မင်း Legend ဂိမ်းကို ဘယ်ဆာဗာမှာ ဆော့တာလဲ။
Vol. 5 Ch. 50
နတ်ဆိုးကြီးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် တန်ဝမ်ကျဲကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ တန်ဝမ်ကျဲမှာ သူ့ကို ခုတ်ရဲသည့် သတ္တိမျိုး ဘယ်ကရလာသလဲဆိုသည်ကို သူ လုံးဝနားမလည်နိုင်ပေ။ သူတို့နှစ်ဦးကြားက အင်အားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ မတါဆိုးချီများ ပြည့်နှက်နေသည့် ထိုဓားကြီးက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်လျှင်တောင် သူ့အသက်ကို နှုတ်ယူနိုင်ဖို့ကတော့ အလှမ်းဝေးပါသေးသည်။
တန်ဝမ်ကျဲသည် နတ်ဆိုး၏လည်ပင်းထဲမှ ဓားကြီးကို ဝှေ့ယမ်းပြီး ပြန်ဆွဲထုတ်လိုက်ရာ တစ္ဆေချီများ ထူထပ်စွာ ထွက်ပေါ်လာခဲ့သည်။
“ကျုပ်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး မဟုတ်လား။ ခင်ဗျားက ကျုပ်ကို သတ်မယ်လို့ ခြိမ်းခြောက်တိုင်း ကျုပ်က ခင်ဗျားအစား လူသွားသတ်ပေးရမယ်ပေါ့။ အဲဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ဘယ်သူမဆို ကျုပ်ကို လာခြိမ်းခြောက်ပြီး ဟိုခိုင်းဒီခိုင်း လုပ်လို့ရနေမှာပေါ့။ ဒါဆိုရင် ကျုပ် အရူးဖြစ်မသွားဘူးလား။”
ထိုသို့ပြောပြီးသည်နှင့် တန်ဝမ်ကျဲက ဓားကို ပြန်မြှောက်လိုက်ပြန်သည်။
ဓားမကြီးဖြင့် အခုတ်ခံရခြင်းက ပြင်းထန်သောဒဏ်ရာများ မရစေနိုင်သော်လည်း နာကျင်မှုကတော့ အတော်လေး ဆိုးရွားလှပေသည်။ နတ်ဆိုးသည် သူ၏ဗီဇအရပင် သူ၏လက်မောင်းကို မြှောက်ပြီး ကာကွယ်လိုက်သော်လည်း သူမျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ပေ။
သူ ဘယ်ပျောက်သွားတာလဲ။
နတ်ဆိုး မော့ကြည့်လိုက်ရာ ဟောပြောပွဲခန်းမ၏ အဓိကနေရာဘက်သို့ အဝေးကို ပြေးထွက်သွားသည့် ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရတော့သည်။
မြေပြင်ပေါ်မှ အခုမှ ပြန်ထလာသည့် အာယိုးသည် သူ၏တင်ပါးကို ပွတ်ရင်း အော်ပြော၏။
“အားကျဲ...ဟေး... မင်းက ငါ့ကို ပစ်ထားခဲ့ပြီး ထွက်ပြေးသွားရလားကွ။”
“ဦးလေးယိုး အစွမ်းကုန် ကြိုးစားလိုက်ပါဦး။”
တန်ဝမ်ကျဲက ပြေးရင်း လှမ်းလက်ဝှေ့ယမ်းပြသည်။
“ကျုပ် သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လို့ သွားကြိုလိုက်ဦးမယ်။”
တန်ဝမ်ကျဲ၏ ကျောပြင်ကို ကြည့်ရင်း လက်ခလယ် ထောင်ပြလိုက်ပြီးနောက် အာယိုးသည် ချက်ချင်းပင် တိုက်ခိုက်ရေးပုံစံသို့ ပြောင်းလဲလိုက်၏။
