← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အပိုင်း (၄၅၄) ကိုယ်ရံတော်တပ် (၁)

ထိုအကြောင်း ပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။ "ဟုတ်တယ်။ ဖုဟွမ် နန်းတော်ထဲ ပြန်ရောက်ခါစ စူးဖေးသေသွားတာကို မသိခင်အချိန်မှာ လီကျင့်က ဖုဟွမ်ဆီကနေ ဆုတောင်းဆိုလိုက်တာ။ ဖုဟွမ်ကလည်း သဘောတူလိုက်ပြီ"

မင်းဧကရာဇ်ရဲ့ နှုတ်ကထွက်တဲ့စကားက ရွှေလို တန်ဖိုးရှိတယ်ဆိုတော့ သဘောတူပြီးမှတော့ ပြန်ပြင်လို့ မရတော့ဘူး။

လုလင်းက မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်လေသည်။ "ထိုက်ဇီက တကယ်ပဲ အချိန်ကိုက် တောင်းဆိုတတ်တာပဲ။ ၁ ရက် ၂ ရက်လောက် နောက်ကျသွားရင် အရှင်မင်းကြီးက လုံးဝ သဘောတူမှာ မဟုတ်ဘူး။ အခုတော့ သဘောတူပြီးသွားပြီမို့ အရှင်မင်းကြီး နောင်တရရင်တောင် နောက်ကျသွားပြီ"

လုမင်ယွိက အနည်းငယ် ပြုံးလိုက်လေသည်။ "အဲဒီနေ့က သမီး ဖုဟွမ်ကို ပြောခဲ့တာက ဒီကိုယ်ရံတော်တပ်ကို လယ်ယာမြေမှာပဲ ထားမယ်။ အလုပ်မရှိရင် လူရှေ့ထွက်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ကိုယ်ရံတော်တပ်အတွက် လူရွေးတဲ့အခါကျရင် ရှင်းယန်စစ်တပ်ထဲက အတော်ဆုံးတွေကို ရွေးလိုက်မယ်။ လူအင်အား အရမ်းများစရာ မလိုဘူး။ လူတွေ သံသယဝင်မှာစိုးလို့ ၂၀၀၀ လောက်ဆို ရပြီ"

လုလင်းက ပြန်ပြောလိုက်သည်။ "၂၀၀၀ က နည်းလွန်းတယ်။ အရှင်မင်းကြီးအမိန့်နဲ့ ကိုယ်ရံတော်တပ် ဖွဲ့မှာပဲ။ ကြည့်ပျော်ရှုပျော်တော့ ရှိသင့်တာပေါ့။ ပြီးတော့ ဒါက ထိုက်ဇီက သမီးအတွက် ကြိုးစားပမ်းစား တောင်းဆိုပေးထားတဲ့ ဆုလာဘ်လေ။ ထိုက်ဇီရဲ့ စေတနာကို အလကား မဖြစ်စေနဲ့"

"ကိုယ်ရံတော် ၅၀၀၀ ဖွဲ့လိုက်ပါ"

လုမင်ယွိ လန့်သွားပြီး လုလင်းကို မော့ကြည့်လိုက်သည်။ "ရှင်းယန်စစ်တပ်က ဒီတစ်ခေါက် စစ်ထွက်တာ စစ်သည်တွေ အများကြီး သေဆုံးဒဏ်ရာရခဲ့တယ်။ စစ်သည်သစ်တွေ ထပ်စုဆောင်းပြီး လေ့ကျင့်ပေးရဦးမှာ။ သမီးက စစ်သည်ဟောင်းတွေ အများကြီး ထပ်ဆွဲထုတ်လိုက်ရင် မသင့်တော်ဘူး ထင်တယ်"

"ဘာမှ မသင့်တော်စရာ မရှိဘူး" လုလင်းက တိုးတိုးလေး ပြောလိုက်သည်။ "ရှောင်ယွိ၊ ထိုက်ဇီမှာ ကိုယ်ရံတော် ၁၀၀၀ ပဲ ရှိတာ။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ဒီလောက် လူအင်အားနဲ့ လုံးဝ မလုံလောက်ဘူး။ သမီးက ကိုယ်ရံတော် များများ မွေးထားရင် နောက်ပိုင်းကျ အသုံးဝင်လာနိုင်တယ်"

လုလင်း၏ စကားတွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။

ထိုက်ဇီက စစ်တပ်ကို ပေါ်ပေါ်ထင်ထင် မွေးမြူလို့ မရပေမယ့် သူမလို ထိုက်ဇီဖေး နာမည်နဲ့ စစ်သည်တော်တွေကို များများ မွေးမြူထားတာ ကောင်းပါတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းဧကရာဇ်က သားအဖချင်း သံသယဝင်လာရင်... သူမနဲ့ လီကျင့်မှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားရှိနေမှာ။

လုမင်ယွိ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ခဏလောက် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ "အဖေ ပြောတာ မှန်ပါတယ်။ အခု လက်ကျန် လျှို့ဝှက်ကိုယ်ရံတော် ၅၀၀ လောက် ရှိတယ်။ ရှင်းယန်စစ်တပ်ထဲက ၄၅၀၀ ထပ်ရွေးလိုက်မယ်။ ကိုယ်ရံတော်တပ် ဖွဲ့စည်းပြီးသွားရင် လုယိကို ကိုယ်တိုင် စစ်သင်တန်းပေးခိုင်းမယ်"

ပြောပြီးသည်နှင့် သူမက အားနာသလို ပြောလိုက်ပြန်သည်။ "အဖေ၊ သမီးက စစ်သည်တော်တွေကို ဆွဲထုတ်လိုက်တော့ အဖေက စစ်သားသစ်တွေ ပြန်စုဆောင်းပြီး လေ့ကျင့်ပေးရတော့မယ်"

လုလင်းက ရယ်မောလိုက်လေသည်။ "သမီးရယ်၊ အဖေအရင်းကို ဒီလို စကားမျိုး ပြောရသလား။ အဖေ့ဟာဆိုတာ သမီးဟာပါပဲ။ ပြီးတော့ နောက်ဆို စစ်ပွဲကြီးတွေ တိုက်စရာမှ မရှိတော့တာ။ အချိန်တွေ အများကြီး ရှိပါတယ်။ အဖေက ၂ နှစ်လောက် အချိန်ယူပြီး နောက်ထပ် စစ်သည်တော်တပ်တစ်တပ် ထပ်မွေးထုတ်လိုက်ရင် ရတာပဲ"

"လုဖေးအတွက်လည်း သမီး စိတ်ပူစရာ မလိုပါဘူး။ နင်တို့နှစ်ယောက်က မောင်နှမအရင်းတွေလို ချစ်ခင်ကြတာပဲ။ အဖေက စစ်သည်တော်တွေကို သမီးကို ပေးလိုက်လို့ လုဖေးက လုံးဝ စိတ်ဆိုးမှာ မဟုတ်ဘူး"

"နောက်ဆို ရှင်းယန်စစ်တပ်တစ်ခုလုံးက သူ့ဟာ ဖြစ်လာမှာပဲလေ"

လုမင်ယွိက ပြုံးပြီး အင်း ဟု ပြောလိုက်သည်။

အရေးကြီးကိစ္စ ပြောပြီးသည်နှင့် လုလင်းက ပြုံးပြီး ပြောလိုက်ပြန်သည်။ "သမီးနဲ့ ထိုက်ဇီက ဒီလောက် ချစ်ခင်နေတာပဲ။ ကလေး ၂ ယောက်တည်းဆို နည်းလွန်းတယ်။ နောက်ထပ် ၂ ယောက်လောက် ထပ်မွေးမှ ကောင်းမှာ"

