“ငရဲတမန်တွေလား။”

ဟွမ်ယုံဖား မျက်လုံးများ ပြူးကျယ်သွား၏။ အိမ်ရာဝင်းအောက်၌ ထီးဆောင်းထားသည့် ငရဲတမန်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပုံမှန်ဆိုလျှင် သူတို့နဲ့တွေ့ရင် သူ အမြဲ ရှောင်သွားတတ်သည်။

“ဒါကြောင့်လည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းထားတာလို့ ပြောတာပေါ့။”

ကြွက်သားပု သရဲက ဂုဏ်ယူစွာ ပြောလိုက်သည်။

ကြွက်သားပု သရဲ၏ တုံ့ပြန်မှုက ဟွမ်ယုံဖားကို ပို၍ပင် သံသယဝင်သွားစေသည်။

ဒီသရဲပုလေးက ဒီကို မရောက်ဖူးတဲ့ ပုံစံမျိုး မဟုတ်ဘူး...။ ထားလိုက်ပါတော့...ဝင်ကြည့်ကြတာပေါ့။

အိမ်ရာဝင်းအောက်၌ လူတစ်ယောက် ကောက်ညှင်းကြော် နေခဲ့၏။ သူက ဟွမ်ယုံဖားကို မြင်သောအခါ စကားမပြောဘဲ “လူရှင်လား။” ဟုသာ တိုးတိုးလေး မေးလာခဲ့သည်။

ဟွမ်ယုံဖား ခေါင်ငြိမ့်ပြလိုက်ပြီး သရဲနောက်သို့ လိုက်သွားကာ အိမ်ရာဝင်းထဲ ဝင်ရောက်လာခဲ့သည်။

ထိုလူက သူသည် လူရှင်ဖြစ်ကြောင်း သိနိုင်သလို ဟွမ်ယုံဖားကလည်း ထိုလူသည် သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။ ကမ္ဘာပေါ်တွင် နတ်ဆရာများ၊ သရဲဖမ်းသမားများ အများကြီးရှိပြီး ဤအရာမှာ အထူးအဆန်း မဟုတ်ပါချေ။

အိမ်ရာဝင်းထဲသို့ ခြေချလိုက်သည်နှင့် ဟွမ်ယုံဖားသည် ငရဲပြည်ထဲ ရောက်သွားသကဲ့သို့ ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရ၏။

အိမ်ရာဝင်းတစ်ခုလုံးက သရဲနယ်မြေနှင့်ပင် ဆင်တူနေခဲ့သည်။ သရဲအမြောက်အမြား လွင့်မျောနေကြသော်လည်း ထူးခြားသည်မှာ မျက်မှန်တပ်ထားသော သရဲအချို့က ကျောက်သင်ပုန်းပေါ်မှာ စာရေးပြီး စာသင်နေကြခြင်း ဖြစ်သည်။ ထူးထူးဆန်းဆန်း သေဆုံးခဲ့ကြသည့် သရဲများသည် မူလတန်းကျောင်းသားလေးများလို အေးအေးဆေးဆေး ထိုင်ပြီး စာနားထောင်နေကြ၏။

သရဲတစ်ကောင်ချင်းစီ၏ စွမ်းအားက မကြီးမားလှပေ။ ယမ်းတစ်ထုပ် သို့မဟုတ် ကြက်ဖအနည်းငယ်နှင့်တင် သူတို့အများစုကို ခြောက်လှန့်နိုင်ပေသည်။ သို့သော် အိမ်ရာဝင်းတစ်ခုလုံးက သရဲများ အားလုံးကို ပေါင်းလိုက်လျှင်မူ အရေအတွက်က တကယ်ကို ကြောက်စရာ ကောင်းလှသည်။

“အတူတူ ဝင်နားထောင်မလား။”

ကြွက်သားပု သရဲက ရုတ်တရက် အကြံပေးလိုက်၏။

“ရတာပဲ။”

