ဘယ်သူမှကယ်တင်ရှင်မလုပ်နိုင်
Vol. 3 Ch. 284
ရော့ရှီလေးက မချိုမချဉ် ပြုံးလိုက်ပြီး အတွင်းခန်း အတွင်းသို့ အိပ်ရန် ဝင်သွား လေတော့သည်။ သူမ ရောက်ရှိနေသည့် ကျင့်စဉ်လမ်း အဆင့်ဖြင့်ဆိုလျှင် တစ်နာရီမျှ အိပ်ရုံလောက်ဖြင့် လုံလောက် လေသည်။
ကျင့်ကြံသူများသည် သာမန် လူများကဲ့သို့ များစွာ အိပ်လေ့မရှိကြပေ။ သူတို့ အသက်မရှည်ခဲ့လျှင် ကျင့်စဉ်လမ်း အတွက် အချိန် မကျန်သောကြောင့်ဖြစ်လေသည်။
ထိုအချိန်မှာပင်…. ကျော်ရှောင်ချင်း ရောက်လာလေသည်။
သူက ဆန်းလျန်ကို လက်နှစ်ဖက် ဆုပ် ဂါရဝပြုလိုက်ရင်း…
“ဂိုဏ်းတူ အစ်ကို ကျန်းဆွေကျယ်ဆီက စာရောက် လာပါတယ်၊ ဒီရက်ပိုင်းအတွင်း သူပြန်လာမယ်လို့ သိရပါတယ်”
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ် လိုက်ရင်း တစ်ချက် ပြုံးလိုက်သည်။
“ဒါက မင်းတို့ ဂိုဏ်းရဲ့ အတွင်းရေး ကိစ္စပါလေ၊ ကျုပ်ကို သတင်းပို့စရာ မလိုပါဘူး”
“သခင်လေး၊ ကျွန်တော်တို့ ဂိုဏ်းကို သခင်လေးက ပြန်တည်ထောင် ပေးခဲ့တာပါ၊ ကျွန်တော်တို့ ဂိုဏ်းတူ မောင်နှမတွေ အားလုံးက ဒီဂိုဏ်းကို သခင်လေး ပိုင်တယ်လို့ ဆုံးဖြတ် ထားကြပါတယ်”
ကျော်ရှောင်ချင်းက ပြန်ပြော လိုက်သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း….
“ချင်းကျန်းဂိုဏ်းကို ဟွမ်လုန်ကျီ တိုက်ခိုက်တော့ မင်းတို့ ဂိုဏ်းက လူတွေပဲ နှိမ်နင်း ခဲ့ကြတာပါ၊ ကျုပ်က ချင်းကျန်းဂိုဏ်းကို ပြန်တည်ထောင် ပေးတယ်ဆိုတာက မင်းက ချင်းရွှမ်အတွက် အလုပ် လုပ်ပေးခဲ့ဖူးတဲ့ အတွက် လုပ်ပေးရမယ့် တာဝန်ရှိတယ်လို့ ယူဆလို့ပါ၊ ဒီကိစ္စကို စိတ်ထဲ သိပ်မထားနဲ့နော်”
ကျော်ရှောင်ချင်းက ဆန်းလျန်ကို တည်ငြိမ်စွာဖြင့် စိုက်ကြည့် လိုက်သည်။
“ကျွန်တော်လည်း အဲဒီလို တွေးမိပါတယ်၊ ဒါပေမဲ့ သခင်လေးလိုမျိုး ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကျွန်တော်တို့ အပေါ် ကောင်းခဲ့တာ မရှိပါဘူး၊ ကျွန်တော့် ဆရာကလည်း မလုပ်သင့်တာ လုပ်သွားတယ်၊ ကျွန်တော် သူ့ကို ရှာတွေ့ရင် ချင်းကျန်း ဂိုဏ်းကို ပြန်ခေါ်လာမှာပါ”
ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“မင်း တကယ်ရင့်ကျက်လာပြီပဲ၊ မင်းရဲ့ အရည်အချင်းအရ ဆိုရင် ဒီနေရာမှာပဲ ဘဝကို မြှုပ်နှံမထားနဲ့၊ မင်းရဲ့အစ်ကို ကျန်းဆွေ ကျယ်ပြန်လာရင် မင်းခရီးလေး ဘာလေးထွက်ပြီး လောကကြီး အကြောင်း လေ့လာပါ၊ အခြားကျင့်စဉ် ပညာတွေကိုလည်း လေ့လာပါ၊ လူ့လောကမှာ ဒုက္ခရောက်နေတဲ့ သူတွေလည်း အများကြီးပါပဲ၊ မင်းသူတို့ကို ကုသိုလ်လေး ဘာလေးပြုပြီး ကူညီ ပေးလိုက်ပါဦး”
