← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အပိုင်း (၄၆၀) ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်း

"ကျဲယွီညန်ညန်၊ အရှင်မင်းကြီး ဒီညလည်း ယန်ရှီနန်းဆောင်ကို သွားပါတယ်"

နန်းတွင်းသူတစ်ယောက်က ဝမ်ကျဲယွီ၏ အနားသို့ တိုးကပ်လာကာ တိုးတိုးလေး သတင်းပို့လိုက်သည်။

ဝမ်ကျဲယွီသည် မအံ့သြဘဲ ခေါင်းညိတ်လိုက်သည်။ "သိပြီ"

ဤနန်းတွင်းသူသည် ဝမ်ကျဲယွီ၏ ကိုယ်ရံတော်ဖြစ်ပြီး သစ္စာရှိသူဖြစ်သည်။ ခဏလောက် တွန့်ဆုတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။ "ညန်ညန်၊ ကျွန်မ ရဲရဲတင်းတင်း စကားအနည်းငယ် ပြောပါရစေ"

"ညန်ညန်က မင်းသမီးလေးကို မွေးဖွားပြီးနောက် နန်းတော်ထဲမှာ အားကိုးစရာ ရှိသွားပါပြီ။ ဟွမ်ဟုပ်ညန်ညန်နဲ့ မုန့်ဖေးတို့ရဲ့ တိုက်ပွဲမှာ ညန်ညန်က ဘာလို့ ဝင်ပါနေရတာလဲ။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ဒီလောက်ရနေမှတော့ ဘာပူစရာ ရှိသေးလို့လဲ"

ချောင်မိဖုရားခေါင်ကို ထောက်ထားညှာတာစရာ မလိုလျှင် ယုံးကျားဧကရာဇ်သည် ယနေ့ညတွင် ရောက်လာပေလိမ့်မည်။

ဝမ်ကျဲယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး နန်းတွင်းသူကို ကြည့်ကာ ပြောလိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ ဟွမ်ဟုပ်ညန်ညန်က ငါ့အပေါ်မှာ ကျေးဇူးအများကြီး ရှိတယ်။ ဟွမ်ဟုပ်ညန်ညန် မရှိရင် ငါ ဒီနေ့ဒီအချိန် ဘယ်ရောက်လာမလဲ။ ဒီလိုစကားမျိုး နောက်ထပ် မပြောနဲ့"

ဝမ်ကျဲယွီသည် သဘောထားနူးညံ့သူဖြစ်သော်လည်း ယခုအချိန်တွင်တော့ အသံမာမာဖြင့် ဆူပူလိုက်သည်။

နန်းတွင်းသူသည် လန့်သွားပြီး ချက်ချင်း ဒူးထောက်ကာ အပြစ်တောင်းပန်လိုက်သည်။

ဝမ်ကျဲယွီက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "တံခါးဝမှာ နှစ်နာရီလောက် သွားဒူးထောက်နေ။ ကိုယ့်အမှားကိုယ် ပြန်စဉ်းစား။ နောက်တစ်ခါ ပါးစပ်သရမ်းရင် ငါ သည်းခံမှာ မဟုတ်ဘူး"

နန်းတွင်းသူသည် ရှက်ရွံ့စွာ ထွက်သွားပြီး ဒူးထောက်နေတော့သည်။

ဝမ်ကျဲယွီသည် သက်ပြင်းချလိုက်၏။

ဒီနန်းတွင်းသူက တကယ်ပဲ အမြင်ကျဉ်းလွန်းတယ်။ ချောင်မိဖုရားခေါင်ရဲ့ ကျေးဇူးတရားကို ထားလိုက်ဦး။ လက်ရှိအခြေအနေကို ကြည့်ရင် အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန် စိတ်ဝမ်းကွဲတာ ခဏပဲ။ ချောင်မိဖုရားခေါင်က သဘောထားကြီးပြီး ထိုက်ဇီကိုလည်း မှူးမတ်တွေက ထောက်ခံကြတယ်။ ထိုက်ဇီဖေးကလည်း ပြတ်သားတယ်။ အရှေ့နန်းဆောင်ရဲ့ အင်အားက ကျောက်ဆောင်လို ခိုင်မာနေတာ ဘယ်သူမှ ဖြိုခွင်းလို့ မရဘူး။

မုန့်ဖေးကတော့ ဆောင်းဦးရာသီက နှံကောင်လိုပဲ သိပ်ကြာကြာ ခုန်နိုင်မှာ မဟုတ်ဘူး။ ချောင်မိဖုရားခေါင် သားအမိရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။

ကိုယ့်အတွက် ကိုယ့်သမီးလေးအတွက် ချောင်မိဖုရားခေါင်ဘက်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ လိမ္မာတဲ့ နယ်ရုပ်လေး လုပ်ရမယ်။

...

နန်းတော်ထဲတွင် လှိုင်းလေထနေသကဲ့သို့ ညီလာခံတွင်လည်း မငြိမ်သက်ပေ။

သာ့ဝေတိုင်းပြည်သည် စစ်အင်အားဖြင့် တည်ထောင်ထားသဖြင့် စစ်ရေးစွမ်းရည်ကို အလေးထားသည်။ စစ်ပွဲအောင်မြင်ပါက စစ်သည်တော်များကို ဆုချီးမြှင့်ရမည်မှာ ထုံးစံပင်။ သို့သော် ယခု ယန်၊ ချူ စစ်ပွဲတွင် စစ်ရေးစွမ်းရည် ထူးချွန်သူများ များပြားလွန်းလှသည်။

စစ်မြေပြင်တွင် ကျဆုံးသွားသော စစ်သူကြီး အကြီးအငယ် အယောက်နှစ်ဆယ်မက ရှိသည်။ ဒဏ်ရာရသူ သောင်းချီရှိပြီး သူတို့ကို လျော်ကြေးပေးရမည်။ ဘေးကင်းစွာ ပြန်လာသူများကိုလည်း ဆုချီးမြှင့်ရမည်။

အားလုံးက ဆုကြီးကြီးလိုချင်ကြပြီး နေရာတိုင်းတွင် ငွေသုံးရသည်။ စုစုပေါင်းလိုက်လျှင် ကြောက်မက်ဖွယ် ကိန်းဂဏန်းကြီး ဖြစ်နေတော့သည်။

ဘဏ္ဍာရေးဝန်ကြီးသည် တွက်ချက်ကြည့်ပြီးနောက် နေရာမှာပင် ဒူးထောက်ချလိုက်သည်။ "ကျွန်တော်မျိုး အသုံးမကျပါဘူး။ ဘဏ္ဍာတိုက်က ဒီလောက်များတဲ့ လျော်ကြေးငွေတွေကို မတတ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ ရာထူးကို သိမ်းပြီး တခြား အရည်အချင်းရှိတဲ့သူကို ခန့်အပ်လိုက်ပါ"

စစ်ပွဲကို နှစ်နှစ်ကျော် တိုက်ခိုက်ခဲ့ရသဖြင့် ဘဏ္ဍာတိုက်သည် ဟောင်းလောင်းဖြစ်နေပြီ။ စစ်တပ်ပြန်ရောက်လာသောအခါ ယန်၊ ချူ တိုင်းပြည်များမှ သိမ်းဆည်းရမိသော ရွှေငွေများ ပါလာသော်လည်း စစ်ရေးစွမ်းရည်မှတ်တမ်းနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

