အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အပိုင်း (၄၆၉) ဇနီးမောင်နှံ
ကျင့်အန်းကုန်းကျူ၏ မင်္ဂလာရက်မြတ်ကို ၉လပိုင်း နှောင်းပိုင်းတွင် သတ်မှတ်လိုက်လေသည်။
ဤသည်မှာ မကြာမီကာလအတွင်း နန်းတော်၏ အနီးစပ်ဆုံး မင်္ဂလာကိစ္စလည်း ဖြစ်လေသည်။
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ အထူးတလည် သွားရောက်ခဲ့သည်။ “ဟွမ်ဟုပ်က နန်းတွင်းရေးရာတွေကို စီမံခန့်ခွဲရတာ တော်တော်လေး ပင်ပန်းနေပါပြီ။ ကျင့်အန်းရဲ့ မင်္ဂလာကိစ္စကို မုန့်ဖေးကိုပဲ ကိုယ်တိုင် စီစဉ်ခိုင်းလိုက်ပါ။ ဒါဆိုရင် ဟွမ်ဟုပ်လည်း အပင်ပန်း သက်သာတာပေါ့”
ချောင်မိဖုရားခေါင်သည် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်လေရာ လေသံအေးအေးဖြင့် ပြန်ပြောလိုက်တော့သည်။ “အရှင်မင်းကြီးက ချန်ချဲ့အပေါ် ဒီလောက် ကိုယ်ချင်းစာ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်မဆုံးပါဘူး။ ချန်ချဲ့က တရားဝင် မိခင် ဖြစ်ပါလျက်နဲ့ မယားငယ်က မွေးတဲ့ သားသမီးတွေကို ဆုံးမသွန်သင်စရာ မလိုသလို မင်္ဂလာကိစ္စကိုလည်း စီစဉ်ပေးစရာ မလိုတော့ဘူးပေါ့။ ဒီလို အေးဆေးသက်သာတဲ့ ဘဝမျိုးက သာ့ဝေတိုင်းပြည်ရဲ့ စံပြဖြစ်လောက်ပါတယ်”
ယုံးကျားဧကရာဇ် “...”
ချောင်မိဖုရားခေါင်၏ စကားထဲတွင် ပါဝင်နေသော သရော်စာများသည် ယုံးကျားဧကရာဇ်ကို အနေရခက်စေတော့သည်။
ဤနှစ်များတစ်လျှောက်လုံးတွင် ချောင်မိဖုရားခေါင်သည် စံပြမိဖုရားကောင်း တစ်ပါးအဖြစ် နာမည်ကြီးပြီး မည်သည့် အပြစ်တင်စကားမျှ ပြောဆိုခြင်း မရှိခဲ့ပေ။ ယနေ့တွင် ရုတ်တရက် ထိုကဲ့သို့ ပြောဆိုလာသဖြင့် ယုံးကျားဧကရာဇ်သည် ရှားရှားပါးပါး မျက်နှာပျက်သွားရပြီး ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်လေသည်။ “ဟွမ်ဟုပ် သဘောမကျရင် ကျင့်အန်းရဲ့ မင်္ဂလာကိစ္စကို ဟွမ်ဟုပ်ပဲ စီစဉ်လိုက်ပါ...”
“မလိုပါဘူး” ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သော်လည်း မျက်ဝန်းထဲတွင် အပြုံးရိပ် လုံးဝ မရှိပေ။ “အရှင်မင်းကြီးက မုန့်ဖေးကို ကတိပေးပြီးသားပဲ။ မင်းဧကရာဇ်ရဲ့ စကားက နွားကိုးကောင် ဆွဲလို့တောင် မရွေ့နိုင်ဘူးဆိုတဲ့ စကားပုံ ရှိတယ်လေ။ ဘယ်လိုလုပ် စိတ်ရှိတိုင်း ပြောင်းလဲလို့ ရမှာလဲ။ နောက်ပြီးတော့ ချန်ချဲ့က နန်းတွင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ဒီကိစ္စအတွက် အချိန်နဲ့ ခွန်အား မရှိပါဘူး။ မုန့်ဖေးက သူ့ဘာသာသူ အလုပ်ရှုပ်ခံပြီး လုပ်ချင်နေမှတော့ ချန်ချဲ့လည်း ဝမ်းသာအားရ လက်လွှဲပေးလိုက်ပါ့မယ်”
ယုံးကျားဧကရာဇ်သည် တိတ်ဆိတ်စွာ သည်းခံလိုက်ရတော့သည်။
ချောင်မိဖုရားခေါင်သည် မိုးကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်လေသည်။ “မိုးလည်း ချုပ်နေပြီ။ အရှင်မင်းကြီး ဒီည ယန်ရှီးနန်းဆောင်ကို သွားမှာလား။ ဖန်းဟွားနန်းဆောင်ကို သွားမှာလား”
ယုံးကျားဧကရာဇ် “...”
ယုံးကျားဧကရာဇ်သည် မယုံနိုင်စွာဖြင့် ချောင်မိဖုရားခေါင်ကို ကြည့်လိုက်လေသည်။ “မင်း ငါ့ကို မောင်းထုတ်နေတာလား”
ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အသံကတော့ တည်ငြိမ်နူးညံ့နေဆဲပင်။ “ချန်ချဲ့က မိဖုရားခေါင်ပါ။ အနောက်နန်းဆောင်ကို စီမံခန့်ခွဲရတာက ချန်ချဲ့ရဲ့ တာဝန်ပဲလေ။ အရှင်မင်းကြီးကို ဘယ်လိုလုပ် မောင်းထုတ်ရဲမှာလဲ။ ချန်ချဲ့က အရှင်မင်းကြီးရဲ့ စိတ်ဆန္ဒကို သိနေပြီး အရှင်မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်မှာ မလိုလားလို့ပါ။ ဒါကြောင့် အရှင်မင်းကြီး ထွက်သွားဖို့ ဆင်ခြေရှာရ ခက်နေမှာစိုးလို့ ချန်ချဲ့ကပဲ ဦးအောင် မေးပေးလိုက်တာပါ”
ယုံးကျားဧကရာဇ်သည် စကားနာ အထိုးခံရသဖြင့် ခေါင်းကိုက်သွားရပြီး အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ “ကောင်းပြီလေ။ ငါ အခုပဲ သွားတော့မယ်။ ဟွမ်ဟုပ် မျက်စိနောက်မခံပါနဲ့တော့”
ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။
ချောင်မိဖုရားခေါင်သည် အလျင်စလို မဟုတ်ဘဲ ယုံးကျားဧကရာဇ်၏ ကျောပြင်ကို ကြည့်ကာ ဖြည်းညှင်းစွာ ဂါရဝပြုလိုက်သည်။
ဘေးတွင် ရပ်နေသော ချိုင်လန်သည် နောက်ဆုံးတွင် အောင့်အီးသည်းမခံနိုင်တော့ဘဲ စိုးရိမ်တကြီး တိုးတိုးလေး ပြောတော့သည်။ “အရှင်မင်းကြီးက ရှားရှားပါးပါး ကျောင်းဖန်နန်းဆောင်ကို ရောက်လာတာကို ဟွမ်ဟုပ်ညန်ညန်က ဘာလို့ ဆွဲမထားဘဲ မုန့်ဖေးဆီကို မောင်းထုတ်လိုက်ရတာလဲ”
ယုံးကျားဧကရာဇ်၏ စိတ်သဘောထားအရ ချောင်မိဖုရားခေါင်ကို စိတ်ဆိုးသွားလျှင် ဖန်းဟွားနန်းဆောင်ကို သွားမည် မဟုတ်ဘဲ သေချာပေါက် ယန်ရှီးနန်းဆောင်ကို သွားလိမ့်မည်။
ချောင်မိဖုရားခေါင်၏ အသံက အနည်းငယ် အေးစက်သွားလေသည်။ “သူ့ကို ဆွဲထားပြီး ဘာလုပ်ရမှာလဲ။ ညစာစားဖို့ ပြုစုပေးပြီးရင် တခြားနန်းဆောင်ကို သွားဖို့ ဆင်ခြေပေးမယ့်အချိန်ကို ထိုင်စောင့်နေရမှာလား”
ချိုင်လန်မှာ ပြောစရာစကား မရှိ ဖြစ်သွားရ၏။
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်ကို တစ်လကျော်ကြာ လစ်လျူရှုထားခဲ့သော်လည်း ဒီရက်ပိုင်းအတွင်း သုံးကြိမ်ခန့် လာရောက်ခဲ့သည်။ အကြိမ်တိုင်းတွင် ညစာစားပြီးသည်နှင့် ဖန်းဟွားနန်းဆောင်သို့ ထွက်ခွာသွားလေ့ ရှိသည်။
ဤကိစ္စကို အနောက်နန်းဆောင်ရှိ မိဖုရားငယ်များထံမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် ချောင်မိဖုရားခေါင်သည် အရှက်ကွဲရခြင်း တစ်ခု ထပ်တိုးလာရသည်။
မလာလျှင်လည်း ထားလိုက်ပါတော့။ လာပြီးမှ ညအိပ်မနေဘဲ ပြန်ထွက်သွားသည်မှာ...