သူသည် ညာဘက်လက်တွင် မက်မွန်သားဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်ချောင်းကို ကိုက်ကာ သွေးဖော်ထုတ်လိုက်သည်။ တန်ဝမ်ကျဲကို သင်ပေးစဉ်က တန်ဝမ်ကျဲက ဘာမှမချန်ဘဲ ပြန်မေးခဲ့သဖြင့် အာယိုးသည်လည်း မန္တန်အချို့ကို တတ်မြောက်ထားခဲ့သည်။ သူ လေ့ကျင့်ထားသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး စွမ်းအားမှာလည်း တန်ဝမ်ကျဲကို မမီသော်လည်း အရေးကြီးသည့်အချိန်တွင် အသက်ကယ်ရန်အတွက်တော့ အသုံးဝင်ပါသေးသည်။
“ဒါဆို မင်းကိုပဲ အရင်သတ်ရတော့မှာပေါ့။”
နတ်ဆိုးက ထိုသို့ပြောကာ အာယိုးဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
လူနှင့်သရဲတို့ တိုက်ပွဲဖြစ်ပွားတော့လေသည်။
မီးလောင်နေသည့် မီးသွေးခဲများကဲ့သို့ သရဲလက်သည်းများနှင့် မက်မွန်သားဓားတို့ ထိတွေ့မိတိုင်း မီးပွားများ လွင့်စင်သွားခဲ့၏။ ခန်းမ၏ နောက်ကွယ်နေရာတစ်ခုလုံးမှာ မီးလောင်တော့မည့်အတိုင်း မီးခိုးငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။
အာယိုးသည် ဓားဖြင့် အချက်ပေါင်း ဆယ်ဂဏန်းကျော် အလျင်အမြန်ထိုးနှက်လိုက်သော်လည်း စိတ်ထဲတွင်တော့ ထိတ်လန့်သွားမိခဲ့သည်။ ဤနတ်ဆိုး၏ ခွန်အားမှာ ဖုတ်ကောင်ဦးလေးတုန်းကို ပူးကပ်ခဲ့သည့် အမွှာညီအစ်မများနှင့် တူညီနေပေသည်။ သူတစ်ယောက်တည်းနှင့်တော့ မည်သို့မျှ မယှဉ်နိုင်ပေ။
နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို မကာကွယ်နိုင်တော့ဘဲ အာယိုးသည် နတ်ဆိုး၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ သာမန်လူသားခန္ဓာကိုယ်သည် ဤကဲ့သို့ အပြင်းအထန် ရိုက်ပုတ်ခံရခြင်းကို မခံနိုင်ချေ။ သူ၏ ကိုယ်တွင်းအင်္ဂါများမှာလည်း နေရာလွဲကုန်ကြလေသည်။
နတ်ဆိုး၏ မျက်လုံးများထဲတွင် အောင်နိုင်သူ၏ အကြည့်များဖြင့် ပြည့်နှက်နေ၏။ သူက လက်ကောက်ဝတ်ကို အသာလေး လှုပ်လိုက်ရုံဖြင့် ပြင်းထန်သော မီးခိုးငွေ့လေပြင်းများ ထွက်ပေါ်လာပြီး အာယိုး၏ မက်မွန်သားဓားကို လွင့်ထွက်သွားစေခဲ့သည်။
“အစကတော့ မင်းမှာ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါက အဲဒီကောင်သာ ထွက်မပြေးသွားဘူးဆိုရင်ပေါ့။”
တန်ဝမ်ကျဲသာ အာယိုးနှင့် ပူးပေါင်းခဲ့ပြီး သူတို့နှစ်ယောက်ကြား၌ အနည်းငယ်မျှသော ချိတ်ဆက်မှုသာ ရှိခဲ့လျှင် သူတို့နှစ်ယောက်ကို ဖြေရှင်းရသည်မှာ သူ့အတွက်တောင် အနည်းငယ် ခက်ခဲလိမ့်မည်ဟု နတ်ဆိုးက ယုံကြည်ထားသည်။
နတ်ဆိုးက အာယိုးကို အဆုံးစီရင်တော့မည့် အချိန်တွင်...