ကျော်ရှောင်ချင်းက မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်ရင်း…
“ဒါပေမဲ့ ကျွန်တော့်ဂိုဏ်းက ခုမှ ပြန်တည်ထောင် နေတုန်းလေ၊ ကျွန်တော်မရှိရင် သူတို့ ဘယ်လိုလုပ်မလဲ”
“တကယ်တမ်းမှာ ဘယ်သူမှ ကယ်တင်ရှင် မလုပ်နိုင်ပါဘူးကွာ၊ မင်းရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကို ယုံကြည်မှု ထားပါ။ မင်းရဲ့ အရည်အချင်းက သူတို့အားလုံးထက် သာတယ်၊ ကျင့်စဉ်လမ်း အတွေ့အကြုံလည်း များတယ်၊ ဒါပေမဲ့ မင်းမရှိဘဲနဲ့ သူတို့ မရပ်တည် နိုင်ဘူး ဆိုတာတော့ မဟုတ်ပါဘူး၊ ပြီးတော့ ခုလို မုန်တိုင်း ထန်တဲ့ အချိန်မှာ သူတို့ကိုယ်တိုင် မရင်ဆိုင်ရင် သူတို့ ဘယ်လိုလုပ် ရင့်ကျက် လာမှာတဲ့လဲ၊ မင်း သူတို့ကို ယုံကြည်မှု ထားလိုက်ပါကွာ”
ဆန်းလျန်က အလေးအနက် ပြောလိုက်လေသည်။
ကျာ်ရှောင်ချင်း တိတ်ဆိတ် နေလေသည်။
အဘယ်ကြောင့် ဆိုသော် မုန့်ရွှင်ကျန်း ပြောသော စကားများနှင့် ဆန်းလျန် ပြောသော စကားများမှာ ခြားနားနေသောကြောင့် ဖြစ်လေသည်။ မုန့်ရွှင်ကျန်းက သူ့ကို အတော်ဆုံး လူတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး ဂိုဏ်းတစ်ခုလုံးက ယုံကြည် အားထားသူ တစ်ယောက်ဖြစ်အောင် ကြိုးစားရမည်ဟု သင်ပြ ပေးထားလေသည်။
ဆန်းလျန်က သူ့ကို မကြိုးစားခိုင်းခြင်း မဟုတ်ပါ။ သို့သော် ဂိုဏ်းတူ ညီအစ်ကိုများကို ယုံကြည် စိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ်လည်း လွတ်လပ်မှု ရှာဖွေခိုင်းခြင်း ဖြစ်လေသည်။
"ဒါဖြင့် သခင်လေးကရော ချင်းရွှမ်က တခြား သူတွေကို အဲဒီလိုပဲ ယုံကြည်ခဲ့သလား"
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ကျော်ရှောင်ချင်းက မေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ခေါင်းညိတ် လိုက်ရင်း....
"ယုံကြည်တာပေါ့၊ ချင်းရွှမ်ဟာ သူတို့ကြောင့်ရော ကျုပ်ကြောင့်ရော စကြဝဠာ တစ်ခုလုံးမှာ အထူးခြားဆုံး နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာမှာပဲ၊ အဲဒီလိုပဲ ချင်းကျန်း ဂိုဏ်းဟာလည်း အတော်ဆုံး ဓားသိုင်း ကျင့်ကြံသူ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရမယ်၊ ဟွမ်လုန်ကျီနဲ့ ရင်ဆိုင်ရတုန်းက မင်းရခဲ့တဲ့ အတွေ့အကြုံက မင်းဘဝမှာ အရမ်းတန်ဖိုးရှိတဲ့ အတွေ့အကြုံ ဖြစ်လာလိမ့်မယ်၊ အစပိုင်းမှာ မင်းပင်ပန်း လိမ့်မယ်၊ နောက်ပိုင်း အဆင့်တွေ တက်လာတဲ့ အခါကျရင် ပိုတောင် ပင်ပန်းလာဦးမယ်၊ ဒါပေမဲ့ အကောင်း မြင်တတ်ဖို့တော့ လိုတယ်လေ၊ ကျင့်စဉ်လမ်းရဲ့ သဘောတရားကို မမေ့တဲ့သူဟာ နတ်ဘုရား တစ်ပါးဖြစ်လာဖို့ နီးစပ်တာပါပဲ"
