လျှို့ဝှက်နယ်မြေ ယာယီဝင်ခွင့်လက်မှတ် × ၁
Vol. 5 Ch. 49
ကျန်းရွှယ်က သူ့ကို ရုတ်တရက် လာရှာလိမ့်မည်ဟု တန်ဝမ်ကျဲ မထင်ထားခဲ့ပေ။
“ဘာလို့ အားဖားကို အဲဒီအပြန်အလှန်ကူညီရေးအသင်းထဲ ပေးဝင်လိုက်တာလဲ။”
ကျန်းရွှယ်က သူ့ကို အရင်စစ်မေးလိုက်သော်လည်း သူမ၏လေသံမှာ အနည်းငယ် ပျော့ပျောင်းနေခဲ့သည်။ သူမ၏ ချစ်စရာကောင်းသော မျက်လုံးအစုံမှာ ကြောက်စရာမကောင်းဘဲ သူမ၏အသံမှာ ဂျီကျနေသည့်ပုံစံမျိုးသာ ပေါက်နေခဲ့လေသည်။
တန်ဝမ်ကျဲက သူမကို ချက်ချင်းနှစ်သိမ့်လိုက်သည်။
“အပြန်အလှန်ကူညီရေးအသင်းကို ဘယ်သူမဆို ဝင်ခွင့်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမငယ်ပါနဲ့။ ဟွမ်ယုံဖားရဲ့ စရိုက်က ထုံထုံအအနဲ့ လူကြောက်တတ်ပြီး သူငယ်ချင်းဖွဲ့ရတာ မကြိုက်ပေမဲ့ ည ၈ နာရီဆို အင်တာနက်ဆိုင်မှာ ဂိမ်းထိုင်ဆော့နေမယ့် မျက်နှာပေါက်မျိုး ရှိပေမဲ့လည်း သူက အခွင့်အရေးတစ်ခုတော့ ရသင့်ပါတယ်။ ခင်ဗျား ကျုပ်ကို လာကျေးဇူးတင်နေဖို့ မလိုပါဘူး။”
ကျန်းရွှယ်က လက်သီးကို တင်းတင်းဆုပ်ပြီး အော်ဟစ်လိုက်၏။
“အဲဒါကို ပြောတာမဟုတ်ဘူး။ သူ ဒီလိုအန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်နေတာကို ကျွန်မ မမြင်ချင်တာ။ ရှင်က ဘာလို့ သူ့ကို လွှတ်လိုက်ရတာလဲ။”
“ဪ... အဲဒါကို ပြောတာလား။ ခင်ဗျားက သူ့ကို အနောက်ပေါက်ကနေ သွင်းပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကြက်ဥနှစ်ပိဿာလောက် ယူလာပြီး ကျေးဇူးလာတင်တာမှတ်လို့။ သူက ခင်ဗျား လူပြန်ဖြစ်ဖို့ အချိန်စောအောင်လို့ လုပ်နေတာလေ။ သူ ခင်ဗျားကို မပြောပြဘူးလား။”
တန်ဝမ်ကျဲက မေးလိုက်သည်။
သူက အပြန်အလှန်ကူညီရေးအသင်းကို တည်ထောင်ခဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိသည့် လူကောင်းတစ်ယောက်လို့ ခံယူထားသူလည်းဖြစ်သည်။
ကျန်းရွှယ် ဆွံ့အသွားပြီး သူမ၏ရေစိုနေသော ဆံပင်များ ဝေ့ယမ်းသွားအောင် ခေါင်းခါပြသည်။
“မပြောပြဘူး... ဒါပေမဲ့ သူ ကျွန်မအတွက် ကုသိုလ်တွေ ရှာပေးနေတာကိုတော့ ကျွန်မ အမြဲသိပါတယ်။”
“ဟုတ်တယ်...ခင်ဗျားကလည်း ခင်ဗျားရဲ့ သက်တမ်းကို သုံးပြီး သူ့အသက်ကို ဆွဲပေးထားတာပဲလေ။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သည်။
ဒီလူနဲ့ သရဲအတွဲက ကုသိုလ်နဲ့ သက်တမ်းကို အဆန်းတထွင် ကစားနေကြတာ အကြွေးဝယ်ကတ်ကနေ ပိုက်ဆံထုတ်သုံးနေသလိုမျိုးပဲ။