လုမင်ယွိသည် ရှက်ရွံ့ခြင်းမရှိဘဲ ပြုံးကာ ပြန်ပြောလိုက်သည်။ "အရင်တုန်းက သမီးနဲ့ အရှင်မင်းသားမှာ ဒဏ်ရာတွေ ရှိနေလို့ ကိုယ်ဝန်ယူဖို့ မသင့်တော်ဘူးလေ။ အခု ကျန်းမာရေးလည်း ကောင်းသွားပြီ။ ရွှီအာနဲ့ ရွှမ်းအာလည်း ၂ နှစ်ကျော်ပြီဆိုတော့ သမီးလည်း နောက်ထပ် တစ်ယောက်လောက် ထပ်ယူဖို့ စဉ်းစားနေတာ"

ခဏရပ်ပြီး သူမက ရယ်မောကာ ပြောလိုက်ပြန်သည်။ "အဖေက နောက်ဆို မြို့တော်မှာပဲ နေလို့ရပြီ။ အချိန်တိုင်း စစ်ထွက်စရာ မလိုတော့ဘူး။ နောက်အိမ်ထောင်ပြုလိုက်ပါလား"

လုလင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီလောက်နှစ်တွေ အများကြီး တစ်ယောက်တည်း နေသားကျနေပြီ။ အခုလည်း အသက်ကြီးပြီဆိုတော့ ဒီလိုပဲ ဆက်နေလိုက်တာ ကောင်းပါတယ်"

လုမင်ယွိက ပြုံးပြီး မျက်စောင်းထိုးလိုက်သည်။ "ဘာတွေ အသက်ကြီးတာလဲ။ အဖေက အခုမှ ၃၇ နှစ်ပဲ ရှိသေးတာ။ အရွယ်ကောင်းပဲ ရှိပါသေးတယ်"

ယုံးကျားဧကရာဇ်ဆို အသက် ၄၀ ကျော်နေပြီ။ ဝမ်ကျဲယွီနဲ့ မင်းသမီးလေးတစ်ပါးတောင် မွေးလိုက်သေးတာပဲ။ လုလင်းသာ နောက်အိမ်ထောင်ပြုရင် သားငယ်လေးတစ်ယောက်လောက် ထပ်မွေးပြီး အဖော်ပြုလို့ ရတာပေါ့။

သို့သော် လုလင်းသည် ထိုကိစ္စကို စိတ်ဝင်စားမှုမရှိသဖြင့် စကားလမ်းကြောင်းကို ကိုယ်ရံတော်တပ် ကိစ္စဆီသို့ ပြန်လွှဲလိုက်သည်။

...

သားအဖနှစ်ယောက်သည် စာကြည့်ခန်းထဲတွင် ၁ နာရီကျော်ကြာ စကားပြောဆိုကြသည်။

လီကျင့်၊ ကျန်းကျုံး၊ လုဖေးနှင့် ကျိုးလီတို့လည်း စကားပြောနေကြသည်။

အရင်တုန်းက အတူတူ စစ်တိုက်ခဲ့ကြသဖြင့် လီကျင့်၊ ကျန်းကျုံးနှင့် လုဖေးတို့သည် သေဖော်ရှင်ဖက် သံယောဇဉ် နက်ရှိုင်းလာခဲ့ကြသည်။ အရင်က ကြည့်မရသော ကျိုးလီသည်လည်း အိမ်ရှေ့စံနန်းဆောင်တွင် ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အလွန် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သဖြင့် လီကျင့်သည် ကျိုးလီအပေါ် သဘောထား ပြောင်းလဲလာခဲ့သည်။ ယခု အတူတူ စကားပြောနေကြသည်မှာ ပိုပြီး ရင်းနှီးလာကြသည်။

ကျန်းကျုံးနှင့် လုဖေးတို့သည် ရှင်းယန်စစ်တပ်မှ စစ်သူကြီးများ ဖြစ်ကြသဖြင့် စစ်တပ်အကြောင်း ပြောလျှင် ၃ ရက် ၃ ည ပြောမကုန်နိုင်ပေ။

လီကျင့်သည် ရှင်းယန်စစ်တပ်မှ စစ်သည် ၄၀ ရာခိုင်နှုန်းခန့် ကျဆုံးခဲ့သည်ကို ကြားသိရသောအခါ စိတ်မကောင်း ဖြစ်မိသည်။ "ဒီတစ်ခေါက် စစ်ပွဲမှာ ရှင်းယန်စစ်တပ်က နေရာတိုင်းမှာ ရှေ့ဆုံးက တိုက်ခိုက်ခဲ့တယ်။ အကျိုးဆောင်မှု အများဆုံး ဖြစ်သလို ကျဆုံးတဲ့ စစ်သည်တွေလည်း အများဆုံးပဲ"

ပုံမှန်အားဖြင့် ရယ်မောတတ်သော ကျန်းကျုံးသည် ယခုအချိန်တွင် လေးနက်သော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဒါကလည်း မတတ်နိုင်တဲ့ကိစ္စပဲလေ။ ကျောက်စစ်တပ်က အစပိုင်းမှာ အားမစိုက်ချင်ကြတော့ ကျွန်တော်တို့ ရှင်းယန်စစ်တပ်ပဲ မြို့သိမ်းတိုက်ပွဲတွေ တိုက်ရတာ။ သေဆုံးတဲ့လူ များတာက ရှောင်လွှဲလို့ မရပါဘူး"

စစ်သူကြီးတစ်ယောက် အောင်မြင်မှုရဖို့ အရိုးတွေ ထောင်နဲ့ချီ ပုံရတယ်။

စစ်မြေပြင်မှာ စစ်သည်တွေက ကြောက်ရွံ့နောက်တွန့်နေလို့ မရဘူး။ ရဲရင့်ပြီး သေမှာ မကြောက်ဘဲ တိုက်ခိုက်မှတော့ သေတဲ့လူ များတာ အမှန်ပဲ။

လုဖေးက သက်ပြင်းချလိုက်ကာ "တော်သေးတာက ဒီစစ်ပွဲပြီးရင် တိုင်းပြည် အေးချမ်းသွားပြီ။ ယိဖု ပြောဖူးတယ်။ စစ်သည်သစ်တွေ ထပ်စုဆောင်းပြီး ရှင်းယန်စစ်တပ်ကို အင်အား ၁ သိန်းအထိ တိုးချဲ့မယ်တဲ့"

ရှင်းယန်စစ်တပ် လူအများဆုံးအချိန်က ၈ သောင်းဖြစ်သည်။ ယခု သေဆုံးဒဏ်ရာရသူ များပြားသဖြင့် ၁ သိန်းအထိ တိုးချဲ့မည်ဆိုလျှင် စစ်သည်သစ် ၅ သောင်းခန့် စုဆောင်းရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

စစ်သည်မွေးမြူခြင်းနှင့် လေ့ကျင့်ပေးခြင်းသည် ကုန်ကျစရိတ် ကြီးမားသည်။ လုလင်းသာ စာလွှာတင်သွင်းလိုက်လျှင် ဘဏ္ဍာရေးဝန်ကြီးက ပထမဆုံး ကန့်ကွက်မည့်သူ ဖြစ်သည်။ ယုံးကျားဧကရာဇ်ပင်လျှင် သဘောတူချင်မှ တူမည်။

လီကျင့်၏ မျက်ဝန်းများ တောက်ပသွားသည်။ "ယွဲ့ဖုမှာ ဒီလို အစီအစဉ် ရှိမှတော့ ကျွန်တော် သေချာပေါက် ကူညီပေးပါမယ်"