ချိုင်လန်သည် သက်ပြင်းကို မျိုချလိုက်ပြီး တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ “ညန်ညန် စိတ်ဖြေလိုက်ပါ။ အနောက်နန်းဆောင်က မိဖုရားငယ်တွေက ဘာမှ လျှောက်ပြောရဲကြမှာ မဟုတ်ပါဘူး” အလွန်ဆုံး ကွယ်ရာမှာ လှောင်ပြောင်ရယ်မောရုံသာ ရှိပေမည်။ ချောင်မိဖုရားခေါင်ကို မျက်နှာချင်းဆိုင် စကားနာထိုးရဲသူမှာ မုန့်ဖေး တစ်ယောက်သာ ရှိလေသည်။
ချောင်မိဖုရားခေါင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ “ပန်ကုံးက စိတ်မဖြေနိုင်စရာ မရှိပါဘူး။ ဒီလောက် အသက်အရွယ် ရောက်နေပြီ။ မြေးတွေတောင် ရနေပြီ။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရတာ မရတာ ပန်ကုံး ဂရုမစိုက်တော့ဘူး”
သို့သော် ဇနီးမောင်နှံ သံယောဇဉ်သည် ဤအခြေအနေသို့ ရောက်ရှိသွားခြင်းက သူမကို စိတ်နှလုံး နာကျင်ရစေသည်။
ဒီလို သူတောင်းစားကို ပေးကမ်းသလို ပေးကမ်းသည့် မေတ္တာမျိုးကို သူမ လုံးဝ မလိုချင်ပေ။
...
ကျောင်းဖန်နန်းဆောင်မှ လှုပ်ရှားမှုများသည် မကြာမီ အရှေ့နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
လုမင်ယွိသည် မျက်ခုံးကျုံ့လိုက်ပြီး တိတ်ဆိတ်စွာ သက်ပြင်းချလိုက်လေသည်။
ချီယွင်ကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလေသည်။ “အရှင်မင်းကြီးက ဟွမ်ဟုပ်ညန်ညန်ကို နည်းနည်းလေးမှ မျက်နှာသာ မပေးတော့ဘူး။ ဟွမ်ဟုပ်ညန်ညန်က စိတ်ကောက်ပြီး ဒေါသထွက်တဲ့စကား ပြောမိတာကို အရှင်မင်းကြီးက အလိုက်သင့်လေး ပြန်ချော့လိုက်ရင် ပြီးသွားမယ့်ကိစ္စပဲ။ ဘယ်လိုလုပ် တကယ်ကြီး ထွက်သွားပြီး ယန်ရှီးနန်းဆောင်ကို သွားရတာလဲ”
ဒါက ဟွမ်ဟုပ်ညန်ညန်ရဲ့ ပါးကို ရိုက်လိုက်တာနဲ့ ဘာများ ကွာခြားလို့လဲ။
လုမင်ယွိသည် တိတ်ဆိတ်နေလိုက်သည်။
ဇနီးမောင်နှံ ဆိုသည်မှာ အရင်းနှီးဆုံးလည်း ဖြစ်သလို သူစိမ်းသက်သက်လည်း ဖြစ်နိုင်သည် ဟူသော စကားမှာ မှားယွင်းခြင်း မရှိပေ။ ချစ်ခင်ရင်းနှီးချိန်တွင် ဇနီးမောင်နှံသည် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြပြီး စိတ်ချင်းဆက်နွယ်ကာ မခွဲမခွာ ရှိကြသည်။ စိတ်သဘောထား ကွဲလွဲသွားချိန်တွင်မူ အတူတူ အိပ်စက်ဖို့ မဆိုထားနှင့် မျက်နှာချင်းဆိုင် ကြည့်ရသည်ကိုပင် ရွံရှာမုန်းတီးတတ်ကြသည်။
ယခင်ဘဝက သူမနှင့် လီဟောက်တို့ကဲ့သို့ပင်။ နှစ်အနည်းငယ်အတွင်း ချစ်ခင်စုံမက်သော ဇနီးမောင်နှံဘဝမှ ရန်သူများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံး သူ သေဆုံးချိန်တွင် သူမသည် မျက်ရည်တစ်စက်မျှပင် မကျခဲ့ပေ။ သူက ထီးနန်းကို လီချန်အား လွှဲပြောင်းပေးခဲ့ကြောင်း သိလိုက်ရချိန်တွင် သူမသည် သူ့အလောင်းကို အခေါင်းထဲမှ ဆွဲထုတ်ပြီး ကြိမ်ဒဏ်ပေးကာ နောက်တစ်ကြိမ် ထပ်သေအောင် သတ်ချင်စိတ် ပေါက်ခဲ့မိသည်။
ချောင်မိဖုရားခေါင်နှင့် ယုံးကျားဧကရာဇ်တို့သည်လည်း နောက်ဆုံးတွင် မျက်နှာချင်းဆိုင် တွေ့ရသည်ကို မုန်းတီးသည့် အဆင့်သို့ ရောက်ရှိသွားကြလေပြီ။
“အရှင်မင်းသားက လက်အောက်ငယ်သားတွေနဲ့ အစည်းအဝေး လုပ်နေတာ ဘယ်အချိန်မှ ပြီးမလဲ မသိဘူး” ချီယွင်၏ အသံက နားထဲသို့ တိုးဝင်လာခဲ့သည်။ “ညန်ညန်က သခင်လေးနှစ်ယောက်ကို ခေါ်ပြီး ကျောင်းဖန်နန်းဆောင်ကို အရင် သွားနှင့်မလား”
လုမင်ယွိသည် သတိပြန်ဝင်လာခဲ့သည်။ “ကောင်းပြီ။ ငါတို့ အခုပဲ သွားကြမယ်”
လုမင်ယွိသည် သားနှင့်သမီးကို ခေါ်ဆောင်လျက် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာခဲ့သည်။
ချောင်မိဖုရားခေါင်၏ မျက်နှာထက်တွင် အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ပြုံးရွှင်စွာဖြင့် မြေးတော်နှစ်ယောက်၏ လက်ကို ဆွဲကာ ညစာစားရန် ခေါ်သွားလေသည်။
လုမင်ယွိသည်လည်း ယုံးကျားဧကရာဇ်အကြောင်း တစ်လုံးမှ မဟဘဲ ပြုံးရွှင်စွာဖြင့် ချောင်မိဖုရားခေါင်နှင့် စကားစမြည် ပြောဆိုရင်း အချိန်ဖြုန်းနေလိုက်သည်။ ထို့နောက် သဘာဝကျကျပင် ကျင့်အန်းကုန်းကျူ၏ မင်္ဂလာကိစ္စကို ပြောဆိုလာခဲ့သည်။