ဟွမ်ယုံဖားသည် သရဲများနှင့် ခဏခဏ ထိတွေ့နေရသောကြောင့် အသက်တိုလာလျှင် ကျန်းရွှယ်က သူမ၏ နောင်ဘဝသက်တမ်းကို ယူပြီး သူ့အသက်ကို ဆွဲပေး၏။ ထိုသို့လိုလုပ်၍ ကျန်းရွှယ်၏ သက်တမ်း ကုန်သွားပြန်တော့ ဟွမ်ယုံဖားက ကုသိုလ်ရှာပြီး ပြန်လျော်ပေးပေသည်။ ထိုအရာက အပေါက်တစ်ခုပိတ်ရန် နောက်အပေါက်တစ်ခုက နှိုက်နေရသလိုမျိုး တောင့်ခံနေကြခြင်းပင်။ အကယ်၍ ဟွမ်ယုံဖားသာ ယင်ယန် မျက်လုံးမရှိခဲ့ရင် ဤကစားပွဲက တစ်ခါလောက် အကြွေးတင်တာနဲ့တင် နှစ်ယောက်လုံး ပွဲသိမ်းသွားမှာ သေချာပေသည်။
တန်ဝမ်ကျဲအနေဖြင့် နတ်ဆိုးအပြန်အလှန်ကူညီရေးအသင်းကို စဉ်းစားမိရခြင်းမှာလည်း ဤအတွဲက သူ့အတွက် စိတ်ကူးစိတ်သန်းပေးခဲ့သောကြောင့်ဖြစ်သည်။ လည်ပတ်ရ လွယ်ကူပြီး ဝန်ဆောင်ခလည်း ပေးစရာမလိုချေ။ အကယ်၍ သူသာ ကမ္ဘာကြီးကို ကယ်တင်ရင်းနှင့် အကျိုးအမြတ်ရမည့် ပိရမစ်စနစ်တစ်ခုကို မထောင်ခဲ့ဘူးဆိုလျှင် မျိုးဆက်သစ် တန်သူဌေးကြီးဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် မထိုက်တန်တော့ဘူး မဟုတ်ပါလား။
“ဟွမ်ယုံဖားရဲ့ စရိုက်ကို ခင်ဗျားလည်းသိသားပဲ။ သူက အရမ်းခေါင်းမာတယ်။ ခင်ဗျား ထွက်သွားပြီးရင် သူ့အသက်ကို ဘယ်သူမှ ဆွဲထားပေးမှာ မဟုတ်တော့ဘူး။ အဲဒီအခါကျရင် သူ ပိုပြီး အသေစောသွားလိမ့်မယ်။ အပြန်အလှန်ကူညီရေးအသင်းထဲ ဝင်ထားတာကတော့ တစ်မျိုးပေါ့။ သူ နောက်ထပ် အနှစ် ၅၀ လောက် ထပ်နေရနိုင်ပြီး ခင်ဗျား လူပြန်ဖြစ်လို့ ကြီးလာတဲ့အခါ ကျန်ရှိနေတဲ့ သံယောဇဉ်ကို ဆက်ထိမ်းထားလို့ရတာပေါ့။”
“သံယောဇဉ်ကို ဆက်ရမယ်ဟုတ်လား။”
ကျန်းရွှယ်က ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွား၏။
တကယ်ပဲ... အချစ်ရူးတွေက ကြောက်စရာကောင်းလိုက်တာ။ အချစ်ကြောင့် သေခဲ့ပြီး သေပြီးတော့လည်း အချစ်ရူးကျွမ်းကျင်သူ ဖြစ်နေရသေးတယ်။
ကျန်းရွှယ် လူပြန်ဖြစ်ပြီး လူလားမြောက်လာသည့်အချိန်ဆိုလျဖျင် ဟွမ်ယုံဖားသည် အသက် ၅၀ ကျော် ၆၀ ထဲ ရောက်နေပြီဖြစ်၏။ ဒါက အချစ်ကို ရှာတာလား၊ အဖေကြီးကို ရှာတာလားပင် မသဲကွဲတော့ပေ။
တန်ဝမ်ကျဲက အချစ်ရူးရောဂါဆိုသည်ကို တံတွေးကတစ်ဆင့် ကူးစက်မှာစိုး၍ သူမနှင့် ခပ်ဝေးဝေးကို ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်လိုက်သည်။
“ခင်ဗျား လူပြန်ဖြစ်တော့မယ်ဆိုတာ သူ့ကို မပြောရသေးဘူးလား။”
“မပြောရသေးဘူး...”
