သားရဲနတ်အရှင်ကို ပြန်ဆုတ်ခိုင်းလို့ စနစ်က ဆုချပြီ
Vol. 23 Ch. 338
"မင်း ကျန်းဟိုင်မြို့က ထွက်သွားရင် ငါတို့လည်း ငြိမ်းချမ်းမှာပါ"
ကောင်းကင်အထက်ရှိ ချင်းယန်သည် သူ့လက်နှစ်ဖက်ကို ဖြန့်ကာ အခြေအနေများကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"မဟုတ်ဘဲ မင်း မြို့ထဲကို ဝင်လာရဲရင်တော့ သွေးဝိညာဉ်အစီအရင်ကို ဖျက်ဆီးပစ်မယ်။ အဆိုးဆုံးကတော့ ငါတို့နှစ်ယောက်လုံး သာမန်လူတွေ ဖြစ်သွားမှာပဲ!"
"အဲဒါကြောင့် ဒီကနေ ထွက်သွား!"
သူပြောပြီးသည်နှင့် လေထုက တန့်သွားခဲ့သည်။
"မင်းက ငါ့ကို ထွက်သွားစေချင်တာလား"
ထိုစကားကို ကြားသောအခါ သားရဲနတ်အရှင်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့သည်။ သူသည် ထိုနေရာတွင်သာ ခေတ္တ ရပ်ကာ စဉ်းစားရင်း ချင်းယန်ကို အပေါ်အောက် စုန်ဆန်ကြည့်ရင်း မျက်ခုံးတို့အား တွန့်ချိုးပစ်၏။
ဤစကားများက သူ့အတွက် အရေးမကြီးပါ။
သူ့အတွက် အမှန်တကယ် စိုးရိမ်စရာမှာ သွေးဝိညာဥ်အစီအရင်၏ လုံခြုံရေး ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် သူပြန်ရမည့်လမ်းမှာ ထိုနေရာ တစ်ခုတည်းသာ ရှိသည်။ အမှန်တကယ် ဖျက်ဆီးခံရပါက ပြန်လည် ဆယ်ယူရန် နည်းလမ်းမရှိပေ။ ထို့အပြင် ယခုလောလောဆယ်၌ ချင်းယန်၏ ရည်ရွယ်ချက်ကို သူ မသိနိုင်သေးချေ။
ဤအရူးလေး၏ စိတ်အခြေအနေဟာလည်း ခန့်မှန်း၍ မရသဖြင့် သွေးဝိညာဥ်အစီအရင်ဖြင့် အနာဂတ်ကို အလောင်းအစား မလုပ်ချင်ပေ။
ကျန်းဟိုင်သည် ကမ်းရိုးတန်း မြို့ငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ သူ၏ဒေါသနှင့် လူသတ်ချင်စိတ်များကို မည်မျှပင် ဖြေဖျောက်လိုစေကာမူ သွေးဝိညာဉ်အစီအရင်ကို ထိ၍ မဖြစ်ချေ။ သို့တင်မဟုတ် သွေးဝိညာဉ်အစီအရင်ကို တစ်မြို့လုံး၏ အသက်ပေါင်းများစွာနှင့် လဲလှယ်ရန်လည်း မထိုက်တန်ချေ။
"ချင်းယန် မင်း စောင့်နေလိုက်!"
ထိုအချက်များကို စဉ်းစားရင်း သားရဲနတ်အရှင် သူ၏ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။ သွေးအခိုးအငွေ့များ တစ်ဟုန်ထိုး ထွက်ပေါ်ပြီး ချင်းယန်ကို ခပ်မြင့်မြင့်မှ စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် လောင်ကျွမ်းနေသော လူသတ်ချင်စိတ်များကို အတိုင်းသာ မြင်နေရလေသည်။
"ဒါက ငါပထမဆုံးအကြိမ် အရှက်ခွဲခံရတာပဲ။ မင်းကို တစ်နေ့တော့ သေချာပေါက် သတ်ပစ်မယ်!!"
"ကျစ်! ကောင်းပါပြီ၊ ကောင်းပါပြီ... အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့တော့ ငါမင်းကိုစောင့်နေမယ်။"
ချင်းယန်သည် တစ်ဖက်လူကို မထီမဲ့မြင်ပြုကာ နှောက်ယှက်ရန် လက်ကို မြှောက်ပြီး အေးစက်စွာ စိုက်ကြည့်နေသည်။
"ငါဒီမှာပဲ ရှိတယ်၊ ဘယ်မှမသွားဘူး။"
ထို့နောက် လက်သုံးချောင်းကို ထောင်ကာ စတင်ရေတွက်လေ၏။
"သုံး..."
