အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
အပိုင်း (၄၆၃) နည်းလမ်းများ (၁)
လုမင်ယွိ၏ ရင်ထဲမှလာသော စကားများသည် ဟန်ဆောင်ပြောဆိုခြင်း လုံးဝ မဟုတ်ပေ။
ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်များ ယှက်သန်းလာလေသည်။ "မင်း ဒီလိုပြောမှတော့ ပန်ကုံးက ယုံလိုက်တော့မယ်"
လုမင်ယွိက နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ "ကျွန်မက အဲဒီလို ဖားတတ်တဲ့လူစားမျိုး မဟုတ်ပါဘူး။ စိတ်ထဲရှိတဲ့အတိုင်း ပြောတာပါ။ မိသားစုတစ်စုမှာ အရေးကြီးဆုံးက စိတ်ဝမ်းမကွဲဖို့ပဲလေ။ ဘယ်လိုအခက်အခဲနဲ့ပဲ ကြုံရပါစေ စည်းလုံးညီညွတ်ရင် ကျော်ဖြတ်နိုင်မှာပါ"
ချွေးမတစ်ယောက်အနေဖြင့် လုမင်ယွိသည် ချောင်မိဖုရားခေါင်အား တဲ့တိုး နှစ်သိမ့်ရန် မသင့်တော်သဖြင့် သွယ်ဝိုက်သောနည်းဖြင့်သာ စိတ်သက်သာရာရစေရန် ပြောဆိုလိုက်ရခြင်း ဖြစ်သည်။
ချောင်မိဖုရားခေါင်ကလည်း ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မင်း ပန်ကုံးအတွက် စိတ်ပူစရာ မလိုပါဘူး။ ပန်ကုံးက မိဖုရားခေါင်လေ။ ဇာမဏီပလ္လင်ပေါ်မှာ မြဲမြဲထိုင်နိုင်ရင် ပြီးတာပဲ။ အရှင်မင်းကြီး ဘယ်မိဖုရားကိုပဲ မြှောက်စားစား သူ့သဘောပဲလေ။ ပန်ကုံးသာ ဒါလေးတောင် သဘောမပေါက်ရင် ဒီနှစ်တွေအများကြီး ဘယ်လိုလုပ် ခံနိုင်ခဲ့မှာလဲ"
ဒါက မှန်ကန်ပေသည်။
ဤမျှနှစ်ပေါင်းများစွာ သည်းခံကျော်ဖြတ်လာခဲ့ပြီးမှ ဘာကိုများ စိတ်ခုစရာ ရှိတော့မည်နည်း။
အရှေ့နန်းဆောင်သည် တောင်ကြီးပမာ တည်ငြိမ်ခိုင်မာနေသကဲ့သို့ ချောင်မိဖုရားခေါင်၏ ဇာမဏီပလ္လင်သည်လည်း ခိုင်မြဲနေပြီဖြစ်သည်။ ယုံးကျားဧကရာဇ် မည်သူ့ဆီသွားသွား သွားပလေ့စေ။ နောက်ထပ် မင်းသား တစ်ပါးနှစ်ပါး ထပ်မွေးလာလျှင်ပင် ကိစ္စကြီးမဟုတ်ပေ။
လုမင်ယွိသည် ချောင်မိဖုရားခေါင် အမှန်တကယ် ဂရုမစိုက်သည်ကို မြင်လိုက်ရသဖြင့် စကားကို ရှင်းရှင်းလင်းလင်းပင် ပြောလိုက်တော့သည်။ "မုန့်ဖေးက လောလောဆယ် ကြည့်ကောင်းနေတာ ခမည်းတော်က တမင်သက်သက် မြှောက်စားထားလို့ပါ။ ဝမ်ကျဲယွီက အချစ်ကို ခွဲယူပြီး မုန့်ဖေးရဲ့ မောက်မာမှုကို ဖိနှိပ်လိုက်တာက ကောင်းတဲ့ကိစ္စပါပဲ"
ဝမ်ကျဲယွီသည် မူလကတည်းက ချောင်မိဖုရားခေါင်၏ လူပင်ဖြစ်သည်။ မုန့်ဖေးကို ဘဝင်မြင့်ခွင့်ပေးထားမည့်အစား ဝမ်ကျဲယွီကို မြှောက်စားလိုက်ခြင်းက ပိုကောင်းပေသည်။
ချောင်မိဖုရားခေါင်သည် ခေါင်းအနည်းငယ် ညိတ်လိုက်လေ၏။ "ပန်ကုံး စိတ်ထဲမှာ အစီအစဉ်ရှိပါတယ်"
...
မကြာမီမှာပင် အနောက်နန်းဆောင်မှ မိဖုရားများ ဂါရဝပြုရန် ရောက်ရှိလာကြသည်။
နန်းတွင်းစည်းမျဉ်းအရ လုမင်ယွိသည် မိဖုရားများ၏ ဂါရဝပြုမှုကို အပြည့်အဝ မခံယူထိုက်သဖြင့် ကိုယ်ကို အနည်းငယ်စောင်းကာ တစ်ဝက်သာ ခံယူလိုက်လေသည်။
နန်းတော်ထဲတွင် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ လာရောက်ခဲ့သော်လည်း နောက်ဆုံးတွင် ဖန်ဟွာနန်းဆောင်၌ အိပ်စက်ခဲ့သည်ကို မိဖုရားများအားလုံး သိရှိထားကြသည်။ မုန့်ဖေးသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး လှောင်ပြောင်လိုစိတ်ဖြင့် တမင်တကာ ပြုံးကာ ပြောလိုက်လေသည်။ "ချန်ချဲ့ ဒီနေ့ တမင်စောစောလာခဲ့တာ အရှင်မင်းကြီးကို ဂါရဝပြုချင်လို့ပါ။ ဘယ်လိုလဲ၊ အရှင်မင်းကြီးက ကျောင်းဖန်နန်းဆောင်မှာ မရှိဘူးလား"
ချောင်မိဖုရားခေါင်သည် မုန့်ဖေးကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်လေသည်။ "မုန့်ဖေးက သတင်းမြန်ပါတယ်၊ အရှင်မင်းကြီး မနေ့ညက ဖန်ဟွာနန်းဆောင်မှာ အိပ်တယ်ဆိုတာ မသိဘဲနေပါ့မလား။ အခု ဒီလိုစကားမျိုးပြောတာ ဘာသဘောလဲ။ မဟုတ်မှလွဲရော ပန်ကုံးကို လာပြီး လှောင်ပြောင်ချင်တာများလား"
မုန့်ဖေး "..."