ချောင်မိဖုရားခေါင်က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်လေသည်။ “ပန်ကုံးက မုန့်ဖေးရဲ့ မောက်မာတဲ့ အပြုအမူတွေကို မကြိုက်ပေမယ့် ကျင့်အန်းကတော့ နူးညံ့သိမ်မွေ့ပြီး စကားနည်းတဲ့ ချစ်စရာ ကလေးမလေးပါ။ ဒီနှစ်တွေမှာ မုန့်ဖေးက သူ့အတွက် လက်ဖွဲ့ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ပန်ကုံးက တရားဝင် မိခင် ဖြစ်တဲ့အတွက် ကိုယ်ချင်းစာတရားကို ပြသတဲ့အနေနဲ့ လက်ဖွဲ့ ၁၀ ခု ထပ်ထည့်ပေးလိုက်မယ်”
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ “ကျွန်မကတော့ မူဟုပ်ထက် နည်းနည်း လျှော့ပြီး ၈ ခုပဲ ထည့်ပေးလိုက်တော့မယ်”
ချောင်မိဖုရားခေါင်သည် အဓိပ္ပာယ်ပါသော စကားတစ်ခွန်းကို ပြောလိုက်လေသည်။ “ကျင့်အန်းကုန်းကျူ လက်ထပ်ပြီးသွားရင် ဖုမာနဲ့အတူ အေးအေးချမ်းချမ်း နေသွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”
လုမင်ယွိသည် ညင်သာစွာ ပြုံးလိုက်သည်။
လူ့စိတ်ကို ခန့်မှန်းရ ခက်ခဲလှသည်။
ဘယ်သူက ဘယ်တော့မှ မပြောင်းလဲဘူးလို့ အာမခံနိုင်မှာလဲ။ သူမကိုယ်တိုင်တောင် နောင်နှစ်အနည်းငယ် ကြာရင် ဘယ်လိုပုံစံ ပြောင်းလဲသွားမလဲဆိုတာ အာမခံရဲတာ မဟုတ်ဘူး။
ချောင်မိဖုရားခေါင်သည် စကားပြောပြီးနောက် မှားယွင်းသွားမှန်း သိလိုက်ရသဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ “ပန်ကုံးက လျှောက်ပြောလိုက်တာပါ။ စိတ်ထဲ ထားမနေပါနဲ့”
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ “မူဟုပ်ရဲ့ စိတ်သဘောထားက အရင်ကထက် ပိုပြီး ပွင့်လင်းလာတာပဲ။ အာရှီက အစတုန်းက နည်းနည်း စိတ်ပူနေတာ။ အခုတော့ စိတ်ချသွားပါပြီ”
တချို့ကိစ္စများသည် စိတ်ထဲတွင် သိနေလျှင် ပြီးပြီ။ ရှင်းလင်းအောင် ထုတ်ပြောနေစရာ မလိုပေ။ ဤသည်မှာ ချောင်မိဖုရားခေါင်အတွက် မျက်နှာသာ ပေးရာလည်း ရောက်လေသည်။
ချောင်မိဖုရားခေါင်ကလည်း ထိုအကြောင်းကို ဆက်မပြောလိုသဖြင့် စကားလမ်းကြောင်း လွှဲလိုက်တော့၏။
ညစာစားချိန်တွင် လီကျင့်သည် အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်ယွမ်ကို စေလွှတ်ကာ သတင်းစကား ပါးလိုက်သည်။ ဒီည အရှေ့နန်းဆောင်မှ အရာရှိများနှင့်အတူ ညစာစားမည် ဖြစ်သဖြင့် လာတော့မည် မဟုတ်ကြောင်း ပြောကြားလိုက်ခြင်းပင်။
ချောင်မိဖုရားခေါင်သည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး လုမင်ယွိကို ပြောလိုက်လေသည်။ “သူ အလုပ်ရှုပ်နေတာ ထားလိုက်တော့။ ငါတို့ပဲ ကလေးတွေကို ခေါ်ပြီး ညစာ စားကြတာပေါ့”
လုမင်ယွိလည်း ပြုံးကာ လက်ခံလိုက်လေသည်။
ညစာစားပြီးနောက် လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အရှေ့နန်းဆောင်သို့ ပြန်လာခဲ့၏။ ကလေးများ အိပ်ပျော်သွားချိန်မှသာ လီကျင့် ပြန်ရောက်လာခဲ့သည်။ သူ့ကိုယ်ပေါ်တွင် သင်းပျံ့သော အရက်နံ့ ရနေသေးသည်။
လုမင်ယွိသည် အမူးပြေဆေးရည် ပို့ပေးလေ့မရှိသဖြင့် လီကျင့်ကို မျက်လုံးဖြင့်သာ အချက်ပြလိုက်သည်။
သစ္စာရှိသော ရှောင်ယွမ်ကုန်းကုန်းသည် ကြည့်မနေနိုင်တော့ဘဲ အမူးပြေဆေးရည်ကို ချက်ချင်း ယူလာကာ သခင်ဖြစ်သူ၏ လက်နားသို့ အရောက်ပို့ပေးလိုက်သည်။ ပြီးလျှင် ထိုက်ဇီဖေးကို တစ်ချက် အကဲခတ် ကြည့်လိုက်သေးသည်။
ကံဆိုးစွာပင် ထိုက်ဇီဖေးသည် လုံးဝ ဂရုမစိုက်ပေ။
လီကျင့်က ပြုံးကာ အမိန့်ပေးလိုက်လေသည်။ “ဒီမှာ မင်း ပြုစုပေးစရာ မလိုတော့ဘူး။ အရင် ထွက်သွားတော့”
ထိုအခါမှ ရှောင်ယွမ်ကုန်းကုန်းသည် နောက်ဆုတ် ထွက်ခွာသွားတော့သည်။
လုမင်ယွိသည် ပြုံးကာ မျက်ခုံးပင့်လိုက်ပြီး “ရှောင်ယွမ်က စိတ်ထဲမှာ တွေးနေလောက်တယ်။ ကျွန်မလို ထိုက်ဇီဖေးက လိမ်မာသိတတ်မှု မရှိဘူးလို့”
လီကျင့်သည် ဟားတိုက် ရယ်မောလိုက်ပြီး လုမင်ယွိကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းလိုက်လေသည်။ “လိမ်မာတာ မလိမ်မာတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ထိုက်ဇီက ဒီလို ထိုက်ဇီဖေးမျိုးကို ကြိုက်တာပဲ”
...