နောက်ရက်များ မကြာမီတွင် ကျန်းဆွေကျယ် ပြန်ရောက် လာခဲ့လေသည်။
သူက ဟွမ်လုန်ကျီနှင့် တိုက်ပွဲတွင် ဒဏ်ရာရပြီး ကျင့်စဉ်လမ်း ထိခိုက်ကာ ဓားသိုင်း ကျင့်ကြံနိုင်ခြင်း မရှိတော့သည့် ချင်းကျန်း ဂိုဏ်းသားများကို အခြေတကျ နေထိုင်နိုင်ရန် လိုက်လံ စီစဉ်ပေးနေခြင်း ဖြစ်လေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်က သက်သေပြုပေးပြီး ကျန်းဆွေကျယ်သည် ချင်းကျန်း ဂိုဏ်း၏ ဂိုဏ်းချုပ် အသ စ်ဖြစ်လာခဲ့လေသည်။
နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိခဲ့သည့် ချင်းကျန်းဂိုဏ်းသည် စတင် တည်ထောင် ပြီးသည့် အချိန်မှစပြီး ပထမဆုံးအကြိမ် အခက်ခဲဆုံး အချိန်ကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်လေသည်။ ယခုတော့ ချင်းကျန်းဂိုဏ်းတွင် လူပေါင်း သုံးဆယ်ကျော်မျှသာ ကျန်တော့သည်။ ဂိုဏ်းသားတိုင်းသည် အတွေ့အကြုံ ကောင်းကောင်း ရခဲ့ပြီ ဖြစ်ပြီး ရင့်လည်း ရင့်ကျက် လာခဲ့ကြသည်။
ဆန်းလျန်က ချင်းကျန်း ဂိုဏ်းသားများကို ကျင့်စဉ် လမ်းအကြောင်း သင်ကြားပေးတိုင်း ဟိုင်သန်းအဆင့် တက်ရောက်နိုင်မှုကို အကျဉ်းချုံးပြီး ထည့်သွင်း ပြောကြားလေ့ ရှိလေသည်။ ဆန်းလျန်သည် ထိုအကြောင်းကို ထပ်ခါ ထပ်ခါ သင်ကြားပေးခဲ့လေသည်။
ထို့ပြင် ဆန်းလျန်က ဓားသိုင်းပညာ အကြောင်းကိုလည်း သင်ပြပေးလေသည်။ ဆန်းလျန်၏ ဓားသိုင်း သင်ပြပေးမှုသည် မုန့်ရွှင်ကျန်းထက် များစွာ သာလွန်လေသည်။ သူက နဂါးငွေ့တန်း ဓားသိုင်းနှင့် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားသိုင်း အဓိပ္ပာယ်များကို သင်ကြားပေးခဲ့လေသည်။
ဆန်းလျန်၏ ကိုယ်တွင်းမှ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကြောင့် သူ၏ ဓားသိုင်းပညာမှာ သာမန်ထက် ထူးခြားလျက် ရှိလေသည်။
ချင်းကျန်း ဂိုဏ်းသားများကို ဓားသိုင်းကျင့်စဉ် သင်ကြားပေးရင်းနှင့်ပင် ဆန်းလျန်က သူသင်ယူခဲ့သည့် ဓားသိုင်း ပညာများကို အစီအစဉ် တကျ ဖြစ်အောင် ပြန်လည် ပြုပြင်ခဲ့လေသည်။ ထို့နောက် ဓားသိုင်း ပညာများ အားလုံးကို တစ်ညီတည်း ဖြစ်အောင် ညှိယူခဲ့လေသည်။
သို့သော် သူ၏ ဓားသိုင်းမှာ ချန်ကျန့်မေကို မီနိုင်ရန်မှာတော့ အလှမ်း ဝေးလွန်း လှလေသည်။
ထို့ပြင် သူက ဓားသိုင်း ကျင့်ကြံသူ စစ်စစ် မဟုတ်သည့်အတွက် သူ၏ဓားသိုင်းသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ထက် မပိုပေ။ ထို့ကြောင့် သူက ဘိုးဘေးများ၏ ဓားသိုင်းပညာမှ မူခွဲထွက်ခြင်းကို သိပ်ပြီး အလေးမထားပေ။