ယခင်က မုန့်နှစ်တုံးကဲ့သို့ ပျော့ပြောင်းခဲ့သော ချောင်မိဖုရားခေါင်သည် ယခုအခါ တစ်ခြားလူတစ်ယောက်နှယ် ဖြစ်နေလေသည်။ ဒါသည် ကြမ်းတမ်းသော လုမင်ယွိက နောက်ကွယ်မှ မြှောက်ပင့်ပေးထားခြင်း ဖြစ်ရမည်။
မုန့်ဖေးသည် အရှက်ရသွားပြီး ရင်ထဲတွင် ဒေါသထွက်သော်လည်း ထုတ်မပြရဲဘဲ ထရပ်ကာ အပြစ်တောင်းပန်လိုက်ရလေသည်။ "ချန်ချဲ့က နောက်ပြောင်လိုက်တာပါ။ ဟွမ်ဟုပ်ညန်ညန်ကို လှောင်ပြောင်လိုစိတ် လုံးဝ မရှိပါဘူး။ ဟွမ်ဟုပ်ညန်ညန် စိတ်လျော့ပါ"
ချောင်မိဖုရားခေါင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။ "တချို့စနောက်မှုတွေက ပြောလို့ရပေမဲ့ တချို့က ပြောလို့မရဘူး။ မုန့်ဖေး နောက်ဆိုရင် စကားပြော ဆင်ခြင်ရင် ပြီးတာပါပဲ။ ဒီနေ့တော့ ထားလိုက်ပါတော့"
မုန့်ဖေးသည် ဒေါသကို မြိုသိပ်ထားရတော့၏။ "ဟွမ်ဟုပ်က သဘောထားကြီးပါတယ်။ ချန်ချဲ့ မှားမှန်းသိပါပြီ။ နောက်ဆို စကားပြောရင် သတိထားပါ့မယ်"
ချင်ဖေးသည် တွင်းထဲကျသူကို ကျောက်ခဲဖြင့် ထပ်ပေါက်မည့် အခွင့်အရေးကို လက်လွတ်ခံမည့်သူ မဟုတ်သဖြင့် ချက်ချင်း ဝင်ပြောလိုက်လေသည်။ "အရှင်မင်းကြီး ပြန်ရောက်ကတည်းက ယန်ရှီနန်းဆောင်မှာပဲ အိပ်နေတာလေ။ ချန်ချဲ့ ပြောချင်တာက မုန့်ဖေးလည်း အသက်ကြီးနေပြီ၊ တစ်နေကုန် အရှင်မင်းကြီးကို လက်ဝါးကြီးအုပ်ထားတာက သိပ်ကြည့်ကောင်းတာ မဟုတ်ဘူး"
မုန့်ဖေးကတော့ ချင်ဖေး၏ စကားကို သည်းခံမည် မဟုတ်ဘဲ မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဟုတ်တာပေါ့၊ ငါလည်း အရှင်မင်းကြီးကို အားရင် တခြားနန်းဆောင်တွေကို သွားလည်ပါလို့ ပြောဖူးပါတယ်။ ဥပမာ ချင်ဖေးတို့ဆီပေါ့၊ လည်ပင်းရှည်အောင် စောင့်နေရှာတာ။ ဒါပေမဲ့ အရှင်မင်းကြီးက မသွားချင်တာ ငါက ဘာတတ်နိုင်မှာလဲ"
ချင်ဖေးသည် ဒေါသကြောင့် မျက်နှာနီရဲလာပြီး ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ကာ တိုင်တောတော့သည်။ "ဟွမ်ဟုပ်ညန်ညန်၊ မုန့်ဖေး ပြောတာကို နားထောင်ကြည့်ပါဦး။ သူက အချစ်တော်ဖြစ်တာကို အခွင့်ကောင်းယူပြီး တမင်ရွဲ့ပြောနေတာပါ"
"အရှင်မင်းကြီးက မသွားချင်တာ" ဆိုသည့် စကားမှာ ရည်ရွယ်ချက်ရှိပြီး မိဖုရားခေါင်ကိုပါ ထိခိုက်စေသည်မှာ ထင်ရှားလှသည်။
ချောင်မိဖုရားခေါင်သည် စိတ်ပျက်သွားပြီး မျက်နှာထား တင်းမာလိုက်လေသည်။ "တော်ကြပါတော့၊ ဒီလောက်များတဲ့ မိဖုရားငယ်လေးတွေ ကြည့်နေတာကို မင်းတို့ လူကြီးနှစ်ယောက်က မဆင်ခြင်ကြဘူး။ ဒီမှာလာပြီး သဝန်တိုပြီး ရွဲ့စောင်းပြောနေကြတာ သိပ်အမြင်မတော်ဘူး"
မုန့်ဖေးနှင့် ချင်ဖေးတို့ ပြိုင်တူ ပါးစပ်ပိတ်သွားကြသည်။
နားအေးပါးအေး ဖြစ်သွားတော့၏။
ထိုအချိန်တွင် ဝမ်ကျဲယွီ ရောက်လာလေသည်။ ဝမ်ကျဲယွီသည် ယနေ့ မိတ်ကပ်မလိမ်းခြယ်ထားဘဲ အဝတ်အစားကိုလည်း ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည်။ နန်းဆောင်ထဲသို့ ဝင်သည်နှင့် ရှက်ရွံ့စွာ ဒူးထောက်ပြီး အပြစ်တောင်းပန်လိုက်လေသည်။ "ချန်ချဲ့ ဂါရဝပြုတာ နောက်ကျသွားလို့ ဟွမ်ဟုပ်ညန်ညန် အပြစ်ပေးတော်မူပါ"
မုန့်ဖေးကဲ့သို့ပင် လွန်ခဲ့သော တစ်လကျော်လုံး နေ့စဉ် ဂါရဝပြုရန် နောက်အကျဆုံး လာရောက်သူဖြစ်သည်။ ပါးစပ်ဟပြီး အပြစ်တောင်းပန်လိုက်သည်နှင့် "ချန်ချဲ့က အရှင်မင်းကြီး အဝတ်အစားလဲတာ ထမင်းစားတာကို ပြုစုနေရလို့ နောက်ကျသွားပါတယ်" ဆိုသည့် စကားမျိုးသာ ဖြစ်သည်။
ဝမ်ကျဲယွီကတော့ တစ်လုံးမှ မဟပေ။ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကလည်း ဟန်ဆောင်ထားခြင်း မဟုတ်ပေ။
ယုံးကျားဧကရာဇ်သည် မနေ့ညက ရုတ်တရက် ဖန်ဟွာနန်းဆောင်သို့ ရောက်လာခဲ့သည်။ တစ်ညလုံး ပျော်ပါးခဲ့ကြသဖြင့် မနက်တွင် အိပ်ရာထ နောက်ကျလေသည်။ ဝမ်ကျဲယွီသည် ပုံမှန်ဆိုလျှင် အစောဆုံး လာရောက်လေ့ရှိသော်လည်း ဒီနေ့မှ အနောက်ကျဆုံး ဖြစ်နေသည်။ လမ်းတစ်လျှောက်လုံးတွင် ချောင်မိဖုရားခေါင် စိတ်ဆိုးပြီး အပြစ်ပေးမည်ကို စိုးရိမ်ကာ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရသည်။
မုန့်ဖေးသည် လှပနုနယ်နေသော ဝမ်ကျဲယွီကို စူးစိုက်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးကို ပြုစုတာက အရေးကြီးဆုံးကိစ္စပဲလေ။ ဟွမ်ဟုပ်ညန်ညန်က ဝမ်ကျဲယွီကို ဘယ်လိုလုပ် အပြစ်တင်မှာလဲ"
ချင်ဖေး၏ ရင်ထဲတွင် မနာလိုဝန်တိုမှုများ ပြည့်နှက်နေသော်လည်း ဟက်ဟက်ပက်ပက် ရယ်မောကာ ဝင်ပြောလိုက်လေသည်။ "ဝမ်ကျဲယွီက ငယ်ရွယ်လှပပြီး အရှင်မင်းကြီးရဲ့ အချစ်ကို ရထားတာပဲ။ မကြာခင် သတင်းကောင်းကြားရပြီး မင်းသားလေးတစ်ပါး မွေးလာနိုင်တာပေါ့"
ဝမ်ကျဲယွီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "မုန့်ဖေးနဲ့ ချင်ဖေး ပြောတဲ့စကားတွေက ပန်ကုံးရဲ့ ဆန္ဒပါပဲ။ ဝမ်ကျဲယွီ ကြောက်နေစရာ မလိုပါဘူး။ ပန်ကုံးလည်း အရှင်မင်းကြီးရဲ့ ဘေးနားမှာ စိတ်သိလက်သိရှိတဲ့သူ ရှိတာကို မျှော်လင့်ပါတယ်။ နန်းတော်ထဲမှာ နောက်ထပ် မင်းသားလေးတစ်ပါး တိုးလာရင် ပန်ကုံး ပိုတောင် ဝမ်းသာဦးမယ်။ ကဲ... ထပြီး ထိုင်လိုက်ပါဦး"
