ပိုင်မျိုးနွယ်စုသို့ ပြန်ဖို့လား?
Vol. 27 Ch. 406
ပိုင်ကျီဟန်သည် သူ၏ တဲခန်းလိုက်ကာကို ဖြည်းညှင်းစွာ တွန်းဖယ်လိုက်သည်။
သူ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် အေးမြသော လေအေးတစ်ခုသည် သူ၏ အရေပြားကို လာရောက်ထိတွေ့သည်။
ဝေးကွာသော ရှေ့တန်းစစ်မျက်နှာများမှ မိစ္ဆာသားရဲတို့၏ ဟိန်းဟောက်သံများသည် သဲ့သဲ့မျှ ပဲ့တင်ထပ်နေဆဲဖြစ်ရာ စစ်ပွဲမပြီးသေးကြောင်း လူတိုင်းကို သတိပေးနေသကဲ့သို့ပင်။
သူ့ခန္ဓာကိုယ်က လှုပ်ရှားမှုတိုင်းကို နာကျင်စွာ ကန့်ကွက်နေသည်။
ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်ကို အသုံးပြုခဲ့သည့် နောက်ဆက်တွဲ ဒဏ်ရာများမှ သူ အပြည့်အဝ ပြန်လည်
သက်သာခြင်း မရှိသေးပေ။
သို့သော်လည်း အနည်းဆုံးတော့ မင်းသမီး ပွေ့ချီနည်း အချီခံရရန် မလိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ကောင်းကောင်း လျှောက်နိုင်သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ပိုင်ကျီဟန် အသက်ကို ခပ်ပြင်းပြင်းရှူကာ စတင် လမ်းလျှောက်လိုက်သည်။
သူသည် တပ်စခန်း၏ အပြင်ဘက်ပိုင်း— သာမန်တပည့်များ၊ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းဝင်များ စုဝေးရာနေရာသို့ လျှောက်လာခဲ့သည်။
အချို့မှာ အနားယူနေကြပြီး၊ အချို့မှာ ဒဏ်ရာများကို ကုသနေကြကာ အချို့မှာမူ သွေးစွန်းနေသော လက်နက်များကို ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေကြသည်။
လူတိုင်းက ယနေ့တိုက်ပွဲအကြောင်းကိုသာ ပြောဆိုနေကြသည်။
ချီလင်းတစ်ပိုင်း သားရဲကြီး၏ ကြောက်မက်ဖွယ် ခွန်အား၊ ပိုင်ရမ်၏လက်ထဲမှ သူတော်စင်အဆင့်ဓား ပေါ်ထွက်လာမှု နှင့် ပိုင်ကျီဟန်မှ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးဦးကို သတ်ဖြတ်ခဲ့သည့်အကြောင်းများ စသည်ဖြင့်... ပြောဆိုနေ၏
သို့သော် ပိုင်ကျီဟန် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသောအခါ စကားဝိုင်းများမှာ ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။ ပတ်တီးစည်းနေသော တပည့်တစ်စုသည် မျက်လုံးအဝိုင်းသားဖြင့် ရပ်တန့်သွားကြပြီး မျိုးဆက်သစ်များကို လမ်းညွှန်ပေးနေသော အကြီးအကဲတစ်ဦးမှာလည်း စကားစရပ်သွားသည်။ တစ်ဦးပြီးတစ်ဦး ခေါင်းမော့ကြည့်လာကြသည်။
"အဲဒါ သူပဲ... ပိုင်ကျီဟန်”
"မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးယောက်ကို သတ်ခဲ့တဲ့သူ..."
"သူက တကယ်ပဲ ငါတို့လို ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်မှာပဲ ရှိတာလား?"
