← Chapters

ညနေခင်းမှာထွက်ခွာသွားပြီး အရုဏ်တက်မှ ပြန်လာသူ

Vol. 3 Ch. 283

ညနေခင်းမှာထွက်ခွာသွားပြီး အရုဏ်တက်မှ ပြန်လာသူ

Vol. 3 Ch. 283

ရုတ်တရက်ပင် ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင် ထက်တွင် တောက်ပလာပြီး ကောင်းကင် တစ်ဝက်ကို ဖုံးလွှမ်း သွားလေသည်။ ထိုရွှေရောင် အလင်းတန်းကြောင့် နဂါးငွေ့တန်းပင် အရောင်မှိန် သွားသလို ထင်လိုက်ရသည်။ လမင်းမှာလည်း တောက်ပမှု ကင်းမဲ့သွားလေသည်။

ထိုရွှေရောင် အလင်းတန်းထဲတွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် သရဖူကို ဆောင်းထားသည့် အလွန်မှ ခမ်းနားသည့် နတ်သမီး တစ်ပါးကို တွေ့ရမည် ဖြစ်လေသည်။ သူမ၏ လက်ထဲတွင်လည်း ဧကရာဇ် တံဆိပ်တော်ကို ကိုင်ဆောင်ထားပြီး သူမသည် လေထဲတွင် ခမ်းနားစွာ ရပ်တန့်နေလေသည်။

သူမ လက်ထဲတွင် ကိုင်ထားသည့် ဧကရာဇ် တံဆိပ်တော်မှ အဆုံးမရှိသည့် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

သူမမှာ ချင်းဆွေ မြစ်စောင့် နတ်သမီးဖြစ်သွားသည့် ဘုရင်မကြီးပင် ဖြစ်လေသည်။ သူမသည် နဂါးမင်း တစ်ဝက်လည်း ဖြစ်လေသည်။

နဂါးမင်းဆိုသည်မှာ မိုးကောင်းကင်မှ ညွှန်ကြားချက်ကို ယူကာ မြစ်ကို စောင့်ရှောက် ရသည့်သူ ဖြစ်လေသည်။ ဘုရင်မသည် မိုင်ပေါင်း သုံးသောင်း ပတ်လည်မှ ဆုတောင်း စကားသံများကို ခံယူကာ အဆုံးမရှိသည့် တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်သူ ဖြစ်လေသည်။

သို့သော် မြစ်စောင့် နဂါးမင်းဆိုသည်က ကိုယ်စောင့်သည့် မြစ်နှင့် အဝေးနေရာသို့ သိပ်ပြီး သွားလာ၍ မရပေ။ ဆုတောင်းသံများရှိရာ ပတ်ဝန်းကျင်နှင့် ဝေးကွာ သွားပါက တန်ခိုးစွမ်းအား အားနည်း သွားတတ်သောကြောင့် ဖြစ်လေသည်။

ထိုသို့ အားနည်းသွားပါက နတ်ဘုရား တန်ခိုးစွမ်းအားများ ပျောက်ကွယ် သွားတတ်ပြီး အသက် အန္တရာယ် ရင်ဆိုင်ရနိုင်လေသည်။

ချင်းဆွေမြစ် စောင့်နတ်သမီး အသစ်စက်စက်သည် ဆန်းလျန်ကို ကူညီရန်အတွက် အသက် အန္တရာယ်ကိုပင် အမှုမထားဘဲ ရောက်လာလိမ့်မည်ဟု ကွမ်ဖား လုံးဝ မျှော်လင့် မထားခဲ့မိပေ။ ထို့ပြင် ဆန်းလျန်က မြစ်စောင့်နတ်သမီး ကိုမည်သို့ အကြောင်း ကြားလိုက်သည်လဲ ကွမ်ဖား လုံးဝ မသိရှိလိုက်ပေ။

ကွမ်ဖားမှာ ဆန်းလျန်အပေါ် နားမလည် နိုင်ခြင်းများမှာ ပိုပြီး ကြီးမား လာလေတော့သည်။

သူက ဆန်းလျန်နှင့် သူ့ကိုယ်သူ ယှဉ်ကြည့် လိုက်သည်။

တစ်ယောက်နှင့် တစ်ယောက် အသက်ပေးပြီး ခင်မင်ကြသည့် ဆန်းလျန်နှင့် ဘုရင်မ၏ ခင်မင်မှုမျိုးကိ သူ နားလည်နိုင်ခြင်း မရှိပေ။

