အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အပိုင်း (၄၅၇) သစ္စာရှိခြင်း (၂)
ဤကဲ့သို့ နှိုင်းယှဉ်တွေးတောခြင်းမှာ သဘာဝပင်။
လုယိသည် ကိုယ်ခံပညာတွင် အလွန်ထူးချွန်ပြီး စစ်ရေးလေ့ကျင့်ပေးနိုင်စွမ်းတွင်လည်း တပ်မှူးကျော်ထက် များစွာ သာလွန်လေသည်။ သို့သော် တပ်မှူးကျော်သည် ယခင်က မင်းသား၏ ကိုယ်ရံတော်တပ်မှူးဖြစ်ခဲ့ပြီး ယခုအခါ အရှေ့နန်းဆောင်၏ ကိုယ်ရံတော်တပ်မှူး ဖြစ်နေသဖြင့် မည်သည့်နေရာသွားသွား သူ့ထက် ပို၍ မျက်နှာပန်းလှနေသည်။
လုယိသည် စိတ်ထဲတွင် အမြဲတမ်း မကျေမနပ် ဖြစ်နေခဲ့သည်။ ယနေ့မှစ၍ သူသည် ခေါင်းမော့ရင်ကော့နိုင်လေပြီ။
လုမင်ယွိသည် တခစ်ခစ် ရယ်မောလိုက်လေသည်။ "နင် စစ်သည်တွေကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်ပါ။ နင့်ရဲ့ အရည်အချင်းအစစ်အမှန်ကို တပ်မှူးကျော် ကောင်းကောင်းကြီး မြင်သွားပြီး လုံးဝ အရှုံးပေးသွားအောင် လုပ်ပြလိုက်ရင် ပိုပြီး ကျေနပ်စရာ မကောင်းဘူးလား"
လုယိက ရယ်မောကာ ပြောလိုက်\။ "အဲဒီမြင်ကွင်းကို တွေးလိုက်တာနဲ့တင် အခုချက်ချင်း စစ်ရေးလေ့ကျင့်ဖို့ သွားချင်နေပြီ"
စနောက်ပြီးနောက် လုမင်ယွိသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။ "ဒီကိုယ်ရံတော် ငါးထောင်ကို နင့်လက်ထဲ အပ်လိုက်ပြီ။ လုယိ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်"
လုယိသည် ရင်ကော့လိုက်ပြီး တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "ထိုက်ဇီဖေး စိတ်ချပါ။ ကျွန်တော် ထိုက်ဇီဖေးရဲ့ ယုံကြည်မှုကို လုံးဝ အလွဲအချော် မခံပါဘူး"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ချီယွင်ကို နှုတ်ဆက်လိုက်လေသည်။
လုမင်ယွိ ထွက်သွားသောအခါ ချီယွင်သည် တိတ်တဆိတ် မျက်ရည်သုတ်နေမိတော့သည်။
လုယိသည် စိတ်မကောင်းဖြစ်သွားပြီး ပြုံးကာ ချီယွင်၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ "ထိုက်ဇီဖေးက မင်းကို သီးသန့်လာတွေ့တာလေ။ ဒါက ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလဲ။ မင်းက ဘာလို့ ငိုနေရတာလဲ"
ချီယွင်က နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်မ ထိုက်ဇီဖေးနဲ့ မခွဲနိုင်လို့ပါ"
"နောက်တစ်လနေရင် မင်း နန်းတော်ထဲ ဝင်ရတော့မှာ။ ထိုက်ဇီဖေးနဲ့ တစ်နေကုန် အတူနေရတော့မှာပဲဟာ" လုယိက ပြုံးကာ ချီယွင်ကို ချော့လိုက်သည်။
ချီယွင်သည် လုယိ၏ ပခုံးကို မှီလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ထိုက်ဇီဖေးက ရှင့်ကို အရမ်းယုံကြည်တာ။ ရှင့်အတွက် တပ်မှူးရာထူးကို တောင်းပေးတဲ့အပြင် ကိုယ်ရံတော်တပ်ဖွဲ့ကိုလည်း ရှင့်လက်ထဲ အပ်လိုက်သေးတယ်။ ရှင် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်နော်"
လုယိက ရယ်မောလိုက်သည်။ "ဒါက ပြောစရာတောင် မလိုပါဘူး။ နင် စိတ်ချသာနေ။ သာ့ဝေတိုင်းပြည်မှာ နာမည်ကြီးမယ့် ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်လာအောင် ငါ လေ့ကျင့်ပေးမှာ"
...
လုမင်ယွိသည် နန်းတော်ပြင်ပသို့ ထွက်၍ ချီယွင်နှင့် လုယိကို တွေ့ဆုံပြီးနောက် စိတ်အခြေအနေ အထူးကောင်းမွန်နေလေသည်။
သူမသည် နေ့လယ်ဘက်တွင် နန်းတော်မှ ထွက်ခွာခဲ့ပြီး အိမ်တော်တွင် နှစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် နန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် ကစားနေကြပြီး မိခင်ဖြစ်သူ၏ အရိပ်ကို မြင်သည်နှင့် တာစူကာ ပြေးလာကြပြီး လုမင်ယွိ၏ ရင်ခွင်ထဲသို့ အတူတူ ခုန်ဝင်လာကြတော့သည်။ လုမင်ယွိသည် အားသန်သူဖြစ်သဖြင့် သားသမီးနှစ်ယောက်လုံးကို လွယ်ကူစွာ ပွေ့ချီလိုက်လေသည်။
"မေမေ၊ ဘယ်တွေ သွားနေတာလဲ" ရွှီအာက မိခင်ဖြစ်သူ၏ လည်ပင်းကို ဖက်ကာ မေးလိုက်သည်။ "သား အိပ်ရာနိုးတော့ မယ်မယ့်ကို လိုက်ရှာနေတာ"
ရွှမ်းအာက ရွှီအာ၏ လိမ်ညာမှုကို ချက်ချင်း ဖော်ထုတ်လိုက်သည်။ "ကိုကို မရှာပါဘူး။ နိုးတာနဲ့ သမီးကို လာခေါ်ပြီး ကစားတာလေ"
ရွှီအာသည် ရှက်ရမ်းရမ်းကာ ဒေါသထွက်သွားပြီး ရွှမ်းအာကို တွန်းလိုက်သည်။
ရွှမ်းအာသည် အနိုင်ကျင့်ခံမည့်သူ မဟုတ်သဖြင့် ရွှီအာ၏ လက်မောင်းကို ဆွဲကာ ကိုက်လိုက်တော့သည်။
