မကောင်းဆိုးဝါး(၁)
Vol. 11 Ch. 110
ပုံသွင်းကောင်းကင် ရဲတိုက်မှ ရွှေအမြုတေအဆင့် တပည့်များကကိုယ်စီ နေရာယူထားကြသည်။ တချို့မှာ စိတ်ဝိညာဉ် ခွဲဖြာသည့် အတတ်အား အသုံးပြု၍ ရုပ်သေးများကို ထိန်းချုပ်ထား၏ ။ ထို့နောက် ရုပ်သေးများအား အကြီးအကဲ၊စီနီယာများ နှင့်အတူ လေပေါ်သို့ ပျံတက်သွားစေသည်။
ရှေးဟောင်းမြို့တော်၏ အပေါ်သို့ ရောက်သွားချိန်တွင် အကြီးအကဲလျိုနှင့် တပည့်များက အောက်သို့ ငုံ့ကြည့်မိကြသည်။ ရှေးဟောင်းမြို့၏ အတွင်းပိုင်းနေရာမှာ အမှောင်ထု ဖုံးနေသည်။ အလင်းမန္တန်များ အသုံးပြုသည့်တိုင် ရှင်းလင်းစွာ မမြင်နေရပေ။
အကြီးအကဲလျိုက အခြေအနေအရ မီးအိမ်နှင့် သဏ္ဍာန်တူသည့် ကိရိယာ တခုထုတ်ယူကာ နတ်အသွင်ပြောင်း အဆင့်၏ စွမ်းအားများ ထည့်လိုက်သည်။ မီးအိမ်အတွင်း၌ မီးတော် ပေါ်လာကာ ရုတ်ချည်းပင် မီးပင်လယ်ဖြစ်လာပြီး မိုင်ရာချီ ပြန့်သွား၏ ။ မီးပင်လယ်မှ မီးနဂါးများစွာလည်း ပေါ်လာသေးသည်။ အကြီးအကဲလျို၏ ထိန်းချုပ်မှု၌ ထိုအရာများက ရှေးဟောင်းမြို့အား ဝိုင်းရံသွားကြတော့သည်။
မီးနဂါးများက အမှောင်ထု အတွင်းသို့ တိုးဝင်သော်လည်း အစအနပင် ပေါ်မလာတော့ပေ။ ရွှံနွံအတွင်းသို့ နစ်ဝင်သည့်အလား ပျောက်ကွယ်သွားကြသည်။
"အလုပ်မဖြစ်ဘူးပဲ…'
အကြီးအကဲလျိုက သတိကပ်နေမိသည်။
ထို့နောက် တပည့်များအားာဦးတောင်ကာ မြို့တံခါးဆီသို့ ချဉ်းကပ်သွား၏ ။ ထိုခဏ၌ ရှေးဟောင်းမြို့တံခါးမှာ အလိုအလျောက် ပွင့်လာသည်။
"စွမ်းအား အသင့်ပြင်ပြီး သတိကပ်ကြ…"
အကြီးအကဲလျိုက ညွှန်ကြားမှု ပြုသေးသည်။
ထိုစကား အဆုံး၌ တပည့်များက စိတ်ဝိညာဉ် တိုက်ခိုက်မှုအား ခုခံနိုင်သည့် နည်းလမ်းများအား ထုတ်သုံးလိုက်ကြသည်။ သို့သော်လည်း မြို့အတွင်းမှ ခေါင်းလောင်းသံ ထွက်ပေါ်လာ၏ ။
ခေါင်းလောင်းသံအား ကြားလိုက်သည့် တပည့်များမှာ မူးဝေသွားကာ လူထောင်ပေါင်းများစွာ ရေရွတ်သံအား ကြားရသကဲ့သို့ ဖြစ်သွားသည်။ ထို့အပြင် အသံသည်လည်း တူထောင်ပေါင်းများစွာ ထုရိာက်သည့်အလား ဖြစ်၏ ။ အကြီးအကဲလျိုမှ စိတ်ဝိညာဉ် တိုက်ခိုက်မှုအား ခုခံရန် သတိပေးထားခြင်းကြောင့်သာ တပည့်များ၏ စိတ်ဝိညာဉ် ပျက်စီးမသွားခြင်း ဖြစ်သည်။
သို့သော်လည်း သတိလွတ်သည့် တပည့်များနှင့် ကျင့်ကြံမှု အားနည်းသူများမှာ ထိတ်လန့် တုန်လှုပ်သွားကြသည်။
ရှေးဟောင်းမြို့သည်လည်း ခေါင်းလောင်းသံ၏ သက်ရောက်မှု မရှိပုံကို သတိပြုမိပုံရသည်။ ထို့ကြောင့် ပုံစံပြောင်း၍ တိုက်ခိုက်လာသည်။ မြို့အတွင်းမှ အမှောင်ထုက ပေါင်းစုသွားကာ လူသားပုံသဏ္ဍန် အရာဝတ္ထုများ ဖြစ်လာသည်။