လုမိသားစုသည် အိမ်ရှေ့စံနန်းဆောင်၏ ခိုင်မာသော ထောက်ခံသူများ ဖြစ်သည်။ ရှင်းယန်စစ်တပ် အင်အားတောင့်တင်းခြင်းသည် လီကျင့်အတွက်လည်း ကောင်းမွန်သော ကိစ္စပင်။

ကျိုးလီသည် အိမ်ရှေ့စံနန်းဆောင်၏ အရာရှိတစ်ဦး ဖြစ်သဖြင့် ထိုက်ဇီအတွက်သာ တွေးပေးပြီး ချက်ချင်း ထောက်ခံလိုက်သည်။ "ယွဲ့ဖုသာ စစ်သည် ၁ သိန်းကို ဦးဆောင်နိုင်ရင် နန်းတွင်းမှာ ပိုပြီး ဩဇာအာဏာ ကြီးမားလာမယ်။ ထိုက်ဇီအတွက်လည်း အကြီးမားဆုံး အထောက်အကူ ဖြစ်မှာပါ"

လုဖေးက လီကျင့်ကို ကြည့်လိုက်ကာ "ယိဖုနဲ့ စစ်ဘက်ရေးရာဝန်ကြီးက ခင်မင်ရင်းနှီးမှု ရှိပါတယ်။ ဘဏ္ဍာရေးဝန်ကြီးနဲ့ ချောင်ကောလောင်ဘက်ကိုတော့ ထိုက်ဇီကို အကူအညီ တောင်းရတော့မယ်"

လီကျင့်က ခေါင်းညိတ်လိုက်၏။ "ဒီကိစ္စကို ကျွန်တော့်ကို လွှဲထားလိုက်ပါ"

...

ညနေစောင်းတွင် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့သည် အားလုံးကို နှုတ်ဆက်ပြီး ကလေးများကို ခေါ်ဆောင်ကာ နန်းတော်သို့ ပြန်သွားခဲ့ကြသည်။

လုလင်းက လုဖေးကို စာကြည့်ခန်းသို့ သီးသန့် ခေါ်တွေ့လိုက်၏။

သားအဖနှစ်ယောက် အချိန်အကြာကြီး တိုင်ပင်ဆွေးနွေးကြသည်။

မိုးချုပ်သွားမှ လုဖေးသည် မိမိ၏ ခြံဝင်းသို့ ပြန်ရောက်လာတော့သည်။

ကျွမ်းအာသည် ခြေသံကြားသည်နှင့် ချက်ချင်း ပြေးထွက်လာသည်။ လုဖေးက သားလေးကို ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ရာ ကျွမ်းအာသည် မုတ်ဆိတ်မွှေး စူးသဖြင့် အော်ဟစ်နေတော့သည်။

ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံ ဝတ်ဆင်ထားသော ရှန်းလန် လျှောက်လာပြီး ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "ရှင့်မျက်နှာက မုတ်ဆိတ်မွှေးတွေလည်း ပြောင်အောင် မရိတ်ဘူး။ ကျွမ်းအာကို စူးလို့ အော်နေရပြီ"

လုဖေးက သွားများပေါ်သည်အထိ ရယ်မောလိုက်ကာ "ကိုက မျက်နှာကို ပြောင်စင်အောင် ရိတ်လိုက်ရင် စစ်တပ်ထဲ ရောက်တဲ့အခါ စစ်သည်တွေက 'ရှောင်ပိုင်လျန် (မျက်နှာဖြူကောင်)' လို့ လှောင်ပြောင်ကြလိမ့်မယ်"

စစ်သူကြီးပဲလေ။ ခန့်ညားထည်ဝါမှု ရှိသင့်တာပေါ့။

အဓိကက လုဖေးက ငယ်သေးလို့ပါ။ လုလင်းလိုဆိုရင် မျက်နှာ ဘယ်လောက် ပြောင်ပြောင်၊ ဘယ်လောက်ပဲ သဘောကောင်းကောင်း ပြုံးပြုံး၊ ဘယ်စစ်သည်မှ သူ့ရှေ့မှာ ရဲတင်းရဲမှာ မဟုတ်ဘူး။

ဇနီးမောင်နှံနှစ်ဦးသည် စနောက်ပြောဆိုပြီးနောက် အတူတူ ညစာစားကြသည်။ ကျွမ်းအာကို နို့ထိန်းမေမေက ပွေ့ခေါ်သွားမှ ချစ်ချစ်ခင်ခင် နေလိုက်ကြလေသည်။

လုဖေးက တိုးတိုးလေး ပြောလိုက်၏။ "လန်မေ့၊ ကိုယ် မင်းကို အချိန်အကြာကြီး အဖော်ပြုပေးချင်တာပါ။ ဒါပေမဲ့ ယိဖုက ကိုယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု မှာထားလို့ မနက်ဖြန် မနက်စောစော စစ်တပ်ကို ပြန်ရတော့မယ်"

ရှန်းလန် လန့်သွားပြီး လုဖေးကို မော့ကြည့်လိုက်သည်။ "ဘာကိစ္စမို့လို့လဲ"

လုဖေး ပါးစပ်မဟရသေးခင်မှာပင် သူမက ချက်ချင်း ပြောလိုက်ပြန်သည်။ "စစ်တပ်က ကိစ္စတွေက လျှို့ဝှက်ချက်တွေ ပါမှာပဲ။ ရှင် ပြောပြစရာ မလိုပါဘူး။ မနက်ဖြန် စောစောထပြီး သွားလိုက်ပါ"

...

အပိုင်း (၄၅၅) ကိုယ်ရံတော်တပ် (၂)

ညည်းတွားသံ တစ်ခွန်းမှ မပါ။ မကျေနပ်ချက် တစ်စက်မှ မရှိ။

ဖယောင်းတိုင်မီးရောင်အောက်မှ လှပသော မျက်နှာလေးသည် နူးညံ့သိမ်မွေ့မှုများ ပြည့်နှက်နေလေသည်။

လုဖေး၏ ရင်ထဲတွင် နွေးထွေးသွားပြီး ရှန်းလန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "ဒီကိစ္စကို မင်းကို ပြောပြလိုက်လည်း ကိစ္စမရှိပါဘူး။ စစ်မေ့က ယန်ထော်ကို လုပ်ကြံပြီး ကြီးမားတဲ့ အကျိုးဆောင်မှု ပြုခဲ့တယ်လေ။ ထိုက်ဇီက သူ့အတွက် ဆုတောင်းဆိုပေးခဲ့လို့ အရှင်မင်းကြီးက အိမ်ရှေ့စံမိဖုရား ကိုယ်ရံတော်တပ် ဖွဲ့ခွင့်ပေးလိုက်ပြီ"

"စစ်မေ့က အစတုန်းက ကိုယ်ရံတော် ၂၀၀၀ ပဲ ဖွဲ့ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ ယိဖုက ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်ရံတော် ၅၀၀၀ ဖွဲ့ခိုင်းလိုက်တယ်။ မနက်ဖြန်ကျရင် ကိုယ် စစ်တပ်ထဲသွားပြီး အထက်တန်း စစ်သည် ၄၅၀၀ ရွေးထုတ်ရမယ်"

ရှင်းယန်စစ်တပ်သည် သာ့ဝေတိုင်းပြည်တွင် တိုက်ခိုက်နိုင်စွမ်း အမြင့်မားဆုံး စစ်တပ်ဖြစ်သည်။ ရှင်းယန်စစ်တပ်ထဲတွင် ၃ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော စစ်သားများကို 'အထက်တန်း စစ်သည်' ဟု ခေါ်ဆိုခြင်းသည် လွန်သည်ဟု မဆိုနိုင်ပေ။

