← Chapters

ပညာအရမ်းတော်တယ် ဒါပေမဲ့ ဉာဏ်မရှိဘူး

Vol. 3 Ch. 282

ပညာအရမ်းတော်တယ် ဒါပေမဲ့ ဉာဏ်မရှိဘူး

Vol. 3 Ch. 282

လေနက်ဂူဂိုဏ်းချုပ် အမျိုးသမီးသည် သူမလက်ထဲတွင် မြေမှုန့် တစ်စုပ်ကို ကိုင်ထားလေသည်။ သူမက ထိုမြေမှုန့်များထဲတွင် သင်္ကေတ တစ်ခု ရေးလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်တွင် အနက်ရောင် လေများ တိုက်ခတ်လာပြီး လရောင်ကိုပင် ဖုံးလွှမ်းသွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မှောင်အတိ ကျသွားလေတော့သည်။

သူမက ဘဝ တစ်လျှောက်လုံး ကျင့်ကြံခဲ့သည့် လေနက် တန်ခိုးစွမ်းအားကို အသုံးပြု လိုက်ခြင်း ဖြစ်လေသည်။ သေခြင်း ရှင်ခြင်း တိုက်ပွဲကို ရင်ဆိုင်ရခြင်း ဖြစ်သည့်အတွက် သူမ၏ တန်ခိုးစွမ်းအား များမှာလည်း အထွတ်ထိပ်သို့ ရောက်နေလေသည်။ သူမ၏ ကိုယ်တွင်းမှ အတွင်းအားများ ဆူပွက် နေလေသည်။ သူမ၏ မျက်ခုံး နှစ်ဖက်ဆီမှ အမွှေးနံ့ တစ်ခု ထွက်ပေါ်လာပြီး သွေးစက်များ ကျဆင်း လာလေသည်။

သူမ၏ ခန္ဓာကိုယ် အတွင်းရှိ အတွင်းအားနှင့် သွေးများ ပေါင်းစပ် သွားသည့် အတွက်ကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်လေသည်။ သူမက နောက်ဆုံး တိုက်ကွက်ကို ဖော်ထုတ် လိုက်ခြင်း ဖြစ်လေသည်။

ချီယန်ဂိုဏ်းချုပ်၏ ထွားကြိုင်း သန်မာသည့် ခန္ဓာကိုယ်ကြီးမှာလည်း အဆမတန် ကြီးထွား လာလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နတ်မိစ္ဆာတစ်ပါး အလား အနီရောင် မီးတောက်များ ဖြာထွက် နေလေသည်။ အပူရှိန်ကြောင့် ပတ်ဝန်းကျင် လေထုပင်လျှင် တုန်ခါနေလေသည်။ သူ၏ဆံပင်များမှာ ကြက်သွေးရောင် တောက်ပနေပြီး မီးတောက်များ အလား လေထဲတွင် လွင့်ပျံ နေလေသည်။

သူက ဆန်းလျန်ကို တန်ခိုးစွမ်းအား အကုန်သုံးကာ တိုက်ခိုက်ရန် ပြင်ဆင် ထားလိုက်လေသည်။

ဆန်းလျန်က လေထဲတွင် ရပ်တန့်ရင်း သူတို့ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်နေလေသည်။ သူ၏ မျက်နှာ အမူအရာက လုံးဝ အေးအေးဆေးဆေးပင်။ သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခုကို ကလေး ကစားသကဲ့သို့ အလေးမထားသည့် ပုံမျိုး ပေါက်နေလေသည်။

ဆန်းလျန်က သူ့ဆီသို့ ဝင်ရောက်လာသည့် ကွမ်ဖား၏ တန်ခိုးစွမ်းအား လှိုင်းလုံး များကိုလည်း အရေး ထားသည့်ပုံ မပေါ်ပေ။

ဆန်းလျန်၏ လက်ထဲတွင် ကိုင်ထားသည့် ရွှမ်တယ်ဓားက သွေးဆာနေသည့် အလား အနက်ရောင်နှင့် အဝါရောင်များ တလက်လက် တောက်ပ နေလေသည်။ ဓားဝိညာဉ်၏ မှ တန်ခိုးစွမ်းအားများက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုး ထားလေသည်။ ထိုဓားဝိညာဉ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်၏ အရိပ်အငွေ့များပင် ဖြစ်လေသည်။

