တတိယအကြိမ် ထိပ်တိုက်တွေ့မှု အဆုံးသတ်ခြင်း
Vol. 27 Ch. 404
ပိုင်ကျီဟန်သည် ချူကျီယန်၏ အကူအညီကို အနည်းငယ် အားပြုရင်း မတ်တတ်ရပ်နေသော်လည်း သူ၏ အကြည့်များမှာ ထက်ရှလာပြန်ပြီ ဖြစ်သည်။
သူတို့သည် မဟာမိတ်များ၏ ဝိုင်းရံကာကွယ်မှုအောက်တွင် ရှိနေပြီး နောက်တန်းနှင့်လည်း အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် ထပ်မံဆုတ်ခွာနေရန် မလိုတော့ပေ။
အဓိကအကြောင်းရင်းမှာ သူသည် ချူကျီယန်၏ ပွေ့ချီခြင်းကို ထပ်မံမခံလိုတော့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း သူသည် လမ်းကောင်းကောင်းလျှောက်နိုင်သည့် အခြေအနေမဟုတ် သေးသဖြင့် ထိုနေရာမှ ထွက်ခွာသွား၍လည်း မရသေးပေ။
ထို့ကြောင့် ပိုင်ကျီဟန်သည် အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲကွင်းပြင်သည် သတ်ဖြတ်ကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
မိစ္ဆာကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြသည်။
မိစ္ဆာသားရဲကြီးများသည် ဒေါသတကြီး ဟိန်းဟောက် နေကြသော်လည်း ဓားအလင်းတန်းများ၊ လက်နက်စွမ်းအားများနှင့် ဖိနှိပ်ချုပ်ချယ်သော နည်းစနစ်များအောက်တွင် အပိုင်းပိုင်း ပြတ်တောက်ကုန်ကြသည်။
သွေးများသည် မြေပြင်ကို စိုရွှဲစေ၏။
ချီစွမ်းအား မုန်တိုင်းများက ကောင်းကင်ယံကို လှုပ်ခတ်စေ၏။
သို့သော် ပိုင်ကျီဟန်မှာ ကျေနပ်အားရမှု မရှိပေ။
နောင်တသာ ရနေမိသည်။
"တောက်”
သူ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူ၏ ချီစွမ်းအားများမှာ တဖြည်းဖြည်း ပြန်လည်ပြည့်တင်းလာသော်လည်း လုံလောက်ရန် ဝေးနေပါသေးသည်။
ယခုအချိန်တွင် အခြေတည်ဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ရန်ပင် သူ့အတွက် ခက်ခဲပေလိမ့်မည်။
သူ့ကို အနှောင့်အယှက်အပေးဆုံးမှာ နာကျင်မှု မဟုတ်ပေ။
အဆင့်-၉ မိစ္ဆာသားရဲကြီးများကို သူကိုယ်တိုင် မသတ်နိုင်တော့သဖြင့် စနစ်အမှတ်များ ထပ်မံမရရှိနိုင်တော့ခြင်းပင် ဖြစ်သည်။
သူသည် ပိုင်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက မိစ္ဆာသားရဲအုပ်စုကို ရှင်းလင်းနေသည်ကို ကြည့်နေမိသည်။ ထိုသားရဲများ၏ ခန္ဓာကိုယ်များမှာ မြူခိုးများကဲ့သို့ ပေါက်ကွဲထွက်သွားကြသည်။
ထိုအကောင်များကို သူကိုယ်တိုင် သတ်ခဲ့ရမှာပင်။
သူ့လက်နဲ့ပဲ ဖြစ်သင့်တာပင်
ပိုင်ကျီဟန်သည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။
(တွေးနေလို့လည်း အပိုပဲ။)
စစ်ပွဲက မပြီးသေးချေ။
သူ၏ မျက်လုံးများကို အထက်သို့ မြှင့်လိုက်သည်။