ဝမ်ကျဲယွီသည် သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်စကားဆိုကာ ထရပ်လိုက်သည်။ ထုံးစံအတိုင်း ထောင့်တစ်နေရာတွင် သွားထိုင်ရန် ပြင်လိုက်သည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ "တခြားသူတွေက စကားပြောရလွယ်အောင် အနားကပ်ထိုင်ချင်ကြတာ။ မင်းကတော့ အမြဲတမ်း ဝေးဝေးမှာပဲ သွားထိုင်တယ်။ လာ... ပန်ကုံး ဘေးနားမှာ လာထိုင်"
ဝမ်ကျဲယွီသည် အခြားမိဖုရားများ၏ အားကျခြင်း၊ မနာလိုခြင်း အကြည့်များအောက်တွင် လျှောက်သွားပြီး ချောင်မိဖုရားခေါင်၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
သို့နှင့် မုန့်ဖေးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
မုန့်ဖေးသည် စိတ်ထဲတွင် အံကြိတ်လိုက်ပြီး ပန်းပွင့်လေးကဲ့သို့ လှပနေသော ဝမ်ကျဲယွီကို မျက်စောင်းထိုးလိုက်သည်။
ချောင်မိဖုရားခေါင်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာလေသည်။ "မုန့်ဖေး၊ မင်း ဝမ်ကျဲယွီကို ဘာလို့ ကြည့်နေတာလဲ။ အရှင်မင်းကြီးက ယန်ရှီနန်းဆောင်မှာ တစ်လကျော် ဆက်တိုက်အိပ်ခဲ့တာ ဘယ်သူမှ ယှဉ်လို့မရလောက်အောင် မျက်နှာသာပေးခံခဲ့ရတာပဲ။ မဟုတ်မှလွဲရော မင်းက လောဘတက်ပြီး အရှင်မင်းကြီးရဲ့ အချစ်ကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား"
မုန့်ဖေးမှာ ဒေါသကို မြိုသိပ်လိုက်ရတော့သည်။ "ချန်ချဲ့ မလုပ်ရဲပါဘူး။ ဟွမ်ဟုပ်ညန်ညန် အထင်လွဲနေပါပြီ။ ချန်ချဲ့က ဝမ်ကျဲယွီနဲ့ ရင်းနှီးအောင် လုပ်ချင်ရုံပါ"
ချောင်မိဖုရားခေါင်က အသာပြုံးလိုက်ကာ "မင်း အဲဒီလို တွေးနိုင်ရင် အကောင်းဆုံးပဲ။ အရှင်မင်းကြီးက တိုင်းပြည်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ အနောက်နန်းဆောင်ကို လာတာက အပန်းဖြေဖို့ပဲ။ အနောက်နန်းဆောင် သင့်မြတ်ဖို့က အဓိကပဲ။ မသင့်တော်တဲ့ စိတ်ကူးယုတ်တွေ မွေးမနေကြနဲ့။ စူးဖေးရဲ့ နမူနာကို မင်းတို့ မြင်ကြတယ် မဟုတ်လား"
စူးဖေးအကြောင်း ပြောလိုက်သည်နှင့် မုန့်ဖေး၏ မျက်နှာအရောင် ပြောင်းသွားပြီး ခေါင်းငုံ့ကာ လက်ခံလိုက်ရသည်။
ဝမ်ကျဲယွီသည် ရင်ထဲတွင် ကျေးဇူးတင်သွားပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ ဆုံးမစကားကို ချန်ချဲ့ မှတ်သားထားပါ့မယ်။ ချန်ချဲ့ အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန်ကို အစွမ်းကုန် ပြုစုပါ့မယ်"
ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီအပေါ် ပိုမို ကြင်နာဟန်ပြပြီး ပြုံးကာ ပြောလိုက်လေသည်။ "မင်းရဲ့စိတ်ထားက နူးညံ့ပြီး ချစ်စရာကောင်းတယ်။ အရှင်မင်းကြီးမပြောနဲ့ ပန်ကုံးတောင် သဘောကျတယ်"
လုမင်ယွိသည် မူလက လိုအပ်လျှင် ဝင်ကူညီရန် စဉ်းစားထားခဲ့ပြီး ဘေးမှ ခဏရပ်ကြည့်ပြီးနောက် စိတ်အေးသွားတော့သည်။
ချောင်မိဖုရားခေါင်သည် ရန်နှင့်တု သွေးကြောအမှတ်များ ပွင့်သွားသယောင် အရှိန်အဝါ ကြီးမားလာပြီး တပြိုင်ထဲတွင် အနုအကြမ်း ပေါင်းစပ်အသုံးပြုတတ်လာခဲ့သည်။ အမောက်မာဆုံး ဖြစ်သော မုန့်ဖေးပင်လျှင် ယနေ့တွင် ခေါင်းမမော့နိုင်အောင် ဖိနှိပ်ခံလိုက်ရလေသည်။
...
အပိုင်း (၄၆၄) နည်းလမ်းများ (၂)
ချောင်မိဖုရားခေါင်သည် အနောက်နန်းဆောင်မှ မိဖုရားများ၏ မျက်နှာကို ဝေ့ဝဲကြည့်လိုက်ပြီး ဖျော့တော့စွာ ပြုံးကာ ပြောလိုက်လေသည်။ "မင်းတို့အားလုံး ရှိနေတုန်း ပန်ကုံး အရေးကြီးတဲ့ ကိစ္စတစ်ခု ကြေညာစရာ ရှိတယ်"
"ဒီနေ့ကစပြီး အနောက်နန်းဆောင် နေရာအနှံ့မှာ ကုန်ကျစရိတ်တွေ လျှော့ချရမယ်"
"ကျောင်းဖန်နန်းဆောင်မှာ ၃၀ရာခိုင်နှုန်း လျှော့မယ်။ အရှေ့နန်းဆောင်မှာ ၄၀ရာခိုင်နှုန်း လျှော့မယ်။ ကျန်တဲ့နန်းဆောင်တွေ အကုန်လုံး အရှေ့နန်းဆောင်အတိုင်းပဲ ၄၀ရာခိုင်နှုန်း လျှော့ချရမယ်။ အခု ဘဏ္ဍာတိုက်မှာ ငွေမရှိတော့ဘူး။ အတွင်းနန်းဆောင် ဘဏ္ဍာတိုက်က ငွေတွေလည်း ကုန်နေပြီ။ အားလုံးပဲ ချိုးခြံချွေတာကြပါ။ ဒီနှစ်နှစ်လောက် သည်းခံပြီး အခြေအနေ ပြန်ကောင်းလာမှ ပြန်သုံးကြတာပေါ့"
၄၀ရာခိုင်နှုန်းတောင် လျှော့မယ် ဟုတ်လား။
အကုန်လျှော့လိုက်ပါတော့လား။
ဒေါသထွက်နေသော မုန့်ဖေးသည် မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့က ရှေ့ဆောင်လမ်းပြပြီး ကုန်ကျစရိတ် လျှော့ချတာပဲ။ ဒီလို စိတ်သဘောထားမျိုးကို ချန်ချဲ့တို့ လေးစားပါတယ်"
ချင်ဖေး၏ စိတ်ထဲတွင်လည်း မကျေနပ်ပေ။ သို့သော် လက်ရှိအခြေအနေအရ မကျေနပ်၍ မရပေ။ မုန့်ဖေး ပြောသကဲ့သို့ ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီဖေးတို့က ဦးဆောင်လျှော့ချနေမှတော့ သူတို့က ဘာပြောနိုင်ဦးမည်နည်း။
ချင်ဖေးသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးကာ မေးလိုက်လေသည်။ "ချန်ချဲ့ ရဲရဲတင်းတင်း မေးပါရစေ။ရှို့နဉ်နန်းဆောင်ဘက်မှာရော..."