ဓားဝိညာဉ်မှာ မိုးနှင့်မြေကို ကျော်လွန်သွားပြီး ကောင်းကင်ထက်မှ နဂါးငွေ့တန်းထက်ပင် တောက်ပ နေလေသည်။

လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရား တစ်ပါးကိုပင် ဘဝ ပြောင်းပေးနိုင်မည့် ဓားဝိညာဉ် တစ်ခု ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ ဓားဝိညာဉ်မှာ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် အစစ်အမှန် မဟုတ်သေးပေ။ ထို့အတူ သူ့ရှေ့မှ ကျင့်ကြံသူ နှစ်ယောက်မှာလည်း နတ်ဘုရားများ မဟုတ်ကြသေးပေ။

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်မှာ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများထဲတွင် လှည့်ပတ်နေပြီး ပုန်းကွယ်နေသည့် ဓားဝိညာဉ် တစ်ခုဖြစ်လေသည်။ ဆန်းလျန်က အခွင့်အရေး ရသည်နှင့် ထိုဓားဝိညာဉ်ကို ဖော်ထုတ် နိုင်လေသည်။

ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အဘွားအိုနှင့် တိုက်ခိုက်စဉ်က ထိုဓားဝိညာဉ်ကြောင့် ဆန်းလျန်၏ ဝိညာဉ်မှာ ဒဏ်ရာ အနည်းငယ် ရထားခဲ့လေသည်။ သို့သော် သူက ထိုဓားဝိညာဉ်ကို တစ်ကြိမ် အသုံးပြုခဲ့ပြီးပြီ ဖြစ်သည့် အတွက် နောက်တစ်ကြိမ် အသုံးပြုရန် အတွက် အဆင်ပြေအောင် လုပ်ဆောင် နိုင်ခဲ့လေသည်။

ချီယန်ဂိုဏ်းချုပ်နှင့် လေနက်ဂူ ဂိုဏ်းချုပ် တို့မှာ ထိုကဲ့သို့သော ထိပ်တန်း ဓားဝိညာဉ်ကို ယခုမှ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ဖူးခြင်း ဖြစ်လေသည်။ ပုရွှီးကျင့်ကြံသူများ ဖြစ်သည့်တိုင် အလွန်တုံးပြီး အသုံးမကျသော သူများ ဖြစ်ကြလေသည်။ ထို့ပြင် သူတို့၏ တန်ခိုး စွမ်းအား များမှာလည်း ဟာကွက်များစွာ ရှိနေလေသည်။

ဘေးကျပ် နံကျပ် တိုက်ပွဲထဲတွင် ဆန်းလျန်၏ တိုက်ကွက်များမှာ မည်သူမျှ ထင်မထားသည့် လှည့်ကွက်များဖြင့် ပြည့်နေလေသည်။ ရွှမ်တယ်ဓားမှ တစ်ဆင့် ထွက်ပေါ်လာသည့် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်သည် လေနက်ဂူ ဂိုဏ်းချုပ် အမျိုးသမီး၏ လေနက် တန်ခိုးစွမ်းအား များကို ထိုးခုတ် ပစ်လိုက်လေသည်။

ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ရာ သွေးများ ဖြာထွက်သွားပြီး ချောမောလှပသော အမျိုးသမီးကြီး၏ ဦးခေါင်းသည် လေထဲတွင် ပျံဝဲ သွားလေသည်။ သွေးစက်များမှာ မိုးရေစက်များ အလား လေထဲတွင် ပြန့်ကျဲ သွားလေသည်။

လေနက်ဂူ ဂိုဏ်းချုပ်အမျိုးသမီး၏ ခေါင်းပြတ်ကြီးကို ကြည့်လိုက်မည် ဆိုလျှင် ထိတ်လန့်မှုနှင့် မယုံကြည်မှုများဖြင့် ပြည့်နေသည့် အမျိုးသမီး၏ မျက်နှာကို မြင်တွေ့ရမည် ဖြစ်လေသည်။

