← Chapters

မြေကမ္ဘာအင်မော်တယ် တစ်ဦး၏ နိဂုံး

Vol. 27 Ch. 394

မြေကမ္ဘာအင်မော်တယ် တစ်ဦး၏ နိဂုံး

Vol. 27 Ch. 394

စစ်မြေပြင်တစ်ခုလုံးသည် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။

မြေကမ္ဘာအင်မော်တယ်အဆင့် တစ်ဦး ကျဆုံးသွားလေပြီ။

ခဏတာမျှ မည်သူမျှ မလှုပ်ရှားရဲကြချေ။

မည်သူမျှ အသက်မရှူရဲကြသလိုပင်။

သာမန်ကျင့်ကြံသူရော၊ အင်မော်တယ်အဆင့် ကျင့်ကြံသူများပါ လွန်ခဲ့သော မိနစ်ပိုင်းက လီကျန်းဟယ်ရပ်နေခဲ့သည့် နေရာကို စိုက်ကြည့်နေကြသည်။

ထိုနေရာတွင် အလောင်းမရှိပေ။အရိုးစမရှိသလို ပြန်လည်အသက်သွင်းနိုင်မည့် ဝိညာဉ်အကြွင်းအကျန်ပင် မရှိတော့ချေ။

ဘာမှမရှိတော့ပေ

သူသည် ဤလောကတွင် ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသည့်အလားပင်

"သူ... သူ သေသွားပြီလား?"

စစ်မြေပြင်၏ တစ်နေရာမှ တုန်ရီနေသော အသံတစ်ခုသည် ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ထိုစကားတစ်ခွန်းတည်းနှင့်ပင် လုံလောက်သွားလေပြီ။

ထိတ်လန့်တုန်လှုပ်မှုများသည် လှိုင်းလုံးများပမာ ပျံ့နှံ့သွားတော့သည်။

လီကျန်းဟယိ

လီမျိုးနွယ်စု၏ အကြီးအကဲ။

ကောင်းကင်အင်ပါယာ၏ ထိပ်သီးနေရာတွင် ရာစုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည့် မြေကမ္ဘာအင်မော်တယ်အဆင့် တစ်ဦး။

ဂိုဏ်းအသီးသီးကို ဖိနှိပ်နိုင်ပြီး ရန်သူများကို ခြောက်လှန့်နိုင်သည့် အမည်နာမတစ်ခု ပိုင်ဆိုင်ထားသူ။

ယခုမူ... ထိုသို့သောသူသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရချေပြီ။

ရောက်ရှိနေသော အင်မော်တယ်အဆင့် ကျင့်ကြံသူ အများစုအတွက် လီကျန်းဟယ်သည် အဝေးက ဒဏ္ဍာရီတစ်ခု မဟုတ်ပေ။ သူတို့ ကိုယ်တိုင် အသိအမှတ်ပြုထားရသူ၊ တိုက်ခိုက်ဖူးသူများပင် ဖြစ်သည်။

သူ၏ အစွမ်းကို သူတို့ ကောင်းကောင်း သိကြသည်။

ကောင်းကင်နှင့် မြေကမ္ဘာကို ချေမှုန်းမည့် မိုင်တစ်ထောင် လှံတော်သည် သာမန် အစွမ်းထက်ရုံသာ မဟုတ်ဘဲ ဖျက်ဆီးခြင်း၏ ပြယုဂ်ဖြစ်ကြောင်းကိုလည်း သူတို့ သိကြသည်။

ထိုနည်းဗျူဟာသည် အဆင့်တူ မြေကမ္ဘာအင်မော်တယ်များကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်ဟု လူအများက ကြောက်ရွံ့စွာ ယုံကြည်ထားကြသည့် အရာဖြစ်သည်။

သို့သော်လည်း

၎င်းသည် ချီလင်းကို ခြစ်ရာလေးတစ်ခုသာ ဖြစ်စေခဲ့သည်။

ထိုအမှန်တရားသည် မည်သည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုထက်မဆို ပို၍ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

"တကယ်လို့... အကြီးအကဲလီတောင် ဘာမှမတတ်နိုင်ဘူးဆိုရင်..."