“ဘာကို လူပြန်ဖြစ်တာလဲ။”
ဟွမ်ယုံဖား၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အပြန်အလှန်ကူညီရေးအသင်းမှာ အလုပ်ပြီး၍ ပြန်ရောက်လာသည့် ဟွမ်ယုံဖားသည်... တန်ဝမ်ကျဲနှင့် ကျန်းရွှယ်တို့ စကားပြောနေသည်ကို မြင်လိုက်ရ၏။ လူနှင့်သရဲ ဘယ်လိုပတ်သက်နေသလဲဆိုသည်ကို သူနားမလည်သော်လည်း တန်ဝမ်ကျဲက အပြန်အလှန်ကူညီရေးအသင်းကို တည်ထောင်ခဲ့သည့် သရဲဖမ်းသမားဆိုတော့ကာ သရဲများနှင့် ထိတွေ့နေရသည်က သဘာဝကျသည်ဟုသာ သူ တွေးလိုက်သည်။
တန်သူဌေးကြီးအနေဖြင့်လည်း သူ့မှာ ကိုယ်ပိုင်ဗျူဟာရှိပေသည်။ အမိဖမ်းခံရမည်ကို သူ ဘယ်တော့မှ မကြောက်ပေ။
သို့သော် ဟွမ်ယုံဖားက သူတို့၏ ဆက်ဆံရေးကို လုံးဝသံသယမဝင်ဘဲ ကျန်းရွှယ်ကိုသာ လူပြန်ဖြစ်မည့်ကိစ္စအတွက် အတင်းမေးမြန်းနေတော့သည်။
“တကယ်လား။ ခင်ဗျား တကယ်ပဲ လူပြန်ဖြစ်တော့မှာလား။”
ဟွမ်ယုံဖား အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။
အချင်းချင်း ပူးကပ်နေသော လူနှင့်သရဲကို ကြည့်ရင်း တန်ဝမ်ကျဲ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး ပေါ်လာခဲ့သည်။
“စစ်မှန်သောအချစ်၏ စစ်သည်တော်”
ဒါက မကောင်းဘူး။ ငါ့ရဲ့ “နွားအို” စရိုက်နဲ့ လုံးဝကို မကိုက်ညီဘူး။
ဤကဲ့သို့ အချစ်နံ့တွေ နံစော်နေသည့် နေရာတွင် သူ ကြာကြာမနေချင်တော့သဖြင့် ထိုအတွဲကို ထားရစ်ခဲ့ကာ အမြန်ထွက်လာခဲ့သည်။
ဘီး... ဘီး...
သူ၏ဖုန်း တုန်ခါလာခဲ့သည်။
“ကျွန်မတို့ အရမ်းကို ရက်စက်တဲ့ နတ်ဆိုးတစ်ကောင်နဲ့ တွေ့နေရပြီ။”
ဖုန်းထဲကထွက်ပေါ်လာသော ဇီနင်၏ အသံမှာ တင်းမာနေခဲ့သည်။
[တာဝန်: နတ်ဆိုးကို နှင်ထုတ်ပါ - ရက်စက်သော နတ်ဆိုးအစ်ကိုဟေးကို ဖြေရှင်းပါ သို့မဟုတ် ဖယ်ရှားပါ။ ဆုလာဘ်- လျှို့ဝှက်နယ်မြေ ယာယီဝင်ခွင့်လက်မှတ် ×၁]
တန်ဝမ်ကျဲ မျက်လုံးများ တောက်ပသွားခဲ့သည်။ ဤကဲ့သို့ ကောင်းသည့်အရာမျိုး ကြုံရလိမ့်မည်ဟာ သူ မထင်ထားခဲ့ဘူး။
“မြန်မြန်ပြောပါါဦး။”
ဇီနင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို အမြန်ပြောပြလာခဲ့သည်။ တန်ဝမ်ကျဲက သရဲဖမ်းသမားဖြစ်ကြောင်း သူမ ရေးခဲ့သည့် သတင်းက အလွန်ပေါက်သွားသဖြင့် သူမသည် နတ်ဆိုးနှင်ထုတ်သူ ပညာရှင်များကို အင်တာဗျူးသည့် သတင်းများအား ဆက်တိုက် ပြုလုပ်ခဲ့သည်။
