← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အပိုင်း (၄၆၆) စည်းမျဉ်းစည်းကမ်းများ (၂)

အရှေ့နန်းဆောင်။

“ယွင်မားမား”

ရွှီအာနှင့် ရွှမ်းအာတို့သည် မှတ်ဉာဏ် အလွန်ကောင်းမွန်ကြပေသည်။ ခွဲခွာခဲ့ရသည်မှာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ချီယွင်ကို တွေ့လိုက်သည်နှင့် တစ်ချက်တည်း မှတ်မိလိုက်ကြသည်။ သူတို့သည် အလုအယက် ရှေ့သို့ ပြေးထွက်သွားကြတော့သည်။

“ယွင်မားမား... သားတို့ ယွင်မားမားကို အရမ်းလွမ်းနေတာ”

“ယွင်မားမားက ဘာလို့ ဒီလောက်ကြာမှ ပြန်လာရတာလဲ”

ချီယွင်သည် ကလေးမွေးဖွားပြီးနောက် တစ်ကိုယ်လုံး ဝဖြိုးလာပြီး အသားအရေမှာလည်း ပန်းရောင်သမ်းကာ မျက်နှာအမူအရာတွင် နူးညံ့သိမ်မွေ့မှုများ ပိုမို တိုးပွားလာလေသည်။

သူမသည် ဘယ်လက်ဖြင့် ရွှီအာကို ဖက်ထားပြီး ညာလက်ဖြင့် ရွှမ်းအာကို ပွေ့ဖက်လိုက်ရာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ကျဆင်းလုမတတ် ဖြစ်သွားရတော့သည်။ “ကျွန်မလည်း သခင်လေးနှစ်ယောက်ကို အမြဲတမ်း သတိရနေတာပါ”

သူမသည် လုမင်ယွိကဲ့သို့ ခွန်အားကြီးမားသူ မဟုတ်သဖြင့် မောင်နှမနှစ်ယောက်လုံးကို တစ်ပြိုင်နက် ပွေ့ချီနိုင်စွမ်း မရှိချေ။ တစ်ယောက်ကို အရင်ချီပြီး နောက်တစ်ယောက်ကို မချီမိပါက စိတ်မကွက်မည်ကို စိုးရိမ်သဖြင့် ကိုယ်ကို နှိမ့်ချလိုက်ကာ ကလေးနှစ်ယောက်လုံးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ “ရွှီအာ... ရွှမ်းအာ... သားတို့ ယွင်မားမားကို အရင် လွှတ်ပေးလိုက်ကြဦး။ သူ ကျုံးအာကို နေရာချပြီးမှ သားတို့နဲ့ စကားပြောလိမ့်မယ်”

ရွှီအာနှင့် ရွှမ်းအာတို့သည် ရယ်မောပျော်ရွှင်စွာဖြင့် ခေါင်းညိတ် လက်ခံလိုက်ကြသည်။

ချီယွင်သည် လက်ကို လွှတ်ပေးလိုက်ပြီး မတ်တပ်ထရပ်ကာ အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်၏။ “ညန်ညန်... ကျွန်မ ပြန်ရောက်ပါပြီ”

လုမင်ယွိ၏ နှာခေါင်းထိပ်လေး ရုတ်တရက် ရှုံ့မဲ့သွားပြီး ရှေ့သို့ တိုးသွားကာ ချီယွင်ကို ဖက်ထားလိုက်လေသည်။ “ပြန်ရောက်လာတာ ကောင်းပါတယ်။ ဒီနှစ်ဝက်လောက်အတွင်းမှာ ငါ နင့်ကို အချိန်တိုင်း သတိရနေတာ”

နားဝင်မချိုသည့် စကားကို ဆိုရလျှင် လီကျင့် အိမ်ကနေ ထွက်ခွာသွားတာ နှစ်ဝက်လောက် ကြာမြင့်လျှင်တောင် သူမ ဒီလောက်ထိ သတိရ လွမ်းဆွတ်နေမိမှာ မဟုတ်ပေ။

ချီယွင်သည်လည်း ထိုနည်းတူပင်ဖြစ်၍ မျက်ဝန်းအိမ်များ နီရဲလျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ကျွန်မလည်း ညန်ညန်ကို နေ့တိုင်း သတိရနေတာပါ။ ဒီတစ်ခေါက် နန်းတော်ထဲ ဝင်လာပြီးရင်တော့ ကျွန်မ ညန်ညန်အနားကနေ ခြေတစ်လှမ်းတောင် ခွဲမသွားတော့ဘူး”

လုမင်ယွိသည် အသံထွက် ရယ်မောလိုက်တော့သည်။ “ဒီလိုတော့ ဘယ်ဖြစ်မလဲ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် နင့်ယောက်ျားနဲ့ ပြန်တွေ့ဖို့ အိမ်ပြန်ရဦးမှာပေါ့။ ပြောမရဘူးနော်။ နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်နေရင် နင်က လုယိအတွက် ဝဝကစ်ကစ် သားလေးတစ်ယောက် ထပ်မွေးပေးလာနိုင်သေးတာပဲ”

ချီယွင်သည် တခစ်ခစ် ရယ်မောလိုက်လေသည်။ “လုယိက သားတစ်ယောက် ရထားပြီးပြီဆိုတော့ နောက်ထပ် သမီးလေးတစ်ယောက် ထပ်မွေးဖို့ မျှော်လင့်နေတာ။ သားရော သမီးရော စုံသွားရင် ကောင်းပြီပေါ့”

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ “ဒါဆိုရင်လည်း နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် စောင့်ပြီးမှ မွေးပေါ့။ ခန္ဓာကိုယ်ရဲ့ အသက်ဓာတ်ကို ထိခိုက်မှာ စိုးရိမ်ရတယ်”

ချီယွင်သည် အနည်းငယ် ရှက်သွေးဖြာသွားပြီး ခေါင်းညိတ်လိုက်၏။ “ညန်ညန် ပြောတာ မှန်ပါတယ်”

ရွှီအာနှင့် ရွှမ်းအာတို့သည် ဘေးတွင် အပစ်ပယ်ခံထားရသလို ဖြစ်နေသဖြင့် မကျေမနပ် ဖြစ်ကာ အတင်း တိုးဝှေ့ ဝင်ရောက်လာကြတော့သည်။ “မေမေက ယွင်မားမားကို သားတို့နဲ့ စကားပြောခွင့် မပေးဘဲ သူချည်းပဲ ပြောနေတော့တာပဲ”

“ဟုတ်ပါ့... သမီးတို့လည်း ယွင်မားမားနဲ့ စကားပြောချင်တာကို”

လုမင်ယွိနှင့် ချီယွင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး ကလေးတစ်ယောက်စီကို ပွေ့ချီလျက် အရှေ့နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။

ကျုံးအာမှာမူ လမ်းတစ်လျှောက်လုံးတွင် အိပ်မောကျလာခဲ့ပြီး နို့ထိန်းသည်က သူ့ကို ပွေ့ချီကာ အရှေ့နန်းဆောင်ထဲသို့ ကြိုတင်ဝင်ရောက်ပြီး နေရာချထားနှင့်ပြီး ဖြစ်လေသည်။

ချီယွင် ပြန်ရောက်လာသည်တွင် ရွှီအာနှင့် ရွှမ်းအာတို့ ပျော်ရွှင်ကြသည်မှာ ပြောဖွယ်ရာ မရှိသကဲ့သို့ လုမင်ယွိ၏ မျက်နှာထက်တွင်လည်း အပြုံးပန်းများ ဝေဆာနေတော့သည်။ အရှေ့နန်းဆောင်ရှိ နန်းတွင်းသူ နန်းတွင်းသားများသည်လည်း မျက်နှာများတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး ပြုံးပျော်ရွှင်နေကြလေသည်။

ချီယွင်၏ လူချစ်လူခင် ပေါများပုံကို ဤအချက်ကို ကြည့်ရုံဖြင့် သိသာထင်ရှားလှပေသည်။

...