ခေါင်းပြတ် ဦးခေါင်းခွံအတွင်းမှ ထွက်လာသည့် လေနက်ဂူ ဂိုဏ်းချုပ်၏ ဝိညာဉ်မှာ အပြာရောင် ဖြစ်လေသည်။ ဆန်းလျန်၏ ဓားဝိညာဉ်က ထိုဝိညာဉ်ကိုပါ အမြစ်ပြတ် သုတ်သင် ပစ်လိုက်လေသည်။ သူမအတွက် နောက်ဘဝ ဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။

ချီယန်ဂိုဏ်းချုပ်မှာ ထိုအဖြစ်အပျက်ကိုကြည့်ပြီး များစွာ တုန်လှုပ် သွားလေသည်။ သူနှင့် အဆင့်တူ ဖြစ်သည့် အဆိပ်ငါးပါး ဂိုဏ်းချုပ်နှင့် လေနက်ဂူ ဂိုဏ်းချုပ်တို့မှာ မျက်စိ ရှေ့တွင်ပင် သေဆုံးသွားပြီ ဖြစ်လေသည်။

ဆန်းလျန်မှာ ဗလာနယ်ကိုပင် ထိန်းချုပ်နိုင်သည့် တန်ခိုးရှင် တစ်ပါး ဖြစ်လေသည်။ လောကတွင် နတ်ဘုရား ကျောင်းတော်များ၊ ကျင့်ကြံသူ ဂိုဏ်းများ၊ ကျင့်ကြံသူ ပေါင်းများစွာ ရှိကြလေသည်။ သို့သော် ဆန်းလျန်ကဲ့သို့ နက်ရှိုင်းသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သူသည် လူသား သန်းပေါင်း တစ်သောင်းတွင် တစ်ယောက်သာ ရှိနိုင်လေသည်။ ဆန်းလျန်မှာ ရှာမှရှားသည့် အစစ်အမှန် ပါရမီရှင် တစ်ယောက် ဖြစ်လေသည်။

သူနှင့်အတူ နှစ်ပေါင်းရာနှင့်ချီ အသက်ရှည်ခဲ့ကြသော မိတ်ဆွေ နှစ်ယောက်သည် သူ့မျက်စိ ရှေ့တွင်ပင် အသက်နှင့်ကိုယ် အိုးစားကွဲ သွားကြပြီ။ မကြာမီပင် သူ့အလှည့် ရောက်လာ ပေတော့မည်။

ထိုသို့တွေးမိသည်နှင့် ချီယန်ဂိုဏ်းချုပ်သည် အနီရောင် မီးတောက် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ထွက်ပြေး သွားလေတော့သည်။ ဆန်းလျန် သူ့နောက်မှ လိုက်လာမည်ကို ကြောက်ရွံ့သည့် အလား တစ်ချက်ကလေးပင် နောက်လှည့် မကြည့်တော့ဘဲ တစ်ချိုးတည်း ထွက်ပြေး သွားလေပြီ။

ဆန်းလျန်က လေထဲတွင် ကိုယ်ကို တစ်ပတ် လှည့်လိုက်သည်။ သူ၏ဓားမှာလည်း တုန်ခါလာပြီး စက်ဝိုင်း ပုံသဏ္ဌာန် လှည့်ပတ် သွားလေသည်။ ဓားဝိညာဉ်သည် ကွမ်ဖား ဖန်ဆင်းထားသည့် အလင်းတန်း သင်္ကေတများကို ရေကန် အတွင်းသို့ ရိုက်ချ လိုက်လေသည်။ တန်ခိုးစွမ်းအားနှစ်ခု ရိုက်ခတ်မိသည်နှင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုထွက်ပေါ်လာပြီး အဆိပ်ငါးပါး ဂိုဏ်း၏ အဆောက်အဦများ အားလုံး တစ်စစီ ပေါက်ကွဲကာ အမှုန့် ဖြစ်သွား လေတော့သည်။

သို့သော် ပေါက်ကွဲသွားသည့် တန်ခိုး စွမ်းအားများက ကွမ်ဖားနှင့် ဆန်းလျန် အပေါ်တွင်တော့ လုံး၀ သက်ရောက်မှု မရှိပေ။