စစ်သည် သောင်းချီထဲကနေ အကောင်းဆုံးတွေကို ရွေးထုတ်ပြီး ထပ်မံ လေ့ကျင့်ပေးလိုက်ရင် ပြိုင်ဘက်ကင်းတဲ့ စစ်သည်တော်တပ်တစ်တပ် ဖြစ်လာမှာ အမှန်ပဲ။

ရှန်းလန်သည် လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း လုအိမ်တော်၏ အတွင်းရေးကိစ္စများကို တာဝန်ယူခဲ့ပြီး နေ့စဉ် ဂုဏ်သရေရှိ အမျိုးသမီးများနှင့် ထိတွေ့ဆက်ဆံခဲ့သဖြင့် သူမ၏ အမြင်နှင့် စိတ်သဘောထားသည် ယခင်ကထက် ပိုမို ကျယ်ပြန့်လာခဲ့သည်။ သူမက တိုးတိုးလေး ပြောလိုက်၏။ "ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ။ ရှင် စစ်တပ်ထဲသွားပြီး လူရွေးတဲ့အခါ သိုသိုသိပ်သိပ် လုပ်နော်။ လူတွေ သတိထားမိမှာ စိုးလို့"

လုဖေးက ပြုံးပြီး သူမ၏ နဖူးကို နမ်းလိုက်ကာ "ဒါကြောင့် ဒီကိစ္စကို ကိုယ်သွားလုပ်တာ အသင့်တော်ဆုံးပဲ"

သူက လုလင်းရဲ့ မွေးစားသား ဖြစ်သလို စစ်သည်တော်တွေရဲ့ စိတ်ထဲမှာလည်း သခင်လေးတစ်ပါး ဖြစ်တယ်။ နောင်တစ်ချိန်ကျရင် ရှင်းယန်စစ်တပ်ရဲ့ စစ်သူကြီးနေရာက သူ့အပိုင်ပဲ။

အိမ်ရှေ့စံမိဖုရား ကိုယ်ရံတော်တပ်အတွက် လူရွေးတဲ့ကိစ္စက သူသွားတာ အသင့်တော်ဆုံးပဲ။

ရှန်းလန်သည် ခေါင်းကို သူ့ရင်ခွင်ထဲ မှီလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အိမ်တော်ကိစ္စတွေ ကျွန်မ တာဝန်ယူထားပါတယ်။ ရှင် ဘာမှ စိတ်ပူစရာ မလိုပါဘူး။ စစ်တပ်ကို စိတ်ချလက်ချ သွားလိုက်ပါ"

လုဖေးက အားနာသလို သက်ပြင်းချလိုက်မိသည်။ "ကိုယ် အခုမှ ပြန်ရောက်တာ။ လင်မယား ဆုံတွေ့တာ ၂ ရက်တောင် မရှိသေးဘူး။ ပြန်သွားရတော့မယ်။ တကယ် အားနာပါတယ်"

ရှန်းလန်က တိုးတိုးလေး ရယ်မောလေသည်။ "အားနာမှန်း သိရင် ကျွန်မ ဆန္ဒပြည့်ဝအောင် မြန်မြန် လုပ်ပေး။ ကျွန်မ သမီးလေး လိုချင်တယ်"

လုဖေး၏ ရင်ထဲတွင် အပူလှိုင်းတစ်ခု ဖြတ်သန်းသွားပြီး ချက်ချင်းပင် သူမအပေါ်သို့ ဖိချလိုက်လေသည်။

နောက်တစ်နေ့ မနက် ၅ နာရီခန့်၊ ကောင်းကင်ယံတွင် အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာချိန်၌ လုဖေးသည် မြင်းစီးကာ လုအိမ်တော်မှ ထွက်ခွာသွားခဲ့သည်။

ကိုယ်ရံတော် ၁၀ ယောက်ကျော်လည်း မြင်းစီးကာ နောက်မှ လိုက်ပါသွားကြသည်။

စစ်တပ်ထဲ ရောက်သည်နှင့် လုဖေးသည် စစ်သူကြီးအားလုံးကို ခေါ်ယူပြီး တစ်ခုချင်းစီ အမိန့်ပေးလိုက်သည်။

ရှင်းယန်စစ်တပ်မှ စစ်သူကြီး အကြီးအငယ် အားလုံးသည် လုလင်းကိုယ်တိုင် မွေးထုတ်ပေးထားသူများ ဖြစ်သည်။ လုမိသားစုစစ်တပ်ဟု ပြောလျှင်လည်း မမှားပေ။ စစ်သူကြီးများသည် လုလင်းအပေါ် သစ္စာစောင့်သိကြသလို လုဖေးကိုလည်း လေးစားကြသည်။

လုမင်ယွိသည် လုလင်း၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ယခုအခါ သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံမိဖုရား ဖြစ်နေပြီ။ ညဘက် စစ်တပ်ကို ဝင်စီးပြီး ယန်ထော်၏ ခေါင်းကို ဖြတ်ယူခဲ့သည်။

ဤမျှ ရဲရင့်ပြတ်သားပြီး စွမ်းရည်ထက်မြက်မှုကို စစ်သူကြီးများအားလုံး လေးစားကြသည်။

ယခု လုဖေးက အိမ်ရှေ့စံမိဖုရား ကိုယ်ရံတော်တပ် ဖွဲ့စည်းရန် အထက်တန်း စစ်သည်များ ရွေးချယ်မည်ဟု ကြားသောအခါ စစ်သူကြီးများအားလုံး ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ကြသည်။ တစ်ယောက် နှစ်ယောက်ဆိုလျှင် လုဖေးကို တိုးတိုးတိတ်တိတ် မေးကြသေးသည်။ "ထိုက်ဇီဖေး ကိုယ်ရံတော် ၅၀၀၀ ဆိုတော့ ဦးဆောင်ပြီး လေ့ကျင့်ပေးမယ့်သူ လိုမှာပဲ။ ကျွန်တော် သွားလုပ်လို့ ရမလား"

လုဖေးက ရယ်ရခက်ငိုရခက် ဖြစ်ကာ ခြေထောက်ဖြင့် ကန်လိုက်လေသည်။ "ထိုက်ဇီဖေးဘေးမှာ လုယိ ရှိနေတာပဲ။ မင်း ဝင်ရှုပ်မနေနဲ့တော့။ စစ်တပ်ထဲမှာပဲ ငြိမ်ငြိမ်နေ။ စစ်သည်တွေကို လေ့ကျင့်ပေးချင်ရင် နောက်ကျ စစ်သားသစ်တွေ ရောက်လာတော့မှာ။ အဲဒီကျရင် မင်း အလုပ်ရှုပ်တော့မယ်"

အကန်ခံလိုက်ရသော်လည်း စစ်သူကြီးက စိတ်မဆိုးဘဲ ဟီးခနဲ ရယ်ကာ မေးလိုက်ပြန်သည်။ "ဒါဆို ကျွန်တော် စစ်သူကြီး မလုပ်တော့ဘဲ ရိုးရိုးကိုယ်ရံတော် သွားလုပ်ရင်ကော မရဘူးလား... အား... မကန်နဲ့၊ မကန်နဲ့တော့။ ကျွန်တော် မမေးတော့ပါဘူး"

လုဖေးသည် ရယ်မောရင်း စိတ်ထဲတွင် ဂုဏ်ယူမိသည်။

စစ်သည်တွေ သွားချင်တာ ထားပါတော့။ စစ်သူကြီးတွေတောင် ထိုက်ဇီဖေး ကိုယ်ရံတော် သွားလုပ်ချင်နေကြတယ်။ ပထမအချက်ကတော့ ကိုယ်ရံတော် ဖြစ်သွားရင် မြို့တော်က ထွက်ပြီး စစ်တိုက်စရာ မလိုတော့ဘဲ အေးဆေးနေရမှာမို့လို့။ ဒုတိယအချက်ကတော့ လုမင်ယွိရဲ့ စွမ်းရည်က အားလုံးကို လေးစားစေလို့ပဲ။

သာမန် မိန်းမသားတစ်ယောက်သာဆိုရင် ဒီလောက် မာနကြီးတဲ့ စစ်သူကြီးတွေက ကိုယ်ရံတော် သွားလုပ်ချင်မှာ မဟုတ်ပါဘူး။

...