ဘုရင်မသည်၏ မျက်ဝန်းများက တောက်ပနေလေသည်။ သို့သော် ထိုမျက်ဝန်းများထဲတွင် အကြင်နာတရား တစ်စက် ကလေးမှ ရှိမနေပေ။ သူမက လေထဲတွင် ရပ်တန့် နေလေသည်။ သူမထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအား တစ်ခုက ကွမ်ဖားကို စက်ဝိုင်း ပုံသဏ္ဌာန် လှည့်ပတ်နေလေသည်။

ကွမ်ဖားအနေဖြင့် ကိုယ်ခံ ရတော့မည့် အလှည့် သို့ရောက်လာခဲ့ပြီ။ သို့သော် သူက စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူက အတွေးများကို စုစည်းလိုက်ကာ ထူးဆန်းသည့် လက်ဟန် တစ်ခု ပြုလုပ်လိုက်လေသည်။ ထို့နောက် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ ရုတ်တရက်ပင် ကောင်းကင်ထက်တွင် အနက်ရောင် တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ထိုတိမ်တိုက်ထဲမှ မိုးကြိုး တစ်စင်းသည် ဘုရင်မကို ပြင်းထန်စွာ ပစ်ခတ် လိုက်လေတော့သည်။

ထိုပညာမှာ “ယွိရှောင်း နတ်ဘုရားမိုးကြိုး” ပညာ ဖြစ်လေသည်။ မိုးကြိုး ပုံစံပြောင်း ပညာများထဲတွင် အမြင့်ဆုံး အဆင့် ပညာတစ်ခု ဖြစ်လေသည်။

မိုးကြိုးက ဘုရင်မ၏ ရွှေရောင် အလင်းတန်းများနှင့် ရိုက်ခတ် မိသွားပြီး ဘုရင်မကို ထိခိုက်ခြင်း အလျဉ်းမရှိပေ။ သို့သော် ဧကရာဇ် တံဆိပ်တော်မှ ရွှေရောင် အလင်းတန်းများက မိုးကြိုးကို စုပ်ယူ လိုက်လေသည်။

ထို့နောက် ဧကရာဇ် တံဆိပ်တော်သည် အလွန်ကြီးမားသည့် တံဆိပ်တော်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံသန်း သွားလေသည်။ တံဆိပ်တော်သည် ကွမ်ဖား၏ ဦးခေါင်း ထက်သို့ ပျံသန်းသွားပြီး ကြီးမားသည့် အရှိန်အဟုန်ဖြင့် ဖိနှိပ် ထားလေသည်။

တာအိုဆရာ ကွမ်ဖားမှာ ကြီးမားသည့် အရှိန်အဟုန်ကြောင့် မတ်မတ်ပင် မရပ်နိုင်တော့ပေ။

ဆန်းလျန်က လက်နှစ်ဖက်ဖြင့် သူ၏ ဓားကို ဝှေ့ယမ်းလိုက်လေသည်။

အဆုံးမရှိ သိပ်သည်း လွန်းသည့် မိုးမြေ စွမ်းအားများနှင့် ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ ပေါင်းစပ်မှုကြောင့် ဆန်းလျန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ခြစ်ခြစ်တောက် ပူနေလေသည်။ လေ၊ မိုးကြိုး၊ ရေနှင့် မီးတို့က မတူကွဲပြားစွာ ဓားအတွင်းသို့ စီးဝင် နေလေသည်။ လောက တစ်ခွင် တုနှိုင်း မမီနိုင်သည့် ဓားဝိညာဉ်သည် ထက်မြက် လွန်းနေပြီး ကွမ်ဖားကို မလှုပ်နိုင်အောင် ထိန်းချုပ် ထားလေသည်။

ပြိုင်ဘက် မရှိသည့် တန်ခိုးစွမ်းအား နှစ်ခုသည် တိမ်ကိုဖြိုပြီး မြေကြီးကို ကိုင်လှုပ် နိုင်တော့မည့် အလား ပြင်းထန် လွန်းလေသည်။ တန်ခိုး စွမ်းအားများ၏ အရှိန်အဟုန်ကြောင့် ရေကန် အတွင်းမှ ရေများ အားလုံးပင် ခန်းခြောက် သွားရလေသည်။

ကောင်းကင်ထက်မှ ဧကရာဇ် တံဆိပ်တော်သည် ကွမ်ဖားကို ဖိနှိပ်ထားလေသည်။

ဆန်းလျန်၏ အနှိုင်းမဲ့သော ဓားဝိညာဉ်မှာလည်း တောင်ကို နှစ်ခြမ်း ခွဲတော့မည့်အလား ကွမ်ဖား၏ တာအို ကျင့်ကြံသူ ခန္ဓာကို ခွဲဖျက် ပစ်တော့မည် ဖြစ်လေသည်။

