ကောင်းကင်အရှင် အလယ်အလတ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီ
Vol. 23 Ch. 342
"ဒီလောက် ပြင်းထန်တဲ့ ဖိအားတွေက!"
ပြတင်းပေါက်အနီးတွင် ရပ်နေသော လောင်လီသည် သူ၏ ခရီးဆောင်အိတ်ကို ချလိုက်ပြီး ဖုဟိုင် လူနေအိမ်ရာ ဧရိယာဆီသို့ စိုက်ကြည့်ကာ စိတ်မငြိမ်မသက် ဖြစ်လာသည်။ ယခု ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပေပြီ။ ဤတစ်ကြိမ်၌ သူ၏ စွမ်းအားသည်လည်း ယခင်ကထက် အများကြီး သာလွန်သွားပြီ ဖြစ်လေ၏။
တဟုန်းဟုန်း တောက်နေသော နဂါးကြီး၏ ရောင်ဝါသည် ဧရာမ ပင်လယ်လှိုင်းလုံးကြီး ဟိန်းဟောက်လိုက်သည့်နှယ် ကောင်းကင်တစ်ခွင် ရိုက်ခတ်လာခဲ့ကာ ရွှေရောင်အလင်းတန်းများလည်း ဖြာထွက်လာသည်။ နဂါးကြီးသည် အလွန် မြင့်မားသော ကောင်းကင်အထက်ရှိ တစ်စုံတစ်ရာကို ဖျက်ဆီးနေသကဲ့သို့ ဟောက်လိုက်လေ၏။
ဧရာမသတ္တဝါကြီး၏ ခန္ဓာကိုယ်သည် ရွှေရောင်တောက်တောက် ဖြစ်သောကြောင့် ကောင်းကင်ယံတွင် ၎င်း ပျံတက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ၎င်းအကြေးခွံများ၏ အဖွင့်အပိတ်၊ အကန့်အသတ်မဲ့ ဖိအားများ၊ ဖြာထွက်နေကာ ၎င်း၏ပါးသိုင်းမွှေးများနှင့် လည်ဆံများကိုပင် တွေ့ရသည်။
ယခုအချိန်တွင် ဤကြောက်စရာကောင်းသော စွမ်းအားကို ခံစားရသူက လောင်လီ တစ်ဦးတည်းတော့ မဟုတ်ချေ။ မရေမတွက်နိုင်သော ဂိုဏ်းဆရာများလည်း ၎င်းကို သတိပြုမိကြပြီး အားလုံးက ထိုအရာကြီးဆီသို့ လှမ်းမျှော်ကြည့်နေကြ၏။
ကောင်းကင်က လေထုကြီး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
တစ်ဖက်ရှိ ဖုဟိုင်လူနေအိမ်ရာ တံတားအနီးတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်လာခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာအား ဖမ်းယူရန်အတွက် မရေမတွက်နိုင်သော လူများသည်လည်း ၎င်းတို့၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ကားများပေါ် ခုန်တက်ကုန်ကြလေသည်။
"မိုက်တယ်! ချစ်လေး၊ မြန်မြန် ထွက်လာပြီး နဂါးအစစ်ကို လာကြည့်လိုက်ဦး!!"
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက ဘယ်သူများလဲ"
"ဒါ သေချာပေါက် နဂါးသိုင်းနတ်ဘုရားပေါ့။ သူ သူ့အစွမ်းကို ထုတ်လွှတ်လိုက်တာပဲ ဖြစ်မယ်!!"
"ဖယ်စမ်း! မင်းတို့ရဲ့ကားတွေကို တစ်ဖက်ကိုရွှေ့စမ်း! ငါ့လမ်းကို မပိတ်ထားနဲ့!"
"မတွန်းနဲ့ဟ!"