ရောက်ပင်ရောက်လာခဲ့ပြီမို့ ဟွမ်ယုံဖားလည်း နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူတို့ တံခါးတစ်ခုကို တွန်းဖွင့်လိုက်ကြသည်။ အတွင်းတွင် မျက်မှန်တပ်ထားပြီး ယူနီဖောင်းဝတ်ထားသည့် သရဲမတစ်ကောင် ထိုင်နေ၏။ သူမက ဟွမ်ယုံဖားကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီးနောက် ကြွက်သားပုသရဲကို ကြည့်လိုက်သည်။ သရဲနှစ်ကောင် အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီးနောက် သရဲမက ရှေ့ကို တက်လာခဲ့သည်။

“မင်္ဂလာပါ။ ရှင်က ကျွန်မတို့ အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်မလို့လား။”

“မဝင်ပါဘူး။ ကျုပ်က လာနားထောင်ရုံပါပဲ။”

ယခုချိန်တွင်မူ ကြွက်သားပု သရဲသည် ဤအသင်းထဲ ဝင်ပြီးသား ဖြစ်လိမ့်မည်ဟု ဟွမ်ယုံဖား ခန့်မှန်းမိလိုက်လေသည်။

နားထောင်ကြည့်တာက အဆင်ပြေပါသည်။ အကယ်၍ ပြဿနာတစ်ခုခု ရှိနေလျှင် ကြွက်သားပု သရဲကို သူ အတင်းခေါ်ထုတ်သွားမည်ဖြစ်သည်။ လိမ်လည်ခံရတာထက်စာလျှင် သာမန်သရဲပဲ လုပ်နေခြင်းက ပိုကောင်းပါသည်။ မည်သည့်အချိန်၌ ဝိညာဉ် လွင့်စင်သွားမလဲဆိုတိုသည်ကို မည်သူမှ မသိနိုင်ချေ။

သရဲမက ဟွမ်ယုံဖား၏ အမူအရာကို ဂရုမစိုက်ဘဲ နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

“ရပါတယ် အေးအေးဆေးဆေး စကားပြောကြတာပေါ့။”

နောက်ထပ် တစ်နာရီကြာ စကားပြောဆိုမှုအတွင်း ဟွမ်ယုံဖားသည် စကားတစ်ခွန်းမှ မပြောသလောက်ပင်။ သူက လူကြောက်တတ်ပြီး စကားနည်းသူဖြစ်သဖြင့် ခေါင်းငြိမ့်ရုံသာ လုပ်နေခဲ့သည်။

သရဲမကတော့ စကားတွေ အများကြီး ပြောနေခဲ့လေသည်။

“ဒီပရောဂျက်က ငရဲပြည် အာဏာပိုင်တွေရဲ့ လျှို့ဝှက် စီမံကိန်းဖြစ်ကြောင်း”၊ “အဆင့် ၅ ဆင့် ပါတဲ့ စနစ်ကို သုံးကြောင်း” နှင့် “အနာဂတ်က အလွန်တောက်ပကြောင်း” စသဖြင့် ပြောသော်လည်း အချို့အချက်အလက်များမှာမူ ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။

“သူက မင်းရဲ့ သူငယ်ချင်းဆိုတော့ မစ္စတာဟွမ်ကို ပတ်ပြဖို့က မင်းရဲ့ တာဝန်ပဲနော်။”

သရဲမက ထိုသို့ပြောပြီးနောက် ထွက်သွားခဲ့လေသည်။

“ဒါက ဘာလို့ ပိရမစ်စနစ်နဲ့ တူနေတာလဲ။”

ဟွမ်ယုံဖား နောက်ဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်မိသည်။ ကြွက်သားပု သရဲက အားပါးတရ ရယ်မောလိုက်၏။