ကွမ်ဖားတွင် မျှော်လင့်ချက် မရှိတော့ပေ။ ကျိန်းသေပေါက် အသက် ပျောက်ရတော့မည် ဖြစ်လေသည်။

ကွမ်ဖားက ရွှမ်ချင်း အလင်းတန်းကို တိမ်တိုက် တစ်ခုအလား ဖန်ဆင်းကာ ဧကရာဇ် တံဆိပ်တော်ကို တားဆီး ထားလိုက်လေသည်။

သို့သော် ဆန်းလျန်၏ အတု မရှိသော ဓားဝိညာဉ်က ကွမ်ဖား၏ ဝိညာဉ်ကို ထိုးဖောက် တိုက်ခိုက် လိုက်လေသည်။

ဓားဝိညာဉ်သည် ဧကရာဇ် တံဆိပ်တော်ထက် များစွာ ကြောက်စရာ ကောင်းလေသည်။

ကွမ်ဖားက ဧကရာဇ် တံဆိပ်တော်ကို ထိုးဖောက်ရန် အတွက် တန်ခိုးစွမ်းအားများကို စုစည်းလို က်သည်။ ဆန်းလျန်၏ ဓားဝိညာဉ် ကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်လေသည်။ ဓားဝိညာဉ်သည် သူ့ထံသို့ မည်သည့် အချိန်တွင် ဝင်ရောက် လာမည်လဲ မခန့်မှန်းနိုင်ပေ။

ကွမ်ဖားအတွက် ထွက်ပေါက် ပိတ်နေသည့် အနေအထား ဖြစ်လေသည်။

ဧကရာဇ် တံဆိပ်တော်မှာ သူ့ဦးခေါင်းထက်သို့ တဖြည်းဖြည်း ဆင်းသက် လာလေသည်။ ရွှေရောင် အလင်းတန်းများကြောင့် ရွှမ်ချင်း အလင်းဖြင့် ဖန်ဆင်းထားသည့် တိမ်တိုက်မှာ တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာပြီ ဖြစ်လေသည်။

ကွမ်ဖားမှာ တဖြည်းဖြည်း ခုခံနိုင်စွမ်း ကျဆင်းလာရပြီ။

ကွမ်ဖား၏ မျက်လုံး နှစ်ဖက်လုံးတွင် သွေးရောင်များ လွှမ်းနေလေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးများမှာလည်း ဆူပွက် နေသကဲ့သို့ ခံစားနေရသည်။ ရွှမ်ချင်း အလင်းတန်းဖြင့် ဖန်ဆင်းထားသည့် တိမ်တိုက်သည်ပင် သွေးရောင် ပြောင်းသွားလေသည်။

ထိုအချိန်မှာပင်…

ပုံပြောင်း နဂါးတိုင်လုံးမှာ သူ၏ ခြေထောက် အောက်တွင် ပေါ်လာပြီး ငွေရောင် ကြာပန်း တစ်ပွင့် အဖြစ် ပြောင်းလဲ သွားလေသည်။ ထိုကြာပန်းက သူ့ကို ရပ်တည် နိုင်အောင် ထောက်ပံ့ ပေးထားလေသည်။ ထို့ပြင် ငွေရောင် ကြာပန်းပွင့် ချပ်လေးများ ပေါ်လာပြီး ကွမ်ဖားကို ကာကွယ် ပေးထားလေသည်။

ကွမ်ဖား၏ မျက်နှာမှာ အနီရောင်မှ အဖြူရောင်သို့ ပြောင်းလဲ သွားလေသည်။ ကွမ်ဖား၏ ခြေထောက်အောက်မှ ငွေရောင် ကြာပန်းနှင့် သူ့ကို ကာကွယ် ပေးထားသည့် ငွေရောင် ကြာပန်းပွင့် ချပ်လေးများမှာ ဧကရာဇ် တံဆိပ်တော်၏ ဖိအားအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာလေပြီ။

ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ဂီတသံစဉ် တစ်ခု ထွက်ပေါ်လာလေသည်။

"ရေကန် နံဘေးမှာ လရောင်သာ နေတယ်…

ရေကန်စပ်မှာ အစိမ်းရောင် မိုးမခပင် ရှိတယ်…

မက်မွန်ပင်မှာလည်း မက်မွန်ပန်းတွေ ဝေလို့ပေါ့"

ကဗျာရွတ်သံနှင့် အတူ အဖြူရောင် တိမ်တိုက်တစ်ခု လွင့်မျော လာလေသည်။

"ဆန်းတန်ခိုးရှင်၊ ကျုပ်ရဲ့ ဂိုဏ်းတူ ညီအစ်ကို အပေါ်မှာ သက်ညှာပေးပါ၊ ကျုပ် မုကျန်းကျီက ဆန်းတန်ခိုးရှင်ကို နှုတ်ခွန်း ဆက်သပါတယ်"