သူတို့နှစ်ယောက်သည် ကောင်းကင်ထက်တွင် ရပ်တန့်ပြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြလေသည်။

ကောင်းကင်ထက်တွင် လျှပ်စီးများ အဆုံးမသတ်နိုင်အောင် တဖျတ်ဖျတ် လက်လျက် ရှိလေသည်။ သူတို့ နှစ်ယောက်၏ ဝိညာဉ်စွမ်းအားများ အချင်းချင်း ရိုက်ခတ်လျက် ရှိပြီး တရားဆွေးနွေး နေကြခြင်း ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ အစစ်အမှန်တရားက အနိုင်ရရှိ သွားလေသည်။

ကွမ်ဖားက သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"တကယ်လို့ ချီယန် ဂိုဏ်းချုပ်သာ ထွက်ပြေး မသွားရင် မင်းကိုကျုပ် အနိုင်ရမှာပဲ"

ဆန်းလျန်က…

"လောကမှ ဘယ်တော့မှ "တကယ်လို့" ဆိုတာ မရှိဘူးဗျ၊ အချိန်ကို နောက်ပြန် လှည့်နိုင်မယ် ဆိုရင်တောင်မှ ဘာကိုမှ ပြောင်းလဲ လို့ရမှာ မဟုတ်ဘူး"

ပုရွှီးအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို တစ်ခဏအတွင်း သတ်ဖြတ် လိုက်နိုင်သည်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပေ။ ဆန်းလျန်သည် လောက နတ်ဘုရား တစ်ပါး မဟုတ်သေးသည့်တိုင် မြင့်မားသည့် တန်ခိုးစွမ်းအားများဖြင့် အံ့သြဖွယ်ရာ ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။

ဟိုုင်သန်းအဆင့်၊ ပုရွှီးအဆင့်နှင့် ဖော့ဝမ့်အဆင့် ဆိုသည်မှာ တန်ခိုး စွမ်းအား အနေဖြင့် ကြည့်မည် ဆိုလျှင် များစွာ ကွာခြားလှခြင်း မရှိပေ။

ပုရွှီးအဆင့်နှင့် ဟိုင်သန်း အဆင့်နှင့် ကွာခြားချက် အနည်းငယ်သာ ရှိလေသည်။ ပုရွှီး အဆင့် ကျင့်ကြံ သူများသည် မိုးကောင်းကင်၏ နိယာမတရားကို စတင်ဆန့်ကျင်ကာ စစ်မှန်သည့် လွတ်လပ်မှုကို အစပြုလေသည်။ သူတို့သည် ကျင့်စဉ် လမ်းဟောင်းများကို ရပ်တန့်ပြီး အသစ်သော ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်း လေသည်။

ပုရွှီး အဆင့် ကျင့်ကြံသူများသည် ကိုယ်နှင့် သင်တော်သည့် ကျင့်စဉ်လမ်းကို စတင် သုတေသနပြု ရှာဖွေနိုင်မည် ဖြစ်လေသည်။ စကြဝဠာ၏ အမှန်တရားနှင့် ကိုယ်ပိုင် ကျင့်စဉ်လမ်း ပေါင်းစပ်မှုကိုလည်း ပြုလုပ်နိုင်ပြီ ဖြစ်လေသည်။

သူတို့သည် ပြင်ပဖိအားများ၏ သက်ရောက်မှု ကိုလည်း ကျော်လွန် သွားပြီး ကောင်းကင်ထက်တွင် မြေပြင် ပေါ်တွင်ကဲ့သို့ လမ်းလျှောက် နိုင်ပြီ ဖြစ်လေသည်။