ဂိုဏ်းချုပ်တစ်ဦး၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည်။

"ငါတို့မှာကော ဘာမျှော်လင့်ချက် ရှိတော့မှာလဲ?"

လီမျိုးနွယ်စုဝင်များကြားတွင် မျှော်လင့်ချက်မဲ့မှုများ ပေါက်ကွဲထွက်လာတော့သည်။

"မဖြစ်နိုင်ဘူး... အကြီးအကဲ...”

လီမျိုးနွယ်စု အကြီးအကဲ အချို့သည် မျက်လုံးများ နီမြန်းကာ မျက်နှာတွင် သွေးမရှိတော့သကဲ့သို့ ဖြူလျော့ရင်း ရှေ့သို့ ယိုင်တိုင်တိုင် တိုးလာကြသည်။

အချို့မှာမူ ၎င်းတို့၏ မျက်စိဖြင့် မြင်နေရသည့် အရာကို လက်မခံနိုင်ဘဲ အဝေးသို့ ငေးငိုင်ကြည့်နေကြသည်။

လီကျန်းဟယ်သည် အကြီးအကဲတစ်ဦး ဖြစ်ရုံသာ မဟုတ်ပေ။

သူသည် လီမျိုးနွယ်စု၏ ပင်မမဏ္ဍိုင်ကြီး ဖြစ်သည်။

မရေမတွက်နိုင်သော မုန်တိုင်းများ၊ ပြည်တွင်းပဋိပက္ခများနှင့် ပြင်ပရန်သူများကြားတွင် သူတို့ကို ကာကွယ်ပေးခဲ့သည့် သက်ရှိအုတ်မြစ်ကြီး ဖြစ်သည်။

ယခုမူ

ထိုမဏ္ဍိုင်ကြီး ပြိုလဲသွားချေပြီ။

"မဖြစ်နိုင်တာ... ဒါက အမြင်မှားတာပဲ ဖြစ်ရမယ်... အကြီးအကဲရဲ့ ဝိညာဉ်သာ အကောင်းအတိုင်း ရှိနေသေးရင် ငါတို့ သူ့ကို ပြန်

အသက်သွင်းလို့ ရသေးတယ်”

လီမျိုးနွယ်စု အကြီးအကဲ တစ်ဦးသည် လေသံတုန်ရီစွာဖြင့် ရေရွတ်ရင်း လီကျန်းဟယ်၏ ဝိညာဉ်အစအနလေးကို ခံစားမိရန် စစ်မြေပြင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ရှာဖွေနေသည်။

သို့သော် ဘာမှမရှိခဲ့ချေ။

ကျန်ရှိနေသော အင်မော်တယ်ချီလေးပင် မရှိတော့ပေ

"သူ... တကယ်ပဲ ပျောက်ကွယ်သွားပြီ..."

နောက်ထပ် အကြီးအကဲ တစ်ဦး၏ အသံမှာ တုန်ယင်သွားပြီး မျက်ရည်များ စီးကျလာလေတော့သည်။

ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိခဲ့သည့် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ငိုကြွေးနေလေသည်။ လက်တွေ့ဘဝ၏ ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် သူ၏ တရားဓမ္မနှလုံးသားမှာ အက်ကွဲစပြုနေပြီ ဖြစ်သည်။

လီမျိုးနွယ်စု တပည့်များ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားလှသည်။

အများစုမှာ ရပ်နေသည့်နေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားကြပြီး ထုံကျင်နေသော လက်ချောင်းများကြားမှ လက်နက်များမှာ မြေပြင်ပေါ်သို့ လျောကျကုန်သည်။

အချို့မှာမူ ကြောက်ရွံ့မှုနှင့် ပူဆွေးမှုများက လွှမ်းမိုးသွားသဖြင့် မြေပြင်ပေါ်သို့ ခွေယိုင်ကျကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။

