မြေအင်မော်တယ်
Vol. 11 Ch. 101
ဟွမ်ဖုဖိန်မှ အကြောင်းအရင်း ပြောပြပြီးနောက်တွင် ပိုင်ချူးရန်မ၏ ချီမင်ဓားဂိုဏ်း အပြင်သို့ လိုက်ပါပို့ဆောင်ပေးခြင်းအား လက်ခံလိုက်ရသည်။
သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲမှာ ဉာဏ်နီဉာဏ်နက်များသူဖြစ်သည်။ သို့ဖြစ်ရာ ချီမင်ဓားဂိုဏ်းမှ ထွက်ခွာပြီးနောက်တွင် ကောင်းကင် စစ်တပ်သို့ သွားရောက်သည်။ သုံးရက်ကြာပြီးနောက်တွင် ဟွမ်ဖုဖိန်၏ ခရီးစဉ်အကြောင်း သတင်းရလာသည်။ ဟွမ်ဖုဖိန်က အမှန်တရား မဟာမိတ်အဖွဲ့မှ ပင်မဂိုဏ်း အကုန်လုံးအား စိန်ခေါ်ခဲ့သည်။ သို့သော်လည်း ကျောက်စိမ်းမျှော်စင်မှာ ချွင်းချက်ဖြစ်ခဲ့၏ ။
စိန်ခေါ်ခံခဲ့ရသည့် ဂိုဏ်းများ၏ မဟာအကြီးအကဲများက လှုပ်ရှားမှု မပြုသည့်အတွက် ဟွမ်ဖုဖိန်မှ အနိုင်ယူခြင်းအား ကြုံလိုက်ရသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ယာယီကျော်ကြားလာခဲ့သည်။ သို့သော်လည်း ချီဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကျူယွမ်ကျီမှာ အကောင်းပကိ ရှိနေဆဲ ဖြစ်သည့်ကို သိကြရချိန်၌ ချီမင်ဓားဂိုဏ်း၏ ဂုဏ်သတင်းလည်း တိုးတက်လာပြန်သည်။
သို့ရာတွင် ထိုဖြစ်ရပ်များ၏ ဗဟိုချက်ဖြစ်သည့် ဟွမ်ဖုဖိန်က သင်ရောက်မှုများအား ဂရုထားခြင်း မရှိချေ။ ပိုင်ချူးရန် တွေးထားသည့် အတိုင်းပင် ဟွမ်ဖုဖိန်က ပင်ကိုယ် စရိုက်ပြောင်းလဲခြင်း မရှိဘဲ ယှဉ်ပြိုင်တိုက်ခိုက်ရန်သာ လူရှာနေဆဲ ဖြစ်သည်။
ဟွမ်ဖုဖိန် အနေဖြင့် ကျောက်စိမ်းမျှော်စင်အား တိုက်ခိုက်မှု မပြုခြင်းမှာ ကျောက်စိမ်းမျှော်စင်ဖြင့် နှစ်ဦးနှစ်ဖက် ဂရုမပြုခြင်းကြောင့်သာ ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ ဆန့်ကျင်ဘက်များ ဖြစ်သည့် အမှန်တရား မဟာမိတ်အဖွဲ့နှင့် မိစ္ဆာမဟာမိတ် အဖွဲ့တို့ကြား ဆက်ဆံရေးမှာ ရှုပ်ထွေးလွန်းလှသည်။ လူအများ မျက်မုန်းကျိုးသည့် သွေးနတ်ဘုရားဂိုဏ်းမှတပါး ကျန်ဂိုဏ်းများမှာ ဆန်ကျင်ဘက် အဖွဲ့အစည်း အတွင်းမှ ဂိုဏ်းတခုဖြင့် ဆက်ဆံရေးကောင်းသည်။ ထိုပမာဏမှာ အနည်းဆုံး အနေအထားဖြစ်သည်။
ချီမင်ဓားဂိုဏ်းမှာ ကာမသုတြာဂိုဏ်းဖြင့် ဆက်ဆံရေး ဇဝေဇဝါဖြစ်၏ ။ အကြောင်းမှာ ပိုက်ချူးရန်နှင့် စုရှန်းရွှယ်တို့၏ ဆက်နွယ်မှုကြောင့်တည်း။ မဖြစ်မနေ လိုအပ်သည့် အခြေအနေမှတပါး ဂိုဏ်းနှစ်ခုမှ တပည့်များက ရန်ပြုတိုက်ခိုက်ခြင်း မပြုကြချေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းဖြင့် ဆက်ဆံရေးမှာ ပို၍ပင် ရှုပ်ထွေးသေးသည်။ ပိုင်ချူးရန်နှင့် မဟာအကြီးအကဲ ကျူဖုန်းတို့က ဟွမ်ဖုဖိန်၏ တည့်တိုးဆန်မှုအား နှစ်သက်ကြသည်။ သို့သော်လည်း လက်ရှိ ဂိုဏ်းခေါင်းဆောင် အသီးသီးဖြစ်သည့် ကျူယွမ်ကျီနှင့် ကျိလင်ယွမ်တို့ကြား ဆက်ဆံရေးမှာ ချစ်လှစွာသော အမုန်းပင်။ ထို့ကြောင့် ချီမင်ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဆက်နွယ်မှုက ရှင်းလင်းသည်ဟု မဆိုနိုင်ပေ။
