သွေးပင်လယ်စီးခြင်း
Vol. 23 Ch. 334
"ဒါက ဘယ်လိုကျင့်စဥ်မျိုးလဲ!"
သားရဲနတ်အရှင်၏ သူငယ်အိမ်များ ကျဉ်းမြောင်းလာပြီး မယုံကြည်မှုများဖြင့် အလိုလိုနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ သူ့ခံယူချက်အရ ဆိုလျှင် ချင်းယန်ဟာ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
သို့ပေမဲ့ ဤစက္ကန့်ပိုင်းလေး အတွင်း၌ ရုတ်တရက် မရေမတွက်နိုင်သော ကြယ်စွမ်းအင်များ စီးဆင်းလာ၏။ ဤကမ္ဘာ၏နိယာမများသည် ချင်းယန်အား လေးစားအားကျကာ သူ၏ခွန်အားကို အဓမ္မမြှင့်တင်ပေးလိုက်သကဲ့သို့ပင်။ ယခု ကောင်းကင်အရှင်၏ အလယ်အလတ် အဆင့်အထိ ရောက်သွားပြီ။
"ဒါက ခွန်အားကို ယာယီမြှင့်တင်နိုင်တဲ့ လျှို့ဝှက်ကျင့်စဥ် တစ်ခုများလား။"
နှစ်ပေါင်းများစွာ အထက်ကမ္ဘာကို ခရီးထွက်ပြီးနောက် ကြီးမားသော တန်ကြေး ပေးဆောင်ရသည့် ယာယီအဆင့် မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ကျင့်စဥ် များစွာကို တွေ့မြင်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ချင်းယန်ကဲ့သို့ ကြယ်စွမ်းအင်များကို အသုံးချပြီး အားလုံးကို တစ်ခုတည်းအဖြစ် စုစည်းပေးသည့် နည်းလမ်းသည်တော့ အလွန်ရှားပါးပါ၏။
ဤကဲ့သို့သော အင်အားကြီးမားသော စွမ်းအားသည် အောက်ကမ္ဘာသို့ မည်သို့ ကျဆင်းသွားနိုင်မည်နည်း။
"မဖြစ်နိုင်ဘူး!"
သားရဲနတ်အရှင်သည် ချင်းယန်၏ မျက်လုံးများအား လောဘကြီးသော အရိပ်အယောင်ဖြင့် ဆန်းစစ်ကြည့်လိုက်သည်။
"မင်းမှာ ဒီလို လျှို့ဝှက်ကျင့်စဥ်ကို ပိုင်ဆိုင်ထားတယ် ဆိုတော့ လျှို့ဝှက်ထားတဲ့ လှည့်ကွက်တချို့လည်း ရှိနေပုံရတယ်။"
"စိတ်ဝင်စားနေတာလား။"
ချင်းယန်သည် သူ့နားကို အေးအေးဆေးဆေး ထိုးကော်ကာ အပြုံးတစ်ခုဖြင့် နောက်ပြောင်လိုက်သည်။
"သင်ချင်လား သင်ပေးမယ်လေ!"
"စိတ်ပျက်စရာပဲ!"
သားရဲနတ်အရှင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။
"ကောင်းကင်အရှင် အလယ်အလတ်အဆင့်ကို ရောက်ဖို့ လျှို့ဝှက်နည်းကို သုံးလိုက်ရုံနဲ့ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ပြီလို့ ထင်နေတာလား။"
ထိုစကားပြောနေစဉ်တွင် သူ၏လက်ထဲတွင်ရှိသော ကြယ်စွမ်းအားများက ပေါက်ကွဲ ထွက်လာ၏။ ထူးဆန်းသော ကြက်သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချင်းယန်ဆီသို့ သွေးလိုင်းကြာပွတ်အဖြစ် တိုက်ရိုက် ရိုက်ချလိုက်သည်။
ဝုန်း!