ဝေးကွာသော နေရာနှစ်ခု— စစ်ပွဲ၏ အဖြေကို အမှန်တကယ် ဆုံးဖြတ်ပေးမည့် နေရာနှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ မိုကျွင်း နှင့် ပိုင်ချူ တို့၏ တိုက်ပွဲဖြစ်သည်။
သူတို့၏ ထိပ်တိုက်တွေ့မှုသည် ကောင်းကင်ယံကိုပင် ပုံပျက်သွားစေသည်။
ဓားရည်ရွယ်ချက်များနှင့် မိစ္ဆာချီများမှာ အဆုံးမရှိ ထိတွေ့နေကြပြီး မည်သူကမျှ အသာစီးမရသေးပေ
တိုက်ကွက်တိုင်းတွင် ကျင့်ကြံသူအမြောက်အမြားကို အမှုန့်ပြုနိုင်သည့် သတ်ဖြတ်နိုင်စွမ်းများ ပါရှိသည်။ သို့သော်— သူတို့နှစ်ဦးစလုံးမှာ အားပြိုင်နေဆဲပင်။
သူတို့နှစ်ဦး၏ ခွန်အားသည် တူညီနေသဖြင့် မည်သူမျှ အလွယ်တကူ အသာစီးရရန် မဖြစ်
နိုင်ပေ။
ထို့နောက်
သူသည် ဒုတိယမြောက် တိုက်ပွဲကွင်းပြင်သို့ လှည့်ကြည့်လိုက်သည်။
ချီလင်းတစ်ပိုင်း သားရဲကြီး
သူတော်စင်အဆင့်ဓားကြောင့် ရရှိထားသော ပြင်းထန်သည့် ဒဏ်ရာရှိနေပါသော်လည်း
သူ၏ ဘေးမှ သွေးများ အဆက်မပြတ် စီးကျနေပါသော်လည်း
ထိုရှေးဟောင်းသားရဲကြီးသည်
ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
၎င်း၏ ဟိန်းဟောက်သံသည် ကောင်းကင်ယံကို တုန်ခါစေသည်။
ခြေလှမ်းတိုင်းက မြေပြင်ကို အက်ကွဲစေသည်။
၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးတောက်များနှင့် လျှပ်စီးများ ဝန်းရံလျက် အကြိမ်ကြိမ် တိုးဝင်
တိုက်ခိုက်နေသည်။
၎င်းကို ရင်ဆိုင်နေရသူများမှာ ပုံရိပ်သုံးခု ဖြစ်သည်။
ပိုင်ရမ် ၊ ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်
သူတို့ အစွမ်းကုန် ကြိုးစားနေကြသော်လည်း နောက်သို့ ဆုတ်နေရဆဲပင်။
ချီလင်းတစ်ပိုင်း သားရဲကြီးသည် ၎င်း၏ လက်သည်းများဖြင့် မြေပြင်ကို ရိုက်ချလိုက်သည်။
ဝုန်း
တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ယုရွှမ်သယ်သည် ထိုလှိုင်းကို မနည်းရှောင်လိုက်ရသော်လည်း ပါးစပ်မှ သွေးများ ထွက်လာကာ နောက်သို့ လွင့်ထွက်သွားသည်။
ပိုင်ကျီဟန်၏ မျက်နှာအမူအရာ တည်ကြည်သွားသည်။
(ဒီလောက်ထိ သန်မာနေတုန်းလား...?)
ဒဏ်ရာရထားတာတောင်။
သူတော်စင်အဆင့်ဓားနဲ့ ထိထားတာတောင်မှပင်
ချီလင်းတစ်ပိုင်း သားရဲကြီးသည် မဟာကောင်းကင်ဘုံ တက်ခြင်းအဆင့် ပညာရှင် သုံးဦးကိုပင် ဖိအားပေးနေဆဲဖြစ်သည်။
ထို့ထက် ပိုဆိုးသည်မှာ
သူတို့အနေဖြင့် အမှားတစ်ခုတည်းပင် လုပ်၍မရခြင်းပင်။
ထိုသားရဲကြီးထံမှ တိုက်ရိုက်တိုက်ကွက် တစ်ချက်မိရုံနှင့်
သေခြင်းတရားကို ရင်ဆိုင်ရမည်ဖြစ်သည်။
လီကျန်းဟယ်ကဲ့သို့ပင်။
ဒုတိယအကြိမ် အခွင့်အရေး မရှိပေ
ထွက်ပြေးရန် လမ်းစ မရှိချေ
ပိုင်ကျီဟန်၏ အကြည့်သည် ဒုတိယမြောက် တိုက်ပွဲကွင်းပြင်၌သာ တန့်နေခဲ့သည်။