"အနောက်နန်းဆောင် ကုန်ကျစရိတ် လျှော့ချပေမဲ့ ရှို့နဉ်နန်းဆောင်ကတော့ အရင်အတိုင်းပါပဲ" တိတ်ဆိတ်နေသော လုမင်ယွိက ဝင်ပြောလိုက်လေသည်။ "ချင်ဖေး စိတ်ချပါ။ မူဟုပ်က မယ်တော်ကြီးကျောက်ကို ရိုသေတဲ့စိတ်က ရှင့်ထက် လုံးဝ မလျော့ပါဘူး"
ချင်ဖေးသည် စကားပိတ်သွားပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။ "ထိုက်ဇီဖေးက နောက်နေပါပြီ။ ချန်ချဲ့က ဒီတိုင်း မေးကြည့်လိုက်တာပါ။ တခြားသဘော မရှိပါဘူး"
"တခြားသဘော မရှိရင် အကောင်းဆုံးပေါ့" လုမင်ယွိက တည်ငြိမ်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရောဂါက ပါးစပ်က ဝင်တတ်ပြီး ဘေးဒုက္ခက ပါးစပ်က ထွက်တတ်တယ်တဲ့။ နန်းတော်ထဲမှာ လူများတော့ စကားတွေ များတတ်တယ်။ စကားနည်းနည်းပြောတာက လူနေမှုနည်းလမ်းပဲ။ ချင်ဖေးက အတော်ဆုံးပဲလေ။ ဒီသဘောတရားတွေကို ကျွန်မ မပြောလည်း ရှင်းမှာပါ"
ချင်ဖေး "..."
ချင်ဖေးသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ထိုက်ဇီဖေး ပြောတာ ဟုတ်ပါတယ်" ဟု ပြောကာ ပါးစပ်ပိတ်သွားလေသည်။
ကုန်ကျစရိတ် လျှော့ချသည့်ကိစ္စကြောင့် လူတိုင်း စကားပြောချင်စိတ် ကုန်သွားကြသည်။ အပေါ်ယံ စကားအနည်းငယ် ပြောပြီးနောက် အသီးသီး နှုတ်ဆက်ထွက်ခွာသွားကြသည်။ ဝမ်ကျဲယွီတစ်ယောက်သာ မပြန်ဘဲ နောက်ဆုံးအထိ ကျန်ရစ်ခဲ့လေသည်။
လုမင်ယွိသည် သဘောပေါက်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ပြုံးကာ ပြောလိုက်သည်။ "ဝမ်ကျဲယွီက မူဟုပ်ကို ပြောစရာစကား ရှိပုံရတယ်။ အာရှီ ရွှီအာနဲ့ ရွှမ်းအာကို ခေါ်ပြီး ပြန်လိုက်ပါဦးမယ်"
ချောင်မိဖုရားခေါင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
လုမင်ယွိ ကလေးများကို ခေါ်ဆောင်သွားပြီးနောက် နန်းဆောင်ထဲတွင် အခြားသူ မရှိတော့ပေ။
ဝမ်ကျဲယွီသည် ရုတ်တရက် ထရပ်ပြီး ချောင်မိဖုရားခေါင်၏ ရှေ့တွင် ဒူးထောက်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် အံ့အားသင့်သွားပြီး ဝမ်ကျဲယွီကို ချက်ချင်း တွဲထူလိုက်၏။ "ကောင်းကောင်းနေရင်း ဘာလို့ ရုတ်တရက် ဒူးထောက်ရတာလဲ။ မြန်မြန်ထ"
ဝမ်ကျဲယွီက မထဘဲ မျက်ရည်များ ဝဲကာ ပြောလိုက်လေသည်။ "ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်ရဲ့ ကျေးဇူးကို ရထားတာပါ။ တစ်နေ့ကျရင် ချန်ချဲ့ကြောင့် ဟွမ်ဟုပ်ညန်ညန် မျက်နှာပျက်ရမယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ ချန်ချဲ့ တကယ် ရှက်မိပါတယ်။ ဟွမ်ဟုပ်ညန်ညန်ကို မျက်နှာချင်း မဆိုင်ရဲတော့ပါဘူး"
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် ညစာစားပြီး ဖန်ဟွာနန်းဆောင်တွင် သွားအိပ်ခြင်းဖြစ်သည်။
ဤကိစ္စသည် မိန်းမတစ်ယောက်အတွက် အရှက်ရစရာ ဖြစ်လေသည်။
ဝမ်ကျဲယွီသည် တွေးလေ စိတ်မကောင်းလေ ဖြစ်ပြီး မျက်ရည်များ ကျဆင်းလာကာ အသံများပင် တိမ်ဝင်သွားရ၏။ "ဟွမ်ဟုပ်ညန်ညန်အပေါ်ထားတဲ့ ချန်ချဲ့ရဲ့ စေတနာက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒီကိစ္စကြောင့် ချန်ချဲ့ကို မမုန်းလိုက်ပါနဲ့လို့ တောင်းပန်ပါတယ်"
"ဒီကိစ္စက မင်းကို ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ"
ဝမ်ကျဲယွီက ဆက်လက် ဒူးထောက်နေသဖြင့် ချောင်မိဖုရားခေါင်သည် ကိုယ်ကိုကိုင်းကာ မျက်နှာချင်းဆိုင်လိုက်လေသည်။ "ခြေထောက်က အရှင်မင်းကြီးရဲ့ ကိုယ်ပေါ်မှာ ရှိတာပဲ။ သူသွားချင်တဲ့နေရာ သူသွားမှာပေါ့။ ဘယ်သူက တားလို့ရမှာလဲ။ မင်း အချစ်ခံရတာ ပန်ကုံး ဝမ်းသာပါတယ်။ အရှင်မင်းကြီး ယန်ရှီနန်းဆောင်ကို သွားတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့"
ဒါကတော့ အမှန်တရားပင်။
ဝမ်ကျဲယွီသည် စိတ်သက်သာရာ ရသွားပြီး မျက်ရည်သုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က သဘောထားကြီးပြီး ချန်ချဲ့ကို အပြစ်မတင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန် စိတ်ချပါ။ ဘယ်အချိန်ဖြစ်ဖြစ် ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။ ဟွမ်ဟုပ်ညန်ညန် ခိုင်းစရာရှိရင် ပြောသာပြောပါ"
"ချန်ချဲ့က ဟွမ်ဟုပ်ညန်ညန်ရဲ့ ရှေ့ထွက်စစ်သည် လုပ်ပေးရမယ်ဆိုရင်တောင် လိုလိုလားလားပါပဲ"
နောက်ဆုံးစကားကိုတော့ ပြတ်သားစွာ ပြောလိုက်ခြင်း ဖြစ်သည်။
လူတစ်ယောက်၏ စေတနာအမှန်အကန်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
ဤကဲ့သို့ ရင်ဖွင့်စကားကြောင့် ချောင်မိဖုရားခေါင်လည်း စိတ်လှုပ်ရှားသွားရသည်။
ချောင်မိဖုရားခေါင်သည် အားစိုက်ကာ ဝမ်ကျဲယွီကို တွဲထူလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။ "မင်းရဲ့စေတနာကို ပန်ကုံး နားလည်ပါတယ်။ စိတ်ချပါ၊ ပန်ကုံးက သဘောထားသေးသိမ်တဲ့သူ မဟုတ်ပါဘူး။ မနေ့ညက ကိစ္စအတွက် ပန်ကုံး မင်းကို အပြစ်မတင်ပါဘူး။ ပြောင်းပြန်အနေနဲ့ မင်းက အနောက်နန်းဆောင်မှာ အချစ်ခံရဆုံးဖြစ်ပြီး မုန့်ဖေးနဲ့ ချင်ဖေးကို ဖိနှိပ်ထားနိုင်ဖို့ ပန်ကုံး မျှော်လင့်ပါတယ်"
ဝမ်ကျဲယွီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ချန်ချဲ့ အစွမ်းကုန် ကြိုးစားပြီး ဟွမ်ဟုပ်ညန်ညန်ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပါ့မယ်"
...
