← Chapters

နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီ

Vol. 23 Ch. 335

နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီ

Vol. 23 Ch. 335

"အစ်ကိုကြီး အဆင်ပြေပါ့မလား"

ကျန်းဟိုင်မြို့ရိုး အထက်ရှိ လီကျစ်ရွှမ်းသည် ကောင်းကင်အထက်က သွေးချင်းနီရဲနေသည့် တိုက်ပွဲကို ကြည့်ကာ အလွန်အမင်း စိုးရိမ်လာသည်။ ထိုကောင်းကင်အပေါ်၌ ရွှေရောင်နှင့် အနီရောင်မီးများ ရောယှက်နေ၏။

တုန်လှုပ်ခြောက်ခြားစရာ ကောင်းသော နဂါးနှစ်ကောင်ကို တိုက်ပွဲအလယ်တွင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့၏ ထိပ်တိုက်တွေ့မှုတိုင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေကာ စွမ်းအင်လှိုင်းလုံးများသည် အပြင်သို့ ပျံ့နှံ့လာခဲ့သည်။

“အင်း… အခု သူ့ကိုယ်သူပဲ အားကိုးလို့ရတော့မှာပဲ”

ထိုအခိုက်တွင် လင်မော့ဖုန်းက သက်ပြင်းတစ်ချက် ချရင်း လီကျစ်ရွှမ်း၏ပခုံးပေါ် လက်တင်ကာ သူမကို နှစ်သိမ့်ပေးလိုက်သည်။

"ငါတို့အားလုံး ပေးနိုင်သမျှ ပေးခဲ့ပြီးပြီ၊ ကောင်းကင်အရှင် ရှုံးရင် ကျန်းဟိုင်မြို့တစ်ခုလုံး ပြာကျသွားလိမ့်မယ်..."

"လူသားဘိုးဘေးတို့ ကျန်းဟိုင်မြို့ကို အောင်ပွဲဆင်နိုင်ဖို့ ကောင်းချီးပေးပါ။"

လောင်လီသည် အတိတ်က ဘိုးဘေးများထံ စိတ်ထက်သန်စွာ ဆုတောင်းခဲ့သည်။ သူ၏ ရိုသေကိုင်းရှိုင်းသော အသံသည် သူ၏နှုတ်ခမ်းမှတစ်ဆင့် အခြား ကြယ်စစ်သည်များဆီသို့ ပဲ့တင်ထပ်သွား၏။

"လူသားဘိုးဘေးတို့ ကျန်းဟိုင်မြို့ကို အောင်ပွဲဆင်နိုင်ဖို့ ကောင်းချီးပေးပါ။"

လူတိုင်းနီးပါး ပါဝင် ဆုတောင်းခဲ့ကြသည်။ သူတို့၌ ဤဆုတောင်းခြင်းကလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ချေ။

……..

မိုင်ပေါင်းများစွာ ဝေးသော ဖုဟိုင်လူနေအိမ်ရာ၏ ရုပ်မြင်သံကြားထဲ၌ သွေးမြူတိမ်များက အရာအားလုံးကို ဖုံးကွယ်ထားကာ ဘာကိုမှ မမြင်နိုင်တော့ပေ။

“…”

ရှောင်ပိုင်သည် ဆိုဖာပေါ်တွင်ထိုင်ကာ သူမ၏လက်နှစ်ဖက်ဖြင့် မြေခွေးအမြီးများအား ပွေ့ဖက်ထားသည်။ ဖန်သားပြင်ပေါ်ရှိ တိုက်ပွဲအစီရင်ခံမှုကို ကြောင်အစွာ စိုက်ကြည့်နေမိ၏။ သားရဲစာချုပ်ကြောင့် သူမ ချင်းယန်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။

တစ်ခုခုမှားနေပြီ။

တစ်ခုခုမှားနေပြီ။

ယခင်ကဆိုလျှင် သူမသခင် ကိုယ်ပွားများကို လွှတ်လိုက်သည့်အခါတိုင်း အမြဲတမ်း စိတ်အေးလက်အေးနှင့် ပျော်ရွှင်စရာကောင်းသော အနေအထားမှာ ရှိနေခဲ့သည်။ သို့သော် လက်ရှိတစ်ကြိမ်မှာတော့ မြေခွေးအပေါ် ခံစားချက်က လုံးဝကို ကွဲပြားသွားချေပြီ။

