အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အပိုင်း (၄၅၁) လျစ်လျူရှုခံရခြင်း (၂)
လုမင်ယွိသည် ဖြုန်းတီးခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် အိမ်ရှေ့စံနန်းဆောင်၏ ညစာသည် ရှုပ်ထွေးခြင်းမရှိဘဲ ဟင်းပွဲ ၈ မျိုး၊ ဟင်းရည် ၁ ခွက်နှင့် အခြား မုန့်ပဲသရေစာအနည်းငယ်သာ ပါဝင်လေသည်။ ချောင်မိဖုရားခေါင်သည် တစ်စုံတစ်ယောက်ကို စိတ်ကောက်နေသကဲ့သို့ ပုံမှန်ထက် ပိုစားနေခဲ့၏။
လီကျင့်က ရယ်ရခက်ငိုရခက်ဖြစ်ကာ ပြောလိုက်လေသည်။ "ညစာကို အရမ်းအများကြီး မစားသင့်ဘူးလေ။ မူဟုပ်က ကျန်းမာရေးကို အလိုက်စားဆုံး မဟုတ်လား။ ဒီညတော့ စားတာ များလွန်းနေပြီ"
ချောင်မိဖုရားခေါင်သည် စိတ်ကောက်ပြီး အများကြီးစားလိုက်မိသဖြင့် အမှန်တကယ်ပင် ရင်ပြည့်နေပြီး နောက်ဆုံးတွင် တူကို ချလိုက်တော့သည်။
ညစာစားပြီးနောက် ချောင်မိဖုရားခေါင် ပြန်သွားပြီး ကလေးများက ရေချိုးရန် ထွက်သွားကြသည်။
လုမင်ယွိနှင့် လီကျင့်တို့သည် နောက်ဆုံးတွင် နှစ်ယောက်တည်းနေရန် အချိန်ရသွားကြတော့သည်။
လီကျင့်သည် ရင်ထဲတွင် အောင့်ထားရသော ဒေါသများကို ထိုအချိန်ကျမှ ထုတ်ဖော်ပြောဆိုလိုက်လေသည်။ "ဖုဟွမ်က တော်ဝင်သင်္ချိုင်းဂူကို ပြုပြင်ချင်နေတယ်။ အဲဒီတာဝန်ကို ကို့ကို ပေးလိုက်တယ်"
လုမင်ယွိ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး လီကျင့်ကို ကြည့်လိုက်သည်။ "ဖုဟွမ်က ရှင့်ကို အချိန်ကာလတစ်ခုလောက် လျစ်လျူရှုထားတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ။ ရှင် စိတ်ကို တည်ငြိမ်အောင်ထားပါ။ မကျေနပ်တဲ့ပုံစံ ထုတ်မပြမိစေနဲ့"
လီကျင့်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "စိတ်ချပါ။ ကိုက မင်းရှေ့မှာပဲ ပြောတာပါ။ စောစောက မူဟုပ် ရှိနေတုန်းကဆို ကို ထုတ်တောင် မပြောခဲ့ပါဘူး။ မူဟုပ် ဒေါသထွက်ပြီး ဒီည အိပ်မပျော်ဘဲ နေမှာစိုးလို့"
လုမင်ယွိသည်လည်း အနည်းငယ် သက်ပြင်းချလိုက်မိသည်။
ယခင်ဘဝတုန်းက ယုံးကျားဧကရာဇ်က ချစ်ရတဲ့သားတွေ ဆက်တိုက် သေဆုံးသွားလို့ စိတ်ထိခိုက်ပြီး စစ်မြေပြင်မှာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ မြို့တော်ပြန်ရောက်တော့ ဖျားနာပြီး မကြာခင် နတ်ရွာစံသွားခဲ့တာ။ လီဟောက်က တစ်နှစ်လောက် အိမ်ရှေ့စံလုပ်ပြီး မကြာခင်ပဲ နန်းတက်သွားခဲ့တယ်။
ဒီဘဝမှာတော့ အရာအားလုံးက ကွဲပြားသွားပြီ။ ပထမမင်းသားက ခြေထောက်တစ်ဖက်ပဲ ကျိုးသွားတယ်။ လီကျင့်ကလည်း ဘေးကင်းတယ်။ ယုံးကျားဧကရာဇ်ကလည်း ကျန်းမာနေတုန်းပဲ။ အခြေအနေကြည့်ရတာ နောက်ထပ် ၁၀ နှစ် ၂၀ လောက် အသက်ရှင်ဦးမယ့်ပုံပဲ။
ဒီလိုဆိုရင်တော့ လီကျင့်က အိမ်ရှေ့စံအနေနဲ့ ခေါင်းငုံ့ပြီး အမြီးကုပ်နေမှ ရမှာ။
ဘုရင်က ကျန်းမာသန်စွမ်းနေတုန်းဆိုတော့ အိမ်ရှေ့စံလုပ်ရတာ မလွယ်ကူလှဘူး။
လုမင်ယွိက လေသံတိုးတိုးဖြင့် နှစ်သိမ့်ပြောကြားလိုက်လေသည်။ "ဖုဟွမ်က ရှင့်ကို တော်ဝင်သင်္ချိုင်းဂူ ပြုပြင်ခိုင်းရင်လည်း တာဝန်ယူလိုက်ပြီး ဖြည်းဖြည်းချင်း ပြင်လိုက်ပေါ့။ လူငယ်ပဲလေ။ တာဝန်က ပင်ပန်းရင်လည်း ခံနိုင်ရည် ရှိမှာပါ"
လီကျင့်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ဒီအကြောင်းတွေ မပြောတော့ပါဘူး။ မနက်ဖြန်ကျရင် ကိုတို့လင်မယား နန်းတော်ထဲကထွက်ပြီး လုအိမ်တော်ကို သွားလည်ကြမယ်။ ကိုလည်း ယွဲ့ဖုနဲ့ ယောက်ဖတွေနဲ့ အတူတူ သောက်စားစကားမပြောဖြစ်တာ ကြာပြီ"
လုမင်ယွိသည်လည်း ဖခင်ရင်းနှင့် အစ်ကိုများကို သတိရနေသဖြင့် ပြုံးကာ သဘောတူလိုက်လေသည်။
...