ယခင်ကဆိုလျှင် သူမသည် နတ်ဆရာများ၊ ပညာရှင်များဆီက အင်တာဗျူးရရန် မလွယ်ကူခဲ့သော်လည်း ယခုတော့ သူမ၏ သီးသန့်အင်တာဗျူးအတွက် သူတို့က တန်းစီနေကြပြီဖြစ်သည်။ ဇီနင်၏ အလုပ်က ပိုပိုပြီး အောင်မြင်လာခဲ့သော်လည်း သူမ အင်တာဗျူးခဲ့သည့် ပညာရှင်အတော်များများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်။ သူတို့အားလုံးသည် အိမ်ထဲ၌ မီးလောင်ထားသည့် မီးသွေးတုံးများလို ဖြစ်နေသော်လည်း ပတ်ဝန်းကျင်မှာမူ မီးလောင်သည့်လက္ခဏာများ လုံးဝမရှိပါချေ။
ယခု ထိုသရဲသည် ဇီနင်က သရဲဖမ်းသမား အဆက်အသွယ်ရှိမှန်း သိသွားသဖြင့် သူ့ကို ဇီနင်ကတစ်ဆင့် ဆက်သွယ်ခိုင်းပြီး “ပညာချင်း ဖလှယ်ချင်တယ်” ဟု ပြောလာခဲ့ခြင်းဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်ဇီနင်က ထိုအချိန်က စီချွမ်းကလာတဲ့ ပညာရှင် နင့်ရန့်ကို အင်တာဗျူးနေခြင်းဖြစ်သောကြောင့် နှစ်ဖက်လုံးက ပညာချင်း ပြိုင်လိုက်ကြသေးသည်။ ပညာရှင် နင့်ရန့်သည် ချက်ချင်းပင် အသတ်ခံလိုက်ရပြီး ယခုတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“မောက်မာလှချည်လား။”
တန်ဝမ်ကျဲ ဤသို့ တောင်းဆိုချက်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် နတ်ဆိုးများသည် သရဲဖမ်းသမားများကို ရှောင်တတ်ကြသော်လည်း ဤတစ်ကောင်သည်မူ ကိုယ်တိုင် လာရှာနေခြင်း ဖြစ်သည်။
“သူ ဘယ်မှာလဲ။”
“ကျွန်မ တည်နေရာ ပို့ပေးလိုက်မယ်။ ရှင် ဘယ်တော့ လောက်ရောက်မလဲ။”
“အင်း... အကြမ်းဖျင်းအားဖြင့်... နှစ်နာရီလောက် စောင့်ဦး။”
“နှစ်နာရီလား။”
ဇီနင် ထိတ်လန့်သွား၏။
“ဒီထက် မြန်မြန် မလာနိုင်ဘူးလား။”
တန်ဝမ်ကျဲ ဖုန်းချလိုက်သည်။
သေချာပေါက် မရဘူးပေါ့။
သူ့ကို သိသည့်သူတွေဆိုလျှင် သူသည် အလုပ်တစ်ခုလုပ်ရင် အလွန်တည်တည်ငြိမ်ငြိမ်နှင့် စနစ်တကျ လုပ်တတ်မှန်း သိကြမည်ဖြစ်သည်။
“တော်သေးတာပေါ့ ငါ ကြိုပြင်ထားလို့။”
တန်ဝမ်ကျဲ ဖုန်းနံပါတ်တစ်ခုကို အမြန်နှိပ်လိုက်၏။
ဖုန်းဝင်သွားသော်လည်း တစ်ဖက်မှ ထွက်လာသည့် အသံများမှာ စည်းချက်ဝါးချက်နှင့် အတက်အကျရှိပြီး အလွန်မြိုင်ဆိုင်နေကာ ရံဖန်ရံခါတွင် “ဖာ့ခ်” ဟူသည့် အော်သံများလည်း ကြားနေရလေသည်။
“ဦးလေးယိုး ခင်ဗျား ကျုပ်ရဲ့ အပြာကားတွေကို ခိုးကြည့်နေတာလား။”
“မင်းက လူမည်းမလေးတွေတောင် ကြည့်တာလား။ မင်းရဲ့ အကြိုက်ကတော့ တကယ်ကြမ်းတာပဲ။”
“အဲ့ဒါက ကျုပ်သူငယ်ချင်းရဲ့ပစ္စည်းပါ။ ကျုပ်က ခေတ္တထိန်းပေးထားရုံပဲ။”
တန်ဝမ်ကျဲ စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ ဤခန္ဓာကိုယ်၏ မူလအမှတ်သညာက သူ၏ပုံရိပ်ကို အမှန်တကယ် ဖျက်ဆီးနေခဲ့ချေပြီ။