ဒုန်း
နံရံကြီးတစ်ဖက်သည် ကုန်တင်ကားကြီး တစ်စီး၏ တိုက်မိခြင်းကြောင့် ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်စင်ကာ ပွင့်ထွက်သွားတော့သည်။
နတ်ဆိုး လှည့်ကြည့်လိုက်၏။ ဖုန်မှုန့်များနှင့် အပျက်အစီးများကြားတွင် နောက်တွဲပါသည့် ကုန်တင်ကားကြီးတစ်စီးမှာ နံရံကို ဖြတ်ကျော်ပြီး သံမဏိသတ္တဝါကြီးတစ်ကောင်လို ရပ်နေခဲ့သည်။ ပြိုကျပျက်စီးနေသည့် အရာများမှာ ၎င်း၏ ဝင်ရောက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် အကြွင်းအကျန်များပင်။
ကားသည် ရပ်မသွားဘဲ နတ်ဆိုးဆီသို့ ဆက်လက်၍ အရှိန်ပြင်းပြင်း မောင်းနှင်လာခဲ့သည်။ ကားခေါင်းပေါ်တွင် နတ်ရုပ်များနှင့် အင်းစာရွက်များစွာလည်း ကပ်ထားသေးသည်။ ရုတ်တရက် ထွက်ပေါ်လာသည့် ပြင်းထန်သော အလင်းတန်းကြောင့် နတ်ဆိုးမှာ ဗီဇအရ ၎င်း၏မျက်လုံးကို လက်ဖြင့် ကာလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာမူ ကားနှင့် တည့်တည့် တိုက်မိကာ လွင့်ထွက်သွားတော့သည်။
ကျွီ
ကားမှာ အချိန်မီ ဘရိတ်မမိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အာယိုးမှာ မြေပြင်ပေါ်တွင် ဝပ်နေခဲ့သဖြင့် ကားက သူ့အပေါ်မှ ခွကျော်သွားကာ မကြိတ်မိခဲ့ခြင်းဖြစ်သည်။
“ဝူး... ဝူး”
ထိုစဉ် ကားတံခါး ပွင့်သွားပြီး တန်ဝမ်ကျဲသည် ကားပေါ်မှ ခုန်ဆင်းကာ ဖုန်မှုန့်များကို လက်ဖြင့် ယမ်းထုတ်လိုက်သည်။
“အရာရှိလျှို ခင်ဗျား မသေသေးဘူး မဟုတ်လား။”
တန်ဝမ်ကျဲက ကားမောင်းသူနေရာကို လှည့်ကြည့်လိုက်သည်။
“ဒါကို ငါ ဘယ်လိုလုပ်ပြီး အစီရင်ခံစာ ရေးရမှာလဲကွ။”
ကားမောင်းသူနေရာမှ အရာရှိလျှိုက ပြန်အော်လိုက်၏။ ကားတိုက်မှုကြောင့် သူ၏ခေါင်းမှာ မူးနောက်နေခဲ့သည်။
အကယ်၍ သူသာ တန်ဝမ်ကျဲဆီမှ မီးလောင်သေဆုံးမှုများ၏ နောက်ကွယ်က သရဲကို စုံစမ်းရန် သတင်းမရခဲ့ဘူးဆိုလျှင် ဤကဲ့သို့နေရာမျိုးကို ကုန်တင်ကားကြီးနှင့် အတင်းမောင်းဝင်လာသည့် အရူးလိုလုပ်ရပ်မျိုးကို သူ သေချာပေါက် လုပ်မည်မဟုတ်ပေ။
“နယ်ဝေးက သရဲဖမ်းသမားတစ်ယောက်က တန်ခိုးပြပြီး နှိမ်နင်းသွားတယ်လို့ပဲ ရေးလိုက်ပေါ့။”
တန်ဝမ်ကျဲသည် ကုန်တင်ကားပေါ်သို့ အမြန်တက်လိုက်၏။ ကားပေါ်တွင် ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းကိရိယာများ ရှိနေခဲ့သည်။ အားယိုး ခုနက သုံးခဲ့သည့် ပမာဏက မလုံလောက်ပေ။