ချင်ဖေးသည် ကျောင်းဖန်နန်းဆောင်မှ ထွက်သည်နှင့် ရှို့နဉ်နန်းဆောင်သို့ တန်းသွားလိုက်သည်။
မယ်တော်ကြီးကျောက်သည် ချင်ဖေးနှင့် တွေ့နေကျဖြစ်သဖြင့် မြင်သည်နှင့် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "ဒီနေ့ ဘာဖြစ်လာတာလဲ။ မျက်နှာက မသာမယာနဲ့"
ချင်ဖေးက ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "ချန်ချဲ့ရဲ့ ရင်ထဲက ခံစားချက်ကို ကူးမူ မသိလို့လား။ အရှင်မင်းကြီးက မုန့်ဖေးကိုပဲ ချစ်ပြီး ယန်ရှီနန်းဆောင်မှာ တစ်လကျော်လောက် သွားအိပ်တယ်။ အခု ဖန်ဟွာနန်းဆောင်ကို သွားပြန်ပြီ။ ချန်ချဲ့ အရှင်မင်းကြီးကို မတွေ့ရတာ ကြာလှပြီ"
မယ်တော်ကြီးကျောက်သည် မျက်စောင်းထိုးလိုက်လေသည်။ "နန်းတွင်းမိဖုရားဖြစ်ပြီးတော့ ဒီလိုစကားမျိုး ပြောထွက်တယ်။ ကြည့်မကောင်းလိုက်တာ"
သို့သော် ချင်ဖေးကို ချစ်ခင်သဖြင့် လေသံတိုးကာ ပြောလိုက်သည်။ "အရှင်မင်းကြီး ရှို့နဉ်နန်းဆောင်ကို လာရင် နင့်နန်းဆောင်ဘက် ဝင်သွားဖို့ အိုက်ကျား ပြောပေးမယ်"
ချင်ဖေး ဝမ်းသာသွားပြီး မယ်တော်ကြီးကျောက်ကို တွဲပေးလိုက်သည်။ "ကူးမူက ကျွန်မကို အချစ်ဆုံးပဲ"
မယ်တော်ကြီးကျောက်သည် ပြုံးကာ မျက်စောင်းထိုးလိုက်ပြန်သည်။ "အဘွားကြီးအရွယ် ရောက်နေပြီကို အရှင်မင်းကြီးရဲ့ အချစ်ကို လိုချင်နေသေးတယ်။ နင့်ဗိုက်ထဲက မင်းသားလေး ထွက်လာနိုင်ဦးမှာမလို့လား"
ချင်ဖေးသည် ရှက်ရွံ့သွားပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ချန်ချဲ့ အသက်အရွယ်နဲ့ ကလေးမွေးဖို့က မလွယ်တော့ပါဘူး"
"ဟုတ်တာပေါ့" မယ်တော်ကြီးကျောက်က ချက်ချင်း ဝင်ပြောလိုက်လေသည်။ "ဝမ်ကျဲယွီကတော့ ငယ်သေးတယ်။ အရင်က ဖျင်အန်းကို မွေးထားတာဆိုတော့ နောက်ကျရင် မင်းသားလေး မွေးလာနိုင်သေးတယ်"
ချင်ဖေး "..."
ဒီကောင်မက ချောင်မိဖုရားခေါင်ရဲ့ ခွေးပါပဲ။ အလှအပနဲ့ အရှင်မင်းကြီးကို မြှူဆွယ်ရုံတင်မကဘူး မယ်တော်ကြီးကျောက်ကပါ ချီးကျူးနေသေးတယ်။
ချင်ဖေးသည် စိတ်ထဲတွင် မကျေနပ်ဖြစ်သော်လည်း ပါးစပ်ကတော့ မယ်တော်ကြီးကျောက်ကို ထောက်ခံလိုက်သည်။ ထို့နောက် ကုန်ကျစရိတ်လျှော့ချသည့်အကြောင်း ပြောလိုက်လေသည်။
မယ်တော်ကြီးကျောက်က ရှို့နဉ်နန်းဆောင်၏ ကုန်ကျစရိတ် မလျှော့ချကြောင်း ကြားသောအခါ ပြောလိုက်လေသည်။ "ဘဏ္ဍာတိုက်က ငွေတွေကို အရှင်မင်းကြီးက စစ်သည်တွေအတွက် သုံးလိုက်လို့ အခု ဟွမ်ဟုပ်နဲ့ ထိုက်ဇီဖေးတို့က ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ထားရတာ။ ကုန်ကျစရိတ် လျှော့ချသင့်တာပေါ့"
ဘာပဲဖြစ်ဖြစ် ရှို့နဉ်နန်းဆောင်ကို ထိခိုက်တာမှ မဟုတ်တာ။
ချင်ဖေးသည် တမင်သက်သက် သက်ပြင်းချလိုက်သည်။ "ကုန်ကျစရိတ် လျှော့တာက ဘာမှမဖြစ်ပါဘူး။ ချန်ချဲ့ ထင်တာက ဟွမ်ဟုပ်ညန်ညန်က ဒီကိစ္စကို အခွင့်ကောင်းယူပြီး နာမည်ကောင်းယူနေတာ။ ဒီလိုဆိုရင် မယ်တော်ကြီးကျောက်က သဘောထားမကြီးသလို ဖြစ်မသွားဘူးလား"
မယ်တော်ကြီးကျောက်၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားလေသည်။ "မင်း မပြောရင် အိုက်ကျား မစဉ်းစားမိဘူး။ မိဖုရားခေါင်ကလည်း အလုပ်မလုပ်တတ်ပါဘူး။ ဒီလောက်ကိစ္စကြီးကို အိုက်ကျားကို အသိမပေးဘဲ သူ့သဘောနဲ့သူ ဆုံးဖြတ်လိုက်တယ်"
"မဖြစ်ဘူး။ အခုပဲ ဟွမ်ဟုပ်ကို ခေါ်မေးမှ ဖြစ်မယ်။ သူ ဘာသဘောနဲ့ လုပ်တာလဲဆိုတာ ကြည့်ရသေးတာပေါ့"
ချင်ဖေးသည် မီးလောင်ရာလေပင့် အောင်မြင်သွားသဖြင့် စိတ်ထဲတွင် ကျေနပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ခဏနေ ဟွမ်ဟုပ်ညန်ညန် ရောက်လာရင် ဒီကိစ္စကို ချန်ချဲ့ ပြောပြတယ်လို့ မပြောနဲ့နော်။ ဟွမ်ဟုပ်ညန်ညန်က ချန်ချဲ့ကို အပြစ်တင်နေပါဦးမယ်"
မယ်တော်ကြီးကျောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "အိုက်ကျား ရှိနေတာပဲ။ သူ မလုပ်ရဲပါဘူး"
...