အလွန်လျင်မြန်လွန်းသဖြင့် လုမင်ယွိပင် တားဆီးချိန် မရလိုက်ချေ။
ရွှီအာသည် အကိုက်ခံရသော်လည်း မငိုဘဲ ရွှမ်းအာ၏ လက်မောင်းကို ချက်ချင်း ပြန်ကိုက်လိုက်လေသည်။ ဒီတစ်ခါတော့ လုမင်ယွိ တားဆီးချိန် ရလိုက်သော်လည်း သူမ ဘာမှ ဝင်မပြောဘဲနေလိုက်သည်။
ရွှမ်းအာသည် အကိုက်ခံရပြီးနောက် အော်ဟစ်ငိုကြွေးတော့သည်။ "မေမေ၊ ကိုကို သမီးကို ကိုက်တယ်"
ရွှီအာက ဒေါသတကြီးဖြင့် ပြောလေသည်။ "ညီမလေးက အရင်ကိုက်တာလေ"
ရွှမ်းအာသည် ပုံမှန်အားဖြင့် ဗိုလ်ကျလေ့ရှိပြီး အကိုဖြစ်သူ၏ အရာရာကို လုယူတတ်သည်။ ယနေ့ ရွှီအာက သူမကို အလျှော့မပေးသဖြင့် ဝမ်းနည်းသွားပြီး ကျယ်လောင်စွာ ငိုကြွေးတော့သည်။ "မေမေ၊ ကိုကို့ကို ရိုက်ပေး"
ရွှီအာသည် လုမင်ယွိကို ကြည့်ပြီး တိုးတိုးလေး ခုခံပြောဆိုလေသည်။ "မေမေ၊ ညီမလေးက သားကို အရင်ကိုက်တာပါ"
လုမင်ယွိက ရွှီအာကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။ "မေမေ အကုန်မြင်ပါတယ်။ သား အမှားမဟုတ်ပါဘူး"
ရွှီအာသည် သက်ပြင်းချလိုက်သော်လည်း ရွှမ်းအာက မကျေနပ်ဘဲ ဆူပူသောင်းကျန်းတော့သည်။ "ကိုကို ကိုက်တာ။ မေမေ ကိုကို့ကို ရိုက်ပေး"
လုမင်ယွိသည် မျက်မှောင်ကြုတ်ကာ မျက်နှာထား တင်းမာလိုက်ပြီး သားသမီးနှစ်ယောက်လုံးကို အောက်ချလိုက်လေသည်။
မောင်နှမနှစ်ယောက်လုံး မိခင်ကို အကြောက်ဆုံးပင်။ လုမင်ယွိ မျက်နှာတင်းလိုက်သည်နှင့် ရွှီအာသည် မတ်မတ်ရပ်လိုက်ပြီး ရွှမ်းအာလည်း မငိုရဲတော့ဘဲ ငြိမ်သက်စွာ ရပ်နေလေတော့သည်။
မေမေ စိတ်ဆိုးရင် တကယ်ရိုက်တတ်တယ်လေ။
လုမင်ယွိက တည်ငြိမ်သော မျက်နှာထားဖြင့် ရွှမ်းအာကို မေးလိုက်သည်။ "မေမေ ဒီနေ့ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။ သမီးက ကိုကို့ကို အရင်စကိုက်တာ။ ပြောစမ်း၊ ဘာလို့ ကိုကို့ကို ကိုက်တာလဲ"
ရွှမ်းအာသည် ဝမ်းနည်းစွာဖြင့် မျက်ရည်ဝဲလာလေသည်။ "ကိုကို သမီးကို တွန်းလို့"
လုမင်ယွိက ရွှီအာဘက် လှည့်ကြည့်လိုက်သည်။
ရွှီအာက ချက်ချင်း အမှားဝန်ခံလိုက်သည်။ "ညီမလေး၊ ကိုကို တောင်းပန်ပါတယ်။ ကိုကို မတွန်းခဲ့သင့်ဘူး"
ရွှမ်းအာက ရှိုက်သံလေးဖြင့် ပြန်ပြောလေသည်။ "ရပါတယ်။ ကိုကို၊ သမီး တောင်းပန်ပါတယ်။ သမီး မကိုက်ခဲ့သင့်ဘူး"
ရွှီအာသည် ညီမဖြစ်သူကို သနားသွားပြန်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ညီမလေးက အားသန်တော့ ကိုက်လိုက်တာ အရမ်းနာတာပဲ။ နောက်ကျရင် နည်းနည်း လျှော့ကိုက်နော်။ ဒါဆိုရင် ကိုကို ပြန်မကိုက်တော့ဘူး"
ရွှမ်းအာသည် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်"
မောင်နှမနှစ်ယောက်သည် လူကြီးပေါက်စလေးများကဲ့သို့ အပြန်အလှန် ပြောဆိုနေကြသဖြင့် လုမင်ယွိ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမသည် သားသမီးနှစ်ယောက်၏ အင်္ကျီလက်မောင်းကို လှန်ကြည့်လိုက်ရာ ဖြူဖွေးနုနယ်သော လက်မောင်းလေးများပေါ်တွင် သွားရာများ ထင်ကျန်နေသည်။ တစ်ယောက်က သက်သာပြီး တစ်ယောက်က ပြင်းထန်လေသည်။
ရွှီအာ၏ လက်မောင်းပေါ်မှ သွားရာသည် ပိုနက်ပြီး သွေးစလေးများပင် ထွက်လုနီးပါး ဖြစ်နေတော့သည်။
လုမင်ယွိသည် စိတ်မကောင်းစွာဖြင့် ရွှီအာ၏ ပါးပြင်လေးကို ပွတ်သပ်ပေးလိုက်ပြီး ရွှမ်းအာကို တစ်ချက် ကြည့်လိုက်လေသည်။
ရွှမ်းအာသည် ကျောချမ်းသွားပြီး ခေါင်းငုံ့ကာ ထပ်မံ အမှားဝန်ခံလိုက်သည်။ "မေမေ ပြောဖူးတယ်လေ။ သမီးက အားသန်တော့ ထိန်းရမယ်လို့။ ဒီနေ့ သမီး မေ့သွားတယ်။ နောက်ဆို မလုပ်တော့ပါဘူး"
ရွှီအာသည် ညီမဖြစ်သူအတွက် ဝင်ပြောပေးလေသည်။ "မေမေ၊ ညီမလေး အမှားသိပါပြီ။ မေမေ ညီမလေးကို မျက်စောင်းမထိုးပါနဲ့။ သူ ကြောက်ပြီး ငိုတော့မယ်"
လူကြီးတစ်ယောက်လို တည်တည်ငြိမ်ငြိမ် ပြောနေပုံလေးက ချစ်စရာကောင်းသလို ရယ်စရာလည်း ကောင်းလှသည်။
လုမင်ယွိသည် ရယ်ချင်စိတ်ကို ထိန်းကာ မျက်နှာတင်းထားဆဲပင်။ "သားက ဝင်ပြောပေးလို့ ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ မေမေ တကယ်ရိုက်မှာနော်"
ရွှီအာနှင့် ရွှမ်းအာတို့သည် သက်ပြင်းချလိုက်ကြသည်။
ထို့နောက် နေ့တစ်ဝက်လုံး လိမ္မာနေကြတော့သည်။
...