“ဒါက ဘယ်လိုလုပ်ပြီး ပိရမစ်စနစ် ဖြစ်ရမှာလဲ။ အဲဒါက လူတွေ လိမ်စားတဲ့ နည်းလမ်းလေ။ ငါတို့ သရဲတွေက ပိုက်ဆံမှ မလိုတာ။ အိမ်ရာဝင်းအောက်က ငရဲတမန်တွေကို မင်းမတွေ့ဘူးလား။ လူတိုင်းက ကုသိုလ်တွေကို တကယ်ရနိုင်တယ်။ ငါ နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားလိုက်ရင် လူပြန်ဖြစ်လို့ ရပြီ။”

ထိုသို့ပြောပြီးမှ သူ စကားမှားသွားမှန်း သတိရသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဟွမ်ယုံဖားက သိပ်ဂရုစိုက်ပုံမရပေ။

နောက်ရက်အနည်းငယ်အတွင်းမှာတော့ ဟွမ်ယုံဖားသည် သူ အားတိုင်း ဤအိမ်ရာဝင်းသို့ ရောက်လာလေ့ရှိသည်။ သူသည် စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သော်လည်း ထိုအချိန်အတွင်းမှာပင် အဆင့်မြင့် သရဲကြီးများက သူ့ကို လာရောက် စကားပြောခြင်း၊ အစည်းအဝေးလုပ်ခြင်းနှင့် ကုသိုလ်ရရှိမှုအကြောင်းတွေကို အမြဲ ပြောပြလေ့ရှိသည်။

ဟွမ်ယုံဖားသည် ကျန်းရွှယ် လူပြန်ဖြစ်နိုင်ရန်အတွက် ကုသိုလ်ရယူရန်သာ အာရုံစိုက်နေသူ ဖြစ်သည်။

“ဘယ်လိုဝင်ရမလဲ။”

ငါးရက်အကြာတွင် ဟွမ်ယုံဖားသည် နောက်ဆုံး၌ မအောင့်နိုင်တော့ဘဲ မေးလိုက်တော့လေသည်။

သူသည် လုပ်ငန်းလည်ပတ်ပုံ တစ်ခုလုံးကို နားလည်သွားပြီ ဖြစ်သည်။ ဒါက သိပ်ပြီး တရားဝင်ပုံ မပေါက်သော်လည်း ကုသိုလ်ရရှိသည့် နှုန်းကတော့ တစ်ယောက်တည်း လုပ်တာထက် အဆပေါင်းများစွာ ပိုမြန်ပေသည်။ သူသာ ရာထူးတိုးအောင် လုပ်နိုင်လျှင် အကျိုးအမြတ်များ ပိုမိုရရှိပေလိမ့်မည်။ ကုသိုလ်များ အများကြီး ရသွားလျှင် ကျန်းရွှယ်က နောင်ဘဝမှာ လူကောင်းဖြစ်နိုင်ရုံတင်မကဘဲ သူတို့နှစ်ယောက် ပြန်ဆုံစည်းနိုင်ရန်ပင် အခွင့်အရေး ရှိလာနိုင်သည် မဟုတ်လား။

ကြွက်သားပု သရဲမှာတော့ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ သူအဖော်လုပ်ပေးခဲ့ရသည့် အချိန်များက အလကား မဖြစ်ခဲ့ချေ။

“ဒါက လွယ်လွယ်လေးပါ။ မင်းက ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကုသိုလ်အချို့ ပေးရမယ်။ ငါတို့အသင်း လည်ပတ်ဖို့အတွက် အရင်းအနှီး လိုအပ်သလို အာဏာပိုင်တွေကိုလည်း အခွန်ပေးရတာ ရှိတယ်လေ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်းက တခြားသရဲတွေကို ဆက်ပြီး စုဆောင်းနိုင်သရွေ့ သူတို့ဆီကနေ ကော်မရှင် ပြန်ရမှာပါ။”

ဟွမ်ယုံဖားက မေးလိုက်သည်။

“မင်း ငါ့ကို စုဆောင်းလိုက်ရင်လည်း မင်း ကော်မရှင် ရမှာလား။”