၎င်းတို့၏ အသန်မာဆုံးသော အကာအကွယ်ပေးသူသည် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့ချေပြီ။

၎င်းတို့အတွက် ဘာမျှော်လင့်ချက် ကျန်ပါတော့မည်နည်း။

ထိုအဖြစ်အပျက်အားလုံး၏ အလယ်တွင် လီကျန်းဟုန်သည် မြေပြင်တွင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။

သူ၏ ခန္ဓာကိုယ်မှာ တုန်ရီနေ၏။

၎င်းမှာ ကြောက်ရွံ့မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ သူ၏ အုတ်မြစ်တစ်ခုလုံး လှုပ်ခါသွားသည်အထိ ပြင်းထန်လွန်းသော ထိတ်လန့်မှုကြောင့် ဖြစ်သည်။

(အကြီးအကဲ လီကျန်းဟယ်... ရှုံးသွားတာလား?)

လီကျန်းဟယ် သူ့ကို လမ်းပြပေးခဲ့ပုံများ၊ သူ၏ အမှားများကို ပြင်ဆင်ပေးခဲ့ပုံများနှင့် လီမျိုးနွယ်စု၏ အမည်နာမကို ဆောင်ထားရခြင်း၏ ဂုဏ်သိက္ခာနှင့် တာဝန်ဝတ္တရားများကို သတိပေးခဲ့ပုံများကို သူ ပြန်လည်အမှတ်ရနေမိသည်။

လီကျန်းဟုန်သည် သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိရာ လက်ဖဝါးများမှ သွေးများပင် စိမ့်ထွက်လာသည်။ သို့သော် သူ နာကျင်မှုကို မခံစားရချေ။

(သူတောင် မတားဆီးနိုင်ခဲ့ဘူးဆိုရင်...)

သူ၏ အကြည့်များက မြင့်မားလှသော ချီလင်းတပိုင်းထံသို့ ရောက်သွားပြီး သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော ကြောက်ရွံ့မှုက စတင်နေရာယူလာတော့သည်။

သူ၏ ပတ်ဝန်းကျင်တွင် လီမျိုးနွယ်စု အကြီးအကဲများသည် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြသော်လည်း ၎င်းတို့၏ အမိန့်ပေးသံများမှာ ယုံကြည်ချက် ကင်းမဲ့နေသည်။

"စစ်ကြောင်းကို မပျက်စေနဲ့”

"မထိတ်လန့်ကြနဲ့”

၎င်းတို့၏ အမိန့်ပေးသံများသည် မျှော်လင့်ချက်မဲ့မှုများအောက်တွင် နစ်မြုပ်နေပြီး အနှစ်သာရ ကင်းမဲ့နေသည်။

သို့သော်လည်း ၎င်းတို့တွင် ဝမ်းနည်းနေရန် အချိန်မရှိပေ။ ပြိုင်ဘက်များကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အချို့မှာမူ သတိလက်လွတ် ဖြစ်သွားခြင်းကြောင့် အသက်ဆုံးရှုံးနေကြရပြီ ဖြစ်သည်။

မျှော်လင့်ချက်မဲ့မှုများသည် ပြင်းထန်စွာ အမြစ်တွယ်လာသည်။

စစ်မြေပြင်၏ စိတ်ဓာတ်မှာ ခဏချင်းအတွင်း ပြိုလဲသွားတော့သည်။

အင်မော်တယ်အဆင့် ကျင့်ကြံသူများပင် ထိုဒဏ်ကို ခံစားနေရသည်။

ကျောက်ဝူကျင်းသည် သူ၏ စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ ကျောက်ရုပ်ကဲ့သို့ ရပ်နေမိသည်။

သူ၏ နားထဲတွင် အသံများ မြည်ဟည်းနေပြီး တိုက်ပွဲသံများကိုပင် မကြားရတော့ချေ။

လွန်ခဲ့သော ခဏလေးကမှ ကြားခဲ့ရသည့် လီကျန်းဟယ် အသံကို သူ ကြားနေရဆဲပင်။

"အခုပဲ”