ရုတ်ခြည်းဆိုသလို ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ ဤကဲ့သို့ အခင်းအကျင်းကို မြင်တွေ့ခဲ့ရသည့် ပြည်သူအားလုံး စိတ်လှုပ်ရှားနေကြပြီး အရိုအသေပေးဖို့ အလျင်စလို ချီတက်လာကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ပိုဆိုးသွားစေခဲ့၏။
နေရာတိုင်းတွင် ပေါက်ကွဲပြီး မြင်ကွင်းသည်လည်း ဖရိုဖရဲ ဖြစ်နေသည်။ ကားဆက်မောင်းရန် မဖြစ်နိုင်သည်ကို တွေ့မြင်ရသဖြင့် လူအများအပြားသည် ဘုရားဖူးသွားသကဲ့သို့ ဖုဟိုင်လူနေအိမ်ရာဆီသို့ အမြန်လမ်းလျှောက်သွားရန် ရွေးချယ်ခဲ့ကြသည်။
သို့သော်လည်း...။
*ဝူး!*
မှောင်မိုက်သော ရုပ်ပုံအများအပြားသည် ဖုဟိုင်လူနေအိမ်ရာဆီသို့ လျှပ်စီးကြောင်းများအလား အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားသွားနေ၏။ ၎င်းတို့သည် ပြည်သူများ၏အထက် ကောင်းကင်ယံကို ဖြတ်ကျော်ပြေးလွှား သွားကြသည်။
မွေးရာပါနယ်ပယ် ကျင့်ကြံသူများပင် ဖြစ်ကာ အသံကြားသည်နှင့် လှုပ်ရှားလိုက်ကြသူများ ဖြစ်လေသည်။ အခင်းဖြစ်ပွားရာ နေရာ၌ အသံအချို့ကိုလည်း တိုးတိုးလေး ကြားလိုက်ရသည်။
"မြန်မြန်! အားလုံး မြန်မြန် ပြေးပြီး နေရာယူကြ။ အရင်တစ်ခေါက်က လွတ်သွားပေမဲ့ ဒီတစ်ခါလည်း ထပ်လွတ်ခဲ့မယ် ဆိုရင်တော့ ရှုံးသွားမယ်!"
"ငါ့ဦးလေးက ဟိုမှာထိုင်ပြီး နိယာမဘုံထဲကို ချက်ချင်း ဝင်သွားတာ!!"
"မြန်မြန် သွားကြ!"
အော်ဟစ်သံများနှင့် ငြင်းခုံသံများကြားတွင် မရေမတွက်နိုင်သော ကြယ်စစ်သည်များ ပေါ်ထွက်လာသည်။ ဖုဟိုင်လူနေအိမ်ရာသို့ သွားရာလမ်းတစ်လျှောက်ရှိ လမ်းဆုံများတွင် ဆူညံသံများဖြင့် စည်ကား၍နေ၏။
မကြာခင်မှာပင် လူနေအိမ်ရာ၏ အပြင်ဘက်တံတိုင်း နေရာမှာ လူအုပ်ကြီးဖြင့် လုံး၀ ပိတ်ဆို့သွားတော့သည်။
သူတို့အားလုံးသည် ဆူပူအုံကြွမှုကို ကြားသိပြီးနောက် ရောက်လာကြသော ကြယ်စစ်သည် များပင် ဖြစ်လေသည်။
…
"ဆရာတူအစ်ကိုကြီးရဲ့ ခွန်အားက ပိုကြောက်စရာကောင်းလာပြီ။"
လီကျစ်ရွှမ်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ကောင်းကင်အထက်၌ ဝဲပျံနေသော နဂါးကြီး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များဖြင့် လှိုင်းခတ်နေခဲ့သည်။ ချင်းယန်၏ အဓိပတိ နဂါးခန္ဓာကို ယခုတစ်ကြိမ် အသုံးပြုခြင်းသည် ကျန်းဟိုင်မြို့၏ ဝိညာဉ်စွမ်းအင်ကို သက်ရောက်စေရုံသာမက အနီးနားမြို့များကိုပါ လှုပ်ခတ်စေခဲ့၏။
ဤသည်က ကျန်းဟိုင်အတွက် သေချာပေါက် ကောင်းချီးတစ်ခုပင်။
ကောင်းချီး တစ်ခုပြီးတစ်ခု ရောက်လာပြီ ဖြစ်လေရာ မူလက ထူးထူးခြားခြား ဘာမျှမရှိခဲ့သော ဤကမ်းရိုးတန်းမြို့လေးဟာ တစ်နေ့တွင် ဝိညာဉ်စွမ်းအင်၏ မင်္ဂလာမြေ ဖြစ်လာတော့မည်။
......