“အစ်ကိုကြီးရယ်...မင်းသာ အဖွဲ့ခေါင်းဆောင်၊ ဒါရိုက်တာ၊ မန်နေဂျာ ဒါမှမဟုတ် ဘော့စ် ဖြစ်သွားရင် အောက်ကရတဲ့ ကုသိုလ်တွေနဲ့တင် လက်တွေ ညောင်းသွားလိမ့်မယ်။”

ကြွက်သားပု သရဲက ခြေဖျားထောက်ပြီး ဟွမ်ယုံဖား၏ ပုခုံးကို ပုတ်လိုက်သည်။

“အသင်းကနေ ကြိုဆိုပါတယ်။ ငါ နောက်ထပ် သရဲ နှစ်ကောင်ပဲ လိုတော့တယ်။ ဒါဆိုရင် အဖွဲ့ခေါင်းဆောင် ဖြစ်ပြီ။”

ဟွမ်ယုံဖားတွင် စုဆောင်းထားသော ကုသိုလ်များစွာ ရှိသော်လည်း ၎င်းတို့ကို သူ မထုတ်ချင်ပေ။ ၎င်းတို့မှာ ကျန်းရွှယ် လူပြန်ဖြစ်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် သူသည် အလုပ်ကိုသာ အပြင်းအထန် လုပ်ပြီး ကုသိုလ်ရှာရန် ဆုံးဖြတ်လိုက်၏။

ဟွမ်ယုံဖား အပြန်အလှန် ကူညီရေးအသင်းထဲ အမှန်တကယ် ဝင်သွားပြီဖြစ်ကြောင်း တန်ဝမ်ကျဲ သိလိုက်ရသောအခါ သူ၏ မျက်နှာပေးမှာ ထူးဆန်းသွားခဲ့သည်။

ဟွမ်ယုံဖား တစ်ယောက်တည်း မဟုတ်ဘဲ သရဲ အပြန်အလှန် ကူညီရေးအသင်း၏ ကြီးထွားမှုနှုန်းမှာ တန်ဝမ်ကျဲ ထင်ထားသည်ထက်ပင် ပိုမြန်နေခဲ့သည်။ အလိမ်ခံချင်သည့်သူများမှာ (သရဲတွေက) အလွန်များပြားလွန်းလှသဖြင့် သူပင် လိုက်ပြီး မလိမ်နိုင်တော့လောက်အောင် ဖြစ်နေခဲ့ရသည်။

သို့သော်လည်း ဤအရာကို လိမ်သည်ဟုတော့ ခေါ်၍မရချေ။ လူတိုင်းက ကုသိုလ်တွေကို အမှန်တကယ် ရနေကြတာပဲ မဟုတ်လား။

လမ်းသရဲလို ဖြစ်နေသည့် သရဲများကို အလုပ်လုပ်ခိုင်းခြင်းက အမှိုက်ကို ပြန်လည်အသုံးချခြင်းနှင့် တူသလို သူတို့ လူ့လောက၌ ပြဿနာ မရှာတော့အောင်လည်း တားဆီးပေးရာ ရောက်ပေသည်။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။ ကုသိုလ်ရှာရသည့်လုပ်ငန်းစဉ်က နည်းနည်း ပင်ပန်းသော်လည်း နွားလို ၊မြင်းလို လုပ်ရကျိုး နပ်ပါသည်။ အဆင့်မြင့်သွားရင် “ပိုက်ဆံ ထိုင်ရေရမယ်” ဆိုသည်ကို တွေးမိလျှင်ပင် သူတို့မှာ တက်ကြွမှုများ ပြန်ပြည့်လာမှာ မဟုတ်ပါလား။

တက်ကြွမှု မရှိလျှင် သင်တန်းတက်ပြီး စိတ်ဓာတ်မြှင့်တင်၍ ရသေးသည်။ ထွက်ပြေးချင်လျှင်တော့ အချုပ်ထဲ ထည့်ထားလိုက်ရုံပင်။ အတိုချုပ်ပြောရလျှင် အပြန်အလှန် ကူညီရေးအသင်းက အောင်မြင်နေပါသည်။