အပိုင်း (၄၇၀) မင်္ဂလာပွဲကြီး (၁)
၄လတာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
၉ လပိုင်း ၂၀ ရက်နေ့တွင် ကောင်းကင်သည် ပြာလဲ့ပြီး ဆောင်းဦးလေပြေက အေးမြနေကာ နေရောင်ခြည် တောက်ပနေလေသည်။ မင်္ဂလာကိစ္စ ဆောင်ရွက်ရန် အကောင်းဆုံး နေ့ရက်ပင်။
သည်နေ့သည် ၁၈ နှစ်အရွယ် ကျင့်အန်းကုန်းကျူ၏ မင်္ဂလာပွဲနေ့ ဖြစ်လေသည်။
ကျင့်အန်းကုန်းကျူ၏ အိမ်တော်သည် ဟွေ့အန်းကုန်းကျူ အိမ်တော်၏ ဘေးကပ်လျက်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သော်လည်း ဒီနှစ်မှ အထူးတလည် ပြုပြင်မွမ်းမံပြီး ကျင့်အန်းကုန်းကျူ၏ စိတ်ကြိုက်အတိုင်း သပ်ရပ်သန့်ရှင်းစွာ ပြင်ဆင်ထားလေသည်။
သာမန်အိမ်များတွင် မင်္ဂလာဆောင်လျှင် သတို့သားလောင်းက သတို့သမီးကို ပျော်ရွှင်စွာဖြင့် မောင်းတီးခတ်ကာ သွားရောက်ကြိုဆိုပြီး အိမ်သို့ ခေါ်ဆောင်ကာ မင်္ဂလာဦးကန်တော့ပွဲ ပြုလုပ်လေ့ရှိကြသည်။ သို့သော် နန်းတော်မှ မင်းသမီးများအတွက်တော့ ပြောင်းပြန်ဖြစ်လေသည်။ ဓလေးထုံးတမ်း ဝန်ကြီးဌာနမှ လူများက သတို့သားလောင်း (ဖုမာ) ကို ကုန်းကျူအိမ်တော်သို့ ကြိုဆိုပို့ဆောင်ပေးပြီး မင်္ဂလာဦးကန်တော့ပွဲ ပြုလုပ်ရလေသည်။
ရုပ်ရည်ချောမောသော ကောင်းဖုမာသည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ ထွက်ပေါ်လာသည်နှင့် လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။
ထိုအထဲတွင် ပထမမင်းသား ဇနီးမောင်နှံ၊ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော တတိယမင်းသား ဇနီးမောင်နှံ၊ စတုတ္ထမင်းသား ဇနီးမောင်နှံနှင့် ပဉ္စမမင်းသားတို့ ပါဝင်ကြသည်။ အပွင့်လင်းဆုံးနှင့် အတင့်ရဲဆုံးမှာ ဟွေ့အန်းကုန်းကျူပင်။
ဟွေ့အန်းကုန်းကျူသည် မျက်လုံးဝေ့ဝဲကြည့်လိုက်ပြီး သေချာ အကဲခတ်လိုက်ရာ ကောင်းဖုမာ၏ ချောမောသော မျက်နှာလေးသည် သူဝတ်ဆင်ထားသော အနီရောင် ဝတ်စုံထက်ပင် ပိုမို နီရဲလာတော့သည်။
စတုတ္ထမင်းသား ကြင်ရာတော် ကျောက်ယွီသည် တခစ်ခစ် ရယ်မောလိုက်ပြီး ဟွေ့အန်းကုန်းကျူ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်လေသည်။ “ကျွန်မရဲ့ ဟွမ်ကျဲရယ်... ကောင်းဖုမာကို စိုက်မကြည့်ပါနဲ့တော့။ ကြည့်ပါဦး။ ကောင်းဖုမာရဲ့ မျက်နှာက အနီရောင်ပိတ်စကြီးလို ဖြစ်နေပြီ”
ဟွေ့အန်းကုန်းကျူသည် မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ “ငါက ဒီနေ့ အခွင့်အရေးရတုန်း များများ ကြည့်ထားမလို့ပါ။ ဒီနေ့ကျော်သွားရင် ငါ သိပ်ကြည့်လို့မကောင်းတော့ဘူး။ တော်ကြာ ကျင့်အန်းဟွမ်မေ့ စိတ်ဆိုးနေဦးမယ်”
ထိုစကားကြောင့် လူတိုင်း တဟားဟား ရယ်မောလိုက်ကြတော့သည်။
ပထမမင်းသားကြင်ရာတော် က ရယ်မောကာ နောက်ပြောင်လိုက်လေသည်။ “ဟွမ်ကျဲက ကောင်းဖုမာကိုပဲ ကြည့်မနေဘဲ ဝူဖုမာကိုလည်း ကြည့်ပါဦး။ မဟုတ်ရင် ကျင့်အန်းထက် အရင် ဝူဖုမာက စိတ်ကောက်နေဦးမယ်”
ဝူဖုမာသည် သဘောကောင်းသူ ဖြစ်ပြီး ဟာသဉာဏ်ရွှင်သူ ဖြစ်ရာ ချက်ချင်းပင် ဝမ်းနည်းပက်လက် မျက်နှာထား လုပ်ပြလိုက်လေသည်။ “လင်မယား ဖြစ်လာတာ ဒီလောက်ကြာပြီ။ ကျွန်တော် ဘယ်လောက်ပဲ ချောချော ကုန်းကျူရဲ့ မျက်လုံးထဲမှာတော့ ဝါးပြီးသား မုန်ညှင်းရွက်ခြောက်ကြီးလို ဖြစ်နေပြီလေ။ ကုန်းကျူက ဘယ်လိုလုပ် ထပ်ကြည့်ချင်စိတ် ရှိတော့မှာလဲ”
လူတိုင်း ရယ်မောလွန်းသဖြင့် ခါးပင် ကွေးသွားကြတော့သည်။
တတိယမင်းသား လီဟောက်သည်ပင်လျှင် မျက်ခုံးများ ပြေလျော့သွားပြီး မျက်ဝန်းနက်များထဲတွင် အပြုံးရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
လီဟောက်သည် လူရှေ့သို့ မထွက်သည်မှာ နှစ်ဝက်ခန့် ရှိနေလေပြီ။ အိမ်တော်ထဲတွင် တံခါးပိတ် ကျန်းမာရေး ဂရုစိုက်နေခဲ့ပြီး နန်းတော်ထဲသို့လည်း မဝင်သလို မည်သူ့ကိုမျှလည်း လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပေ။ ယုံးကျားဧကရာဇ်သည် မကြာခဏဆိုသလို လူလွှတ်ကာ တတိယမင်းသားအိမ်တော်သို့ သွားရောက်ကြည့်ရှုစေပြီး ထိုက်ဇီ လီကျင့်ကလည်း အားဆေးများ ပို့ပေးလေ့ရှိသည်။
လီဟောက်သည် လက်ဆောင်များကို လက်ခံရယူပြီးနောက် အရှေ့နန်းဆောင်သို့ လူလွှတ်ကာ ကျေးဇူးတင်စကား ပြန်ပြောလေ့ရှိသည်။ ညီအစ်ကိုနှစ်ယောက်သည် အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်နေသဖြင့် ပွဲကြည့်ချင်နေသူများအဖို့ စိတ်ပျက်စရာ ကောင်းနေတော့၏။