ယခု သူ့ကို သတ်လိုက်လျှင် သည်လောက်များပြားသည့် ငွေပမာဏက ထွက်လာမည် မဟုတ်ပေ။

ယုံးကျားဧကရာဇ်သည် စိတ်မဆိုးဘဲ နူးညံ့စွာ နှစ်သိမ့်လိုက်သည်။ "ဝန်ကြီးကောင်း ထပါတော့။ စစ်တိုက်တာက ငွေကုန်ကြေးကျ များတယ်။ ဒီနှစ်နှစ်ကျော်လုံး ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်စရိတ်အတွက် ကြိုးစားပမ်းစား ရှာဖွေပေးခဲ့တာ ကျန်း သိပါတယ်။ အခု ဘဏ္ဍာတိုက်မှာ ငွေမရှိတာလည်း သိပါတယ်။ မင်းအပြစ် မဟုတ်ပါဘူး"

ဝန်ကြီးကောင်းသည် ရင်ထဲတွင် ဝမ်းနည်းသွားပြီး မျက်ရည်များ ကျဆင်းလာတော့သည်။

ဘဏ္ဍာရေးဝန်ကြီးအလုပ်က လူလုပ်တဲ့အလုပ် မဟုတ်ပါဘူး။

တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာကို ကိုင်တွယ်ရတာ ဂုဏ်ရှိတယ် ထင်နေလား။ လက်နည်းနည်း လျှော့လိုက်ရင် ကြွယ်ဝချမ်းသာသွားမယ် ထင်နေလား။

ယခင်မင်းဆက်များတွင် ဟုတ်ကောင်းဟုတ်လိမ့်မည်။ သို့သော် သာ့ဝေတိုင်းပြည်တွင် ဘဏ္ဍာရေးဝန်ကြီးလုပ်ရတာ ဆင်းရဲဒုက္ခသက်သက်သာ။ ဒီနှစ်တွေမှာ ယုံးကျားဧကရာဇ်က အရှေ့စစ်ထွက်လိုက် အနောက်စစ်ထွက်လိုက်နှင့် နားချိန်မရှိပေ။ ဘဏ္ဍာတိုက်ထဲက ငွေများက ရေအလား စစ်ဘက်ရေးရာဌာနကို စီးဆင်းသွားပြီး ဘယ်တော့မှ မလောက်ငှပေ။

ဟိုတုန်းကဆို သူက ဆံပင်နက်နက်နဲ့ ခန့်ညားတဲ့ လူပျိုကြီး။ အခုတော့ မျက်နှာမှာ အရေးအကြောင်းတွေနဲ့ ဆံပင်တွေတောင် ပြောင်လုနီးပါး ဖြစ်နေပြီ။

ငွေကိစ္စကြောင့် စိတ်ဆင်းရဲရတာလေ။

ဝန်ကြီးကောင်းသည် တုန်တုန်ယင်ယင်ဖြင့် ထကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ "အရှင်မင်းကြီးရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်က စကားလမ်းကြောင်း လွှဲလိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ နည်းလမ်းရှာရမယ်။ စစ်ရေးစွမ်းရည်ပြသူတွေကို ဆုမချလို့ မဖြစ်ဘူး။ ကျဆုံးသွားတဲ့ စစ်သည်တွေကို ပိုပြီးတော့တောင် လစ်လျူရှုလို့ မရဘူး"

ဝန်ကြီးကောင်းသည် ရင်ထဲတွင် ခါးသီးနေသော်လည်း လက်ခံလိုက်ရသည်။ "ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်"

ချောင်ကောလောင်သည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျွန်တော်မျိုး ရဲရဲတင်းတင်း ပြောပါရစေ။ အရှင်မင်းကြီး နားထောင်ကောင်းချင်မှ နားထောင်ကောင်းပါလိမ့်မယ်။ ဘဏ္ဍာတိုက်က ဟောင်းလောင်းဖြစ်နေတော့ ဝန်ကြီးကောင်းလည်း ငွေဖန်တီးပေးလို့ မရပါဘူး"

"ကျွန်တော်မျိုး အမြင်ကတော့ စစ်ရေးစွမ်းရည်ပြသူတွေကို ဆုချရမယ်။ ဒါပေမဲ့ အရေးကြီးတာ အရင်လုပ်သင့်တယ်။ ကျဆုံးသွားတဲ့ စစ်သည်တွေကို လျော်ကြေးငွေ အရင်ပေးသင့်ပါတယ်"

စစ်ဘက်ရေးရာဝန်ကြီး ဝန်းကြီးယန်က ဝင်ပြောလိုက်သည်။ "ချောင်ကောလောင် ပြောတာ မှန်ပါတယ်။ လျော်ကြေးငွေကို လုံးဝ မလျှော့သင့်ပါဘူး။ စစ်ရေးစွမ်းရည်ပြသူတွေကိုတော့ ရာထူးတိုးပေးပြီး ဆုကြေးငွေကို ခဏဆိုင်းငံ့ထားလို့ ရပါတယ်။ နောက်နှစ်မှ ပေးတာတို့ ဒါမှမဟုတ် လယ်ယာမြေ ပေးတာတို့ လုပ်လို့ရပါတယ်"

ဒါက ဖြေရှင်းနည်း တစ်ခုပဲ။

ယုံးကျားဧကရာဇ်က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ "ဒါ ဖြစ်နိုင်တယ်"

ထို့နောက် ရက်အနည်းငယ်အတွင်း မှူးမတ်များသည် အလုပ်ရှုပ်နေကြပြီး နောက်ဆုံးတွင် ဆုချီးမြှင့်မည့် အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့ကြသည်။

သာမန်စစ်သည်များကို ရာထူးတိုးပေးပြီး လယ်ယာမြေ ပေးလိုက်လျှင် ရပြီ။ သို့သော် ရှင်းယန်ဝမ်၊ ကွမ်းပင်းနယ်စား၊ ဖူယန်နယ်စားနှင့် လျန်စစ်သူကြီးတို့ကဲ့သို့ အကြီးတန်း စစ်သူကြီးများကျတော့ ဆုချစရာ မရှိတော့ပေ။ ရာထူးကလည်း အမြင့်ဆုံး ရောက်နေပြီ။ လယ်ယာမြေ ပေးမည်ဆိုလျှင်လည်း မြို့နယ်အလိုက် ပေးရမလို ဖြစ်နေသည်။ ဒါက တိုင်းပြည်ကို ခွဲပေးသလို ဖြစ်နေသဖြင့် လုံးဝ မဖြစ်နိုင်ပေ။

ဘယ်လို ဆုချရမလဲ။

ယုံးကျားဧကရာဇ် ခေါင်းကိုက်လာတော့သည်။

ထိုအချိန်တွင် ရှင်းယန်ဝမ် လုလင်းက သဝဏ်လွှာတစ်စောင် တင်သွင်းလာပြီး အခက်အခဲကို ဖြေရှင်းပေးလိုက်၏။ ရှင်းယန်ဝမ်သည် သဝဏ်လွှာထဲတွင် သစ္စာရှိကြောင်း ပြသပြီး ယခုစစ်ပွဲအတွက် ဆုချီးမြှင့်မှုကို လက်မခံကြောင်း ပြောကြားထားသည်။