သူက သိက္ခာရှိပြီး ဖြူစင်တဲ့သူပါ ဟုတ်ပြီလား။
“ကိစ္စ ရှိလို့လား။”
အာယိုးက ပျင်းရိစွာ မေးလိုက်သည်။
“နတ်ဆိုးဖမ်းမလို့။ ကျုပ် တည်နေရာ ပို့ပေးမယ်။”
အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ တန်ဝမ်ကျဲသည် ဇီနင်ပို့ထားသည့် လိပ်စာအတိုင်း တက္ကစီနှင့် သွားလိုက်သည်။
လူတစ်ယောက်ကို ကယ်တင်သည့်နေရာမှာ အကြီးမားဆုံး တားမြစ်ချက်က တစ်ယောက်တည်း သွားခြင်းဖြစ်ပြီး ထို့ထက် ပိုဆိုးသည်က ကြိုတင်ပြင်ဆင်မှု မရှိခြင်းပင် ဖြစ်သည်။ ကံကောင်းသည်က ကြက်သွေး၊ ကြိုးနီ သို့မဟုတ် ခွေးနက်သွေး စသည့်အရာများကို သူက ဤအတောအတွင်း ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ရောက်သွားသည့် နေရာမှာမူ ဟောပြောပွဲများ လုပ်လေ့ရှိသည့် ခန်းမကြီးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်၌ ကြော်ငြာပိုစတာများ အများအပြား ကပ်ထားသည်။
“ရက်စက်တဲ့ နတ်ဆိုးတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်သူ၊ ပြည်တွင်းပြည်ပ ကျော်ကြားသူ” စသည့် ပိုစတာများကို နေရာအနှံ့မှာ တွေ့နေရလေသည်။
“စီချွမ်းက ပညာရှင်ကြီး နင့်ရန့်လား။”
အာယိုးလည်း ရောက်ရှိလာခဲ့သည်။
“ဘာလို့ ‘စီချွမ်း’ လို့ ထည့်ထားတာလဲ။”
“ဒါက နယ်မြေအရ ဆွဲဆောင်မှုရှိအောင်လို့လေ။”
တန်ဝမ်ကျဲက လက်ညှိုးထိုးပြလိုက်သည်။
“အဝေးကကြွလာတဲ့ ဘုန်းတော်ကြီးက ပိုပြီး ဘုရားစာ ရွတ်ကောင်းတယ် မဟုတ်လား။”
ခန်းမထဲက အခြေအနေမှာမူ ပရမ်းပတာ ဖြစ်နေပြီး ဖိနပ်အချို့ပင် ကျန်နေခဲ့သည်။ နတ်ဆိုး ရုတ်တရက် ပေါ်လာခြင်းကြောင့် လူအများ ထိတ်လန့်ပြီး အလုအယက် ပြေးလွှားခဲ့ကြပုံရသည်။
ပျက်စီးနေသည့် ယဇ်ပလ္လင်တစ်ခု၏ ဘေးတွင်မူ ဇီနင်သည် ကြမ်းပြင်ပေါ်၌ ကွေးကွေးလေး ထိုင်ပြီး တုန်ယင်နေရှာ၏။
“အရမ်း ရက်စက်တာပဲ။”
အာယိုးက အနံ့ခံကြည့်ပြီး သူ၏ မက်မွန်သားဓားကို ထုတ်လိုက်ပြီဖြစ်သည်။
အသံကြားလိုက်ရသဖြင့် ဇီနင်သည် ရုတ်တရက် ထထိုင်လိုက်ပြီး တန်ဝမ်ကျဲဆီသို့ ပြေးဝင်ကာ၊ ခုနကလိုပဲ “ဟယ်ကျင်းယင်က စီနီယာအစ်ကိုကြီးကို ချုပ်သည့်အကွက်” နည်းလမ်းနှင့် သူ့ကို မြဲမြဲကြီး ဖက်ထားလိုက်ပြန်သည်။
သူ့ကို ဖက်ထားမှသာ ဇီနင်အနေဖြင့် လုံခြုံမှုကို ခံစားရခြင်းဖြစ်သည်။
တန်ဝမ်ကျဲကတော့ အလေးအနက် ခေါင်းငြိမ့်လိုက်မိသည်။
“တကယ်ကို ရင်အုပ်ကြီးတဲ့ မိန်းကလေးပဲ။”
အာယိုးက မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ရှေ့မှာပဲ။ တစ္ဆေချီတွေက အရမ်းထူထပ်နေတယ်။ သူက ငါတို့ကို စောင့်နေတာပဲ။”