လေထုဖိအားများ ရုတ်ခြည်း တိုးလာသည်။ ချင်းယန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားရန် ပြင်ဆင်ထားသော်လည်း သွေးလိုင်းက ရုတ်တရက် အပေါ်ကို ဖြတ်တက်သွားကာ တိမ်ပင်လယ်ထဲ တိုးဝင် ပျောက်ကွယ်သွားလေ၏။
"?"
ချင်းယန် အံ့ဩသွားသည်။
လွတ်သွားတာလား?
ထိုအခိုက် သူ့ခေါင်းထက်မှ အမှောင်ထုကြီးကို ခံစားလိုက်ရလေသည်။ သူ့အပေါ်က ကောင်းကင်ကြီးတွင် တစ်စုံတစ်ခု ပုန်းကွယ်နေ၏။
"ဒါက!?"
ချင်းယန် ဆတ်ခနဲ မော့ကြည့်လိုက်ခိုက် မြင်လိုက်ရသည်မှာ မိုင်ပေါင်းများစွာ ဆန့်ထုတ်ထားနိုင်သော ဧရာမလက်ကြီးပင်။ လက်ဖဝါးအဖုတိုင်းဟာ ထူထဲသည့် တောင်တန်းကြီးတစ်ခုအလား ထင်ထင်ရှားရှား မြင်နေရ၏။ ဤကြီးမားလှသော လက်ဖဝါးအောက်တွင် သူသည် ခြင်တစ်ကောင်ကဲ့သို့ အရေးမပါလှသလို ခံစားလိုက်ရသည်။
အဝေးက လူများပင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။ ကြီးမားလှသော ကြက်သွေးရောင် လက်ဖဝါးသည် ဆင်းသက်လာသည်နှင့်အမျှ တိမ်တိုက်များ လွင့်စင်ကုန်ကာ သွေးမိုးများ ရွာကျလာသည်။ ကြက်သွေးရောင် အခိုးအငွေ့များ အငွေ့ပျံကာ ချင်းယန်၏ ဦးခေါင်းဆီသို့ တိုက်ရိုက် တိုက်ခိုက်လာကြ၏။
လက်ဖဝါး ဖြတ်သွားရာ လေထုအလွှာတိုင်း အသံဗလံများ ပဲ့တင်ထပ်သွားကာ သူတို့မျက်စိရှေ့တွင် တလီတောင်များ ပြိုကျသွားသလိုမျိုး လေလှိုင်းများ လှိုင်းထသွားသည်။
"ဆရာတူအစ်ကို!"
မြို့တော်တံတိုင်းပေါ်ရှိ လီကျစ်ရွှမ်းခမျာလည်း ချင်းယန်အတွက် စိုးရိမ်သဖြင့် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။
"လာတာနဲ့ အတော်ပဲ!"
ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်သွားသော အသံတစ်သံပင်။
ချင်းယန်တစ်ယောက် ငြိမ်သက်နေဆဲ ဖြစ်ကာ လက်ဝါးတစ်ဖက်ထဲတွင် ဓားတစ်လက် ပေါ်လာ၏။ ကျစ်ဝေးနတ်ဓားထံမှ လေချွန်သံလေး သုံးကြိမ်တိုင်တိုင် ထွက်လာပြီး တိုက်ခိုက်ရန် ဟန်ရေးပြင်လိုက်သည်။
နောက်အခိုက်၌ ခရမ်းရောင် အလင်းတန်းကြီးသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်လျက် လခြမ်းကွေးသဏ္ဌာန်ဖြင့် ထိုးတက်သွားသည်။
ချွင်း!