နောက်တစ်နေ့ မနက်စောစောတွင် လီကျင့်နှင့် လုမင်ယွိတို့သည် ကလေးများကို ခေါ်ဆောင်လျက် နန်းတော်မှထွက်ခွာကာ ယောက္ခမအိမ်သို့ သွားရောက်ကြသည်။
ချောင်မိဖုရားခေါင်သည် တားဆီးခြင်းမရှိသည့်အပြင် လက်ဆောင်ပစ္စည်းများကိုပါ အထူးတလည် ပြင်ဆင်ပေးပြီး လုမင်ယွိကို ယူဆောင်သွားခိုင်းလိုက်သည်။
လုလင်းဟူသော ဤယွဲ့ဖုသည် လီကျင့်အပေါ် ကောင်းမွန်သည်မှာ ပြောစရာပင် မလိုပေ။ လီကျင့်သည် ယောက္ခမအိမ်တော်၏ အကူအညီ ရရှိထားသဖြင့် အိမ်ရှေ့စံနေရာသည် တောင်ကြီးကဲ့သို့ ခိုင်ခံ့မြဲမြံနေသည်။
သို့သော် ချောင်မိဖုရားခေါင်၏ စိတ်ပျော်ရွှင်မှုသည် ကြာကြာမခံလိုက်ပေ။
မကြာမီ မျက်နှာတွင် သွေးရောင်လွှမ်းကာ ကြည့်ကောင်းနေသော မုန့်ဖေးသည် ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် ရောက်ရှိလာခဲ့သည်။ မုန့်ဖေးသည် ခြောက်သွေ့နေသော ပန်းတစ်ပွင့်ကို ရေအဝလောင်းပေးလိုက်သကဲ့သို့ မျက်လုံးထောင့်များတွင်ပင် အရောင်တောက်နေသည်။
"ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်" မုန့်ဖေးသည် အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ရင်း ဂါရဝပြုလိုက်ရာ မျက်နှာပေါ်မှ အပြုံးသည် အလွန်အမင်း စူးရှနေသည်။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ထပါ။ နေရာချပေးလိုက်"
မုန့်ဖေးသည် ထိုင်လိုက်ပြီးနောက် ဟန်ဆောင်ပန်ဆောင်ဖြင့် အပြစ်ကို တောင်းပန်လေသည်။ "ချန်ချဲ့က မနက်စောစော အရှင်မင်းကြီး အဝတ်အစားလဲတာကို ပြုစုပေးနေရလို့ ဒီနေ့ ဂါရဝပြုဖို့ နောက်ကျသွားပါတယ်။ ဟွမ်ဟုပ်ညန်ညန် စိတ်မရှိပါနဲ့နော်"
ချောင်မိဖုရားခေါင်သည် စိတ်ထဲက မကျေနပ်မှုကို သည်းခံပြီး ပြောလိုက်လေသည်။ "အရှင်မင်းကြီးကို ပြုစုဖို့က အရေးကြီးပါတယ်။ ပန်ကုံးကို ဂါရဝပြုတာ နောက်ကျတာ စောတာက ကိစ္စမရှိပါဘူး"
ဘေးတွင် ထိုင်နေသော ချင်ဖေးသည်လည်း မသက်မသာ ခံစားနေရသည်။
အားလုံးက ၂ နှစ်ကျော်ကြာ မိုးခေါင်ရေရှား ဖြစ်နေသော မြေကွက်လပ်များ ဖြစ်ကြသည်။ ယုံးကျားဧကရာဇ်က ယန်ရှီနန်းဆောင်သို့ ဦးစွာ သွားရောက်ခဲ့သဖြင့် တခြားသူများမှာ မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။
ချင်ဖေးသည် "တစ်ယောက်တည်း ခံစားရတာထက်စာရင် အားလုံး စိတ်အနှောင့်အယှက် ဖြစ်တာက ပိုကောင်းတယ်" ဟူသော သဘောထားဖြင့် ဝမ်ကျဲယွီကို တမင်တကာ ကြည့်လိုက်သည်။ "အရှင်မင်းကြီးက မြို့တော်ကို ပြန်ရောက်တာနဲ့ ပထမဆုံး သွားတာက ယန်ရှီနန်းဆောင်ပဲ။ ကြည့်ရတာ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ သဘောအကျဆုံးက မုန့်ဖေးပဲ ဖြစ်မယ်"
ဝမ်ကျဲယွီသည် ချင်ဖေး၏ စကားထဲက အဓိပ္ပာယ်ကို နားမလည်သကဲ့သို့ ငြိမ်သက်စွာ ထိုင်နေပြီး နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု စွန်းထင်းနေလေ၏။
မုန့်ဖေးသည် စုပြုံနေသော စိတ်အနှောင့်အယှက်များကို မှုတ်ထုတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ရည်ရွယ်ချက်ရှိရှိ တစ်ချက် လှမ်းကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။ "ချင်ဖေးကလည်း လျှောက်မပြောပါနဲ့။ ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် 'တောက်' တစ်ချက် ခေါက်လိုက်သော်လည်း မျက်နှာပေါ်တွင်တော့ ကျက်သရေရှိစွာ ပြုံးနေလေသည်။ "ပန်ကုံးက အဘွားအရွယ် ရောက်နေပါပြီ။ အသက်ကြီးပြီး အလှအပတွေ လျော့ပါးနေပြီမို့ အရှင်မင်းကြီးကို ပြုစုဖို့ မျက်နှာမရှိပါဘူး။ နန်းတော်ထဲမှာ ဒီလောက် ငယ်ရွယ်လှပတဲ့ ကြင်ရာတော်တွေ ရှိနေတာပဲ။ အရှင်မင်းကြီးက ဘယ်သူ့ကို သဘောကျပြီး ဘယ်သူ့ကို ပိုချစ်မြတ်နိုးပါစေ ပန်ကုံးက ဝမ်းသာပါတယ်"
ထို့နောက်တွင် မုန့်ဖေးကို ဆုချီးမြှင့်ရန် အမိန့်ပေးလိုက်သည်။
ချိုင်လန်သည် အရည်အသွေးကောင်းသော ပိုးထည်အချို့ကို ကိုင်ဆောင်ကာ မုန့်ဖေး၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။ မုန့်ဖေး၏ လှပသော မျက်နှာသည် တစ်ခဏမျှ ရှုံ့မဲ့သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြုံးရွှင်စွာ ကျေးဇူးတင်စကားဆို၍ ဆုလာဘ်ကို လက်ခံလိုက်သည်။
ချောင်မိဖုရားခေါင်သည် မုန့်ဖေးကို ဂရုမစိုက်တော့ဘဲ ဝမ်ကျဲယွီကို ပြုံးကာ ပြောလိုက်လေသည်။ "မင်း ဒီနေ့ ဘာလို့ မင်းသမီးလေးကို ခေါ်မလာတာလဲ။ ပန်ကုံးက တစ်ရက်လောက် မတွေ့ရရင်ကို စိတ်ထဲမှာ လွမ်းနေတာ"
ဝမ်ကျဲယွီက နူးညံ့စွာ ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ မင်းသမီးလေးက မနေ့ညက အိပ်ရာဝင် နောက်ကျပါတယ်။ ဒီမနက် ချန်ချဲ့ ဂါရဝပြုဖို့ လာတဲ့အချိန်ထိ မင်းသမီးလေးက မနိုးသေးပါဘူး။ ဒါကြောင့် ချန်ချဲ့က မင်းသမီးလေးကို ပိုပြီး အိပ်ပါစေတော့ဆိုပြီး လွှတ်ထားလိုက်တာပါ"
ချောင်မိဖုရားခေါင်က ပြုံးလိုက်သည်။ "ကလေးက ငယ်သေးတာပဲ။ ခန္ဓာကိုယ် ကြီးထွားမယ့်အရွယ်လေ။ များများ အိပ်သင့်တာပေါ့။ နိုးလာမှပဲ နို့ထိန်းမေမေကို ပွေ့ချီလာခိုင်းလိုက်ပါ"
ဝမ်ကျဲယွီက အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
မုန့်ဖေးက ဝမ်ကျဲယွီကို တစ်ချက် စွေကြည့်လိုက်ပြီး စိတ်ထဲတွင် မကျေမနပ် နှာခေါင်းရှုံ့လိုက်လေသည်။
အရှင်မင်းကြီးက အသစ်တွေ့မှ အဟောင်းမေ့တတ်တဲ့လူ မဟုတ်ပါဘူး။ အသစ်ကို ချစ်ရင်တောင် ငါ့အပေါ်မှာလည်း သံယောဇဉ် နက်ရှိုင်းတုန်းပဲ။ နန်းတော်ပြန်ရောက်တာနဲ့ ပထမဆုံး ယန်ရှီနန်းဆောင်မှာ ညအိပ်တာက သက်သေပဲလေ။
...