ပိုင်ချူနှင့် မိုကျွင်းတို့၏ တိုက်ပွဲသည် အဖြေမထွက်ဘဲ ဖြစ်နေသော်လည်း ဤတိုက်ပွဲမှာမူ တဖြည်းဖြည်းနှင့် သိသိသာသာ ပြောင်းလဲလာနေသည်။
ပိုင်ရမ်သည် သူ၏ နေရာကို မြဲမြဲဆုပ်ကိုင်ထားသည်။
သေစေနိုင်သော ဒဏ်ရာမျိုး မရှိသော်လည်း ဒဏ်ရာအသေးအဖွဲများ စုပုံလာနေပြီး ချီလင်းတစ်ပိုင်း သားရဲကြီးမှာ တဖြည်းဖြည်း အားနည်းလာနေသည်မှာ အသေအချာပင်။
သားရဲကြီး၏ ခန္ဓာကိုယ်မှ စီးကျနေသော သွေးများကို လျစ်လျူရှုထား၍ မရတော့ပေ။
လှုပ်ရှားမှုတိုင်းတွင် သွေးစက်များသည် ၎င်း၏ အကြေးခွံများပေါ်မှ တတောက်တောက် စီးကျနေသည်။ ၎င်း၏ အသက်ရှူသံမှာလည်း ပို၍ ပြင်းထန်လာသည်။
အကယ်၍ ပိုင်ရမ်နှင့် ကျန်ရှိသူများသာ စနစ်တကျ တိုက်ခိုက်နိုင်ပါက သူတို့ အနိုင်ရပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်ရန်အတွက် သူတို့သည် အသက်ရှင်ကျန်ရစ်နေရမည်ဖြစ်ပြီး အမှားအယွင်းမရှိ တိုက်ခိုက်ရမည် ဖြစ်သည်။
ဝေါးးးးးးးး
မိုးကြိုးပဲ့တင်ထပ်သံကဲ့သို့ ဟိန်းဟောက်သံကြီးသည် ကောင်းကင်ယံသို့ ပျံ့နှံ့သွားပြီး တိမ်တိုက်များကို လွင့်စင်သွားစေကာ အောက်ခြေရှိ တိုက်ပွဲကွင်းပြင်ကိုပင် တုန်လှုပ်စေသည်။
ချီလင်းတစ်ပိုင်း သားရဲကြီးသည် ဒေါသနှင့် အရှက်ရမှုများကြောင့် မျက်ဝန်းများ တောက်လောင်လျက် နောက်သို့ အားယူလိုက်သည်။
"လူသားတွေ”
၎င်း၏ အသံမှာ ပုံပျက်နေသော်လည်း ဒေါသများဖြင့် ပြည့်နှက်လျက် ဟိန်းထွက်လာသည်။
"မင်းတို့တွေက လှည့်ကွက်တွေ... ဆန်းပြားတဲ့ လက်နက်တွေကိုပဲ အားကိုးရဲကြတယ်ပေါ့”
၎င်း၏ နှာခေါင်းပေါက်များမှ မီးတောက်များ ပန်းထွက်လာပြီး ဦးချိုများ ပတ်ပတ်လည်တွင် လျှပ်စီးများ တဖြတ်ဖြတ် လက်လာသည်။
"ငါ ဒါကို မှတ်ထားမယ်”
ထိုကြေညာချက်မှာ ကျိန်စာတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားသည်။
ထို့နောက်
၎င်းသည် နောက်သို့ ဆုတ်လိုက်သည်။
ထိတ်လန့်တကြား ဆုတ်ခွာခြင်း မဟုတ်ပေ။
အလျင်စလို ဆုတ်ခွာခြင်းလည်း မဟုတ်ချေ။
သို့သော် အလွန်အမင်း တည်ငြိမ်နေခြင်းကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ချီလင်းတစ်ပိုင်း သားရဲကြီးသည် လှည့်ထွက်သွားပြီး လှုပ်ရှားမှုတိုင်းသည် လေးလံကာ စဉ်းစားချင့်ချိန်မှု ရှိလှသည်။ ၎င်း၏ ကြီးမားလှသော ကိုယ်ထည်ကြီးမှာ တိုက်ပွဲကွင်းပြင်မှ စိတ်တိုင်းကျ ထွက်ခွာသွားသော ဘုရင်တစ်ပါးကဲ့သို့ တဖြည်းဖြည်းနှင့် ခန့်ညားထည်ဝါစွာ ဆုတ်ခွာသွားတော့သည်။
၎င်း ထုတ်လွှတ်ထားသော ဖိအားသည် အနည်းငယ်မျှ လျော့ပါးမသွားပေ။
