မြေအင်မော်တယ်(၁)
Vol. 11 Ch. 102
ဟွမ်ဖုဖိန် ပြန်သွားပြီးချိန်၌ အကြီးအကဲလေးဖြစ်သည့် ဖုယွမ်ကျီမှ စာလိပ်အား အစီအစဉ်တကျ ဘာသာပြန်ပြီး ဖြစ်သည်။
ပိုင်ချူးရန်၏ ညွှန်ကြားချက်အရ ဖုယွမ်ကျီက အကောင်းဆုံး ကြိုးစားထား၏ ။ သို့ဖြစ်ရာ အပြည့်အဝ ဘာသာပြန်နိုင်ရန် တပတ်ခန့်ပင် အချိန်ယူသခဲ့ရသည်။
စာလိပ်ပါ အကြောင်းအရာများမှာညအောက်ပါအတိုင်း ဖြစ်၏ ။
"လေးဆယ့်သုံးနှစ်မြောက်၏ ဆောင်ဦးကာလတွင် ဖြစ်၏ ။ အစိမ်းရောင် ကောင်းကင် ပြက္ခဒိန်ရက် (၁၃၅)၌ မြေအင်မော်တယ် ကျန်းလဲ့က ကျင့်ကြံသူ သုံးထောင်၊ စစ်သည်ငါးသောင်းနှင့် သေမျိုးသုံးသိန်းအား ဦးဆောင်၍ စစ်ပွဲစတင်ခဲ့သည်။ ကျွေ့ယင်တောင်တန်းသို့ ရောက်ချိန်၌ ကျန်းလဲ့က ဖျက်ဆီးခြင်းဘုရင်၏ အမည်နာမ မှည့်ခေါ်သည်။ မြင့်မြတ်သော ကျောက်စိမ်းဘုရင်၏ အမိန့်အရ စစ်သူကြီး ကျိုးရှောင်ချီမှ စစ်သည်သုံးသောင်းအား ဦးဆောင်ကာ ပုန်ကန်မှုအား နှိမ်နင်း၏ ။ လေးဆယ့်သုံးနှစ်မြောက်၏ နွေဦး၌ အစိမ်းရောင် ပြက္ခဒိန် တစ်ရာသုံးဆယ့်ရှစ်ရက်မြောက်တွင် ကျွေ့ယင်တောင်မှ မြေအင်မော်တယ် ကျန်းလဲ့အား ခေါင်းဖြတ် ကွပ်မျက်ခဲ့သည်။ မြင့်မြတ်သည့် ကျောက်စိမ်းဧကရာဇ် ဝူချင်းမှ စစ်သူကြီး ကျိုးရှောင်ချီ၏ အောင်မြင်မှုအား အလေးထားသည့်အတွက် ကျွေ့ယင်တောင်တွင် ဤကမ္ဗည်းတိုင်အား စိုက်ထူသည်။ အကြောင်းမှာ စစ်သူကြီး၏ လုပ်ဆောင်မှုများ၊ အကျိုးဆောင်မှုများနှင့် အကျိုးပြုမှုများအား ဖော်ပြရန်ပင်တည်း။ နောင်လာနောက်သား မျိုးဆက်များ အနေဖြင့် စစ်သူကြီး ကျိုးရှောင်ချီ၏ ပါရမီနှင့် အရှင်မင်းကြီး၏ ဘုန်းတော်အား စွဲထင်မှတ်မိနေရမည်။
"ဒါက ကောင်းမှု ကဗ္ဗည်းစာပဲ…"
ပိုင်ချူးရန်က ဘာသာပြန်အား ဖတ်ကြည့်၍ အံ့အားသင့်မိသွားသည်။
"ဒီလိုပဲ ဖြစ်မှာပါ…"
တန်ရော်ဝေက စာလိပ်အား ပေးအပ်လာသည်။
"ဒီမှာ အပိုင်းတခု ကျန်နေသေးတယ် ဒါက နောက်ပိုင်းမှ ရေးထားတာဖြစ်မယ်…"
ပိုင်ချူးရန်က ထိုဝါကျစာကြောင်းအား ကြည့်မိသည်။
"ကျောက်စိမ်းဧကရာဇ်အား သတ်ဖြတ်မှုမပြုပါက လူအများဘေးကြုံရလိမ့်မည်…"