လုအိမ်တော်ထဲတွင်တော့ ကွဲကွာနေရသူများ ပြန်လည်ဆုံစည်းကြသည့် ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"အဖေ" လုမင်ယွိသည် လုလင်းကို မြင်လိုက်ရသည့် ခဏတွင် မျက်ဝန်းများ နီရဲလာပြီး အသံများ တုန်ခါသွားသည်။
ဒီဘဝမှာတော့ အဖေက မြို့တော်ကို ဘေးကင်းစွာ ပြန်ရောက်လာနိုင်ခဲ့ပြီ။
လုလင်းသည် သမီးဖြစ်သူကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားပြီး ရယ်မောကာ ကျီစယ်လိုက်လေသည်။ "သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံမိဖုရားက ရဲရင့်ပြတ်သားပြီး ပြိုင်ဘက်ကင်းပါပေတယ်။ ညဘက် စစ်တပ်ကို ဝင်စီးပြီး ယန်စစ်တပ်ရဲ့ စစ်သူကြီးကို လုပ်ကြံခဲ့တာလေ။ ဂုဏ်သတင်းကျော်ကြားမှုက သာ့ဝေတိုင်းပြည်က စစ်သူကြီးတွေကိုတောင် ကျော်လွန်သွားပြီ။ အခုလို နှာခေါင်းရှုံ့ပြီး ငိုနေတဲ့ပုံစံကို တခြားလူတွေ မမြင်စေနဲ့ဦး"
ရင်းနှီးကျွမ်းဝင်သော အစနောက်များ၊ ရင်းနှီးကျွမ်းဝင်သော ချစ်ခင်ကြင်နာမှုများပင်။
လုမင်ယွိသည် နှာခေါင်းကို ရှုံ့လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်များကို မျိုသိပ်လိုက်ကာ "မတွေ့ရတာ ၂ နှစ်ကျော်ပြီ။ ဒီနေ့မှပဲ အဖေနဲ့ ပြန်တွေ့ရတာ။ သမီးက သမီးတစ်ယောက်အနေနဲ့ ငိုတာ ဘာဖြစ်လဲ"
လုလင်းက လက်မြှောက်ပြီး အရှုံးပေးလိုက်သည်။ "အဖေ ပြောတာ မှားသွားပါတယ်။ သမီး ငိုချင်ရင် ငိုပါ။ ဘယ်သူ မြင်မြင် သမီးကို လာပြီး လှောင်ပြောင်ရဲမှာ မဟုတ်ပါဘူး"
လုမင်ယွိသည် သဘောကျပြီး ရယ်မောလိုက်မိသည်။
လုလင်း၏ စိတ်ထဲတွင်တော့ အနည်းငယ် နှမြောတသ ဖြစ်မိသည်။ ယခင်တုန်းကလိုဆိုလျှင် သားအဖ ပြန်လည်ဆုံတွေ့ချိန်တွင် သူက သမီးကို ပွေ့ဖက်ထားမိလိမ့်မည်။ ယခုတော့ သမီးက အရွယ်ရောက်ပြီး အိမ်ထောင်ကျသွားပြီ ဖြစ်သဖြင့် ထိုကဲ့သို့ ရင်းနှီးမှုမျိုး မလုပ်သင့်တော့ပေ။
တော်သေးသည်က ပွေ့ဖက်စရာ မြေးနှစ်ယောက် ရှိနေသေးခြင်းပင်။
လုလင်းသည် ကိုယ်ကို ကိုင်းလိုက်ပြီး ရွှီအာနှင့် ရွှမ်းအာတို့ကို ပွေ့ချီလိုက်ကာ သွားများ ပေါ်သည့်အထိ ပြုံးလိုက်လေသည်။ "ရွှီအာ၊ ရွှမ်းအာ၊ အဘိုးကို မှတ်မိသေးလား"
လုအိမ်တော်သို့ လာရာလမ်းတွင် မောင်နှမနှစ်ယောက်စလုံးကို မိခင်ဖြစ်သူက သင်ကြားပေးထားပြီးသား ဖြစ်သဖြင့် ပြိုင်တူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "အဘိုး!"
လုလင်းသည် ပျော်လွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ဘဲ အေး၊ အေး၊ အေး ဟု တဖွဖွ ထူးနေလေသည်။
လူတိုင်းလည်း သဘောကျပြီး ပြုံးရွှင်သွားကြသည်။
ရွှီအာသည် ရွှမ်းအာထက် သိသိသာသာ ပိန်နေသော်လည်း စိတ်ဓာတ်တက်ကြွနေပြီး မျက်နှာလေးမှာ အလွန် ချောမောလေသည်။ ရွှမ်းအာကတော့ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေးဖြင့် နှစ်သစ်ကူးပန်းချီကားထဲက ကလေးဝဝကစ်ကစ်လေးလိုပင် အလွန် ချစ်စရာကောင်းနေသည်။
လုလင်းသည် မြေးနှစ်ယောက်ကို ကြည့်ရင်း အသည်းယားလွန်းသဖြင့် မနေနိုင်တော့ဘဲ ရွှီအာ၏ မျက်နှာလေးကို နမ်းလိုက်ပြီး ရွှမ်းအာကိုလည်း နမ်းလိုက်လေသည်။
သူသည် မနေ့ကမှ မုတ်ဆိတ်ရိတ်ထားသဖြင့် ၂ နှစ်ကျော်ကြာ ထားရှိခဲ့သော မုတ်ဆိတ်မွှေးများ ပြောင်စင်ကာ မေးစေ့မှာ ပြောင်လက်နေပြီး စူးရှခြင်း အလျဉ်းမရှိပေ။
"အဘိုး၊ သမီး ဥယျာဉ်ထဲမှာ သွားဆော့ချင်တယ်" ရွှမ်းအာက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ရွှီအာကလည်း ချက်ချင်း ထောက်ခံလေသည်။ "သားလည်း သွားချင်တယ်"
လုလင်းသည် ကလေးနှစ်ယောက်ကို ပွေ့ဖက်ထားပြီး လက်မလွှတ်ချင်တော့သဖြင့် ချက်ချင်း ပြောလိုက်တော့သည်။ "မင်းတို့ပဲ စကားပြောနေလိုက်ကြတော့။ ငါတော့ မြေးတွေကို ခေါ်ပြီး ခဏလောက် သွားဆော့ပေးလိုက်ဦးမယ်"
...
