ချူမျိုးနွယ်စုကို ပစ်မှတ်ထားခြင်း
Vol. 27 Ch. 396
ရွှမ်း
နဝမအဆင့် မိစ္ဆာသားရဲတစ်ကောင်သည် ပိုင်ကျီဟန်၏လက်ချက်ဖြင့် ထပ်မံကျဆုံးသွားပြန်သည်။
ယခုအချိန်အထိ သူသည် နဝမအဆင့် မိစ္ဆာသားရဲ မည်မျှကို သတ်ဖြတ်ခဲ့သည်ကိုပင် သူကိုယ်တိုင် မသိတော့ချေ။ သို့သော် သူ၏ စနစ်အမှတ်များသည် ၁၀၀,၀၀၀ ပြည့်ရန် တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်သည်။
သူသည် ပြုံးမဝနိုင်အောင် ဖြစ်နေ၏။
အကယ်၍ သူသာ သူတော်စင်အဆင့်နည်းစနစ်များကို ဝယ်ယူလိုပါက နှစ်ခုစာကို အေးအေးဆေးဆေး ဝယ်ယူနိုင်ပြီဖြစ်သည်။
သို့သော် သူ ရပ်တန့်ရန် အစီအစဉ်မရှိပေ။
သူ တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်နေဦးမည် ဖြစ်သည်။
သူတို့ဘက်မှ အင်မော်တယ် လီကျန်းဟယ် ကျဆုံးသွားသည့်တိုင်အောင် ပိုင်ကျီဟန်သည် တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။
သူသည် နဝမအဆင့် မိစ္ဆာသားရဲများကိုသာ ဆက်လက်သတ်ဖြတ်နေခဲ့သည်။
အခြားနေရာများတွင် စိတ်ဓာတ်များ ပျက်ပြားနေနိုင်သော်လည်း ပိုင်ကျီဟန်ရှိရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ သူ့ကို တစ်စုံတစ်ယောက်က တားဆီးနိုင်လိမ့်မည်ဟုပင် စိတ်ကူးမယဉ်နိုင်ကြချေ။
အစပိုင်းတွင် အချို့က တိုက်ပွဲအခြေအနေမှာ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများဘက်သို့ ယိမ်းသွားမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ပိုင်ကျီဟန်က ဆက်တိုက် သတ်ဖြတ်နေဆဲပင်။
မနားမနေ သတ်ဖြတ်နေခြင်း ဖြစ်သည်။
သူရပ်နေသည့်နေရာတွင် ထိုကဲ့သို့သော စိုးရိမ်စိတ်များ ဝင်ရောက်လာရန်ပင် အချိန်မရလိုက်ချေ။
ရွှမ် ရွှမ်
သွေးများ လွင့်စင်သွားသည်။
အလောင်းများ လဲကျကုန်သည်။
ပိုင်ကျီဟန် ရှိနေသည့် စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် မျှော်လင့်ချက်မဲ့ခြင်းဆိုသည်မှာ မရှိခဲ့ပေ။
အခြားတစ်နေရာတွင်မူ ဆန့်ကျင်ဘက် အခြေအနေများ ဖြစ်ပေါ်နေသည်။
မိစ္ဆာကျင့်ကြံသူများကြားတွင် ရယ်မောသံများ ထွက်ပေါ်နေ၏။
အရူးတပိုင်း၊
ထိန်းမနိုင်သိမ်းမရ ရယ်မောသံများဖြစ်သည်။
"ဟားဟားဟား”
"တွေ့လိုက်ကြလား?..မင်းတို့အားလုံးလည်း အဲဒီလိုပဲ အဆုံးသတ်ရမှာ”
"ဒီဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေက ဒီလောက်အထိ အားနည်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ချီလင်းတပိုင်းသည် လွတ်လပ်စွာ သောင်းကျန်းနေပြီး တိုက်ပွဲစည်းများစွာ ပြိုလဲနေသည့်အတွက် မိစ္ဆာကျင့်ကြံသူများသည် အသစ်တဖန် ပြင်းထန်လာသော ရက်စက်မှုများဖြင့် ရှေ့သို့ တိုးလာကြသည်။
သူတို့သည် ယခင်ကထက် ပိုမိုရက်စက်စွာ တိုက်ခိုက်လာကြပြီး မိစ္ဆာချီ များမှာ ပင်လယ်နက်လှိုင်းလုံးကြီးများကဲ့သို့ ဟိန်းဟောင်ကာ ကောင်းကင်အင်ပါယာ၏ တပ်ဖွဲ့များကို တဖြည်းဖြည်း နောက်သို့ ဆုတ်သွားစေသည်။