ကောင်းကင်ထက်မှ ဂီတသံများ ရပ်တန့်သွားလေသည်။

အဖြူရောင် တိမ်တိုက်တစ်ခု ကောင်းကင်ထက်တွင် ရှိနေပြီး တိမ်တိုက်ပေါ်တွင် လူနှစ်ယောက် ရှိနေလေသည်။ တစ်ယောက်မှာ ချင်းဝေးအဖြစ် ဟန်ဆောင်ထားသည့် ယန်ရွှီး ဖြစ်လေသည်။ သူက ဆန်းလျန်ကို မထီမဲ့မြင် အပြုံးဖြင့် စိုက်ကြည့် နေလေသည်။

အခြား တစ်ယောက်ကတော့ ဦးခေါင်းထက်တွင် ခေါင်းစည်း တစ်ခု စည်းနှောင်ထားပြီး တာအို ဝတ်ရုံပွကြီးကို ဝတ်ဆင် ထားလေသည်။ သူ၏ အင်္ကျီလက်များမှာ လေထဲတွင် လွင့်နေပြီး သူ၏ လက်ထဲတွင် ဝါးစိမ်း တုတ်တစ်ချောင်းကို ကိုင်ထားလေသည်။ ထိုသူမှာ နတ်ဘုရား တစ်ပါး၏ ဟန်ပန် အပြည့် ရှိလေသည်။

ထိုသူမှာ ကွမ်ဖား၏ ဂိုဏ်းတူညီ အစ်ကို မုကျန်းကျီ ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏ ဓားဝိညာဉ်ကို ချက်ချင်းပင် ကွမ်ဖားဆီသို့ ပစ်လွှတ် လိုက်လေသည်။

ထို့နောက် မိုးကြိုး အင်းသင်္ကေတ တစ်ခုကိုလည်း ကောင်းကင်ထက်သို့ ပစ်လွှတ် လိုက်လေသည်။ မုကျန်းကျီ လာရာလမ်းတွင် လျှပ်စီးများ လက်သွားပြီး မိုးကြိုးများက သူတို့ကို တားဆီး ထားလိုက်လေသည်။

ထို့နောက် လျှပ်စီးတစ်ချက်က ကောင်းကင်ကို ထိုးခွင်း သွားပြီး ဘုရင်မနှင့် ဆန်းလျန်မှာ ခြေရာ တစ်စပင် မကျန်အောင် ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်မှာ ယန်ရွှီးကို တွေ့သည်နှင့် ပြဿနာတွေ မီးခိုးကြွက်လျှောက် မဆုံးနိုင်အောင် ဖြစ်တော့မည်ကို သိလိုက်လေသည်။ ထို့ကြောင့် ဘုရင်မကို အမြန်ဆုံး ဆုတ်ခွာမည့် အကြောင်း စိတ်စွမ်းအားနှင့် အသိပေး လိုက်ပြီး အတူတူ ဆုတ်ခွာ သွားကြခြင်း ဖြစ်လေသည်။

ဆန်းလျန် ပစ်လွှတ်ခဲ့သည့် ဓားဝိညာဉ်သည် ကွမ်ဖားကို ကာရံထားသည့် ငွေရောင် ကြာပန်းပွင့် ချပ်လေးများ အားလုံးကို ဖျက်ဆီး ပစ်လိုက်လေသည်။

ကွမ်ဖား၏ ရင်ပတ်ထက်တွင် ရှည်လျားသည့် ဓားဒဏ်ရာကြီး တစ်ခု ရှိနေလေသည်။ ကွမ်ဖား၏ ဖြူဖွေးသည့် အသားများ ပေါ်နေပြီး ဓားဒဏ်ရာ ပတ်လည်တွင် ဓားဝိညာဉ် အရိပ်အငွေ့များ ထင်ကျန် နေလေသည်။

ကွမ်ဖား၏ ပါးစပ်မှ ပြဒါးနှင့် ရောနှောနေသည့် သွေးများ အဆက်မပြတ် အန်ကျလာပြီး သူ၏ မျက်နှာမှာလည်း စက္ကူတစ်စ အလား ဖြူဆွတ် သွားလေသည်။

မုကျန်းကျီက သူ၏ အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကွမ်ဖားဆီသို့ တန်ခိုး စွမ်းအားများ ထည့်သွင်း ပေးလိုက်သည်။