ပဉ္စမမင်းသား လီချန်သည်လည်း တတိယမင်းသားအိမ်တော်တွင် နေထိုင်လျက်ရှိပြီး လီဟောက် ကိုယ်တိုင် ညီဖြစ်သူကို စာပေနှင့် သိုင်းပညာ နေ့စဉ် သင်ကြားပေးလေသည်။ လီချန်သည် ဤနှစ်ဝက်အတွင်း အတော်အတန် တိုးတက်လာခဲ့ပြီး လူကောင်လည်း အနည်းငယ် ပိန်သွားကာ ယခင်ကကဲ့သို့ တုံးအသောပုံ မပေါက်တော့ဘဲ ကြည့်ရသည်မှာ အတော်လေး လန်းဆန်းတက်ကြွလာသည်ဟု ထင်ရသည်။
ယနေ့ ကျင့်အန်းကုန်းကျူ၏ မင်္ဂလာပွဲတွင် လီဟောက် ညီအစ်ကိုနှစ်ယောက်သည် နောက်ဆုံးတွင် အိမ်တော်မှ ထွက်ခွာလာပြီး လူရှေ့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လူအများသည် ပါးစပ်က ကောင်းဖုမာကို စနောက်နေကြသော်လည်း မျက်လုံးထောင့်များက လီဟောက်ကို အကဲခတ်နေကြ၏။
နောက်ဆုံးတွင် လူတိုင်း မျှော်လင့်စောင့်စားနေသော ဇာတ်လမ်းကောင်း စတင်လာခဲ့သည်။
“ထိုက်ဇီနဲ့ ထိုက်ဇီဖေး ကြွလာပါပြီ”
လူအားလုံးက စိတ်လှုပ်ရှားသွားကြပြီး မျက်လုံးထောင့်ဖြင့် ခိုးကြည့်စရာ မလိုတော့ဘဲ လီဟောက် မည်သို့ တုံ့ပြန်မည်ကို ပေါ်တင်ကြည့်ရှုကြတော့သည်။
လီဟောက်၏ မျက်နှာထားသည် ပုံမှန်အတိုင်းပင် ဖြစ်ပြီး ပြုံးကာ ပြောလိုက်လေသည်။ “အာ့ကောနဲ့ အာ့စောင် ရောက်လာပြီ။ ကျွန်တော်တို့ အတူတူ သွားကြိုကြရအောင်”
ပထမမင်းသား၏ မျက်လုံးများ အရောင်လက်သွားပြီး မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြောလိုက်လေသည်။ “ခဏနေ ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို တွေ့ရင် မင်း စိတ်ထိန်းထားနော်။ ပြဿနာ မဖြစ်စေနဲ့”
သွေးထိုးလိုစိတ်ကို အထင်းသား မြင်နေရ၏။
ပထမမင်းသားကြင်ရာတော်က အလျင်အမြန်ပင် ဝင်ရောက် ဖြေရှင်းလိုက်ရသည်။ “ဒီနေ့က ညီမတော် ကျင့်အန်းရဲ့ မင်္ဂလာရက်မြတ်လေ။ ထိုက်ဇီနဲ့ ထိုက်ဇီဖေး ကိုယ်တိုင် ကြွရောက်လာတာက စည်ကားသိုက်မြိုက်ပြီး မင်္ဂလာရှိတဲ့ ကိစ္စပါပဲ။ စန်းတိက အမြဲတမ်း သဘောထားကြီးပြီး နားလည်တတ်တဲ့သူပါ။ ဘယ်လိုလုပ် စိတ်မချမ်းမြေ့စရာ ကိစ္စမျိုး ဖြစ်လာမှာလဲ။ အရှင်မင်းသားက စိုးရိမ်လွန်းနေပါပြီ”
လီဟောက်၏ စိတ်နေသဘောထားသည် ယခင်ကထက် ပိုမို နက်ရှိုင်းလာခဲ့ရာ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မပေါ်လွင်ဘဲ ပြုံးကာ ပြောလိုက်လေသည်။ “သာ့စောင်က ဒီလောက် ချီးကျူးနေမှတော့ ကျွန်တော်တောင် ရှက်လာပြီ။ ဒါပေမဲ့ သာ့စောင် ပြောတာ မှန်ပါတယ်။ ဒီနေ့က ညီမတော် ကျင့်အန်းရဲ့ နေ့ထူးနေ့မြတ်ပါ။ ကျွန်တော်က ဂုဏ်ပြုဖို့ လာခဲ့တာပါ။ ပြီးတော့ ကျွန်တော်က အာ့ကောနဲ့ အာ့စောင်အပေါ် လေးစားမှုပဲ ရှိပါတယ်။ မကျေနပ်ချက် နည်းနည်းလေးမှ မရှိပါဘူး။ စိတ်မချမ်းမြေ့စရာ ဆိုတာ ဘယ်ကနေ ရောက်လာမှာလဲ”
ဟန်ဆောင်ကောင်းလိုက်တာ။
ပထမမင်းသားသည် စိတ်ထဲတွင် အကြိမ်ကြိမ် အေးစက်စွာ ရယ်မောလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ ဝမ်းမြောက်ဝမ်းသာ အပြုံးကို ဖော်ဆောင်ထားလိုက်လေသည်။ “မင်း ဒီလို တွေးနိုင်ရင် အကောင်းဆုံးပါပဲ”
စတုတ္ထမင်းသားသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးရွှင်စွာ တိုက်တွန်းလိုက်လေသည်။ “ကဲ... အားလုံး ဒီမှာ အချိန်ဖြုန်းမနေကြနဲ့တော့။ အာ့ကောနဲ့ အာ့စောင်ကို အမြန် သွားကြိုကြရအောင်”
...
သည်လပိုင်းအတွင်းတွင် ထိုက်ဇီ လီကျင့်၏ နန်းတွင်းဘဝသည် အမှန်တကယ် မလွယ်ကူလှပေ။
ယုံးကျားဧကရာဇ်သည် တော်ဝင်သင်္ချိုင်းဂူ တည်ဆောက်ရေး တာဝန်ကို ထိုက်ဇီအား ပေးအပ်ခဲ့သည်။ နိုင်ငံတော် ဘဏ္ဍာတိုက်တွင် ငွေကြေးပြတ်လပ်နေချိန်တွင် တော်ဝင်သင်္ချိုင်းဂူ တည်ဆောက်ခြင်းသည် ပင်ပန်းပြီး ကျေးဇူးတင်မခံရသော အလုပ်တစ်ခု ဖြစ်ပေသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးချုပ်ကောင်းသည် တော်ဝင်သင်္ချိုင်းဂူ တည်ဆောက်ရန် ငွေမရှိကြောင်း တိုက်ရိုက် မပြောရဲသဖြင့် အချိန်ဆွဲသည့် နည်းဗျူဟာကိုသာ အသုံးပြုနေရသည်။ တော်ဝင်သင်္ချိုင်းဂူ တည်ဆောက်မှု လုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေသဖြင့် ယုံးကျားဧကရာဇ်သည် စိတ်မကျေမနပ် ဖြစ်ကာ ထိုက်ဇီ အလုပ်တာဝန် ထမ်းဆောင်မှု မကောင်းကြောင်း ပြစ်တင်ဝေဖန်လေ့ရှိသည်။
အတိုချုပ် ပြောရလျှင် နှစ်ဖက်ညှပ်ပြီး အဆူခံရသော ဤအလုပ်သည် တကယ်ပင် မလွယ်ကူလှပေ။
ကံကောင်းသည်မှာ ဤအရာများသည် အရေကြီးသည့် အခြေအနေကို မထိခိုက်စေခြင်းပင်။