ချီယွင်၏ မူလအခန်းကို အမြဲတမ်း သိမ်းဆည်းထားပြီး သန့်ရှင်းသပ်ရပ်စွာ ထားရှိလေသည်။

အဝတ်အစားနှင့် ခရီးဆောင်အိတ်များကို နေရာချသည်မှာ မြန်ဆန်လှသဖြင့် တစ်နာရီမပြည့်မီအချိန်မှာပင် ချီယွင်သည် လုမင်ယွိ၏ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ချီယွင်သည် တရိုတသေ ဂါရဝပြုလိုက်လေသည်။ “ကျွန်မ ညန်ညန်ကို ဂါရဝပြုပါတယ်”

လုမင်ယွိသည် ပြုံးကာ အပြစ်တင်စကား ဆိုလိုက်တော့သည်။ “ဒီမှာ လူစိမ်းမှ မရှိတာ။ ဘာလို့ အရိုအသေ ပေးနေရတာလဲ။ ဒီကို မြန်မြန်လာပါဦး။ နင့်ကို သေချာ ကြည့်ပါရစေဦး”

မောင်နှမနှစ်ယောက်မှာမူ အပြင်ထွက် ကစားနေကြလေပြီ။ သို့မဟုတ်ပါက သခင်နှင့်ကျွန် နှစ်ဦးသား အနားရမည် မဟုတ်သလို ရင်ဖွင့်စကား ပြောရန်လည်း မဖြစ်နိုင်ပေ။

ချီယွင်သည် ပြုံးလျက် ရှေ့သို့ တိုးလာပြီး လုမင်ယွိ ကြည့်ရှုသမျှကို ငြိမ်သက်စွာ ခံယူနေလိုက်၏။ လုမင်ယွိသည် ခဏလောက် သေချာ စူးစိုက်ကြည့်ပြီးနောက် အလွန် ကျေနပ်အားရသွားတော့သည်။ “မီးတွင်းထဲမှာ နေတုန်းက ကောင်းကောင်း နေခဲ့ပုံရတယ်။ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာတာ မြန်ဆန်ပြီး ကျန်းမာရေးလည်း ကောင်းတဲ့ပုံပဲ”

ချီယွင်က ပြုံးကာ ပြောလိုက်၏။ “ကျွန်မ တစ်ကိုယ်လုံး ဝလာတာ။ အခု မှန်ကြည့်လိုက်ရင် မျက်နှာဝိုင်းဝိုင်းလေး ဖြစ်နေတာကို တွေ့ပြီး စိတ်ညစ်နေရတာ”

လုမင်ယွိသည် တခစ်ခစ် ရယ်မောလိုက်မိတော့သည်။ “မျက်နှာဝိုင်းဝိုင်းလေးက ပိုပြီး ပြည့်ဖြိုးနူးညံ့တဲ့ပုံ ပေါက်ပါတယ်။ ငါ မြင်ရတာတော့ သဘောကျစရာ ကောင်းနေတာပဲ”

“ညန်ညန်ရဲ့ မျက်လုံးထဲမှာတော့ ကျွန်မက ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကောင်းနေတာပါပဲ” ချီယွင်သည် ပြုံးကာ မိမိကိုယ်ကို သရော်လိုက်လေသည်။

လုမင်ယွိက ပြုံးကာ ပြောလိုက်၏။ “အစကတည်းက ကောင်းပြီးသားပါ။ ဝတာက ပိန်လှီပြီး ရောဂါရနေတဲ့ ပုံစံထက်စာရင် အများကြီး ပိုကောင်းတာပေါ့။ ဒါ့အပြင် နင်က ကျုံးအာကို နို့တိုက်ရဦးမှာလေ။ များများစားမှ နို့ရည် လုံလောက်မှာပေါ့”

ချီယွင်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ကျွန်မ ကျုံးအာအတွက် နို့ထိန်းတစ်ယောက် သီးသန့် ရှာထားပါတယ်။ နောက်ပိုင်းကျရင် နို့ထိန်းကိုပဲ ကလေးကို နို့တိုက်ခိုင်းပြီး ကျွန်မကတော့ သခင်မကို ပြုစုဖို့ပဲ စိတ်နှစ်ထားချင်လို့ပါ”

လုမင်ယွိ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားတော့သည်။ “ငါ အရင်က နင့်ကို ပြောဖူးတယ် မဟုတ်လား။ အရှေ့နန်းဆောင်မှာ အစေခံတွေ မရှားပါဘူး။ ငါ နင့်ကို နန်းတော်ထဲ ခေါ်တာက အလုပ်ခိုင်းဖို့မှ မဟုတ်တာ။ နင် ပုံမှန်အချိန်တွေမှာ ကျုံးအာကို ထိန်းရင်း အားတဲ့အချိန်ကျမှ ငါနဲ့ စကားလာပြောပေးရင် ရပြီ”

ချီယွင်သည် ခေါင်းမော့လာပြီး နူးညံ့တည်ငြိမ်သော မျက်ဝန်းနက်များထဲတွင် ခိုင်မာပြတ်သားမှုများ ပြည့်နှက်နေလေသည်။ “ညန်ညန် ကျွန်မအပေါ် ကောင်းတာကို ကျွန်မ စိတ်ထဲမှာ အကုန်သိပါတယ်”

“နန်းတော်ရဲ့ စည်းမျဉ်းတွေအရ ကျွန်မက အိမ်ထောင်ကျပြီး ကလေးမွေးပြီးရင် သခင်မကို လာရောက်ခစားလို့ မရတော့ပါဘူး။ အခု ကျွန်မက ညန်ညန်ရဲ့ မေတ္တာကြောင့် အရှေ့နန်းဆောင်မှာ ဆက်နေခွင့်ရတာက တော်တော်လေး မျက်စိနောက်စရာ ဖြစ်နေပါပြီ။ တကယ်လို့ သခင်တစ်ပိုင်းလို ပုံစံမျိုး ထပ်ဖမ်းနေရင် ကွယ်ရာမှာ လူဘယ်နှယောက်လောက် အတင်းပြောကြမလဲဆိုတာ မသိနိုင်ပါဘူး”

“အခု အရှေ့နန်းဆောင်ရဲ့ အခြေအနေက သိမ်မွေ့နက်နဲနေတာမို့ စကားပြော အမှားအယွင်း မရှိသင့်တော့ပါဘူး”

“ကျွန်မက သခင်မအတွက် အခက်အခဲတွေကို မဖြေရှင်းပေးနိုင်တာတောင် တော်တော်လေး ရှက်စရာ ကောင်းနေပါပြီ။ သခင်မကို ဝန်ထုပ်ဝန်ပိုး ထပ်မဖြစ်စေချင်ပါဘူး။ တကယ်လို့ ညန်ညန်သာ ခေါင်းမညိတ်ရင် ကျွန်မ အခုချက်ချင်း ကျုံးအာကို ခေါ်ပြီး အရှေ့နန်းဆောင်ကနေ ထွက်သွားပါတော့မယ်”

လုမင်ယွိသည် တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ချီယွင်က ဒူးထောက်ချလိုက်လေသည်။ “ညန်ညန်... ကျွန်မရဲ့ စေတနာကို လက်ခံပေးပါ”

ချီယွင်က သည်အထိ ခိုင်မာပြတ်သားနေသဖြင့် လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ရတော့သည်။ “ကောင်းပြီလေ။ ငါ သဘောတူလိုက်ပါ့မယ်”

ချီယွင်၏ မျက်နှာထက်တွင် အပြုံးပန်းများ ပွင့်လန်းသွားတော့သည်။

လုမင်ယွိသည် လက်ကိုဆန့်ကာ ချီယွင်ကို ဆွဲထူလိုက်ပြီး အနည်းငယ် မကျေနပ်သလိုဖြင့် ညည်းညူ ပြောဆိုလိုက်လေသည်။ “အရင်တုန်းကဆို ဘာပဲဖြစ်ဖြစ် ငါပြောတာ အကုန်နားထောင်တာ။ အခုတော့ ပြန်ရောက်လာတာနဲ့ ငါ့ကို ခွတိုက်တော့တာပဲ။ ငါ နင့်ကို အလိုလိုက်ထားမိတာတွေ များသွားပြီ”

ချီယွင်သည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ပြီး မျက်ဝန်းနက်လေးများထဲတွင် ချစ်စရာကောင်းသော ဂုဏ်ယူမှု အရိပ်အယောင်လေးများ ဖြတ်ပြေးသွားတော့သည်။ “ကျွန်မက ညန်ညန်ရဲ့ ဘေးနားက နံပါတ်တစ် ယုံကြည်စိတ်ချရတဲ့ လူယုံပဲလေ။ ညန်ညန်က အလိုမလိုက်လို့ ဘယ်ဖြစ်မလဲ”