ကွမ်ဖား၏ ဒဏ်ရာမှာ အနည်းငယ် သက်သာစ ပြုလာလေသည်။ သို့သော် ဓားဒဏ်ရာ ပျောက်ကင်းရန် အတွက် ဆယ်နှစ်မှ အနှစ်နှစ်ဆယ် အတွင်း အစွမ်းကုန် ကျင့်ကြံမှသာ ပျောက်ကင်း နိုင်မည် ဖြစ်လေသည်။

ယခုတိုက်ပွဲသည် ကွမ်ဖား၏ ဘဝတွင် အိပ်မက်ဆိုးကြီး အလား ဖြစ်ခဲ့ရလေပြီ။ ကွမ်ဖားသည် ဆန်းလျန်နှင့် တရား ဆွေးနွေးသည့် အချိန်တွင် အစမှ အဆုံးတိုင် ဆန်းလျန်ကို အရေးနိမ့် ခဲ့လေသည်။ ထိုအချက်သည် သူ့ဘဝတွင် ကျန်ရှိသည့် ကျင့်စဉ် လမ်းတစ်လျှောက် ဒုက္ခပေးတော့မည် ဖြစ်လေသည်။

ကွမ်ဖား၏ မျက်ဝန်းများတွင် နောင်တ တရားများ ထင်ဟပ် နေလေသည်။ သူ၏ အသံများကလည်း အားနည်း နေလေသည်။

"မင်းတို့ ဘယ်လိုလုပ် အချိန်မီ ရောက်လာတာလဲ"

သူ့အသံမှာ ကြေကွဲမှုများဖြင့် ပြည့်နေလေသည်။

မုကျန်းကျီက ယန်ရွှီးကို ညွှန်ပြလိုက်ရင်း…

"ဂိုဏ်းတူညီလေး ချင်းဝေးကို ကျေးဇူးတင်ရမယ်၊ သူ့ကြောင့်သာ အချိန်မီ ရောက်လာနိုင်တာ"

ကွမ်ဖားက ယန်ရွှီးကို လေးစားသမှုဖြင့် လက်နှစ်ဖက် ဆုပ်ကာ ဂါရဝ ပြုလိုက်ရင်း…

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူညီလေးချင်းဝေး"

ယန်ရွှီးက ကွမ်ဖားကို အလွန်စိုးရိမ်နေသည့် လေသံဖြင့်…

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ၊ ညီတစ်ယောက် အနေနဲ့ လုပ်ရမယ့် တာဝန်ကို လုပ်တာပါ၊ ဆန်းလျန်က တကယ် မလွယ်တဲ့ သူပဲ၊ ဒါကြောင့် ဂိုဏ်းတူ အစ်ကို မုကျန်းကျီကို အကြောင်းကြားပြီး ချက်ချင်း လိုက်လာတာ၊ အချိန်မီလို့ တော်သေးတာပေါ့"

ကွမ်ဖားက ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။ သူတို့ သုံးယောက်လုံး သက်ပြင်း ကိုယ်စီ ချလိုက်မိပြီး တိမ်ကိုစီးနှင်ကာ ပျောက်ကွယ် သွားကြလေတော့သည်။

ဆန်းလျန်နှင့် ဘုရင်မသည် ချင်းဆွေမြစ်သို့ ရောက်ရှိ လာကြလေသည်။ ချင်းဆွေမြစ်မှာ ဘုရင်မ၏ ပိုင်နက် ဖြစ်လေသည်။

ကွမ်ချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား တစ်ပါး ကြွလာခြင်း မဟုတ်ပါက ဘုရင်မသည် မည်သူ့ကိုမှ ကြောက်မည့်သူ မဟုတ်ပေ။ မုကျန်းကျီလို ဖော့ဝမ့် အဆင့်ကျင့်ကြံသူ လောက်ကတော့ ဘုရင်မက ကျိန်းသေ အနိုင်ယူ နိုင်လေသည်။

"ဘာလို့ သူတို့ကို အလွတ် ပေးလိုက်ရတာလဲ၊ ဒီတစ်ခေါက် မင်းနဲ့ ငါ ပေါင်းပြီး တိုက်ခိုက်တာ မုကျန်းကျီ ရောက်လာလည်း ဘာအရေးလဲ၊ သူတို့ကို အနိုင်ရမှာပဲ"

ဘုရင်မက မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။

သူမက ချင်းဆွေမြစ် ဧရိယာမှ တော်ရုံနှင့် ထွက်ခွာ တတ်သူ မဟုတ်ပေ။ ယနေ့တော့ ကျိန်းသေ အနိုင်ရမည့် အခွင့်အလမ်းကြောင့်သာ သူမက ထွက်ခွာလာခြင်း ဖြစ်လေသည်။