သူ၏ လက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။

(အဲဒီ တိုက်ကွက်က... ဘာမှ မဖြစ်ခဲ့ဘူး။)

ယုရွှမ်သယ်သည် သူ၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားရသည်။

ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားမှာ သူ၏ အရိုးထဲအထိ စိမ့်ဝင်သွားပြီး ကျောပြင်တစ်လျှောက် ချွေးအေးများ စီးကျလာသည်။

(ဒီသားရဲက ငါတို့သုံးယောက် ပူးပေါင်းတိုက်လို့ နိုင်မဲ့ အမျိုးအစား မဟုတ်ဘူး။)

ချီလင်းကို အနိုင်ယူရန် ကြိုးစားချင်ပါက မြေကမ္ဘာအင်မော်တယ် အနည်းဆုံး ၅ ဦး သို့မဟုတ် ၆ ဦးခန့် လိုအပ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ထိုသို့သော အခြေအနေမျိုးတွင်ပင် အောင်မြင်ရန်မှာ မသေချာလှချေ။

ချီလင်းသည် ပျက်စီးနေသော နေရာအလယ်တွင် တည်ငြိမ်အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်ရင်း ရပ်နေသည်။

၎င်း၏ ရင်ဘတ်ပေါ်ရှိ သေးငယ်လှသော ဒဏ်ရာမှ သွေးများ စီးကျနေဆဲ ဖြစ်သော်လည်း ထိုဒဏ်ရာမှာ မရှိသလောက်ပင် ဖြစ်သည်။

၎င်း၏ အကြည့်သည် စစ်မြေပြင်တစ်ခုလုံးကို ဝှေ့ယမ်းကြည့်လိုက်သည်။

၎င်း ကြည့်လိုက်သည့် နေရာတိုင်းတွင် ကြောက်ရွံ့မှုများက နောက်မှ ကပ်လျက် ပါသွားသည်။

ကျောက်ဝူကျင်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို အတင်းအကျပ် လှုပ်ရှားလိုက်

သည်။ ထို့နောက် စစ်သူကြီးရှုထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လိုက်လေတော့သည်။

"စစ်သူကြီးရှု.. ကျွန်တော်တို့ သူ့ကို ဟန့်တားမထားနိုင်တော့ဘူး”

ကျောက်ဝူကျင်းသည် သူ၏ခန္ဓာကိုယ်ကို အတင်းတည်ငြိမ်အောင် ထိန်းရင်း သွားကို ကြိတ်ကာ ပြောလိုက်သည်။

"လီကျန်းဟယ်သေသွားပြီ။ ယုရွှမ်သယ်နဲ့ ကျွန်တော်..." သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စကားကို အတင်းဆက်ပြောလိုက်ရသည် "ကျွန်တော်တို့ နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။"

သူ့စကားများတွင် အကြွင်းမဲ့ သေချာမှုများ ပါဝင်နေသည်။ အကြောင်းမှာ လီကျန်းဟယ်ရှိစဉ်ကပင် သူတို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။

လီကျန်းဟယ် သေဆုံးသွားပြီးနောက်တွင်မူ ချီလင်းကို တားဆီးရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း သေချာသွားပြီဖြစ်သည်။

စစ်သူကြီးရှုယုချန်း၏ နှလုံးသားမှာ နစ်မြုပ်

သွား၏။

ကောင်းကင်အင်ပါယာကို မရေမတွက်နိုင်သော အကျပ်အတည်းများကြားမှ လမ်းပြခဲ့သည့် သူ၏ ထက်မြက်လှသော ဦးနှောက်မှာ ခဏတာမျှ လုံးဝ ဗလာဖြစ်သွားရသည်။

စစ်သူကြီးရှုသည် သူ၏လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။

"စစ်ကူတွေကော?"

ကျောက်ဝူကျင်းသည် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"တခြား မြေကမ္ဘာအင်မော်တယ်တွေကော... ရောက်လာနိုင်ဦးမလား?"