ထို့နောက် ခဏလောက် ရပ်တန့်သွားပြီး စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလာပြန်သည်။ “ကျွန်မ နန်းတော်ထဲ ဝင်လာတာက နန်းတော်စည်းကမ်းတွေနဲ့ မကိုက်ညီပါဘူး။ ညန်ညန်အတွက် ပြဿနာတွေ ပါလာမှာ စိုးရိမ်မိတယ်”

လုမင်ယွိကတော့ ဂရုမစိုက်ပေ။ “စည်းကမ်းဆိုတာ သေနေတဲ့အရာပဲ။ လူကသာ အရှင်လေ။ စည်းကမ်းတွေနဲ့ ချုပ်နှောင်ခံထားရမှာလား။ စိတ်ချပါ။ နင် နန်းတော်ထဲ ဝင်လာတဲ့ကိစ္စကို ငါ မူဟုပ်ကို စောစောကတည်းက လျှောက်တင်ထားပြီးသားပါ။ မူဟုပ်တောင် ခေါင်းညိတ်ထားပြီးပြီဆိုတော့ ကျန်တဲ့ မဆိုင်တဲ့လူတွေက ပြောစရာစကား မရှိပါဘူး”

မဆိုင်တဲ့လူတွေ ဆိုသည်မှာ မုန့်ဖေးနှင့် ချင်ဖေးတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဟွမ်ဟုပ်နှင့် ထိုက်ဇီဖေးတို့ကို မေးခွန်းထုတ်ရဲမည့် တစ်ဦးတည်းသောသူမှာ ယုံးကျားဧကရာဇ်ပင်။ သို့သော် ယုံးကျားဧကရာဇ်သည် နိုင်ငံတစ်နိုင်ငံ၏ အရှင်သခင်ဖြစ်ပြီး တိုင်းပြည်ရေးရာ ကိစ္စရပ်များကို စိတ်ထဲတွင် ထားရှိရသဖြင့် ဤကဲ့သို့သော နှမ်းစေ့လောက် သေးငယ်သည့် ကိစ္စရပ်များကို ဂရုစိုက်အားမည် မဟုတ်သလို စိတ်ဝင်စားလိမ့်မည်လည်း မဟုတ်ပေ။

ထိုအခါမှသာ ချီယွင်သည် အမှန်တကယ် စိတ်အေးသွားပြီး တိုးညှင်းစွာ ရယ်မောလိုက်လေသည်။ “ဒါဆိုရင်တော့ ကျွန်မ စိတ်ချသွားပါပြီ”

...

ညဘက်သို့ ရောက်သောအခါ လီကျင့် ပြန်ရောက်လာချိန်တွင် တွေ့လိုက်ရသည်မှာ သားအမိသုံးယောက်၏ ကြည်လင်တောက်ပနေသော အပြုံးမျက်နှာများပင်။

ချီယွင်သည် ပြုံးရွှင်စွာဖြင့် ရှေ့သို့တက်ကာ ဂါရဝပြုလိုက်လေသည်။

လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ “မြန်မြန် ထပါ” ထို့နောက်တွင်တော့ အနည်းငယ် သဝန်တိုသော လေသံလေးဖြင့် ပြောလာခဲ့၏။ “ရှောင်ယွိက မင်းအကြောင်းကို ခဏခဏ ပြောနေတာ။ မှန်းကြည့်ရရင် အရင်တုန်းက ငါ မြို့တော်ကနေ နှစ်နှစ်ကျော်လောက် ခွဲခွာသွားတုန်းကတောင် ရှောင်ယွိက ငါကို ဒီလောက် သတိရနေခဲ့တာ မဟုတ်ဘူး”

ထိုအချဉ်နံ့သည် သုံးမိုင်လောက်အထိပင် ပျံ့လွင့်နေသယောင်။

ချီယွင်သည် အောင့်ထား၍ မရတော့ဘဲ နှုတ်ခမ်းကိုစေ့ကာ တခစ်ခစ် ရယ်မောနေမိတော့သည်။

လုမင်ယွိသည်လည်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေသည်။ “ရှင့်မှာ ပြောရက်လိုက်တာ။ ချီယွင်နဲ့ကျမှ လာပြီး အချဉ်ရည် သောက်နေရတယ်လို့”

လီကျင့်သည် တမင်တကာပင် ဟန်လုပ်၍ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ “မင်းတို့ သခင်နဲ့ကျွန် နှစ်ယောက် ကြည့်တတ်လိုက်တာ။ ငါလည်း ဖုံးကွယ်မနေတော့ပါဘူး။ ဟုတ်တယ်။ ငါ အချဉ်ရည်သောက်နေတာ”

ဒီတစ်ကြိမ်တွင်တော့ ဘေးနားတွင် ခစားနေကြသော နန်းတွင်းသူ နန်းတွင်းသားများပါ ရယ်မောလိုက်ကြတော့သည်။

ရွှီအာသည် နားမလည်သည်ကို မေးမြန်းတတ်သည့် သင်ယူလိုစိတ် ပြင်းပြသူပီပီ မေးလိုက်တော့သည်။ “ဖေဖေ... အချဉ်ရည်သောက်တယ် ဆိုတာ ဘာလဲ”

ရွှမ်းအာသည် အစ်ကိုဖြစ်သူကို ရွံရှာသလို တစ်ချက် ကြည့်လိုက်လေသည်။ “အစ်ကိုကြီးကလည်း တုံးလိုက်တာ။ အချဉ်ရည်သောက်တယ် ဆိုတာ ဖေဖေက အငန်မကြိုက်ဘဲ အချဉ်ကြိုက်တာကို ပြောတာပေါ့”

...

အပိုင်း (၄၆၇) စည်းမျဉ်းစည်းကမ်းများ (၃)

ရွှမ်းအာ၏ ကလေးအတွေး ကလေးစကားလေးကြောင့် လူတိုင်းမှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်ကြရလေသည်။

ရွှမ်းအာသည် လူကြီးများက မိမိကို ချီးကျူးနေသည်ဟု ထင်မှတ်ကာ ကျေနပ်ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်ပြီး ချွဲနွဲ့သော လေသံလေးဖြင့် မေးလိုက်လေသည်။ “ဖေဖေ... သမီး ပြောတာ မှန်တယ်မလား”

လီကျင့်သည် ဗိုက်နာမတတ် ရယ်မောလိုက်လေသည်။ “မှန်တာပေါ့။ သမီးလေး ပြောတာ အမှန်ဆုံးပဲ။ ဖေဖေက အချဉ်ကြိုက်တာပါ”

ထို့နောက် သူသည် ရွှမ်းအာကို ပွေ့ချီလိုက်ပြီး သမီးဖြစ်သူ၏ နူးညံ့အိစက်သော ပါးပြင်လေးကို အားပါးတရ နမ်းလိုက်လေသည်။ ရွှမ်းအာသည် သဘောကျကာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်တော့သည်။

လီကျင့်သည် သမီးဖြစ်သူကို အလိုအလိုက်ဆုံးဖြစ်ပြီး ပျော်ရွှင်စွာဖြင့် ရွှမ်းအာကို ပခုံးပေါ်သို့ တင်ကာ ကုန်းပိုးလိုက်၏။ ရွှမ်းအာသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ရယ်မောလိုက်သည်။

ရွှီအာသည် ရုတ်တရက် အသိဝင်လာပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။ “သားလည်း ဖေဖေနဲ့ တူတူပဲ။ အချဉ်ကြိုက်တယ်”

မဟုတ်လျှင် ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဘာကြောင့်များ တစ်မျိုးကြီး ခံစားနေရပါမည်နည်း။

လုမင်ယွိသည် ရယ်ချင်စိတ်ကို အောင့်အီးလျက် ရွှီအာကို ပွေ့ချီလိုက်ပြီး သားဖြစ်သူ၏ မျက်နှာလေးကို နမ်းလိုက်လေသည်။ “လာ... မေမေက သားကို မြှောက်ပေးမယ်”