သူမက ဆန်းလျန် ပြန်လည် ဆုတ်ခွာ လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ထိုသို့ ဆုတ်ခွာ ပြေးသည်မှာ ဆန်းလျန် လုပ်တတ်သည့် ပုံစံမျိုး မဟုတ်ပေ။

"မုကျန်းကျီ ဘေးက လူငယ်ကို ဘုရင်မ တွေ့တယ်မလား"

ဆန်းလျန်က မေးလိုက်သည်။

"အဲဒီလူငယ်ရဲ့ တန်ခိုးစွမ်းအားက သန့်စင်တယ်၊ ပါရမီရှင် တစ်ယောက်လို့တောင် ပြောလို့ရတယ်၊ ဒါပေမဲ့ သူက ငါတို့ကို ဒုက္ခမပေးနိုင်ပါဘူး"

"တကယ်တော့ ဘုရင်မကို ရှင်းပြလို့ မရတဲ့ ကိစ္စတစ်ခု ရှိတယ်၊ အဲဒီလူငယ်က ချင်းရွှမ်ရဲ့ သစ္စာဖောက် တစ်ယောက်ပဲ၊ သူ့နာမည်က ယန်ရွှီးလို့ ခေါ်တယ်၊ သူက နတ်ဘုရား တစ်ပါးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သာမန် လောက နတ်ဘုရား တစ်ပါးကတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး၊ ပြီးတော့ သူက ချင်းရွှမ်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို သိထားတယ်၊ သူ့ကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းထဲ ဝင်ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ ကျုပ်က ဘယ်ထင်မိမလဲ၊ ဘုရင်မ ဟွမ်လုန်ကျီနဲ့ တိုက်ခိုက်နေတုန်း ကျုပ်ရင်ဆိုင်ခဲ့ရတဲ့ ရန်သူက အခြားသူ မဟုတ်ဘူး၊ သူပဲလေ"

ဆန်းလျန်က ဘုရင်မကို အကြမ်းဖျင်း ရှင်းပြ လိုက်လေသည်။

"ဒါဖြင့် သူ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းထဲ ဝင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ"

ဘုရင်မက မေးလိုက်သည်။

“အဲဒီအချက်ကို ကျုပ်လည်းနားလည်ရခက်နေတာ၊ ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှာ နတ်ဘုရား ငါးပါးတောင် ရှိတာ၊ သူက ဘယ်လောက် အစွမ်း ထက်တယ် ပြောပြော အဲဒီဂိုဏ်းထဲကို ဝင်သွားတယ် ဆိုတာ အရမ်း အန္တရာယ် များတယ်၊ တာအို ကျင့်စဉ် အသစ်တွေ လိုချင်လို့ များလား မသိဘူး၊ သူ့ရဲ့ အစွမ်းအစနဲ့ ဆိုရင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းက ပညာတွေ အကုန်လုံးကို လေ့လာဖို့ သိပ်တောင် အချိန်ယူရမယ် မထင်ဘူး၊ ပြီးတော့ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းရဲ့ မျိုးဆက် ဆက်ခံမှု ပုံစံကလည်း ကျုပ်တို့ ချင်းရွှမ်နတ်တံခါးနဲ့ နည်းနည်း ဆင်တူတယ်၊ သူ့မှာ အကြောင်း တစ်ခုတော့ရှိ မှာပဲ ”

ဆန်းလျန်က တိုးလျစွာဖြင့် ပြန်ပြော လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီလူက မိတ်ဆွေ မဟုတ်ဘူး၊ ရန်သူပဲ မဟုတ်လား၊ မင်းရဲ့ အနေအထားနဲ့ ဆိုရင် သူဘယ်သူလဲ ဆိုတာ သွားဖော်ထုတ် လို့လည်း မရပြန်ဘူး၊ မင်းသူ့ကို ဒီတိုင်း လွှတ်ထားတော့ မှာလား”

ဘုရင်မက အမြဲတမ်း ပြတ်သားသူ တစ်ယောက် ဖြစ်လေသည်။ သူက ရန်သူနှင့် မိတ်ဆွေကို ပြတ်ပြတ်သားသား ခွဲခြားတတ်ပြီး ရန်သူဆိုပါက တုံ့ဆိုင်းခြင်း မရှိဘဲ အပြတ် ရှင်းတတ်သူ ဖြစ်လေသည်။