ယုံးကျားဧကရာဇ်သည် သဝဏ်လွှာကို ဖတ်ပြီးနောက် "ကောင်းတယ်" ဟူသော စကားကို သုံးကြိမ်တိုင်တိုင် ပြောဆိုကာ ညီလာခံတွင် ရှင်းယန်ဝမ်ကို ချီးကျူးလေသည်။

မှူးမတ်များကလည်း ရှင်းယန်ဝမ်၏ သဘောထားကြီးမှုကို ချီးကျူးကြပြီး ထိုက်ဇီဖေး လုမင်ယွိ၏ ပြတ်သားမှုကိုလည်း ချီးကျူးကြသည်။

ဒီလို ထိုက်ဇီဖေးမျိုးက ကိုယ်ပိုင်တပ်ဖွဲ့ မွေးမြူထားတာ သဘာဝပါပဲ။

ရှင်းယန်ဝမ် စတင်လိုက်သည်နှင့် ကွမ်းပင်းနယ်စားနှင့် ဖူယန်နယ်စားတို့လည်း နောက်မှလိုက်ကာ ဆုချီးမြှင့်မှုကို ငြင်းပယ်ကြသည်။

ယုံးကျားဧကရာဇ်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ရှင်းယန်ဝမ် အပါအဝင် သုံးဦးစလုံးကို ချီးကျူးလိုက်သည်။

လျန်စစ်သူကြီးကတော့ ပိုပြီး တဲ့တိုးဆန်သည်။ အရှင်မင်းကြီးကို သီးသန့် တွေ့ဆုံကာ မေးလိုက်သည်။ "အရှင်မင်းကြီး ငွေဘယ်လောက် လိုသေးလဲ။ ကျွန်တော်မျိုး အိမ်က ငွေတွေ အကုန်ယူပြီး ဘဏ္ဍာတိုက်ကို ပို့လိုက်မယ်"

ယုံးကျားဧကရာဇ်က ရယ်မောလိုက်သည်။ "မင်းက မြို့တော်ကို စောင့်ရှောက်ပြီး ယန်စစ်သားတွေကို နှိမ်နင်းနိုင်ခဲ့တာ။ ကျန်း မင်းကို ဆုမချရသေးဘဲနဲ့ မင်းဆီက ငွေဘယ်လိုလုပ် ယူရက်မှာလဲ။ ပြီးတော့ လျော်ကြေးငွေက အများကြီးပဲ။ မင်းရဲ့ ပိုင်ဆိုင်မှုလောက်နဲ့ ဘယ်လောက်ရမှာမလို့လဲ။ သားသမီးတွေအတွက် ချန်ထားလိုက်ပါ"

လျန်စစ်သူကြီးက ဆက်ပြောရန် ပြင်လိုက်သော်လည်း ယုံးကျားဧကရာဇ်က လက်ကာပြလိုက်သည်။ "ကျန်း သဝဏ်လွှာတွေ ဖတ်စရာ ရှိသေးတယ်။ မင်း သွားတော့"

စစ်ရေးစွမ်းရည် အမြင့်ဆုံး လေးယောက်က ဆုချီးမြှင့်မှုကို ငြင်းပယ်လိုက်သဖြင့် တိုင်းပြည်၏ ဝန်ထုပ်ဝန်ပိုး များစွာ လျော့ကျသွားသည်။

ယုံးကျားဧကရာဇ်သည် အတွင်းဘဏ္ဍာတိုက်မှ ငွေများကို ထုတ်ယူလိုက်သော်လည်း မလောက်ငသေးပေ။

ချောင်မိဖုရားခေါင်က ကိုယ်ပိုင်ဘဏ္ဍာတိုက်မှ ငွေများကို လှူဒါန်းလိုက်လေသည်။ ထိုက်ဇီဖေး လုမင်ယွိကလည်း နောက်မှလိုက်ကာ အရှေ့နန်းဆောင်မှ ငွေများနှင့် သူမ၏ ကိုယ်ပိုင်ငွေများကို ဘဏ္ဍာတိုက်သို့ ပို့ဆောင်လိုက်သည်။

ချောင်မိဖုရားခေါင်သည် နှစ်ပေါင်းများစွာ မိဖုရားခေါင် ဖြစ်ခဲ့သဖြင့် စုဆောင်းငွေ များပြားသည်။ လုမင်ယွိ၏ မင်္ဂလာလက်ဖွဲ့ကလည်း မည်သူမျှ မယှဉ်နိုင်လောက်အောင် များပြားသည်။ သူတို့နှစ်ဦး ကူညီလိုက်သဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခက်အခဲ ပြေလည်သွားတော့သည်။

ယုံးကျားဧကရာဇ်သည် ကျေးဇူးတင်ရမည်ဖြစ်သဖြင့် နောက်ဆုံးတွင် ကျောင်းဖန်နန်းဆောင်သို့ ခြေချလိုက်လေတော့သည်။

…

အပိုင်း (၄၆၁) ဇနီးမောင်နှံ (၁)

ယုံးကျားဧကရာဇ် မြို့တော်သို့ ပြန်ရောက်သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ။

ဒါသည် ဧကရာဇ်နှင့် မိဖုရားခေါင်တို့၏ ပထမဆုံးအကြိမ် နှစ်ယောက်တည်း တွေ့ဆုံခြင်းပင်။

ချောင်မိဖုရားခေါင်သည် ဘာမှမဖြစ်ခဲ့သလို ပြုံးကာ ဂါရဝပြုလိုက်၏။ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်သည် လက်လှမ်းကာ အပေါ်ယံမျှသာ တွဲထူပေးလိုက်သည်။ "ဟွမ်ဟုပ် ထပါတော့။ ငါတို့လင်မယားကြားမှာ ဒီလိုအခမ်းအနားတွေ မလိုအပ်ပါဘူး"

ချောင်မိဖုရားခေါင်သည် ထရပ်လိုက်ပြီး နှစ်ဦးသား အကြည့်ချင်းဆုံသွားသောအခါ အနည်းငယ် စိမ်းကားပြီး နေရခက်နေကြသည်။

ကျောက်စိမ်းတစ်တုံး ကွဲအက်သွားသကဲ့သို့ မည်မျှတော်သော ပန်းပုဆရာဖြစ်စေ မူလအတိုင်း ပြန်ဖြစ်အောင် မလုပ်နိုင်တော့ပေ။ ပြန်ဆက်ထားလျှင် အပေါ်ယံကြည့်ကောင်းသော်လည်း သေချာကြည့်လျှင် အက်ရာများ အထင်းသား ပေါ်နေပေမည်။