စစ်သူကြီးရှုသည် နှုတ်ခမ်းကို ဟလိုက်သော်လည်း... ပြန်ပိတ်သွားသည်။

သူ၏ တိတ်ဆိတ်မှုကပင် အဖြေဖြစ်နေသည်။

ချီလင်း၏ အစွမ်းကို မြင်တွေ့ပြီးနောက်တွင် ပိုမိုများပြားသော အင်အားလိုအပ်ကြောင်း သူ နားလည်သွားပြီး စစ်ကူများ တောင်းခံထားပြီးသား ဖြစ်သည်။ သို့သော် ထိုစစ်ကူများမှာ ယခုချက်ချင်း ရောက်လာနိုင်မည် မဟုတ်ပေ။

လီကျန်းဟယ်သည် ဤမျှ မြန်ဆန်လွယ်ကူစွာ အသတ်ခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုအချက်တစ်ခုတည်းကပင် ယခုအကျပ်အတည်းမှာ မည်မျှ ပြင်းထန်နေကြောင်း ပြသနေသည်။

ကံမကောင်းစွာဖြင့် သူတို့သည် ဤသို့သော အခြေအနေမျိုးအတွက် ပြင်ဆင်ထားခြင်း မရှိခဲ့ကြချေ။

"အစောဆုံးဆိုရင် နာရီအနည်းငယ်လောက် ကြာလိမ့်မယ်။"

ကျောက်ဝူကျင်း စိတ်ဓာတ်ကျသွားသည်။

နာရီအနည်းငယ်?

သူတို့မှာ မိနစ်ပိုင်းတောင် တောင့်ခံနိုင်ဖို့ မလွယ်ကူတော့ချေ။

စစ်သူကြီးရှုသည် စစ်မြေပြင်သို့ မျက်စိကစားကာ နည်းလမ်းတစ်ခုခုကို ရှာဖွေနေမိသည်။

သို့သော် သူ မြင်တွေ့နေရသည့် အရာများက မျှော်လင့်ချက်မဲ့မှုကို ပို၍သာ တိုးစေသည်။

ပိုင်ချူသည် မိုကျွင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရသဖြင့် ခွာ၍ မရနိုင်ပေ။ အခြား မြေကမ္ဘာအင်မော်တယ် နှစ်ဦးမှာလည်း ၎င်းတို့၏ ပြိုင်ဘက် မိစ္ဆာသားရဲများဖြင့် လုံးထွေးနေရသည်။ သူတို့မှာလည်း သိသိသာသာ ရုန်းကန်နေရပြီး ဆုတ်ခွာရန် မဖြစ်နိုင်ပေ။

အင်မော်တယ် ကောင်းကင်တက်ခြင်းအဆင့်အကြီးအကဲများကို အကူအညီတောင်းရန်မှာလည်း မဖြစ်နိုင်ပေ — သူတို့မှာ ဝင်ရှုပ်သလိုသာ ဖြစ်သွားလိမ့်မည်။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ပိုင်ရမ် သာ ဖြစ်သည်။ သူသည် ကုံးယောင်နှင့် တိုက်ခိုက်နေရသော်လည်း အပြတ်အသတ် အသာစီးရနေသူ ဖြစ်သည်။

အမတ်ရှုအကူအညီတောင်းနိုင်မည့် တစ်ဦးတည်းသောသူမှာ ပိုင်ရမ်သာ ရှိတော့သည်။

စစ်မြေပြင်၏ အခြားတစ်ဖက်တွင်မူ

ချလွမ်း ချလွမ်း

ပိုင်ရမ်သည် ကုံးယောင်ကို ဆက်တိုက် ဖိနှိပ်နေစဉ် ဓားနှင့် မိစ္ဆာဓားများ ပြင်းထန်စွာ ထိတွေ့နေကြသည်။

တိုက်ကွက်တိုင်းသည် ပြင်းထန်လှသည်။

အပြန်အလှန် ထိုးနှက်မှုတိုင်းက ကုံးယောင်ကို ပို၍ နောက်ဆုတ်သွားစေပြီး သူ၏ မိစ္ဆာချီများမှာလည်း မတည်မငြိမ် ဖြစ်လာသည်။