နန်းတွင်းတွင် ရှင်းယန်ဝမ်နှင့် ချောင်ကောလောင်တို့ ရှိနေပြီး အရပ်ဘက်နှင့် စစ်ဘက် နှစ်ဖက်စလုံးတွင် ထိုက်ဇီ၏ အမာခံ ထောက်ခံသူများ ဖြစ်ကြသည်။ နန်းတွင်း၌ ထိုက်ဇီ၏ အာဏာစက်သည် ကြီးမားသော ထိခိုက်မှု မရှိဘဲ အိမ်ရှေ့စံ နေရာသည် ကျောက်ဆောင်ပမာ ခိုင်မြဲနေဆဲပင်။
ယနေ့ ကျင့်အန်းကုန်းကျူ၏ မင်္ဂလာပွဲသို့ ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ ကိုယ်တိုင် မလာရောက်နိုင်သဖြင့် လက်ဆောင်ပစ္စည်းများစွာ ပေးပို့လိုက်လေသည်။ ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ အတူတကွ ရောက်ရှိလာခြင်းသည် ကျင့်အန်းကုန်းကျူအတွက် မျက်နှာပန်းလှစေသည်။
မင်းသားများနှင့် ကြင်ရာတော်များသည် အတွင်းခန်းမမှ ထွက်လာပြီး မကြာမီမှာပင် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ကြလေသည်။ အားလုံးက လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်ကြသည်။ “ထိုက်ဇီကို ဂါရဝပြုပါတယ်... ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်”
ဤသည်မှာ အရှင်သခင်နှင့် လက်အောက်ငယ်သားတို့၏ ဂါရဝပြုခြင်း ဖြစ်သည်။
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ “အမြန် ထကြပါ”
အားလုံး မတ်တပ်ရပ်ပြီးနောက် မိသားစုဝင်အချင်းချင်း နှုတ်ဆက်ကြပြန်သည်။ လီကျင့်၏ မျက်လုံးများသည် လီဟောက်၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွားပြီး ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။ “နှစ်ဝက်လောက် မတွေ့ရတာ စန်းတိ နည်းနည်း ပိန်သွားသလိုပဲ။ ဒါပေမဲ့ ကြည့်ရတာတော့ လန်းဆန်းတက်ကြွနေတာပဲ။ အာ့ကော မြင်ရတာ စိတ်ချမ်းသာပါတယ်”
လီဟောက်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေသည်။ “ကျွန်တော် အိမ်တော်ထဲမှာ နှစ်ဝက်လောက် အနားယူနေတုန်း အာ့ကောက လူလွှတ်ပြီး မကြာခဏ လာကြည့်ပေးသလို အားဆေးတွေလည်း အများကြီး ပို့ပေးခဲ့တယ်။ အာ့ကောက ကျွန်တော့်အပေါ် ဘယ်လောက် ဂရုစိုက်လဲ ဆိုတာ သိသာပါတယ်။ ဒီနေ့ အာ့ကောကို သေချာ ကျေးဇူးတင်ရဦးမယ်”
လီကျင့်သည် ပြုံးလျက် လီဟောက်၏ ပခုံးကို ပုတ်လိုက်လေသည်။ “ငါတို့က ညီအစ်ကိုအရင်းတွေပဲလေ။ ဒီလိုစကားတွေ ပြောနေတာ စိမ်းလွန်းမနေဘူးလား။ မင်း အခု နေကောင်းသွားပြီဆိုတော့ မနက်ဖြန် နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို သွားတွေ့လိုက်ဦး။ ဖုဟွမ်က မင်းကို အမြဲတမ်း သတိရနေတာ”
လီဟောက်က ပြုံးကာ ပြန်ပြောလိုက်၏။ “မနက်ဖြန် ကျွန်တော် စောစောစီးစီး နန်းတော်ထဲ ဝင်လိုက်ပါ့မယ်”
ညီအစ်ကို မောင်နှမများ ချစ်ခင်ကြသည်မှာ ကြည်နူးစရာ ကောင်းလှပေသည်။
ဟွန်း!
ပထမမင်းသား၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ပါးစပ်ကတော့ ပြုံးကာ ပြောလိုက်လေသည်။ “အာ့တိနဲ့ စန်းတိတို့ ပြန်ပြီး အဆင်ပြေသွားတာကို မြင်ရတော့ အစ်ကိုကြီးအနေနဲ့ ဝမ်းသာမိပါတယ်”
စတုတ္ထမင်းသားသည် ဟားတိုက် ရယ်မောလိုက်ပြီး လီကျင့်ကို ရင်းနှီးစွာ ဆွဲကာ ပြောလိုက်လေသည်။ “ဒီနေ့က တကယ်ပဲ နေ့ထူးနေ့မြတ်ပါပဲ။ လာကြ... အားလုံး မင်္ဂလာခန်းမထဲ ဝင်ပြီး ဟွမ်မေ့(ညီမတော်)နဲ့ ဖုမာတို့ ကန်တော့ပွဲလုပ်တာ စောင့်ကြည့်ကြတာပေါ့”
ပြီးခဲ့သောနှစ် မြို့တော်သို့ အတူပြန်လာကတည်းက လီကျင့်နှင့် စတုတ္ထမင်းသားတို့သည် ပိုမို ရင်းနှီးလာခဲ့ကြသည်။ ဤနှစ်ဝက်အတွင်း အသွားအလာ ပိုမို များပြားလာခဲ့သည်။
လီကျင့်သည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး စတုတ္ထမင်းသားနှင့်အတူ ရှေ့မှ ဦးဆောင်သွားလိုက်လေသည်။
အခြားတစ်ဖက်တွင်လည်း မင်းသားကြင်ရာတော်များသည် ထိုက်ဇီဖေး လုမင်ယွိကို ခြံရံလျက် မင်္ဂလာခန်းမထဲသို့ ဝင်ရောက်လာကြသည်။ လူတိုင်းက စကားပြော ရယ်မောနေကြပြီး ဆူညံပွက်လောရိုက်နေလေသည်။ လုမင်ယွိသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် နားထောင်နေလိုက်သည်။
လီဟောက်သည် မျက်လုံးဝေ့ဝဲကြည့်လိုက်ရာ လုမင်ယွိ၏ ရဲရင့်ပြတ်သားပြီး အေးစက်လှပသော မျက်နှာလေးကို တွေ့လိုက်ရ၏။
လုမင်ယွိသည် တစ်စုံတစ်ရာကို သတိထားမိလိုက်သကဲ့သို့ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ လီဟောက်နှင့် အကြည့်ချင်း ဆုံသွားလေသည်။
နှစ်ယောက်သားက အပြန်အလှန် ကြည့်လိုက်ကြသည်။
ခဏတာအတွင်း ရင်ထဲ၌ အလွန် ပြင်းထန်သော ခံစားချက်များ စီးဆင်းသွားသည်ကို မည်သူမျှ မသိနိုင်ပေ။ နောက်ဆုံးတွင် အကြည့်ချင်း ဆုံလိုက်ကြသော်လည်း လှိုင်းလေငြိမ်သက်နေပြီး အေးချမ်းနေလေသည်။
...