အပိုင်း (၄၆၅) စည်းမျဉ်းစည်းကမ်းများ (၁)
နောက်တစ်နေ့တွင် မယ်တော်ကြီးကျောက်သည် အမိန့်တော်ထုတ်ပြန်ကာ နန်းဆောင်အသီးသီး၏ ကုန်ကျစရိတ်ကို လျှော့ချကြောင်း အနောက်နန်းဆောင်တစ်ခုလုံးသို့ ကြေညာလိုက်လေသည်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ချောင်မိဖုရားခေါင်ကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် မတတ်သာသည့်ဟန်ဖြင့် ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။ "မနေ့က မယ်တော်ကြီးက ပန်ကုံးကို ရှို့နင်နန်းဆောင်ဆီ ခေါ်တွေ့ပြီး ကုန်ကျစရိတ်လျှော့တဲ့ကိစ္စ ပြောတယ်။ ပန်ကုံးက စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်၊ ချွေးမလိမ္မာပဲလို့တောင် ချီးကျူးလိုက်သေးတယ်"
ဒါသည် သွယ်ဝိုက်ပြောခြင်း မဟုတ်တော့ဘဲ ဗြောင်ဖွင့်ပြောလိုက်ခြင်းပင်။
ချွေးမလုပ်သူက ဘာတတ်နိုင်ဦးမည်နည်း။ ဤနာမည်ကောင်းကို ရှို့နင်နန်းဆောင်သို့ လွှဲပြောင်းပေးလိုက်ရုံသာ ရှိတော့သည်။
လုမင်ယွိက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။ "ဒါ ချင်ဖေး နောက်ကွယ်ကနေ ခြေထိုးတာ သေချာတယ်"
"သူကလွဲရင် ဘယ်သူရှိဦးမှာလဲ" ချောင်မိဖုရားခေါင်သည် ချင်ဖေးအကြောင်း ပြောမိသည်နှင့် စိတ်ဆိုးဒေါသထွက်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သူက မယ်တော်ကြီးရဲ့ အချစ်ကို အားကိုးပြီး မယ်တော်ကြီးနားမှာ အမြဲတမ်း သွေးထိုးလှုံ့ဆော်နေတာ။ မယ်တော်ကြီးကလည်း သူ့ကိုပဲ ကာကွယ်ပေးနေတော့ သူက ဘာမှ ကြီးကြီးမားမား အမှားမလုပ်သရွေ့ အရေးယူလို့ မရဘူး။ သည်းခံရုံပဲ ရှိတော့တာပေါ့"
သာ့ဝေတိုင်းပြည်၏ အမြင့်မြတ်ဆုံး အလယ်နန်းဆောင် မိဖုရားခေါင် ဖြစ်သော်လည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရှိဘဲ ရှေ့နောက်ကြည့်ကာ အခြေအနေကို ထိန်းသိမ်းနေရသည်။ ချောင်မိဖုရားခေါင် စိတ်မမွန်းကျပ်ဘဲ နေမည်မဟုတ်ပေ။
သို့သော် ဘာလုပ်နိုင်မည်နည်း။
ဒီလောက် ကိစ္စသေးသေးလေးအတွက်နှင့် ပြဿနာတက်ရန် မတန်ပေ။
လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်ရတော့သည်။ "ဘာဖြစ်နေလဲဆိုတာ အားလုံး သိကြပါတယ်။ မူဟုပ် ပိုင်တဲ့အရာကို ဘယ်သူမှ လာလုလို့ မရပါဘူး"
ချောင်မိဖုရားခေါင်က ဖျော့တော့စွာ ပြုံးလိုက်ကာ "အရှေ့နန်းဆောင် တည်ငြိမ်ပြီး နင်တို့လင်မယားနဲ့ ကလေးတွေ အဆင်ပြေနေသရွေ့ ဒီလောက်ကိစ္စသေးသေးလေးကို ပန်ကုံး စိတ်ထဲမထားပါဘူး"
နန်းတွင်းကုန်ကျစရိတ် လျှော့ချသည့်ကိစ္စသည် နန်းတွင်းနန်းပြင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
အာဏာပိုင်အရာရှိများသည် သဝဏ်လွှာတင်သွင်းကာ မယ်တော်ကြီးကျောက်၏ ဉာဏ်ပညာကြီးမားမှုနှင့် ဂုဏ်ကျေးဇူးကို ချီးကျူးထောပနာပြုကြသည်။
ယုံးကျားဧကရာဇ်သည် မျက်နှာပွင့်လန်းကာ အလွန် သဘောကျသွားလေသည်။
မယ်တော်ကြီးကျောက်သည်လည်း အလွန်ကျေနပ်အားရပြီး ချောင်မိဖုရားခေါင်ကို မျက်နှာသာပေးလာသည်။ ထို့ပြင် ရှို့နင်နန်းဆောင်၏ ကုန်ကျစရိတ်ကိုလည်း ၂၀ရာခိုင်နှုန်း လျှော့ချရန် ကိုယ်တိုင် ပြောလာလေသည်။ "နန်းဆောင်အသီးသီးမှာ ကုန်ကျစရိတ် လျှော့ချနေမှတော့ အိုက်ကျားလည်း နမူနာပြသင့်တာပေါ့။ ဒီလိုလုပ်၊ ရှို့နင်နန်းဆောင်ရဲ့ ကုန်ကျစရိတ်ကိုလည်း ၂၀ရာခိုင်နှုန်း လျှော့လိုက်"
ချောင်မိဖုရားခေါင်က ပြုံးကာ မြှောက်ပင့်ပြောဆိုလိုက်သည်။ "မယ်တော်ကြီးက တိုင်းပြည်အတွက် စိတ်ပူပေးတာ တကယ် လေးစားစရာပါပဲ"
ချင်ဖေးကတော့ ပိုလို့ပင် ပိုပိုသာသာ မြှောက်ပင့်လေသည်။ "မယ်တော်ကြီးကျောက်က ရှေးယခင်ကနေ ယနေ့ထိ ပညာအရှိဆုံးနဲ့ အတော်ဆုံး မယ်တော်ကြီးပါပဲ"
မယ်တော်ကြီးကျောက်သည် နားဝင်ချိုသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "ချင်ဖေး ပြောသလောက်လည်း မဟုတ်ပါဘူး"
ဘေးမှကြားရသူများမှာ ကြက်သီးမွေးညင်းထကာ ပျို့အန်ချင်စိတ်ကို အောင့်အီးပြီး ဝိုင်းဝန်းမြှောက်ပင့်ပေးကြရသည်။
မယ်တော်ကြီးကျောက်သည် ရက်အနည်းငယ်ကြာ မြှောက်ပင့်ခံရပြီးနောက် စိတ်အခြေအနေ အလွန်ကောင်းမွန်နေလေ၏။ ယုံးကျားဧကရာဇ် ဂါရဝပြုရန် လာရောက်သောအခါ ယုံးကျားဧကရာဇ်ကို ချင်ဖေး၏ နန်းဆောင်သို့ သွားရောက်လည်ပတ်ရန် တိုက်တွန်းလေတော့သည်။ "ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ ညီမဝမ်းကွဲလေ။ နင့်အတွက် စတုတ္ထမင်းသားကို မွေးပေးထားသလို နေ့တိုင်းလည်း အိုက်ကျားကို ပြုစုပေးတယ်။ အိုက်ကျားကို မျက်နှာထောက်တဲ့အနေနဲ့ အားတဲ့အချိန် ချင်ဖေးဆီသွားပြီး စကားသွားပြောလိုက်ပါဦး"
ယုံးကျားဧကရာဇ်သည် ငြင်းစရာမရှိသဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုနေ့ညတွင်ပင် ချင်ဖေး၏ နန်းဆောင်သို့ သွားရောက်ခဲ့လေသည်။
...