စစ်အစီအရင်များ ပျက်စီးကုန်ပြီး ခုခံစစ်စည်းများလည်း ပြိုလဲကုန်၏။
"သူတို့ကို ဖိတိုက်စမ်း”
"သူတို့ဆီ စစ်ကူတွေ မရောက်ခင် ချေမှုန်းပစ်ကြ”
ပေါင်းစပ်ဖိအားများအောက်တွင် ကောင်းကင်အင်ပါယာသည် အန္တရာယ်ရှိသော အခြေအနေသို့ ဆိုက်ရောက်နေသည်။
ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် — တိုက်ပွဲ ကွင်းပြင်တစ်ခုသည် ယုတ်မာသော အာရုံစိုက်မှုကို ခံနေရသည်။
ချူမျိုးနွယ်စု
ထိပ်သီးမိစ္ဆာကျင့်ကြံသူတစ်စုသည် သူတို့ကို ပစ်မှတ်ထားလိုက် ကြသည်။
သူတို့၏အလယ်တွင် မိုထျန်းကျီ ရပ်နေ၏။
သူ့အကြည့်မှာ အေးစက်နေသည်။
တွက်ချက်နေ၏
ရက်စက်နေ၏
"ဒါက ချူမျိုးနွယ်စုပေါ့လေ..."
သူ့နှုတ်ခမ်းများမှာ ဖြည်းဖြည်းချင်း ကွေးညွှတ်သွားသည်။
သူ သိသည်။
သူတို့က ဘယ်သူတွေလဲဆိုတာ သူ အတိအကျသိသည်။
ပို၍အရေးကြီးသည်မှာ
သူတို့ကြားတွင် ဘယ်သူရှိနေသည်ကိုလည်း သူသိသည်။
"ပိုင်ကျီဟန်ရဲ့ စေ့စပ်ထားတဲ့သူ..." မိုထျန်းကျီသည် ယုတ်မာသော အကြည့်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချူကျီယန်”
သူ လက်ကို မြှောက်လိုက်၏။
"သူတို့ကို သတ်ပစ်ကြစမ်း”
တိုက်ခိုက်မှု စတင်သည်နှင့် မိစ္ဆာချီများ ပေါက်ကွဲထွက်လာသည်။
ချူမျိုးနွယ်စု၏ ခုခံရေး အစီအရင်များသည် မျှော်လင့်ချက်မဲ့စွာ တောက်ပလာသော်လည်း ဖိအားမှာ အဆမတန် ကြီးမားလွန်းလှသည်။
မိစ္ဆာနည်းစနစ်များမှာ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး အကာအကွယ်များကို ဖျက်ဆီးပစ်တော့သည်။
မိုထျန်းကျီ ကိုယ်တိုင် လှုပ်ရှားလိုက်သည်။
သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ချူမျိုးနွယ်စု စစ်အစီအရင်၏ အလယ်ဗဟိုသို့ တိုက်ရိုက် ဆင်းသက်သွားသည်။
"ရှာတွေ့ပြီ”
သူ့အကြည့်သည် ရုန်းရင်းဆန်ခတ်မှုများကြားတွင် တည်ငြိမ်စွာ ရပ်နေသော အမျိုးသမီးငယ်တစ်ဦးထံတွင် စွဲမြဲသွားသည်။
"ဒါကို မင်းအတွက် ဂုဏ်ယူစရာလို့ မှတ်ယူလိုက်စမ်းပါ" မိုထျန်းကျီက သူ၏လက်ဖဝါးတွင် မိစ္ဆာချီများကို ရစ်ပတ်ထားရင်း အေးစက်စွာ ပြောလိုက်သည်။
"မင်းသေတာက ပိုင်ကျီဟန်အတွက် ပြစ်ဒဏ်ပဲ"
သူ တိုက်ခိုက်လိုက်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်တစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အဆုံးသတ်နိုင်လောက်သည့် ရက်စက်သော အသေသတ်ချက် ဖြစ်သည်။
သို့သော်လည်း ချူကျီယန် လှုပ်ရှားလိုက်သည်။
သူမ၏ မျက်လုံးများ စူးရှသွား၏။
သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အပြစ်ပြောစရာမရှိသော တိကျမှုနှင့်အတူ လက်ချောင်းများဖြင့် ပိတ်ဆို့လိုက်သည်။
ဘုန်း
သူမ၏ တိုက်ကွက်မှာ သူ့တိုက်ကွက်နှင့် တည့်တည့် တိုးမိသွားသည်။
မိစ္ဆာချီနှင့် ဖြောင့်မတ်သော စွမ်းအင်များ ပြင်းထန်စွာ ထိတွေ့မှုကြောင့် လေထုထဲတွင် တုန်ခါလှိုင်းများ ဖြစ်ပေါ်လာသည်။
မိုထျန်းကျီ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"ဘာလဲ?"