အပိုင်း (၄၅၂) ပျော်ရွှင်စွာ ဆုံစည်းခြင်း (၁)
ပြောပြီးသည်နှင့် လက်တစ်ဖက်လျှင် ကလေးတစ်ယောက်စီ ပွေ့ချီကာ ထွက်သွားရန် ပြင်လိုက်သည်။
ကျွမ်းအာသည် ချက်ချင်း ပြေးထွက်လာပြီး အဘိုး၏ ခြေထောက်ကို ဖက်ကာ ပြောလိုက်လေသည်။ "အဘိုး၊ သားလည်း လိုက်ဆော့ချင်တယ်"
၂ နှစ်ကျော်အရွယ် ကျွမ်းအာသည် နာမည်နှင့်လိုက်ဖက်စွာ ရွယ်တူကလေးများထက် ပိုမို ထွားကျိုင်းသန်မာပြီး အားအင်လည်း မသေးလှပေ။
မကြာမီ ကျန်းသာ့ပေါင်၊ ကျန်းရှောင်းပေါင် ညီအစ်ကိုနှင့် ဝမ်အာတို့လည်း ဝိုင်းအုံလာကြပြီး "အဘိုး၊ သားလည်း လိုက်မယ်" ဟု အော်ဟစ်နေကြသည်။
၈ နှစ်အရွယ် ကျန်းသာ့ပေါင်သည် လူပျိုပေါက်ပုံစံ ပေါက်နေပြီ ဖြစ်သည်။ ကျန်းရှောင်ပေါင်သည်လည်း အရပ်ရှည်လာပြီး ဆော့ကစားရန် ဝါသနာပါကာ တစ်ခဏလေးမျှ ငြိမ်ငြိမ်မနေနိုင်ပေ။ ဝမ်အာကတော့ မျက်နှာသွင်ပြင် သိမ်မွေ့ကျက်သရေရှိသည်။
ကလေးတစ်သိုက် ဝိုင်းအုံနေသော်လည်း လုလင်းသည် စိတ်မရှည်သည့်ပုံစံ လုံးဝမပြဘဲ ရယ်မောကာ ပြောလိုက်လေသည်။ "ကောင်းပြီ၊ ကောင်းပြီ။ အကုန်လုံး အတူတူ သွားကြမယ်"
ထို့နောက်တွင် ကလေးတစ်သိုက်ကို ဦးဆောင်ကာ ဆော့ကစားရန် ထွက်သွားလေသည်။
ယခုအချိန်တွင် လုလင်းသည် ကလေးအလိုလိုက်တတ်သော လူကြီးတစ်ယောက်နှင့် တူနေတော့သည်။
လီကျင့်က ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "ယွဲ့ဖုက ကလေးတွေကို အရမ်း အလိုလိုက်လွန်းတယ်"
လုမင်ယွိက ပြုံးလိုက်လေသည်။ "အဖေက အမြဲတမ်း ဒီလိုပဲ။ ကျွန်မ ငယ်ငယ်တုန်းကဆို ဘာလိုချင်ချင် ပေးတယ်။ ဘာလုပ်ချင်ချင် လုပ်ခွင့်ပေးတယ်"
"ဒါကြောင့်လည်း စစ်မေ့က အခုလို စိတ်ကြီးဝင်နေတာပေါ့" လုဖေးက နောက်ပြောင်ကာ ဝင်ပြောလိုက်သည်။
ထိုစဉ်က လုဖေးနှင့် လီကျင့်တို့ အတူတူ ဒဏ်ရာရခဲ့ကြသည်။ လီကျင့်၏ ဒဏ်ရာမှာ ပြင်းထန်ပြီး ဝက်နှစ်ဝက်ကျော် ကုသခဲ့ရသည်။ လုဖေး၏ ဒဏ်ရာမှာမူ သက်သာပြီး တစ်လကျော်အတွင်း ပြန်လည်သက်သာလာကာ စစ်ပွဲသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ ချူနိုင်ငံကို တိုက်ခိုက်သော စစ်ပွဲတွင် စစ်မှုထမ်းအကျိုးဆောင်မှု အများအပြား ရရှိခဲ့သည်။
၂ နှစ်ကျော် မတွေ့ရသော်လည်း မောင်နှမနှစ်ယောက် ဆုံတွေ့သည့်အခါ စိမ်းကားမှု လုံးဝမရှိပေ။
လုမင်ယွိသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး တဝက်နောက်ပြောင် တဝက်ခြိမ်းခြောက်သည့် ပုံစံဖြင့် မေးလိုက်လေသည်။ "ငါက ဘယ်လို စိတ်ကြီးဝင်တာလဲ။ အာ့ကော သေသေချာချာ ပြောပြပါဦး"
လုဖေးက မေးစေ့ကို ပွတ်သပ်ရင်း ခဏလောက် အလေးအနက် စဉ်းစားလိုက်သည်။ "ဗိုလ်ကျချင်တဲ့ စိတ်ရှိတယ်။ ကိုယ်ကြိုက်တဲ့ပစ္စည်းဆိုရင် ကိုယ်ပိုင်မှ ကျေနပ်တယ်။ တခြားလူ ကြည့်တာတောင် မခံနိုင်ဘူး။ စိတ်မြန်လက်မြန်ရှိတယ်။ ကိုယ့်စကား နားမထောင်တဲ့သူဆိုရင် ရိုက်နှက်တတ်တယ်။ ဒါကလွဲရင်တော့ ဘာမှ မရှိပါဘူး"
လုမင်ဖန်းနှင့် အခြားသူများက တခစ်ခစ် ရယ်မောနေကြသည်။
လုမင်ယွိသည် မျက်နှာအမူအရာ မပြောင်းဘဲ အင်္ကျီလက်စကို ဖြည်းဖြည်းချင်း ခေါက်တင်လိုက်ရာ ခြိမ်းခြောက်မှု အပြည့်ပင်။
လုဖေးက ချက်ချင်း လက်မြှောက်ကာ တောင်းပန်လိုက်လေသည်။ "ထိုက်ဇီဖေးက ယန်ထော်ကို ဓားနဲ့ခုတ်ပြီး နာမည်ကျော်ကြားခဲ့တာပဲလေ။ ဒီစစ်သည်က အရှုံးပေးပါတယ်။ ထိုက်ဇီဖေး ညှာတာပေးပါဦး"
လုမင်ယွိက ပြုံးရွှင်စွာဖြင့် အင်္ကျီလက်စကို ပြန်ချလိုက်လေသည်။ "ကောင်းပြီလေ။ အစ်ကိုက အခြေအနေကို နားလည်ပြီး ဆုတ်ခွာတတ်လို့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
လူအားလုံး တဟားဟား ရယ်မောလိုက်ကြသည်။
မိသားစုတစ်စုလုံး စုဝေးနေကြပြီး အားလုံး ပျော်ရွှင်ကြည်နူးနေကြကာ ပြောမကုန်နိုင်သော စကားများ ရှိနေကြသည်။
"နင့်လက်မောင်းက ဒဏ်ရာ အရှင်းပျောက်သွားပြီလား" ရှန်းလန်က စိုးရိမ်တကြီး မေးလိုက်သည်။
အားလုံး၏ အကြည့်များသည် လုမင်ယွိ၏ လက်မောင်းဆီသို့ ရောက်သွားကြ၏။ လုမင်ယွိက ပြုံးပြီး လက်မောင်းကို ဝှေ့ယမ်းပြလိုက်လေသည်။ "ပျောက်သွားတာ ကြာပြီ။ အခုဆို လက်တစ်ဖက်တည်းနဲ့ ကျားကို ဖမ်းနိုင်တယ်"
လုရွှမ်းက အလုအယက် ပြောလိုက်လေသည်။ "လက်တစ်ဖက်တည်းနဲ့ ကျားဖမ်းဖို့တော့ မလိုပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် စစ်ကျဲ ဒဏ်ရာရတုန်းက ကျွန်တော်တို့ကို လန့်သေအောင် လုပ်ခဲ့တာပဲ"
၁၄ နှစ်အရွယ် လုရွှမ်းသည် အရပ်အတော် ရှည်လာပြီး ပိန်ပါးသော ရင်အုပ်မှာလည်း အနည်းငယ် ကျယ်ပြန့်လာသည်။ သို့သော် ခြေတံလက်တံ ရှည်လျားပြီး ခေါင်းမှာလည်း တခြားလူများထက် ပိုကြီးနေဆဲပင်။ ကြည့်လိုက်သည်နှင့် သူ့ခေါင်းကြီးက အထင်ရှားဆုံး ဖြစ်နေသည်။
လုမင်ယွဲ့က ပြုံးပြီး ဝင်ပြောလိုက်လေသည်။ "စစ်ကျဲရဲ့ ဒဏ်ရာက ပျောက်ကင်းသွားပြီပဲ။ စိတ်ပျက်စရာ ကိစ္စတွေ မပြောပါနဲ့တော့"
ဒီနှစ်ကုန်လျှင် လုမင်ယွဲ့သည် ၁၆ နှစ် ပြည့်တော့မည်။ သူမသည် လှပသွက်လက်ပြီး မဟူရာရောင် မျက်ဝန်းများသည် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။
လုမင်ယွိသည် သူတို့နှစ်ယောက်ကို ကြည့်ရင်း သက်ပြင်းချကာ ပြုံးလိုက်မိသည်။ "အချိန်တွေ ကုန်တာ မြန်လိုက်တာ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ နင်တို့အားလုံး ကြီးပြင်းလာကြပြီ"
လုမင်ယွဲ့က ချစ်စဖွယ် ပြုံးလိုက်လေသည်။ "စစ်ကျဲက ညီမလေးထက် ၃ နှစ်ပဲ ကြီးတာလေ။ စကားပြောလိုက်ရင် အဘွားကြီးကျနေတာပဲ"