အနောက်နန်းဆောင်မှ အရှင်မင်းကြီး၏ အချစ်ကို လုယူသော နည်းလမ်းများကို အသေးစိတ် ပြောပြနေစရာ မလိုတော့ပေ။
လုမင်ယွိသည် ချွေးမတစ်ယောက်အနေဖြင့် ယောက္ခထီး မည်သည့်မိဖုရားနှင့် သွားအိပ်သည်ဆိုသော ကိစ္စများကို အလွန်အကျွံ အာရုံစိုက်ရန် မသင့်တော်ပေ။
ယခုအခါ ချောင်မိဖုရားခေါင် ကျန်းမာရေးပြန်ကောင်းလာပြီး အနောက်နန်းဆောင်ကိစ္စများကို ပြန်လည်တာဝန်ယူနေပြီဖြစ်သဖြင့် လုမင်ယွိသည် ကိစ္စတိုင်း ဝင်ပါစရာမလိုတော့ဘဲ များစွာ သက်သာသွားသည်။ နေ့စဉ် ကလေးများနှင့် အဖော်ပြုရခြင်းသည်လည်း ပျော်ရွှင်စရာ ကိစ္စတစ်ခုပင်။
ရက်အနည်းငယ် ကြာသောအခါ ချီယွင်သည် အရှေ့နန်းဆောင်သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ သူမနှင့်အတူ လပိုင်းသာ ရှိသေးသော ကျုံးအာလည်း ပါလာခဲ့လေသည်။
ဤကိစ္စသည် နန်းတွင်းစည်းကမ်းနှင့် မညီညွတ်ကြောင်း ထင်ရှားလှသည်။
မုန့်ဖေးသည် ယုံးကျားဧကရာဇ် ယန်ရှီနန်းဆောင်သို့ လာရောက်ချိန်တွင် ဤကိစ္စကို တမင်သက်သက် ထည့်ပြောလိုက်လေသည်။ "....ထိုက်ဇီဖေးက တိုင်းပြည်အတွက် အကျိုးဆောင်ထားတယ်။ ရှင်းယန်စစ်တပ်က အင်အားကြီးတယ်။ ဒါတွေကို ချန်ချဲ့ သိပါတယ်။ ဒါပေမဲ့ ထိုက်ဇီဖေး လုပ်တာက စည်းကမ်းနဲ့ မညီညွတ်ပါဘူး။ နန်းတွင်းသူတစ်ယောက်က အိမ်ထောင်ကျပြီး ကလေးမွေးပြီးရင် နန်းတော်ထဲ ပြန်ခေါ်ရိုးထုံးစံ မရှိပါဘူး"
ယုံးကျားဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ မုန့်ဖေးကို ကြည့်လိုက်သည်။ "ဒီကိစ္စကို ဟွမ်ဟုပ်က ကျန်းကို ပြောပြီးပြီ။ ကျန်းလည်း ခွင့်ပြုပြီးသား။ ဒီလောက် ကိစ္စသေးသေးလေးက ထပ်ပြောနေစရာတောင် မလိုပါဘူး။ စည်းကမ်းဆိုတာ လူက သတ်မှတ်တာပဲ။ တစ်ခါတလေ ပြင်လိုက်တာ ဘာဖြစ်လဲ"
"စည်းကမ်းအကြောင်း ပြောရမယ်ဆိုရင် ကျန်းက ယန်ရှီနန်းဆောင်မှာ တစ်လရဲ့ ရက်အများစု သွားအိပ်နေတာကရော သင့်တော်ရဲ့လား"
မုန့်ဖေးတစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။
ယခင်ကသာဆိုလျှင် သူမ ချက်ချင်း မျက်နှာပျက်ပြီး စိတ်ဆိုးပြလိုက်မည်။ ပြီးလျှင် ယုံးကျားဧကရာဇ် လာချော့သည်ကို စောင့်နေလိုက်မည်။
ယခုမူ သူမသည် ရင်ထဲမှ မကျေနပ်ချက်ကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။ "ချန်ချဲ့က အရှင်မင်းကြီး အပျင်းပြေအောင် ဒီတိုင်း ပြောကြည့်တာပါ။ အရှင်မင်းကြီး နားမထောင်ချင်ရင် ချန်ချဲ့ မပြောတော့ပါဘူး"
ယုံးကျားဧကရာဇ်၏ မျက်နှာထား အနည်းငယ် လျော့ကျသွားသည်။
မုန့်ဖေးသည် အခြားအရေးကြီးကိစ္စတစ်ခုကို အလျင်အမြန် ပြောလိုက်လေသည်။ "အရှင်မင်းကြီး မသွားခင်တုန်းက ကျင့်အန်းအတွက် စေ့စပ်ဖို့ စီစဉ်ထားခဲ့တယ်လေ။ ကျင့်အန်းက အခု ၁၈နှစ် ရှိနေပြီ။ မင်္ဂလာကိစ္စ စီစဉ်သင့်ပြီထင်တယ်"
ယုံးကျားဧကရာဇ် ရွေးချယ်သော ချွေးမများသည် စစ်ဘက်မျိုးနွယ်များမှ ဖြစ်ကြသည်။ သမီးတော်အတွက် သားမက်ရွေးချယ်ရာတွင်မူ စာပေပညာရှင် အရာရှိမျိုးနွယ်များမှ ထူးချွန်သော သားကြီးများကို ရွေးချယ်လေ့ရှိသည်။ ဥပမာ ဝူဖုမာ ဆိုလျှင် စာပေထူးချွန်ပြီး နာမည်ကြီး ပညာရှင်မျိုးရိုးမှ ဆင်းသက်လာကာ မိသားစုဂုဏ်သတင်း ကောင်းမွန်သူဖြစ်သည်။
ကျင့်အန်းကုန်းကျူ၏ အနာဂတ်ခင်ပွန်းလောင်းသည် ဘဏ္ဍာရေးဝန်ကြီးကောင်း၏ မြေးအကြီးဆုံးဖြစ်ပြီး မြို့တော်တွင် နာမည်ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည်။ ရုပ်ရည်ချောမောပြီး ကျင့်အန်းကုန်းကျူထက် တစ်နှစ်ကြီးကာ ယခုနှစ်တွင် ၁၉နှစ် ရှိပြီဖြစ်သည်။
ယုံးကျားဧကရာဇ်က ခေါင်းညိတ်ကာ ပြုံးပြီး ပြောလိုက်၏။ "မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျင့်အန်းတောင် အိမ်ထောင်ပြုရတော့မယ်"