ထို့ကြောင့်လည်း မည်သူကမျှ တားဆီးရန် မလှုပ်ရှားရဲကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မည်သူမျှ မတားဆီးနိုင်၍ ဖြစ်သည်။ ပိုင်ရမ်သည် သူ၏ ဓားကို အနည်းငယ် နှိမ့်ချလျက် တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။
သူ့စိတ်ရင်းအရဆိုလျှင် ချီလင်းတစ်ပိုင်း သားရဲကြီးကို ဤနေရာမှာပင် ဆက်လက်ပိတ်ဆို့ထားပြီး ၎င်း၏ အသက်ဓာတ် ကုန်ဆုံးသွားသည်အထိ တိုက်ခိုက်ချင်လှသည်။
သို့သော် သူသည် အခြေအနေကို ပို၍ နားလည်သည်။
သူ၊ ကျောက်ဝူကျင်း နှင့် ယုရွှမ်သယ် တို့မှာ အစွမ်းကုန် ရုန်းကန်ထားကြရသဖြင့် သူတို့၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
သူတို့၏ ချီစွမ်းအား သိုလှောင်မှုသည် အန္တရာယ်ရှိလောက်အောင် နည်းပါးနေပြီ။
အတင်းအဓမ္မ တည်ငြိမ်ဟန်ဆောင်နေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ဒဏ်ရာဒဏ်ချက်များကြောင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေချေပြီ။
ဤအခြေအနေတွင် ချီလင်းတစ်ပိုင်း သားရဲကြီးကို အတင်းအဓမ္မ ဆက်လက်တားဆီးရန် ကြိုးစားခြင်းမှာ သူရဲကောင်းဆန်ခြင်း မဟုတ်ပေ။
၎င်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်လိမ့်မည်။
အကယ်၍ သူတို့သာ အတင်းအကျပ် ရှေ့တိုးလိုက်မည်ဆိုပါက
သူတို့ သေရပေလိမ့်မည်။
ရိုးရှင်းလှသော အမှန်တရားပင်။
မိုကျွင်းသည် ချီလင်းတစ်ပိုင်း သားရဲကြီး ဆုတ်ခွာသွားသည်ကို ကြည့်နေပြီးနောက် ကျန်ရှိနေသော မိစ္ဆာသားရဲများလည်း ၎င်း၏နောက်သို့ လိုက်ပါသွားကြသည်။
"တောက်”
စိတ်ပျက်လက်ပျက်ဖြင့် မကျေမနပ် ရေရွတ်သံမှာ စူးရှလှသည်။
မိုကျွင်းသည် သူ၏ ပုခုံးပေါ်တွင် ဓားကို တင်ထားလျက် ပိုင်ချူထံသို့ အကြည့်ကို ပြန်လှည့်လိုက်သည်။
"ပိုင်ချူ" သူက နှုတ်ခမ်းကို မဲ့လျက် အေးစက်စွာ ပြောလိုက်သည်။ "မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်။"
ထို့နောက် သူ၏ အသံသည် မိစ္ဆာချီများ ပါဝင်လျက် တိုက်ပွဲကွင်းပြင် တစ်ခုလုံးသို့ ဟိန်းထွက်သွားတော့သည်။
"မိစ္ဆာကျင့်ကြံသူအားလုံး— ဆုတ်ခွါကြ”
ထိုအမိန့်မှာ အပြတ်အသတ်ပင်။ ချီလင်းတစ်ပိုင်း သားရဲကြီးသာ မရှိတော့ပါက ပိုင်ရမ်၊ ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ်တို့ကို ထိန်းချုပ်ထားနိုင်မည့်သူ မရှိတော့သဖြင့် ဆက်လက်နေထိုင်ခြင်းမှာ အဓိပ္ပာယ်တစ်ခုတည်းသာ ရှိသည်။
၎င်းမှာ သေခြင်းတရားပင်
မိစ္ဆာတပ်သားများမှာ တပ်ဖျက်ကာ အရှိန်အဟုန်ဖြင့် စတင်ဆုတ်ခွာကြတော့သည်။
ပိုင်ချူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
"မင်းကို ဒီတိုင်း လွှတ်ပေးမယ်လို့ ထင်နေတာလား?"