ဟုတ်တာပဲ။ သူမက ဒီနှစ် ၁၉ နှစ်ရှိပြီ။ အရွယ်ကောင်းပဲ ရှိသေးတယ်။ ခင်ပွန်းနဲ့လည်း ချစ်ချစ်ခင်ခင် ရှိတယ်။ သားသမီးလည်း စုံတယ်။ ယောက္ခမတွေကလည်း သဘောထားကြီးကြတယ်။ ကောင်းမွန်တဲ့ နေ့ရက်တွေက နောက်မှ လာမှာ။
လုမင်ယွိ၏ မျက်ဝန်းများ တောက်ပသွားပြီး ပြုံးလိုက်လေသည်။
လီကျင့်သည် လုမင်ယွိ၏ ပန်းပွင့်သဖွယ် အပြုံးကို ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်ခြင်းသည် ကောင်းကျိုးများစွာ ရှိသော်လည်း ဆိုးကျိုးများလည်း ရှိစမြဲပင်။ နန်းတော်ထဲတွင် လူများပြီး စကားများကြသည်။ ခေါင်းပေါ်တွင် လူကြီးနှစ်ယောက် ရှိနေသဖြင့် ပြောဆိုလုပ်ကိုင်ရာတွင် သတိထားရပြီး ဒုတိယမင်းသားအိမ်တော်တွင် နေထိုင်သကဲ့သို့ လွတ်လပ်မှုမရှိပေ။
လွန်ခဲ့သော နှစ်ဝက်ကျော်အတွင်း လုမင်ယွိသည် နန်းတော်မှ လုံးဝ မထွက်ခွာခဲ့ရပေ။ ယခုကဲ့သို့ မောင်နှမများ စုဝေးနေသည့် မြင်ကွင်းမျိုးမှာ ပိုလို့ပင် တွေ့ရခဲလှသည်။
လီကျင့်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "ပြန်ရောက်တုန်းလေး ရက်အနည်းငယ်လောက် နေပြီးမှ နန်းတော်ကို ပြန်ရင် မကောင်းဘူးလား။ ကို ခဏနေရင် နန်းတော်ကို သတင်းပို့ဖို့ လူလွှတ်လိုက်မယ်"
လုမင်ယွိသည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ခေါင်းခါလိုက်သည်။ "ထားလိုက်ပါတော့"
လှိုင်းလေထန်နေချိန်မို့ အနေအထိုင် ဆင်ခြင်တာ ကောင်းပါတယ်။ ယုံးကျားဧကရာဇ် အပြစ်ရှာပြီး စိတ်မချမ်းသာအောင် လုပ်မှာကို ရှောင်ရှားနိုင်တာပေါ့။
ဇနီးမောင်နှံနှစ်ဦးသည် စိတ်ချင်းဆက်နွယ်နေသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရုံဖြင့် တစ်ဖက်သား၏ ဆိုလိုရင်းကို နားလည်ကြသည်။ လုမင်ယွိက အတင်းငြင်းဆန်နေသဖြင့် လီကျင့်လည်း ဆက်မပြောတော့ဘဲ တခြားသူများနှင့် စကားပြောကာ ရယ်မောနေလိုက်သည်။
...
နေ့လယ်စာစားချိန် ရောက်သောအခါမှ လုလင်းသည် ကလေးတစ်သိုက်ကို ခေါ်ဆောင်ပြီး ပြန်ရောက်လာသည်။
လူများတော့ စည်ကားသည်။ ကလေးများသဖြင့် ပိုစည်ကားနေသည်။ အသံများက တစ်ယောက်ထက်တစ်ယောက် ကျယ်လောင်နေကြသည်။
"မေမေ" ရွှမ်းအာသည် ပျော်ရွှင်စွာ ပြေးလာပြီး လက်ထဲက ငှက်လှောင်အိမ်လေးကို ဂုဏ်ယူစွာ မြှောက်ပြလိုက်လေသည်။ "ကြည့်ပါဦး။ ဒါ အဘိုး ဖမ်းပေးထားတဲ့ ငှက်ကလေး။ ကိုကိုသာ့ပေါင်အာ လုပ်ပေးထားတဲ့ ငှက်လှောင်အိမ်လေ"
အကြီးအငယ်အားလုံးက ယောက်ျားလေးများသာ ဖြစ်ပြီး ရွှမ်းအာက တစ်ဦးတည်းသော မိန်းကလေးဖြစ်သည်။ အစ်ကိုဖြစ်သူရော မောင်ဖြစ်သူပါ သူမကို အလိုလိုက်ကြသည်။ လုလင်းက ငှက်ပေါက်စတစ်သိုက်ကို ဖမ်းမိရာ ရွှမ်းအာက အလှပဆုံး တစ်ကောင်ကို ရွေးယူလိုက်ခြင်း ဖြစ်သည်။
ထိုငှက်ကလေးသည် ကိုယ်လုံးသေးငယ်ပြီး ကလေးလက်သီးဆုပ်ခန့်သာ ရှိသည်။ ကိုယ်ပေါ်ရှိ အမွှေးအတောင် ၅ ရောင်မှာ အလွန် တောက်ပပြီး အော်မြည်သံမှာလည်း ကြည်လင်ပြတ်သားသည်။
ကျန်းသာ့ပေါင်သည် သစ်ကိုင်းများကို အသုံးပြုကာ ငှက်လှောင်အိမ်တစ်ခု ပြုလုပ်ရန် တစ်နာရီခန့် အချိန်ယူခဲ့ရသည်။ ကျန်းသာ့ပေါင်သည် ကိုယ်လုံးထွားကြိုင်းသော်လည်း လက်မှုပညာတွင် အလွန် ကျွမ်းကျင်ပြီး ငှက်လှောင်အိမ်ကို ခိုင်ခံ့လှပအောင် ပြုလုပ်ပေးလိုက်သည်။ ရွှမ်းအာ ကိုင်ဆောင်ရ လွယ်ကူစေရန် လက်ကိုင်တံတစ်ခုပင် တပ်ဆင်ပေးထားသေးသည်။
ငှက်ကလေးသည် လှောင်အိမ်ထဲတွင် တစာစာ အော်မြည်နေပြီး အမှန်တကယ်ပင် ချစ်စရာကောင်းလှသည်။
လုမင်ယွိက ပြုံးပြီး သမီးဖြစ်သူ၏ ခေါင်းပေါ်က ဆံပင်စည်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။ "သမီး ဒီလောက် သဘောကျနေမှတော့ ညကျရင် နန်းတော်ကို ပြန်ယူသွားလိုက်ပေါ့။ နောက်ဆို နေ့တိုင်း ငှက်ကလေးကို အစာကျွေး ရေတိုက် လုပ်ပေးရမယ်နော်"
ရွှမ်းအာသည် ပျော်လွန်းသဖြင့် ပါးဖောင်းဖောင်းလေးများ အရောင်တောက်လာပြီး ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေတော့သည်။
ရွှီအာသည် အားကျသဖြင့် အနားကပ်လာပြီး ပြောလိုက်လေသည်။ "ညီမလေး၊ ကိုကိုနဲ့ အတူတူ မွေးမယ်လေ။ ဟုတ်ပြီလား"
ရွှမ်းအာက သိပ်မကျေနပ်သဖြင့် ငှက်လှောင်အိမ်ကို ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။ "ကိုကိုလည်း သာ့ကိုကိုပေါင်အာကို ငှက်လှောင်အိမ် လုပ်ခိုင်းလိုက်လေ"
ထိုအကြောင်း ပြောလိုက်မှ ရွှီအာသည် ပို၍ ဝမ်းနည်းသွားပြီး လုမင်ယွိကို တိုင်တောလေတော့သည်။ "မေမေ၊ သားတို့အားလုံး ငှက်လှောင်အိမ် လိုချင်ကြတာ။ ဒါပေမဲ့ ကိုကိုသာ့ပေါင်အာက ညီမလေးအတွက်ပဲ လုပ်ပေးတယ်"
ကျွမ်းအာကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်သည်။ "သားလည်း လိုချင်တယ်"
ဝမ်အာကလည်း တိုးတိုးလေး ပြောလိုက်လေသည်။ "ကိုကိုသာ့ပေါင်အာက သားတို့ကို ဂရုမစိုက်ဘူး"
၆ နှစ်အရွယ် ကျန်းရှောင်ပေါင်သည် မကျေမနပ်ဖြစ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "ငါ လုပ်ပေးတဲ့ ငှက်လှောင်အိမ်ကိုကျတော့ မင်းတို့က မလိုချင်ကြဘူးလေ"
ကျန်းသာ့ပေါင်သည် ကိုယ့်ကိုယ်ကိုယ် လူကြီးဟု မှတ်ယူထားပြီး ကျန်းရှောင်ပေါင်ကို အထင်သေးသည့် မျက်လုံးဖြင့် ကြည့်လိုက်လေသည်။ "မင်း လုပ်တဲ့ ငှက်လှောင်အိမ်က ရုပ်ဆိုးလွန်းတယ်။ ပြီးတော့ ထိလိုက်တာနဲ့ ပြိုကျသွားတာလေ။ ညီလေးတွေက ဘယ်လိုလုပ် လိုချင်မှာလဲ"
ကျန်းရှောင်ပေါင်သည် ဒေါသထွက်ပြီး အစ်ကိုဖြစ်သူကို စိုက်ကြည့်လိုက်လေသည်။ "ငါက အခု ငယ်သေးတာကိုး။ အစ်ကို့လောက် ဘယ်လုပ်တတ်ပါ့မလဲ။ ဘာတွေများ ဂုဏ်ယူနေတာလဲ"
ကျန်းသာ့ပေါင်က ဒေါသထွက်အောင် ရည်ရွယ်ချက်ရှိရှိ မော့ကြည့်ပြီး ရယ်မောလိုက်လေသည်။ "ဟားဟား!"