"နှစ်..."
အဝေးမှ လေ၊ မိုးခြိမ်းသံနှင့်အတူ ခံ့ညားထည်ဝါသော ရောင်ဝါသည် ချင်းယန်၏ တင်းမာလှသော မာနကို ပေါ်လွင်စေပေသည်။
"မင်း!"
သားရဲနတ်အရှင်ခမျာ ထိုတုံ့ပြန်သံကြောင့် ရင်ဆို့သွားကာ သူ၏မျက်နှာသည်လည်း ပို၍ပင် ရုပ်ဆိုးလာ၏။ သူ တစ်ခုခုပြောလိုသဖြင့် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ချင်းယန်၏ ပြင်းထန်သော အမူအရာကို မြင်လိုက်ရသဖြင့် သူ့စကားတို့ကို မျိုချလိုက်ရသည်။
"ငါပြန်လာခဲ့မယ်!"
ဝုန်း!
ကြက်သွေးရောင် အလင်းတန်းများသည် အဝေးသို့ ဆုတ်ခွာ ပျောက်ကွယ်သွားသည်။ သူ၏ ရုပ်သွင်သည် တလီတောင်တန်းများကြား၌ အနက်ရောင် အစက်လေး ဖြစ်သွားခါမှ မငြိမ်မသက် ဖြစ်နေသော လေထုဟာလည်း နောက်ဆုံးတွင် တိတ်ဆိတ်သွားချေ၏။
"ဟူး..."
ချင်းယန်သည် တင်းမာနေသော မျက်နှာထားကို မပြေလျော့စေမီ သူ၏စိတ်ဝိညာဉ် အာရုံများကို အသုံးပြုကာ တစ်ဖက်လူ ဝေးကွာသွားကြောင်း အတည်ပြုနေခဲ့သည်။ ထိုသားရဲကောင် အမှန်တကယ် ပျောက်သွားကြောင်း သေချာမှသာ နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်၏။
"နောက်ဆုံးတော့ ငါသူ့ကို လှည့်စားနိုင်ခဲ့ပြီ"
ဤကဲ့သို့ လုပ်နိုင်ရန် မလွယ်ကူခဲ့ပေ။
သူသည် သားရဲနတ်အရှင်၏ အစွမ်းအစများ အလုံးစုံ ထွက်လာမည်ကို အမှန်တကယ် ကြောက်လန့်နေခဲ့ရသည်။ ၎င်းက ယခုတောင် ရုတ်တရက် စိတ်ဖောက်ကာ ကျန်းဟိုင်မြို့ တစ်ခုလုံးကို သူနှင့်အတူ ဆွဲချရန် ကြိုးစားခဲ့လိုက်သေးသည်။
ချင်းယန် သူ့ဒဏ်ရာများကို ငုံ့ကြည့်လိုက်သည်။ လက်ရှိ သူ့ဒဏ်ရာနှင့် ဆိုလျှင် ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ရန် အခွင့်အလမ်းနည်းမှန်း သိပြီးသားပင်။
"တကယ် ငါ့ရဲ့ အစစ်အမှန်ပုံစံနဲ့ ထွက်လာတာက အန္တရာယ်ရှိတာပဲ"
...
ကျန်းဟိုင်နယ်စပ်တွင် သွေးနီရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားချေပြီ။ သားရဲနတ်အရှင် မရှိတော့သဖြင့် သွေးပင်လယ် စွမ်းအင်နယ်မြေလည်း မရှိတော့ပေ။ တိုက်ပွဲ၏ နက်နဲသော ခြေရာလက်ရာများသာ မြေကြီးပေါ်တွင် ထင်ကျန်ခဲ့၏။ တောင်ခြေများ တိုက်စားခံထားရကာ လယ်ကွင်းပြင်များတွင် အရိုးဖြူများ ပြန့်ကျဲနေသည်။
မြို့ရိုးပေါ်၌ လောင်လီနှင့် အခြားသူများသည် မယုံကြည်နိုင်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သားရဲနတ်အရှင် တကယ် ထွက်သွားပြီ..."
