မတော်တဆ
Vol. 11 Ch. 106
ဟွမ်ဖုဖိန်က အကွာအဝေး တခုအထိ နောက်ဆုတ်လိုက်ကာ ဆေဘားဓားအား ဓားအိမ်မှ ဆွဲထုတ်သည်။ ထို့နောက် ရုတ်ချည်းပင် ပိုင်းထုတ်လိုက်တော့သည်။
ကောင်းကင် နတ်ဆိုးဓားချက်မှာ နတ်ဘုရားနှင့် ဗုဒ္ဓကိုပင် တိုက်ခိုက်သည့် ဓားချက်တည်း။
ဟွမ်ဖုဖိန်၏ နောက်ကွယ်မှ ပုံရိပ်က လက်ခြောက်ဖက်နှင့် ဓားအား ဝေ့ယမ်းလိုက်တော့သည်။ တုနှိုင်းမဲ့သည့် ဓားချက်ကြောင့် ဓားကွန်ယက် ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တခွင်အား လွှမ်းခြုံသွားသည်။ ကြိုးကြာငှက်၊ ကျောက်တိုင်ထက်မှ အစီအရင်များအပါအဝင် မြစ်ကွေးအနီး မိုင်ရာဂဏန်းတချို့တွင် ရှိနေသည့်အရာများက ဓားချက်အောက်၌ အပိုင်းပိုင်းပြတ်သွားရသည်။
ကျောက်တိုင် ပျက်စီးသွားပြီးနောက်တွင် အစီအရင်သည်လည်း ပျက်စီးသွားတော့သည်။ သို့ဖြစ်ရာ မီးလျှံကြိုးကြာသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားရသည်။
ခဏကြာပြီးနောက်တွင် ဟွမ်ဖုဖိန်နှင့် ပိုင်ချူးရန်တို့က ကျောက်တိုင် အပျက်အစီးများ ရှိရာသို့ ခြေချလိုက်ကြသည်။
"ဒီအလင်းတွေက ပြေးသွားတုန်းပါလား…"
ဟွမ်ဖုဖိန်က အနည်းငယ် မျက်နှာပျက်သွားသည်။
"ဓားခေါင်းဆောင် ဒါတွေက ဘာများလဲ…"
"မသေချာနေဘူး… ဒါပေမယ့် အချက်ပြတာ တခုခုဖြစ်လောက်မယ်…"
ပိုင်ချူးရန်က ခေါင်းညိမ့်ကာ ခဏတာ သုံးသပ်မှုပြုသည်။
"အရင်ဆုံး ပြန်ကြတာပေါ့… ဒီအလင်းစက်တွေက ပြည်နယ်ကိုးခုထဲ အပြောင်းအလဲတခုခု ဖြစ်စေမှာ သေချာတယ်…"
………
အလင်းစက်ကလေးများ၏ အမြန်နှုန်းက အလွန့်အလွန်လျင်မြန်သည်။ မျက်စိတမှိတ်အတွင်း၌ တောအုပ်အတွင်းမှ ပြည်နယ်ကိုးခုသို့ ရောက်ရှိသွားပြီ ဖြစ်၏ ။
အနောက်အရပ်သို့ ရောက်ချိန်တွင် ပြည်နယ်ကိုးခုမှ နေရာအမြောက်အများသို့ ပြန့်သွားသည်။ အလင်းစက်များမှာ မှေးမှိန်လွန်းသည့်အတွက် သာမန် ကျင့်ကြံသူများက သတိမထားမိကြပေ။ အလင်းစက်များက သက်ဆိုင်ရာ နေရာများသို့ ရောက်သွားချိန်တွင် မြေပြင်သို့ ကျဆင်းသွားသည်။
မြေပြင်သို့ ကျဆင်းသွားသည့် အလင်းစက် ခုနှစ်ဆယ် ရာခိုင်နှုန်းက မြေထုသို့ ဝင်ရောက်သွားကာ ထူးခြားမှု ဖြစ်မသွားစေပေ။ ကျန်နေသည့် သုံးဆယ်ရာခိုင်နှုန်းခန့် အလင်းစက်များက အနီးရှိမြေထု၌ အပြာဖျော့ဖျော့ အလင်းတန်း ပေါ်လာစေကာ ခဏတွင်းချင်း မှေးမှိန်သွား၏ ။