ပိုင်ကျီဟန်ကို မြင်သည်နှင့် သူတို့သည် သူ၏ စွမ်းဆောင်ချက်များအကြောင်းကို တိုးတိုးတိတ်တိတ် ပြောဆိုကြတော့သည်။ သူ၏ အကြည့်က သူတို့ထံသို့ ရောက်သွားသောအခါ သူတို့သည် ဗီဇအရပင် လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
ယနေ့တိုက်ပွဲအပြီးတွင် ပိုင်ကျီဟန်သည် ဆယ်ကျော်သက်လူငယ်လေး ဖြစ်နေပါစေ၊ မည်သူမျှ သူ့ကို မျိုးဆက်သစ်လူငယ်လေးတစ်ယောက်ကဲ့သို့ ဆက်ဆံရဲတော့မည် မဟုတ်သည်မှာ ထင်ရှားလှသည်။
သူသည် လူငယ်တစ်ဦးဖြစ်သည်။
လူလားမြောက်ခါစ အရွယ်သာ ရှိသေးသည်။
သူ၏ မျက်နှာပေါ်တွင် နုနယ်သော အရိပ်အယောင်များ ကျန်ရှိနေဆဲဖြစ်ပြီး သူ၏ ကိုယ်ဟန်မှာလည်း ခန့်ညားထည်ဝါခြင်းထက် သွယ်လျသော အနေအထားတွင်သာ ရှိသည်။ သို့သော် မည်သူမျှ သူ့ကို လူငယ်လေးဟု မသတ်မှတ်ရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ပိုင်ကျီဟန်သည် ရာစုနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော ဤနေရာရှိ ကျင့်ကြံသူအများစု မလုပ်ဆောင်နိုင်သည့်အရာကို လုပ်ပြခဲ့သောကြောင့်ပင်။
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ သုံးဦး
သူတစ်ဦးတည်းက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုစွမ်းဆောင်ချက်တစ်ခုတည်းနှင့်ပင် ပိုင်ကျီဟန်အား ထိပ်တန်းဂိုဏ်းမျိုးနွယ်စုခေါင်းဆောင်တစ်ဦးအဆင့်ကဲ့သို့ လူတိုင်းက လေးစားရန် လုံလောက်လှသည်။
ပိုင်ကျီဟန်သည် အေးအေးလူလူ ဆက်လက်လျှောက်လှမ်းနေ၏
သူ သွားလေရာရာ၌ အကြည့်များက သူ့နောက်သို့ လိုက်ပါနေကြသည်။
အချို့မှာ အံ့ဩခြင်း၊ အချို့မှာ ကြည်ညိုခြင်း၊ အချို့မှာမူ ထိုထက်ပို၍ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
သို့သော် အရာအားလုံးက ရှင်းလင်းနေသည်။ မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ပေ။
ကျင့်စဉ်အဆင့်အရ သူနှင့် အတန်းတူဖြစ်သော ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏အကြည့်နှင့် ဆုံချိန်တွင် ဗီဇအရ ခေါင်းငုံ့ထားမိကြသည်။
အသက်အရွယ်ထက် ခွန်အားက ပို၍ စကားပြောသောကြောင့်ပင်။
ပိုင်ကျီဟန်၏ ခွန်အားသည် သာမန်အဆင့်တစ်ခုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူသည် တဲအုပ်စုတစ်ခုကို ဖြတ်ကျော်ချိန်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု သူ့ထံသို့ အပြေးအလွှား ရောက်လာသည်။
"သခင်လေး”
အသံမှာ ပြတ်သားပြီး လေးစားမှုပါဝင်သော်လည်း အရေးကြီးနေသည့် အရိပ်အယောင်များ စွက်ဖက်နေသည်။
ပိုင်ကျီဟန် လှည့်ကြည့်လိုက်၏
ပိုင်လုမိန်က ချဉ်းကပ်လာနေသည်။ သူမသည် ပိုင်ကျီဟန် ပါဝင်ရမည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။
သူမသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး အလေးအနက် ဦးညွှတ်လိုက်
သည်။
"သခင်လေး... မဟာအကြီးအကဲတွေက သခင်လေးကို စကားပြောချင်လို့ပါတဲ့။"
ပိုင်ကျီဟန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
(မဟာအကြီးအကဲတွေ?)
သူသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်
သည်။
"အကြီးအကဲတို့ ကျွန်တော့်ကို ခေါ်တယ်လို့ ကြားလို့ပါ?"
ပိုင်ကျီဟန်က အထဲသို့ဝင်ရင်း ပြောလိုက်သည်။
အထဲတွင် ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများ ထိုင်နေကြကာ ထိုသူတို့သည် အခြားမျိုးနွယ်စုမှ အကြီးအကဲများကိုပင် ထိတ်လန့်စေလောက်သော အရှိန်အဝါရှိသူများ ဖြစ်ကြသည်။
သို့သော် ပိုင်ကျီဟန်ကို မြင်သည်နှင့် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
"ဟားဟား၊ ငါတို့ရဲ့ ပါရမီရှင်လေး ရောက်လာပြီ”
"ကျီဟန်အာ၊ နေလို့ ထိုင်လို့ ဘယ်လိုနေလဲ? ဒဏ်ရာတွေကရော သက်သာရဲ့လား?"
"လာ လာ... လာထိုင်။ အဲဒီမှာ မတ်တတ်ရပ်မနေနဲ့”
သူ ပြန်မပြောနိုင်ခင်မှာပင် သူ့ကို နေရာပေးကာ အကြီးအကဲများစွာက နှစ်ပေါင်းများစွာ မတွေ့ရသော မြေးဖြစ်သူကို ဂရုစိုက်နေသည့် မိသားစုဝင်များကဲ့သို့ ဝိုင်းအုံလာကြတော့သည်။
"မင်းရဲ့ သွေးခုန်နှုန်းကို ငါ့ကို ကြည့်ခွင့်ပေးဦး။"
"မဟုတ်ဘူး မဟုတ်ဘူး... မင်းက လက်ကြမ်းတယ်။ ငါပဲ ကြည့်မယ်။"
"မင်းရဲ့ သွေးကြောတွေ... အင်း၊ နည်းနည်းတော့ ထိခိုက်ထားပေမဲ့ ပြန်ကောင်းလာနေပြီပဲ။ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပဲ”
သူတို့၏ ဝိညာဉ်အာရုံများက သူ့အပေါ်၌ လေးစားစွာနှင့် ဂရုတစိုက် စစ်ဆေးနေကြသည်။ မည်သည့် အတင်းအဓမ္မ ဖိအားပေးမှု သို့မဟုတ် မောက်မာစွာ စမ်းသပ်မှုမျိုးမှ မရှိဘဲ စိုးရိမ်စိတ် သက်သက်သာ ဖြစ်သည်။
ပိုင်ကျီဟန်သည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူတို့ စစ်ဆေးသမျှကို ခွင့်ပြုထားလိုက်သည်။
သူတို့၏ မျက်နှာအမူအရာများ တဖြည်းဖြည်း ပြေလျော့သွားသည်။
"ဒဏ်ပြန်ထိတာက ပြင်းထန်တယ်" ပိုင်ယုက တည်ကြည်စွာ ဆိုသည်။ "ဒါပေမဲ့ ထိခိုက်မှုတွေက ပြန်ကောင်းနေပါပြီ။ ကောင်းကောင်း အနားယူမယ်ဆိုရင်တော့ အမြဲတမ်း ဒဏ်ချက်ဖြစ်သွားမှာ မဟုတ်ပါဘူး။"
ထိုအခါမှသာ သူတို့သည် နောက်သို့ ပြန်ဆုတ်သွားကြသည်။
ပိုင်ကျီဟန် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်”
အရာအားလုံး တည်ငြိမ်သွားသောအခါ ပိုင်ကျီဟန်သည် ကိုယ်ကို မတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"ဒါနဲ့" သူက တည်ငြိမ်စွာ မေးလိုက်သည်။
"ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ?"