ထို့နောက် ဆန်းလျန်သည် ချင်းကျန်းဂိုဏ်း၏ နတ်ဘုရား တစ်ပါးဖြစ်သည့် ဆွေလင်ကျိ၏ ဗိမာန်ကိုလည်း သွားရောက် ဂါရဝ ပြုခဲ့လေသည်။ နတ်ဘုရား ဆွေလင်ကျိ၏ ဗိမာန်မှာ သာမန်မြက်တဲလေး တစ်ခုသာ ဖြစ်လေသည်။ နှစ်ပေါင်း များစွာ ကြာခဲ့ပြီးသည့်နောက် မြက်တဲလေး နံဘေးရှိတောင် နံရံတွင် ရေးထိုးထားသည့် ဆွေလင်ကျိဟူသည့် အမည်ပင်လျှင် မှုန်ဝါးစွာသာ ရှိနေတော့သည်။
ဆွေလင်ကျိသည် ကျင့်စဉ်လမ်းတွင် အစစ်ဆေးခံခဲ့ရပြီး စကြဝဠာ အတွင်းမှ သဲလွန်စပင် မကျန်ဘဲ ပျောက်ကွယ် သွားခဲ့ရလေသည်။ ဆွေလင်ကျီ၏ ဓားသိုင်းကို ဆက်ခံသူများက သုံးဆယ် ရာခိုင်နှုန်း ကျော်ကျော်ခန့်သာ ဆက်ခံ နိုင်ခဲ့ကြလေသည်။
ထိုအချက်မှာ လောက နတ်ဘုရား များစွာ ရင်ဆိုင်ရသည့် အချက်ပင် ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါးမှာပင်လျှင် လောက နတ်ဘုရား အပါးလေးဆယ် ရှိသည့်တိုင် ထိုအပါး လေးဆယ်လုံး၏ ကျင့်စဉ် အစစ်အမှန်ကို ဆက်ခံနိုင်သည့် တပည့်မှာ များစွာ နည်းပါးလေသည်။
အချိန်၏ အကြင်နာ တရားကင်းမဲ့စွာ တိုက်စားမှုများကို ဆန်းလျန် သံဝေဂ ရနေမိသည်။
အချိန် ကြာလာသည်နှင့်အမျှ တန်ခိုးစွမ်းအား မြင့်မားသည်ဟု မှတ်ကျောက် တင်ခဲ့သည့် အရာများမှာလည်း မေ့ပျောက် ခံသွားကြရသည် ချည်းပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မျိုးဆက်သစ်များက နေရာယူလာပြီး လောကပထမ ထိပ်တန်း ပညာရှင်များ အဖြစ် လူသိ များလာခဲ့ကြ ရပြန်လေသည်။
ရော့ရှီလေးသည် ထိုက်စု နတ်ဘုရား ဂိုဏ်းတွင် ပညာ သင်ကြားခဲ့ရသည့် အတွက် စိတ်ပိုင်းဆိုင်ရာ များစွာ တိုးတက်ခြင်းမရှိသည့်တိုင် ကျင့်စဉ်လမ်းကတော့ အလွန်မှ တိုးတက် လေသည်။ သို့သော် သူမက ဆန်းလျန်နှင့် အတူ ရှိသည့် နောက်ပိုင်းတွင်တော့ သူမ၏ စိတ်ပိုင်း ဆိုင်ရာများလည်း အများကြီး တိုးတက် လာခဲ့လေသည်။ ထို့အတူ သူမ၏ ကျင့်စဉ် လမ်းမှာလည်း အလျင်အမြန် တိုးတက်လျက် ရှိလေသည်။
တစ်ခါတစ်လေ သူမ၏ စကားများမှာ သူမသာ ဟိုင်သန်း အဆင့်သာ အောင်မြင်ပြီးလျှင် လောကကို ကိုင်လှုပ်မည့် အလားပင် ဖြစ်လေသည်။
ထိုသို့ ဖြစ်ရသည်မှာ ယွမ်ကျွင်း ဧကရီ လူပြန်ဝင်စားခြင်း ဖြစ်၍လား၊ နှလုံးသား စည်းချက် ကျင့်စဉ်ကို လေ့ကျင့်ပြီး ထျန်းမုန့် နတ်သမီး၏ အသိဉာဏ် များက သူမ ကိုယ်တွင်း၌ စိမ့်ဝင်နေသာကြောင့်လား ဆန်းလျန် ဝေခွဲ၍မရပေ။
နောက်ဆုံးတော့ ဆန်းလျန်သည် ချင်းရွှမ် တောင်ပေါ်သို့ ပြန်ခဲ့လေတော့သည်။
မြင့်မားသည့် ကောင်းကင်ထက်တွင် တိမ်ဖြူဖြူတို့ ရစ်သိုင်းလျက် ချင်းရွှမ် နတ်ဘုရားတောင်သည် လွန်စွာမှ ခမ်းနား လွန်းလေသည်။