သူမ၏ စိတ်အစဥ်တို့သည် စိုးရိမ်ခြင်း၊ လေးလံခြင်းတို့ဖြင့်သာ ပြည့်နေသည်။ မိုင်ထောင်ချီဝေးသော နေရာ၌ ချင်းယန်တစ်ယောက် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်လှုပ်ရှားနေပုံရ၏။

"သခင်က ကိုယ်ပွား မဟုတ်ဘဲ ခန္ဓာကိုယ်အစစ်နဲ့ သွားတာလား။"

ထိုသို့ ပြောပြီးနောက် သူမက မျက်မှောင်ကြုတ်ပြီး ထလိုက်သည်။ ပြီးသည်နှင့် တုံ့ဆိုင်းမှုမရှိ ကျန်းဟိုင်မြို့တံခါးဆီ ပြေးသွားတော့၏။

"ဒီကျွန်သားရဲက သခင့်ကို အဆုံးရှုံးမခံနိုင်ဘူး။"

သူမ မြို့အနှံ့ ပတ်ပြေးနေခဲ့သည်။

သူမ၏မျက်လုံးထောင့်မှ လမ်းမများပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ကားများရပ်တန့်သွားကာ နိုင်ငံသားများစွာသည် ၎င်းတို့၏ ယာဉ်ထဲမှ ထွက်လာနေကြသည်ကို တွေ့လိုက်ရသည်။

သူတို့၏ဆုတောင်းသံများကို သူမ ဖျတ်ခနဲကြားလိုက်ရသည်။

“ဟူး...”

ရှောင်ပိုင် သက်ပြင်းချလိုက်ပြီး မျက်မှောင်ထပ်ကြုတ်နေမိစဥ် မြို့တံခါးဆီသို့ ဦးတည်နေသည့် အရှိန်အဝါများစွာကို သတိပြုမိလိုက်သည်။ ထိုသူတို့သည် နောက်ဖွားနယ်ပယ်မှ ကျင့်ကြံသူများပင်။ အချို့မှာ အိမ်နေရင်း အဝတ်အစားများကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ၎င်းတို့မှာ မွေးရာပါနယ်ပယ်ပင် မရောက်သေးသေးသော်လည်း ကျန်းဟိုင်မြို့ကို ကာကွယ်မည့် အရေးတွင် ပါဝင်ကူညီရန် စိတ်ပိုင်းဖြတ်ပြီး မြို့တံခါးဆီသို့ ပြေးနေကြ၏။

ယခုအချိန်တွင် ကျန်းဟိုင်မြို့တစ်ခုလုံး၏ စည်းလုံးညီညွတ်မှုသည် သမိုင်းဝင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

……

……

သွေးအိုင်အတွင်း၌။

စွမ်းအင်နယ်မြေက ဆက်လက် ချဲ့ထွင်နေခဲ့သည်။

ချွန်း!

သွေးသံကြိုးများ တဆတ်ဆတ်တုန်ကာ သွေးပင်လယ်ထဲမှ ပြေးထွက်လာသည်။ ချင်းယန်သည်လည်း ဓားတစ်သောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ရွှေနဂါး ကိုယ်ပွားကို ထိန်းချုပ်ကာ သွေးသံကြိုးများနောက်မှ သံကြိုးများဖြင့် ဖောက်လိုက်သည်။

"ကောင်းတယ်။ အရမ်း ကောင်းတယ်!"

"မင်းရဲ့ အရည်အချင်းက တကယ်ကို မှတ်သားလောက်စရာပဲ!"