သားရဲနတ်အရှင် ပျောက်ကွယ်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ ဖိအားများလည်း ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ဤတော့မှ အားလုံးက သက်ပြင်းတစ်ချက်စီ ချနိုင်သွားရုံသာမက အချို့သော ကြယ်စစ်သည်များဆိုလျှင် အသက်ရှူကြပ်ကာ မြေပြင်ပေါ်သို့ပင် လဲကျသွားကုန်၏။
ကပ်ဆိုးဘေးမှ ကပ်သီးလေး လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။
"ကျန်းဟိုင်ကို ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ။"
လောင်လီခမျာ မျက်လုံးများထဲတွင် မျက်ရည်များဝဲကာ ကောင်းကင်အထက်က ချင်းယန်ကို မော့ကြည့်လိုက်သည်။ ချင်းယန်ကြောင့် ကျန်းဟိုင်မြို့သည် နောက်ထပ် အကျပ်အတည်းမှ လွတ်မြောက်ခဲ့ပြန်ပေပြီ။
တိုက်ပွဲ ပြီးသွားသဖြင့် နေမင်းကြီးက ကောင်းကင်၌ တောက်ပစွာ ထွန်းလင်းနေ၏။
နေအလင်းရောင် ချင်းယန်အပေါ် လွှမ်းခြုံလာသောအခါ သူ့ပတ်ဝန်းကျင်တွင် အလင်းရောင်များ ဖြာထွက်ကာ နတ်ဘုရားနီးပါး တောက်ပသွားစေသည်။
ကြီးမားသော ကြက်သွေးရောင် ရွှေနဂါးကြီးတစ်ကောင်သည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသလို ခရမ်းရောင် နတ်ဓားသည်လည်း ပျော်ရွှင်စွာ ကခုန်နေ၏။ ၎င်း၏ထက်မြက်သော ဓားစွမ်းအင်ဖြင့် သူ့ကို ကာကွယ်ပေးထားသည်။
"ဆရာ့ရောင်ဝါက အရမ်းမိုက်တာပဲ..."
လီချင်းဟဲ၏ မျက်လုံးများက တောက်ပနေ၏။ သူမသည် လူတိုင်းကြားတွင် စိတ်လှုပ်ရှားမှု မီးတောက်များ လောင်ကျွမ်းစေရန် အစီအရင်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။
"ဆရာ သက်တော်ရာကျော်ရှည်ပါစေ!"
"စစ်မှန်တဲ့ နဂါးသိုင်းနတ်ဘုရား အသက်ရှည်ပါစေ!!"
ကြွေးကြော်သံတစ်ချက် လူတစ်ထောင်ကို မျက်စိတစ်မှိတ်အတွင်း လှုံ့ဆော်ပေးနိုင်ခဲ့သည်။ တစ်ခဏချင်းမှာပင် ပျော်ရွှင်မှုလှိုင်းလုံးများက လူတိုင်း၏ နှလုံးသားထဲ ပေါက်ဖွားလာကုန်သည်။ ကြယ်စစ်သည်တို့၏ အော်သံများသည်လည်း ကျန်းဟိုင်မြို့ရိုးပေါ်၌ ပဲ့တင်ထပ်ကုန်၏။
ရှောင်ပိုင်သည် လူအုပ်ထဲတွင် ရောနှောကာ သူမပတ်ဝန်းကျင်က နှိုးဆော်သံကို နားထောင်ကာ ဂုဏ်ယူစွာ ရပ်နေသည်။
"ဟဲဟဲ၊ ဒါ ငါ့သခင်ပဲ!"
၎င်းတို့၏ ပျော်ရွှင်မှုများကြားတွင် ချင်းယန်သည် မြို့ရိုးအလယ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ လူအုပ်ကြီးသည် လှိုင်းလုံးကြီးကဲ့သို့ ရှေ့သို့ ခုန်တက်သွားသော်လည်း အဝေးမှ ကြည့်နေရုံသာ တတ်နိုင်ကာ အနီးသို့ မကပ်ရဲကြပေ။
သို့သော် ဤသည်က ပြည်သူပြည်သားများ၏ စိတ်အားထက်သန်မှုကို အနည်းငယ်မျှ မထိခိုက်စေချေ။ လူတိုင်း၏ မျက်နှာပေါ်၌ မျှော်လင့်ချက် အစစ်အမှန်များကို ပြသလျက်ရှိသည်။
ဤအခိုက်အတန့်တွင် ချင်းယန်၏ အဆင့်အတန်းမှာ ထပ်မံ မြင့်လာပေပြီ။ ကျန်းဟိုင် ဓားနတ်ဘုရား၏ ဂုဏ်သိက္ခာကို ကျော်လွန်ကာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားသည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ကို မပြောရဘူး!"
"ဒီအစွမ်းနဲ့ဆို နဂါးသိုင်းနတ်ဘုရားက ငါတို့ရဲ့မြို့သခင် ဘာလို့ မလုပ်နိုင်ရမှာလဲ။"
"အကြံကောင်းပဲဟေ့!"