ဖော့ဝမ့် အဆင့်ဆိုသည်က မိုးကောင်းကင်နှင့် စတင် ပေါင်းစပ်သည့် အဆင့် ဖြစ်လေသည်။ ကျင့်ကြံသူသည် သူ၏ သဘော သဘာဝနှင့် ကိုယ်ပိုင်လမ်းကို စတင် သိမြင်သည့် အဆင့် ဖြစ်လေသည်။ အဆုံးသတ်တွင်တော့ တွယ်တာမှုများ အားလုံးကို ဖြတ်တောက်နိုင်ပြီး မူလ ဝိညာဉ်ခန္ဓာကို ရရှိမည် ဖြစ်လေသည်။ မူလ ဝိညာဉ် ခန္ဓာရရှိသည်နှင့် တရား အလင်းပွင့်သည့် နတ်ဘုရား တစ်ပါးအဖြစ် စတင် စာရင်းဝင်မည် ဖြစ်လေသည်။

ဖော့ဝမ့် အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ဆန်းလျန်သည် ပုံမှန်အားဖြင့်ဆိုလျှင် ပုရွှီး အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို လွယ်လွယ်နှင့် သတ်နိုင်မည် မဟုတ်ပါ။ သို့သော် ဆန်းလျန်က ဓားသိုင်း ထူးချွန်သူ တစ်ယောက် ဖြစ်သည့်အပြင် မွေးရာပါ နားလည်နိုင်စွမ်း မြင့်မားသူ ဖြစ်လေသည်။ သူ၏ ဝိညာဉ် စွမ်းအားမှာလည်း အလွန်မြင့်မား လွန်းလေသည်။ ထိုအချက်များ ပေါင်းဆုံ လိုက်သည့်အခါ ထိပ်တန်းအဆင့် ဓားတန်ခိုးရှင် တစ်ပါးအလား ဖြစ်သွားလေသည်။ ထို့ကြောင့်သူက ရန်သူ၏ အားနည်းချက်ကို သိရှိပြီး သူ၏ အားသာချက်ကို အသုံးချကာ တိုက်ခိုက်နိုင်ခြင်း ဖြစ်လေသည်။

ထို့ပြင် သူက တိုက်ပွဲအတွင်းတွင် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကိုလည်း ထုတ်ဖော် သုံးဆွဲခဲ့လေသည်။ ထိုဓားဝိညာဉ်သည် ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အဘွားကြီးကိုပင် ထိတ်လန့် တုန်လှုပ်စေခဲ့သည် ဖြစ်လေရာ ပုရွှီးအဆင့် ကျင့်ကြံသူ လောက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

ပထမဦးဆုံး ဆန်းလျန်က နတ်သက် ခြွေဓားသိုင်းကို အဆင့်မြင့်ထားသည့် "နှလုံးသားထဲမှ ဓားသွား" သို့မဟုတ် "နှလုံးစိုက် ဓားသွား" ဖြင့် အဆိပ်ငါးပါး ဂိုဏ်းချုပ်ကို အရင်ဆုံး ကြိုတင် တိုက်ခိုက် ထားခဲ့လေသည်။ ထို့ကြောင့် တကယ်တမ်း တိုက်ခိုက်သည့် အချိန်တွင် အဆိပ်ငါးပါး ဂိုဏ်းချုပ်ကို အရင်ဆုံး သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို အသုံးပြုလိုက်သည့် အခါ ကျန်သည့် ဂိုဏ်းချုပ် နှစ်ယောက်မှာ သွေးပျက် သွားရလေသည်။

ထို့နောက် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ဖြင့် လေနက်ဂူ ဂိုဏ်းချုပ်ကို သတ်ဖြတ် နိုင်ခဲ့လေသည်။ ထို့ကြောင့်ပင် ချီယန် ဂိုဏ်းချုပ်မှာ စိတ်ဓာတ် ပျက်ပြားပြီး ဝိညာဉ် စွမ်းအားများပါ ပျက်စီးကာ ထွက်ပြေး သွားရခြင်း ဖြစ်လေသည်။

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို အသုံးပြုလိုက်သည့် အတွက် ဆန်းလျန် ကိုယ်တိုင်မှာလည်း ထိခိုက်မှုရှိခဲ့လေသည်။ သို့သော် များစွာ ထိခိုက်ခြင်းတော့ မရှိခဲ့ပေ။