ထိုအခါမှသာ ရွှီအာသည် ပျော်ရွှင်သွားတော့သည်။ မိခင်ဖြစ်သူက သူ့ကို လေပေါ်သို့ မြှောက်တင်လိုက်သည်တွင် သူသည် လေထဲ၌ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး အောက်သို့ ပြန်ကျလာချိန်တွင် မိခင်ဖြစ်သူက မြဲမြံစွာ ဖမ်းထိန်းထားလိုက်သည်။ ရင်ခုန်စရာ ကောင်းသလို ပျော်စရာလည်း ကောင်းလှပေသည်။

ရွှမ်းအာသည်လည်း သူမကိုပါ လေထဲသို့ မြှောက်ပေးရန် ချက်ချင်းပင် ပူဆာလေတော့သည်။

အရှေ့နန်းဆောင် တစ်ခုလုံးတွင် ပျော်ရွှင်ဖွယ် အသံများနှင့် ရယ်မောသံများ ပြည့်နှက်နေလေသည်။

ချီယွင်သည် ဘေးတွင် ရပ်လျက် လုမင်ယွိ၏ မျက်ဝန်းနှင့် မျက်ခုံးထောင့်များတွင် တွဲခိုနေသော အပြုံးများကို ကြည့်ကာ စိတ်ထဲတွင် အတိုင်းအဆမဲ့ ဝမ်းသာပီတိ ဖြစ်ရလေသည်။

မည်သည့်အချိန်က စတင်လိုက်သည်မသိ။ လုမင်ယွိ၏ စိတ်နေစိတ်ထားသည် ပိုမို နူးညံ့သိမ်မွေ့လာပြီး မျက်နှာထားသည်လည်း ပိုပြီး ကြည်လင် လန်းဆန်းလာခဲ့သည်။ ဤသည်မှာ ခင်ပွန်းသည်၏ စိတ်နှလုံးအပြည့် ချစ်ခင်မြတ်နိုးမှုကို ခံစားရပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေရသော အမျိုးသမီးတစ်ဦး၏ နူးညံ့ပျော့ပျောင်းမှုပင် ဖြစ်လေသည်။

...

နောက်တစ်နေ့တွင် လုမင်ယွိသည် ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ခဲ့သည်။

ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ ဘေးနားရှိ ရင်းနှီးနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်နှင့် ရင်းနှီးနွေးထွေးမှုကို ခံစားလိုက်ရသည်။ “ချီယွင် နန်းတော်ထဲက ထွက်သွားတာ နှစ်ဝက်ကျော်လောက် ကြာသွားပြီ။ အခုတော့ နောက်ဆုံး ပြန်ရောက်လာပြီပေါ့။ မင်းရဲ့ သခင်မက နေ့တိုင်း သတိရနေတာကို မပြောနဲ့ဦး။ ပန်ကုံးတောင် မင်း မရှိတော့ တစ်မျိုးကြီး ဖြစ်နေတာ”

ချီယွင်က နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ “ကျွန်မကို သတိရပေးတဲ့ ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးတင်ပါတယ်။ နောင်ဆို ကျွန်မ နေ့တိုင်း ညန်ညန်နောက်လိုက်ပြီး ကျောင်းဖန်နန်းဆောင်ကို လာဂါရဝပြုပါ့မယ်။ ဟွမ်ဟုပ်ညန်ညန်က ကျွန်မမျက်နှာကို ကြည့်ပြီး ငြီးငွေ့မသွားပါစေနဲ့လို့ ဆုတောင်းပါတယ်”

ချောင်မိဖုရားခေါင်သည် နှစ်လိုဖွယ် ပြုံးလိုက်လေသည်။

ချီယွင် နန်းတော်ထဲသို့ ပြန်လည် ဝင်ရောက်လာခြင်းသည် အမှန်စင်စစ် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီပေ။ သို့သော် နန်းတော်ထဲတွင် စည်းမျဉ်းနှင့် မညီသော ကိစ္စရပ်များသည် တစ်ခု၊ နှစ်ခု မက ရှိနေလေသည်။ သည်လို သေးငယ်သော ကိစ္စလေးတစ်ခုဖြင့် ချွေးမဖြစ်သူကို ပျော်ရွှင်စေနိုင်မှတော့ ဘာကြောင့် မလုပ်ဘဲ နေရပါမည်နည်း။

မကြာမီတွင် မိဖုရားငယ်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြကာ ဂါရဝပြုကြလေသည်။

ဤသည်မှာလည်း အနောက်နန်းဆောင်၏ နေ့စဉ် ပြသနေကျ ပြဇာတ်ကြီး တစ်ပုဒ်ပင်။

နေ့ရက်များသည် ရှည်လျားလှရာ အပြိုင်အဆိုင် တိုက်ခိုက်ခြင်း၊ စကားနိုင်လုခြင်းနှင့် ဒေါသထွက်စေရန် ပြုလုပ်ခြင်းများ မရှိပါက နေ့ရက်များကို ကုန်ဆုံးစေရန် ခက်ခဲလှပေသည်။

မုန့်ဖေးသည် မျက်နှာသာပေးမှုကို ပြန်လည် ရရှိပြီးနောက်တွင် ခေါင်းကို ပိုမို မော့ထားလေ့ ရှိလာသည်။ မောက်မာဝင့်ကြွားနေသော ထိုပုံစံသည် မည်သူ့ကိုမျှ မျက်လုံးထဲ ထည့်ပုံမရပေ။ ချင်ဖေးသည် ထိုပုံစံကို ကြည့်ရသည်မှာ မျက်စိနောက်လွန်းသဖြင့် ခေါင်းကို လှည့်ကာ ဝမ်ကျဲယွီနှင့် စကားပြောနေလိုက်တော့သည်။

ဝမ်ကျဲယွီသည် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို အတော်အတန် ရရှိထားသော်လည်း နေထိုင်ပြောဆိုမှုတွင် အမြဲတမ်း နှိမ့်ချလေ့ ရှိပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် စကားပြောခဲလေသည်။ ချင်ဖေး ဘာပြောပြော သူမသည် ပြုံး၍ နားထောင်ခြင်း သို့မဟုတ် ခေါင်းကို ညင်သာစွာ ညိတ်ပြခြင်းသာ ပြုလုပ်လေ့ရှိသည်။

မုန့်ဖေးသည် ချီယွင်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။ “အို... ဒါ ချီယွင် မဟုတ်လား။ ကလေးမွေးဖို့ နန်းတော်ထဲက ထွက်သွားတယ်လို့ ကြားပါတယ်။ အခု ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ”

ချီယွင် ပြန်မဖြေရသေးမီ လုမင်ယွိက ချက်ချင်းပင် ပြန်လှန် ပြောဆိုလိုက်တော့သည်။ “အရှေ့နန်းဆောင်က ကိစ္စတွေကို မုန့်ဖေး စိတ်ပူပေးစရာ မလိုပါဘူး”

မုန့်ဖေးသည် ဟန်လုပ်ပြုံးလိုက်ရင်း လုမင်ယွိကို တစ်ချက် ကြည့်လိုက်လေသည်။ “ထိုက်ဇီဖေးက ပိုပြီးတော့ စံပြဖြစ်သင့်တာပေါ့။ ဒီလို ဦးဆောင်ပြီး နန်းတော် စည်းမျဉ်းတွေကို ဖောက်ဖျက်နေမယ်ဆိုရင် နောက်ပိုင်း တခြားသူတွေကလည်း လိုက်လုပ်ကြတော့မှာ။ အဲဒီကျရင် ဟွမ်ဟုပ်ညန်ညန်က ဘယ်လိုလုပ် အနောက်နန်းဆောင်ကို အုပ်ချုပ်တော့မလဲ”

လုမင်ယွိသည် မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် သရော်ပြုံးတစ်ခု ချိတ်ဆွဲလိုက်လေသည်။ “ကိုယ်တိုင် နားနဲ့မကြားရရင် မုန့်ဖေးရဲ့ ပါးစပ်က ဒီလောက် အကျိုးသင့်အကြောင်းသင့်ရှိတဲ့ စကားတွေ ထွက်လာမယ်လို့ ကျွန်မ ယုံတောင် မယုံနိုင်ဘူး”

မုန့်ဖေး၏ မျက်ခုံးများ ထောင်တက်သွားပြီး အေးစက်စွာ ရယ်မောလိုက်လေသည်။ “ထိုက်ဇီဖေးရဲ့ စကားက ဘာသဘောလဲ။ ငါက အကျိုးအကြောင်း နားမလည်ဘူးလို့ သွယ်ဝိုက် ပြောချင်တာလား”