ဆန်းလျန်သည် ရော့ရှီလေး၏ လက်ကိုဆွဲကာ ချင်းရွှမ် တောင်ခြေရှိ နယ်ခယ်မြို့လေးသို့ ရောက်လာခဲ့လေသည်။
ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်ပြီး အလွန်ဂုဏ်ကြီးသူ တစ်ယောက် ဖြစ်သည့် အကြောင်းကို နန်ခယ်မြို့လေးတွင် သိသူ သိပ်မရှိကြပေ။ သိရှိသူများကလည်း ရောက်ရှိလာသည့် လူငယ်မှာ ဆန်းလျန် ဟုတ် မဟုတ်ကို မမှတ်မိကြပေ။
လူသားများသည် ကျင့်ကြံသူများနှင့် မည်မျှပင် နီးစပ်ပါစေ လမ်းမတူသည့် အတွက် ကမ္ဘာခြား နေသကဲ့သို့ပင် ဖြစ်ရလေသည်။
ချင်းရွှမ်နတ်တံခါးက ခွဲခြားထားခြင်း မရှိသည့်တိုင် အလိုလိုပင် ကွဲပြား သွားရလေသည်။
ဆန်းလျန်က ယန့်ပုကွေးတည်းခိုရိပ်သာသို့ရောက်ရှိလာလေသည်။
သူက ရော့ရှီလေး၏ လက်ကိုဆွဲကာ တည်းခိုရိပ်သာ အတွင်းသို့ ဝင်သွား လိုက်လေသည်။ စားသောက် ဆိုင်ထဲတွင် အရက်နှင့် အသားများကို အားပါးတရ စားသောက် နေကြသည့် တာအို ကျင့်ကြံသူ နှစ်ယောက် ရှိနေလေသည်။
"မင်းတို့ကြည့်ရတာ တော်တော် ဟုတ်နေကြတာပဲ"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်သည်။
ဆန်းလျန်က တာအိုကျင့်ကြံသူ နှစ်ယောက်ကို တိတ်တဆိတ် ကြည့်နေရင်း ရုတ်တရက် ပြောလိုက်ခြင်း ဖြစ်လေသည်။
ရုတ်တရက် ထွက်ပေါ်လာသည့် ဆန်းလျန်၏ စကားသံကြောင့် ကျင့်ကြံသူ နှစ်ယောက်မှာ ဝိညာဉ် လွင့်မတတ် ထိတ်လန့် သွားကြရလေသည်။
သူတို့က ဆန်းလျန်ဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး ဦးညွတ် အရိုအသေ ပေးလိုက်ကြရင်း…
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ရပါပြီ၊ ဒါနဲ့ မင်းတို့က ဘယ်လိုလုပ် တောင်ခြေကို ရောက်နေကြတာလဲ"
ထိုတာအို ဆရာနှစ်ယောက်မှာ ချင်းရွှမ်နတ်တံခါးမှ စိုကျင့်နှင့် စိုရွှမ်တို့ ဖြစ်ကြလေသည်။ သူတို့၏ လက်နှင့် ခြေထောက်များကို ကျော်ရှောင်ချင်းက ဖြတ်ပစ်လိုက်သည့် အတွက် ရှန်းစန်း ပြဒါးဆေးဖြင့် ဆန်းလျန်က ကုသ ပေးထားရသူများ ဖြစ်လေသည်။
"တိတ်ဆိတ်ခြင်း" ဟု အဓိပ္ပာယ်ရသည့် အမည်ကို ပိုင်ဆိုင်သူ စိုကျင့်ကပင် တိတ်ဆိတ် မနေနိုင်ဘဲ ဆန်းလျန်၏ အမေးကို ဖြေလိုက်လေသည်။
"ဂိုဏ်းချုပ် ကျန်းမာပါစ၊ ဂိုဏ်းတူအစ်ကို စိုရွှမ်နဲ့ ကျွန်တော်နဲ့ ရေလမ်း ခရီးထွက်ပြီး ရွှေစင် သံမဏိပန်းကို ရှာဖွေမလို့ပါ၊ အဖိုးတန်ဓား သွန်းလုပ်မလို့လေ၊ ပြီးတော့ ဆရာဦးလေး ယန့်ပုကွေးကိုလည်း ရှင်သန်စေခြင်း ကျောင်းတော်မှာ ဝင်တွေ့ရင်းနဲ့ သူကြိုက်တဲ့ အရက် လက်ဆောင်ပေးမလို့ ဒီမှာ ဝင်ဝယ်နေကြတာပါ"
ဟု ပြောလိုက် လေတော့သည်။
***