လီကျင့် ပြန်ရောက်လာသောအခါ အသားမကျသလို ဖြစ်နေပြီး ပြုံးကာ မေးလိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာ ဒီနေ့ ဘာလို့ ဒီလောက် ငြိမ်နေကြတာလဲ" သားသမီးနှစ်ယောက်သည် နေ့စဉ် အားအင်ကုန်ခမ်းသည်မရှိ ဆူညံပွက်လောရိုက်နေတတ်သည်။ ဒီနေ့မှ သိပ်လိမ္မာနေပြီး သူ့ကိုတောင် ဦးညွှတ်နှုတ်ဆက်နေကြသေးသည်။
ဖခင်ဖြစ်သူအနေဖြင့် အံ့အားသင့်သွားရသည်။
လုမင်ယွိ၏ မျက်ဝန်းများတွင် အပြုံးရိပ်သန်းသွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ညနေက တစ်ခါ သောင်းကျန်းကြလို့ ကျွန်မ ဆုံးမလိုက်တာ"
လီကျင့်သည် ကလေးများကို အလိုလိုက်တတ်သူ ဖြစ်သဖြင့် အလိုအလျောက် ပြောလိုက်မိသည်။ "ကလေးတွေက ငယ်ပါသေးတယ်။ ဘာမှ နားမလည်သေးဘူးလေ။ ကြီးလာရင် နားလည်သွားမှာပါ"
ဒီစကားက ရင်းနှီးနေသလိုပဲ။
ချောင်မိဖုရားခေါင် ပြောနေကျ စကားပင်။
လုမင်ယွိက ပြုံးကာ မျက်စောင်းထိုးလိုက်သည်။ "နှစ်နှစ်ကျော်နေပြီ။ ထုံးတမ်းတွက်နည်းအရဆိုရင် လေးနှစ်ရှိပြီ။ နောက်နှစ်ဆို စာစသင်ရတော့မှာ။ အခုကတည်းက မဆုံးမရင် အကျင့်ပျက်သွားလိမ့်မယ်။ ကြီးမှ ဘယ်လိုလုပ် ထိန်းနိုင်တော့မှာလဲ"
လီကျင့်က ချက်ချင်း ပြောလိုက်သည်။ "ထိုက်ဇီဖေး ပြောတာ မှန်ပါတယ်ဗျာ"
လုမင်ယွိက ရယ်မောကာ သူ့ကို နှာခေါင်းရှုံ့ပြလိုက်တော့သည်။
လင်မယားနှစ်ယောက်သည် ကလေးများကို ခေါ်ဆောင်ပြီး ကျောင်းဖန်နန်းဆောင်သို့ ညစာစားရန် သွားရောက်ကြလေသည်။
ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်တွင် ရက်ဆက် ညအိပ်နေပြီး မုန့်ဖေး ပြန်လည်မျက်နှာသာပေးခံရပြီးနောက် အလွန် မျက်နှာပွင့်လန်းနေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းဖန်နန်းဆောင်သည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ယုံးကျားဧကရာဇ် ပြန်ရောက်လာပြီးနောက် ကျောင်းဖန်နန်းဆောင်သို့ ခြေတစ်လှမ်းမျှ မချသေးပေ။
ယခင်က ချောင်မိဖုရားခေါင်သည် မျက်နှာသာပေးမခံရသော်လည်း ရသင့်ရထိုက်သော ဂုဏ်သိက္ခာတော့ ရှိခဲ့သည်။ လဆန်းတစ်ရက်နှင့် လပြည့်နေ့တိုင်း အရှင်မင်းကြီးသည် ကျောင်းဖန်နန်းဆောင်သို့ ကြွရောက်လေ့ရှိသည်။ စစ်ပွဲမှ ပြန်ရောက်လာသော ပထမဆုံးညတွင်လည်း ကျောင်းဖန်နန်းဆောင်တွင် အိပ်စက်လေ့ရှိသည်။
ဒီတစ်ခါတော့ ယုံးကျားဧကရာဇ်သည် ထုံးစံကို ဖောက်ဖျက်ကာ မိဖုရားခေါင်ကို လုံးဝ လစ်လျူရှုထားပြီး ချောင်မိဖုရားခေါင်၏ သိက္ခာကို မြေသို့ချလိုက်သည်။
အရှင်မင်းကြီး မည်သည့်နေရာတွင် အိပ်စက်သည်ကို မည်သူမျှ ဝင်မစွက်ဖက်ရဲပေ။ မယ်တော်ကြီးကျောက်ပင်လျှင် ဘာမှမပြောနိုင်ပေ။ ချောင်မိဖုရားခေါင် ဤသို့ ဆက်ဆံခံရခြင်းသည် အရှေ့နန်းဆောင်အပေါ် အရှင်မင်းကြီး၏ မကျေနပ်မှုကို ပြသခြင်းပင်။
လီကျင့်သည် မိခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပြီး လုမင်ယွိသည်လည်း ယောက္ခမဘက်မှ ရပ်တည်ပေးရသည်။ နေ့စဉ် မနက်ည ဂါရဝပြုရုံသာမက နေ့လယ်စာနှင့် ညစာကိုပါ ချောင်မိဖုရားခေါင်နှင့်အတူ သွားရောက်စားသောက်ကြသည်။
ခြေသံကြားသောအခါ ချောင်မိဖုရားခေါင်သည် ကိုယ်တိုင် ထွက်ကြိုလေသည်။
...
ရိုးရာတွက်နည်းအရ အသက် ၄နှစ်ဖြစ်သွားတာက ကလေးမွေးမွေးချင်းကို ၁ နှစ်လို့ သတ်မှတ်ပါတယ်။ ပြီးတော့ တရုတ်နှစ်သစ်ကူး ရောက်တိုင်း ၁ နှစ် တိုးပါတယ်။
ဥပမာ- ကလေးက နှစ်ကုန်ခါနီးမှာ မွေးတယ်ဆိုရင် မွေးချင်းမှာ ၁ နှစ်၊ နောက် ၂ လလောက်နေလို့ နှစ်သစ်ကူးတာနဲ့ ၂ နှစ် ဖြစ်သွားပါတယ်။ တကယ်တမ်း ကလေးက ၂ လသားပဲ ရှိသေးပေမဲ့ တွက်နည်းအရ ၂ နှစ် ဖြစ်သွားတာမျိုးပါ။
...