“ဒါဆို သွားကြည့်ကြတာပေါ့။”
တန်ဝမ်ကျဲက ဇီနင်ကို လက်လွှတ်ရန် ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်သည်။ သူ၏လက်ကို တစ်ချက် လှုပ်လိုက်သည်နှင့် ဟိုဓားမကြီးက သူ၏ညာဘက်လက်ထဲ၌ ပေါ်လာတော့လေသည်။
“ဒီမှာပဲ စောင့်နေ။”
“သတိထားဦးနော်။”
ဇီနင်သည် တောင့်တင်းလှသော ကျောပြင်ကြီးမှာ တစ္ဆေချီများထဲသို့ တိုးဝင်သွားသည်ကို စိုးရိမ်တကြီး ကြည့်နေမိပြီး အငွေ့များကြားထဲ ပျောက်ကွယ်သွားမှသာ မျက်လုံးလွှဲလိုက်တော့သည်။
တစ္ဆေချီများအား ဖြတ်သွားစဉ်မှာပင် လေထဲ၌ မီးသွေး၏ ပူလောင်ပြီး ပြင်းရှသည့် အနံ့ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်ပြင်တစ်ခုထဲ ရောက်နေသကဲ့သို့ ဖြစ်နေခဲ့လေသည်။ သူ ချွေးအနည်းငယ်ပင် ထွက်လာပြီး အင်္ကျီကျောဘက်မှာလည်း စိုစွတ်လာခဲ့သည်။
ဆက်လျှောက်သွားသောအခါ လူတစ်ယောက် သူတို့ကို ကျောခိုင်းပြီး ရပ်နေသည်ကို တွ့လိုက်ရလေသည်။
“ဒီကောင်က စကားတွေ အရမ်းများလွန်းလို့ ငါ သူ့ပါးစပ်ကို ဆွဲဖြဲပစ်လိုက်တယ်။”
လှည့်ကြည့်လိုက်သောအခါ အပြင်ရှိ ပိုစတာများထဲက “ပညာရှင်ကြီး နင့်ရန့်” ပင် ဖြစ်သည်။ သူ၏ ပါးစပ်မှာ ပါးပြင်အထိ ဆွဲဖြဲခံထားရသဖြင့် သွေးများ ရဲရဲနီနေခဲ့သည်။
နတ်ဆိုးသည် ပညာရှင်နင့်ရန့်၏ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေပြီး သူတို့နှစ်ယောက်ဆီသို့ ခြိမ်းခြောက်နေသည့် အရှိန်အဝါဖြင့် လျှောက်လှမ်းလာခဲ့သည်။
တန်ဝမ်ကျဲနှင့် အာယိုးတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဘာမှ ညှိနှိုင်းစရာပင်မလိုဘဲ တစ်ယောက်က ဘယ်ဘက်၊ တစ်ယောက်က ညာဘက်သို့ ခွဲထွက်လိုက်ကြသည်။
“ကြိုးနီ...”
အာယိုးက ပြောလိုက်၏။
“ခုတ်...”
တန်ဝမ်ကျဲကလည်း ပြောလိုက်သည်။ နှစ်ယောက်လုံး ပြိုင်တူပြောလိုက်ကြ၏။
“ဖာ့ခ် ခင်ဗျား ဘာလုပ်နေတာလဲ။ ဒီလောက်လေးတောင် အချိတ်အဆက် ရှိလို့မရဘူးလား။”
ဘာပဲပြောပြော သူတို့က အကြိမ်ကြိမ် ပူးပေါင်းခဲ့ဖူးတာပဲ မဟုတ်လား။
ပူးကပ်ခံထားရသည့် ပညာရှင်နင့်ရန့်သည် တန်ဝမ်ကျဲဆီသို့ ပြေးဝင်လာပြီး ခုန်တက်ကာ သူ၏ ဒူးဖြင့် တန်ဝမ်ကျဲ၏ လက်မောင်းကို အရှိန်ပြင်းပြင်းဖြင့် တိုက်လိုက်လေသည်။ သူသည် သူ၏ ကိုယ်အလေးချိန်နှင့် ခွန်အားကို သုံးပြီး ဖိနှိပ်ရန် ကြိုးစားလိုက်ခြင်းဖြစ်၏။ သို့သော မမျှော်လင့်ဘဲ တန်ဝမ်ကျဲသည် သူ၏ခေါင်းကို ရှောင်လိုက်ပြီး အော်ပြောလိုက်သည်။
“ကြိုးနီ...”