အားလုံးလည်း သဘောကျပြီး တဟားဟား ရယ်မောလိုက်ကြသည်။
ကျန်းရှောင်းပေါင်သည် တစ်နေ့ကုန် အစ်ကိုဖြစ်သူ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့်အပြင် လူများ၏ ရယ်မောခြင်းကိုပါ ခံလိုက်ရသဖြင့် မျက်နှာပျက်ကာ ဒေါသတကြီး ပြေးဝင်သွားပြီး အစ်ကိုဖြစ်သူကို လက်သီးဖြင့် ထိုးလေတော့သည်။ ကျန်းသာ့ပေါင်ကလည်း ညှာတာခြင်းမရှိဘဲ ပြန်ကန်လိုက်ရာ ကျန်းရှောင်းပေါင်သည် ဝါးခနဲ ငိုကြွေးလေတော့သည်။
...
အပိုင်း (၄၅၃) ပျော်ရွှင်စွာ ဆုံစည်းခြင်း (၂)
သားနှစ်ယောက်က ငယ်ငယ်ကတည်းက ဒီလိုပါပဲ။ တစ်နေ့ကို လေးငါးခြောက်ကြိမ်လောက်တော့ ရန်ဖြစ်လိုက်၊ ကစားလိုက် လုပ်ကြတာပါ။
လုမင်ဖန်းသည် နဖူးကို ပွတ်လိုက်ပြီး ချက်ချင်း မျက်နှာတည်လိုက်လေသည်။ "နင်တို့နှစ်ယောက် ဆက်မဆော့နဲ့တော့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ထမင်းစားကြ"
မိခင်ဖြစ်သူ၏ အရှိန်အဝါကြောင့် ညီအစ်ကိုနှစ်ယောက်သည် လက်များကို ရပ်တန့်လိုက်ကြသော်လည်း အတူတူ ထိုင်ရန် ငြင်းဆန်ကြavသည်။ ကျန်းသာ့ပေါင်သည် မိမိကိုယ်ကို လူကြီးဖြစ်ပြီဟု ယူဆကာ လူကြီးများနှင့် အတူတူ ထိုင်ချင်သည်။
ကျန်းရှောင်းပေါင်သည် မျက်ရည်များကို သုတ်လိုက်ပြီး ရွှမ်းအာ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ ညီမလေးကို မျက်နှာချိုသွေးလိုက်သည်။ "ညီမလေး၊ ကိုကို လုပ်ထားတဲ့ ငှက်လှောင်အိမ်ကို ညီမလေးကို ပေးမယ်လေ"
ရွှမ်းအာသည် အနည်းငယ် ရွံရှာသော အမူအရာဖြင့် "ကိုကို လုပ်တာက ရုပ်ဆိုးတယ်။ ညီမလေး မလိုချင်ဘူး"
ကျန်းရှောင်းပေါင် "..."
လူတိုင်း ဗိုက်နာသည်အထိ ရယ်မောမိကြတော့သည်။
ယောက်ျားလေးတစ်သိုက်မှာ ဒီညီမလေးတစ်ယောက်ပဲ ရှိတော့ အကုန်လုံးက သူ့ကိုပဲ ဂရုစိုက်ချင်ကြတာ။ သနားစရာ ကောင်းတဲ့ ကျန်းရှောင်းပေါင်၊ ငှက်လှောင်အိမ် လုပ်တတ်တဲ့ အစ်ကိုကြီးကိုလည်း မယှဉ်နိုင်ဘူး။ အသက်အရွယ် နီးပါးတူပြီး ပိုကစားလို့ကောင်းတဲ့ ကျွမ်းအာ၊ ဝမ်အာနဲ့ ရွှမ်းအာတို့ကိုလည်း မယှဉ်နိုင်ဘူး။
လုမင်ဖန်းသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ ကျန်းရှောင်းပေါင်ကို လှမ်းခေါ်လိုက်ပြီး သူမ၏ ဘေးတွင် ထိုင်ခိုင်းလိုက်သည်။
ကျန်းရှောင်းပေါင်သည် စိတ်ဓာတ်ကျနေသော ပုံစံဖြင့် လျှောက်လာခဲ့သည်။
လုမင်ဖန်းသည် စိတ်ဆိုးရခက် ရယ်ရခက် ဖြစ်သွားပြီး သားငယ်ကို မျက်စောင်းထိုးလိုက်သည်။ "ဘာလဲ။ အမေ့ဘေးမှာ မထိုင်ချင်ဘူးလား"
ဒါပေါ့၊ မထိုင်ချင်ဘူး။
ကျန်းရှောင်းပေါင်သည် တိုးတိုးလေး ညည်းညူလိုက်သည်။ "ရွှမ်းမေ့မေ့ (ရွှမ်းညီမလေး)က နှစ်သစ်ကူးပန်းချီကားထဲက ကလေးလေးလိုပဲ။ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတယ်။ အမေက အိုနေပြီ။ ပြီးတော့ နေ့တိုင်းလည်း တွေ့နေရတာ၊ ဘာများ ထူးဆန်းလို့လဲ"
လုမင်ဖန်း "..."