"ဒီရက်ပိုင်း ကျန်း နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မိဖုရားခေါင်ကို လစ်လျူရှုသလို ဖြစ်သွားတယ်။ ဟွမ်ဟုပ်က ဘာမှမပြောတဲ့အပြင် ကိုယ်ပိုင်ငွေတိုက်ထဲက ရွှေငွေတွေကိုတောင် ထုတ်ပေးလိုက်သေးတယ်" ယုံးကျားဧကရာဇ်က သက်ပြင်းချလိုက်သည်။ "ဟွမ်ဟုပ်ရဲ့ စေတနာကို ကျန်း မှတ်ထားပါ့မယ်"

ချောင်မိဖုရားခေါင်က အားတင်းကာ ပြုံးလိုက်ပြီး "ချန်ချဲ့က သာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင်လေ။ အခု နန်းတွင်းမှာ ငွေလိုနေပြီး ဘဏ္ဍာတိုက်မှာလည်း ငွေမရှိတော့ ကိုယ်ပိုင်ငွေတိုက်ကို သုံးသင့်တာပါပဲ။ အရှင်မင်းကြီး အားနာနေရင် ဘဏ္ဍာတိုက်ကို ကြွေးမှတ်တမ်း ရေးခိုင်းလိုက်ပေါ့။ ဒီနှစ်နှစ်လောက် ကျော်သွားရင် အရှင်မင်းကြီး ပြန်ပေးလိုက်ရင် ပြီးတာပါပဲ"

"အရှင်မင်းကြီးက အားနာနေသေးရင် ပြန်ပေးတဲ့အချိန် အတိုးလေး နှစ်ရာခိုင်နှုန်းလောက် ပေါင်းပေးလိုက်ပေါ့။ ချန်ချဲ့ ငြင်းမှာ မဟုတ်ပါဘူး"

ယုံးကျားဧကရာဇ်က ရယ်မောလိုက်ကာ "ကောင်းပြီ၊ ကောင်းပြီ။ ကျန်း ဘဏ္ဍာတိုက်ကို မှတ်တမ်းရေးခိုင်းလိုက်မယ်။ ထိုက်ဇီဖေး လုရှီအတွက်လည်း ကြွေးမှတ်တမ်း ရေးပေးရမယ်"

ချောင်မိဖုရားခေါင်ကို ပေးစရာရှိတာက ပြန်ပေးပေး မပေးပေး ပြဿနာမရှိသော်လည်း ချွေးမကိုတော့ အကြွေးတင်မခံနိုင်ပေ။

ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်၏။ "ချန်ချဲ့ လူလွှတ်ပြီး လုရှီကို ခေါ်ခိုင်းလိုက်ပါ့မယ်။ အရှင်မင်းကြီး ကိုယ်တိုင် ပြောလိုက်ပေါ့"

ယုံးကျားဧကရာဇ်သည် ငြင်းစရာမရှိသဖြင့် သဘောထားကြီးဟန် ပြုလိုက်သည်။ "ကျန်း လျိုကုန်းကုန်းကို အမိန့်ပြန်တမ်း ထုတ်ခိုင်းလိုက်မယ်။ ဒီနေ့ညစာကို ကျောင်းဖန်နန်းဆောင်မှာပဲ စားမယ်။ ထိုက်ဇီတို့ မိသားစုလေးယောက်ကိုလည်း ခေါ်လိုက်။ လူများတော့ ပျော်စရာကောင်းတာပေါ့"

လင်မယားနှစ်ယောက်တည်း မျက်နှာချင်းဆိုင်ထိုင်နေရတာ ပျင်းစရာကောင်းသည်။

ချောင်မိဖုရားခေါင်က ဝမ်းသာအားရ လက်ခံလိုက်သည်။ "အရှင်မင်းကြီး ပြောတာ ဟုတ်ပါတယ်။ ချန်ချဲ့ အခုပဲ စားဖိုဆောင်ကို ပြင်ဆင်ဖို့ ပြောလိုက်ပါ့မယ်"

အမိန့်ပေးခံရသော နန်းတွင်းသူများနှင့် ကုန်းကုန်းများသည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

နှစ်ဦးသား ဒီတိုင်းထိုင်ကြည့်နေရတာ အဆင်မပြေသဖြင့် ယုံးကျားဧကရာဇ်က စကားစရှာပြီး ချောင်မိဖုရားခေါင်၏ ကျန်းမာရေးကို မေးမြန်းလိုက်သည်။

ချောင်မိဖုရားခေါင်က ပြုံးကာ ဖြေ၏။ "ချန်ချဲ့က စားနိုင်အိပ်နိုင်နဲ့ ကျန်းမာရေး ကောင်းပါတယ်။ အရှင်မင်းကြီးကသာ စစ်တိုက်တာ နှစ်နှစ်ကျော်ကြာခဲ့ပြီး ပြန်ရောက်တာနဲ့ တိုင်းပြည့်အရေးကိစ္စတွေ လုပ်ရတယ်။ အနောက်နန်းဆောင်ကိုလည်း ဂရုစိုက်ရသေးတယ်။ ဒီလို နေ့မနား ညမနား အလုပ်လုပ်နေတာ ဘယ်လိုလုပ် ခံနိုင်မှာလဲ။ အရှင်မင်းကြီး ကျန်းမာရေးကို ဂရုစိုက်ပါဦး"

ယုံးကျားဧကရာဇ် "..."

ယခင်က သဘောထားကြီးပြီး သည်းခံတတ်တဲ့ မိဖုရားခေါင်က ဘယ်လိုလုပ် ရုတ်တရက် စကားပြော ထက်မြက်လာတာလဲ။

ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်တွင် တစ်လကျော် ဆက်တိုက် အိပ်စက်ခဲ့ပြီး ချောင်မိဖုရားခေါင်၏ မျက်နှာကို မြေကြီးပေါ်သို့ ပစ်ချခဲ့သည်။ ချောင်မိဖုရားခေါင်သည် စက္ကူရုပ် မဟုတ်သဖြင့် ဒေါသတော့ ရှိပေမည်။ ယခု ထိမိသော စကားတစ်ခွန်းကြောင့် ယုံးကျားဧကရာဇ်မှာ သွားကိုက်သွားတော့သည်။

ယုံးကျားဧကရာဇ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဟွမ်ဟုပ်က ကျန်းကို ဒီလောက် ဂရုစိုက်တာ ဝမ်းသာစရာပဲ"

ချောင်မိဖုရားခေါင်သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး တစ်နှစ်ကျော်အရွယ် မင်းသမီးလေးအကြောင်း ပြောလိုက်သည်။

ယုံးကျားဧကရာဇ်သည် မျက်ခုံးများ ပြေလျော့သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ဖျင်အန်းလေးက ဝမ်ကျဲယွီနဲ့ တူတယ်။ မျက်နှာလေးက သန့်ရှင်းပြီး လိမ္မာတယ်။ ကျန်းလည်း သူ့ကို အရမ်းချစ်တယ်"

ချောင်မိဖုရားခေါင်က ပြုံးလိုက်ကာ "အရှင်မင်းကြီး အားတဲ့အချိန်ကျရင် မင်းသမီးလေးကို သွားကြည့်လိုက်ပါဦး"

ဝမ်ကျဲယွီကိုလည်း တစ်ခါတည်း ကြည့်လို့ရတာပေါ့။

ယုံးကျားဧကရာဇ်က ပေါ့ပေါ့ပါးပါး လက်ခံလိုက်သည်။

...