၃ ရက်ကြာပြီးနောက် လုဖေးသည် အထက်တန်း စစ်သည် ၄၅၀၀ ကို လယ်ယာခြံဝင်းသို့ ပို့ဆောင်ပေးလိုက်သည်။

လုယိသည် စစ်သည်များကို လက်ခံရယူပြီး နေရာချထားပေးလိုက်လေသည်။ စစ်သည်များ စုစည်းခြင်းနှင့် လေ့ကျင့်ပေးခြင်းသည် တစ်ရက်နှစ်ရက်နှင့် ပြီးနိုင်သော ကိစ္စမဟုတ်ပေ။ အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူမှသာ စိတ်တိုင်းကျ အမိန့်နာခံနိုင်သော စစ်တပ်တစ်တပ် ဖြစ်လာမည်။

လုဖေးက လုယိ၏ ပခုံးကို ပုတ်လိုက်ပြီး "နောက်ဆို မင်း ပင်ပန်းတော့မယ်"

လုယိက မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "ဒါ ဘာပင်ပန်းစရာ ရှိလို့လဲ။ ဒုတိယမင်းသားအိမ်တော်မှာ နေ့တိုင်း အားနေလို့ မှိုတောင် တက်တော့မယ်။ အခု လေ့ကျင့်ပေးစရာ စစ်သည်တွေ အများကြီး ရောက်လာတော့ ကျွန်တော် ပျော်တောင် ပျော်နေသေးတယ်"

လုဖေးက ရယ်မောလိုက်ပြီး "ဘာပဲဖြစ်ဖြစ်၊ ငါ လူတွေကို မင်းလက်ထဲ အပ်လိုက်ပြီ။ ဘယ်လောက်အထိ လေ့ကျင့်ပေးနိုင်မလဲ ဆိုတာ မင်းအပေါ်ပဲ မူတည်တော့တယ်"

လုယိက ရင်ဘတ်ကို ပုတ်လိုက်ပြီး ခါးကို မတ်လိုက်ကာ "ဒုတိယသခင်လေး စောင့်ကြည့်နေလိုက်ပါ"

အရေးကြီးကိစ္စ ပြောပြီးနောက် လုဖေးက စိုးရိမ်တကြီး မေးလိုက်သည်။ "ချီယွင် မွေးခါနီးပြီ မဟုတ်လား"

လုယိက ပြုံးလိုက်သည်။ "ဒီရက်ပိုင်းပါပဲ။ ဒီနေရာက မြို့တော်ဆင်ခြေဖုံးဆိုတော့ မြင်းစီးပြီး ပြန်ရင် နာရီဝက်လောက်ပဲ ကြာတာ။ ချီယွင် ဗိုက်နာလာရင် ကျွန်တော် အိမ်ပြန်ဖို့ အချိန်မီပါတယ်"

စကားမဆုံးခင်မှာပင် ကိုယ်ရံတော်တစ်ဦး အလျင်အမြန် ရောက်လာသည်။ "တပ်မှူးလု၊ အိမ်တော်က လူလွှတ်ပြီး သတင်းပို့လာတယ်။ ချီယွင်မိန်းကလေး ဗိုက်နာလာလို့ မွေးဖွားခန်းထဲ ဝင်သွားပြီတဲ့"

ဘာ!

လုယိမှာ လန့်သွားပြီး လုဖေးကို နှုတ်ဆက်မနေတော့ဘဲ ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော် အခု ပြန်လိုက်တော့မယ်"

တကယ့်ကို တိုက်ဆိုင်လိုက်တာ။

တော်သေးတာက လုယိ လယ်ယာခြံဝင်းကို ရောက်နေသည်မှာ ၂ ရက် ရှိပြီဖြစ်သဖြင့် ကိစ္စအတော်များများကို စီစဉ်ပြီးသား ဖြစ်နေပြီ။ သူ ၂ ရက်လောက် မရှိလည်း ပြဿနာတော့ မရှိချေ။

လုယိသည် မီးလောင်နေသကဲ့သို့ အလျင်အမြန် မြင်းစီးပြီး ဒုတိယမင်းသားအိမ်တော်သို့ ပြန်လာခဲ့သည်။

သူနှင့် ချီယွင်သည် သီးသန့် ခြံဝင်းငယ်လေးတစ်ခုတွင် နေထိုင်ကြသည်။ ခြံဝင်းထဲတွင် မီးဖွားခန်းကို လွန်ခဲ့သော တစ်လကတည်းက ပြင်ဆင်ထားပြီး လုမင်ယွိ လွှတ်လိုက်သော ဝမ်းဆွဲသည် ၂ ဦးက ချီယွင်ကို အချိန်ပြည့် စောင့်ရှောက်ပေးနေကြသည်။

ချီယွင်သည် မနေ့ညက စတင် ဗိုက်နာလာသဖြင့် ဝမ်းဆွဲသည်များက မီးဖွားခန်းထဲသို့ တွဲခေါ်သွားကြသည်။

လုယိမှာ ချွေးတလုံးလုံးဖြင့် ခြံဝင်းထဲ ပြေးဝင်လာချိန်တွင် ကလေးကို အဝတ်အစားများဖြင့် ထုပ်ပိုးထားပြီး နို့တိုက်ကာ မိခင်ဖြစ်သူဘေးတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။

ချီယွင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း အားအင်ပြည့်ဝနေလေသည်။

လုယိသည် ကုတင်ဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "ချီယွင်၊ ပင်ပန်းသွားပြီ"

ထို့နောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကလေးငယ်ကို ကြောက်ရွံ့လေးစားစွာ ကြည့်လိုက်သည်။ "ဒါ ငါတို့ရဲ့ ကလေးလား"

"သားလေး" ချီယွင်ကလည်း ကလေးငယ်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်။ "လုယိ၊ ကျွန်မတို့မှာ သားလေး ရပြီ"

လုယိ၏ မျက်ဝန်းများ ပူနွေးလာပြီး ရင်ထဲတွင် သွေးများ ဆူပွက်လာသည်။ "ကောင်းတယ်၊ သူ ကြီးလာရင် ငါ မြင်းစီးတာနဲ့ မြားပစ်တာ သင်ပေးမယ်။ နောက်ကျရင် သခင်လေးအငယ်ဆီ ပို့ပြီး ကိုယ်ရံတော် လုပ်ခိုင်းမယ်"

ချီယွင်က ပြုံးလိုက်လေသည်။ "ကလေးက အခုမှ မွေးတာကို ရှင်က နောက်ထပ် ၁၀ နှစ်ကျော်အကြောင်း တွေးနေပြီ"

လုယိသည် မျက်လုံးထောင့်မှ မျက်ရည်များကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး ပါးစပ်ဖြဲကာ ရယ်မောလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ။ ငါ လျှောက်မတွေးတော့ပါဘူး။ သားလေးကို အရင် ပွေ့ကြည့်လိုက်ဦးမယ်"

ကလေး အိပ်ပျော်နေသည်ကို ဂရုမစိုက်ဘဲ ကောက်ချီလိုက်သည်။

လုယိသည် သိုင်းပညာ တော်သော်လည်း ကလေးချီရာတွင်တော့ အဆင်မပြေလှပေ။ ဓားရှည်တစ်လက်ကို ကိုင်ထားသကဲ့သို့ ဖြစ်နေလေသည်။

ချီယွင်သည် ရယ်ရခက်ငိုရခက် ဖြစ်ကာ မျက်စောင်းထိုးလိုက်ပြီး "ကလေး အိပ်ကောင်းနေတာကို မနှောင့်ယှက်ပါနဲ့။ မြန်မြန် ပြန်ချပေးလိုက်"

လုယိက ပြန်မချပေးချင်ဘဲ ဂရုတစိုက် ပွေ့ထားလေသည်။ "ငါ ခဏလောက် ချီထားပါရစေ"

စကားပြောနေစဉ် အစေခံမလေးတစ်ဦး အလျင်အမြန် ဝင်လာပြီး သတင်းပို့သည်။ "ထိုက်ဇီဖေးညန်ညန် ပြန်ရောက်လာပါပြီ"

ဘယ်လို!