ချူကျီယန် နောက်မဆုတ်ခဲ့ပေ။
သူမသည် ချက်ချင်းပင် လိုက်ပါတိုက်ခိုက်သည် — သူမ၏ လှုပ်ရှားမှုများမှာ လှပချောမွေ့ပြီး သူမ၏ နည်းစနစ်များသည် တိကျကာ ဖျက်အားပြင်းလှသည်။
တိုက်ကွက်ချင်း တုံ့ပြန်ခြင်း။
လှုပ်ရှားမှုချင်း ယှဉ်ပြိုင်ခြင်း။
သူမ တားဆီးသည်။
သူမ ပြန်လည်တိုက်ခိုက်သည်။
သူမ ရှေ့သို့ တိုးလာသည်။
မိုထျန်းကျီမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
ထို့နောက် နောက်ထပ် တစ်လှမ်း။
သူ၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
သူ ကြုံတွေ့နေရသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေ၏။
ချူကျီယန်၏ အကြည့်မှာ အေးစက်ပြီး ခိုင်မာနေသည်။
"နင်က ပိုင်ကျီဟန်ကို ကြောက်နေလို့ ငါ့ကိုသတ်ရင် လွယ်ကူမယ်လို့ ထင်နေတာလား?"
သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
မိုထျန်းကျီ သွားကြိတ်လိုက်၏။
ထိုအချက်မှာ သူ အမှန်တကယ် တွေးထားသည့် အချက်ပင် ဖြစ်သည်။
သူသည် ဗီဇအရ ဘီလူးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ပိုင်ကျီဟန်ကို မယှဉ်နိုင်မှန်း သိသည်။
သို့သော် တုံ့ပြန်ရန်မှာ တိုက်ရိုက်ဖြစ်နေရန် မလိုပေ။
ပိုင်ကျီဟန် တန်ဖိုးထားသူကို ပစ်မှတ်ထားခြင်းထက် ပိုကောင်းသော နည်းလမ်း ဘာရှိဦးမည်နည်း?
ပိုင်ရွှယ်ချင်းမှာ အကောင်းဆုံး ဖြစ်နိုင်သော်လည်း သူမသည်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။
ထို့ကြောင့် သူသည် ချူကျီယန်ဘက်သို့ လှည့်လာခြင်းဖြစ်သည်။
ပိုင်ကျီဟန်၏ စေ့စပ်ထားသူ။
သူက လွယ်ကူလိမ့်မည်ဟု ထင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူသည် ပိုင်ကျီဟန်မှလွဲလျှင် မျိုးဆက်သစ်လူငယ်များထဲတွင် အသန်မာဆုံး ဖြစ်သည်
သို့မဟုတ် သူက ထိုသို့ ယုံကြည်ထားသည်။
ချူကျီယန်ကို သတ်ရသည်မှာ ဤမျှအထိ ခက်ခဲလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း?