ဘေးဘက်မှ ကြိုးနီတစ်ချောင်းက ဝှေ့ယမ်းလာပြီး ပညာရှင်နင့်ရန့်ကို ပတ်ပတ်လည် ဝိုင်းပတ်လိုက်ကာ လေထဲမှာတင် တားဆီးလိုက်သဖြင့် ဒူးတိုက်ချက်မှာ ပျက်ပြယ်သွားတော့သည်။
နတ်ဆိုး၏ ခွန်အားမှာ အမွှာညီအစ်မများထက် မနိမ့်ပေ။ သူဟည် မီးလောင်သေဆုံးခဲ့ရသူဖြစ်သဖြင့် မြေပြင်ပေါ်သို့ ကျလာသည်နှင့် အာယိုးကိုပါ ဆွဲလဲပစ်လိုက်ပြီး တန်ဝမ်ကျဲဆီသို့ ဆက်လက် ပြေးဝင်လာခဲ့သည်။ အာယိုးမှာမူ အစွမ်းကုန် ပြန်ဆွဲထားသော်လည်း အတင်း ဆွဲခေါ်သွားခြင်းကိုမူ မရှောင်တမ်းနိုင်ခဲ့ပေ။
“ခုတ်တော့....”
အာယိုးက အော်ပြောလိုက်၏။
ယခုတစ်ကြိမ်မှာတော့ အချိတ်အဆက် မိသွားပြီဖြစ်သည်။
ထိုခဏလေးအတွင်းမှာပင် တန်ဝမ်ကျဲသည် သူ၏ဓားမကြီးကို အနည်းငယ် စောင်းလိုက်ပြီး ၎င်း၏ ဘေးဘက်နှင့် သွေးများ ရဲရဲနီနေသော မျက်နှာကို ရိုက်ချလိုက်တော့သည်။ အရှိန်ပြင်းပြင်း ထိမှန်သွားသဖြင့် ပညာရှင်နင့်ရန့်မှာ ကြောင်အသွားပြီး နတ်ဆိုးမှာလည်း ခန္ဓာကိုယ်ထဲမှ အပြင်သို့ လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သို့သော် နတ်ဆိုးက လျင်မြန်စွာ တုံ့ပြန်လိုက်၏။ ဓားမကြီး၏ မကောင်းဆိုးဝါး အရှိန်အဝါကို အတင်းအကျပ် တောင့်ခံရင်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး ကြိုးနီမှ လွတ်နေသော လက်တစ်ဖက်ဖြင့် တန်ဝမ်ကျဲ၏ ဓားကိုင်ထားသော လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။
နှစ်ဖက်လုံးမှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လျက် တန့်နေကြ၏။ ဤပွဲမှာ အသေအကြေ တိုက်ပွဲပင်။
တန်ဝမ်ကျဲသည် ပညာရှင်နင့်ရန့်၏ လက်ကောက်ဝတ်ကို အံကြိတ်ပြီး တောင့်ခံထားခဲ့သည်။ ထိုစဉ် သူ၏ ညာဘက်လက်ထဲက ဓားမကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ချောင်းများကို ကွေးလိုက်လေသည်။
ဓားလက်ချောင်း...။
၎င်းက ပြိုင်ဘက်၏ မျက်နှာကို တည့်တည့်ထိမှန်သွားသဖြင့် ခေါင်းမှာ အနည်းငယ် နောက်သို့ လန်သွားခဲ့သည်။
နတ်ဆိုး ခုခံမှု လျော့သွားသည်ကို အခွင့်ကောင်းယူကာ သူသည် သူ၏လက်ကို ရုန်းထွက်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အကွာအဝေးတစ်ခု ယူလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လေထဲကို ဆွဲယူလိုက်ရာ ဓားကြီးမှာ ပြန်ပေါ်လာတော့လေသည်။
ထို့နောက် သူသည် ဓားကျောဘက်ဖြင့် ရိုက်ချလိုက်၏။
တန်ဝမ်ကျဲသည် အပြစ်မဲ့သူကို သတ်သည့် အလေ့အထ မရှိပေ။ သို့သော် ဓားကျောဘက်ဖြင့် ရိုက်ချခြင်းက သရဲအပေါ် သက်ရောက်မှု အားနည်းသဖြင့် သူသည် အကြိမ်ကြိမ် ထပ်ခါတလဲလဲ ရိုက်လိုက်ရပေသည်။