ကောင်းကင်ကို ဖုံးလွှမ်းနေသော သွေးနီရောင်လက်ဖဝါးကြီး လုံးဝ ကွဲအက်သွားပြီး မရေမတွက်နိုင်သော သွေးစွမ်းအင်များ ဖြာထွက်ကုန်၏။ ဝိညာဉ်စွမ်းအားများဖြင့် ဖုံးလွှမ်းထားသော ကျစ်ဝေးနတ်ဓားသည် ၎င်း၏ဓားစွမ်းအင်ကို ထုတ်ပြရန်နှင့် ကြက်သွေးရောင် သွေးစွမ်းအင်ကို မဆုတ်မနစ် တိုက်ခိုက်ရန် အလွန် တက်ကြွနေလျက် ရှိသည်။
"ဝိညာဉ်ရေးလက်နက်လား? ဒါက အင်ပါယာအဆင့် နတ်လက်နက်လား။"
လက်နက်ကို မြင်သောအခါ သားရဲနတ်အရှင်သည် ထိုဓားကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။
ချင်းယန်၏ ခရမ်းရောင်ဓားသည် သူ့လက်မှ ထွက်သွားပြီးနောက်တွင်ပင် ၎င်းသည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သေချာပေါက် အင်ပါယာအဆင့် နတ်လက်နက်တစ်ခုပင်။
ဤအရာက သားရဲနတ်အရှင်အား အလွန်အမင်း ပျော်ရွှင်သွားစေ၏။ ချင်းယန်၏ နည်းလမ်းများသည် အဆုံးမရှိဖြစ်နေပုံရပြီး မထင်မှတ်ထားသော အံ့သြဖွယ်ရာများကို အမြဲ ထုတ်ပြတတ်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ်။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။"
သားရဲနတ်အရှင်သည် သဘောကျစွာ ရယ်မောကာ လက်ခုပ်များပင် တီးလိုက်၏။
"ငါ မင်းကို ဖမ်းပြီးတာနဲ့ မင်းရဲ့ နတ်အသိစိတ်ကို သန့်စင်ပြီး မင်းရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ပစ်မယ်"
သူပြောပြီးသည်နှင့် သူ၏ စွမ်းအင်နယ်မြေဟာလည်း ရုတ်ခြည်းဆိုသလို ကျယ်ပြန့်လာသည်။ ထို့နောက် သားရဲနတ်အရှင်ကို ဗဟိုပြုနေသော အနီရောင် မြူမှုန်များက ရုတ်တရက် ပေါင်းစည်းကုန်ကာ သွေးနီရောင် တိမ်များအဖြစ်သို့ ပြောင်းလဲကုန်၏။ အနှီတိမ်တိုက်များထဲမှ သွေးစက်များ စိမ့်ကျကာ မြေကြီးပေါ်သို့ သဲသဲမဲမဲ ရွာချလာလေတော့သည်။
ဤတစ်ခဏအတွင်း၌ပင် တောင်ကြောများတစ်လျှောက် ကြက်သွေးရောင် သွေးများ အဆက်မပြတ် စီးဆင်းလာသည်။ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ ဦးခေါင်းများသာမက အလောင်းကောင်ပေါင်းစုံသည်လည်း မြစ်ထဲ မျောပါလာကြ၏။
သားရဲနတ်အရှင် အောက်၌ ကျယ်ပြန့်သော သွေးသမုဒ္ဒရာ နယ်မြေတစ်ခုက ဖြစ်ပေါ်လာကာ ချင်းယန်အပေါ် ချက်ချင်း လွှမ်းခြုံသွားပြီး သူ၏ရုပ်သွင်ကို တခြားလူများ၏ မြင်ကွင်းမှ ဖုံးကွယ်ထားလိုက်သည်။
"ဟားဟားဟား... မင်းက ငါ့စကားကို နာခံပြီး ပြုပြင်ရင် ပိုကောင်းလိမ့်မယ်နော်!"