လက်ခုပ်သံများက သွေးငွေ့များကြားမှ ထွက်ပေါ်လာသည်။ သားရဲနတ်အရှင်၏ ရုပ်သဏ္ဌာန်သည် မဝေးသောနေရာတွင် ပေါ်လာပြီး ချင်ယန်အား လှောင်ပြောင်သော အပြုံးဖြင့် ကြည့်နေသည်။

"မင်းရဲ့လျှို့ဝှက် သိုင်းကွက်တွေ ဘယ်လောက်ကြာကြာ ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။"

သူသည် စကားပြောရင်း လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ အနက်ရောင်ဆံပင်များ လွင့်ပျံသွားသည်။

"အဓိပတိ မဟာမိတ်အဖွဲ့က မြူခိုးဟောင်းတွေတောင် အဲဒီတုန်းက ငါ့ကို မသတ်နိုင်ခဲ့ဘူး။ အခု မင်းက တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။"

သူ၏ မာနကြီးသော အသံသည် နေရာတိုင်းတွင် ပဲ့တင်ထပ်နေ၏။ ချင်းယန်ကတော့ ပုံမှန်အတိုင်း တိတ်ဆိတ်နေပြီး သားရဲနတ်အရှင်၏ ကဲ့ရဲ့စကားများကို လျစ်လျူရှုကာ တိုက်ပွဲကိုသာ စေ့စေ့ငုငု စောင့်ကြည့်နေလေသည်။ ထို့နောက် သူ့လက်ကို မြှောက်ပြီး လှန်လိုက်သည်။

ပြင်းထန်သော ဓားစွမ်းအင်များ နောက်ထပ်တစ်ကြိမ် တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ကျစ်ဝေးသည် ခရမ်းရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးအခိုးအငွေ့ကို ဖြတ်ကာ ကျန်ရှိနေသော သားရဲနတ်အရှင်၏ ရုပ်သွင်ကို ဖြိုခွဲပစ်လိုက်၏။

တကယ်တော့ သူသည် သားရဲနတ်အရှင်ကို သတ်ပစ်နိုင်မည်ဟု ယုံကြည်မှု မရှိနေချေ။ ပြိုင်ဘက်၏ လေ့ကျင့်မှုအဆင့်က သူ့ထက် သာလွန်သည်။ အသေခံ တိုက်ခိုက်ခြင်းက လုံးဝ အလုပ်မဖြစ်နိုင်ပေ။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေက တစ်ဖက်လူကို ဒဏ်ရာရစေခြင်းပင်။

သူ သားရဲနတ်အရှင်အပေါ် ဒဏ်ရာတစ်ချက် ထားခဲ့နိုင်သမျှ ကာလပတ်လုံး သူသည် တစ်ဖက်လူ၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သက်သေပြနိုင်မည်။ ထို့အပြင် လူသားမျိုးနွယ်၏ အနာဂတ်သည် မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။

“မယုံဘူး… ဒီသွေးအိုင်ကို တိုက်ခိုက်တာက မင်းအပေါ် သက်ရောက်မှု မရှိဘူးပေါ့။”

ဤသည်ကို တွေးပြီးနောက် ချင်းယန်သည် သူ့ခြေဖဝါးအောက်က သွေးပင်လယ်ကို ငုံ့ကြည့်ရင်း သူ့မျက်လုံးက ရက်စက်ချင်လာသော အရိပ်အယောင်တို့ တောက်ပလာ၏။

ဤသွေးပင်လယ်သည် သားရဲနတ်အရှင်၏ အဓိပတိခန္ဓာ ဖြစ်ကြောင်းကို သူ သဘောပေါက်လိုက်ချေပြီ။ အဓိပတိခန္ဓာက ကောင်းကင်အရှင် အားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သူသိပေသည်။

အနှီအရာကို ပုံဖော်နိုင်သရွေ့ သူသည် သားရဲနတ်အရှင်၏ အခြေခံအုတ်မြစ်ကို ပျက်စီးစေနိုင်မည်မှာ သေချာသည်။ ထိုအချက်ကိူ စဉ်းစားမိလိုက်သည်နှင့် သူ၏ဓားစွမ်းအင်အားလုံးကို ရုတ်သိမ်းလိုက်၏။ ထို့နောက် မုန်တိုင်းမတိုက်မီ လေငြိမ်သွားသကဲ့သို့ သွေးအရည်များကို ဖြတ်လျှောက်ကာ သွေးပင်လယ်ဆီ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။