ထိုစဉ်

အမြောက်သံကဲ့သို့ ဟိန်းထွက်လာသော အသံကြီးက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

ဘုန်းးး

ပိုင်ရမ်၏ မျက်လုံးများ အရောင်တောက်သွားသည်။

ခဏတာမျှ သူ၏ ဓားချက်များ နှေးကွေးသွားသလို ကုံးယောင်လည်း ထို့အတူပင်။

၎င်းတို့ နှစ်ဦးလုံး ခံစားလိုက်ရသည်။

ထိုအရာမှာ အရာအားလုံးကို ချေမှုန်းနိုင်သော ဖိအားကြီးပင်။ သူတို့သည် တစ်ပြိုင်နက်တည်းဆိုသလို ဝေးကွာသော စစ်မြေပြင်ဆီသို့ အကြည့်များ လွှဲလိုက်ကြသည်။

ထိုအခါ သူတို့ မြင်လိုက်ရသည်မှာ

တိတ်ဆိတ်ငြိမ်သက်ခြင်း။

ပျက်စီးယိုယွင်းနေသော ကျယ်ပြောလှသည့် မြေပြင်။

ထို့နောက်... မြေကမ္ဘာအင်မော်တယ်တစ်ဦး၏ တည်ရှိမှုမှာ သိသိသာသာ ပျောက်ကွယ်သွားခြင်းပင်

ကုံးယောင်၏ မျက်ဆန်များ ကျဉ်းမြောင်းသွားပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာသည်။

"ဟက်”

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ရက်စက်ပြီး ကျေနပ်အားရနေသည့် အပြုံးမျိုး ဖြစ်သည်။

"ဟားဟားဟား၊ လီကျန်းဟယ် ကျဆုံးသွားပြီပဲ။ မင်းတို့အားလုံးလည်း သူ့နောက်ကို လိုက်ရဖို့က အချိန်ပိုင်းပဲ လိုတော့တာပေါ့"

ကုံးယောင်က လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။

သူသည် ခပ်တိုးတိုး ရယ်မောလိုက်ရာ မိစ္ဆာချီများက သူ့ပတ်ဝန်းကျင်တွင် မီးခိုးငွေ့များကဲ့သို့ ဝဲပျံနေသည်။

သူ၏ အကြည့်သည် ပိုင်ရမ်ထံသို့ ပြန်လည်ရောက်ရှိလာ၏။

"ဒါကြောင့် ဒီအချည်းနှီးဖြစ်မယ့် ကြိုးစားမှုတွေကို ရပ်လိုက်တော့ ပိုင်ရမ်။ မင်းတို့ဘက်က ဘယ်လိုမှ မနိုင်နိုင်တော့ဘူး”

ပိုင်ရမ်၏ မျက်နှာအမူအရာသည် မှောင်မှောင်သွားသည်။

ချလွမ်း

သူက လက်ကောက်ဝတ်ကို ပြင်းထန်စွာ လှည့်လိုက်ပြီး ကုံးယောင်၏ လက်နက်ကို ဘေးသို့ ရိုက်ထုတ်ကာ သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။

"ခွေးတစ်ကောင်လို အရိုက်ခံနေရတဲ့သူက စကားတွေ သိပ်များနေတာပဲ" ပိုင်ရမ်က အေးစက်စွာ ပြန်ပြောလိုက်သည်။

သူ့ဓားကို ရှေ့သို့ ချိန်ရွယ်လိုက်ရာ အင်မော်တယ်ချီများသည် သူ့ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ မြင့်တက်လာသည်။

"မင်း သူများအရေးထက် ကိုယ့်အသက်ကိုယ် အရင်ပူအောင်လုပ်ပါ။"