အပိုင်း (၄၇၁) မင်္ဂလာပွဲကြီး (၂)
“ဖုမာနဲ့ ကုန်းကျူ မိုးမြေကန်တော့မယ်”
အခမ်းအနားမှူးအဖြစ် တာဝန်ယူထားသည့် ဝန်ကြီးလော်၏ အသံသည် တည်ငြိမ်လေးနက်စွာ ထွက်ပေါ်လာလေသည်။
မင်္ဂလာဝတ်စုံကို ဆင်မြန်းထားသော ကောင်းဖုမာ၏ ဘေးတွင် အနီရောင် သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်အန်းကုန်းကျူ ရပ်နေ၏။ ကျင့်အန်းကုန်းကျူသည် ထူထဲသော မျက်နှာဖုံးပဝါနီအောက်တွင် ကျစ်လျစ်လှပသော ကိုယ်နေဟန်ထားဖြင့် ကျက်သရေရှိလှပေသည်။
သတို့သားနှင့် သတို့သမီး အစုံသည် မိုးမြေကို ကန်တော့ကြပြီးနောက် မိဘများကို ကန်တော့ကြကာ နောက်ဆုံးတွင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်၍ ဦးညွှတ်အရိုအသေ ပြုလိုက်ကြလေသည်။
တစ်ဦးနှင့်တစ်ဦး အရိုအသေပြုကြသည့် အချိန်တွင် ကောင်းဖုမာသည် စိတ်လှုပ်ရှားလွန်းသဖြင့် အလွန်အမင်း ကိုယ်ကိုကိုင်းညွှတ်လိုက်ရာ ခါးနာသွားမတတ်ပင် ဖြစ်သွားရှာသည်။ ပြန်အထတွင် ခါးကိုပင် ဆတ်ခနဲ ဖြစ်သွားမတတ် ယိမ်းယိုင်သွားလေ၏။
ခန်းမဆောင်တစ်ခုလုံးရှိ ဧည့်သည်များမှာ ထိုမြင်ကွင်းကြောင့် ပွဲကျသွားကြလေသည်။
အစနောက်သန်သော စတုတ္ထမင်းသားက ကောင်းဖုမာကို အမြန်ဝင်တွဲပေးလိုက်ပြီး ပြောလိုက်လေသည်။ “ဖုမာကလဲ သေချာရပ်ပါဦး။ ကန်တော့ရင်းနဲ့ လဲကျသွားရင် မနက်ဖြန်ကျ မြို့တော်တစ်ခုလုံး သတင်းပြန့်သွားတော့မှာ”
ကောင်းဖုမာသည် မျက်နှာတစ်ခုလုံး နီရဲသွားပြီး ကျေးဇူးတင်စကား အထပ်ထပ် ဆိုရှာသည်။
အနီရောင်ပဝါအောက်မှ ကျင့်အန်းကုန်းကျူသည်လည်း တိတ်တဆိတ် နှုတ်ခမ်းကိုကိုက်ကာ ပြုံးလိုက်မိလေသည်။
သတို့သားနှင့် သတို့သမီး မင်္ဂလာမောင်နှံသည် မင်္ဂလာခန်းဆောင်သို့ ဝင်ရောက်သွားကြလေသည်။ မိုးမချုပ်သေးသဖြင့် မင်္ဂလာဧည့်ခံပွဲ မစတင်သေးပေ။ အမျိုးသမီးအများစုသည် ပွဲကြည့်ရန်အတွက် မင်္ဂလာခန်းဆောင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာကြသည်။ မင်းသားကြင်ရာတော်များသာမက ဆွေမျိုးတော်စပ်သည့် အမျိုးသမီး အများအပြားလည်း ပါဝင်ကြသည်။
လူအများ၏ မြှောက်ပေးမှုကြားတွင် ကောင်းဖုမာသည် ကျင့်အန်းကုန်းကျူ၏ ခေါင်းမှ အနီရောင်ပဝါကို လှန်တင်လိုက်၏။
ကျင့်အန်းကုန်းကျူသည် ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦး မဟုတ်သော်ငြားလည်း သူမတွင် မင်းသမီးတစ်ပါး၏ ကျက်သရေရှိမှု၊ နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် ကြည်လင်သော မျက်ဝန်းများ ရှိလေရာ သူမတူအောင် ဆွဲဆောင်မှု ရှိနေပေသည်။
ကောင်းဖုမာသည် တစ်ချက်ကြည့်လိုက်မိရုံဖြင့် မျက်လွှာမချနိုင်အောင် ဖြစ်သွားရရှာ၏။
လူတိုင်းက ငယ်ရွယ်ချောမောသော ကောင်းဖုမာကို ဝိုင်းဝန်းစနောက်ကြတော့သည်။ “ကျင့်အန်းကုန်းကျူက အေးချမ်းတည်ငြိမ်ပြီး သိမ်မွေ့လှပလိုက်တာ။ ဖုမာ နေနေသာသာ ကျွန်မတို့တောင်မှ မျက်လုံးမခွာနိုင်အောင် ဖြစ်ရတယ်”
“ကောင်းဖုမာက ဘဝဆက်ဆက် ကုသိုလ်ထူးခဲ့လို့သာ ကုန်းကျူနဲ့ ဖူးစာဆုံရတာ။ နောက်ဆို ကုန်းကျူကို ကောင်းကောင်းမဆက်ဆံရင် အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန်တို့ အရေးယူစရာမလိုဘူး။ ကျွန်မက အရင်ဆုံး ဖုမာကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”
“ရှင်က ဒီကိစ္စကို ပူနေရသေးတယ်ပေါ့။ အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဖုမာပဲ။ အရာရာ ပြည့်စုံပြီးသားပါ”
ကောင်းဖုမာသည် ကြာကြာ တောင့်မခံနိုင်တော့ပေ။ မျက်နှာရဲရဲဖြင့် ကျင့်အန်းကုန်းကျူကို နှုတ်ဆက်စကား ဆိုလိုက်ရတော့သည်။ “ကုန်းကျူ ခဏလောက် စောင့်နေနော်။ ကျွန်တော် ထိုက်ဇီတို့နဲ့ စကားသွားပြောလိုက်ဦးမယ်”
ထို့နောက်တွင်တော့ ကောင်းဖုမာသည် ထွက်ပြေးသွားလေတော့သည်။
ပထမမင်းသား ကြင်ရာတော်က ရယ်မောလိုက်လေသည်။ “ဝူဖုမာကို မြင်ဖူးနေကျဆိုတော့ အခု ကောင်းဖုမာကို ကြည့်ရတာ တကယ့်ကို ရှက်တတ်တဲ့ လူပျိုလေးလိုပဲ”
ဟွေ့အန်းကုန်းကျူက ထိုစကားကို ကြားသည်နှင့် မကျေမနပ်ဖြစ်သွားပြီး ပြုံးကာ မျက်စောင်းထိုးလိုက်၏။ “နင် ပြောချင်တာက ငါ့ရဲ့ ဖုမာက မျက်နှာပြောင်တိုက်တယ်လို့ ပြောချင်တာလား”
လုမင်ယွိက ပြုံးရယ်လျက် ဝင်ပြောလိုက်သည်။ “သာမန်အချိန်ဆိုရင် ဝူဖုမာကို ကျွန်မတို့က တစ်လုံးတစ်ပါဒတောင် ပြောရဲတာ မဟုတ်ဘူး။ ဟွမ်ကျဲ စိတ်ဆိုးမှာလေ။ ဒီနေ့တော့ ဟွမ်ကျဲကိုယ်တိုင် ပြောတာဆိုတော့ ကျွန်မတို့ကို အပြစ်တင်လို့ မရတော့ဘူးနော်”
ဝူဖုမာနှင့် ဟွေ့အန်းကုန်းကျူတို့သည် ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး လက်ထပ်သည်မှာလည်း နှစ်အနည်းငယ် ကြာမြင့်ပြီဖြစ်ရာ နန်းတော်တွင်းသို့ ဝင်ထွက်သွားလာခြင်းမှာ အဆန်းမဟုတ်တော့ပေ။ ဟွေ့အန်းကုန်းကျူသည် ကြမ်းတမ်းခက်ထန်သည်ဟု ထင်ရသော်လည်း ကွယ်ရာတွင် ဝူဖုမာနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်လေသည်။ အခြားသူများက ဝူဖုမာအကြောင်း မကောင်းပြောလျှင် လုံးဝ သည်းခံမည် မဟုတ်ပေ။