“သူ့ကို ဘယ်သူမှန်း သိသွားတာပဲ ကျုပ်အတွက် ကံကောင်းလှပြီ၊ သူ့အကြောင်း ဖော်ထုတ်နိုင်လည်း ကိစ္စတော့ မရှိပါဘူး၊ အခုလည်း ကွမ်ဖားကို ဒီလို အခြေအနေဖြစ်အောင် တွန်းပို့ လိုက်တာ သူပဲလေ၊ ဒါပေမဲ့ ဒီပြဿနာအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူက ယန်ရွှီးပဲ ဆိုတောတော့ ကွမ်ဖားကတော့ သိပုံမပေါ်ဘူး၊ သူက ချင်းရွှမ် နတ်တံခါးမှာ အခြား သစ္စာဖောက် တစ်ယောက် ရှိနေပြီး သတင်းတွေ ပေါက်ကြား နေတယ်လို့ပဲ ထင်နေပုံရတယ်”

ဆန်းလျန်က ပြန်ပြော လိုက်သည်။

“ဒီလိုလုပ်လို့ သူ့အတွက်ရော ဘာအကျိုး ရှိမှာမို့လို့လဲ၊ သူမင်းကို ပြဿနာ ရှာချင်တယ် ဆိုရင်လည်း အစကတည်းက သူကိုယ်တိုင် လာရင်ဆိုင်ပေါ့၊ ဘာလို့ ကွမ်ဖား ဒဏ်ရာရတော့မှ မုကျန်းကျီနဲ့ အတူ ရောက်လာသေးလဲ”

ဘုရင်မက သံသယ ရှိစွာဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်၏ မျက်ဝန်းများ လက်ခနဲ တစ်ချက် ဖြစ်သွားပြီး…

“ဒါနဲ့ ဘုရင်မ လက်ကနေ ဟွမ်လုန်ကျီ ဘယ်လို လွတ်သွားတာလဲ”

“သူ့ဟာသူ လွတ်သွားတာပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်၊ သူ ဘယ်လိုမှ ငါ့ကို မနိုင်တော့ဘူးဆိုတာ လည်းသိရော သူ့ခန္ဓာကိုယ် တစ်ပိုင်းကို သူ့ဟာသူ ခုတ်ဖြတ်ပြီးတော့ ထွက်ပြေး သွားတာ”

ဘုရင်မက ပြန်ဖြေ လိုက်လေသည်။

ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း….

“ကွမ်ဖားလည်း ဒီနေ့ ဒဏ်ရာရသွားပြီ…”

ဘုရင်မက အတန်ကြာ စဉ်းစားနေပြီးမှ…

“ဒီကိစ္စနှစ်ခုက ဆက်စပ်မှု ရှိနေတယ် ထင်တယ်”

"ကျုပ်တို့က ယန်ရွှီးကို ကူညီနေသလို ဖြစ်နေမှာပဲ စိုးရိမ်မိတယ်၊ သူ့ဦးတည်ချက်က ကျုပ်မဟုတ်ဘဲ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ဆရာသခင်တွေများ ဖြစ်နေမလားပဲ၊ ဘာကြောင့် သူ ဒီလိုလုပ်ရလဲ ဆိုတာ ကျုပ်လည်း မသိနိုင်ဘူး၊ သူ့စိတ်ထဲ ဘာတွေ ကြံစည်နေလဲ ဆိုတာ သူပဲ သိမှာပေါ့လေ"

ဆန်းလျန်မှာ ယန်ရွှီး၏ အကြံအစည်ကို ရိပ်မိသလို ရှိလာသည့်တိုင် အပြည့်အဝတော့ နားမလည်သေးပေ။

ယန်ရွှီး၏ လုပ်ရပ်များမှာ ရက်စက်ပြီး ထူးဆန်း နေသော်လည်း ရည်ရွယ်ချက် တစ်ခုတော့ ရှိရပေမည်။

ဥပမာအားဖြင့် ကျီးရှင် ရှေးဟောင်း ပစ္စည်းဆိုင်တွင် ဆန်းလျန် ပထမဆုံးအကြိမ် ယန်ရွှီးနှင့် တွေ့ဆုံခဲ့သည့် အချိန်က ထူးဆန်းသည့် ပစ္စည်းလေး တစ်ခုကို သူ့ကို လက်ဆောင် ပေးခဲ့လေသည်။ ရည်ရွယ်ချက်မှာ ကျင်းကွမ်းဝတ် ကျောင်းတော်မှ ဗောဓိသကျ ဓာတ်တော်ကို ခိုးယူရန် ဖြစ်လေသည်။

ကွမ်ဖားမှာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား အလောင်းလျာ ဆယ့်နှစ်ပါးတွင် ဗဟုသုတ အကြွယ်ဝဆုံးသူ ဖြစ်လေသည်။ သို့သော် ယန်ရွှီးနှင့် ယှဉ်လိုက်လျှင်တော့ သူ၏ အသိဉာဏ် ပညာနှင့် ဗဟုသုတများက မပြောပလောက်တော့ပေ။ ဖယောင်းတိုင်နှင့် လမင်းပမာ ကွာခြား လွန်းလေသည်။