ထိုလူပုံတူများမှာ အမှောင်ထုမှ ဖြစ်တည်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်၌ ထူးဆန်းသည့် အဖြူရောင်မျဉ်းများ ရှိနေသည်။
ထိုသူများ၏ မျက်နှာထက်၌ မျက်နှာဖုံးများ ရှိသည်ကို မြင်နိုင်သည်။ သို့သော်လည်း မျက်နှာဖုံးထက်ရှိ ပါးစပ်နေရာမှာ ရုတ်တရက် ပွင့်ဟလာပြီး စူးစူးဝါးဝါး အော်ဟစ်ကြသည်။ ခေါင်းလောင်းသံကဲ့သို့ပင် အော်သံဖြင့် စိတ်ဝိညာဉ်အား တိုက်ခိုက်ခြင်း ဖြစ်၏ ။ သို့သော်လည်း ခေါင်းလောင်းသံထက် အားနည်းလှသည်။
လူပုံတူများက ရှေ့တက်လာနေသည်။ ထိုသို့ လှုပ်ရှားချိန်တွင် ခန္ဓာကိုယ်ထက်၌ အနက်ရောင် မီးလျှံများ ထွက်ပေါ်နေ၏ ။
အကြီးအကဲလျိုက မီးအိမ်အား မြောက်ကိုင်၍ လှုပ်ရမ်းကာ မီးတံတိုင်း ပေါ်လာစေပြီး ထိုသတ္တဝါများထံသို့ ရောက်သွားစေသည်။ မီးတံတိုင်း ရောက်သွားချိန်၌ မကောင်းဆိုးဝါးများက လဲကျသွား၏ ။ ထိုအချိန်၌ ခန္ဓာကိုယ် အပေါ်ရှိ အမည်းရောင်အခွံ ကွာကျသွားကာ အတွင်းမှ ခန္ဓာကိုယ် ပေါ်လာသည်။
"အကြီးအကဲ သူတို့က တုန်လင်နိုင်ငံကနေ ပျောက်သွားတဲ့ စစ်သည်တွေပါ…"
အလောင်းကောင်များ၏ ကိုယ်ထက်မှ အဝတ်အစားအား သတိပြုမိသည့် တပည့်တဦးမှ ရေရွတ်လာသည်။
"ဒါကို ဂရုစိုက်နေရမယ့် အချိန်မဟုတ်ဘူး…"
အကြီးအကဲလျိုက ကျန်နေသည့် မကောင်းဆိုးဝါးများအား ကြည့်ကု ပြောလာသည်။ သူ၏ တိုက်ကွက်မှာ သာမန် ဖြစ်သော်လည်း နတ်အသွင်ပြောင်းအဆင့်၏ စွမ်းအင်ပင် မဟုတ်လော။ ထို့အပြင် ပုံသွင်းကောင်းကင် ရဲတိုက်၏ အဆင့်မြင့် မှော်လက်နက်ပင် သုံးထားသေးသည်။ မကောင်းဆိုးဝါး တဝက်ခန့် ရှင်ကျန်နေခြင်းမှာ ထိုသူများ၏ စွမ်းရည်က ရွှေအမြုတေ အဆင့်ထက် နိမ့်ကျမှု မရှိကြောင်း ပြသနေခြင်း ဖြစ်သည်။
"အသင့်ပြင်ထားကြ…'
အကြီးအကဲလျိုက ပင့်သက်ရှိုက်မိနေသည်။
သူ့အနေဖြင့် ရွှေအမြုတေအဆင့် ဒါဇင်ချီအား ရင်ဆိုင်ရခြင်းမှာ မပြောပသည့် အရာပင်။ သို့သော်လည်း ရှေးဟောင်းမြိုအတွင်း ပျောက်ဆုံးသွားသူ အရေအတွက်မှ ထောင်ချီသည် မဟုတ်လော။ ထိုသူများ၌ အခြေတည်အဆင့် တချို့နှင့် ရွှေအမြုတေအဆင့် နှစ်ဦးပင် ပါနေသေးသည်။
သာမန် လူသားနှင့် စစ်သည်များမှာ ရှေးဟောင်းမြို့၏ ပြုပြင်ဖန်တီးမှု၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြင့် စွမ်းအားတူညီလာမည် ဖြစ်သည်။ သို့ဖြစ်ရာ ကျင့်ကြံသူများမှာ မည်မျှပင် စွမ်းအားကြီးလာမည်နည်း။
အကြီးအကဲလျိုက ကျန်နေသည့် မကောင်းဆိုးဝါးများအား ကြည့်ကာ ရင်ထိတ်မိနေတော့သည်။ ထိုအချိန်၌ မီးအိမ်အတွင်းမှ မီးလျှံသည်လည်း လှုပ်ရမ်းနေလေသည်။