လုမင်ယွိ ပြန်ရောက်လာတာလား။

ချီယွင်သည် အံ့အားသင့်သွားပြီး ဝမ်းသာသွားသည်။ "ကျွန်မက နန်းတော်ထဲ လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်တာပါ။ ညန်ညန်ကို ဂုဏ်ပြုစကား ပြောချင်လို့လေ။ ညန်ညန်က ဘယ်လိုလုပ် ကိုယ်တိုင် ပြန်လာရတာလဲ"

စကားမဆုံးမီ တံခါးဝတွင် ရင်းနှီးကျွမ်းဝင်သော ခြေသံများ ထွက်ပေါ်လာတော့သည်။

...

အပိုင်း (၄၅၆) သစ္စာရှိခြင်း (၁)

ဤခြေသံသည် ချီယွင်အတွက်တော့ အလွန်ရင်းနှီးနေလေသည်။

ချီယွင်သည် မယုံနိုင်စွာဖြင့် တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်မိ၏။

ကျော့ရှင်းလှပသော အရိပ်တစ်ခု ဝင်ရောက်လာပြီး လှပမှုကြားတွင် ရဲရင့်ပြတ်သားမှုပါရှိသည့် မျက်နှာလေးထက်၌ ဝမ်းသာမှုနှင့် ဂရုစိုက်မှုတို့ လွှမ်းခြုံထားလေသည်။ "ချီယွင်"

"ထိုက်ဇီဖေး" ချီယွင်၏ မျက်ဝန်းအိမ်များ ရုတ်တရက် နီရဲလာပြီး အသံများပင် တိမ်ဝင်သွားတော့သည်။ "သခင်မ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

လုမင်ယွိက ပြုံးလိုက်ပြီး ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ "နင့်ဆီက သားလေးမွေးတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ငါ နန်းတော်ထဲမှာ ဘယ်လိုလုပ် နေနိုင်တော့မှာလဲ။ နေ့လယ်ဘက် ကလေးတွေ အိပ်ပျော်နေတုန်း ခိုးထွက်လာခဲ့တာ။ မဟုတ်ရင် သူတို့ကပါ လိုက်မယ်ဆိုပြီး ပူဆာနေကြဦးမှာ"

"နင်က ကလေးမွေးပြီးခါစပဲ ရှိသေးတာ။ မီးနေသည်ကာလမှာ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ရမယ်လေ။ ငိုမနေနဲ့တော့။ ကဲ... ပြုံးပြလိုက်စမ်းပါ"

လုမင်ယွိက လူတစ်ဖက်သားကို စတင်ချော့မြူသည်မှာ အလွန်ရှားပါးလှသည်။

ချီယွင်သည် မျက်ရည်များကြားမှ ပြုံးလိုက်မိပြီး ရင်ထဲတွင် နွေးထွေးသွားတော့သည်။ "ကျွန်မ နေ့တိုင်း ထိုက်ဇီဖေးနဲ့ သခင်လေး သခင်မလေးတွေကို လွမ်းနေတာပါ"

လုမင်ယွိက ရယ်မောကာ သက်ပြင်းချလိုက်လေသည်။ "ငါလည်း အတူတူပါပဲ။ နင်ထွက်သွားပြီးတဲ့နောက် ငါ့ဘေးနားမှာ ဟာတာတာကြီး ဖြစ်ကျန်ခဲ့သလိုပဲ။ မကြာခဏဆိုသလို နင့်နာမည်ကို ယောင်ပြီးခေါ်မိလို့ ဟာသတွေတောင် ဖြစ်ကုန်သေးတယ်။ ရွှီအာနဲ့ ရွှမ်းအာတို့ကလည်း နင့်အကြောင်းပဲ မေးနေကြတာ"

သခင်နှင့် အစေခံတို့သည် မတွေ့ကြရသည်မှာ နှစ်ဝက်လကျော်ရှိပြီ ဖြစ်သဖြင့် ပြောမကုန်သော စကားများ ရှိနေကြတော့သည်။

ဘေးနားတွင် ရပ်နေသော လုယိသည် နောက်ဆုံးတော့ စကားပြောရန် အခွင့်အရေး ရသွားတော့သည်။ "ကျွန်တော်က စစ်ရေးလေ့ကျင့်ဖို့ သွားရတော့မှာ။ နောက်ဆို ချီယွင်က အိမ်တော်မှာ ကလေးနဲ့ တစ်ယောက်တည်း ကျန်ခဲ့မှာဆိုတော့ စိတ်မချဘူးဗျာ"

လုမင်ယွိက စဉ်းစားမနေဘဲ ချက်ချင်း ပြောလိုက်လေသည်။ "သူ မီးနေသည်ကာလ ပြီးသွားတာနဲ့ ကလေးခေါ်ပြီး အရှေ့နန်းဆောင်ကို ပြန်လာခဲ့လိုက်။ လောလောဆယ် တာဝန်ထမ်းဆောင်စရာ မလိုသေးဘူး။ နေ့တိုင်း ကလေးထိန်းရင်း ငါနဲ့ စကားပြောဖော်လုပ်ပေးရင် ရပြီ။ နောက်ကျရင် တစ်လကို ချီယွင် နန်းတော်အပြင်ထွက်ဖို့ ၂ရက်ခွင့်ပေးမယ်။ နင်လည်း လတိုင်း အိမ်ပြန်ဖို့ ၂ရက်ခွင့်ယူပေါ့။ ဒါဆို လင်မယားချင်းလည်း တွေ့ဆုံလို့ရပြီလေ"

လင်မယားနှစ်ယောက်တွင် တစ်ယောက်က စစ်သည်တော်များကို လေ့ကျင့်ပေးရမည့် တာဝန်ကြီးကို ထမ်းဆောင်ထားရပြီး နောက်တစ်ယောက်ကလည်း လုမင်ယွိ၏ ဘေးနားတွင် မရှိမဖြစ် လိုအပ်သူဖြစ်သည်။ ဤသို့ စီစဉ်လိုက်ခြင်းက အသင့်တော်ဆုံးပင်။

လုယိသည် သက်ပြင်းချလိုက်ပြီး ပြုံးရွှင်စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူ၏ ရင်ခွင်ထဲတွင် ကလေးပွေ့ထားသဖြင့် လက်သီးဆုပ်ကာ ဂါရဝမပြုနိုင်ဘဲ ခါးကိုသာ ကိုင်းလိုက်ရလေသည်။

လုမင်ယွိ၏ အကြည့်သည် ကလေးငယ်ထံသို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ကို ဆန့်တန်းလိုက်ကာ ပြောလေသည်။ "မြန်မြန်လေး။ ငါ့ကို ပေးကြည့်ပါဦး"