အမွှေးတိုင်တစ်တိုင်စာခန့် ကြာသောအခါ လီကျင့်နှင့် လုမင်ယွိတို့ လင်မယားသည် သားသမီးနှစ်ယောက်ကို ခေါ်ဆောင်ကာ ရောက်လာကြလေသည်။

ရင်ထဲတွင် မည်မျှပင် အဖုအထစ် ရှိနေပါစေ အပေါ်ယံတွင်တော့ သင့်မြတ်နေကြသည်။ အထူးသဖြင့် ရွှီအာနှင့် ရွှမ်းအာတို့ ရှိနေသဖြင့် လူကြီးများ စကားမပြောလျှင်လည်း အထီးကျန်မည် မဟုတ်ပေ။

"မြေးတော်က အဘိုးတော်နဲ့ အဘွားတော်ကို ဂါရဝပြုပါတယ်" ရွှီအာက လျင်မြန်စွာ ဒူးထောက်ကာ ဦးသုံးကြိမ် ချလိုက်သည်။

ရွှမ်းအာသည်လည်း ဒူးထောက်ကာ ဦးချလိုက်ပြီး အသံက ရွှီအာထက်ပင် ကျယ်လောင်လေသည်။ "ရွှမ်းအာက အဘိုးတော်နဲ့ အဘွားတော်ကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်က သဘောကျစွာ ရယ်မောလိုက်သည်။ "မြန်မြန်ထကြ။ အဘိုးတော် နားလာခဲ့"

ရွှီအာနှင့် ရွှမ်းအာတို့သည် ယခင်က အဝတ်အစား ဆင်တူ ဝတ်ဆင်လေ့ရှိသည်။ ယခု အနည်းငယ် ကြီးလာသောအခါ ဝတ်ဆင်ပုံ သိသိသာသာ ကွဲပြားသွားသည်။ အဝတ်အစားကို ကြည့်ရုံဖြင့် ခွဲခြားနိုင်သည်။

ရွှီအာသည် ရုပ်ရည်ချောမောပြီး မျက်လုံးများ တောက်ပကာ ကိုယ်နေဟန်ထား မတ်မတ်ရှိသည်။

ရွှမ်းအာသည် အနည်းငယ် ဝဖြိုးပြီး အနီရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ ဆံပင်ကို အစုလိုက်လေး နှစ်ဖက်ခွဲစည်းထားပြီး အနီရောင်ဖဲပြားလေးများဖြင့် ချည်နှောင်ထားကာ ငွေရောင် ခြူလုံးလေးများ တပ်ဆင်ထားသည်။ လမ်းလျှောက်လိုက်တိုင်း တချွင်ချွင် မြည်နေသည်မှာ အလွန် ချစ်စရာကောင်းသည်။

ယုံးကျားဧကရာဇ်သည် သားနှင့် ချွေးမအပေါ် မကျေနပ်သော်လည်း မြေးများကိုတော့ အလွန်ချစ်ခင်သဖြင့် ပြုံးရွှင်စွာ ခေါင်းများကို ပွတ်သပ်ပေးလိုက်သည်။

ရွှီအာက မလှုပ်ရှားသော်လည်း ရွှမ်းအာက မကျေနပ်ဘဲ ခေါင်းငုံ့ရှောင်လိုက်သည်။ "အဘိုးတော်၊ သမီးရဲ့ ဆံပင်တွေကို မရှုပ်စေနဲ့နော်"

ကလေးစကားလေးမို့ ရယ်စရာကောင်းလှသည်။

ယုံးကျားဧကရာဇ်က ဟားတိုက် ရယ်မောလိုက်သည်။ "အဘိုးတော် မှားသွားပါတယ်။ အဘိုးတော်က မြေးမလေးရဲ့ ဆံပင်ကို မကိုင်သင့်ပါဘူး"

ရွှီအာသည် ယုံးကျားဧကရာဇ် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ခေါင်းတိုးပေးလိုက်သည်။ "အဘိုးတော်၊ ညီမလေးက အလှကြိုက်လို့ ဆံပင်ကို အထိမခံတာပါ။ အဘိုးတော် ကိုင်ချင်ရင် သားဆံပင်ကို ကိုင်ပါ"

ယုံးကျားဧကရာဇ်က ထပ်မံ ရယ်မောလိုက်ပြီး ရွှီအာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ရွှီအာက ညီမလေးကို ချစ်တတ်တာပဲ။ အစ်ကိုကောင်းလေးပဲ" ထို့နောက် လုမင်ယွိကို ချီးကျူးလိုက်သည်။ "မင်း ကလေးတွေကို ကောင်းကောင်း ဆုံးမထားတာပဲ"

လုမင်ယွိက ပြုံးကာ ဖြေလိုက်သည်။ "ဖုဟွမ်က တခြားအရာတွေကို ချီးကျူးရင်တော့ ချွေးမတော်က နည်းနည်း အားနာမိမှာပါ။ ကလေးနှစ်ယောက်ကို ချီးကျူးတာဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်"

ယခင်အတိုင်း တည်ငြိမ်ပြီး မာန်မတက်ဘဲ နေတတ်သည့်ပုံစံပင်။

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် ချီးကျူးမိလိုက်သည်။

ချွေးမများထဲတွင် သူ အသဘောကျဆုံးက လုမင်ယွိပင်။ ကိုယ်ခံပညာ ထူးချွန်ပြီး သတ္တိရှိသည်။ စကားပြောဆို လုပ်ကိုင်ရာတွင် ပြတ်သားပြီး ယောက်ျားများထက်ပင် သာလွန်သည်။

အမှန်တကယ်လည်း လုမင်ယွိသည် ထူးချွန်သော ထိုက်ဇီဖေး ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်း သားသမီးများကို ပြုစုပျိုးထောင်ရင်း ချောင်မိဖုရားခေါင်ကိုလည်း စောင့်ရှောက်ခဲ့သည်။ နန်းတွင်းကို တည်ငြိမ်စေပြီး လူထုကိုလည်း စိတ်ချမ်းသာစေခဲ့သည်။ ယန်စစ်သူကြီးကို သတ်ဖြတ်နိုင်ခဲ့ခြင်းကလည်း ကြီးမားသော အောင်မြင်မှုပင်။

သို့သော် စွမ်းဆောင်ရည်မြင့်မားသလောက် ဒေါသလည်း ကြီးလွန်းလှသည်။ လုမင်ယွိက စူးဖေးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့ခြင်းကို သူ မေ့မရနိုင်ပေ။

သို့သော်ငြား ရှင်းယန်ဝမ်က ပထမဆုံး ဆုချီးမြှင့်မှုကို ငြင်းပယ်ခဲ့ခြင်းကြောင့် တိုင်းပြည်နှင့် သူ့မျက်နှာကို ဆယ်နိုင်ခဲ့သည်။ ဒီကျေးဇူးကို သူ မေ့ထားလို့ မရပေ။ လုမင်ယွိကလည်း အရှေ့နန်းဆောင် ဘဏ္ဍာတိုက်နှင့် သူမ၏ ကိုယ်ပိုင်ငွေများကို လှူဒါန်းခဲ့ပြန်သည်။ တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့သမျှကြောင့် သူသည် ခေါင်းမော့ပြီး စကားမပြောနိုင်တော့ပေ။

ယုံးကျားဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ထိုက်ဇီကို ကြည့်လိုက်၏။ "ကျန်းက မင်းကို တော်ဝင်သင်္ချိုင်း ပြင်ဆင်ခိုင်းလိုက်တာ ညီလာခံတက်ဖို့တောင် မေ့နေပြီလား။ အခွင့်ကောင်းယူပြီး အပျင်းထူမနေနဲ့။ မနက်ဖြန် ဝမ်ဟွားနန်းဆောင်ကို လာပြီး နိုင်ငံရေး ဆွေးနွေးရမယ်"

ဒီစကားက ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ထိုနေ့က ယုံးကျားဧကရာဇ်သည် သူ့ကို တော်ဝင်သင်္ချိုင်း ပြင်ဆင်ခိုင်းခြင်းမှာ ညီလာခံမှ နှင်ထုတ်လိုခြင်း ဖြစ်သည်။ သူ မျက်နှာမပျက်ချင်လျှင် နောက်ဆုတ်ပေးရမည်။

လွန်ခဲ့သော တစ်လကျော်က သူသည် ညီလာခံမတက်ခဲ့သလို ဝမ်ဟွားနန်းဆောင်သို့လည်း မသွားခဲ့ပေ။ မှူးမတ်များသည် မျက်မြင်ကိုယ်တွေ့ ဖြစ်သဖြင့် ထိုက်ဇီအတွက် မကျေမနပ် ဖြစ်နေကြသည်။ အရှေ့နန်းဆောင်မှ အရာရှိများသည် ပိုလို့ပင် ဒေါသထွက်နေကြသည်။

ယောက္ခမက သဝဏ်လွှာတင်သွင်းပြီး ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ သားအမိက ငွေအားလူအား ကူညီပေးခဲ့ခြင်းသာ မရှိပါက ယုံးကျားဧကရာဇ်၏ လစ်လျူရှုမှုသည် မည်မျှကြာဦးမည် မသိပေ။

လီကျင့်သည် စိတ်ထဲတွင် ရယ်မောလိုက်သော်လည်း နှုတ်မှ ပြန်ဖြေလိုက်၏။ "သားတော်က တာဝန်ကိုပဲ အာရုံစိုက်နေတာပါ။ ဘယ်လိုလုပ် အပျင်းထူရဲမှာလဲ။ ဟုဟွမ် အမိန့်ရှိမှတော့ မနက်ဖြန် ဝမ်ဟွားနန်းဆောင်ကို လာခဲ့ပါ့မယ်"

...

အပိုင်း (၄၆၂) ဇနီးမောင်နှံ (၂)

ညစာစားပြီးနောက် လီကျင့်နှင့် လုမင်ယွိတို့သည် ကြာကြာမနေဘဲ သားသမီးများကို ခေါ်ဆောင်ကာ နှုတ်ဆက်ထွက်ခွာလာခဲ့ကြသည်။

ကျောင်းဖန်နန်းဆောင်မှ ထွက်လိုက်သည်နှင့် လီကျင့်က ရုတ်တရက် သက်ပြင်းချလိုက်လေသည်။

လုမင်ယွိက လီကျင့်ဘက်သို့ လှည့်ကြည့်လိုက်၏။ နန်းတော်မီးအိမ်များသည် လေတိုက်ခတ်နေသဖြင့် ဘယ်ညာ ယိမ်းထိုးနေပြီး လီကျင့်၏ ချောမောခန့်ညားသော မျက်နှာသည် အလင်းနှင့် အမှောင်ကြားတွင် ဝေဝါးနေကာ နက်မှောင်သော မျက်ဝန်းများက မည်သို့သော ခံစားချက်ဖြစ်နေမှန်း မှန်းဆရခက်နေလေသည်။

လီကျင့်၏ စိတ်အခြေအနေသည် ကြည်လင်ခြင်း မရှိပေ။

သားသမီးများက ဘေးတွင်ရှိနေပြီး ကုန်းကုန်းနှင့် နန်းတွင်းသူများက နောက်မှလိုက်ပါလာကြသဖြင့် စကားပြောရန် မသင့်တော်ပေ။ လုမင်ယွိက လက်ကို ဆန့်တန်းကာ လီကျင့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လက်ချင်းယှက်နွှယ်လိုက်သော အထိအတွေ့၏ နွေးထွေးမှုကြောင့် လီကျင့် သတိဝင်လာတော့သည်။

သူက လုမင်ယွိကို ပြုံးပြလိုက်ပြီး အဆင်ပြေကြောင်း အချက်ပြကာ ဇနီးမောင်နှံနှစ်ဦးသည် အရှေ့နန်းဆောင်သို့ အတူတူ ပြန်လာခဲ့ကြလေသည်။

သားသမီးနှစ်ယောက် အိပ်ပျော်သွားမှသာ ဇနီးမောင်နှံနှစ်ယောက် နှစ်ကိုယ်ကြား စကားပြောခွင့် ရကြတော့သည်။

"ဖုဟွမ်က ကျောင်းဖန်နန်းဆောင်ကို သွားတာပဲ။ ရှင် မူဟုပ်အတွက် ဝမ်းသာပေးသင့်တာပေါ့" လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။

လီကျင့်သည် နှုတ်ခမ်းကို တွန့်လိုက်သော်လည်း မျက်ဝန်းထဲတွင် အပြုံးရိပ်မရှိပေ။ "ဖုဟွမ်က ကိုယ့်ကို ဒီလိုဆက်ဆံတာ ကျွန်တော် စိတ်မဆိုးပါဘူး။ နန်းတွင်းမှာက အရှင်သခင်နဲ့ အစေခံက အရင်၊ သားအဖက ဒုတိယလေ။ သူက ကိုယ်ဆိုတဲ့ ထိုက်ဇီကို လစ်လျူရှုချင်တယ်၊ အရှေ့နန်းဆောင်ရဲ့ အာဏာကို လျှော့ချင်တယ်ဆိုလည်း သူ့သဘောပါပဲ"

"ဒါပေမဲ့ မူဟုပ်ကိုတော့ ဒီလိုမလုပ်သင့်ဘူး"

"လင်မယားသက်တမ်း နှစ်၂၀ကျော်မှာ မူဟုပ်က အရင်ဆုံး လီမိသားစုရဲ့ အိမ်ရှင်မတာဝန်ကို ကျေပွန်ခဲ့တယ်။ ပြီးတော့ မိဖုရားခေါင်အနေနဲ့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ မုန့်ဖေးကို ချစ်တာပဲဖြစ်ဖြစ်၊ ချင်ဖေးနဲ့ စူးဖေးကို ချစ်တာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကို မြှောက်စားစား မူဟုပ်က တစ်ခွန်းမှ မဟခဲ့ဘူး။ တခြားမိန်းမက မွေးတဲ့ သားသမီးတွေကိုလည်း မူဟုပ်က မျက်နှာမလိုက်ခဲ့ဘူး"