အပိုင်း (၄၅၈) အလယ်နန်းဆောင် (၁)
တောက်ပသော နန်းတော်မီးရောင်အောက်တွင် ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်မှ အရေးအကြောင်းများသည် ပိုမိုနက်ရှိုင်းလာသယောင်။ တည်ငြိမ်သော မျက်နှာထားက တမင်တကာ လစ်လျူရှုခံထားရသည့် အထီးကျန်ဆန်မှုနှင့် ဝမ်းနည်းမှုများကို မဖုံးကွယ်နိုင်ပေ။
လီကျင့်၏ ရင်ထဲတွင် နာကျင်သွားပြီး ခြေလှမ်းကျဲများဖြင့် ရှေ့သို့တိုးကာ မေးလိုက်သည်။ "မူဟုပ်၊ ဘာလို့ ထွက်လာတာလဲ"
ချောင်မိဖုရားခေါင်က ပုံမှန်အတိုင်း ပြုံးလိုက်သည်။ "ပန်ကုံး အချိန်တွက်ကြည့်လိုက်တော့ သားတို့ ရောက်လောက်ပြီဆိုပြီး ထွက်ကြိုတာ။ တကယ်ပဲ ရောက်လာတာပဲ"
လီကျင့်သည် ပိုပြီး စိတ်မကောင်းဖြစ်သွားသော်လည်း စကားများများ မပြောရဲပေ။
လုမင်ယွိသည် ချွေးမတစ်ယောက်အနေဖြင့် ပိုလို့ပင် ဝင်မပြောသင့်ပေ။ သို့သော် သူမတွင် ချောင်မိဖုရားခေါင်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းရှိလေသည်။ သူမက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာ၊ မြန်မြန်၊ ဘွားဘွားကို နှုတ်ဆက်လိုက်ဦး"
ချစ်စရာကောင်းသော မောင်နှမနှစ်ယောက်သည် ရှေ့သို့တိုးလာပြီး လက်သီးဆုပ်လေးများကို ပွေ့ကာ ဂါရဝပြုလိုက်ကြသည်။ "ဘွားဘွားကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်သည် ပါးစပ်မစေ့နိုင်အောင် ပျော်ရွှင်သွားပြီး တတွတ်တွတ် ပြောလေတော့သည်။ "လိမ္မာလိုက်ကြတာ။ မြန်မြန်၊ ဖွားဖွားဆီ လာကြ။ ဖွားဖွားက စားဖိုဆောင်မှာ မြေးတို့ကြိုက်တာတွေ ပြင်ခိုင်းထားတယ်။ ထမင်းစားခန်းကို သွားကြစို့"
ရွှီအာနှင့် ရွှမ်းအာတို့သည် ရယ်မောကာ ချောင်မိဖုရားခေါင်၏ ဘေးသို့ သွားရောက်ကြပြီး ဘယ်ညာတစ်ဖက်စီ လက်ဆွဲလိုက်ကြသည်။ ကလေးသဘာဝ စကားသံလေးများက ပိုလို့ပင် ချစ်စရာကောင်းလှသည်။ "ဖွားဖွား၊ နေ့တစ်ဝက်လောက် မတွေ့ရတာတောင် သားက လွမ်းနေတာ"
"ဖွားဖွားကလည်း လွမ်းတာပေါ့။ နောက်ဆို နေ့လယ်စာစားပြီးရင် အရှေ့နန်းဆောင်ကို ပြန်မသွားဘဲ ကျောင်းဖန်နန်းဆောင်မှာပဲ နေ့လယ်စာအိပ်လိုက်။ ဒါဆို ဖွားဖွားက မြေးတို့ကို အမြဲတွေ့ရပြီပေါ့"
ချောင်မိဖုရားခေါင်သည် ကလေးများကို အလိုလိုက်ရာတွင် နာမည်ကြီးပြီး မြေးများကို ဘာမဆို ဖြည့်ဆည်းပေးတတ်သူ ဖြစ်သည်။ ရွှီအာနှင့် ရွှမ်းအာတို့သည် ဖွားဖွားကို အလွန်ချစ်ခင်ကြသဖြင့် ပျော်ရွှင်စွာ လက်ခံလိုက်ကြရာ ချောင်မိဖုရားခေါင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
မျက်ဝန်းနှင့် မျက်ခုံးကြားမှ အထီးကျန်မှုများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
မြေးများ ဝိုင်းရံနေသည့် မိသားစုပျော်ရွှင်မှုက ဟိုခွေးကောင်ထက် ပိုမကောင်းပေဘူးလား။
လုမင်ယွိက အသာပြုံးလိုက်ပြီး ရှေ့သို့တိုးကာ ပြောလိုက်သည်။ "ရွှီအာ၊ ရွှမ်းအာ၊ အရမ်းမဆော့ကြနဲ့နော်"
ချောင်မိဖုရားခေါင်က ချက်ချင်း ဝင်ပြောလိုက်သည်။ "ဒီလောက်ငယ်တဲ့ ကလေးတွေက ဘာနားလည်မှာလဲ။ ကစားတာက သဘာဝပဲ။ ဒီနေရာက တခြားနေရာမှ မဟုတ်တာ။ ဖွားဖွားရှေ့မှာ ကြိုက်တာလုပ်လို့ရတယ်"
ရွှီအာနှင့် ရွှမ်းအာတို့သည် ပျော်ရွှင်စွာဖြင့် "ရေး" ဟု အော်ဟစ်လိုက်ကြသည်။
လုမင်ယွိ "..."
လီကျင့်သည် အသံထွက်မတတ် ရယ်မောလိုက်ပြီး လုမင်ယွိ၏ လက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကလေးတွေ ကစားပါစေ"
ချောင်မိဖုရားခေါင် ဒီလောက် ပျော်ရွှင်နေတာ ရှားမှရှားပေသည်။
လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ညစာစားပြီးနောက် ချောင်မိဖုရားခေါင်နှင့်အတူ တစ်နာရီနီးပါး စကားပြောကာ ညဉ့်နက်မှ မိသားစုလေးယောက် ပြန်လည်ထွက်ခွာသွားကြသည်။
ကျောင်းဖန်နန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ချိုင်လန်သည် ချောင်မိဖုရားခေါင်ကို ရေချိုးအဝတ်လဲရန် ကူညီပေးလိုက်သည်။ ကျန်နန်းတွင်းသူများက အိပ်ရာခင်းကာ အမွှေးနံ့သာများ ထွန်းညှိပေးကြသည်။
ချောင်မိဖုရားခေါင်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ချိုင်လန်က ခြင်ထောင်ချပေးချိန်တွင် ရုတ်တရက် မေးလိုက်သည်။ "ဒီည အရှင်မင်းကြီးက ယန်ရှီနန်းဆောင်မှာပဲ အိပ်မှာလား"
ချိုင်လန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ဖြေလိုက်သည်။ "ဟုတ်ကဲ့"
ချောင်မိဖုရားခေါင်သည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် တိုးတိုးလေး အမိန့်ပေးလိုက်သည်။ "ပန်ကုံးရဲ့ အမိန့်ကို ဝမ်ကျဲယွီဆီ ပို့လိုက်။ မနက်ဖြန် ညနေကျရင် ဝမ်ကျဲယွီကို ဝမ်ဟွားနန်းဆောင်ဆီ မုန့်သွားပို့ခိုင်းလိုက်"
ချိုင်လန်က တိုးတိုးလေး လက်ခံလိုက်ပြီး ချောင်မိဖုရားခေါင်၏ မျက်နှာကို တစ်ချက်ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။ "ဒီရက်ပိုင်း မုန့်ဖေးက ပြန်ပြီးမျက်နှာသာပေးခံရတော့ မောက်မာလာလိုက်တာ စကားပြောရင်လည်း နားထောင်လို့ မကောင်းဘူး။ ဟွမ်ဟုပ်ညန်ညန်က ဘာလို့ မဆုံးမတာလဲ"
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်မှုများ ဖြတ်ပြေးသွားသည်။ "ပန်ကုံးက လစ်လျူရှုခံရမှာ မကြောက်ပါဘူး။ ဒီအသက်အရွယ် ရောက်နေမှတော့ ဘာများ ဖြေရှင်းလို့ မရတာရှိဦးမှာလဲ။ ဒါပေမဲ့ အရှင်မင်းကြီးက ယန်ရှီနန်းဆောင်ကို မြှောက်စားပြီး အလယ်နန်းဆောင်ရဲ့ သိက္ခာကို ချနေတာက အရှေ့နန်းဆောင်ကို သတိပေးနေတာပဲ"
"နန်းတွင်းက မိဖုရားတွေကို ကြည့်လိုက်ရင် မုန့်ဖေးကလွဲရင် ဘယ်သူမှ ဒီဓားနေရာကို ယူဖို့ မထိုက်တန်ဘူး။ ချင်ဖေးကတော့ နည်းနည်း လိုနေသေးတယ်။ အရှင်မင်းကြီးကလည်း မယ်တော်ကြီးကို ဆွဲမထည့်ချင်ဘူး"
"မုန့်ဖေးကလည်း တုံးအတဲ့သူ မဟုတ်ပါဘူး။ သူလည်း သဘောပေါက်လောက်မှာပါ။ သူက ပြန်ပြီး မျက်နှာသာပေးခံချင်ရင် အရှင်မင်းကြီးရဲ့ လက်ထဲက ဓားအဖြစ် လိုလိုလားလား ခံယူရမှာပဲ။ သူ ပျော်နေတယ်လို့ နင်က ထင်နေတာလား"
...