“ခေါင်းမှာ ချိုနဲ့ နောက်မှာ အမြီးနဲ့…”
ရှောင်ပိုင်သည် ဗီလာ၏ခေါင်မိုးပေါ်တွင် ထိုင်လျက် သူမ၏ အမြီးလေးများကို ဝေ့ယမ်းနေခဲ့သည်။ သူမသည် သူမ၏ မေးစေ့ကို လက်တစ်ဖက်ပေါ်တင်၍ ကောင်းကင်ပေါ်ရှိ ရွှေနဂါး၏ ခြေသည်းငါးချောင်းကို ရေတွက်နေသည်။
“…သခင့်ရဲ့ စွမ်းအားက ပိုပိုကြီးလာတယ်။”
နောက်ဆုံး နဂါးရုပ် ပေါ်လာခဲ့ချိန်ကို သူမ သတိရမိသေး၏။ ထိုစဥ်အခါက ဆိုလျှင် သေးငယ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်ပေါ်ခဲ့သည်။ ယခုမူကား ၎င်း၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးလာခဲ့ချေပြီ။ ရေတွက်ကြည့်လျှင် ရက်အနည်းငယ်သာ ရှိသေးသည်ပင်။
"သခင်က တကယ်ပဲ နဂါးအသွင်ပြောင်းတော့မှာတော့ မဟုတ်ဘူးမလား"
သူမ၏ ပန်းနုရောင်လျှာကို ဆွဲထုတ်ကာ သူမ၏နှုတ်ခမ်းများကို ညင်သာစွာ သပ်လိုက်သည်။ ထို့နောက် ရှည်လျားသော မျက်လုံးများကို ကျဉ်းမြောင်းကာ ကောင်းကင်ပေါ်ရှိ နဂါးအစစ်ကို ငေးကြည့်နေလိုက်သည်။ သူမ အနည်းငယ် စိတ်အားထက်သန်နေပြီ ဖြစ်သည်။
စစ်မှန်သော နဂါးကြီး ရှင်ပြန်ထမြောက်ခဲ့ပါက သူမသည် နဂါး၏ ဆုပ်ကိုင်မှုအောက်က ပထမဆုံး မြေခွေးဖြစ်လိမ့်မည်။
တွေးလိုက်ရုံနှင့်ပင် စိတ်လှုပ်ရှားနေပေပြီ။
…
…
ဖုဟိုင်လူနေအိမ်ရာ တံတိုင်း အပြင်ဘက်တွင် အရုဏ်ဦး၏ အလင်းရောင်သည် မိုးကုပ်စက်ဝိုင်းကို ဖြတ်၍ ရွေ့လျားလာခဲ့ပြီပင်။
ကြယ်စစ်သည် မြောက်များစွာ စုဝေးလာခဲ့ကြပြီး ယခုအခါ တင်ပျဉ်ခွေထိုင်လျက် နဂါးကြီး၏ တန်ခိုးကြီးသော ရွှေရောင်အလင်းတန်းဖြင့် ရေချိုးကာ နိယာမများကို နည်းအမျိုးမျိုးဖြင့် နားလည်လာခဲ့ကြသည်။ အားလုံးက လုံးဝ တိတ်ဆိတ်နေ၏။
ဖုဟိုင်လူနေအိမ်ရာ အတွင်းရှိ ချင်းယန်ကို အနှောက်အယှက် ဖြစ်စေမိမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
တစ်ဖက်၌လည်း လျိုဝူရွှမ်းသည် တံခါးဝတွင် တင်ပျဉ်ခွေ ထိုင်လျက်ရှိသည်။ သူ၏ ၀တ်ရုံစများသည် လေထဲ၌ တဖျပ်ဖျပ် လွင့်နေကာ ဖုဟိုင်လူနေအိမ်ရာ၏ အတွင်းအပြင် နှစ်ဖက်ကို မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိုင်းခြားပေးထားလေ၏။