လုမင်ယွိသည် နည်းနည်းလေးမှ အားနာမနေဘဲ မုန့်ဖေးကို စကားဖြင့် ပိတ်ဆို့လိုက်တော့သည်။ “ဒါက လူတိုင်းသိတဲ့ အမှန်တရားပဲလေ။ ကျွန်မက ဘာကိစ္စ သွယ်ဝိုက် ပြောနေရမှာလဲ။ တဲ့တိုး ပြောလိုက်လည်း ဘာမှ မဖြစ်ပါဘူး”

“မုန့်ဖေးက နန်းတော်စည်းမျဉ်းအကြောင်း ပြောချင်နေမှတော့ ကျွန်မလည်း ပြန်မေးရတော့မှာပေါ့။ ဒီနှစ်တွေ တစ်လျှောက်လုံး ယန်ရှီးနန်းဆောင်ရဲ့ သုံးစွဲစရိတ်တွေက ဘာဖြစ်လို့ ကျောင်းဖန်နန်းဆောင်နဲ့ တန်းတူ ဖြစ်နေရတာလဲ”

“ပြီးတော့ အရင်တုန်းက မုန့်ဖေးက ဘာဖြစ်လို့ နေ့တိုင်း ကျောင်းဖန်နန်းဆောင်ကို လာပြီး မူဟုပ်ကို ဂါရဝပြုတာမျိုး၊ စည်းမျဉ်းလိုက်နာတာမျိုး မလုပ်ခဲ့တာလဲ”

“ပထမမင်းသားနဲ့ ကျင့်အန်းကုန်းကျူက မယားငယ်က မွေးတာလေ။ မင်္ဂလာကိစ္စကို တရားဝင် မိခင်ဖြစ်တဲ့ မိဖုရားခေါင်က စီစဉ်ပေးရမှာ။ ဘာဖြစ်လို့ မုန့်ဖေးက ဝင်ပြီး စီမံခန့်ခွဲခဲ့ရတာလဲ”

မုန့်ဖေး၏ မျက်နှာသည် တဖြည်းဖြည်း အရောင်ပြောင်းလာတော့သည်။ နောက်ဆုံးမေးခွန်းကို ကြားလိုက်ရသောအခါ သူမသည် ဒေါသကြောင့် ခုန်ထလုမတတ် ဖြစ်သွားတော့သည်။ “ဒါတွေက အရှင်မင်းကြီး ကိုယ်တိုင် ခွင့်ပြုထားတာ။ ဟွမ်ဟုပ်ညန်ညန်တောင် ဘာမှမပြောတာ၊ နင်က ဘာကိစ္စ လာပြီး ဝေဖန်နေရတာလဲ”

လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ “ချီယွင် နန်းတော်ထဲ ဝင်လာတဲ့ ကိစ္စကလည်း မူဟုပ် ကိုယ်တိုင် ခွင့်ပြုထားတာပါ။ ခမည်းတော်တောင် ဘာမှမပြောတာ၊ ရှင်လို မိဖုရားငယ်တစ်ယောက်က ဘာကိစ္စ ဝင်ပြီး စိတ်ရှုပ်ခံနေရတာလဲ”

မုန့်ဖေး “...”

လုမင်ယွိသည် အေးစက်စွာ ရယ်မောလျက် ဆက်ပြောလိုက်လေသည်။ “နောက်ဆို စကားမပြောခင် မှန်အရင် ကြည့်ပါဦး။ ကိုယ့်မျက်နှာ ဘယ်လောက်ကြီးလဲ ဆိုတာ သိရအောင်လို့လေ။ အပြင်ထွက်ပြီး လျှောက်ပြောနေရင် အရှက်ကွဲရုံပဲ ရှိမှာ”

မုန့်ဖေးသည် သည်းမခံနိုင်တော့ဘဲ ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့သည်။ “နင် ဘယ်သူ့ကို လျှောက်ပြောနေတယ်၊ အရှက်ကွဲတယ်လို့ ပြောလိုက်တာလဲ”

ချီယွင်သည် စိတ်ထဲတွင် ထိတ်လန့်သွားပြီး လုမင်ယွိ၏ အင်္ကျီစကို လှမ်းဆွဲလိုက်မိသည်။

သူမသည် သခင်မဖြစ်သူ၏ စိတ်ကို သိလေသည်။ လုမင်ယွိ ဒေါသထွက်ပြီး လူကို လက်ပါလိုက်မည်ကို စိုးရိမ်မိခြင်းပင်။ ယခုအချိန်တွင် အရှေ့နန်းဆောင်၏ အခြေအနေမှာ မကောင်းလှပေ။ ယုံးကျားဧကရာဇ်ကလည်း နေရာတိုင်းတွင် မုန့်ဖေးကို မြှောက်စားနေသည်။ အကယ်၍ ပြဿနာ ဖြစ်ပွားခဲ့လျှင် သူမ၏ သခင်မသာ နစ်နာသွားမည်ကို စိုးရိမ်မိသည်။

သို့သော် လုမင်ယွိ၏ လှုပ်ရှားမှုက လျင်မြန်လွန်းလှသဖြင့် ချီယွင် လှမ်းဆွဲလိုက်သောအခါ လုမင်ယွိ၏ အင်္ကျီလက်စကိုသာ ထိလိုက်မိတော့သည်။

လုမင်ယွိသည် သာမန်မိန်းကလေးများထက် အရပ်အမောင်း ပိုမြင့်မားပြီး နှစ်ရှည်လများ သိုင်းပညာ လေ့ကျင့်ထားသူ ဖြစ်သည့်အလျောက် သူရဲကောင်းဆန်သော အရှိန်အဝါများ လွှမ်းခြုံထားလေသည်။ သူမသည် မျက်နှာထား တင်းတင်းဖြင့် မတ်တပ်ထရပ်လိုက်သည်နှင့် အသက်ရှူကျပ်စေလောက်သော ဖိအားတစ်ခုသည် ချက်ချင်း ပျံ့နှံ့သွားတော့သည်။ “ရှင့်ကို ပြောတော့ရော ဘာဖြစ်ချင်လို့လဲ”

အားလုံး “...”

လူတိုင်းမှာ လန့်ဖျပ်သွားကြ၏။

လုမင်ယွိ၏ ယခုပုံစံသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ မျက်ဝန်းနက်များထဲမှ အေးစက်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် လူကို တုန်လှုပ်ချောက်ချားစေသည်။

ဤသူကား ညအချိန် စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းပြီး ရန်သူစစ်သူကြီးကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းခဲ့သူ မဟုတ်ပါလား။

မုန့်ဖေး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ဦးနှောက်ထဲတွင် သူမ တိတ်တဆိတ် အကြိမ်ကြိမ် တွေးတောခဲ့ဖူးသော စူးဖေး သေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ် မြင်ကွင်းက ရုတ်တရက် ပေါ်လာသဖြင့် လှပသော မျက်နှာလေးမှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။

နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံမှုတွင် မည်သူ့အရှိန်အဝါက သာလွန်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

ချောင်မိဖုရားခေါင်သည် မုန့်ဖေး၏ ကြောက်ရွံ့တုန်လှုပ်နေသော ပုံစံကို စိတ်အေးလက်အေး ခဏလောက် ကြည့်ရှုခံစားလိုက်ပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ “စကားများရုံလေးနဲ့ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ လုရှီ... မင်း အရင် စိတ်လျှော့လိုက်ပါ”

ပြောပုံအရဆိုလျှင် လုမင်ယွိကို အရင် နှစ်သိမ့်လိုက်ခြင်းပင်။

မုန့်ဖေးသည် ဒေါသကြောင့် နှာခေါင်းပင် ရွဲ့လုမတတ် ဖြစ်သွားပြီး အော်ဟစ် ပြောဆိုလိုက်တော့သည်။ “လုရှီက နန်းတော်စည်းမျဉ်းကို အရင်ချိုးဖောက်တာ။ ပြီးတော့ ကျွန်မကို စကားနဲ့ ရွဲ့စောင်းပြောတာလည်း သူပဲ။ ဟွမ်ဟုပ်ညန်ညန်က လုရှီကို ပြန်နှစ်သိမ့်ပေးနေတယ် ဆိုတော့ ဒါက ဝိုင်းပြီး ကျွန်မကို အနိုင်ကျင့်ချင်နေကြတာလား”