ဒုန်းခနဲ၊ ဘုန်းခနဲ အသံများနှင့်အတူ သူ အဆက်မပြတ် ခုတ်လိုက်ရာ ဓားကျောဘက်မှာ ပုံရိပ်ယောင်များပင် ဖြစ်သွားခဲ့သည်။
ထူထဲသော သံပြားကြီးကို ဖြတ်တောက်နေသကဲ့သို့ မီးပွားများ လွင့်စင်လာသည့် အသံနှင့်အတူ ဓားမကြီးမှာ တုန်ခါလာခဲ့သည်။ တန်ဝမ်ကျဲအနေဖြင့် ဓား၏ လမ်းကြောင်းကို ထိန်းချုပ်ရန် သူ၏လက်နှစ်ဖက်လုံးကို သုံးရတော့သည်။
ထိုစဉ် ထူထပ်သော မီးခိုးငွေ့များ ပညာရှင်နင့်ရန့်ထံမှ ထွက်ပေါ်လာပြီး ပြိုင်ဘက်သည် ခန္ဓာကိုယ်ကို စွန့်ခွာကာ သူ၏ မူလ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ရှည်လျားပိန်ပါးပြီး ထူထပ်သော မီးခိုးငွေ့များ ဖုံးလွှမ်းနေကာ မီးလောင်သေဆုံးခဲ့သည့် နတ်ဆိုးတစ်ကောင် ဖြစ်သဖြင့် သူ၏ ယင်ချီများမှာ ကောင်းကင်သို့ပင် ထိမတတ် ပြင်းထန်လှပေသည်။
အစ်ကိုဟေး...သူသည် လူဖြစ်စဉ်က မူးယစ်ဆေးကုန်သည် တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် အကျင့်ပျက်ရဲတစ်ယောက်က သူ့ဆီကနေ အကာအကွယ်ပေးခ လာတောင်းခဲ့၏။ သူသည် ဒေါသထွက်ပြီး ထိုရဲကို သတ်ရန် ပြင်လိုက်သော်လည်း မမျှော်လင့်ဘဲ ထိုရဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် သူသည် ထိုအကျင့်ပျက်ရဲ၏ ပိတ်ဆို့ခြင်းကို ခံရကာ သူ၏ ဇနီး၊ သမီးနှင့်အတူ အိမ်ထဲမှာတင် မီးလောင်သေဆုံးခဲ့ရသည်။
သေဆုံးပြီးနောက်တွင် သူ၏ နာကြည်းချက်မှာ မပြေပျောက်ခဲ့ဘဲ ထိုအကျင့်ပျက်ရဲကို ကလဲ့စားချေရန်သာ ဆန္ဒရှိနေခဲ့သည်။ သို့သော် ထိုရဲသည် လက်ရှိတွင် “လင်ဖူ” လူအိုရုံမှာ နေထိုင်နေပြီး ထိုနေရာ၏ ဘယ်ဘက်မှာ ရဲစခန်း၊ ညာဘက်မှာ မီးသတ်စခန်း ရှိနေခဲ့သည်။ အစ်ကိုဟေးအနေဖြင့် ထိုနေရာသို့ လုံးဝ ဝင်၍မရသဖြင့် သူ့ကိုယ်စား ထိုရဲကို သတ်ပေးမည့်သူကို လိုက်ရှာနေခြင်း ဖြစ်သည်။ သို့သော် သူ ရှာတွေ့သမျှ နတ်ဆိုးနှင်ထုတ်သူများအားလုံးက အသုံးမကျတဲ့ အမှိုက်များသာ ဖြစ်နေခဲ့ကြသည်။
သူတို့သည် အမှိုက်များဖြစ်ပြီး အလုပ်ကို မပြီးမြောက်နိုင်မှတော့ သူတို့ကို သတ်ပစ်ရုံပဲ ရှိတော့၏။
ဒါပေမယ့် ဒီနေ့ သူတွေ့နေရတဲ့ တစ်ယောက်ကတော့ မဆိုးဘူး။
နတ်ဆိုးသည် အပေါ်စီးမှနေ၍ တန်ဝမ်ကျဲကို ငုံ့ကြည့်လိုက်သည်။
“ငါ့အတွက် လူတစ်ယောက် သတ်ပေး။ အကယ်၍ မင်း မလုပ်နိုင်ရင် ငါ မင်းကို သတ်မယ်။”
တန်ဝမ်ကျဲသည် နတ်ဆိုး၏ အေးစက်သော အကြည့်ကို တည့်တည့်မော့ကြည့်လိုက်၏။ ထိုမျက်လုံးများထဲ၌ ဒေါသနှင့် ရူးသွပ်မှုများကို သူ မြင်နေရသည်။
သူ၏ အဖြေမှာ အလွန်ရိုးရှင်းပါသည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ရာ ဓား၏ကျောဘက်မှာ ဓားသွားဘက်သို့ ပြောင်းလဲသွားပြီး နတ်ဆိုး၏ လည်ပင်းကို ခုတ်ချလိုက်လေတော့သည်။