သူ၏ သရဲနှိမ်နင်းရေး နည်းလမ်းမှာ အမြဲတမ်း ‘အရေအတွက်များခြင်းက အရည်အသွေးကို ဖြစ်ပေါ်စေသည်’ ဆိုသည့် မူပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ အနိုင်ရဖို့က အဓိကဖြစ်ပြီး ပစ္စည်းဖြုန်းတီးရမည်ကို သူ ဂရုမစိုက်ပေ။
ကြက်သွေး၊ ကြိုးနီနှင့် ခွေးနက်သွေး စိမ်ထားသည့် ပိုက်ကွန်အကြီးကြီး။
နတ်ဆိုးသည် မီးခိုးငွေ့များကြားမှ အပျက်အစီးများထဲကနေ ပြန်လည်၍ တွားထွက်လာခဲ့သည်။ သူသည် အရှေ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း လျှောက်လာခဲ့သည်။ သို့သော် မကြာမီမှာပင် သူသည် ကြက်သွေးနှင့် လူပျိုလေးများ၏ ဆီးများဖြင့် ပထမအသုတ် အပက်ခံလိုက်ရ၏။ ထိုအရည်များက နတ်ဆိုး၏ မျက်နှာကို ထိမှန်သွားရာ သူ၏မျက်နှာမှာ တွန့်လိမ်သွားပြီး ကိုယ်ပေါ်က မီးခိုးငွေ့များမှာလည်း သိသိသာသာ အားနည်းသွားတော့သည်။
“အား....မင်း သေချင်နေတာပဲ။”
နတ်ဆိုးသည် ယခုအခါတွင် လူသတ်လိုသည့် စိတ်ရိုင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။ သူ ကလဲ့စားချေဖို့ လူရှာနေသည့် ကိစ္စကိုပင် ဂရုမစိုက်တော့ဘဲ ယခုအချိန်တွင် သူ့ထံ၌ လူသတ်ချင်စိတ်သာ ရှိတော့လေသည်။
သူ့ပတ်ဝန်းကျင်တွင် မီးခိုးနက်များ လိပ်တက်လာခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ အပျက်အစီးများမှာ လေထဲသို့ ပျံတက်သွားပြီးနောက် မျက်နှာကြက်ပေါ်မှနေ၍ မိုးရွာသကဲ့သို့ ပြန်ကျလာတော့သည်။
မာဘယ်လ်ကြမ်းပြင်များမှာ ပြင်းထန်သော တုန်ခါမှုကြောင့် အက်ကွဲကုန်ကြသည်။ အဆောက်အဦးအတွင်းပိုင်း ပြိုကျနေသည့် အသံမှာ ငလျင်လှုပ်နေသကဲ့သို့ပင်။
တန်ဝမ်ကျဲသည် ကိုယ်ကို ဟန်ချက်ညီအောင် ခဲယဉ်းစွာ ထိန်းထားလိုက်ရ၏။ အရာရှိလျှိုသည်မူ လိမ္မာပါးနပ်စွာဖြင့် ကားမောင်းသူနေရာ၌သာ ဝပ်နေလိုက်သည်။ ကျွမ်းကျင်သည့် အလုပ်ကို ကျွမ်းကျင်သည့်သူများကို လုပ်ခိုင်းလိုက်ရုံပင်။ သူသည် တန်ဝမ်ကျဲ၏ စကားကို အပြည့်အဝ ထောက်ခံသဖြင့် သေချင်ယောင်ဆောင်နေရန် ဆုံးဖြတ်လိုက်လေသည်။
“ဦးလေးယိုး ခင်ဗျားရဲ့ လက်မောင်းကို ခဏလောက် ငှားလို့ရမလား။”
အာယိုး၏ အရှေ့သို့ ဓာတ်ငါးပါးသံလိုက်အိမ်မြှောင်အကြီးကြီးတစ်ခု ရုတ်တရက် ကျလာခဲ့၏။
“မင်းဘာသာ မင်းလုပ်ပါလားကွ။ လက်ချောင်းတွေက နှလုံးနဲ့ ဆက်နေတာ အရမ်းနာလိုက်တယ်ဟ။”
အာယိုးသည် သူ၏ရင်ဘတ်ကို ဖိထားရင်း ဆေးလိပ်တစ်လိပ်ကို အားပါးတရ သောက်လိုက်ကာ သူ၏ လက်ချောင်းငါးချောင်းကို ငံအိမ်မြှောင်ပေါ်ကယရှိ ချွန်ထက်နေသည့် ဆူးငါးချောင်းပေါ်သို့ ပြတ်ပြတ်သားသား ဖိချလိုက်လေသည်။