ချီယန်ဂိုဏ်းချုပ်သာ ဆက်လက် တိုက်ခိုက် မည်ဆိုလျှင် ဆန်းလျန် အနေဖြင့် ရင်ဆိုင်ရန် ခဲယဉ်းမည် ဖြစ်လေသည်။ ချီယန် ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ပြီးလျှင် ကွမ်ဖားနှင့် ဆက်ပြီး စာရင်းရှင်းရမည် ဖြစ်သည့် အတွက် ဆန်းလျန်အတွက် အလွန်အန္တရာယ်များသည့် အနေအထား ဖြစ်လေသည်။ ထိုအခြေအနေ မျိုးသား တကယ်တမ်း ကြုံလာပါက ဆန်းလျန်အနေဖြင့် တိုက်ပွဲမှ ရှောင်ထွက် သွားခြင်းကသာလျှင် အသက်သာဆုံး အခြေအနေ ဖြစ်ပေလိမ့်မည်။

သို့သော် ချီယန် ဂိုဏ်းချုပ်က သိပ်ပြီး စဉ်းစားခြင်း မရှိဘဲ သွေးပျက်ပြီး ထွက်ပြေး သွားသည့် အတွက်သာ ဆန်းလျန် သက်သာ သွားရခြင်း ဖြစ်လေသည်။

ချီယန် ဂိုဏ်းချုပ် မရှိတော့သည့် အတွက် ကွမ်ဖားမှာလည်း ဆန်းလျန်ကို ရင်ဆိုင်ရန် အခွင့်ကောင်းကို ဆုံးရှုံး ခဲ့ရလေသည်။ သူတို့ နှစ်ယောက်လုံးမှာ ဖော့ဝမ့် အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည့် အတွက် တိုက်ခိုက် မည်ဆိုလျှင် မည်သူမျှ အကျိုးမရှိနိုင်ပေ။

ဆရာသခင် အဆင့် ကျင့်ကြံသူများ တိုက်ပါက အနည်းငယ်မျှသော တိုက်ခိုက်မှုလေး သည်ပင် ပြောင်းလဲမှု များစွာကို ဖြစ်ပေါ်စေလေသည်။

အမှန်တော့ ဆန်းလျန်မှာ ကံကိုယုံ၍ ဆူးပုံနင်းသကဲ့သို့ မျက်စိမှိတ်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကံကောင်း သွားရခြင်း ဖြစ်လေသည်။ သူကိုယ်တိုင်ကလည်း အခြေအနေကို သုံးသပ်နိုင်ပြီး ရဲစွမ်းသတ္တိ ရှိသောကြောင့်လည်း ဖြစ်လေသည်။

ကွမ်ဖားမှာ ဆန်းလျန်ကို ပိုပြီး ကြောက်ရွံ့ လာမိလေသည်။ ဖော့ဝမ့် အဆင့်ပြိုင်ဘက်များထဲတွင် ဆန်းလျန်မှာ ချန်ကျန့်မေထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။

ချန်ကျန့်မေမှာ “လူတစ်ယောက် ဓားတစ်လက်” ဆိုသည့် အတိုင်း ဓားနှင့်လူ တစ်သားတည်း ကျနေသည့် စရိုက် လက္ခဏာမျိုး ရှိသူ ဖြစ်လေသည်။ ချန်ကျန့်မေက ပါရမီရှင် တစ်ပါးဖြစ်သည့်တိုင် ဆန်းလျန်ကဲ့သို့ ဉာဏ်များလွန်းခြင်း မရှိပေ။ ဆန်းလျန်ကတော့ ပင်လယ် တစ်ခုအလား နက်ရှိုင်းပြီး ခန့်မှန်းရ ခက်လွန်းလေသည်။

ဆန်းလျန်သည် ထိပ်ဆုံး အဆင့်သို့ ရောက်နိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အပြင် တာအိုကျင့်စဉ် လမ်းနှင့် ပတ်သက်ပြီး ကျယ်ပြန့် ထက်မြက်သည့် အသိပညာ များစွာရှိသူ ဖြစ်လေသည်။ တာအို ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ပင်ကို နားလည်နိုင်မှု စွမ်းအားများမှာလည်း တစ်နေ့တခြား မြင့်မားလာလျက် ရှိလေသည်။ ထို့ကြောင့်ပင် လူတစ်ယောက်သည် သူ့ကို တွေ့မြင်လိုက်သည်နှင့် ကျောရိုးထဲထိ စိမ့်သွားသည် အထိ တုန်လှုပ်ရခြင်း ဖြစ်လေသည်။