သို့သော်လည်း မြေသားအတွင်း သက်ဆင်းသွားသည့် အလင်းစက်တခုက မြေပြင်တခုလုံးအား တုန်ခါသွားစေသည်။
အပြာရောင် အလင်းပေါ်လာပြီးချိန်၌ မြေပြင်တုန်ခါသွားကာ အက်ကွဲစပြုလာသည်။ ထို့နောက်တွင် ကြီးမားထည်ဝါသော ရှေးဟောင်းမြို့ကြီးတခု မြေထုအတွင်းမှ ပေါ်ထွက်လာသည်။
ရှေးဟောင်းမြို့ ပေါ်လာသည်ကို ပထမဆုံး သတိပြုမိသူများက အနီးရှိ ရွာသားများဖြစ်သည်။ ထိုသူများ၏ ပြောစကားအရ ဈေးအတွင်း၌ သတင်းပြန့်သွားခဲ့သည်။ သတင်းပြန့်နှုန်းက လျင်မြန်လွန်းသည်ဖြစ်ရာ အင်မော်တယ် လမ်းစဉ်သို့ လျှောက်လှမ်းလိုသည့် သာမန်ကိုယ်ကာယ ကျင့်ကြံသူများသည်လည်း ရှေးဟောင်းမြို့သို့ ရောက်လာကြသည်။
အငြင်းပွားမှုများ ရှိသည်က ပုံမှန်ဟု ဆိုရပေလိမ့်မည်။ ရှေးဟောင်းမြို့ ဂိတ်တံခါး၌ ဆုံမိကြသည့် လူများက တဦးဖြင့်တဦး တိုက်ခိုက်ကြသည်။ တိုက်ပွဲပြီးဆုံးပြီးနောက်တွင် အဖွဲ့ကိုယ်စီမှ သတ်ဖြတ်ထားသည့် အလောင်းများအား ထုတ်ပြလာသည်။ သတ်ဖြတ်မှု နည်းပါးသည့် အဖွဲ့များမှာ ရှေးဟောင်းမြို့မှ ထွက်ခွာသွားရမည် ဖြစ်၏ ။
ထို့နောက်တွင် နိုင်ငံ၏ စစ်တပ်နှင့် အနီးအနားရှိ ကျင့်ကြံမှု ဂိုဏ်းများသို့ သတင်းရောက်သွားသည်။ အဆင့်မြင့်တပ်ဖွဲ့များနှင့် သာမန် ကိုယ်ကာယ လေ့ကျင့်သူများက ဖယ်ရှားခံလိုက်ရသည်။ သို့ဖြစ်ရာ နိုင်ငံ အစောင့်အရှောက်များနှင့် ဂိုဏ်းများ ထိပ်တိုင် ရင်ဆိုင်ကြရသည်။
သို့သော်လည်း အမှန်တရာ မဟာမိတ်နှင့် မိစ္ဆာ မဟာမိတ်အဖွဲ့အစည်းများမှ အင်အားကြီးဂိုဏ်းများ ပါဝင်ပက်သက်မှု မရှိစေရန် နှစ်ဖက်စလုံးက သဘောတူညီမှု ရယူသည်။ ထိုသဘောတူညီချက်မှာ အဖွဲ့အသီးသီးမှ ကျင့်ကြံသူများအား ရှေးဟောင်းမြို့အတွင်းသို့ စေလွှတ်မည် ဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်များအား အချိုးကျ ခွဲယူမည့် ညှိနှိုင်းချက်ပင်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး၏ ဦးဆောင်မှု၌ များစွာသော အခြေတည်အဆင့် နိုင်ငံစောင့်ရှောက်သူများနှင့် ဂိုဏ်းအသီးသီးမှ အခြေတည်အဆင့် ကျင့်ကြံသူများက ရုတ်တရက် ထွက်ပေါ်လာသည့် ရှေးဟောင်းမြို့အား ရှာဖွေကြမည် ဖြစ်သည်။ ထိုနေရာမှာ သာမန်မဟုတ်သည်က မြင်သာလွန်းလှသည်။