သားရဲနတ်အရှင်၏ မျက်နှာသည် အနှီရွှင်မြူးသံနှင့်အတူ တောက်ပနေ၏။ သို့သော် သူစကားဆုံးသည်နှင့် ရှည်လျားပြင်းထန်သော နဂါးဟောက်သံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက် ဧရာမရွှေရောင် နဂါးကြီးသည် ကောင်းကင်အထက်သို့ ပျံတက်သွား၏။ ၎င်း၏ အကြေးခွံများနှင့် ခြေသည်းများက သွေးစွန်းနေသော နယ်မြေကို ဖြတ်ကျော်ကာ ချင်းယန်အား လေထဲသို့ သယ်ဆောင်သွားသည်။
နဂါး၏ စွမ်းအားသည် အလွန် ကြီးမားလှသဖြင့် တစ်ခဏချင်းမှာပင် သွေးပင်လယ်၏ နေရာလွတ်ကို ရှင်းပစ်နိုင်ခဲ့သည်။ နဂါးသည် သွေးပင်လယ်ပေါ်၌ ကူးခတ်လျက် ချင်းယန်အတွက် လမ်းကြောင်း ရှင်းပေးလျက်ရှိ၏။ ရွှေရောင်နဂါးကြီးတစ်ကောင် ချင်းယန်ပတ်ဝန်းကျင်မှာ ရစ်ပတ်နေပုံက ကြီးကျယ်ခမ်းနားပြီး အံ့သြစရာ ကောင်းပေသည်။
"ဟမ်? အဲဒါက တကယ့် နဂါးအသွင်လား?"
ဤအရာကို မြင်လိုက်သည့် သားရဲနတ်အရှင်သည် သွေးပင်လယ်ထဲတွင် လှုပ်ရှားနေသော ရွှေနဂါးကြီးကို စိုက်ကြည့်ကာ တုန်လှုပ်ခြောက်ခြားလာ၏။
"အောက်ကမ္ဘာလို မြုံတဲ့နေရာမှာ ကောင်းကင်အရှင် နယ်ပယ်ကို တက်ဖို့တောင် အတင်း ရုန်းကန်နေကြရတာ။ ဒါကိုတောင် စစ်မှန်တဲ့ နဂါးအသွင် ပေါ်လာနိုင်တယ်? !"
ထိုစကားကို ကြားသောအခါ ချင်းယန်သည် နဂါးအသွင်ကို ထိန်းချုပ်နေရာမှ တည်ငြိမ်စွာ ပြုံးပြီး နှုတ်ဆိတ်နေခဲ့၏။ သူသည် သားရဲနတ်အရှင်ကို သတ်ဖြတ်ရန် ရည်ထားပြီးထား ဖြစ်သောကြောင့် သူ၏လက်ချောင်းများကိုသာ ရိုးရှင်းစွာ ပွတ်သပ်လိုက်သည်။
ဗုန်း!
တောင်များကို ဖြတ်၍ ကျော်ဖြတ်သွားသော နဂါးကြီးထံမှ ထက်မြတ်သော ဓားစွမ်းအင်များ ဆက်တိုက်ဆိုသလို ပေါက်ကွဲကာ လမ်းတစ်လျှောက်ရှိ ကျောက်တောင်များ ပြိုကျသွားသည်။ ထက်ရှသော ဓားအလင်းသည် မျဉ်းတစ်ကြောင်းဆွဲသွားလေသည်။
တစ်ချိန်တည်းမှာပင် ချင်းယန်၏ အတွေးများစွာဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေ၏။ သို့သော် သွေးအိုင် ပျောက်ကွယ်မသွားကြောင်း သူတွေ့ရှိခဲ့သည်။ ဖုန်မှုန့်များနှင့် အမှုန်အမွှားများသာ လွင့်သွားသည်။ ထိုအခိုက် သားရဲနတ်အရှင်၏ အော်ရယ်လိုက်သံက သူ့နားထဲ တစ်ဖန် ပဲ့တင်ထပ်လာသည်။
"ဟားဟားဟားဟားဟား!"