ချောင်မိဖုရားခေါင်၏ မျက်နှာထား တင်းမာသွားပြီး မျက်ဝန်းများထဲတွင် အာဏာစက်များ ပြည့်နှက်သွားတော့သည်။ “ချီယွင် နန်းတော်ထဲ ဝင်လာတဲ့ ကိစ္စက ပန်ကုံး ခွင့်ပြုလိုက်တာ။ မင်း မကျေနပ်တာ ရှိရင် ပန်ကုံးကိုပဲ တိုက်ရိုက်ပြောပါ။ ထိုက်ဇီဖေးကို ဆွဲထည့်နေစရာ မလိုဘူး”

လုမင်ယွိသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မျက်နှာပျက်နေသော မုန့်ဖေးကို တစ်ချက် ကြည့်လိုက်လေသည်။ “ဆွဲထည့်တာ မထည့်တာကို ကျွန်မလည်း ဂရုမစိုက်ပါဘူး။ ကျွန်မက စိတ်ရင်းဖြောင့်မှန်တဲ့သူပါ။ စကားပြောရင် မျက်နှာချင်းဆိုင် ရှင်းရှင်းလင်းလင်း ပြောရတာ ကြိုက်တယ်။ တကယ်လို့ ကွယ်ရာမှာ လျှာရှည်ပြီး အတင်းပြောတဲ့သူ ရှိရင် ကျွန်မ အဲ့ဒီ လျှာရှည်ကို ဓားနဲ့ လှီးဖြတ်ပစ်မယ်”

လူတိုင်းမှာ လေအေးတစ်ချက် ရှူရှိုက်လိုက်မိကြတော့သည်။

မုန့်ဖေးကို ကြည့်လိုက်သောအခါ ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး ဒေါသတကြီး လှည့်ထွက်သွားတော့သည်။

“နေပါဦး” လုမင်ယွိ၏ အေးစက်သော အသံက နားထဲသို့ တိုးဝင်လာခဲ့သည်။ “မုန့်ဖေးက ပါးစပ်ကသာ နန်းတော်စည်းမျဉ်းလို့ တဖွဖွ ပြောနေတာ။ ဘာဖြစ်လို့ မူဟုပ်ကို နှုတ်မဆက်ဘဲ ထွက်သွားတာလဲ။ ဒီလို မောက်မာရိုင်းစိုင်းတဲ့ အပြုအမူကမှ စည်းကမ်းမရှိတာ”

မုန့်ဖေးသည် ဒေါသတကြီး ပြန်လှည့်လာပြီး လုမင်ယွိကို စိုက်ကြည့်ကာ တောင့်တောင့်ကြီး ဂါရဝပြုလိုက်လေသည်။ ထို့နောက် စကားတစ်ခွန်းမှ မဆိုတော့ဘဲ အင်္ကျီလက်စကို ခါရမ်းလျက် ထွက်ခွာသွားတော့သည်။

...

အပိုင်း (၄၆၈) ကျင့်အန်း

မိဖုရားငယ်များသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

အနှိုင်းမဲ့ အချစ်တော် မုန့်ဖေးကိုပင် ထိုက်ဇီဖေးက သည်လောက်အထိ ပညာပေးလိုက်လေရာ သူတို့အနေဖြင့်လည်း ရိုးရိုးကုပ်ကုပ် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ချောင်မိဖုရားခေါင်က အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်၏။ “ပန်ကုံး နည်းနည်း ပင်ပန်းနေပြီ။ မင်းတို့အားလုံး ကိုယ့်နန်းဆောင်ကိုယ် ပြန်ကြတော့။ မနက်ဖြန်ကျမှပဲ လာဂါရဝပြုပြီး စကားပြောကြတာပေါ့”

မိဖုရားငယ်များသည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကာ ခွင့်တောင်း၍ ထွက်ခွာသွားကြတော့သည်။ မကြာမီတွင် အားလုံး ရှင်းလင်းသွားလေသည်။

တောက်လျှောက် အသံတိတ်နေခဲ့သော ချီယွင်သည် မျက်ဝန်းအိမ်များ နီရဲလျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ကျွန်မက ဂုဏ်နိမ့်ပါးတဲ့ အစေခံတစ်ယောက်ပါ။ ညန်ညန်က ဘာဖြစ်လို့ ကျွန်မအတွက်နဲ့ မုန့်ဖေးနဲ့ ဒီလောက်ထိ ပြဿနာဖြစ်ခံရတာလဲ”

လုမင်ယွိသည် ချီယွင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။ “ဒီနေ့သာ သူ့ရဲ့ မောက်မာတဲ့ အရှိန်အဝါကို ဖိနှိပ်မထားရင် နောင်ဆိုရင် ပြောဆိုစရာ ပြဿနာတွေ ပိုပြီး များလာလိမ့်မယ်”

“မှန်တယ်” ချောင်မိဖုရားခေါင်သည် မျှော်လင့်မထားဘဲ ဝင်ပြောလိုက်လေသည်။ “မုန့်ဖေးက ဒီရက်ပိုင်း အရမ်း မောက်မာနေတယ်။ အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပန်ကုံးကိုတောင် မျက်လုံးထဲ မထည့်ချင်ဘူး ဖြစ်နေတာ။ ဒီနေ့ ဒီကိစ္စကို အကြောင်းပြပြီး ကောင်းကောင်းလေး ဆုံးမပေးလိုက်တာက သူ့ကို နည်းနည်း ထိန်းသိမ်းဖို့ သတိပေးလိုက်တာပဲ။ မင်းတစ်ယောက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ မင်း ကြောက်ရွံ့နေစရာ မလိုပါဘူး”

ချီယွင်၏ မျက်နှာထက်တွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်သွားတော့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်ဟုပ်ညန်ညန်ကို ကျွန်မ ကျေးဇူးတင်ပါတယ်”

ပြောရင်းဖြင့် ရှေ့သို့တက်ကာ ဒူးထောက်လိုက်ပြီး သုံးကြိမ်တိုင် ဦးခိုက်လိုက်လေသည်။

ချောင်မိဖုရားခေါင်သည် မျက်ခုံးများ ပြေလျော့သွားကာ ပြုံးရယ်လျက် ပြောလိုက်လေသည်။ “ဒူးထောက်မနေပါနဲ့တော့။ ထပါတော့။ မင်းရဲ့ သခင်မကို ကြည့်ပါဦး။ မျက်နှာမှာ သနားနေတဲ့ ပုံစံ ပေါက်နေပြီ”

လုမင်ယွိသည် ချီယွင်အပေါ် သံယောဇဉ် ကြီးမားလှပြီး သာမန် အစေခံတစ်ယောက်လို ဆက်ဆံခြင်း မဟုတ်ပေ။ ချီယွင် ဤကဲ့သို့ ဒူးထောက်လိုက်သည်တွင် လုမင်ယွိ အမှန်တကယ်ပင် စိတ်မကောင်း ဖြစ်သွားရလေသည်။

ချောင်မိဖုရားခေါင်၏ စနောက်ခြင်းကို ခံလိုက်ရသော်လည်း လုမင်ယွိသည် ရှက်ရွံ့နေခြင်း မရှိဘဲ ပွင့်လင်းစွာ ပြုံးရယ်လိုက်လေသည်။ “ချီယွင်က ငယ်ငယ်လေးကတည်းက ကျွန်မနဲ့အတူ ကြီးပြင်းလာခဲ့တာပါ။ နာမည်ခံက သခင်နဲ့ အစေခံ ဆိုပေမယ့် တကယ်တမ်းကျတော့ ညီအစ်မအရင်းတွေနဲ့ ဘာမှမခြားပါဘူး။ ချီယွင်ကို နန်းတော်ထဲ ပြန်ခေါ်တာက ကျွန်မရဲ့ သဘောထားပါ။ မူဟုပ်က သဘောထားကြီးပြီး ကျွန်မရဲ့ ဆိုးနွဲ့မှုကို ခွင့်ပြုပေးခဲ့တာ။ ကျွန်မကလည်း မူဟုပ်ကို ကျေးဇူးတင်ရမှာပါ”

ထိုသို့ ပြောဆိုရင်း မျက်လုံးအမူအရာဖြင့် ချီယွင်ကို ထရန် အချက်ပြလိုက်လေသည်။

ချီယွင်၏ ရင်ထဲတွင် နွေးထွေးမှုများ လှိုက်တက်လာခဲ့ပြီး တိတ်ဆိတ်စွာ မတ်တပ်ထရပ်ကာ လုမင်ယွိ၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကဲ့သို့ပင် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို သူမသည် သခင်မ၏ နောက်တွင် အမြဲရှိနေခဲ့သည်။

...