'ကြည့်ရသလောက် ဒီဧကရာဇ်က နာမည်မကောင်းပုံပဲ…"
တန်ရော်ဝေနှင့် ပိုင်ချူးရန်တို့က ဘာသာပြန်အား ကြည့်ကာ ခေါင်းရမ်းမိကြသည်။
"ပြောရခက်တဲ့ တယောက်နဲ့ တယောက်က အမြင်မတူနိုင်ဘူး… ငါတို့က အဲ့ဒီခေတ်ကို မကြုံဖူးဘူး ပြီးတော့ အဲ့အချိန်က လူတယောက်ရဲ့ ဆုံးဖြတ်ချက်က ဝေဝါးမနေသင့်ဘူး…"
ပိုင်ချူးရန်က ခေါင်းခါမိပြန်သည်။
"ဒါပေမယ့် လူသားနဲ့ မိစ္ဆာစစ်ပွဲ မတိုင်ခင်က ပြည်နယ်ကိုးခုရဲ့ အခြေအနေကို သိရတာပေါ့… အခု နတ်ဆိုးကလန်လိုပဲ စည်းလုံးပြီး တည်ငြိမ်ခဲ့တာပါလား…"
"ဒါပေမယ့်လည်း မြေအင်မော်တယ်က ဘာဆိုတာကို မသိရသေးဘူး… ဘယ်လိုလူက မြေအင်မော်တယ် ဖြစ်နိုင်လဲဆိုတာကောပဲ…"
တန်ရော်ဝေက ပြောနေသည်။
"ဝိညာဉ်ပျက်မြစ်ဘေးမှာ တွေ့တာဆိုတော့ ဝိညာဉ်ပျက်မြစ်ထဲ တခြား အစိတ်အပိုင်းတွေ ရှိနိုင်သေးတယ်…"
ပိုင်ချူးရန်က စကားရေရွတ်ကာ ခဏကြာ သုံးသပ်မှု ပြုသည်။
ထို့နောက်တွင်…
"ကျူယွမ်ကျီကို ပြောလိုက် ဆရာ ဟွမ်ဖုဖိန်ကို သွားရှာတယ်လို့…"
"ဆရာ တောင်အောက် ဆင်းဦးမလို့လား…"
"ဟုတ်တယ်…'
ပိုင်ချူးရန်က တပည့်ဖြစ်သူအား ခေါင်းပုတ်လိုက်သေးသည်။
"ဒါက ဆရာအဆင့်တက်နိုင်မယ့် သဲလွန်စဖြစ်ဖို့ များတယ်လေ…"
"ဟုတ်ပါပြီ…"
တန်ရော်ဝေက ဆရာဖြစ်သူအား ကြည့်၍ နှုတ်ဆက်စကားဆိုသည်။
"ဘေးကင်းပါစေ…"
သူမက ဆရာဖြစ်သူနှင့် သူမကြားမှ ကွာဟချက်အား သေချာနားလည်ထားသည်။ တောရိုင်းအတွင်းသို့ ခရီးထွက်ခြင်း၌ သူမက ဆရာဖြစ်သူအား အကူအညီပေးနိုင်မည် မဟုတ်ပေ။ အထောက်အကူ အပြုနိုင်ဆုံးသော အရာမှာ ဆရာဖြစ်သူ ခရီးသွားနေစဉ်၌ ကျင့်ကြံမှုပြုကာ တိုးတက်စေရန် ပြုလုပ်ခြင်းတည်။ သို့မှသာ သူမအနေဖြင့် အနာဂတ်ကာလတွင် ဆရာဖြစ်သူအား အကူအညီပေးနိုင်မည် ဖြစ်သည်။
………