ရယ်မောသံများ ပျောက်ကွယ်သွားသည်။
မဟာအကြီးအကဲများ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
သူတို့၏ မျက်နှာအမူအရာများသည် ယခင်ကထက် ပို၍ တည်ကြည်သွားကာ ညှိုးငယ်ခြင်း မဟုတ်ဘဲ ပြတ်သားသော ပုံစံမျိုးပင်။
နောက်ဆုံးတွင် ပိုင်ရမ်က ရှေ့သို့ တစ်လှမ်း တက်လာသည်။
သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်သော အကြည့်များဖြင့် အစားထိုးလိုက်သည်။
"ပိုင်ကျီဟန်" ပိုင်ရမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မင်း ပိုင်မျိုးနွယ်စုဆီကို ပြန်သွားသင့်ပြီ။"
ထိုစကားလုံးများက လေထုထဲတွင် ဝဲပျံနေသည်။
ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားသည်။
"ပြန်သွားရမယ်?"
ပိုင်ကျီဟန်က ထပ်ပြောလိုက်သည်။ ၎င်းမှာ သူ မျှော်လင့်ထားသည့်အရာ မဟုတ်ပေ။
ပိုင်ရမ်သည် ပြတ်သားသော အမူအရာဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"ငါတို့ ဒါကို အကြီးအကဲတွေ၊ ပြီးတော့ မင်းရဲ့အဖေနဲ့ပါ တိုင်ပင်ပြီးပြီ" သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"သေချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ မင်း ပိုင်မျိုးနွယ်စုဆီကို ပြန်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။"
ပိုင်ကျီဟန် တိတ်ဆိတ်သွား၏။
"ဘာလို့လဲ?"
ပိုင်ကျီဟန်က တည်ငြိမ်စွာ မေးလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အဖြေကို သိနှင့်ပြီးသား ဖြစ်သည်။
ပိုင်ရမ်က သူ့ကို စိုက်ကြည့်လိုက်၏
"ဘာလို့လဲဆိုတော့ မင်းရဲ့ပါရမီက ငါတို့ အစက ထင်ထားတာထက် အဆပေါင်းများစွာ သာလွန်နေလို့ပဲ" ဝန်လေးခြင်းမရှိဘဲ ပြောလိုက်သည်။ "ပြီးတော့ ဒါကို ငါတို့တင် သိတာမဟုတ်တော့ဘူး။"
ဘေးပတ်ပတ်လည်ရှိ အကြီးအကဲများကလည်း စိုးရိမ်စိတ်အပြည့်ရှိသော အကြည့်များဖြင့် ခေါင်းညိတ်ထောက်ခံကြသည်။
"ဒီနေ့တိုက်ပွဲက အားလုံးကို ရှင်းရှင်းလင်းလင်း သိစေခဲ့ပြီ" ပိုင်ရမ်က ဆက်ပြောသည်။ "အဲဒီ ကျိန်စာသင့် မိစ္ဆာကျင့်ကြံသူတွေက မင်းကို အဓိကထားပြီး ပစ်မှတ်ထားနေကြပြီ။"
ပိုင်ကျီဟန်၏ မျက်ဝန်းများ အနည်းငယ် မှောင်မှိန်သွားသည်။
"ဒီတစ်ခါတော့ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးယောက်ပဲ" ပိုင်ရမ်က အသံကို နှိမ့်ကာ ဆိုသည်။
"နောက်တစ်ခါကျရင်... အင်မော်တယ်အဆင့် မိစ္ဆာကျင့်ကြံသူ တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။"
ပိုင်ကျီဟန် နားထောင်နေသော်လည်း သူကတော့ သဘောတူမည့်ပုံ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာမှလွဲ၍ အခြားမည်
သည့်နေရာတွင် သူ စနစ်မှတ်များ ရှာနိုင်ဦးမည်နည်း? ကောင်းကင်ဘုံအမိန့်တော် ပြောင်းပြန်လှန်ခြင်း ကျင့်စဉ်အတွက် အသုံးပြုပြီးနောက် သူ့တွင် စနစ်မှတ် ၃၀,၀၀၀ သာ ကျန်တော့သည်။
သူ အခွင့်အရေးရသမျှ အမှတ်များ ပိုရှာရန် လိုအပ်သည်။ အမှတ်များသည် မြေပြင်ပေါ်တွင် ဒီအတိုင်း ပြန့်ကျဲနေသကဲ့သို့ ရရှိနိုင်သော ဤတိုက်ပွဲကွင်းပြင်မှ သူ လုံးဝ ထွက်မသွားနိုင်
ပေ။
"ဒါက ပိုပြောတယ်လို့ မင်းထင်နေတာလား?"