မုန့်ဖေးသည် မည်မျှပင် ဒေါသထွက်နေပါစေ လှိုင်းလေထန်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ။

သူမသည် ယုံးကျားဧကရာဇ်ထံ သွားရောက် တိုင်တန်း၍ပင် မရနိုင်ချေ။ အကြောင်းမှာ ယခင်ကတည်းက ယုံးကျားဧကရာဇ်သည် သူမအား ပြဿနာ မရှာရန် သတိပေးထားဖူးသောကြောင့်ပင်။ သူမက တမင်သက်သက် ရန်စခဲ့ပြီး နောက်ဆုံးတွင် မိမိကိုယ်တိုင်သာ အရှက်ကွဲခဲ့ရခြင်း ဖြစ်လေသည်။

မုန့်ဖေးသည် ယန်ရှီးနန်းဆောင်ထဲတွင် တစ်ကိုယ်တည်း စိတ်ကောက်နေလေသည်။ ကျင့်အန်းကုန်းကျူ ရောက်လာပြီး အကြောင်းစုံကို မေးမြန်းသိရှိသွားသောအခါ သူမသည်လည်း မတတ်သာသည့်ဟန် ဖြစ်သွားရတော့သည်။ “မူဖေး... ချီယွင် နန်းတော်ထဲ ဝင်တာ မဝင်တာက သေးမွှားတဲ့ ကိစ္စလေးပါ။ မူဖေးက ဘာဖြစ်လို့ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ အာ့စောင်ကို ပြဿနာ သွားရှာရတာလဲ”

အဓိကအချက်မှာ ပါးစပ်ချင်း ယှဉ်ပြောလျှင်လည်း မနိုင်သလို လက်ပါလျှင်လည်း ပြိုင်ဘက် မဟုတ်သည်က သေချာနေခြင်းပင်။

ဒါက ကိုယ့်ဘာသာ တံခါးဝအရောက်သွားပြီး အရှက်ခွဲခံလိုက်တာ မဟုတ်ပါလား။

မုန့်ဖေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ “ငါ့စိတ်ထဲမှာ မကျေနပ်လို့လေ။ ငါက နင့်ဖုဟွမ်နဲ့ ပေါင်းသင်းလာတာ ဒီလောက်ကြာပြီ။ ငါကပဲ သူများတွေကို အနိုင်ကျင့်ခဲ့ရတာ။ အခုတော့ လူငယ်လေးတစ်ယောက်က ငါ့ခေါင်းပေါ် တက်စီးတာ ခံနေရပြီ။ ဒီဒေါသကို ငါ ဘယ်လိုမှ မျိုသိပ်လို့ မရဘူး”

ယခင်က သူမသည် တရားဝင် ဇနီးမယားဟူသော ဂုဏ်ပုဒ် မရှိသည်မှလွဲ၍ ကျန်အရာအားလုံးတွင် ချောင်မိဖုရားခေါင်ထက် သာလွန်ခဲ့သည်။

ဒီနှစ်ပိုင်းအတွင်း အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို တဖြည်းဖြည်း ဆုံးရှုံးလိုက်ရပြီး ချောင်မိဖုရားခေါင် သားအမိသည် ပိုမို အရှိန်အဝါ ကြီးမားလာခဲ့သည်။ လုမင်ယွိဟူသော ထိုက်ဇီဖေးသည်လည်း ပိုပြီး သြဇာကြီးမားလာပြီး အနောက်နန်းဆောင်တွင် မည်သူမျှ ရန်မစရဲကြပေ။

သူမ ဒီဒေါသကို မျိုမသိပ်နိုင်ပေ။

ကျင့်အန်းကုန်းကျူသည် မုန့်ဖေး၏ အနည်းငယ် ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ကာ မတတ်သာစွာ သက်ပြင်းချလိုက်လေသည်။ “မူဖေး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကို သမီး သိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာမို့လို့လဲ။ အာ့ကောက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီ၊ အာ့စောင်က ထိုက်ဇီဖေး။ နောင်ကျရင် ဒီသာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းအာဏာက သူတို့လင်မယား လက်ထဲ ရောက်မှာ။ တစ်နေ့ကျရင် လူတိုင်း ခေါင်းငုံ့ပြီး နေရမယ့်ရက် ရောက်လာမှာပဲ။ မူဖေး စောစောစီးစီး သဘောပေါက်ရင် ကောင်းမယ်”

သဘောပေါက်ရမယ် ဟုတ်လား။

မုန့်ဖေးသည် နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြန်ပြီး မျက်ဝန်းထဲတွင် ရက်စက်ယုတ်မာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “ထိုက်ဇီ ဖြစ်တော့ရော ဘာဖြစ်သလဲ။ အရင်မင်းဆက်တွေကို ကြည့်လိုက်။ ထိုက်ဇီ ဘယ်နှယောက်ကများ ထီးနန်းကို အေးအေးဆေးဆေး ဆက်ခံနိုင်ခဲ့လို့လဲ။ နင့်ဖုဟွမ်က ကျန်းမာရေး ကောင်းတုန်းပဲ။ နောက်ထပ် အနှစ်နှစ်ဆယ်လောက် နေရရင်လည်း ပြဿနာ မရှိဘူး။ လီကျင့်က အဲ့ဒီနေ့အထိ အသက်ရှင်ပါ့မလား ဆိုတာ ပြောဖို့ခက်တယ်။ လုမင်ယွိက ထိုက်ဇီဖေး ဖြစ်နေတော့ရော ဘာလုပ်နိုင်မှာလဲ။ ထိုက်ဇီသာ မရှိတော့ရင် သူက ဘာမှ မဟုတ်တော့ဘူး”

ကျင့်အန်းကုန်းကျူ “...”

ကျင့်အန်းကုန်းကျူသည် ရင်တထိတ်ထိတ် ဖြစ်သွားပြီး မုန့်ဖေး၏ လက်ကို အတင်း ဆွဲကိုင်လိုက်ကာ အလျင်အမြန် ပြောလိုက်လေသည်။ “မူဖေး... ဒီလိုစကားမျိုးကို ဘယ်လိုလုပ် လျှောက်ပြောရတာလဲ။ တကယ်လို့ သတင်းစကား နည်းနည်းလောက် ပေါက်ကြားသွားရင် သမီးတို့ သားအမိသုံးယောက်လုံး နေစရာနေရာ ရှိတော့မှာ မဟုတ်ဘူး”

မုန့်ဖေးက နှုတ်ခမ်းထောင့်ကို တွန့်လိုက်လေသည်။ “နင်က ဘာကြောက်နေတာလဲ။ ဒီမှာ ငါတို့ သားအမိနှစ်ယောက်တည်း ရှိတာ။ နင်ကပဲ လျှောက်ပြောဦးမှာမို့လို့လား”

“သမီးကတော့ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူဖေးရဲ့ စိတ်ထဲမှာ မကျေနပ်ချက်တွေ ပြည့်နေရင် စကားပြောရင်းနဲ့ မသိမသာ ပေါ်လာတတ်တယ်”

ကျင့်အန်းကုန်းကျူသည် သွယ်လျသော မျက်ခုံးလေးများကို တွန့်ချိုးလိုက်ပြီး စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်လေသည်။ “သာ့ကောက အခု ဒီလိုဖြစ်နေပြီဆိုတော့ ထီးနန်းနဲ့ လုံးဝ ဝေးကွာသွားပြီလေ။ မူဖေးက ဘာကို ယှဉ်ပြိုင်ချင်နေသေးတာလဲ။ စောစောစီးစီး ခေါင်းငုံ့ပြီး အေးအေးဆေးဆေး နေလိုက်တာကမှ လမ်းမှန် ဖြစ်မှာ...”