ဝိညာဉ်ဂိုဏ်းမှာ ထူးခြားဆန်းပြားလွန်းသည်။ ချီမင်ဓားဂိုဏ်း၏ အကြီးအကဲများက ထိုဂိုဏ်းအား နှစ်ခြိုက်မှု မရှိကြချေ။ ပိုင်ချူးရန် တယောက်တည်းကသာ ထိုဂိုဏ်း၏ အကြီးအကဲများဖြင့် ဆက်သွယ်ဖူးထားသည်။ ထို့ကြောင့် ဂိုဏ်းနှစ်ခု၏ တပည့်များကြား ဆက်ဆံရေးမှာ စိမ်းကားလှသည်။ သို့သော်လည်း ဝိညာဉ်ဂိုဏ်းမှာ ကျောက်စိမ်းမျှော်စင်ဖြင့် ရင်းနှီးသည်။ ထိုဌာနေ နှစ်ခုမှာ ကုန်ပစ္စည်း ဖလှယ်မှုပင် ပြုလုပ်ကြသေးသည်။
ပင်မအင်အားစု နှစ်ခုဟု ဆိုရမည့် သူတော်စင် ဗုဒ္ဓဂိုဏ်းနှင့် ကာမသုတြာဂိုဏ်းကြား၌ သံတမန်ဆက်သွယ်မှု ကောင်းမွန်သည်။ အကြောင်းမှာ သူတော်စင် ဗုဒ္ဓဂိုဏ်းခေါင်းဆောင်၏ နူးညံ့ကြင်နာသည့် စရိုက်နှင့် စုရှန်းရွှယ်၏ ရက်ရောကာ မာယာကြွယ်ဝမှုတို့ကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ဂိုဏ်းနှစ်ခုစလုံးက မဟာမိတ်အဖွဲ့အတွင်း ဖြစ်စေ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းဖြင့် ဖြစ်စေ သို့မဟုတ် သေမျိုးများနှင့် တခြားသော ဂိုဏ်းငယ်များဖြင့်လည်း ဆက်ဆံရေးကောင်းမွန်ပေသည်။ သို့သော်လည်း ထိုဂိုဏ်းနှစ်ခု၏ ဆက်ဆံရေးမှာ အေးစက်သည်ဟု ဆိုနိုင်သည်။
သူတော်စင် ဗုဒ္ဓဂိုဏ်းမှာ မြတ်ဗုဒ္ဓ၏ တရားဓမ္မများအား ကျောထောက်နောက်ခံပြုထားကာ ကာမလမ်းစဉ်အား ဆန့်ကျင်သည်။ သို့ဖြစ်ရာ အမှန်တရား မဟာမိတ်အဖွဲ့၌ ဆောင်ကြာမြိုင် ဆန့်ကျင်မှု၏ ဦးဆောင်ဦးရွက်ပြုရာ ကျောထောက်ခံဂိုဏ်းလည်း ဖြစ်၏ ။ ကာမသုတြာဂိုဏ်းမှ တပည့်များမှ မည်သို့သော လုပ်ငန်းနှင့် ကျင့်စဉ်အား ပြုကျင့်ကြသည်နည်း။ သူတော်စင် ဗုဒ္ဓဂိုဏ်းမှ ဆန့်ကျင်သော လုပ်ရပ်များပင် မဟုတ်လော။ ထို့ကြောင့် ဂိုဏ်းနှစ်ခု၏ ရပ်တည်ချက်များမှာ ပင်ကိုယ် သဘာဝအားဖြင့် ဆန့်ကျင်မှုများတည်း။
ဂိုဏ်းများ၏ ဆက်ဆံရေးမှာ အလွန်ပင်ရှုပ်ထွေး ပွေလီလွန်းသည်။ အစောပိုင်း နှစ်များ၌ အဖွဲ့အစည်းနှစ်ခုမှာ မဟာရန်သူများဖြစ်၍ မျက်နှာချင်းဆိုင်ရန်ပင် မဖြစ်နိုင်ကြချေ။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့သည်။ သို့သော်လည်း မျက်မှောက်ကာလ၌ အမှန်တရား မဟာမိတ်အဖွဲ့နှင့် မိစ္ဆာမဟာမိတ်အဖွဲ့၏ ဆက်ဆံရေးမှာ ဟန်ချက်ညီညီ သိမ်မွေ့စွာ တိုးတက်လာသည်။ ထို့အပြင် ပြင်ပရန်သူများဖြစ်သည့် နတ်ဆိုးကလန်နှင့် မိစ္ဆာနတ်ဆိုးများအား ရင်ဆိုင်ကြရာတွင် ယာယီ စည်းလုံးသွားကြလေ့ရှိသည်။