တစ်ဖက်၌မူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာအစီအရင်ပုံကြမ်းကို အမြင့်ဆုံးအထိ အသက်သွင်းထားသဖြင့် ၎င်း၏ ပြင်းထန်သော စွမ်းအင်သည် သူ၏အရေပြားတစ်လျှောက် စီးဆင်းနေသည်။

"အိုး ထွက်သွားချင်နေတာလား"

သားရဲနတ်အရှင်၏ ရုပ်သွင်သည် ချင်းယန်ကို လှောင်ပြောင်မှု အပြည့်ဖြင့် ကြည့်နေ၏။

“အခု မင်းလုပ်နိုင်…”

သူစကားမဆုံးခင်...

ဗုန်း!

လက်ချောင်းတစ်ချောင်းသည် အလွန်အမင်း တိတ်ဆိတ်နေခဲ့သော ကောင်းကင်အထက်မှ ဆင်းသက်ကာ သူ၏ခေါင်းကို ချက်ချင်း ချေမှုန်းပစ်လိုက်တော့သည်။

ချင်းယန် သူ့လက်ချောင်းကို ရုပ်သိမ်းလိုက်သော်လည်း အသက်ရှူမဝခင်မှာပင် သူ၏ ဝိညာဉ်စွမ်းအင် နယ်မြေထဲ၌ တစ်ခုခုကို ခံစားလိုက်ရပြန်သည်။ ၎င်းက သူ့အနောက်က ဘက်ဘက်တွင် ဖြစ်ကာ နောက်ထပ် ပုံမှန်မဟုတ်သော ရောင်ဝါတစ်ခုပင်။

"ကိုယ့်ကိုယ်ကို ထပ်ပြဖို့ ကြိုးစားနေတာလား"

ချင်းယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ကောင်းကင်လက်ဖဝါးကို ရုတ်ခြည်း ထုတ်လွှတ်လိုက်သည်။

ဗုန်း!

လက်ဖဝါးတစ်ချက် ရိုက်ခတ်လိုက်သည်နှင့် သွေးမြူများ လွင့်စင်သွားကာ ဆက်တိုက်ဆိုသလို အသံဗလံများ ဟိန်းထွက်သွားသည်။ သားရဲနတ်အရှင်၏ ရုပ်သွင် အပြည့်အဝ အကောင်အထည် မပေါ်လာမီတွင် ချင်းယန်က ၎င်းကို နေရာတွင်ပင် ဖျက်စီပစ်ခဲ့သည်။

သွေးပင်လယ်ကြီး တသိမ့်သိမ့် တုန်ခါသွားလေ၏။ ကြီးမားလှသော အသံနက်ကြီးက ပြင်ပကမ္ဘာသို့ပင် ပဲ့တင်ထပ်သွားရာ နောက်ဆုံးမှာတော့ လူတိုင်း သူ၏အသွင်အပြင်ကို မြင်လာရသည်။

ယခုအချိန်တွင် ချင်းယန်သည် မြေကြီးပေါ်သို့ ဆင်းသက်ကာ လျှပ်စီးကြောင်းများကြား ရပ်နေ၏။ သူ၏ နဂါးခန္ဓာပုံစံသည် ယခုထိ ရွှေရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသာ။ သူ့ပုံစံမှာ နဂါးလူသားကဲ့သို့ပင်။ ခရမ်းရောင် နတ်ဓားသည် သူ့ပတ်ပတ်လည်တွင် ရစ်ပတ်ကာ နေပစ်လေးဟာလည်း တောက်လောင်နေသော နေမင်းကြီးပမာ တောက်ပနေ၏။