ထို့နောက် သူ လက်ကောက်ဝတ်ကို လှည့်လိုက်၏။ သွေးများက သံလိုက်အိမ်မြှောင်ထဲသို့ စီးဝင်သွားပြီး ၎င်းကို အသက်သွင်းလိုက်တော့သည်။
ဓာတ်ငါးပါးအကာအကွယ်...။
ပတ်ဝန်းကျင်ရှိ လေထုမှာ မှောင်အတိ ကျသွားပြီး နေရာတစ်ခုလုံးကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။
“ကျုပ်လည်း အဲဒါကို လုပ်နေတာပဲလေ။”
တန်ဝမ်ကျဲက သူ၏ဓားကို ဆွဲပြီး ပြောလိုက်သည်။
ဤသည်မှာ သူတို့ ကြိုတင်စီစဉ်ထားသည့် နည်းလမ်းဖြစ်ပြီး အခြားနည်းလမ်းမရှိမှ သုံးရမည့် နောက်ဆုံးလက်နက်ဖြစ်သည်။ အကယ်၍ အခြေအနေက အမှန်တကယ်ဆိုးရွားသွားခဲ့လျှင် တစ်ယောက်က လက်တစ်ဖက် ဆုံးရှုံးနိုင်ပြီး နောက်တစ်ယောက်ကတော့ အသက်ပင် ဆုံးရှုံးနိုင်ပေသည်။
အကယ်၍ ဤနည်းနှင့်မှ မနိုင်ရင်တော့ သူတို့ ထွက်ပြေးပြီး အစကနေ ပြန်စီစဉ်ရရုံပင်။
သူတို့နှစ်ယောက်ကြားမှာ အချိတ်အဆက် မိနေပြီဖြစ်သဖြင့် တန်ဝမ်ကျဲအနေဖြင့် ထပ်ရှင်းပြနေရန် မလိုတော့ပေ။ ဓာတ်ငါးပါးနယ်မြေမှာ “ရေ” နှင့် စတင်လိုက်ရာ ပူလောင်ခြောက်သွေ့နေသော မီးခိုးငွေ့များကို လုံးဝ ငြှိမ်းသတ်လိုက်တော့သည်။ တန်ဝမ်ကျဲသည် ဓားကို လက်တစ်ဖက်ဖြင့် ဆွဲကာ နတ်ဆိုး အစ်ကိုဟေးဆီသို့ ပြေးဝင်သွားလိုက်၏။ ခုနက ခွေးနက်သွေးနှင့် ဆီးများဖြင့် အပက်ခံထားရသဖြင့် နတ်ဆိုး၏ အင်အားမှာ အကန့်အသတ်အထိ အားနည်းနေပြီဖြစ်သည်။
တန်ဝမ်ကျဲက သူ့ကို ဖမ်းချုပ်လိုက်ပြီး နှစ်ယောက်သား မြေပြင်ပေါ်သို့ အတူတူ လဲကျသွားကြသည်။ အက်ကွဲနေသည့် မာဘယ်လ်ကြမ်းပြင်မှာ ရုတ်တရက် ရွှံ့နွံများအဖြစ် ပြောင်းလဲသွားပြီး လူနှင့်သရဲ နှစ်ယောက်လုံးကို ဝါးမြိုလိုက်တော့သည်။
မီးများ ငြိမ်းသွားပြီးနောက် ရေနှင့် ထိတွေ့လိုက်ရသဖြင့် နတ်ဆိုး၏ ခွန်အားမှာ ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့်အထိ ဖိနှိပ်ခံလိုက်ရ၏။ ဤတိုက်ပွဲမှာ ယခုတော့ ရိုးရိုးလက်သီးချင်း ထိုးနှက်သည့် တိုက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့သည်။ တန်ဝမ်ကျဲသည် အကာအကွယ်၏ အကူအညီကြောင့် စွမ်းအားများစွာ တိုးတက်လာခဲ့သည်။
လူနှင့်သရဲမှာ ရွှံ့နွံထဲတွင် လုံးထွေးနေကြ၏။
တန်ဝမ်ကျဲသည် အခွင့်အရေးကို အရယူပြီး သူ၏လက်ချောင်းများကို ကိုက်ဖောက်လိုက်တော့သည်။
“မိုးကြိုးလက်ဝါး”
“မိုးကြိုးလက်ဝါး”
“မိုးကြိုးလက်ဝါး”
အဆက်မပြတ် တိုက်ခိုက်မှုကြောင့် နတ်ဆိုး၏ခေါင်းမှာ ကွဲအက်လုနီးပါး ဖြစ်သွား၏။ ထို့နောက် သူသည် ဓားသွားကို နတ်ဆိုး၏ လည်ပင်းမှာ တင်လိုက်ပြီး ဓားနောက်ကို မိုးကြိုးလက်ဝါးဖြင့် ရိုက်ချလိုက်တော့လေသည်။