ကုံးယောင်၏ အပြုံးမှာ ခဏတာမျှ တုန်လှုပ်သွားသည်။

ပိုင်ရမ် ရှေ့သို့ တိုးလာသည်။

ချလွမ်း ချလွမ်း ချလွမ်း

နောက်ထပ် တိုက်ကွက်များစွာ ပေါက်ကွဲထွက်လာပြန်ရာ ကုံးယောင်သည် နောက်သို့ ထပ်မံဆုတ်ခွာလိုက်ရသည်။ ဖိအားအောက်တွင် သူ၏ ခုခံမှုများမှာ အော်ဟစ်နေရသကဲ့သို့ ရှိပြီး မီးပွားများလည်း တဖျတ်ဖျတ် လွင့်စင်နေသည်။

သို့သော်လည်း

သူ ပြောလိုက်သည့် စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင်

ပိုင်ရမ်၏ နှလုံးသားမှာ တည်ငြိမ်မနေချေ။

(လီကျန်းဟယ်... သေသွားပြီလား?)

လီကျန်းဟယ်သည် ရန်သူတစ်ဦးဖြစ်သဖြင့် သူ၏ သေဆုံးမှုအပေါ် ပိုင်ရမ် ဘာမှမခံစားရပေ။

သို့သော်လည်း သူ သေဆုံးသွားခြင်းက ၎င်းတို့၏ စစ်ဗျူဟာတွင် ဟာကွက်ကြီးတစ်ခု ဖြစ်သွားစေသည်မှာ အမှန်ပင်။

(အဲဒီ ချီလင်းက...)

ပိုင်ရမ်သည် ဓားကို မသိမသာ ပို၍ တင်းတင်းဆုပ်ကိုင်လိုက်မိသည်။

လီကျန်းဟယ်၏ ကောင်းကင်နှင့် မြေကမ္ဘာကို ချေမှုန်းမည့် မိုင်တစ်ထောင် လှံတော်ကပင် ခြစ်ရာလေးတစ်ခုသာ ဖြစ်စေခဲ့သည်ဆိုလျှင်—

ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့မှာ ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။

ပိုင်ရမ်၏ အကြည့်များမှာ ထက်ရှလာသည်။

(တကယ်လို့ သူတို့ပါ ကျဆုံးသွားရင်... စစ်မြေပြင်တစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။)

ကုံးယောင်သည် ပိုင်ရမ်၏ မျက်လုံးထဲမှ တုန်လှုပ်မှုကို သတိပြုမိသွားပြီး ကျယ်

လောင်စွာ ရယ်မောလိုက်သည်။

"ဟားဟား၊ ဘာဖြစ်တာလဲ?" သူက ရန်စလိုက်သည်။ "ကြောက်သွားပြီလား?"

"မင်း ဘယ်လောက်ပဲ သန်မာလာပါစေ— ဒီနေ့ဟာ မင်းရဲ့ နောက်ဆုံးနေ့ပဲဆိုတာကို သဘောပေါက်သွားပြီလား?"

ပိုင်ရမ်၏ တုံ့ပြန်မှုက ချက်ချင်းပင် ရောက်လာသည်။

ရွှမ်

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် လေထုကို ဖြတ်သန်းသွားရာ ကုံးယောင်မှာ ကပျာကယာ ခုခံလိုက်ရသည်။

ဖြောင်း

ကုံးယောင်သည် နောက်သို့ လွင့်ထွက်သွားပြီး ရိုက်ခတ်မှုကြောင့် သူ၏ လက်မောင်းမှာ ထုံကျင်သွားသည်။

ပိုင်ရမ်က ရှေ့သို့ ထပ်မံတိုးဝင်လာပြန်သည်။

သူ၏ လေသံမှာ တိုးသော်လည်း အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေ၏။

"အပိုစကားတွေ တော်တော့။ ငါ ဘယ်လိုသေမလဲဆိုတာကို ကြည့်ချင်တယ်ဆိုရင်—"

သူ၏ မျက်လုံးများတွင် ဒေါသတောက်လောင်နေသည်။

"အဲဒီအချိန်အထိ အသက်ရှင်အောင် အရင်ကြိုးစားစမ်းပါ”

All Chapters