မုန့်ဖေး ပျော်နေသလား။
လုံးဝ မပျော်ပါဘူး။
မိန်းမတွေရဲ့ အာရုံခံစားမှုက အလွန် ထက်မြက်ပါတယ်။ ယောက်ျားတစ်ယောက်က ကိုယ့်အပေါ် တကယ်ချစ်လား ဟန်ဆောင်လားဆိုတာ ဖုံးကွယ်ထားလို့ မရပါဘူး။
ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်တွင် ညတိုင်း လာအိပ်သော်လည်း အပြင်လူများအမြင်တွင် ဂုဏ်ရှိသလောက် ကုတင်ပေါ်ရောက်လျှင်တော့ ပြီးစလွယ်သာ နေတတ်သည်။ ယခင်ကလို ကြင်နာမှုမျိုး မရှိတော့ပေ။
မုန့်ဖေး အနည်းငယ် စမ်းသပ်လိုက်ရုံဖြင့် ယုံးကျားဧကရာဇ်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။ နှလုံးသားတစ်ခုလုံး အေးစက်သွားတော့သည်။
နှစ်ပေါင်းများစွာ တစ်ဦးတည်း အချစ်ခံခဲ့ရခြင်းသည် လွန်ခဲ့သော သုံးနှစ်ကတည်းက ကုန်ဆုံးသွားခဲ့ပြီ။ သူမ မကျေမနပ်ဖြစ်နေလည်း စိတ်ပြောင်းသွားသော ယောက်ျားတစ်ယောက်ကို ပြန်ဆွဲခေါ်လို့ မရနိုင်တော့ပေ။
သူမ ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ဖြစ် ဘယ်လောက်ပဲ ဒေါသထွက်ထွက် အလကားပါပဲ။ ယုံးကျားဧကရာဇ်ကို ဆက်ပြီး မှီခိုကာ သူဖြစ်စေချင်သည့်အတိုင်း လုပ်ပေးရုံသာ ရှိတော့သည်။
အလယ်နန်းဆောင်ကို စိတ်ဒုက္ခပေးပြီး အရှက်ရစေခြင်းဖြင့် အရှေ့နန်းဆောင်၏ အင်အားကို လျော့နည်းစေရမည်။
အကယ်၍ သူမက ဓားအဖြစ် မခံယူလျှင် သူမအတွက် ပိုမိုဆိုးရွားသော ကံကြမ္မာက စောင့်ကြိုနေပေလိမ့်မည်။
ဖယောင်းတိုင်မီး တဖျပ်ဖျပ် လှုပ်ရှားနေပြီး ပိတ်ပါးစများလည်း ယိမ်းထိုးနေသည်။
ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ မုန့်ဖေးသည် ခဏမျှ လဲလျောင်းနေပြီးနောက် ထကာ ရေနွေးယူလာခိုင်းလိုက်သည်။ ထို့နောက် ယုံးကျားဧကရာဇ်ကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
ယုံးကျားဧကရာဇ်သည် ပြုံးကာ မုန့်ဖေး၏ ကျောပြင်ကို ပွတ်သပ်ပေးလိုက်၏။ "ဒီလို အစေခံတွေ လုပ်ရမယ့်အလုပ်မျိုးကို ကုန်းကုန်းတွေကို ခေါ်ခိုင်းလိုက်ရင် ရတာပဲ။ ဘာလို့ ကိုယ့်ချစ်သူကို ပင်ပန်းခံခိုင်းရမှာလဲ"
မုန့်ဖေးက ခေါင်းလှည့်ကာ ချွဲနွဲ့လိုက်သည်။ "ချန်ချဲ့က အရှင်မင်းကြီးကို ပြုစုရတာ ပျော်လို့ပါ"
အနည်းငယ် အိုမင်းရင့်ရော်နေသော မျက်နှာဖြင့် မိန်းမပျိုလေးကဲ့သို့ ချွဲနွဲ့နေပုံမှာ ကြည့်ရဆိုးနေလေသည်။
ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် နုပျိုလှပပြီး နူးညံ့သိမ်မွေ့သော မျက်နှာတစ်ခု ဖြတ်ခနဲ ပေါ်လာပြီး အတွေးများ လွင့်မျောသွားသည်။
ဒီလိုအချိန်မှာတောင် တခြားမိန်းမကို တွေးနေမိပါလား။
မုန့်ဖေးသည် တိတ်တဆိတ် အံကြိတ်လိုက်ပြီး အပြုံးများ တောင့်တင်းသွားသည်။ "ညဉ့်နက်နေပါပြီ။ အရှင်မင်းကြီး စောစော အနားယူလိုက်ပါဦး။ မနက်ဖြန် ညီလာခံတက်ဖို့ စောစောထရဦးမယ်လေ"
ယုံးကျားဧကရာဇ်သည် သမ်းဝေလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။
မုန့်ဖေးသည် ယုံးကျားဧကရာဇ်၏ ဘေးတွင် မှီတွယ်နေသော်လည်း အိပ်မပျော်နိုင်ပေ။ ရင်ထဲတွင် မီးတစ်စုံ လောင်ကျွမ်းနေသကဲ့သို့ ပူလောင်နေပြီး ကိုယ်တွင်းအင်္ဂါများပင် နာကျင်နေသလို ခံစားရသည်။
သူမသည် အတွင်းဘက်သို့ လှည့်လိုက်ရာ မျက်ရည်နှစ်စက် ကျဆင်းလာတော့သည်။
နောက်တစ်နေ့ နံနက်တွင် ယုံးကျားဧကရာဇ်ကို နှုတ်ဆက်ပြီးနောက် မုန့်ဖေးသည် အကြိုက်ဆုံး တောက်ပသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ကာ သေသေချာချာ ပြင်ဆင်လိုက်သည်။ ခေါင်းပေါ်တွင် ဖီးနစ်ပုံဆံထိုးကြီး နှစ်ချောင်းကို ထိုးစိုက်လိုက်ရာ လမ်းလျှောက်လိုက်တိုင်း ဆံထိုးပေါ်မှ ကျောက်မျက်များ တုန်ခါနေပြီး ဘေးနားမှ အလှဆင်ပစ္စည်းများလည်း ယိမ်းထိုးနေသည်။
"ချန်ချဲ့ ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်" နန်းတွင်းမိဖုရားများ ဂါရဝပြုကြရာတွင် မုန့်ဖေးသည် နောက်ဆုံးမှ ရောက်လာသူဖြစ်သည်။ လှပစွာ ပြင်ဆင်ထားသော မျက်နှာထက်တွင် မောက်မာသော အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။ "ဒီနေ့ ချန်ချဲ့ နောက်ကျပြန်ပြီ။ ဟွမ်ဟုပ်ညန်ညန် ခွင့်လွှတ်ပေးပါ"
ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် တည်ငြိမ်နေသည်။ "အရှင်မင်းကြီးကို ပြုစုတာက ပထမဦးစားပေးပဲ။ ဂါရဝပြုတာ နောက်ကျတာ ကိစ္စမရှိပါဘူး။ လာကြ၊ မုန့်ဖေးကို ဆုချလိုက်"
ဘေးနားရှိ နန်းတွင်းသူတစ်ဦးသည် သေတ္တာတစ်လုံးကို ကိုင်ဆောင်လာခဲ့သည်။
မုန့်ဖေးသည် တခစ်ခစ် ရယ်မောလိုက်ပြီး မိဖုရားခေါင်ကြီး၏ ကျေးဇူးကို တုံ့ပြန်လိုက်သည်။
ဒါသည် နန်းတွင်းထုံးစံတစ်ခုပင်။ ယခင်ညက အရှင်မင်းကြီးနှင့် အတူနေခဲ့သော မိဖုရားသည် ဂါရဝပြုရန် လာရောက်သောအခါ မိဖုရားခေါင်က အဝတ်အစားနှင့် လက်ဝတ်ရတနာများ ဆုချလေ့ရှိသည်။ ဒါသည်လည်း မိဖုရားခေါင်၏ ဂုဏ်သိက္ခာပင်။
ဤပြဇာတ်သည် ရက်ပေါင်းများစွာ ဆက်တိုက် ကပြနေခဲ့သည်။
ချင်ဖေး၏ ရင်ထဲတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်နေသော်လည်း မုန့်ဖေးကို ပြုံးကာ မြှောက်ပင့်ပေးရသည်။ "မုန့်ဖေးရဲ့ အသားအရေက ပိုပြီးလှလာသလိုပဲ"
နေ့တိုင်း ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ခံရမှတော့ မလှဘဲ နေမလား။
တောက်!