အချို့ သရဲအိုကြီးများသည်မူ ကုသိုလ်ရပြီးသည်နှင့် လူပြန်ဖြစ်ရန် ထွက်သွားကြသလို အချို့ကတော့ ကုသိုလ်ရှာရသည်ကို စွဲလမ်းသွားပြီး ပိုရချင်ကြသေးသည်။

နေ့တစ်ဝက်အတွင်းမှာတင် ‘ဘော့စ်’ ၅ ယောက်တောင် ဘွဲ့ရသွားခဲ့ပြီး နေ့တိုင်း သရဲအသစ်များ အများကြီး ထပ်ဝင်လာနေ၏။

ပထမဆုံး ‘ဘော့စ်’ အနေဖြင့် တန်ဝမ်ကျဲ၏ ကော်မရှင် ရာခိုင်နှုန်းက မများသော်လည်း သူ ရရှိထားသည့် ပမာဏကတော့ အလွန်များပြားလှပေသည်။ အောက်ခြေရှိ သရဲများဆီက ရင်းနှီးမြှုပ်နှံမှုများ အားလုံးက သူ့ဆီကို ရောက်လာရသည် မဟုတ်ပါလား။

ဤကမ္ဘာ၌ ကုသိုလ်ကို စိတ်ကြိုက် လွှဲပြောင်းပေး၍ ရပေသည်။ ထိုကုသိုလ်များကို မှော်ဝင်ငွေအဖြစ် ပြောင်းလိုက်လျှင် အကြမ်းဖျင်းအားဖြင့် နှစ်သောင်း သို့မဟုတ် သုံးသောင်းခန့် ရှိမည်ဖြစ်သည်။

သူ တစ်ယောက်တည်းတင် မဟုတ်ဘဲ အာယိုးသည်လည်း အသင်းထဲ ခပ်တည်တည်နှင့် ဝင်ထားသဖြင့် ကုသိုလ်တွေ အများကြီး ရရှိကာ သူ၏ သက်တမ်းကို သိသိသာသာ တိုးစေခဲ့သည်။ သူသည် နေ့တိုင်း ကောက်ညှင်းကြော်ကို အားပါးတရ ကြော်နေသလို တန်ဝမ်ကျဲက သူ့မီးခြစ်ကို ယူသွားလျှင်ပင် ဒေါသ မထွက်တော့ပေ။

သာမန်လူများ၏ မျက်လုံးထဲတွင်မူ သူတို့၏ ဘဝမှာ ပုံမှန်အတိုင်းပါပင်။ သို့သော် သူတို့ ကြုံတွေ့နေကျ ထူးဆန်းသည့် ဖြစ်ရပ်များမှာမူ နည်းပါးသွားခဲ့သည်။ ဘဝက ရုတ်တရက် ပိုပြီး ချောမွေ့လာသလို ခံစားရပြီး နေရောင်ခြည်ကလည်း ပိုပြီးတောက်ပလာခဲ့သည်။

လူ့လောက၌ လွင့်မျောနေသည့် သရဲများမှာမူ ကွဲပြား၏။ ၎င်းတို့၏ တက်ကြွမှုမှာမူ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သည်။

ဒါက လူပြန်ဖြစ်ဖို့ အခွင့်အရေးလေ။ ဘယ်သူက မလိုနေမှာလဲနေမှာလဲ။

အထူးသဖြင့် အသင်းထဲ မဝင်ရသေးဘဲ အောင်မြင်မှု ဒဿန သင်တန်းများကို လာရောက်နားထောင်နေသည့် လေလွင့်သရဲများဆိုလျှင် ပို၍ပင် စိတ်လှုပ်ရှားနေကြသေးသည်။

“ကျွန်တော်လည်း အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်ချင်တယ်။”

“ကျွန်မတို့လည်း အပြန်အလှန် ကူညီရေးအသင်းထဲ ဝင်ချင်ပါတယ်။”

All Chapters