အဖွဲ့ဖွဲ့ပြီးချိန်၌ မြို့၌ ကိုယ်တိုင်သိစိတ် ရှိနေသည့်အလား တံခါးပွင့်လာကာ အမှောင်ထုအား မြင်လိုက်ရသည်။
"ဘာဖြစ်တာပါလိမ့်…"
ရွှေအမြုတေအဆင့် ကျင့်ကြံသူတဦးက ရေရွတ်မိနေသည်။ ထိုသူက တံခါး၏ နောက်ကွယ်တွင် ရှိနေသည့်အရာအား နည်းလမ်းတခု အသုံးပြုကာ စူစမ်းနေခြင်းဖြစ်၏ ။ သို့သော်လည်း ရှေးဟောင်းမြို့၏ အမှောင်ထုအား စူးစမ်း၍ မရနေပေ။
ထိုသူ၏ မေးခွန်းအား အဖြေပေးနိုင်သူ ရှိမနေချေ။ ထို့ကြောင့် မေးခွန်းစသည့် ရွှေအမြုတေအဆင့်က အဆင့်တူ တဦးအား စိုက်ကြည့်ကာ စိုက်ကြည့်ကာ စကားစသည်။
"ဒါဆိုရင် ငါတို့…"
"ဒေါင်…'
ထိုခဏတွင် ရှေးဟောင်းမြို့အတွင်း၌ ခေါင်းလောင်းသံ မြည်ဟီးသွား၏ ။
အသံလှိုင်းများမှာ သာမန်မျက်စိဖြင့်ပင် မြင်သာလွန်းလှသည်။ ခေါင်းလောင်းသံက ရှေးဟောင်းမြို့၏ အမှောင်ထုအား အလယ်ဗဟိုပြုကာ အဘက်ဘက်သို့ ပြန့်နှံ့လာခြင်း ဖြစ်၏ ။
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက်တွင် စကားဆိုနေသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူပင် နှုတ်ဆိတ်သွားတော့သည်။ အနီးရှိ ထောင်ချီ အရေအတွက်ရှိသော တပ်ဖွဲ့များ၊ ကိုယ်ကာယ လေ့ကျင့်သူများနှင့် ကျင့်ကြံသူများသည်လည်း မင်သေသွားကြရသည်။
"ဒေါင်…"
ခဏကြာပြီးချိန်၌ ဒုတိယမြောက် ခေါင်းလောင်းသံ ထွက်လာပြန်သည်။ ထိုအချိန်တွင် မင်သေနေသူများက စတင်လှုပ်ရှားကြတော့၏ ။ သို့သော်လည်း မျက်လုံးများ၌ အသက်ဝင်မှု ကင်းမဲ့နေကာ ခြေလှမ်းများသည်လည်း တူညီနေသည်။ တနည်းအားဖြင့် ရုပ်သေးကြိုးဆွဲထားသည့် ရုပ်သေးများ လှုပ်ရှားခြင်းဖြင့် ဆင်တူနေပေသည်။
"သတ်ကြ…'
မေးခွန်းဆိုနေသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူက ရေရွတ်လာသည်။
"ကျောက်စိမ်း ဧကရာဇ်ကို သတ် ဒေဝါနိုင်ငံတော်ကို ပြန်ထူထောင်ရမယ်…"
"ကျောက်စိမ်း ဧကရာဇ်ကို သတ် ဒေဝါနိုင်ငံတော်ကို ပြန်ထူထောင်ရမယ်…"
ထိုစကားသံ ထွက်လာချိန်၌ ကျန်နေသူများကလည်း ထပ်တူညီစွာ ရွတ်ဆိုကြပြန်သည်။
"ကျောက်စိမ်း ဧကရာဇ်ကို သတ် ဒေဝါနိုင်ငံတော်ကို ပြန်ထူထောင်ရမယ်…"