အသက်ကြီးနေပြီကို အရှင်မင်းကြီးကို လက်ဝါးကြီးအုပ်ထားတုန်း။ အနောက်နန်းဆောင်မှာ မိဖုရားတွေ အများကြီး စောင့်နေကြတာကို။ တကယ့်ကို မတရားဘူး။
နှစ်ပေါင်းများစွာ ပြိုင်ဆိုင်လာခဲ့ကြတာ ဘယ်သူက ဘယ်လိုလဲဆိုတာ သိနေကြတာပဲ။ မုန့်ဖေးသည် ချင်ဖေးကို အကြည့်တစ်ချက် စောင်းကြည့်လိုက်ရာ ရင်ထဲမှ မကျေနပ်မှုများ တစ်ဝက်ခန့် လျော့ပါးသွားတော့သည်။
ဘာပဲဖြစ်ဖြစ် လူအများအမြင်မှာ သူမက အနောက်နန်းဆောင်ရဲ့ နံပါတ်တစ် အချစ်တော်မိဖုရားပဲ။ မောက်မောက်မာမာ မနေရင် ကိုယ့်ရင်ထဲက ခံစားချက်နဲ့ ဘယ်တန်တော့မလဲ။
...
အပိုင်း (၄၅၉) အလယ်နန်းဆောင် (၂)
ချင်ဖေးသာမက အခြားသော မိဖုရားငယ်လေးများလည်း အလိုက်တသိဖြင့် မုန့်ဖေးကို ချီးကျူးမြှောက်ပင့်ကြလေသည်။
မုန့်ဖေးသည် ခေါင်းပေါ်ရှိ ရွှေဆံထိုးကြီးကို ထိလိုက်ပြီး မောက်မာစွာဖြင့် ဂုဏ်ယူနေတော့သည်။
ချောင်မိဖုရားခေါင်သည် မုန့်ဖေးက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ကို သိသော်လည်း မိမိကိုယ်ကို စိတ်ထိန်းရန် အကြိမ်ကြိမ် သတိပေးနေရသည်။ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း စိတ်ချမ်းသာစွာ နေခဲ့ရသဖြင့် မုန့်ဖေးသည် မည်မျှ စိတ်ပျက်စရာကောင်းကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေလေသည်။
ဂါရဝပြုသည့် ပြဇာတ်ကြီးသည် နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။
မုန့်ဖေးသည် ကြွားဝါလို့ ဝသွားသောအခါ တမင်တကာ သမ်းဝေလိုက်ပြီး ပင်ပန်းဟန်ဆောင်ကာ ပထမဆုံး နှုတ်ဆက်ထွက်ခွာလိုက်သည်။ "ချန်ချဲ့ နည်းနည်း ပင်ပန်းနေလို့ ယန်ရှီနန်းဆောင်မှာ သွားနားလိုက်ပါဦးမယ်"
ချောင်မိဖုရားခေါင်သည် ဒေါသကို မြိုသိပ်ကာ ခွင့်ပြုလိုက်ရလေသည်။
မုန့်ဖေးသည် အချစ်တော်မိဖုရားဟန်ပန်ဖြင့် ဝင့်ဝင့်ကြွားကြွား ထွက်ခွာသွားသည်။
မကြာမီ အခြားသော မိဖုရားများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် ဝမ်ကျဲယွီတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
"ဟွမ်ဟုပ်ညန်ညန် မနေ့ညက လူလွှတ်ပြီး ပြောထားတာကို ချန်ချဲ့ သိပါတယ်" ဝမ်ကျဲယွီက တိုးတိုးလေး ပြောလိုက်သည်။ "ဒီနေ့ညနေကျရင် ချန်ချဲ့ မျက်နှာပြောင်တိုက်ပြီး ဝမ်ဟွားနန်းဆောင်ကို သွားလိုက်ပါမယ်"
မိဖုရားခေါင်ကြီးအနေဖြင့် အဆင့်အတန်းနိမ့်ကျစွာ ယောက်ျားတစ်ယောက်၏ အချစ်ကို လိုက်လုနေစရာ မလိုပေ။ မိဖုရားခေါင်၏ ဂုဏ်သိက္ခာကိုလည်း အကျမခံနိုင်ပေ။
ဝမ်ကျဲယွီကို လွှတ်လိုက်ခြင်းက အသင့်တော်ဆုံးပင်။
ဝမ်ကျဲယွီက မုန့်ဖေး၏ နေရာကို ဝင်လုနိုင်လျှင် အကောင်းဆုံးပင်။ အကယ်၍ ယုံးကျားဧကရာဇ်က မကျေမနပ်ဖြစ်ပြီး ဝမ်ကျဲယွီကို မျက်နှာသာမပေးလျှင်လည်း ချောင်မိဖုရားခေါင်အတွက် နစ်နာစရာ မရှိပေ။
ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "အရှင်မင်းကြီးက နေ့တိုင်း တိုင်းပြည်အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး ပင်ပန်းနေရှာတာ။ အရှင်မင်းကြီးရဲ့ အပန်းဖြေစရာ ဖြစ်ခွင့်ရတာ မိဖုရားတွေရဲ့ ကံကောင်းခြင်းပဲ။ မင်း သွားတဲ့အခါ မင်းသမီးလေးကိုပါ ခေါ်သွားလိုက်။ သားအဖနှစ်ယောက် ရင်းနှီးသွားတာပေါ့"
ဝမ်ကျဲယွီက နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။
...