"ဟုတ်တယ်နော်၊ အချိန်ကုန်တာ မြန်လိုက်တာ" မုန့်ဖေးက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းသလိုလို သနားစဖွယ် လေသံဖြင့် ပြောလိုက်သည်။ "ကြည့်ပါဦး၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ချဲ့ အသက်ကြီးသွားပါပြီ"
ယုံးကျားဧကရာဇ်သည် ရယ်မောလိုက်ပြီး လက်လှမ်းကာ မုန့်ဖေးကို ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်ပြီး "ကျန်း မျက်လုံးထဲမှာတော့ ကျောင်းကျောင်းက အရင်လိုပဲ လှနေတုန်းပါ"
မုန့်ဖေးသည် ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲတွင် ကြည်နူးချိုမြိန်စွာ မှီတွယ်နေသော်လည်း စိတ်ထဲတွင်တော့ တံတွေးထွေးလိုက်မိသည်။
သူ့နှလုံးသားကို ဝမ်ကျဲယွီဆိုတဲ့ ကောင်မစုတ်လေးက ယူသွားပြီးပြီ။
ဒီမှာလာပြီး အသံကောင်းဟစ်နေသေးတယ်။
ငါ့ကို အရူးများ မှတ်နေလား မသိဘူး။
သို့သော် ယုံးကျားဧကရာဇ်က ဟန်ဆောင်နေမှတော့ သူမလည်း စိတ်ရင်းအမှန် ထုတ်ပြစရာ မလိုတော့ပေ။ ယခုကဲ့သို့ အလျှော့ပေး ဆက်ဆံနေခြင်းမှာလည်း ရည်ရွယ်ချက် ရှိသည်။ "အရှင်မင်းကြီး၊ ချန်ချဲ့က ကျင့်အန်းရဲ့ မွေးမိခင်လေ။ သမီးလေး မင်္ဂလာဆောင်ရင် ချန်ချဲ့ကိုယ်တိုင် စီစဉ်ပေးချင်ပါတယ်"
ဒါကတော့ စည်းကမ်းနှင့် မညီညွတ်ပေ။
သို့သော် လီမိသားစုထဲ ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ မုန့်ဖေးသည် မယားငယ်စည်းကမ်းကို ဘယ်တုန်းကများ လိုက်နာခဲ့ဖူးပါသနည်း။
ယုံးကျားဧကရာဇ်သည် စဉ်းစားမနေဘဲ ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်သည်။
မုန့်ဖေးသည် စိတ်သက်သာရာ ရသွားပြီး နှုတ်ခမ်းထောင့်များ မြင့်တက်လာကာ ပိုပြီး အခွင့်အရေးယူလိုက်လေသည်။ "ကျင့်အန်းရဲ့ မင်္ဂလာလက်ဖွဲ့ကို နည်းလို့မဖြစ်ဘူး။ ဟွေ့အန်းတုန်းကလိုမျိုးပဲ ဖြစ်ရမယ်"
ယုံးကျားဧကရာဇ်သည် ပုံမှန်အားဖြင့် ကျင့်အန်းကုန်းကျူကို ချစ်ခင်သဖြင့် ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ကျန်းက ကျင့်အန်းကို မချစ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ဘဏ္ဍာတိုက်ထဲက ငွေတွေအကုန်လုံး ဆုငွေအဖြစ် သုံးလိုက်ရပြီ။ အခု နန်းတွင်းစရိတ်ကို မနည်းလည်ပတ်နေရတာတောင် ဟွမ်ဟုပ်နဲ့ ထိုက်ဇီဖေးတို့ရဲ့ ကိုယ်ပိုင်ငွေတွေနဲ့ လုပ်နေရတာ။ ကျင့်အန်းအတွက် မင်္ဂလာလက်ဖွဲ့ ပြင်ဆင်ပေးဖို့ ကျန်း မနှမြောပါဘူး။ ဒါပေမဲ့ အခြေအနေကိုလည်း ကြည့်သင့်တယ်လေ"
"ဒါနဲ့ နေပါဦး၊ ကျန်း မှတ်မိသလောက်ဆို လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းက ရွှေငွေရတနာတွေ ခဏခဏ တောင်းဖူးတယ်။ ကျင့်အန်းရဲ့ မင်္ဂလာလက်ဖွဲ့အတွက် ဆိုပြီးတော့လေ။ အခု ဘာလို့ ထပ်တောင်းနေတာလဲ"
မုန့်ဖေး "..."
ယုံးကျားဧကရာဇ်၏ စူးရှသော အကြည့်များကြောင့် မုန့်ဖေးသည် လိပ်ပြာမလုံဖြစ်သွားပြီး အသံကို ပျော့ကာ ပြောလိုက်သည်။ "ချန်ချဲ့က ကျင့်အန်းရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ဖြစ်စေချင်လို့ပါ"
ယုံးကျားဧကရာဇ်၏ မျက်နှာထား တင်းမာသွားသည်။ "မင်းမျက်လုံးထဲမှာ မင်းနဲ့ မင်းရဲ့သားသမီးတွေပဲ ရှိတာလား။ အခု သာ့ဝေတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက် ဟောင်းလောင်းဖြစ်နေပြီး ဘယ်လောက် ခက်ခဲနေလဲဆိုတာ မင်း မတွေးကြည့်ဘူးလား။ ဟွမ်ဟုပ်နဲ့ ထိုက်ဇီဖေးတို့လို ကိုယ်ပိုင်ငွေ ထုတ်ပေးဖို့ ကျန်း မင်းကို မမျှော်လင့်ပါဘူး။ မင်းကတော့ အခွင့်ကောင်းယူပြီး ထပ်တောင်းဖို့ပဲ ကြံနေတယ်"
ယုံးကျားဧကရာဇ်သည် ဒေါသတကြီးဖြင့် လက်ကိုခါကာ ထွက်ခွာသွားတော့သည်။
မုန့်ဖေးသည် ခဏမျှ တောင့်တင်းသွားသော်လည်း မျက်ရည်တစ်စက်မှ မကျလာပေ။
သံယောဇဉ် ဘယ်လောက်ကြီးကြီး တဖြည်းဖြည်း တိုက်စားခံရရင် ကုန်ခမ်းသွားမှာပဲ။ ယုံးကျားဧကရာဇ်က သူ့ကို စိတ်ထဲမထားမှတော့ သူကလည်း ယုံးကျားဧကရာဇ်အတွက် ဝမ်းနည်းပြီး မျက်ရည်ကျနေမှာ မဟုတ်တော့ပါဘူး။
...