မုန့်ဖေးက အေးစက်စွာ ရယ်မောလိုက်ပြီး ကျင့်အန်းကုန်းကျူ၏ စကားကို ဖြတ်ပြောလိုက်သည်။ “ဘာကို ခေါင်းငုံ့ရမှာလဲ။ လူဆိုတာ သိက္ခာနဲ့ နေရတာ။ အချိန်တိုင်း ခေါင်းငုံ့ပြီး အမြီးကုပ်နေရအောင် ငါက လိပ်မို့လို့လား”

“ငါ့ကို ခေါင်းဝင်နေတဲ့ လိပ်လိုမျိုး အဖြစ်ခံရမယ် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး”

ကျင့်အန်းကုန်းကျူသည် မိခင်ရင်းကို ဖျောင်းဖျမရသဖြင့် စိတ်ပူလွန်းကာ နှာခေါင်းထိပ်တွင် ချွေးစေးများပင် ထွက်လာတော့သည်။

မုန့်ဖေးသည် သမီးဖြစ်သူကို သနားသွားသဖြင့် အသံကို လျှော့လိုက်တော့သည်။ “စူးဖေးကို လုမင်ယွိ ကိုယ်တိုင် သင်းချိုင်းပို့လိုက်တာလေ။ လီဟောက်နဲ့ လီချန် ညီအစ်ကိုနှစ်ယောက်က သွေးသားရှိတဲ့ ယောက်ျားတွေ ဆိုရင်တော့ ဒီကလဲ့စားကို ချေကြမှာပဲ။ ငါက ဝင်မပါဘဲ ဘေးကနေ ပွဲကြည့်နေရုံနဲ့တင် လုံလောက်နေပြီ”

“တော်ပါပြီ။ ဒီအကြောင်းတွေ မပြောတော့ဘူး။ ငါ မနေ့ညက နင့်ဖုဟွမ်ကို နင့်မင်္ဂလာကိစ္စ ငါကိုယ်တိုင် စီစဉ်ပေးပါရစေလို့ တောင်းဆိုခဲ့တယ်။ နင့်ဖုဟွမ်က ခွင့်ပြုလိုက်ပြီ။ နောက်ထပ် လေးလလောက်နေရင် နင့်ရဲ့ မင်္ဂလာရက်မြတ် ရောက်ပြီ။ နင် စိတ်အေးအေးထားပြီး မင်္ဂလာပွဲကို စောင့်နေလိုက်။ လက်ထပ်ပြီးသွားရင် ဖုမာ (သမက်တော်) နဲ့အတူ ကုန်းကျူအိမ်တော်မှာ နေပြီး နင် ကြိုက်နှစ်သက်တဲ့ အေးချမ်းတဲ့ ဘဝကို ဖြတ်သန်းလို့ ရပြီ”

ကျင့်အန်းကုန်းကျူသည် သက်ပြင်းချလိုက်ပြီး ဖြူဝင်းနုနယ်သော မျက်နှာလေးတွင် သွေးရောင်လွှမ်းသွားတော့သည်။ “ဖုဟွမ်က တကယ်ပဲ သဘောတူလိုက်တာလား”

မုန့်ဖေးက ပြုံးကာ လက်ကိုဆန့်ထုတ်လိုက်ပြီး ကျင့်အန်းကုန်းကျူ၏ ဆံနွယ်ရှည်များကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ “သဘောတူလိုက်ပါပြီ။ အခု ငါ့စိတ်ထဲမှာ အရေးအကြီးဆုံးက ဒီကိစ္စပဲ။ စိတ်ချပါ။ ငါ နင့်အတွက် ခမ်းနားတဲ့ လက်ဖွဲ့ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားတယ်။ သေချာပေါက် နင့်ကို ဂုဏ်ရှိရှိနဲ့ လက်ထပ်ပေးမှာပါ”

ကျင့်အန်းကုန်းကျူသည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး ခဏအကြာတွင် တိုးတိုးလေး ပြောလိုက်ပြန်သည်။ “နန်းတွင်းရေးရာဌာနမှာ ငွေကြေး လိုအပ်နေတယ်တဲ့။ သမီး လက်ဖွဲ့တွေ အများကြီး မလိုချင်ပါဘူး။ မူဖေး အဲဒီငွေတွေကို နန်းတွင်းရေးရာဌာနဆီ ပို့ပေးလိုက်ပါလား”

မုန့်ဖေးက မျက်လုံးပြူးကာ ကြည့်လိုက်လေသည်။ “နင် ရူးသွားပြီလား။ နန်းတွင်းရေးရာဌာနမှာ ပိုက်ဆံရှိတာ မရှိတာက ငါတို့သားအမိနဲ့ ဘာဆိုင်လို့လဲ။ ဟွမ်ဟုပ်က နာမည်ကောင်း လိုချင်လို့၊ ထိုက်ဇီဖေးက အရှေ့နန်းဆောင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်လို့သာ ဟန်ဆောင်ပြီး ကိုယ်ပိုင်ငွေတွေ ထုတ်ပေးလိုက်ကြတာ။ ငါကတော့ အဲဒီလို နာမည်ကောင်း လိုချင်လို့ မိုက်မဲတဲ့အလုပ်မျိုး မလုပ်နိုင်ဘူး”

“ဒီလိုအတွေးမျိုး နင် လုံးဝ တွေးတောင်မတွေးနဲ့။ ငါ ပင်ပင်ပန်းပန်းနဲ့ နင့်အတွက် စုဆောင်းလာခဲ့တဲ့ ဆယ်နှစ်ကျော်စာ လက်ဖွဲ့တွေက နင့်အတွက် ဘဝပေါင်းများစွာ သုံးမကုန်လောက်အောင် များပြားတယ်။ ဘာကိစ္စ နန်းတွင်းရေးရာဌာနရဲ့ လိုငွေကို သွားဖြည့်ပေးရမှာလဲ”

ကျင့်အန်းကုန်းကျူသည် ယုံကြည်ချက်အပြည့် ပြောဆိုနေသော မုန့်ဖေးကို ကြည့်ကာ ဆွံ့အသွားရတော့သည်။

မူဖေးက ချောင်မိဖုရားခေါင်ကို အထင်မကြီးဘဲ ပါးစပ်ဖွင့်လိုက်တိုင်း ချောင်မိဖုရားခေါင်ကို တန်ဖိုးမရှိသလို ပြောဆိုလေ့ရှိသည်။ သို့သော် လက်တွေ့တွင်တော့ ချောင်မိဖုရားခေါင်သည် သဘောထားကြီးပြီး လုပ်ဆောင်ချက်တိုင်းက မိဖုရားခေါင်တစ်ပါး၏ ဂုဏ်ဒြပ်နှင့် ညီညွှတ်လှပေသည်။ နှိုင်းယှဉ်ကြည့်လိုက်လျှင် မူဖေးက သဘောထား သေးသိမ်လွန်းပြီး တစ်ကိုယ်ကောင်းဆန်လွန်းလှသည်။

ရင်နာစရာ စကားကို ပြောရလျှင် မူဖေး၏ ဒီလို စိတ်နေသဘောထားမျိုးက အချစ်တော် ကြင်ရာတော် တစ်ယောက်အနေနဲ့သာ ထိုက်တန်ပြီး အလယ်နန်းဆောင်ရဲ့ မိဖုရားခေါင်တစ်ပါး ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

ဒါပေါ့လေ။ ဒီလို စိတ်ထိခိုက်စေမယ့် စကားမျိုးကို တဲ့တိုး ပြော၍ မဖြစ်ပေ။

ကျင့်အန်းကုန်းကျူက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “သမီးက ဒီအတိုင်း ပြောကြည့်တာပါ။ မူဖေး သဘောမတူရင်လည်း နေပါစေတော့”

ထိုအခါမှသာ မုန့်ဖေးသည် ပြုံးရွှင်သွားတော့သည်။ “ဒါမှ ငါ့ရဲ့ သမီးလိမ္မာလေး”

ထို့နောက်တွင်တော့ သူမသည် မင်္ဂလာပွဲအတွက် အသေးစိတ် ကိစ္စရပ်များကို တွက်ချက် စဉ်းစားနေတော့သည်။ ကျင့်အန်းကုန်းကျူမှာတော့ တိတ်ဆိတ်စွာ နားထောင်နေရင်း စိတ်ထဲတွင် တိတ်တခိုး သက်ပြင်းချလိုက်မိတော့သည်။

...

All Chapters