သို့သော် သူတို့ပတ်ဝန်းကျင်ရှိ အခြေအနေမှာ တည်ငြိမ်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
ချူကျီယန်သည် မိုထျန်းကျီကို ထိန်းထားနိုင်သော်လည်း ချူမျိုးနွယ်စုကိုယ်တိုင်မှာမူ ရုန်းကန်နေရသည်။
အစောပိုင်းက ကောင်းကင်အင်ပါယာတစ်ခုလုံးတွင် ဖြစ်ပေါ်ခဲ့သော စိတ်ဓာတ်ပြိုလဲမှုမှာ နက်ရှိုင်းသော ဒဏ်ရာများကို ချန်ထားခဲ့သည်။
မိစ္ဆာကျင့်ကြံသူများသည် အခွင့်အရေးကို အရယူကာ အထိန်းအကွပ်မဲ့ သတ်ဖြတ်ပြီး ချူမျိုးနွယ်စုကို ဝိုင်းရံထားကြသည်။
သူတို့သည် ချူမျိုးနွယ်စုဝင်များကို တမင်တကာ ပစ်မှတ်ထားကာ ဖိတိုက်နေသည့်အတွက် ပျက်စီးနေသော စစ်အစီအရင်များကြားတွင် သွေးများ စိုရွှဲနေသည်။
ဖိအားသည် ပိုမိုမြင့်တက်လာသည်။
ချူကျီယန်က ချက်ချင်း သတိပြုမိသွားသည်။
ရင်းနှီးနေသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည့်အတွက် သူမ၏ နှလုံးသားမှာ တင်းကျပ်သွားသည်။
(ဒီအတိုင်းဆိုရင်... ငါတို့ ကြာကြာခံမှာ မဟုတ်ဘူး)
သူမ နောက်ဆုတ်ချင်သည်။
သူမ၏ တပ်သားများကို ပြန်လည်တည်ငြိမ်အောင် ကူညီပေးချင်သည်။
သို့သော် သူမ မလုပ်နိုင်ပေ။
မိုထျန်းကျီသည် သူမရှေ့တွင် မိစ္ဆာစိတ်ဆန္ဒ၏ တံတိုင်းကြီးတစ်ခုကဲ့သို့ ရပ်နေသည်။
လွန်ခဲ့သော နှစ်နှစ်ကဆိုလျှင် သူမသည် သူ့ကို ရင်ဆိုင်ရန်ပင် စိတ်ကူးရဲမည် မဟုတ်ပေ။
ထိုအချိန်က မိုထျန်းကျီမှာ သူမ မမီနိုင်သော အဆင့်တွင် ရှိနေခဲ့သည်။
ယခုမူ
သူမသည် သူ့ကို တန်းတူ တိုက်ခိုက်နေနိုင်သည်။
သို့သော်လည်း...
၎င်းမှာ မလုံလောက်သေးပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ချူမျိုးနွယ်စုသည် ဘာမှမကျန်တော့သည့်အထိ တစ်စစီ ချေမှုန်းခံရပေလိမ့်မည်။
မိုထျန်းကျီသည် သူမ၏ အာရုံပျံ့လွင့်မှုကို ခံစားမိသွားပြီး လှောင်ပြောင်လိုက်သည်။
"ဟက်... မင်းရဲ့ မျိုးနွယ်စုအတွက် စိတ်ပူနေတာလား?"
သူ ထပ်မံတိုက်ခိုက်လိုက်စဉ် မိစ္ဆာချီများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
"စိတ်မပူပါနဲ့။ မင်းလည်း မကြာခင် သူတို့ဆီ ရောက်သွားမှာပါ။"
ချူကျီယန်က တားဆီးလိုက်သော်လည်း တိုက်ခိုက်မှု၏ ဒဏ်ကြောင့် သူမ၏ လက်မောင်းများ တုန်ခါသွားသည်။
ထို့နောက်
ဘုန်း
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျဆင်းလာသည်။
စစ်မြေပြင်တစ်ခုလုံး ခဏတာ တောင့်တင်းသွားသည်။
ကြီးမားသော အလောင်းနှစ်လောင်းမှာ အမှိုက်များကဲ့သို့ ဘေးသို့ လွင့်စင်သွားပြီး မိုးခြိမ်းသံကဲ့သို့သော အရှိန်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
ဗလာသန့်စင်ခြင်းအဆင့် မိစ္ဆာအကြီးအကဲများ။
သေချေပြီ
သူတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေဆဲပင်။
မိုထျန်းကျီ၏ ရယ်မောသံသည် ချက်ချင်း ငြိမ်သက်သွားသည်။
သူ၏ မျက်သူငယ်များမှာ ကျုံ့ဝင်သွားသည်။
နှေးကွေးသော ခြေသံများသည် ရှေ့သို့ ပဲ့တင်ထပ်လာသည်။
ရင်းနှီးနေသော ပုံရိပ်တစ်ခုမှာ သတ်ဖြတ်မှုများကြားမှ ထွက်ပေါ်လာသည်။သူ၏ ဓားတွင် လတ်ဆတ်သော မိစ္ဆာသွေးများ စိုရွှဲနေ၏။
ပိုင်ကျီဟန်
(ဘယ်လိုလုပ်ပြီး?)