ပိုင်ချူက လေးနက်သောလေသံဖြင့် ကြားဝင်ပြောလိုက်သည်။
"ဆယ်ကျော်သက်လေး တစ်ယောက်တည်းနဲ့ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးယောက်ကို သတ်လိုက်တာ... မင်းသာ မိစ္ဆာကျင့်ကြံသူဆိုရင် ဒီလောက်ထိ ခြိမ်းခြောက်မှုကြီးတဲ့သူကို ဆက်ပြီး ကြီးထွားခွင့် ပေးမလား?"
ပိုင်ရမ်၏ အကြည့်များသည် ထက်ရှလာသည်။
"ပြီးတော့ မိစ္ဆာကျင့်ကြံသူတွေတင် မဟုတ်ဘူး။"
သူ ဆက်ပြောသည်။
"လီမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုက ကောင်တွေက မင်းကိုသတ်ဖို့ အခွင့်အရေးကို အမြဲစောင့်နေတယ်ဆိုတာ မင်း ကောင်းကောင်းသိပါတယ်” ပိုင်ရမ်က ဆို၏
“ဒီနေ့မှာတောင် သူတို့က မင်းကိုသတ်ဖို့အတွက်ဆိုရင် မိစ္ဆာကျင့်ကြံသူတွေကိုတောင် ကူညီဖို့ ဝန်မလေးဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။ ရန်သူရော မဟာမိတ်ပါ ငါတို့ကို ပိတ်ဆို့နေတဲ့အချိန်မှာ မင်းကို ကာကွယ်ရတာက ပိုပြီး ခက်ခဲလာလိမ့်မယ်။"
မဟာအကြီးအကဲများ၏ မျက်နှာအမူအရာများမှာ တင်းမာသွားကြသည်။
"အကယ်၍ မင်းသာ ဒီမှာ တစ်ခုခုဖြစ်သွားခဲ့ရင်— မိစ္ဆာကျင့်ကြံသူတွေကြောင့်ဖြစ်စေ၊ တခြားအကြောင်းကြောင့် ဖြစ်စေ— ပိုင်မျိုးနွယ်စုအတွက်က ပါရမီရှင်တစ်ယောက် ဆုံးရှုံးတာထက် ပိုပြီး ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လိမ့်မယ်။"
ပိုင်ရမ် ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။
"ဒါကြောင့် ငါတို့ ဆုံးဖြတ်လိုက်တာပဲ၊ မင်း ပြန်သွားတာက အကောင်းဆုံးပဲ။ မင်း တိုက်ပွဲအတွေ့အကြုံတွေလည်း အလုံအလောက် ရခဲ့ပြီပဲ။ မင်းအရွယ် ကျင့်ကြံသူအများစု အိမ်မက်တောင် မမက်ဖူးတဲ့ အတွေ့အကြုံတွေ မင်းရပြီးပြီ။"
သူသည် အဆင့်တူရန်သူများကို ဘာမှမဟုတ်သလို သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။ ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ့ရှေ့တွင် စက္ကန့်အနည်းငယ်မျှသာ ပိုပြီး အသက်ရှူနိုင်ကြသူများ ဖြစ်သည်။
သူ့ထက် အဆင့်ကြီး နှစ်ဆင့်မြင့်သော သူများကိုပင် သူ သတ်နိုင်ခဲ့သည်။ ပိုင်ကျီဟန်အတွက် ထပ်ပြီး အတွေ့အကြုံယူရန် မလိုတော့ကြောင်း အားလုံးက လက်ခံထားကြသည်။"ပြီးတော့ မင်းရဲ့ ပါရမီက..." ပိုင်ရမ် ခေတ္တရပ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် "ဒီတိုက်ပွဲကွင်းပြင်မှာ အလဟဿ အသေခံဖို့အတွက်ဆိုရင် တကယ်ကို တန်ဖိုးရှိလွန်းပါတယ်။"