"နန်းတွင်းမှာ မပြောနဲ့။ သာမန်အရာရှိအိမ်တွေမှာတောင် မယားကြီးက မယားငယ်နဲ့ တခြားသားသမီးတွေကို နှိပ်ကွပ်ချင်ရင် လွယ်လွယ်လေးရယ်။ မူဟုပ်က ဖုဟွမ် စိတ်ဆင်းရဲအောင် တစ်ခါမှ မလုပ်ခဲ့ဘူး။ တခြားသားသမီးတွေ အကုန်လုံး ဘေးကင်းကင်းနဲ့ ကြီးပြင်းလာကြတာပဲ"

"ဒါကို ဖုဟွမ်က မူဟုပ်ကို ဘယ်လိုဆက်ဆံလဲ။ စူးဖေးသေသွားတာကို မူဟုပ်အပေါ် မကျေနပ်ချက် ပုံချတယ်။ မုန့်ဖေးကို တမင်သက်သက် မြှောက်စားပြီး ကျောင်းဖန်နန်းဆောင်ကို တစ်လကျော်လောက် ခြေမချဘဲနေတယ်။ မူဟုပ်ရဲ့ သိက္ခာကို မြေမှာချတယ်။ လင်မယားသံယောဇဉ်ကို နည်းနည်းလေးမှ မထောက်ထားဘူး"

"ဘဏ္ဍာတိုက်မှာ ငွေမရှိလို့ မူဟုပ်က နှစ်ပေါင်း ၂၀ကျော် စုထားတဲ့ ကိုယ်ပိုင်ငွေတွေကို ထုတ်ပေးလိုက်ရတယ်။ ကိုယ်တို့လည်း ရှိသမျှငွေတွေအကုန် ထုတ်ပေးပြီး ဖုဟွမ်ရဲ့ အခက်အခဲကို ဖြေရှင်းပေးခဲ့တယ်"

"အဲဒါကြောင့်သာ သူက ကျောင်းဖန်နန်းဆောင်ကို သွားတာ။ မူဟုပ် ရသင့်ရထိုက်တဲ့ ဂုဏ်သိက္ခာကို ပြန်ပေးတာ"

"ကိုယ်က ဘာကို ဝမ်းသာရမှာလဲ"

လီကျင့်၏ ခံစားချက်များ ပြင်းထန်လာပြီး အသံများ တုန်ယင်လာကာ ကျယ်လောင်လာတော့သည်။ ချောမောသော မျက်နှာတွင် သွေးရောင်များ လွှမ်းလာပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

လီကျင့် သည်လောက် စိတ်လှုပ်ရှားသည်မှာ ရှားပါးလှသည်။ ဒီရက်ပိုင်း သူသည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင် မကျေနပ်မှုနှင့် ဒေါသများ စုပုံနေခဲ့ကြောင်း သိသာလှသည်။

လုမင်ယွိသည် စိတ်မကောင်းဖြစ်သွားပြီး လီကျင့်၏ ရင်ဘတ်ကို ပွတ်သပ်ပေးလိုက်ကာ "ရှင် အရင်ဆုံး စိတ်ကိုလျှော့ပါ။ ဒေါသထွက်လွန်းရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်"

ယုံးကျားဧကရာဇ်၏ လုပ်ရပ်သည် တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။ သို့သော် တိုင်းပြည်အရှင်သခင်ကို မည်သူကမှ ဘာမှလုပ်၍မရပေ။

လီကျင့်သည် လုမင်ယွိ၏ လက်ကို ဆွဲယူကာ သူ့ရင်ဘတ်ပေါ်တွင် ကပ်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သူက တာဝန်ကျေတဲ့ ဖခင်တစ်ယောက် ဖြစ်ပေမဲ့ ခင်ပွန်းကောင်းတစ်ယောက် မဟုတ်ဘူး။ မူဟုပ်က အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်နေရတာကို ကိုယ် ငယ်ငယ်ကတည်းက မြင်လာခဲ့ရတာ။ လူရှေ့မှာ ပြုံးနေပေမဲ့ ကွယ်ရာမှာ ငိုနေရတာ"

"ကိုယ် သူ့လိုလူမျိုး လုံးဝ အဖြစ်မခံဘူး။ ကိုယ်က ကိုယ်ချစ်တဲ့ မိန်းကလေးကိုပဲ ဇနီးအဖြစ်ပေါင်းဖက်ပြီး အိုအောင်မင်းအောင် ချစ်သွားမှာ"

"ဘုရင်ဖြစ်တာနဲ့ပဲ မိန်းမတွေ အများကြီး ယူရမယ်လို့ ကိုယ် မယုံဘူး။ ဒီတစ်သက် ကိုယ့်မှာ မင်းတစ်ယောက်တည်းပဲ ရှိရမယ်။ အနောက်နန်းဆောင်မှာ ဒုတိယမိန်းမဆိုတာ လုံးဝ ရှိလာမှာ မဟုတ်ဘူး"

ခံစားချက်များ ပြင်းထန်လာချိန်တွင် တစ်သက်လုံး တစ်ယောက်တည်း ဟူသော ကတိစကားသည် နှုတ်မှ အလိုအလျောက် ထွက်ပေါ်လာခဲ့လေသည်။

တည်ငြိမ်နေသော လုမင်ယွိ၏ နှလုံးသားရေပြင်သည် လေပြင်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသကဲ့သို့ လှုပ်ခတ်သွားတော့သည်။ လုမင်ယွိသည် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ လီကျင့်၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်မိသည်။

လီကျင့်သည် လုမင်ယွိကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး အသက်ရှူရပ်မတတ် ပြင်းပြသော အနမ်းများကြားတွင် နှလုံးသားနှစ်ခုသည် တိတ်တဆိတ် ပေါင်းစပ်သွားကြတော့သည်။

ကုတင်ဘေးရှိ ပါးလျလျ ခန်းဆီးစများသည် ဘယ်အချိန်က ကျသွားမှန်းမသိဘဲ တသိမ့်သိမ့် တုန်ခါနေလေသည်။

...

တစ်ညတာ ကုန်ဆုံးသွားခဲ့လေသည်။

နောက်တစ်နေ့ နံနက်တွင် လီကျင့်သည် ခြေထောက်များ ပျော့ခွေနေသလို ခံစားနေရသည်။

လုမင်ယွိ၏ မျက်နှာသည် ပုံမှန်ထက် ပိုမိုနီမြန်းလှပနေပြီး နှုတ်ခမ်းနီဆိုးစရာ မလိုလောက်အောင် ကျက်သရေရှိနေသည်။

လီကျင့်သည် အသည်းယားလာသဖြင့် အနောက်မှ သိုင်းဖက်လိုက်ပြီး တိုးတိုးလေး စနောက်လိုက်သည်။ "မနေ့ညက ပြုစုပေးတာကို ထိုက်ဇီဖေး သဘောကျရဲ့လား"

လုမင်ယွိက ရှက်သွေးဖြာကာ သူ့ကို နှာခေါင်းရှုံ့လိုက်တော့သည်။

ယခင်က ကျန်းမာရေး ဂရုစိုက်နေရသဖြင့် နှစ်ဦးသား အိမ်ထောင်ရေးသုခကို ဆင်ခြင်နေခဲ့ရသည်။