သူ၏ အသံသည် သွေးအိုင်ထဲတွင် ဝှက်ထားသကဲ့သို့ ရှာမတွေ့နိုင်ရုံသာမက သူ၏ တည်ရှိနေခြင်းသည်လည်း အလုံးစုံ ပျောက်ကွယ်သွားသည် ။
"မင်းရဲ့ကိုယ်ပွားဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့ရဲ့ စွမ်းအင်နယ်မြေ ကျန်ရှိနေသရွေ့ ငါ့ရဲ့ ဝိညာဥ်အသိကို မင်း ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။"
"ဟုတ်လား?"
ခရမ်းရောင်ကြယ်ဓား၏ ချွန်ထက်သော အစွန်းကို အသာအယာ ပွတ်သပ်ရင်း ချင်းယန်၏ မျက်လုံးများ အေးစက်သွားသည်။
"ငါ့မှာ နည်းလမ်းတစ်ခုပဲ ရှိတယ်လို့ ဘယ်သူပြောလဲ"
ထို့နောက် ချက်ချင်းပင် ဓားနတ်ဘုရား၏ စွမ်းအင်နယ်မြေကို စွမ်းအားအပြည့်ဖြင့် ချဲ့ထွင်ပစ်လိုက်သည် ။
ချဲ့ထွင်သည်။
ထပ်မံချဲ့ထွင်သည်။
အဆုံးမရှိသော ဓားအလင်းနှင့် အရိပ်ပင်လယ်ကဲ့သို့ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာ၏။ ချင်းယန်၏ရုပ်သွင် ပျောက်ကွယ်သွားပြီး ဓားအရိပ်များက စစ်သည်တစ်ထောင်အဖြစ်သို့ ပြောင်းလဲကာ သွေးပင်လယ်ကို လှုပ်ခတ်သွားစေသည့် ပြင်းထန်သော မုန်တိုင်းကြီးကို လေထုထဲက ဆွဲထုတ်လိုက်သည်။
ဓားစွမ်းအင်များ ဖြတ်ကျော်သွားရာ နေရာတိုင်းရှိ သွေးအခိုးအငွေ့များက လွင့်စင်ကုန်၏။
ဤအခိုက်အတန့်တွင် အေးစက်သောအလင်းတန်းများ ကောင်းကင်အထက်၌ ပေါ်လာပြီး သားရဲနတ်အရှင်၏ နောက်သို့ လျှပ်စီးကြောင်းကဲ့သို့ အရှိန်ဖြင့် ပြေးလိုက်သွားသည်။
…
ကျန်းဟိုင်မြို့၏ တံခါးဝတွင်မူ။
"မင်းတို့ရဲ့လက်နက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်ထား! အားလုံး ပါဝင်ဖို့ ပြင်ဆင်ကြ!"
ဦးစီးချုပ်သည် လေပြင်းကြောင့် လွင့်လာသော အရာရှိတစ်ဦးကို ဖမ်းရင်း သတိပေးလိုက်သည်။
"နောက်ဆက်တွဲ လှိုင်းကြောင့် မဖမ်းမိသွားစေနဲ့!"
"ဟုတ်ကဲ့!"
မြို့ရိုးများပေါ်တွင် လှုပ်ရှားမှုများဖြင့် ရုတ်တရက် ရုတ်ရုတ်သဲသဲ ပေါ်လာသည်။
ကောင်းကင်ကို မျှော်ကြည့်လိုက်လျှင် လိမ့်တက်လာသော သွေးပင်လယ်နှင့် မြူခိုးများကိုသာ မြင်နေရပြီး အတွင်း၌ ဖြစ်ပျက်နေသည့် အရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
နဂါးများနှင့် သားရဲများ၏ ဟောက်သံများသည်လည်း မြို့ရိုးများအနီးတွင် ပဲ့တင်ထပ်နေသဖြင့် အားလုံးက စိုးရိမ်သောက ရောက်လာကြတော့သည်။