“မင်းဆက်တိုက် ချင်သေးလား၊ ဒါပေမဲ့ ဆက်တိုက်ရင် မင်းလည်းနိုင်မှာ မဟုတ်သလို ကျုပ်လည်း နိုင်မှာ မဟုတ်ဘူး”

ကွမ်ဖား၏ အသံများက အက်ရှနေလေသည်။

ကွမ်ဖားမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါးထဲတွင် အတော်ဆုံး တစ်ယောက်တော့ မဟုတ်ပေ။ သို့သော် ထိပ်တန်း ခြောက်ယောက်ထဲတွင် ပါဝင်သူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်လောက် မတော်သည့်တိုင် သူ၏ လေ့လာနိုင်စွမ်းနှင့် တန်ခိုး စွမ်းအားများမှာ ဆန်းလျန် နီးပါး များပြားသူ ဖြစ်လေသည်။

ကွမ်ဖား၏ ဝိညာဉ်စွမ်း နက်ရှိုင်းမှုများကို ဆန်းလျန်ပင် အာရုံခံမိလေသည်။ သူ၏ ဝိညာဉ် စွမ်းအားများမှာ ဆန်းလျန်ကဲ့သို့ အသူရာချောက် အထိ ဆက်သွယ်နိုင်ခြင်း မရှိသေးသည့်တိုင် အလွန် အဆင့်မြင့်သည့် ဝိညာဉ် စွမ်းအား ဖြစ်လေသည်။

ဆန်းလျန်က တစ်ချက် ရယ်မောလိုက်သည်။

သူ၏ ရယ်မောသံသည် နွေဦးလေပြည်လေး တိုက်ခတ် လာသကဲ့သို့ပင် ဖြစ်လေသည်။ တိတ်ဆိတ် အေးစက်နေသည့် ညအမှောင်သည် သူ၏ ရယ်မောသံကြောင့် အသက်ဝင် သွားရလေသည်။

“ကွမ်ဖား၊ မင်းက အရမ်းတော်တဲ့ သူတစ်ယောက်ပဲ၊ ဒါပေမဲ့ မင်းမှာ အဓိက အားနည်းချက် တစ်ခုရှိတယ်၊ အဲဒီ အားနည်းချက်ကြောင့်ဘဲ မင်းဟာ နတ်ဘုရား တစ်ပါး ဖြစ်လာမှာ မဟုတ်ဘူး"

ဆန်းလျန်၏ စကားကြောင့် ကွမ်ဖန်း များလုံးများ မကျေမနပ်ဖြင့် ကျဉ်းမြောင်း သွားသည်။

“ဘာ….”

“မင်းက ပညာ အရမ်းတော်တယ်၊ ဒါပေမဲ့ ဉာဏ်မရှိဘူး၊ ခုပဲကြည့်လေ၊ မင်းမှာပဲ အကူအညီတွေ ရှိပြီး ကျုပ်မှာတော့ အကူအညီ မရှိဘူးလို့ ထင်နေတာလား”

ဆန်းလျန်၏ လေသံက အဓိပ္ပာယ် တစ်မျိုးကို ဆောင်နေလေသည်။

သူက ကွမ်ဖား၏ အားနည်းချက်ကို ထောက်ပြ လိုက်သလိုလိုနှင့် လှောင်ပြောင် လိုက်ခြင်း ဖြစ်လေသည်။

ကွမ်ဖားမှာ ရွှေပြဒါး အမြုတေထဲ အထိ ထိတ်လန့် တုန်လှုပ် သွားရလေသည်။

အလွန်ကြီးမားသည့် အန္တရာယ် အငွေ့အသက် တစ်ခုသည် သူ့ဆီသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ချဉ်းကပ် လာသည်ကို ခံစား လိုက်ရလေတော့သည်။

***

All Chapters