လုမင်ယွိသည် "ဖလူး" ခနဲ ရယ်မောလိုက်တော့သည်။
သူမ၏ ယနေ့ အပြုံးများသည် လွန်ခဲ့သော လအနည်းငယ်က အပြုံးများ ပေါင်းထားသည်ထက် ပိုများနေသည်။
လုမင်ဖန်းလည်း အနည်းငယ် စိတ်ပျက်သွားပြီး လုမင်ယွိဘက်သို့ လှည့်ကာ ညည်းတွားလိုက်တော့သည်။ "သားမွေးထားရတာ ဘာအသုံးဝင်လို့လဲ။ အခုမှ ၆ နှစ်ပဲ ရှိသေးတယ်။ အမေအရင်းကိုတောင် ရွံရှာနေပြီ။ ကြီးလာလို့ မိန်းမယူပြီးရင် ဒီအမေအရင်းကို ဘယ်နား သွားထားမလဲ မသိတော့ဘူး"
လုမင်ယွိသည် ရယ်မောကာ နောက်ပြောင်လိုက်သည်။ "သာ့ကျဲဖူလည်း မြို့တော်ကို ပြန်ရောက်နေပြီပဲ။ နောက်ဆို လင်မယားတွေ အတူတူနေပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက် ထပ်မွေးလိုက်ပေါ့"
ကျန်းကျုံး၏ နားသည် ပါးလှသည်။ ဘေးစားပွဲဝိုင်းတွင် ထိုင်နေသော်လည်း ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်း ခေါင်းလှည့်လာပြီး လုမင်ဖန်းကို ပြုံးပြလိုက်သည်။ "ကိုယ် ခွင့်သွားတိုင်ပြီး အိမ်မှာ မင်းကို ကောင်းကောင်း အဖော်လုပ်ပေးမယ်။ မင်း သမီးလေး ကိုယ်ဝန်ရမှ စစ်တပ်ကို ပြန်သွားတော့မယ်"
လူတိုင်း တဝါးဝါး ရယ်မောကြပြန်သည်။
လင်မယားသက်တမ်း ကြာပြီဖြစ်သဖြင့် လုမင်ဖန်းသည် ရှက်ရွံ့မနေဘဲ ခင်ပွန်းသည်ကို ပြုံးပြီး မျက်စောင်းထိုးလိုက်ရုံသာ တတ်နိုင်တော့သည်။
ဘေးတွင်ရှိသော လုမင်ဟွားသည် တဖြည်းဖြည်း ပူလာသော ဗိုက်ကို ပွတ်သပ်ရင်း တိုးတိုးလေး ရယ်မောလိုက်သည်။ "ကျွန်မလည်း ဗိုက်ထဲက ကလေးက သမီးလေး ဖြစ်ပါစေလို့ ဆုတောင်းနေတာ"
လုမင်ဟွားသည် နှစ်မကုန်ခင်က ကိုယ်ဝန်ရရှိခဲ့ပြီး ယခု ကိုယ်ဝန် ၄ လ ရှိနေပြီဖြစ်သည်။ ပွပွရွရွ အဝတ်အစားများက ပူလာသော ဗိုက်ကို အနည်းငယ် ဖုံးကွယ်ပေးထားသည်။
လုမင်ယွိသည် လုမင်ဟွား၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။ "ငါ့စိတ်ထဲမှာ ထင်နေတာတော့ စန်းကျဲရဲ့ ဒီကိုယ်ဝန်က ဆန္ဒပြည့်ဝပြီး သမီးလေး မွေးလာလိမ့်မယ်"
လုမင်ဟွားသည် နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဗိုက်ကို ညင်သာစွာ ပွတ်သပ်နေကာ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးများ ပြည့်နှက်နေသည်။
...
နေ့လယ်စာ စားပြီးနောက် အားအင်ပြည့်ဝနေသော ကလေးများသည် အဖော်ညှိကာ ထွက်ကစားကြပြန်သည်။
လူကြီးများမှာမူ တစ်ရေးတစ်မော အိပ်စက်ကြသူက အိပ်၊ စုဝေးပြီး စကားပြောကြသူက ပြောနှင့် အနားယူနေကြသည်။
လုမင်ယွိနှင့် လုလင်းတို့သည် စကားပြောရန် စာကြည့်ခန်းသို့ သွားကြလေသည်။ လီကျင့်က အလွန် သဘောပေါက်နားလည်သူ ဖြစ်သဖြင့် လိုက်မသွားဘဲ ကွဲကွာနေသည်မှာ ကြာပြီဖြစ်သော သားအဖနှစ်ယောက်အတွက် သီးသန့်အချိန် ပေးထားလိုက်သည်။
လုလင်းသည် သမီးဖြစ်သူကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီး လုမင်ယွိ၏ မျက်နှာသွေးရောင် ကောင်းမွန်နေသည်ကို တွေ့မှ စိတ်အေးသွားတော့သည်။ "သမီးရဲ့ မျက်နှာသွေးရောင် ကောင်းနေတာကို ကြည့်ရတာ ဒဏ်ရာက အရှင်းပျောက်သွားပုံရတယ်"
လုမင်ယွိသည် မျက်တောင်မခတ်ဘဲ ဖခင်ရင်းကို စိုက်ကြည့်နေသည်။
လုလင်းသည် သဘောကျသွားပြီး မေးလိုက်၏။ "သမီးက အဖေ့ကို ဒီလို ဘာလို့ ကြည့်နေတာလဲ။ မတွေ့ရတာ ၂ နှစ်ကျော်ပြီဆိုတော့ အဖေ့ပုံစံ ပြောင်းသွားလို့လား"
"မပြောင်းပါဘူး။ အရင်အတိုင်းပါပဲ" လုမင်ယွိသည် ရင်ထဲမှ ဝမ်းနည်းမှုများကို မြိုသိပ်ထားပြီး ရယ်မောလိုက်သည်။ "အရပ်ရှည်ပြီး ခန့်ညားတယ်။ ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။ ဒီလောကကြီးမှာ ဒုတိယတစ်ယောက် ရှာမတွေ့နိုင်ပါဘူး"
အဖေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ။ တကယ် ကောင်းလိုက်တာ။
လုလင်း၏ ရင်ထဲတွင် နူးညံ့သိမ်မွေ့မှုများ ပြည့်လျှံသွားပြီး ရှေ့သို့ တိုးကာ သမီးဖြစ်သူကို ပွေ့ဖက်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ "အဲဒီနေ့က သမီး စစ်တပ်ကို ညဘက် ဝင်စီးပြီး ယန်ထော်ကို သတ်ဖြတ်လိုက်ပေမယ့် ကိုယ်တိုင် ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတုန်းက အဖေ စိတ်ပူလွန်းလို့ ၂ ညတောင် အိပ်မပျော်ဘူး။ ချက်ချင်းပဲ မြို့တော်ကို ပျံသန်းလာချင်ခဲ့တာ"
"နောက်ဆို ဒီလောက် အန္တရာယ်များတဲ့ အလုပ်မျိုး မလုပ်ပါနဲ့တော့"
လုမင်ယွိသည် ယခင်က ဤမျှလောက် စကားနားထောင်ဖူးခြင်း မရှိသော်လည်း ယခုအခါတွင်တော့ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
လုလင်းသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ "ဒါပေမဲ့လည်း သမီး အချိန်မီ လုပ်ဆောင်လိုက်နိုင်တာ ကံကောင်းပါတယ်။ မဟုတ်ရင် ယန်စစ်သားတွေက အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး မြို့တော်က လူတွေရဲ့ စိတ်နှလုံး တုန်လှုပ်ကာ ကြီးမားတဲ့ ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်"
သရဖူကို ဆောင်းချင်ရင် အလေးချိန်ကို ခံနိုင်ရမယ်လေ။
"သမီးက သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံမိဖုရားပဲလေ။ မြို့တော် အန္တရာယ် ကြုံနေရချိန်မှာ သမီး အသက်စွန့်ပြီး ကြိုးစားတာက ဖြစ်သင့်ပါတယ်။ နောက်တစ်ခါ ပြန်ကြုံရရင်လည်း သမီး ဒီလိုပဲ လုပ်ဦးမှာပါ" လုမင်ယွိ၏ မျက်ဝန်းများသည် ကြည်လင်ပြတ်သားပြီး ခိုင်မာနေသည်။