ပိုင်မျိုးနွယ်စုနှင့် ချူမျိုးနွယ်စု တပ်ဖွဲ့များသည် သူ ချက်ချင်းရောက်လာနိုင်လောက်သည့်အထိ နီးကပ်နေသည် မဟုတ်ပေ။
ထို့နောက် မိုထျန်းကျီ တွေ့လိုက်ရသည်မှာ
သူတို့ဆီသို့ တိုက်ရိုက် ဦးတည်နေသော အလောင်းတန်းကြီးတစ်ခု။
မိစ္ဆာသားရဲတိုင်း။
မိစ္ဆာကျင့်ကြံသူတိုင်း။
သတ်ဖြတ်ခြင်း ခံထားရသည်။
ပိုင်ကျီဟန်၏ အေးစက်သော အကြည့်မှာ မိုထျန်းကျီအပေါ်၌ စွဲမြဲသွားသည်။
လေထုမှာ လေးလံလာ၏။
"ကဲ..." ပိုင်ကျီဟန်က တည်ငြိမ်စွာ ပြောလိုက်ရာ သူ၏ အသံသည် စစ်မြေပြင်တစ်ခုလုံးတွင် လွယ်လင့်တကူ ပျံ့နှံ့သွားသည်။
"မင်းလို အားနည်းတဲ့ကောင်က ဒီမှာ ဘာလုပ်နေတာလဲ?"
မိုထျန်းကျီ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ကြောက်ရွံ့မှုများသည် သူ၏ ကျောရိုးတစ်လျှောက် ဒေါသထက် ပို၍အေးစက်စွာ တိုးဝင်လာသည်။
(ဒီဘီလူးကောင်...)
သို့သော် သူ သွားကြိတ်လိုက်၏။
သူ ပြန်လည်တုံ့ပြန်ရမည်။
သူ၏ ပုံရိပ်ကို ထိန်းသိမ်းရမည်။
မိုထျန်းကျီ ဟိန်းဟောက်လိုက်စဉ် မိစ္ဆာချီများ ပေါက်ကွဲထွက်လာသည်။
"ပိုင်ကျီဟန်၊ ဒီနေ့ ငါ မင်းကို သတ်မယ်”
ထိုစကားလုံးများမှာ အနှစ်မဲ့နေ၏။
ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
ထို့နောက် ပြုံးလိုက်၏။
"အော်?"
"ဒါဆို လာလေ။"
သူသည် ရပ်တန့်လိုက်ပြီး ဓားကိုပင် သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ကာ ခုခံမှုမရှိဘဲ ရပ်နေသည်။
"ငါ ဒီမှာပဲ ရပ်နေမယ်။"
တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
မိုထျန်းကျီ၏ လက်သီးများ တုန်ခါနေသည်။
သူ၏ ခြေထောက်များသည် ရွေ့လျားရန် ငြင်းဆန်နေ၏။
(သူ့ကို သတ်ရမယ် ဟုတ်လား?)
ပိုင်ကျီဟန်က ခပ်တိုးတိုး ရယ်လိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ။"
သူ ခေါင်းခါလိုက်သည်။
"စကားကသာ ကြီးကျယ်တာ။ သတ္တိက မရှိဘူး။"
မိုထျန်းကျီမှာ အရှက်ရမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။
ပိုင်ကျီဟန်က ဖြည်းည်းစွာ ရှေ့သို့ တိုးလာသည်။
မိစ္ဆာကျင့်ကြံသူများသည် သူ့ကို တားဆီးရန် ပြေးဝင်လာကြသည်။
ရွှမ် ရွှမ်
ခေါင်းသုံးလုံး လွင့်ထွက်သွားသည်။
အလောင်းများ လဲကျကုန်သည်။
ပိုင်ကျီဟန်သည် မိုထျန်းကျီဆီသို့ တည့်တည့် တိုးဝင်လာသည်။
"ပြေးချင်ရင် ပြေးပါ" သူ၏အသံသည် ပေါ့ပါးစွာ ထွက်ပေါ်လာသည်။
"ငါ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို လိုက်ဖမ်းမှာပဲ။"
မိုထျန်းကျီ၏ မျက်နှာမှာ သေလုမတတ် ဖြူလျော့သွားသည်။
ချူမျိုးနွယ်စုထံမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ပိုင်ကျီဟန် ရောက်လာပြီ”
"ငါတို့ရဲ့ သမက်လောင်းဆိုတဲ့အတိုင်းပဲ”
မျှော်လင့်ချက်မဲ့ခြင်းများ ချက်ချင်း ပျက်စီးသွားသည်။
ပိုင်ကျီဟန် ရှိနေသရွေ့
သူတို့ ကျရှုံးမည် မဟုတ်ပေ။
ချူမျိုးနွယ်စု အကြီးအကဲများသည် အမိန့်များကို ပေးလိုက်ကြပြီး စိတ်ဓာတ်များ မြင့်တက်လာမှုနှင့်အတူ စစ်အစီအရင်များမှာလည်း ပြန်လည် တည်ငြိမ်လာသည်။
အလယ်ဗဟိုတွင် ချူကျီယန်သည် တောင့်တောင့်ကြီး ရပ်နေပြီး သူမ၏ မျက်လုံးများသည် သူ၏ ကျောပြင်ကိုသာ စိုက်ကြည့်
နေသည်။
သူမ၏ ရင်ထဲတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်သွားသည်။
(သူ ရောက်လာပြီ...)
သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ငြိမ်သက်စွာ ပျံ့နှံ့သွားသည်။
(သူ... တကယ်ပဲ ဂရုစိုက်တာပဲ။)
ထိုအချိန်တွင်
"တော်လောက်ပြီ”
ထိုဟိန်းဟောင်းသံသည် စစ်မြေပြင်ကို တုန်ခါသွားစေသည်။
ကမ္ဘာကိုဖြိုဖျက်နိုင်သော ဖိအားတစ်ခု ကျဆင်းလာသည်။
မိစ္ဆာကျင့်ကြံသူများမှာ ကြောက်ရွံ့စွာဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
အဖိုးအိုတစ်ယောက် ရှေ့သို့ တက်လာသည် — တွန့်လိပ်နေသော အသားအရေနှင့် မျက်လုံးများမှာ နီရဲစွာ တောက်ပနေ၏။
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်
တကယ့်ကို အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
"ကလေးလေး" သူက အေးစက်စွာ ပြောလိုက်သည်။
"မင်း လုပ်တာ တော်လောက်ပြီ။"
သူ လက်ကို မြှောက်လိုက်၏။
"မင်းကို ငါကိုယ်တိုင် တားဆီးမယ်။"
သူ ပြေးဝင်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသယောင် ထင်ရသည်။
ပိုင်ကျီဟန်က သူ၏ဓားကို မြှောက်လိုက်သည်။
ချွမ်
ဓားသွားနှင့် လက်ဖဝါး ထိတွေ့သွားသည်။
တုန်ခါလှိုင်းများ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားသည်။
ပုံရိပ်နှစ်ခုလုံး နောက်သို့ လွင့်ထွက်သွား၏။
အဖိုးအို၏ မျက်လုံးများ ကျုံ့သွားသည်။
(သူ ဒါကို တားနိုင်တာလား?)
"မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲ တစ်ယောက်ပေါ့လေ" ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မဆိုးပါဘူး”
သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
"တကယ် တားနိုင်မလား ကြည့်ရအောင်။"
စစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူနှင့် အပြန်အလှန် တိုက်ကွက် ရာပေါင်းများစွာ ဖလှယ်နေစဉ် — သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
အဝေးတစ်နေရာတွင် — သူတော်စင်အဆင့် လက်နက်၏ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
ပိုင်ကျီဟန်၏ မျက်လုံးများ ကျုံ့သွား၏။
"အခြေအနေက ငါထင်ထားတာထက် ပိုဆိုးနေပုံရတယ်"
ပိုင်ကျီဟန်က ရေရွတ်လိုက်သည်။
အကယ်၍ ပိုင်ရမ်သာ သူတော်စင်အဆင့် ဓားကို ထုတ်သုံးရန် အတင်းအကျပ် ဖြစ်စေခဲ့ပါက အခြေအနေသည် ကောင်းမွန်နေမည် မဟုတ်သည်မှာ သေချာသည်။
သူသည် သူ၏ဓားကို တင်းတင်းဆုပ်လိုက်သည်။
"ဒါကို ငါ အမြန်ဆုံး အဆုံးသတ်ရလိမ့်မယ်။"