ဆန်းကြယ်ကျောင်းတော်
Vol. 11 Ch. 108
ပြည်နယ်ကိုးခုသို့ ပြန်ရောက်ပြီးချိန်၌ ပိုင်ချူးရန်နှင့် ဟွမ်ဖုဖိန်တို့က သီးခြားလှုပ်ရှားရန် ဆုံးဖြတ်ကြသည်။
လက်တလော၌ အမှန်တရား မဟာမိတ်အဖွဲ့နှင့် မိစ္ဆာမဟာမိတ် အဖွဲ့အစည်းကြားမှ ပဋိပက္ခအား အလေးထားရမည့် အချိန် မဟုတ်ပေ။ ထို့ကြောင့် မှတ်တမ်းတင်လာခဲ့သည့် ပုံရိပ်များနှင့် ယူဆောင်လာသည့် စွမ်းအင်အား လေ့လာရန် အချိုးကျ ခွဲယူခဲ့သည်။ ပိုင်ချူးရန်က ဂိုဏ်းကြီးငါးခု၌ နည်းပညာပိုင်းဆိုင်ရာ အားသာသည့် ဆန်းကြယ်ကျောင်းတော်သို့ ခရီးဆက်ခဲ့၏ ။
ဆန်းကြယ် ကျောင်းတော်၏ ဌာနချုပ်မှာ လျန်ပြည်နယ်အနီး၌ တည်ရှိသည်။ သို့သော်လည်း တခြားသော ဂိုဏ်းများကဲ့သို့ မြင့်မားသည့် နေရာများ၌ တည်ဆောက်ထားခြင်း မဟုတ်ပေ။ တောင်တန်းများ ဝန်းရံထားသည့် လွင်ပြင်တခု၌ တည်ဆောက်ထားပြီး ရှုပ်ထွေးလှသည့် အစီအရင်များဖြင့် ကာကွယ်ထား၏ ။ သို့ဖြစ်ရာ နည်းပညာ လိုက်စားသူများ၏ စရိုက်သဘာဝများကဲ့သို့ပင် အထီးကျန်ကာ ကြောင်တောင်တောင်နိုင်သည့် ပုံရိပ်ပေါ်နေသည်။
အစောင့်တပည့်အား ချီမင်ဓားဂိုဏ်း တံဆိပ်ပြား ပြပြီးနောက်တွင် ပိုင်ချူးရန်က ဧည့်ခန်းသို့ ရောက်သွားသည်။ ထိုနေရာ၌ အစောင့်တပည့်များမှ အကြီးအကဲများအား တင်ပြမှုပြုသည်ကို စောင်းဆိုင်းနေရသည်။
ခဏကြာပြီးနောက်တွင် ထိုတပည့်ဖြစ်သူက ပြန်ရောက်လာသည်။ ပိုင်ချူးရန်အား ကျောက်စိမ်းပြား ပြန်လည်အပ်နှံကာ စကားဆိုသေး၏ ။
"စီနီယာ ပြောရမှာတော့ တောင်းပန်ပါတယ်… ဂိုဏ်းချုပ်က တွေ့ဖို့ မအားနေဘူးလို့ မှာလိုက်ပါတယ်…"
"အချိန်မရဘူးတဲ့လား…"
ပိုင်ချူးရန်က မျက်မှောင်ကြုံ့လိုက်ကာ…
"ငါမှတ်မိသလောက်တော့ သူက ကိုယ်ပွားမန္တန် ကျွမ်းကျင်ပြီးသား မဟုတ်လား… မူလကိုယ် မအားရင်လည်း ကိုယ်ပွားတယောက်ဆို ရပြီလေ…"
"ဂိုဏ်းချုပ်ရဲ့ ကိုယ်ပွား အကုန်လုံးက အရေးကြီးတဲ့ သုတေသနအလုပ်တွေ လုပ်နေပါတယ်…"
"ဒါဆို မင်းဘယ်သူနဲ့ တွေ့ခဲ့တာတုံး…"
"…"
ထိုစကားကြောင့် တပည့်ဖြစ်သူက ကြောင်အမ်းအမ်းဖြစ်သွား၏ ။ သို့သော်လည်း ခဏတာ တုံ့ဆိုင်းနေကာ ဘေးဘီသို့ တချက်ကြည့်လိုက်သည်။ ထို့နောက် အမှန်တရားအား တီတိုးပြောကြားလာသည်။
"ဟုတ်ပြီလေ စီနီယာ ဂိုဏ်းချုပ်က မတွေ့ချင်နေတာပါပဲ… သူက စီနီယာ ရောက်လာတိုင်း ကောင်းတာတွေ မဖြစ်ဘူးတဲ့…"
"တကယ်လား… ဒါဆိုလည်း ကောင်းပြီလေ…"
ပိုင်ချူးရန်က ကျောက်တိုင်အား မှတ်တမ်းရယူခဲ့သည့် ပုံရိပ်ကျောက်တုံးအား ပစ်ထုတ်ကာ အော်ပြောသည်။
"ချူယုရွှမ် မင်းက မတွေ့ချင်မှတော့ နည်းပညာ အားနည်းတဲ့ ငါတို့ရဲ့ဂိုဏ်းလေးကပဲ မြေအင်မော်တယ်ရဲ့ မှတ်တမ်းနဲ့ စွမ်းအင်ကို လေ့လာတော့မယ်… ကျောက်စိမ်းမျှော်စင်နဲ့ သူတော်စင် ဗုဒ္ဓဂိုဏ်းကများ စိတ်ဝင်စားမလား ကြည့်ပါဦးမယ်လေ…"