နတ်ဆိုး၏ ခေါင်းမှာ တစ်ချက်တည်းနှင့် ပြတ်ထွက်သွားတော့သည်...။
ခန်းမအပြင်ဘက်တွင် ဇီနင်သည် ပွင့်ထွက်နေသည့် နံရံကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။
ရုတ်တရက် လူသုံးယောက် တစ်ယောက်ကိုတစ်ယောက် တွဲပြီး ထွက်လာသည်ကို သူမ မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြေးသွားလိုက်၏။
အာယိုးမှာ ဘယ်ဘက်လက်မောင်း လည်သွားပြီး လက်ချောင်းများမှ သွေးများ စီးကျနေကာ ပါးစပ်တွင်တော့ ဆေးလိပ်တစ်လိပ်ကို ခဲထားဆဲဖြစ်သည်။
တန်ဝမ်ကျဲမှာမူ တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေခဲ့သည်။
အရာရှိလျှိုသည်မူ ကားမောင်းစဉ်က ရခဲ့သည့် ဒဏ်ရာကြောင့် ခြေထောက်ကို မ၊ကာသာဖြင့် လျှောက်လာခဲ့ရ၏။
“ရှင် အဆင်ပြေရဲ့လား။”
ဇီနင်က ဒဏ်ရာ အနည်းဆုံးဖြစ်ပုံရသည့် တန်ဝမ်ကျဲဆီသို့ လျှောက်သွားလိုက်သည်။
ကျန်သည့် နှစ်ယောက်မှာ အံ့သြသွားကြ၏။
ဒါက သိသိသာသာ မျက်နှာလိုက်တာပဲ။ ငါတို့ဒဏ်ရာတွေက ပိုပြင်းတာကို။
“ကျုပ်လည်း တကယ်ကို ဒဏ်ရာပြင်းထန်ပါတယ်ဗျာ။”
တန်ဝမ်ကျဲသည် မိုးကြိုးလက်ဝါးကို အသုံးပြုရန်အတွက် လက်ချောင်းကို ကိုက်ဖောက်ထားရသည့် ဒဏ်ရာကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီမှာတွေ့လား...ဟေး ခင်ဗျား ဘာလို့ ကျုပ်ရင်ဘတ်ကို လာစမ်းနေတာလဲ။”
သူ မမျှော်လင့်ထားချိန်မှာပင် ထိုသရဲမလေး၏ အခွင့်ကောင်းယူခြင်းကို ထပ်လိုက်ရပြန်သည်။
“လက်ချောင်းတွေက နှလုံးနဲ့ ဆက်နေတာလေ။ ရှင့်လက်ချောင်းက ဒဏ်ရာရနေမှတော့ ကျွန်မ ရှင့်ရင်ဘတ်ကို စစ်ဆေးပေးတာက သဘာဝကျပါတယ် မဟုတ်ဘူးလား။”
“အင်း... အဲဒါလည်း ဟုတ်တာပဲ။”
...
နတ်ဆိုးကို နှိမ်နင်းပြီးသွားချေပြီ။
အရာရှိလျှိုသည်မူ သူ၏ အစီရင်ခံစာအတွက် ခေါင်းကိုက်နေရပြီဖြစ်သည်။ အာယိုးကတော့ ဒဏ်ရာများကြောင့် ဆေးရုံတက်နေရပြီး ငရဲပြည်က သူ့အတွက် ကုသိုလ်များ ပေးပို့လာမည်ကို နေ့တိုင်း စောင့်နေရလေသည်။ ဤသို့ဆိုလျှင် သူ အသက်တစ်ရာအထိတောင် နေရနိုင်ပါသေးသည်။
တန်ဝမ်ကျဲသည် “ဘော့စ်” ဆယ်ဂဏန်းကျော်ကို မွေးထုတ်ပေးပြီးနောက်မှသာ ဤနေရာမှ ထွက်ခွာရန် အချက်ပေးမှုကို လက်ခံရရှိခဲ့သည်။ ယခုအခါ အပြန်အလှန်ကူညီရေးအသင်းထဲသို့ သရဲများ ပိုပိုပြီး ဝင်လာနေကြပြီဖြစ်သည်။ အချို့ကတော့ အယောင်ဆောင်များ ဖြစ်နိုင်သော်လည်း လူ့လောကရှိ သရဲများကိုတော့ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဟွမ်ယုံဖားက တန်ဝမ်ကျဲကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