ထို့အပြင် ပိုင်ကျီဟန်၏ အသက်မှာ ဤတိုက်ပွဲ၏ ရလဒ်ထက်ပင် ပို၍ တန်ဖိုးရှိကြောင်း သူတို့အားလုံး သဘောတူထားကြသည်။
ပိုင်ကျီဟန်သာ အသက်ရှင်နေမည်ဆိုလျှင် ပိုင်မျိုးနွယ်စုသည် မည်သူ့ထက်မဆို ပို၍ မြင့်မားသော နေရာသို့ ရောက်ရှိမည်မှာ အသေအချာပင်။
ပိုင်ကျီဟန် အကြည့်ကို နှိမ့်ချလိုက်သည်။
သူတို့ပြောတာ မှန်ကြောင်း သူသိသည်။
သို့သော် သိရုံမျှဖြင့် သူ၏ စိတ်ကို ပြောင်းလဲစေမည် မဟုတ်ပေ။
အန္တရာယ် မည်မျှကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ သူ ဂရုမစိုက်— အမှတ်များသာ ရနိုင်မည်ဆိုလျှင် နောင်အနာဂတ်၌ ရှင်သန်ရန် ပို၍ လွယ်ကူပေလိမ့်မည်။
အကယ်၍ အကြီးအကဲများသာ ထိုအချက်ကို သိမည်ဆိုပါက သူ့ကို ပြန်ခိုင်းမည် မဟုတ်ပေ။ သို့သော် သူတို့က မသိကြချေ။
ထို့နောက် ပိုင်ကျီဟန် နောက်ဆုံးတွင် စကားပြောလိုက်ရာ အသံမှာ တည်ငြိမ်သော်လည်း သံမဏိကဲ့သို့ ခိုင်မာလှသည်။
"အကြီးအကဲတို့က ကျွန်တော် သေသွားမှာကို ကြောက်နေကြတာပဲ။"
မည်သူမျှ မငြင်းဆိုကြပေ။
ပိုင်ရမ်က သူ့မျက်လုံးများကို စိုက်ကြည့်လျက် “ဟုတ်တယ်၊ အကယ်၍ မင်းသာ ဒီမှာ သေသွားရင် ပိုင်မျိုးနွယ်စုရဲ့ အနာဂတ်လည်း ပျောက်ကွယ်သွားမှာပဲ။"
ပိုင်ကျီဟန် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။
"အကြီးအကဲတို့ စိုးရိမ်တာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်အတွက် စေတနာနဲ့ ပြောနေကြတာဆိုတာလည်း သိပါတယ်။" မဟာအကြီးအကဲများမှာ ပိုင်ကျီဟန်က သဘောတူတော့မည်ဟု ထင်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ဒါပေမဲ့" ပိုင်ကျီဟန်က ခေါင်းမော့ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကျွန်တော် မသေပါဘူး။"
ထိုစကားကို သူ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်
ခြင်း ဖြစ်သည်။
မောက်မာခြင်း မဟုတ်ပေ
မိုက်ရူးရဲဆန်ခြင်း မဟုတ်ပေ
အပြည့်အဝ ယုံကြည်မှု ရှိနေခြင်းသာ ဖြစ်သည်။
အကြီးအကဲ အချို့မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။
"ကျီဟန်အာ”