ဒါကမှ သူ့သမီး၊ လောကမှာ တစ်ယောက်တည်းသော လုမင်ယွိ။
လုလင်း၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေပြီး သမီးဖြစ်သူကို တိတ်တဆိတ် ကြည့်နေကာ အတော်ကြာမှ သက်ပြင်းချလိုက်၏။ "တော်သေးတာက သာ့ဝေတိုင်းပြည်ရဲ့ စစ်ပွဲတွေ ပြီးသွားပြီ။ တိုင်းပြည် တစ်ခုလုံး စည်းလုံးသွားပြီဆိုတော့ အဖေတို့လို စစ်သူကြီးတွေက သံချပ်ကာဝတ်စုံကို ချွတ်ပြီး အိမ်ပြန်ရတော့မယ်။ သမီးလို အိမ်ရှေ့စံမိဖုရားက အသက်စွန့်ပြီး ကြိုးစားစရာ မလိုတော့ပါဘူး"
ယန်နှင့် ချူတို့ ငြိမ်းချမ်းသွားပြီး သာ့ဝေသည် ပြည်မကြီးကို စည်းလုံးညီညွတ်စေခဲ့သည်။ နောင်တွင် သာ့ဝေမင်းဆက်သည် ပြည်သူများနှင့်အတူ အေးချမ်းစွာ နေထိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်ရမည် ဖြစ်သည်။ စစ်သူကြီးများ နန်းတွင်းတွင် ကြီးစိုးသော ခေတ်ကာလသည်လည်း ကုန်ဆုံးသွားတော့မည်။
လုမင်ယွိသည် အိမ်ရှေ့စံမိဖုရား အနေဖြင့် အမှားကြီးကြီးမားမား မလုပ်မိသရွေ့ နန်းတော်ထဲတွင် အေးဆေးတည်ငြိမ်စွာ နေထိုင်ပြီး မိဖုရားခေါင်ပလ္လင်ပေါ် ထိုင်ရမည့်နေ့အထိ စောင့်ဆိုင်းနေရုံသာ။
လုမင်ယွိ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "စစ်တိုက်စရာ မလိုတော့ဘူး ဆိုပေမယ့် နန်းတွင်းနဲ့ ညီလာခံအပိုင်းမှာ အေးချမ်းမယ် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး"
လုလင်းသည် သဘောပေါက်နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။ "တတိယမင်းသားကို ပိုပြီး သတိထားရမယ်"
လုမင်ယွိက အင်း ဟု ပြောလိုက်သည်။
"ဟို စူးဖေးက သေသင့်လို့ သေတာ” လုလင်းက နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။ "ကံကောင်းလို့ ရွှီအာ ဘာမှ မဖြစ်တာ။ တကယ်လို့ ရွှီအာသာ တစ်ခုခု ဖြစ်သွားရင် သူ့ကို အပိုင်းပိုင်း ခုတ်သတ်ရင်တောင် ကျေနပ်မှာ မဟုတ်ဘူး"
"သမီး သူ့ကို ပြတ်ပြတ်သားသား ရှင်းပစ်လိုက်တာ မှန်ပါတယ်။ တကယ်လို့ အရှင်မင်းကြီး မြို့တော် ပြန်ရောက်လာတဲ့အထိ စောင့်ပြီးမှ ရှင်းမယ်ဆိုရင် အခက်အခဲတွေ ဘယ်လောက်တောင် ရှိလာမလဲ မသိဘူး။ အခုတော့ အရှင်မင်းကြီး ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ တတိယမင်းသား ဘယ်လောက်ပဲ မုန်းမုန်း အလကားပဲလေ။ ဘာပဲဖြစ်ဖြစ် စူးဖေးက သေတောင် သေသွားပြီပဲ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ "သမီးလည်း အဖေနဲ့ တူတူပဲ တွေးမိတယ်"
လုလင်းက ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ၂ ရက်က အဖေ နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို သွားတွေ့တယ်။ ကွမ်းပင်းနယ်စားလည်း အတူတူ ဝင်လာတယ်။ သူက တတိယမင်းသား သားအမိအတွက် မတရားခံရပါတယ်ဆိုပြီး တိုင်တောချင်နေတာ။ အဖေက လက်ဦးမှုယူပြီး အရှင်မင်းကြီးကို အိမ်ရှေ့စံနန်းဆောင်ဘက်က ရပ်တည်ကြောင်း ပြောလိုက်တယ်။ အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားတဲ့ မင်းမြတ် ဖြစ်လို့ အပြစ်မတင်ဘဲ နှစ်သိမ့်စကားတောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကွမ်းပင်းနယ်စားကို နန်းတော်ထဲက မောင်းထုတ်လိုက်တယ်"
"ဒါပေမဲ့ အရှင်မင်းကြီးကလည်း လူသားပဲလေ။ မယားငယ် သေသွားပြီး မင်းဧကရာဇ်ရဲ့ ဂုဏ်သိက္ခာ ထိပါးခံလိုက်ရတော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်မိမှာပဲ။ နောက်ပိုင်းကျရင် သမီးတို့ လင်မယား ၂ ယောက် အနေအထိုင် ဆင်ခြင်ပြီး သည်းခံလိုက်ပါ။ အရမ်း ထင်ပေါ်အောင် မလုပ်နဲ့"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး လီကျင့် တော်ဝင်သင်္ချိုင်းဂူ ပြုပြင်ရေးတာဝန် ယူလိုက်ရသည့်အကြောင်း လုလင်းကို ပြောပြလိုက်လေသည်။
လုလင်းက ဘာမှမဖြစ်သလိုပင် ပြောလိုက်၏။ "အရှင်မင်းကြီး ပြန်ရောက်လာပြီပဲ။ တိုင်းရေးပြည်ရာ ကိစ္စကြီးငယ်တွေကို အရှင်မင်းကြီးက တာဝန်ယူမှာလေ။ အိမ်ရှေ့စံက အရှင်မင်းကြီးအတွက် တော်ဝင်သင်္ချိုင်းဂူ ပြုပြင်ပေးတာက သားသမီးဝတ္တရား ကျေပွန်ရာလည်း ရောက်တယ်။ မလိုအပ်ဘဲ ထင်ပေါ်နေတာကိုလည်း ရှောင်ရှားရာ ရောက်တယ်။ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး"
ဒီလောက် စိတ်အနှောင့်အယှက် ဖြစ်တာလောက်က ဘာမှ မဟုတ်ပါဘူး။
ဒီလောကမှာ 'ထိုက် (မဟာ)' ဆိုတဲ့ စကားလုံးနဲ့ စတဲ့ အလုပ်အကိုင်တွေက အခက်ခဲဆုံးပဲ။ 'ထိုက်ယီ (သမားတော်)' လုပ်ရတာ ခက်တယ်။ 'ထိုက်ဇီ (အိမ်ရှေ့စံ)' လုပ်ရတာ ပိုခက်တယ်။ ကျန်းမာသန်စွမ်းပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါး ရှိနေရင် အိမ်ရှေ့စံ လုပ်ရတာ အဆပေါင်းများစွာ ပိုခက်ခဲတယ်။
အိမ်ရှေ့စံနန်းဆောင်ရဲ့ အင်အားကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့လိုပြီး ဘုရင်ရဲ့ သံသယဝင်တာကိုလည်း မခံရအောင် နေရသေးတယ်။
လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "လီကျင့် ခံနိုင်ရည် ရှိပါတယ်။ အဖေ စိတ်မပူပါနဲ့"
လုလင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထပ်မပြောတော့ဘဲ ခေါင်းစဉ် ပြောင်းလိုက်တော့သည်။ "အရှင်မင်းကြီးက သမီးကို အိမ်ရှေ့စံမိဖုရား ကိုယ်ရံတော်တပ် ဖွဲ့ခွင့်ပြုလိုက်တယ်ဆို"
...