လုယိသည် ပျော်ရွှင်စွာဖြင့် ကလေးကို လုမင်ယွိလက်ထဲသို့ ထည့်ပေးလိုက်၏။

လုမင်ယွိသည် လုယိထက် ကလေးချီရာတွင် ပိုမိုကျွမ်းကျင်လေသည်။ ကျောကုန်းလေးကို ဖွဖွလေး ပုတ်ပေးလိုက်ရာ မကြာမီမှာပင် ကလေးလေးသည် အငိုတိတ်သွားပြီး ပါးစပ်လေးကို ပြတ်ပြတ်မြည်အောင် စုပ်နေတော့သည်။

လုမင်ယွိက ကလေး၏ ပါးပြင်လေးကို ကိုင်ကြည့်ကာ ပြုံးလိုက်လေသည်။ "ကြည့်ပါဦး။ ပါးဖောင်းဖောင်းလေးနဲ့။ ကြီးလာရင် ကျန်းမာသန်စွမ်းမှာ သေချာတယ်"

လုယိက ဂုဏ်ယူစွာဖြင့် ပြောလေသည်။ "ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး"

ချီယွင်က တိုးတိုးလေး ရယ်မောလိုက်သည်။ "ကျွန်မလည်း ကလေးကို ဘေးကင်း ကျန်းမာစေချင်ပါတယ်။ ကြီးလာရင် သခင်လေးအနားမှာ နေရမှာလေ။ သူ့ရဲ့ အိမ်နာမည်ကို ကျုံးအာ (သစ္စာရှိခြင်း) လို့ ပေးရင် ကောင်းမလားဟင်"

နောက်ဆုံးစကားကိုတော့ လုယိဘက်သို့ လှည့်ပြောလိုက်ခြင်း ဖြစ်သည်။

လုယိက ပြုံးလိုက်သည်။ "ကောင်းတာပေါ့။ ကျုံးအာလို့ပဲ ခေါ်ကြတာပေါ့"

လုယိသည် လုမျိုးနွယ်နာမည်ကို ယူထားသူဖြစ်ပြီး ကျုံးအာသည်လည်း နောင်တွင် လုမျိုးနွယ်ပင် ဖြစ်လာပေမည်။ ကြီးပြင်းလာပါက ရွှီအာ၏ ဘေးနားတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လျန်စစ်သူကြီးက ယုံးကျားဧကရာဇ်အပေါ် သစ္စာရှိသကဲ့သို့ သစ္စာရှိသော အစေခံတစ်ဦး ဖြစ်လာပေလိမ့်မည်။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး ခေါင်းညိတ်လိုက်လေသည်။ "ဒီအိမ်နာမည်က ကောင်းပါတယ်"

ထို့နောက် ခဏနားပြီး ဆက်ပြောလိုက်၏။ "ချီယွင် နင်က ကလေးမွေးပြီးခါစဆိုတော့ ကောင်းကောင်း အနားယူလိုက်ဦး။ ငါ လုယိနဲ့ ဆွေးနွေးစရာကိစ္စလေး ရှိလို့"

လုမင်ယွိ ယနေ့ နန်းတော်ပြင်ပသို့ ထွက်လာရခြင်းမှာ ချီယွင်ကို လာကြည့်ခြင်းအပြင် လုယိနှင့် စစ်ရေးလေ့ကျင့်မှုကိစ္စကို ဆွေးနွေးရန်အတွက်လည်း ပါဝင်လေသည်။

ချီယွင်က ဘာမျှဆက်မမေးတော့ဘဲ လုမင်ယွိကို မခွဲနိုင်သော အကြည့်များဖြင့် ကြည့်နေတော့သည်။

လုယိက နောက်ဆုံးတော့ သဝန်တိုမိလေတော့သည်။ "နောက်တစ်လနေရင် မင်းက ကလေးခေါ်ပြီး အရှေ့နန်းဆောင်ကို ဝင်တော့မှာ။ အဲဒီကျရင် ထိုက်ဇီဖေးနဲ့ နေ့တိုင်းတွေ့ရမှာပဲ။ ကြည့်ချင်သလောက် ကြည့်လို့ရတယ်"

သူထွက်သွားစဉ်က ချီယွင်သည် ဤမျှလောက် သံယောဇဉ်တွယ်တာသည့်ပုံ မပြခဲ့ချေ။

ချီယွင်က ရယ်မောကာ လုယိကို နှာခေါင်းရှုံ့ပြလိုက်ပြီး "မျက်နှာပြောင်လိုက်တာ။ သခင်မနဲ့တောင် လာပြီး သဝန်တိုနေတယ်ပေါ့လေ။ ရှင် သိအောင် ပြောပြလိုက်ဦးမယ်။ ကျွန်မရဲ့စိတ်ထဲမှာ သခင်မက အမြဲတမ်း နံပါတ်တစ်ပဲ။ ကျုံးအာက ဒုတိယ။ ရှင်ကတော့ တတိယနေရာလောက်မှာပဲ ရှိတာပါ"

လုယိ "..."

လုယိက စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။ "တော်သေးတာပေါ့။ ခွေး မမွေးထားလို့။ မဟုတ်ရင် ငါ့နေရာက နံပါတ်လေးနေရာ ရောက်သွားတော့မှာ"

လုမင်ယွိသည် ရယ်မောလိုက်မိပြီး ကလေးကို ဘေးနားရှိ နို့ထိန်းသည်ထံသို့ ပေးအပ်လိုက်သည်။ ထို့နောက် လုယိနှင့်အတူ ဘေးအခန်းသို့ သွားရောက်ကာ စကားပြောလိုက်လေသည်။

...

အခန်းထဲသို့ ရောက်ရှိသောအခါ လုယိသည် ရယ်မောနေသော မျက်နှာထားကို ပြောင်းလဲလိုက်ပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "ဒုတိယသခင်လေးက စစ်တပ်ထဲမှာ တပ်သားကောင်း လေးထောင့်ငါးရာ ရွေးထုတ်ထားပြီးပါပြီ။ အသက်အကြီးဆုံးက သုံးဆယ်ဝန်းကျင်ဖြစ်ပြီး အငယ်ဆုံးကတော့ အသက်နှစ်ဆယ်ပါ။ အနည်းဆုံး စစ်တပ်ထဲမှာ သုံးနှစ်လောက်နေဖူးတဲ့သူတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် စစ်ပွဲတွေ ၇နှစ် ၈နှစ်လောက် ကြုံဖူးတဲ့ စစ်သည်ဟောင်းတွေပါ"

စစ်မြေပြင်တွင် သတ်ဖြတ်မှုများကို တွေ့ကြုံခဲ့ဖူးသော စစ်သည်ဟောင်းများသည် ရဲရင့်ကြပြီး တစ်ယောက်လျှင် ဆယ်ယောက်နှင့် ညီမျှလေသည်။ အနည်းငယ် လေ့ကျင့်ပေးလိုက်ရုံဖြင့် အထူးတပ်သားကောင်းများ ဖြစ်လာပေလိမ့်မည်။

ဤကဲ့သို့သော စစ်သည်ဟောင်းများ လက်ထဲတွင် ရှိနေပါက တပ်သားသစ်များကိုလည်း တိတ်တဆိတ် စုဆောင်းနိုင်သေးသည်။ စစ်သည်ဟောင်းများက ဦးဆောင်ပါက သုံးလေးသောင်းအထိ တိုးချဲ့လျှင်လည်း ပြဿနာမရှိပေ။