သူ၏ ဓားရည်ရွယ်ချက်သည် ကောင်းကင်ဘုံကို တုန်လှုပ်စေလောက်အောင် ပြင်းထန်ရက်စက်စွာ ထွက်ပေါ်လာသည်။
မိုကျွင်းကိုသာ ဤနေရာ၌ ဆွဲထားနိုင်လျှင်
သူသာ ထွက်မပြေးနိုင်လျှင်
စစ်ကူများ ရောက်လာသည်နှင့် မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင်ကို အားချည့်နဲ့သွားအောင် တိုက်ခိုက်ပြီး သတ်ပစ်နိုင်မည်ဖြစ်သည်။
ပိုင်ချူသည် တောက်ပနေသော ဓားကို ကိုင်စွဲကာ ရှေ့သို့ တိုးလိုက်သည်။
သို့သော် ထိုစဉ်
ကောင်းကင်ယံကြီး ဟိန်းဟောက်သွားသည်။ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီဖြစ်သော ချီလင်းတစ်ပိုင်း သားရဲကြီးမှာ ခေါင်းမော့လိုက်သည်။
၎င်း၏ ရင်ဘတ်မှာ ဖောင်းကြွလာ၏။
မီးတောက်များ၊ လျှပ်စီးများနှင့် ရှေးဟောင်းသားရဲ ချီစွမ်းအားများသည် တစ်မှတ်တည်း၌ စုစည်းသွားသည်။
ပိုင်ချူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။
"တောက်... အားမလိုအားမရှိလိုက်တာ”
ထိုသားရဲကြီးသည် သူ့ကို ပစ်မှတ်ထားနေကြောင်း သူ သိလိုက်သည်။
ချီလင်းတစ်ပိုင်း သားရဲကြီးက ၎င်း၏ တိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြီ။
မီးတောက်နှင့် လျှပ်စီးများ ရောယှက်နေသော ကြီးမားလှသည့် အလင်းတန်းကြီးသည် ကောင်းကင်ယံကို ဖောက်ထွင်းကာ မယုံကြည်နိုင်လောက်သော အကွာအဝေးကို ဖြတ်ကျော်လျက် ပိုင်ချူထံသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။
ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။
ပိုင်ချူသည် ခြေလှမ်းကို ရပ်လိုက်ကာ သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်သည်။
ဓားရည်ရွယ်ချက်များ ပေါက်ကွဲထွက်လာ၏။
ဒိုင်း
ထိတွေ့မှုကြောင့် လေထုကြီးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသလို ခံစားရသည်။
ဟင်းလင်းပြင်ကြီး ပြင်းထန်စွာ ပုံပျက်သွားစဉ် ပိုင်ချူမှာ အစွမ်းကုန် ခုခံရတော့သည်။ သူသည် ထိုကြီးမားလှသော အဝေးပစ်တိုက်ကွက်ကို လူစုခွဲပစ်ရန်အတွက် ဓားရည်ရွယ်ချက်များကို အလွှာလိုက် အလွှာလိုက် ထုတ်ဖော်လိုက်ရသည်။
သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲကာ နိမ့်ဝင်သွားတော့သည်။
တုန်ခါမှုလှိုင်းများ ငြိမ်သက်သွားချိန်တွင်မူ မိုကျွင်းမှာ ထွက်ပြေးနေသော မိစ္ဆာကျင့်ကြံသူများနှင့်အတူ နောက်သို့ ဆုတ်ခွာသွားပြီ ဖြစ်သည်။
သူ နောက်လှည့်ပင် မကြည့်တော့ပေ။
ပိုင်ချူသည် သူ၏ ဓားကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး သူ၏ မျက်နှာမှာ အေးစက်ကာ မကျေမနပ် ဖြစ်နေ၏။ "မိုကျွင်းက ချီလင်းတစ်ပိုင်း သားရဲကြီးနဲ့ ပူးပေါင်းဖို့ ဘယ်လိုများ နားချနိုင်ခဲ့တာလဲ?"
ချီလင်းတစ်ပိုင်း သားရဲကြီးသည် မိုကျွင်းကို ကူညီပေးနေခြင်းမှာ အလွန်ပင် အဓိပ္ပာယ်မရှိလှပေ။
မိစ္ဆာသားရဲများကို ယဉ်ပါးအောင် လုပ်ရန် နည်းလမ်းမရှိသလို၊ ချီလင်းတစ်ပိုင်းကဲ့သို့ သတ္တဝါမျိုးဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
ကံကောင်းသည်မှာ ယခုတစ်ကြိမ် ချီလင်းတစ်ပိုင်း ထုတ်လွှတ်လိုက်သော တိုက်ကွက်မှာ လီကျန်းဟယ်ကို တိုက်ခိုက်စဉ်ကလောက် မပြင်းထန်ခြင်းပင်။
သို့မဟုတ်ပါက ပိုင်ချူလည်း ခုခံနိုင်မည် မဟုတ်ပေ။
သို့သော် ၎င်းက မိုကျွင်း ထွက်ပြေးရန် အချိန်ရသွားစေခဲ့သည်။
မိစ္ဆာတပ်ဖွဲ့များ ဆုတ်ခွါသွားကြချေပြီ။
ချီလင်းတစ်ပိုင်း သားရဲကြီး၏ ကြီးမားလှသော ပုံရိပ်မှာလည်း တိုက်ပွဲကွင်းပြင်အလွန်သို့ ပျောက်ကွယ်သွားကာ အသက်ရှူကျပ်
လောက်သော ဖိအားကြီးသည်လည်း နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့သည်။
ဤသို့ဖြင့် တတိယအကြိမ် ထိပ်တိုက်တွေ့မှုကြီးမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။