ပိုင်ချူးရန်က ဟွမ်ဖုဖိန်အား ကုပြည်နယ်၏ ဘေးမှ ပြည်နယ်ဖြစ်သော ချင်ပြည်နယ်မှ မိတ်ဆွေတဦးဖြင့် ဝိုင်သောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုမိတ်ဆွေသည်လည်း ပိုင်ချူးရန်၏ အသိအကျွမ်းတဦးသာ ဖြစ်သည်။ ထိုသူမှာ ယွယ်ချန်လျန် အမည်ရသည့် ပုံသွင်းကောင်းကင် ရဲတိုက်၏ ခေါင်းဆောင်ပင်။ ချန်လျန်၏ အဖိုးဖြစ်သူမှာ ပိုင်ချူးရန်အား လက်နက်သန့်စင်သည့် နည်းလမ်း သင်ကြားပေးထားသူ ဖြစ်၏ ။ ထို့ကြောင့် ပိုင်ချူးရန်က မြေးဖြစ်သူဖြင့်ပါ ရင်းနှီးထားသည်။ ထို့အပြင် မြေးဖြစ်သူထံမှ အကန့်အသတ်မဲ့ သံဓားထောက်ပံ့မှုအား နှစ်သုံးရာစာ ရရှိထားသေးသည်။
ဟွမ်ဖုဖိန်အနေဖြင့် ယွယ့်ချန်လျန်၏ အကိုဖြစ်သည့် ယွယ်ချန်းရန်ဖြင့် ပထမဆုံး ရင်းနှီးခဲ့သည်။ အကြီးဆုံးဖြစ်သည့်အတွက် ဂိုဏ်းေခါင်းဆောင် ရာထူးဆက်ခံရမည် ဖြစ်၏ ။ သို့သော်လည်း လက်နက်ဖန်တီးခြင်းထက် လက်နက် အသုံးပြုရခြင်းကိုသာ စိတ်ပါဝင်စားသည်။ စိတ်ဝင်စားမှု ရှိသည့် နယ်ပယ်တွင်လည်း ထူးချွန်လှသည်။ ဆေဘာဓားချက်များတွင် ပိုင်နိုင်ကျွမ်းကျင်လှခြင်းကြောင့် ဟွမ်ဖုဖိန်ဖြင့် မိတ်ဆွေ ဖြစ်ခဲ့သည်။
ပုံသွင်းကောင်းကင် ရဲတိုက်မှာ ထိပ်သီးဂိုဏ်း တခုဖြစ်ပြီး အမှန်တရား မဟာမိတ်အဖွဲ့ဝင် ဖြစ်သည်။ ထို့အပြင် ထိပ်သီးဂိုဏ်းငါးခုဖြင့် ယှဉ်လျှင်ပင် အင်အားတဆင့်သာ လျော့ကျသည်။ သို့သော်လည်း ထိုဂိုဏ်းမှာ အပ်နှံလာသည့် အလုပ်များအား လက်ခံလေ့ရှိသည်။ မိစ္ဆာဂိုဏ်းများမှ အလုပ်အပ်နှံလျှင်ပင် လက်ခံကြသည်။ ဉပမာပြရသော် ဟွမ်ဖုဖိန်၏ နတ်ဘုရားသတ်ဓားမှာ ယွယ့်ချန်လျန်၏ ဖန်တီးမှုပင်။ ပုံသွင်းကောင်းကင် ရဲတိုက်အနေဖြင့် ယခုကဲ့သို့ စိတ်လိုက်လက်ရ ပြုမူနိုင်ခြင်းမှာ အစ်ကိုကြီးဖြစ်သည့် ယွယ့်ချန်တောက်၏ အင်အားကြောင့်ဟု ဆိုရပေလိမ့်မည်။
သို့သော်လည်း မကောင်းမှုပြသည့် မိစ္ဆာမဟာမိတ်များအား လက်နက်ရောင်းချသည်အထိ အတင့်ရဲခြင်း မရှိသေးချေ။
ပိုင်ချူးရန်က အာရုံခံစားမိသည့် ဝိုင်၏ အနံ့အရ ကာမသုတြာဂိုဏ်း၏ တညအိပ်ဝိုင် ဖြစ်သည်ကို သိလိုက်၏ ။ ထိုအချိန်၌ ယွယ့်ချန်လျန်မှာ ရေချိန်လွန်နေပြီး ဖြစ်ကာ တောင်စဉ်နေမရ ပြောနေသည်။ သို့သော်လည်း ဟွမ်ဖုဖိန်မှာ မျက်နှာရဲနေရုံသာ ဖြစ်ပြီး ဝိုင်ဆက်လက်သုံးဆောင်နေဆဲပင်။