ထိုနေ့ညနေတွင် ဝမ်ကျဲယွီသည် မုန့်ပန်းကန်ကို ကိုင်ဆောင်ကာ ဝမ်ဟွားနန်းဆောင်သို့ ရောက်လာခဲ့သည်။ သူမ၏ နောက်တွင် နို့ထိန်းမေမေက မင်းသမီးလေးကို ဂရုတစိုက် ပွေ့ချီထားလေသည်။
ဝမ်ဟွားနန်းဆောင်ကို စောင့်ကြပ်နေသော ကုန်းကုန်းသည် ကြိုတင်မှာကြားထားခြင်း ခံရသဖြင့် ဝမ်ကျဲယွီကို မြင်သည်နှင့် ပြာပြာသလဲ ကြိုဆိုလိုက်သည်။ "ကျဲယွီညန်ညန် ခဏစောင့်ပါနော်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို သွားပြောပေးပါမယ်"
ဝမ်ကျဲယွီက ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျေးဇူးပါပဲ ကုန်းကုန်း"
ချောင်မိဖုရားခေါင်သည် နန်းတွင်းကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူဖြစ်သဖြင့် အရှင်မင်းကြီး၏ နံဘေးမှ ကုန်းကုန်းများကို စည်းရုံးထားပြီးဖြစ်သည်။
ခဏအကြာတွင် ကုန်းကုန်းသည် ပြုံးရွှင်စွာ ပြန်ထွက်လာသည်။ "အရှင်မင်းကြီးက သဝဏ်လွှာတွေ ဖတ်နေတာ တစ်နေကုန်ရှိပြီ။ အခု လက်ဖက်ရည်သောက်ပြီး အနားယူနေတုန်းပဲ။ ကျဲယွီညန်ညန် ရောက်လာတာ ကွက်တိပဲ။ အရှင်မင်းကြီးက ဝင်ခွင့်ပြုလိုက်ပါပြီ။ မင်းသမီးလေးကိုပါ ခေါ်သွားလိုက်ပါ"
ဝမ်ကျဲယွီသည် ကျေးဇူးတင်စကား ဆိုလိုက်ပြီး လက်တစ်ဖက်က မုန့်ပန်းကန်ကို ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် သမီးဖြစ်သူကို တွဲလျက် ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်။
နန်းဆောင်ထဲ ရောက်သည်နှင့် ဝမ်ကျဲယွီ ဂါရဝမပြုရသေးမီ မင်းသမီးလေးက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ "ခမည်းတော်"
မင်းသမီးလေးသည် ဖြူဖွေးနုနယ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးများက စပျစ်သီးများကဲ့သို့ တောက်ပနေသည်။ ပြုံးလိုက်လျှင် နှုတ်ခမ်းလေးက ပန်းပွင့်ဖတ်လေးကဲ့သို့ ဖြစ်သွားပြီး အသံလေးကလည်း ချိုသာလွန်းလှသည်။
ယုံးကျားဧကရာဇ်သည် သည်းမခံနိုင်တော့ဘဲ ပြုံးကာ ထလာပြီး မင်းသမီးလေးကို ပွေ့ချီလိုက်၏။ "ဖုဟွမ်ရဲ့ ဖျင်အန်းလေးက လိမ္မာလိုက်တာ"
မင်းသမီးလေးသည် တခစ်ခစ် ရယ်မောကာ ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။
ဝမ်ကျဲယွီက အလျင်စလို ပြောလိုက်သည်။ "ဖျင်အန်း၊ မြန်မြန်ဆင်း။ ဖုဟွမ်ကို ဂါရဝပြုလိုက်ဦး။ ရိုင်းပျရာ မကျစေနဲ့"
"ဒီလောက်ငယ်တဲ့ ကလေးက စကားတောင် ပီအောင်မပြောနိုင်သေးဘူး။ လမ်းလျှောက်တာတောင် ယိုင်တိုင်တိုင်နဲ့ ဘာဂါရဝပြုစရာ လိုသေးလို့လဲ" ယုံးကျားဧကရာဇ်က ချက်ချင်း ရယ်မောကာ ပြောလိုက်သည်။ "မင်းလည်း ဂါရဝပြုမနေနဲ့တော့။ လာ၊ ကျန်းနဲ့ စကားလာပြော"
လက်တစ်ဖက်က မင်းသမီးလေးကို ပွေ့ထားပြီး ကျန်လက်တစ်ဖက်က ဝမ်ကျဲယွီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ဝမ်ကျဲယွီသည် ပါးပြင်လေးများ နီမြန်းကာ ခေါင်းညိတ်လိုက်ပြီး အနားသို့ တိုးကပ်လိုက်သည်။
ယုံးကျားဧကရာဇ်သည် ပန်းပွင့်လေးကဲ့သို့ လှပနေသော ဝမ်ကျဲယွီကို ကြည့်ကာ ရင်ထဲတွင် နွေးထွေးသွားသည်။ ဝမ်ကျဲယွီ၏ လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကျန်း ပြန်ရောက်ကတည်းက အလုပ်တွေများနေလို့ မင်းရဲ့ နန်းဆောင်ကို မလာဖြစ်ဘူး။ ကျန်းကို စိတ်ဆိုးနေလား"
ဝမ်ကျဲယွီသည် မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်၏။ "ချန်ချဲ့က အရှင်မင်းကြီး ကျန်းမာပြီး တိုင်းရေးပြည်ရာ အဆင်ပြေဖို့ပဲ ဆုတောင်းနေတာပါ။ ဘယ်လိုလုပ် စိတ်ဆိုးရဲမှာလဲ"
"မုန့်ဖေးက အရှင်မင်းကြီးကို ပြုစုလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အရှင်မင်းကြီး အချစ်ဆုံးဆိုတာလည်း သိပါတယ်။ အရှင်မင်းကြီး ယန်ရှီနန်းဆောင်ကို သွားတာ သဘာဝပါပဲ။ ချန်ချဲ့က အရှင်မင်းကြီးကို အရမ်းလွမ်းလို့ ဒီနေ့ မျက်နှာပြောင်တိုက်ပြီး လာတွေ့တာပါ။ အရှင်မင်းကြီး စိတ်မရှိပါနဲ့နော်"
ယုံးကျားဧကရာဇ်သည် တပ်မက်သောအကြည့်များဖြင့် ကြည့်လိုက်ပြီး စိတ်ကျေနပ်နေသဖြင့် အပြစ်မတင်ရက်ပေ။ "ကျန်းလည်း မင်းတို့သားအမိကို သတိရနေတာပါ။ နောက်ကျရင် အားတဲ့အချိန် ဝမ်ဟွားနန်းဆောင်ကို လာပြီး ကျန်းကို အဖော်လုပ်ပေးပါဦး"
ဝမ်ကျဲယွီက ပြန်ပြောလိုက်သည်။ "ချန်ချဲ့ ဒီနေ့ လာတာက နန်းတွင်းစည်းမျဉ်းကို ဖောက်ဖျက်မိသလို ဖြစ်နေပြီ။ ဘယ်လိုလုပ် ခဏခဏ လာရဲမှာလဲ။ မနက်ဖြန်ကျရင် ဟွမ်ဟုပ်ညန်ညန်ဆီ သွားပြီး အပြစ်တောင်းပန်လိုက်ပါဦးမယ်"
ဟွမ်ဟုပ်ညန်ညန် ဆိုသည့်စကား ကြားလိုက်သည်နှင့် ယုံးကျားဧကရာဇ်၏ အပြုံးသည် ရပ်တန့်သွားပြီး ဝမ်ဟွားနန်းဆောင်အတွင်း အပူချိန် ရုတ်တရက် ကျဆင်းသွားသလို ဖြစ်သွားသည်။