သူ၏လက်ကောက်ဝတ်ကို လှန်လိုက်ရင်း သူ၏ စွမ်းအင်အားလုံးကို ထုတ်လွှတ်ပစ်လိုက်သည်။

တဟုန်းဟုန်း တောက်နေသော သွေးပင်လယ်ကြားတွင် လျှပ်စီးကြောင်းများက ဖြာထွက်နေပြီး မီးနိယာမကြောင့် ပေါ်လာသော မီးတောက်များသည်လည်း ကောင်းကင်ကို နေ့ဘက်အတိုင်စ တောက်လောင်နေစေ၏။ သစ်သားနိယာမကြောင့် စိမ်းလန်းသော သစ်ပင်အချို့သည် မြေပြင်မှ ကြွတက်လာပြီး သွေးတိမ်တိုက်၏ အူတိုင်သို့ တည့်တည့် ထိုးဖောက်လာကြသည်။

မရေမတွက်နိုင်သော လူတို့သည် ဤမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။ အနှီကြောက်မက်ဖွယ် ကောင်းသော ရုန်းရင်းဆန်ခတ်မှု တိုက်ပွဲကြီးသည် တစ်နာရီမျှ ကြာမြင့်ခဲ့လေသဖြင့် ကောင်းကင်နှင့်မြေကြီးတို့ တလှုပ်လှုပ် တုန်လှုပ်သည်။

ဗုန်း!

ထိုအခိုက်တွင် ကြယ်တာရာအစီအရင်၏ လည်ပတ်မှု ရပ်တန့်သွားခဲ့သည်။

ကောင်းကင်၌ နဂါးငွေ့တန်းများ ပျောက်ကွယ်သွားကာ ကြယ်စစ်သည်များ အားလုံးသည် ၎င်းတို့၏ စွမ်းအားများ ပြန်လည် ရောက်ရှိလာသည်ကို ခံစားခဲ့ကြသော်လည်း မည်သူမျှ မရွှင်မြူးကြပေ။ သေမင်းနယ်မြေပမာ တိတ်ဆိတ်မှုသည် ကျန်းဟိုင်ဟိုင်းမြို့ကို လွှမ်းခြုံထား၏

"ပြီးသွားပြီလား...?"

ရှဟဲသည် မြို့ရိုးပေါ်တွင် မတ်တတ်ရပ်ကာ စိတ်အားထက်သန်စွာဖြင့် ချင်းယန်ကို အသည်းအသန် ရှာဖွေနေလေသည်။

"လောင်ချင်း ဘယ်မှာလဲ၊ ဘာလို့ မထွက်လာသေးတာလဲ။"

သူမေးနေသော်လည်း မည်သူမျှ သူ့ကို အဖြေမပေးနိုင်ကြဘဲ တိတ်ဆိတ်မှုကြီးကသာ မြို့ရိုးပေါ်၌ စိုးစံနေ၏။ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေသော မျက်လုံးများ အားလုံးသည်လည်း သွေးအိုင်များကို အာရုံစိုက်နေကြသည်။

နောက်အခိုက်၌။

ဗုန်း!

သွေးအိုင်ထဲမှ အရိပ်တစ်ခု အနောက်သို့ လွင့်ပျလာကာ မြို့ရိုးကို ဝင်တိုက်ပစ်၏။ သို့ပါသောကြောင့် မြို့ရိုး၏ ကြီးမားသော အပိုင်းကို ပြိုကျသွားကာ အပျက်အစီးများ လွင့်ထွက်ကုန်သည်။

ဝင်တိုက်လိုက်သူကတော့ ချင်းယန်ပင်။ သူသည် ကောင်းကင်ကို မော့ကြည့်ရင်း ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်သည်။

ကောင်းကင် အထက်ရှိ သားရဲနတ်အရှင်သည် သူ့ရှေ့တွင် သွေးပင်လယ်ကို ပိုင်းခြားပြီး ကျန်းဟိုင်မြို့ရိုးထိပ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ တောက်လောင်နေသော နေရောင်သည် သူ့အနောက်တွင် မြင့်မားစွာ ချိတ်ဆွဲထားသည့် အတိုင်းပင်။

"ဟဲ့...မင်းမှာ လှည့်ကွက်တွေ အများကြီးရှိနေတာပဲ..."

သူထိုသို့ ပြောနေသော်လည်း သူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ထုတ်လွှတ်ထားသော ရောင်ဝါက သိသိသာသာ အားနည်းလာသည်။

သူသည်လည်း ဒဏ်ရာရသွားချေပြီ။

All Chapters