“သူ့မှာ ဘာအကြံပဲ ရှိရှိပါလေ၊ ဆယ်နှစ် ဒါမှမဟုတ် နှစ်ပေါင်း နှစ်ဆယ်အတွင်း မင်းနတ်ဘုရား တစ်ပါး ဖြစ်လာမယ်ဆိုရင် ပြဿနာအားလုံးဖြေရှင်းပြီးသွားမှာပဲပေါ့၊ လောကမှာ အားကြီးတဲ့သူက အနိုင်ရတာပဲလေ”

ဘုရင်မက ပြောလိုက်သည်။

ဆန်းလျန်က ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ၊ ချင်းကျန်းဂိုဏ်းက ကိစ္စ ပြီးသွားရင်တော့ တောင်ပေါ်ကို ပြန်တော့မယ်၊ ပြီးရင် ကျင့်စဉ်လမ်း အတွက် အချိန်ပေးရမယ်၊ ကျုပ်ချင်းကျန်း ဂိုဏ်းမှာ နေတဲ့ ဒီတစ်လ အတွင်းတော့ ဘုရင်မနဲ့ ကျုပ်နဲ့ ကျင့်စဉ် လမ်းအကြောင်းတွေ ဆွေးနွေး ဖလှယ်ကြတာပေါ့”

“ငါလည်း ဒီလိုပဲ စဉ်းစား ထားပါတယ်”

ဘုရင်မနှင့် ဆန်းလျန်သည် အတန်ကြာအောင် စကား ပြောနေ ကြလေသည်။

လသည် အနောက်ဘက်သို့ ဝင်သွားပြီ ဖြစ်လေသည်။ အရုဏ်တက်တော့မည် ဖြစ်လေသည်။

ဆန်းလျန်သည် ကောင်းကင် ထက်သို့ ပျံဝဲတက်သွားပြီး ချင်းဆွေ မြစ်ကမ်း နံဘေးရှိ ချင်းကျန်း ဂိုဏ်းတည်ရှိရာ တောင်ပေါ်သို့ ပြန်လာခဲ့လေသည်။

ချင်းကျန်းဂိုဏ်း၏ တာအို ကျောင်းတော်ကြီး တည်ရှိရာ ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဖယောင်းတိုင် မီးလေး လင်းလက် နေသေးသည်ကို ဆန်းလျန် တွေ့လိုက်ရသည်။ ရော့ရှီလေး စာရေးနေခြင်း ဖြစ်လေသည်။

“ဘာတွေများ ရေးနေတာလဲ”

ဆန်းလျန်က တူမလေးကို ညင်သာစွာဖြင့် မေးလိုက်သည်။

“ဦးဦးက ဒီကဗျာထဲမှာ ရေးထားတာနဲ့ လုံးဝ မတူဘူးပဲ”

ရော့ရှီလေးက ပြန်ဖြေလိုက်သည်။

ဆန်းလျန်က စာရွက်ဖြူပေါ်တွင် ရေးသား ထားသည့် ကဗျာလေးကို ဖတ်ကြည့် လိုက်သည်။

“မျက်ခုံး ထူထူအောက်က မျက်ဝန်း နက်များက အဓိပ္ပာယ်များစွာ…

မတရားမှုကို သိရှိရတဲ့ အခါ

သူရဲကောင်းဟာ လက်ဖက်ရည်ကြမ်း ပန်းကို ချထားပြီး ထွက်ခွာသွား…

ဓားကိုယူပြီး ကောင်းကင်ကို ဖြတ်ကျော်ကာ

ညနေခင်းမှာ ထွက်ခွာသွားသူဟာ

ညဦးယံ အချိန်မှာ ပြန်ရောက်လာ…”

“ဦးဦး၊ ဦးဦးကတော့ ညနေခင်းမှာ ထွက်ခွာသွားပြီး အရုဏ်တက်မှပဲ ပြန်ရောက် လာတော့တယ်”

ရော့ရှီက ခပ်တည်တည် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

သူမ၏စကားကို ကြားသည်နှင့် ဆန်းလျန်မှာ ဓားတန်ခိုးရှင် ဒဏ္ဍာရီများကို သူမကို ပြောပြမိသည်ကို နောင်တ ရသွားမိလေသည်။ ဆန်းလျန်၏ နှုတ်ခမ်း ထောင့်လေးများ တွန့်ကွေး သွားပြီး မချိပြုံး တစ်ချက် ပြုံးလိုက်မိရင်း…

“သွားအိပ်တော့နော်…”

ဟူ၍သာ တူမလေးကို ပြောလိုက်မိလေသည်။

***

All Chapters