လီကျင့်က တိုးတိုးလေး ရယ်မောလိုက်၏။ ဝင်သက်ထွက်သက် လေငွေ့နွေးနွေးက နားရွက်ကို လာထိသဖြင့် ယားကျိကျိ ဖြစ်နေလေသည်။

"ဖေဖေ၊ မေမေ" ပျော်ရွှင်သော အသံလေး ထွက်ပေါ်လာသည်။ ရွှမ်းအာသည် ပထမဆုံး ပြေးဝင်လာပြီး မိဘနှစ်ပါးကြားသို့ အတင်းတိုးဝင်လိုက်သည်။ ရွှီအာသည်လည်း အားကျမခံ နောက်မှ ပြေးလိုက်လာပြီး ဝင်တိုးလေသည်။

ကဲ... မွှေစိန်လေးနှစ်ယောက် ရောက်လာပြီဆိုတော့ ဇနီးမောင်နှံနှစ်ယောက်၏ ကြည်နူးချိန် ကုန်ဆုံးသွားလေပြီ။

"ကျောင်းဖန်နန်းဆောင်ကို သွားပြီး အဘိုးတော်နဲ့ အဘွားတော်ကို သွားနှုတ်ဆက်ကြမယ်" လုမင်ယွိက ပြုံးကာ ရွှမ်းအာ၏ လက်ကို ကိုင်လိုက်သည်။ လီကျင့်ကလည်း သားဖြစ်သူ၏ လက်ကို ဆွဲကာ မိသားစုလေးယောက် ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာလာကြသည်။

မထင်မှတ်ထားသည်မှာ ကျောင်းဖန်နန်းဆောင်သို့ ရောက်သောအခါ ချောင်မိဖုရားခေါင်ကိုသာ တွေ့ရပြီး ယုံးကျားဧကရာဇ်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

လီကျင့်၏ ပျော်ရွှင်မှု တစ်ဝက်ခန့် လျော့ပါးသွားတော့သည်။

သူ ပါးစပ်မဟရသေးခင် ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးက မနေ့ညက ညစာစားပြီးတော့ မင်းသမီးလေးကို သွားကြည့်ရင်း ဖန်ဟွာနန်းဆောင်မှာပဲ အိပ်လိုက်တယ်"

ဖန်ဟွာနန်းဆောင်သည် ဝမ်ကျဲယွီ၏ နန်းဆောင်ဖြစ်သည်။

ကျောင်းဖန်နန်းဆောင်ကို လာခဲ့ပေမဲ့ ညမအိပ်ဘဲ ညစာစားပြီးတာနဲ့ ငယ်ရွယ်လှပတဲ့ ဝမ်ကျဲယွီဆီ သွားအိပ်တာကိုး။

လီကျင့်သည် သားတစ်ယောက်အနေဖြင့် ဖခင်၏ အိမ်ထောင်ရေးကိစ္စကို ဝင်မပြောသင့်ပေ။ သို့သော် ရင်ထဲတွင် အောင့်သက်သက် ဖြစ်နေသဖြင့် မျက်နှာထား တင်းမာသွားပြီး နှာခေါင်းရှုံ့လိုက်မိတော့သည်။

လုမင်ယွိက လီကျင့်ကို မျက်စောင်းဖြင့် သတိပေးလိုက်၏။ သို့မှသာ ချောင်မိဖုရားခေါင် ပိုပြီး မျက်နှာမပျက်ရမည်။

လီကျင့်သည် သဘောပေါက်သော်လည်း ဒေါသကို မြိုသိပ်ထားရသဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် ဒီနေ့ ညီလာခံတက်ရဦးမယ်။ ကြာကြာနေလို့ မဖြစ်ဘူး။ ရှောင်ယွိနဲ့ ကလေးတွေကို မူဟုပ်နားမှာ အဖော်လုပ်ပေးဖို့ ထားခဲ့လိုက်မယ်"

ချောင်မိဖုရားခေါင်က ပြုံးလိုက်သည်။ "မင့်အလုပ် မင်းသွားလုပ်ပါ။ ဒီမှာ အချိန်ဖြုန်းမနေနဲ့"

လီကျင့်က ခေါင်းညိတ်ကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

လုမင်ယွိက ယုံးကျားဧကရာဇ်အကြောင်း တစ်လုံးမှ မဟတော့ဘဲ ချောင်မိဖုရားခေါင်နှင့် အခြားကိစ္စများကို ပြောဆိုလိုက်သည်။ "ဘဏ္ဍာတိုက်မှာ ငွေမရှိတော့ နန်းတွင်းစရိတ်တွေကို လျှော့ချသင့်တယ်"

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်သည်။ "ပန်ကုံးလည်း စိတ်ကူးရှိပါတယ်။ နောက်နှစ်နှစ်လောက်တော့ ချိုးခြံချွေတာမှ ဖြစ်မယ်။ မယ်တော်ကြီးရဲ့ နန်းဆောင်ကိုတော့ မလျှော့ဘူး။ ကျောင်းဖန်နန်းဆောင်ကို ၃၀ရာခိုင်နှုန်း လျှော့မယ်"

"အရှေ့နန်းဆောင်ကို ၄၀ရာခိုင်နှုန်း လျှော့မယ်" လုမင်ယွိက ပြုံးကာ ဆက်ပြောလိုက်သည်။ "ကျန်တဲ့နန်းဆောင်တွေကတော့ အရှေ့နန်းဆောင်အတိုင်းပဲ လျှော့လိုက်တော့"

ချောင်မိဖုရားခေါင်က ဦးဆောင်ပြီး ၃၀ရာခိုင်နှုန်း လျှော့ချလိုက်သည်။ အရှေ့နန်းဆောင်က ၄၀ရာခိုင်နှုန်း လျှော့ချလိုက်သည်။ သို့ဆိုလျှင် ကျန်နန်းဆောင်များ ၄၀ရာခိုင်နှုန်း လျှော့ချခြင်းက မများလွန်းတော့ပေ။

ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြုံးလိုက်လေသည်။ "ဘဏ္ဍာတိုက်မှာ ငွေလိုလို့ ပန်ကုံးက ကိုယ်ပိုင်ငွေတိုက်ကို ထုတ်ပေးလိုက်ရတယ်။ မင်းလည်း မင်္ဂလာလက်ဖွဲ့တွေကို ထုတ်ပေးလိုက်ရတယ်။ မင်းက ထိုက်ဇီဖေး ဖြစ်လာပြီးတော့ သက်တောင့်သက်သာ မနေရရှာဘူး"

လုမင်ယွိက အသာပြုံးလိုက်ကာ "မူဟုပ် ပြောတာ မမှန်ပါဘူး။ ကျွန်မအတွက်တော့ အခုလိုနေ့ရက်တွေက အကောင်းဆုံးပါပဲ"

ယောက္ခမနှင့် ချွေးမ သင့်မြတ်သည်။ လင်နှင့်မယား စိတ်တူကိုယ်တူ ရှိသည်။ အပြန်အလှန် ယုံကြည်ပြီး သံသယ မရှိကြပေ။

ဒီ့ထက်ကောင်းမွန်သော နေ့ရက်များက ရှိပါဦးမည်တဲ့လား။

…

All Chapters