ပိုင်ချူ စကားစလိုက်သော်လည်း
"အကြီးအကဲတို့ ဘာပြောချင်လဲဆိုတာ ကျွန်တော် သိပါတယ်" ပိုင်ကျီဟန်က လက်တစ်ဖက် မြှောက်ကာ တားလိုက်သည်။
ထိုအမူအရာမှာ နူးညံ့သော်လည်း သူတို့ကို ဆွံ့အသွားစေသည်။
ခဏမျှ မည်သူမျှ စကားမပြောနိုင်ကြပေ။
ပိုင်ကျီဟန်သည် တဲအတွင်းရှိ အကြီးအကဲ တစ်ဦးချင်းစီ၏ မျက်လုံးများကို လိုက်
ကြည့်လိုက်သည်။
"အကြီးအကဲတို့က မိစ္ဆာကျင့်ကြံသူတွေ၊ လီမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုတွေအကြောင်းကို စိုးရိမ်နေကြတာပဲ။ နောက်တစ်ခါမှာ ဒီနေ့လိုမျိုး ကျွန်တော့်ကို မကာကွယ်နိုင်မှာကို ကြောက်နေကြတာ" သူက တည်ငြိမ်စွာ ဆိုသည်။
"အဲဒီ စိုးရိမ်စိတ်က မမှားပါဘူး။"
"ဒါပေမဲ့ အကြီးအကဲတို့ရဲ့ ကောက်ချက်ကတော့ မှားနေတယ်။"
အကြီးအကဲများ ကိုယ်ကို မတ်လိုက်ကြသည်။
မည်သူမျှ မငြင်းခုံမီမှာပင် ပိုင်ကျီဟန်က ထပ်ပြောလိုက်သည်။
"စကားမဆက်ခင်... ကျွန်တော် အသုံးပြုခဲ့တဲ့ ဓားကွက်ကို အကြီးအကဲတို့ အားလုံး မြင်ခဲ့ကြတယ် မဟုတ်လား?"
မဟာအကြီးအကဲများ ခေတ္တ ငြိမ်သက်သွားကြသည်။
ထို့နောက် တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်လိုက်ကြသည်။
၎င်းကို မေ့သွားရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
တိုက်ပွဲကွင်းပြင်ကို ဖောက်ထွင်းသွားသော ဓားအလင်းတန်း။
ကောင်းကင်နှင့် မြေပြင်ကို ဖိနှိပ်ထားသကဲ့သို့ ခံစားရသော အရှိန်အဝါကြီး။
ပိုင်ရမ်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ထိုတိုက်ကွက်သည် သူ့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
အကယ်၍ ပိုင်ကျီဟန် အသုံးပြုခဲ့သော ထိုနည်းစနစ်ကိုသာ သူ သိခဲ့မည်ဆိုလျှင် ထိုချီလင်းတစ်ပိုင်း သားရဲကြီးကို သုတ်သင်နိုင်ခဲ့လိမ့်မည်ဟုပင် သူ တွေးနေမိသည်။
ပိုင်ကျီဟန်က သူ့ကို ကြည့်လိုက်၏
"အဲဒီ တိုက်ကွက်ကို အကြီးအကဲတို့ ဘယ်လို ထင်သလဲ?" ဟု မေးလိုက်သည်။
မဟာအကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြန်သည်။
"အရမ်း အစွမ်းထက်တယ်”
"ငါ့ဘဝမှာ မြင်ဖူးသမျှ အားအကောင်းဆုံး ဓားကွက်ပဲ။"
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
"ဟုတ်တာပေါ့" သူက ဆိုလိုက်သည်။
"အဲဒါ သူတော်စင်အဆင့် ကျင့်စဉ် တစ်ခုလေ”