"လက်ရှိမြို့သခင်ကလည်း ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ပရိတ်သတ်ကြီးလို့ ငါကြားတယ်နော်!"
"..."
"မိတ်ဆွေလေးချင်း ဒီတစ်ခါ မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
လောင်လီသည် လူတိုင်းကို အနီးကပ် ခေါ်ဆောင်လာကာ ချင်းယန်၏လက်ကို အားတက်သရော ဆုပ်ကိုင်လိုက်၏။
"ကျန်းဟိုင်ပြည်သူ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ဖော်ပြခွင့်ပြုပါ..."
သူက ပြောပြီးသည်နှင့် ဒူးထောက်မည် ဖြစ်သည်။ သို့သော် ချင်းယန် လောင်လီအား အလျင်အမြန် လက်လှမ်းပေးလိုက်သည်။
"ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ဒီတစ်ကြိမ် သားရဲနတ်အရှင်ကို ခြောက်လှန့်နိုင်တာက ကျွန်တော်တစ်ယောက်တည်းရဲ့ အောင်မြင်မှုတစ်ခု မဟုတ်ဘူး၊ လူတိုင်းရဲ့ ခိုင်မာတဲ့ ပံ့ပိုးကူညီမှုတွေလည်း အများကြီးပါတယ်။"
သွေးဝိညာဥ်အစီအရင် မရှိလျှင် သားရဲနတ်အရှင်ကို ယခုလို ခြောက်လန့်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူ၏ ပန်းတိုင်မှာ ၎င်းကို ခြောက်လှန့်ရန်သက်သက်ချည်း မဟုတ်ပေ။ ဒဏ်ရာရသွားအောင်လည်း လုပ်ရန်ပင်။ သို့မဟုတ်လျှင် သူ့ပြင်ဆင်မှုအားလုံးသည် အချည်းနှီးဖြစ်လိမ့်မည်။
"လုံးဝ မဟုတ်ပါဘူး မိတ်ဆွေလေးချင်း မင်းကသာ လူတိုင်းမျှော်လင့်နေတဲ့သူပါ။ မင်းရဲ့ ကြယ်တာရာအစီအရင်ပုံကြမ်း မရှိရင် ငါတို့ထဲက အရေအတွက် ဘယ်လောက်ပဲရှိရှိ ဒီလို အခြေအနေ ဖြစ်အောင် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ အသက်က သားရဲနတ်အရှင်အတွက် စားစရာတောင် ဖြစ်သွားနိုင်တယ်။ မိတ်ဆွေလေး လုပ်သွားတာက နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်!"
"အင်း အားလုံး ခဏလောက် အနားယူကြစို့"
ဤသည်ကို မြင်သောအခါ ချင်းယန်လည်း ခေါင်းညိတ်လိုက်ပြီး သူ၏ ကြယ်လက်စွပ်ကို ထိလိုက်သည်။
"ကြယ်တာရာ အစီအရင်ကို ထိန်းသိမ်းရတာက ခက်ခဲတယ်။ ကျွန်တော် ဆေးလုံးတွေ ပြင်ဆင်ထားပြီးပြီ၊ လျော်ကြေးအနေနဲ့ နောက်မှ ပို့ပေးဖို့ လောင်လီကို နှောင့်ယှက်ပါရစေ။"
သူ စကားပြောနေရင်း ကြယ်လက်စွပ်ကို ဖွင့်တော့မည့်အခိုက် ရုတ်တရက် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အိုး hostက တကယ်ကြီး ဧကရာဇ်နယ်ပယ်က ကျွမ်းကျင်သူကို တွန်းလှန်လိုက်တာလား။"
"စင်မြင့်တိုက်ပွဲလား?! မဖြစ်နိုင်ဘူး! အဓိကနယ်ပယ်တော်တော်များများကို တိုက်ရိုက်ကျော်သွားခဲ့တာပဲ။ host ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ဘုံကိုတောင် အံတုနိုင်နေပြီလား။"
စနစ်၏ အံ့အားသင့်နေသည့် အသံပင်။
"ဂုဏ်ယူပါတယ် host ဆုလာဘ် အဆတစ်ရာ မြှင့်တင်လိုက်ပါပြီ..."
မထင်မှတ်ထားသော စက်ရုပ်အသံသည် ပတ်ဝန်းကျင်မှ အားပေးသံများနှင့်အတူ ဆက်လက် ထွက်ပေါ်လာခဲ့လေသည်။ ချင်းယန် ခဏမျှ အံ့အားသင့်သွားပြီး သတိဝင်လာသည်နှင့် အလွန် ဝမ်းသာသွားတော့သည်။