“အာရွှယ်က လူပြန်ဝင်စားဖို့ သွားလိုက်ပြီ။”
“ခင်ဗျားလည်း အပြန်အလှန်ကူညီရေးအသင်းမှာ ဆက်လုပ်ပြီး ကိုယ့်သက်တမ်း တိုးအောင် ကုသိုလ်တွေ စုထားလိုက်ပါ။ ဒါဆို သူမ လူပြန်ဖြစ်ပြီး အရွယ်ရောက်လာတဲ့အခါ ခင်ဗျားဆီ လာရှာတာကို စောင့်နိုင်တာပေါ့။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
“ခင်ဗျား... ခင်ဗျားလည်း ထွက်သွားတော့မှာလား။”
ဟွမ်ယုံဖားက တစ်စုံတစ်ခုကို ခံစားမိသွားပုံရသည်။ ကျန်းရွှယ်နှင့် ခွဲခွာခဲ့ရပြီးနောက် သူသည် ခွဲခွာခြင်း၏ အငွေ့အသက်ကို ပို၍ ခံစားလွယ်လာခဲ့သည်။
“ကျုပ်က နယ်ဝေးက သရဲဖမ်းသမားပဲလေ။ သေချာပေါက် ထွက်သွားရမှာပေါ့။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သည်။
“ကံမကုန်ရင် ပြန်ဆုံကြတာပေါ့။”
သူသည် ဤနေရာ၌ ကုသိုလ်များ အများကြီး ရခဲ့သည့်အတွက် ပျော်ရသော်လည်း ပတ်ဝန်းကျင်ကတော့ အရမ်းဆိုးလှသည်။ နောက်တစ်ခါတွင် သူ၏ “MLM” နည်းလမ်းက အလုပ်မဖြစ်တော့ဘဲ ဒီမှာတင် တစ်သက်လုံး ပိတ်မိနေနိုင်ပေသည်။ ယင်နှင့်ယန် လောကကြားက ပြဿနာများကို အမြစ်ပြတ်ဖြေရှင်းဖို့ဆိုတာ သူနေသာသာ ဦးလေးကျိုး လာရင်တောင် မလွယ်ကူပေ။ ထို့ကြောင့် နောက်တစ်ခါလာရန် ပြင်ဆင်သည့်အခါ သူ အများကြီး သတိထားရပါလိမ့်မည်။
“ဒါ ခင်ဗျား ကျုပ်ကို နှုတ်ဆက်ဖို့အတွက် တွေ့ချင်တယ်ဆိုတဲ့ နေရာလား။”
ဟွမ်ယုံဖားက အင်တာနက်ဆိုင်ကို မော့ကြည့်လိုက်သည်။
“ဟုတ်တယ်။”
သူတို့နှစ်ယောက် ကွန်ပျူတာတွေကို ဖွင့်ပြီး ထိုင်လိုက်ကြသည်။
“ဘာဆော့ချင်လဲ။”
ဟွမ်ယုံဖားက မေးလိုက်သည်။ သူသည် တစ်သက်လုံး တင်းမာမှုတွေကြား၌ ရှင်သန်ခဲ့ရပြီး အေးအေးဆေးဆေး မနားခဲ့ရပေ။ ယခုလို ဂိမ်းဆော့ခြင်းက သူ့ကိုယ်သူ အနားပေးလိုက်ခြင်းနှင့် အတူတူပင်။ အရာအားလုံးက ဖြည်းဖြည်းချင်း ကောင်းမွန်လာပါလိမ့်မည်။
တန်ဝမ်ကျဲနှင့် အများကြီး မပတ်သက်ခဲ့ရသော်လည်း သူတို့နှစ်ယောက်မှာ အမျိုးအစားတူသူများဖြစ်ကြောင်း သူ ခံစားခဲ့ရပြီး အတူနေရသည်မှာ သက်သောင့်သက်သာ ရှိလှပေသည်...။ ဤတစ်ကြိမ်၌ တန်ဝမ်ကျဲက ဒကာခံရမှာဖြစ်သော်လည်း ဟွမ်ယုံဖားကိုသာ ပိုက်ဆံရှင်းခိုင်းလိုက်တာကလွဲလို့ပေါ့။
“Legend”
တန်ဝမ်ကျဲက နားကြပ်တပ်ရင်း ပြောလိုက်သည်။
“ကျုပ်မှာ ခင်ဗျားကို မေးချင်တဲ့ မေးခွန်းတစ်ခု အမြဲရှိနေခဲ့တာ။ ပြီးခဲ့တဲ့အကြိမ် ခင်ဗျားကို တွေ့တုန်းက မေးမလို့ပဲ။”
ဟွမ်ယုံဖား - “ဘာမေးခွန်းလဲ?”
“ခင်ဗျား Legend ဂိမ်းကို ဘယ်ဆာဗာမှာ ဆော့တာလဲ။”