လုယိသည် သူ့သခင်ကို ကြည့်လိုက်ပြီး စစ်သည်အင်အား ထပ်မံဖြည့်တင်းရန် လိုမလို သွယ်ဝိုက်မေးမြန်းလိုက်သည်။

လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "လောလောဆယ် မလိုသေးဘူး။ ငါ့မှာ ကိုယ်ရံတော်တပ်ဖွဲ့ ရှိနေတာကပဲ တော်တော်လေး ထင်ရှားနေပြီ။ ဘယ်လောက်များတဲ့ မျက်လုံးတွေက စောင့်ကြည့်နေမလဲ မသိနိုင်ဘူး။ နောက်ထပ် လူသစ်တွေ စုဆောင်းပြီး တိတ်တဆိတ် စစ်အင်အားမွေးနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ အရှင်မင်းကြီးက သံသယဝင်လာရင် ကောင်းတဲ့ကိစ္စ မဟုတ်တော့ဘူး"

"နင် အိမ်တော်မှာ ရက်နည်းနည်းလောက် နေပြီး ချီယွင်ကို အဖော်လုပ်ပေးလိုက်ဦး။ ပြီးတော့ အဲဒီစစ်သည်ဟောင်းတွေကိုလည်း ပတ်ဝန်းကျင်သစ်နဲ့ ဘဝသစ်မှာ အသားကျသွားအောင် လုပ်ပေးလိုက်ပါ"

"စစ်ရေးလေ့ကျင့်ဖို့ လွယ်ကူအောင် သူတို့ကို အကြီးဆုံး လယ်ယာမြေမှာ စုထားလိုက်။ တစ်နေ့ သုံးနပ် ဝအောင်ကျွေးထား။ လစဉ်ကြေးကို နှစ်ဆပေးလိုက်"

ယခင်က တပ်သားနှစ်ထောင်ကို လယ်ယာမြေလေးနေရာတွင် ခွဲထားရခြင်းမှာ လူအင်အားစုဝေးလွန်းပါက သံသယဝင်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ ယခုအခါ ကိုယ်ပိုင်တပ်ဖွဲ့ကို တရားဝင် မွေးမြူခွင့်ရပြီဖြစ်သဖြင့် ဤကဲ့သို့ စိုးရိမ်စရာ မလိုတော့ပေ။

အကြီးဆုံး လယ်ယာမြေတွင် ဧကတစ်ထောင်ကျော်ရှိသဖြင့် စစ်တန်းလျားဆောက်လုပ်ရန်နှင့် နေ့စဉ်လေ့ကျင့်ရန် လုံလောက်လေသည်။

လုယိက တစ်ခုချင်းစီ မှတ်သားလိုက်ပြီး အကြံပြုလိုက်သည်။ "သူတို့က စစ်တိုက်ဖူးတဲ့ စစ်သည်ဟောင်းတွေဆိုတော့ သာမန်လေ့ကျင့်ရေးလောက်ကတော့ အေးဆေးပါပဲ။ ကျွန်တော် စဉ်းစားထားတာက နောက်ပိုင်းကျရင် စစ်ဗျူဟာခင်းကျင်းတာကို အဓိကထားပြီး လေ့ကျင့်ပေးမလို့ပါ။ လူငါးယောက်ကို အဖွဲ့ငယ်တစ်ဖွဲ့၊ ငါးဖွဲ့ကို အဖွဲ့ကြီးတစ်ဖွဲ့ ဖွဲ့စည်းမယ်။ ဓား၊ လှံ၊ လှံရှည် ကိုင်တဲ့သူတွေနဲ့ မြှားပစ်သမားတွေကို တွဲဖက်ပေးပြီး တိုက်ခိုက်နိုင်စွမ်း အမြင့်ဆုံးရောက်အောင် လုပ်ဆောင်ပါမယ်"

ရှင်းယန်စစ်တပ်သည်လည်း စစ်ဗျူဟာခင်းကျင်းလေ့ကျင့်ကြသည်။

သို့သော် စစ်မြေပြင်တွင် ကျဆုံးမှုနှုန်းများပြားသဖြင့် သည်လောက်အထိ အသေးစိတ် မလုပ်ဆောင်နိုင်ပေ။ များသောအားဖြင့် ဆယ်ယောက်တစ်ဖွဲ့၊ လူတစ်ရာ တစ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလေ့ရှိသည်။

လုယိ တင်ပြသော အဖွဲ့ငယ်ဖွဲ့စည်းပုံမှာ လူတိုင်း၏ တိုက်ခိုက်နိုင်စွမ်းကို အမြင့်ဆုံးအထိ အသုံးချနိုင်ရန် ဖြစ်သည်။

လုမင်ယွိက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ စစ်ရေးလေ့ကျင့်တဲ့ကိစ္စကို နင့်လက်ထဲ အပြည့်အဝ အပ်လိုက်မယ်။ နောက်သုံးလနေရင် ငါကိုယ်တိုင် လာကြည့်မယ်"

လုယိသည် လေကြီးမိုးကြီး ပြောတတ်သူမဟုတ်သဖြင့် ရင်ဘတ်ထုပြီး ကတိမပေးသော်လည်း လေးစားစွာဖြင့် လက်ခံလိုက်လေသည်။

လုမင်ယွိက ပြုံးကာ ဆက်ပြောလိုက်သည်။ "အရင်တုန်းက နင်က ငါ့ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ဆိုတော့ ရာထူးအဆင့်အတန်း မရှိဘူး။ အခု အရှင်မင်းကြီးက ငါ့ကို ကိုယ်ပိုင်တပ်ဖွဲ့ထောင်ဖို့ ခွင့်ပြုလိုက်ပြီဆိုတော့ နင်က ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ်မှူး ဖြစ်သွားပြီ။ တပ်မှူးကျော်လိုပဲ တရားဝင် ဝတ်စုံဝတ်ပြီး လစာရဖို့ ထိုက်တန်သွားပြီ"

"ငါ စစ်ဘက်ရေးရာဌာနကို လူလွှတ်ပြီး ပြောထားပြီးပြီ။ နောက်ရက်နည်းနည်းနေရင် အမိန့်စာထွက်လာတာနဲ့ နင်က အဆင့်၆ ကျောက်ဝူတပ်မှူး ဖြစ်ပြီ"

လုယိသည် စိတ်အားတက်ကြွသွားပြီး လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "သခင်မရဲ့ ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်တော်က အရာရှိ ဖြစ်တာ မဖြစ်တာ အရေးမကြီးပါဘူး။ ဒါပေမဲ့ တရားဝင် ရာထူးတစ်ခုရှိတော့ သခင်မအတွက် မျက်နှာပန်းလှတာပေါ့"

လုမင်ယွိက ပြုံးကာ လုယိကို တစ်ချက်ကြည့်လိုက်သည်။ "ငါ့ရှေ့ရောက်မှ အပေါ်ယံစကားတွေ လာပြောနေတယ်"

လုယိက ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။ "ထိုက်ဇီဖေးက အမှန်အတိုင်း ကြားချင်တယ်ဆိုရင်လည်း ပြောပြရတာပေါ့။ တကယ်တော့ ကျွန်တော်က တပ်မှူးကျော်ကို ကြည့်မရဖြစ်နေတာ ကြာပြီ။ နောက်ဆို ကျွန်တော့်ရာထူးက သူနဲ့တူတူပဲ ဖြစ်သွားပြီ။ လက်အောက်ငယ်သား အရေအတွက်ကလည်း သူ့ထက် ၅ဆတောင် များသေးတယ်။ နောက်ဆိုရင် ဟိတ်ဟန်ထုတ်ရမယ့်သူက ကျွန်တော် ဖြစ်သွားပြီပေါ့"

...

All Chapters