ဝမ်ကျဲယွီသည် အကြောင်းစုံကို သိနေသော်လည်း ဟန်ဆောင်ကာ မသိချင်ယောင်ဆောင်လိုက်ပြီး ယုံးကျားဧကရာဇ်ကို ပြုံးပြလိုက်သည်။ "အရှင်မင်းကြီး၊ ချန်ချဲ့က လက်မငြိမ်တော့ ဒီကစွန်ပလွံမုန့် လုပ်တတ်ဖို့ အကြာကြီး သင်ယူလိုက်ရတယ်။ အရှင်မင်းကြီး ကြိုက်တယ်ဆိုလို့ ချန်ချဲ့ ကိုယ်တိုင် လုပ်လာတာပါ။ မြည်းစမ်းကြည့်ပါဦး"
ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ သနားစိတ်ဝင်သွားပြီး မျက်နှာမပျက်ဘဲ ခေါင်းညိတ်လိုက်သည်။
ဝမ်ကျဲယွီသည် သက်ပြင်းချလိုက်ပြီး ယုံးကျားဧကရာဇ်ကို ထိုင်ခုံတွင် ထိုင်စေကာ မုန့်တစ်ဖဲ့ကို ယူ၍ ခွံ့ကျွေးလိုက်သည်။
မင်းသမီးလေးက စားချင်စိတ်ဖြစ်ပေါ်လာပြီး လက်ဖောင်းဖောင်းလေးဖြင့် မုန့်ကို လုယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ဝမ်ကျဲယွီသည် လန့်သွားပြီး အရှင်မင်းကြီး စိတ်ဆိုးမည်ကို စိုးရိမ်မိတော့သည်။ သို့သော် ယုံးကျားဧကရာဇ်က မင်းသမီးလေး၏ ချစ်စရာကောင်းသော အပြုအမူကြောင့် ဟားတိုက် ရယ်မောလိုက်လေသည်။ "ကောင်းတယ်၊ ကောင်းတယ်။ ကျန်းရဲ့ ဖျင်အန်းလေးက ဖြတ်ထိုးဉာဏ်ကောင်းသားပဲ"
ဝမ်ကျဲယွီသည် စိတ်အေးသွားပြီး သမီးဖြစ်သူ၏ ကျောကုန်းလေးကို ဖွဖွလေး ပုတ်ပေးလိုက်ကာ ပြုံးပြီး ဆူလိုက်သည်။ "ဖြည်းဖြည်းစားပါ သမီးရယ်။ နင်နေဦးမယ်"
ယုံးကျားဧကရာဇ်က ရေနွေးတစ်ခွက် ငှဲ့ပေးရန် ပြောလိုက်ပြီး မင်းသမီးလေးကို ကိုယ်တိုင် တိုက်လိုက်သည်။ မင်းသမီးလေးသည် မုန့်တစ်ဖဲ့ စားပြီး ရေသုံးခါ သောက်လိုက်သည်။
ဝမ်ကျဲယွီသည် ကလေးအကြောင်း ရယ်စရာလေးများ ပြောပြရာ ယုံးကျားဧကရာဇ်က စိတ်ဝင်တစား နားထောင်နေသည်။
ဝမ်ကျဲယွီသည် အနေအထိုင် တတ်သူဖြစ်သဖြင့် အမွှေးတိုင်တစ်တိုင်စာခန့် ကြာသောအခါ နှုတ်ဆက်ထွက်ခွာလိုက်သည်။
ယုံးကျားဧကရာဇ်သည် နှမြောတသ ဖြစ်သွားသော်လည်း ဘာမှမပြောလိုက်ချေ။
ညရောက်သောအခါ လျိုကုန်းကုန်းက ရိုသေစွာ မေးလိုက်သည်။ "အရှင်မင်းကြီး ဒီည ဘယ်နန်းဆောင်ကို ကြွမလဲ။ ကျွန်တော်မျိုး ကြိုပြီး အကြောင်းကြားပေးပါမယ်"
ယုံးကျားဧကရာဇ်သည် တုံ့ဆိုင်းသွားသည်။
မုန့်ဖေးကို မြှောက်စားပြီး အလယ်နန်းဆောင်ကို ဖိနှိပ်ရန်အတွက် ဒီညအနည်းငယ်နှင့် မလုံလောက်ပေ။ အနည်းဆုံး ယခင်ကလို တစ်လလျှင် ရက်နှစ်ဆယ်ကျော် ယန်ရှီနန်းဆောင်တွင် အိပ်စက်မှ ရပေမည်။
သို့သော် ဝမ်ကျဲယွီ ယနေ့ ရောက်လာခြင်းက သူ့ရင်ထဲမှ ဆန္ဒများကို နိုးထလာစေသည်...
လျိုကုန်းကုန်းသည် အရှင်မင်းကြီး၏ စိတ်ကို အသိဆုံးဖြစ်သဖြင့် တိုးတိုးလေး ရယ်မောကာ အကြံပြုလိုက်သည်။ "ကျွန်တော်မျိုး ရဲရဲတင်းတင်း လျှောက်တင်ပါရစေ။ အရှင်မင်းကြီး ပြန်ရောက်ကတည်းက ယန်ရှီနန်းဆောင်မှာပဲ အိပ်နေတော့ တခြားသူတွေကို လစ်လျူရှုသလို ဖြစ်နေပါတယ်။ ကျဲယွီညန်ညန် ဒီနေ့ မင်းသမီးလေးကို ခေါ်လာတာ ကြည့်ရင် အရှင်မင်းကြီးကို ဘယ်လောက် မျှော်လင့်နေလဲဆိုတာ သိသာပါတယ်"
ယုံးကျားဧကရာဇ်သည် သက်ပြင်းချလိုက်သည်။ "ထားလိုက်ပါတော့။ နောက်ရက်မှပဲ သွားတော့မယ်။ ဒီည ယန်ရှီနန်းဆောင်ကိုပဲ ဆက်သွားမယ်"
လျိုကုန်းကုန်းက ဆက်မပြောတော့ဘဲ အမိန့်ကို နာခံလိုက်သည်။
ယုံးကျားဧကရာဇ် ယန်ရှီနန်းဆောင်သို့ မရောက်မီ သတင်းက ချောင်မိဖုရားခေါင်ထံ ရောက်ရှိသွားပြီဖြစ်သည်။
ချိုင်လန်က မကျေမနပ်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီးက ဝမ်ကျဲယွီဆီ မသွားရင်တောင် တခြားမိဖုရားတွေ ရှိပါသေးတယ်။ ဒီလို ယန်ရှီနန်းဆောင်မှာပဲ ဆက်တိုက်အိပ်နေတာက ဟွမ်ဟုပ်ညန်ညန်ကို တမင်သက်သက် အရှက်ခွဲနေတာပဲ"
ချောင်မိဖုရားခေါင်၏ နှလုံးသားသည် ခြောက်သွေ့သော ရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်နေပြီ။ နှုတ်ခမ်းကို တွန့်လိုက်သော်လည်း မျက်ဝန်းထဲတွင် အပြုံးရိပ်မရှိပေ။ "ပါးစပ်ပိတ်ထားစမ်း။ အရှင်မင်းကြီးက တိုင်းပြည်တစ်ခုရဲ့ ဘုရင်ပဲ။ သူ လုပ်ချင်တာလုပ်မှာပေါ့။ နင်တို့လို အစေခံတွေက ဘာမှဝင်ပြောစရာ မလိုဘူး"
ချိုင်လန် ဒူးထောက်တောင်းပန်ရန် မပြင်မီ ဆက်ပြောလိုက်သည်။ "ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ မဖြစ်စေနဲ့"
ချိုင်လန် ကျေးဇူးတင်စကား ဆိုပြီးနောက် မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ဝမ်ကျဲယွီကို ဝမ်ဟွားနန်းဆောင်ဆီ ထပ်လွှတ်လိုက်ရမလား..."
"မလိုတော့ပါဘူး" ချောင်မိဖုရားခေါင်က အေးစက်စွာ ပြောလိုက်သည်။ "ပန်ကုံး သည်းခံနိုင်ပါတယ်။ အရှင်မင်းကြီး ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲ စောင့်ကြည့်ရသေးတာပေါ့"
...