"ဂိုဏ်းချုပ်လေးကို နှောင့်ယှက်လို့ မဖြစ်ဘူး။"
ယခုအချိန်သည် ချင်းယန်၏ တိုးတက်မှုအတွက် အရေးကြီးသော အခိုက်အတန့်ပင်။ ချင်းယန်ကို ထိခိုက်အောင် လုပ်မည့် မည်သူ့ကိုမှ ဝင်ခွင့်မပြုနိုင်ချေ။ ထိုရူးသွပ်နေသည့် ပရိတ်သတ်များကလည်း စိတ်ပါလက်ပါ လျှောက်လုပ်ပစ်မည်ကို ကြောက်နေသေး၏။
သူသာ တံခါးကို စောင့်ကြပ်နေလျှင် မည်သူမျှ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
"အကြီးအကဲ လျိုဝူရွှမ်း။ ဂိုဏ်းချုပ်လေး အခု ဘယ်လိုလဲ။"
အနောက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟမ်?"
လျိုဝူရွှမ်း ချာခနဲ လှည့်ကြည့်လိုက်သောအခါ အခုမှရောက်လာသူ လောင်လီကို တွေ့လိုက်ရ၏။ ထိုအခါမှ သူ၏မျက်ခုံးတို့လည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။
"ဘာလို့ ဒီလောက်ကြာနေတာလဲ"
"လမ်းမှာနည်းနည်း နောက်ကျသွားတာ"
လောင်လီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ကာ ပြုံးစိစိဖြင့် လျိုဝူရွှမ်း အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
"ဂိုဏ်းချုပ်လေးရဲ့ အခြေအနေကို သိချင်မိတယ်။ ဒီတစ်ခါတော့ အရင်ကထက် အချိန်ပိုကြာလောက်တယ်။"
ထိုအခိုက် လျိုဝူရွှမ်းလည်း သူ့မေးစေ့ကို ပွတ်သပ်ပြီး ခဏလောက် စဉ်းစားနေခဲ့သည်။
"ကောင်းကင်အရှင်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ မုန့်ထျန်းရွှမ်တုန်းကဆို အနည်းဆုံး ဆယ်ရက်ကနေ တစ်လခွဲလောက် အချိန်ယူရတယ်"
စကားမဆုံးခင်မှာပင်။
*ဗုန်း!*
အလင်းတန်းများစွာ ကောင်းကင်အထက်သို့ ထောင်တက်သည်။ ဖုဟိုင်လူနေအိမ်ရာ ဧရိယာအထက် ကောင်းကင်တစ်ခုလုံး ရွှေချည်မျှင်များ လွှမ်းခြုံသွားကာ ခမ်းနားပြီး ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
“…”
ထိုမြင်ကွင်းကြောင့် လျိုဝူရွှမ်း၏ စကားလုံးများမှာ သူ့လည်ချောင်းထဲ၌ တစ်ဆို့သွားပြီး လူနေအိမ်ရာ၏ အလယ်ဗဟိုဆီသို့ စိုက်ကြည့်လိုက်သည်။
“???”