စကားအဆုံး၌ ပိုင်ချူးရန်က လှည့်ထွက်သွားကာ ကျောင်းတော်၏ ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။ ခြေလှမ်း နှစ်လှမ်းခန့် လျှောက်လှမ်းပြီးနောက်တွင် အော်သံတခုအား ကြားလိုက်ရသည်။
"ဓားခေါင်းဆောင် ခဏနေပါဦး…"
ထိုအသံနှင့်အတူ လူအုပ်ကြီး ပြေးထွက်လာသည့်အနွက် မြေပြင်ပင် တုန်လှုပ်သွားသေးသည်။ ထိုသူများမှာ ဆင်တူအဝတ်အစားများ ဝတ်ဆင်ထားသည့်အပြင် မျက်နှာသည်လည်း တထပ်တည်း တူနေကြသည်။ လူအုပ်ကြီးမှာ ကိုင်းတဖက်မျက်မှန် တပ်ဆင်ထားသည့် ချောမောသည့် လူငယ်လေးများတည်း။
လူအုပ်ကြီးက ပိုင်ချူးရန်ရှိရာသို့ ရောက်လာကာ ဝိုင်းထားကြသည်။ တချို့မှာ ပိုင်ချူးရန်၏ ခြေထောက်ကိုပင် ဖက်ထားကြသေး၏ ။
"ဓားခေါင်းဆောင် တခေါက်လောက်တော့ ပေးကြည့်ပါဦး…"
"ချူးယုရွှမ်…"
ပိုင်ချူးရန်က လူအုပ်ကြား၌ မူလကိုယ်အား တကြိမ်တည်းဖြင့် ရှာတွေ့သွားသည်။
"မင်းမှာ အချိန်မရဘူး မဟုတ်လား…"
"ဘယ်သူပြောတာများတုံး… ဓားခေါင်းဆောင် ရောက်လာတာကိုက ဂုဏ်ယူစရာပါပဲ ကျွန်တော်က ဘယ်လိုလုပ် မတွေ့ဘဲ နေရာမလဲ…"
ချူယုရွှမ်က တပည့်ဖြစ်သူအား စိုက်ကြည့်ကာ ပြောပြန်သည်။
"မင်းက ငါ့နောက်ကွယ်မှာ သစ္စာဖောက်တာလား…"
တပည့်ဖြစ်သူက ထိတ်လန့်သွားကာ လက်ကာပြ၍ ရှင်းပြသည်။
"ခေါင်းဆောင် ကျွန်တော် မဟုတ်ပါဘူး မလုပ်ရဲပါဘူး…"
"ဘာဖြစ်ဖြစ်ပါ ဘာမှလည်း မဟုတ်နေဘူး… ဓားခေါင်းဆောင် ကျွန်တော့်ကို ပုံရိပ်ကျောက်တုံး ပြကြည့်ပါလား…"
မရေမတွက်နိုင်သည့် ချူယုရွှမ်များက ပိုင်ချူးရန်က မျှော်လင့်တကြီး စိုက်ကြည့်လာကြသည်။
"ကျေးဇူးပြု၍ ပြပါဦး…"
"အခု မင်းက အရိုးတွေ့တဲ့ ခွေးတကောင်လို ဖြစ်နေပြီ… ထားပါလေ…"
ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် ပုံရိပ်ကျောက်တုံးနှင့် စွမ်းအင်ကျောက်တုံးတို့အား ချူးယုရွှမ်၏ လက်အတွင်းသို့ ပြန်ထည့်လိုက်သည်။
"ဒါက အရေးကြီးတယ်… ငါကစားနေတာ မဟုတ်ဘူး… ဒီထဲကစာကို ချီမင်ဓားဂိုဏ်းရဲ့ အကြီးအကဲလေးက ဘယသာပြန်ပြီးပြီ… မင်းတို့က နည်းပညာပိုင်း အားအသာဆုံးပဲ… အစီအရင်ရဲ့ လုပ်ဆောင်ပုံကိုသိလာမယ် ထင်တယ် ပြီးတော့ စွမ်းအင်ကျောက်တုံးထဲမှာ ရှိတဲ့ စွမ်းအင်က အစီအရင်ကို အားဖြည့်ပေးထားတာ… အဲ့စွမ်းအားကကော ဘာများလဲ… ရှာတွေ့ရင် ငါ့ကို ဆက်သွယ်…"
"ဟုတ်ကဲ့ပါ…"
ချူယုရွှမ်က လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။ ထိုအချိန်၌ ကိုယ်ပွားများက ပျောက်ကွယ်သွားကာ ဆန်းကြယ်ကျောင်းတော်သို့ ပြန်သွားသည်။
"အကြီးအကဲတွေနဲ့ တပည့်တွေကို သေချာ လေ့လာခိုင်းလိုက်ပါ့မယ်…"
"ဒါဆို စိတ်ချထားလိုက်ပြီ…"
ပိုင်ချူးရန်က ခေါင်းညိမ့်ပြလိုက်၏ ။ ချူယုရွှမ်၏ ရှာဖွေလေ့လာမှု စွမ်းရည်မှာ ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်းဟုပင် ဆိုရလောက်သည်။
"ငါတော့ ချီမင်ဓားဂိုဏ်းဆီ ပြန်ဦးမယ်… ဒီရက်အတွင်း ပြည်နယ်ကိုးခုထဲ ဘာတွေပြောင်းလဲသွားလဲ ကြည့်ရတာပေါ့… မင်းတို့ တခုခုသိရရင် ငါ့ကို သတင်းပေးလာကြ…"