"ဂိုဏ်းချုပ်လေး အောင်မြင်သွားပြီလား။"
………
အခန်းတွင်းက ချင်းယန်သည် ကျောရိုးကို တည့်တည့်မတ်မတ် ထားကာ ထိုင်လျက်ရှိသည်။ အသက်ရှူလိုက်တိုင်း မိုးခြိမ်းသံများက သူ့လည်ချောင်းကနေ ခုန်ထွက်လာသကဲ့သို့ပင်။ တိမ်တိုက်များနှင့် မီးတောက်များသည် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး နဂါးအကြေးခွံများက သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ တွယ်ကပ်နေ၏။
“ဟူး…”
လေကို ရှုရှိုက်ရင်း ခန္ဓာကိုယ်အတွင်း အခြေအနေကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။ မီးတောက်ပမာ တဟုန်းဟုန်း တောက်လောင်နေသော နဂါးသွေးသည် သူ၏ယခင်က ပျက်စီးလွယ်သော ခန္ဓာကိုယ်ကို အခြေခံအားဖြင့် ဖျက်ဆီးခဲ့ပြီး ပိုမိုအားကောင်းသော နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲပစ်စေခဲ့သည်။
သူ၏ သွေးကြောများ၊ အရွတ်များ၊ အသားများ အားလုံးကို လုံး၀ ပြုပြင်မွမ်းမံလိုက်ချေပြီ။ အဓိပတိ နဂါးခန္ဓာ ချုပ်ငြိမ်းသွားသည်နှင့်အမျှ ချငးယန်၏ ယခင်ခြေချင်းချိတ်များသည် ကောင်းကင်အရှင်၏ အလယ်အလတ်အဆင့် တံခါးဝ၌ ပိတ်မိနေကြောင်း သိသာထင်ရှားသော အရိပ်အယောင်များ ပေါ်လာ၏။
"မဆိုးပါဘူး။ နည်းနည်းတော့ လိုနေသေးတယ်။"
ချင်းယန် မပေါ့ဆဝံ့ပေ။ ယခုအချိန်က အရေးကြီးသော အခိုက်အတန့် ဖြစ်လေသည်။ အကယ်၍ သူ အနည်းငယ်မျှ အာရုံလွဲနေပါက သူ၏ ယခင်ကြိုးစားမှု အားလုံးက အချည်းနှီးဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဝိညာဥ်စွမ်းအင် စုစည်းသည့် လုပ်ငန်းစဉ်ထဲတွင် မိမိကိုယ်ကို ဆက်လက် နှစ်မြှုပ်စေခဲ့သည်။
*ဝူး*
နဂါး၏စွမ်းအား ပိုမိုကြီးမားပြီး အားကောင်းလာကာ အပြင်ဘက်သို့ ပျံ့နှံ့သွား၏။ တံတိုင်းများပင် ကွဲအက်သွားရာ ဖုဟိုင်လူနေအိမ်ရာ ဧရိယာအပြင်ဘက်ရှိ လူတိုင်းက ကောင်းကင်ကို မျှော်ကြည့်လိုက်ကြသည်။
တန်ခိုးကြီးသော နဂါးကြီး ပေါက်ကွဲထွက်လာပြန်ပေပြီ။
ကောင်းကင်က တိမ်တိုက်များ ပြိုကျလာပုံရပြီး နဂါး၏အရိပ်သည် ရွှေရောင် အလင်းတန်းများကဲ့သို့ ကူးခတ် ရွေ့လျားသွားလေသည်။
ခဏအကြာတွင် တိမ်တိုက်များ စုဝေးလာ၏။ သက်တံ့တံတားသည် မကြာမီ ရောက်ရှိလာတော့မည့် မြင့်မြတ်သောသတ္တဝါကို ဂုဏ်ပြုသည့်အနေဖြင့် ကောင်းကင်ပေါ်၌ ထွန်းတောက်လျက် ရှိသည်။
ချင်းယန် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ကိုယ်အတွင်း၌ ပြင်းထန်သော ရောင်ဝါများ လည်ပတ်နေကြောင်း ခံစားနေရ၏။ ထို့အပြင် ကောင်းကင်အရှင် တစ်ယောက်၏ ဖိအားသည် သူ့ထံမှ လျှံထွက်လာပြီး အပြင်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပေသည်။
"ပြီးပြီ!"