ဟွေ့အန်းကုန်းကျူသည် မျက်လုံးပြူးပြရန် ပြင်လိုက်သော်လည်း မိမိကိုယ်တိုင်ပင် အောင့်မထားနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
လူတိုင်းကလည်း တဝါးဝါး ရယ်မောလိုက်ကြပြန်သည်။
ကျောက်ယွီက မုန့်ယွင်လော်ကို ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။ “စန်းစောင်က ဒီနေ့ ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ”
လီဟောက်သည် အိမ်တော်ထဲတွင် နေထိုင်ခဲ့သည်မှာ ဝက်လကျော် ရှိပြီဖြစ်သလို မုန့်ယွင်လော်သည်လည်း ဝက်လကျော်ကြာ အိမ်တော်ပြင်ပသို့ မထွက်ခဲ့ပေ။ ယနေ့ ပွဲတက်လာပြီးနောက်တွင် စကားတစ်ခွန်းမှ မပြောဆိုခဲ့ချေ။ ကျောက်ယွီက ထိုသို့ မေးလိုက်သည့်အခါ လူတိုင်း၏ အကြည့်များသည် သူတို့ဆီသို့ ရောက်ရှိလာကြသည်။
မုန့်ယွင်လော်က လုမင်ယွိကို ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ရန်လိုသည့် အရိပ်အယောင်များ ယှက်သန်းလာလေသည်။ “ထိုက်ဇီဖေး ရှိနေမှတော့ ဘယ်ကနေ ကျွန်မအလှည့် ရောက်လာမှာလဲ”
လာပြီ လာပြီ။
ပွဲကောင်း လာတော့မယ်။
လူတိုင်း၏ မျက်လုံးများ အရောင်တောက်သွားကြပြီး ပွဲကောင်းကြည့်လိုသည့် အကြည့်များ ဖြစ်ပေါ်လာကြသည်။
ထိုက်ဇီနှင့် တတိယမင်းသားတို့သည် အပေါ်ယံတွင် သင့်မြတ်ဟန်ဆောင်ထားသော်လည်း ကွယ်ရာတွင် မည်သို့ရှိကြောင်း အားလုံးက သိကြလေသည်။ ယခုလို အမျိုးသမီးများ စုဝေးရာနေရာသို့ ရောက်သောအခါ တစ်ယောက်နှင့်တစ်ယောက် အားရပါးရ ဆွဲဖြဲကြသည်မှာ သဘာဝပင်။ မျက်နှာပျက်စရာ ဖြစ်လာမှသာ ပွဲစည်မည် မဟုတ်ပါလား။
ပုံမှန်အားဖြင့် တင်းမာခက်ထန်လေ့ရှိသော လုမင်ယွိသည် ယနေ့တွင် ပြန်လည်ရန်တွေ့ခြင်း မပြုဘဲ ထိုက်ဇီဖေး တစ်ယောက်၏ တည်ငြိမ်သော အရှိန်အဝါဖြင့် ပြန်ပြောလိုက်၏။ “စန်းတိမေ့ ပြောချင်တာရှိရင် ပြောလေ”
မုန့်ယွင်လော်၏ စိတ်ထဲတွင် ကျေနပ်အားရသွားပြီး အခွင့်ကောင်းယူကာ ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် လီဟောက်၏ မှာကြားချက်ကို ရုတ်တရက် သတိရသွားသည်။
လူရှေ့သူရှေ့မှာ ထိုက်ဇီဖေးနဲ့ ပြဿနာမဖြစ်စေနဲ့။ ကိစ္စတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သည်းခံတဲ့ ပုံစံမျိုးကိုပဲ ပြရမယ်။ ဒီလိုလုပ်ရတာ မင်းအတွက် ဝမ်းနည်းစရာကောင်းတယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ငါတို့က အရှေ့နန်းဆောင်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ ငါတို့က ခေါင်းငုံ့ပြီး သည်းခံလေလေ ဖုဟွမ်က ငါတို့ကို သနားလေလေ ဖြစ်ပြီး အရှေ့နန်းဆောင်ကို ပိုပြီး မကျေမနပ် ဖြစ်လာလိမ့်မယ်
ဤလဝက်တာ ကာလအတွင်းတွင် လီဟောက်သည် အိမ်ပြင်မထွက်ဘဲ သူမနှင့် ကလေးကိုသာ တစ်နေ့ကုန် အဖော်ပြုပေးခဲ့သဖြင့် လင်မယား သံယောဇဉ်သည် တစ်နေ့တခြား တိုးပွားလာခဲ့သည်။
သူမ၏ စိတ်ထဲတွင် ရှိခဲ့ဖူးသော မကျေနပ်ချက်များ၊ မနာလိုဝန်တိုမှုများသည်လည်း လွင့်ပျယ်သွားခဲ့ပြီ။
လီဟောက်အတွက်ဆိုလျှင် ဤမျှလောက် ဝမ်းနည်းရခြင်းက ဘာအရေးဖြစ်ပါသနည်း။
မုန့်ယွင်လော်သည် နှုတ်ခမ်းဖျားသို့ ရောက်လာသော စကားများကို ပြန်မျိုချလိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းလိုက်လေသည်။ “ဒီနေ့က ကျင့်အန်းဟွမ်မေ့ရဲ့ မင်္ဂလာနေ့ရက်ဆိုတော့ ကျွန်မ လက်ထပ်တုန်းက အချိန်ကို သတိရသွားလို့ပါ။ အဲဒါကြောင့် စကားမပြောမိတာပါ။ တမင်တကာ ပါးစပ်ပိတ်ထားတာ မဟုတ်ပါဘူး”
လုမင်ယွိက အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြတော့သည်။
ဒီရန်ဘက်နှစ်ယောက်က ဒီနေ့ ဘာဖြစ်နေကြတာလဲ။
ယမ်းငွေ့နံ့လေး ရရုံရှိသေးတယ် ဘာလို့ ရုတ်တရက် အလံဖြူထောင်သွားကြတာလဲ။
သတို့သမီး ကျင့်အန်းကုန်းကျူ တစ်ယောက်သာ သက်ပြင်းချနိုင်တော့သည်။ ယနေ့သည် သူမ၏ မင်္ဂလာနေ့ရက် ဖြစ်လေရာ ထိုက်ဇီဖေးနှင့် တတိယမင်းသားကြင်ရာတော်တို့သာ ဤနေရာတွင် ရန်ဖြစ်ကြပါက သူမအနေဖြင့် မည်သို့ ဖြေရှင်းနိုင်ပါမည်နည်း။
...
မင်္ဂလာဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ သတို့သားနှင့် သတို့သမီး အစုံသည် မင်္ဂလာခန်းဆောင်သို့ ဝင်ရောက်သွားကြပြီး ဧည့်ပရိသတ်များသည်လည်း အသီးသီး ပြန်လည် ထွက်ခွာသွားကြလေသည်။
ပထမမင်းသား ကြင်ရာတော်သည် နောက်ဆုံးအချိန်ထိ နေခဲ့ပြီး သန်းခေါင်ယံအချိန် နီးကပ်မှသာ ပထမမင်းသားနှင့်အတူ အိမ်တော်သို့ ပြန်လာခဲ့လေသည်။ လမ်းခရီးမှာ တိုတောင်းလှပြီး မြင်းလှည်းပေါ်သို့ ထိုင်လိုက်သည်နှင့် လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် ပထမမင်းသားအိမ်တော်သို့ ရောက်ရှိနိုင်လေသည်။
ပထမမင်းသားသည် တစ်နေ့လုံး အလုပ်များထားသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေရှာသည်။
သူ၏ ညာဘက်ခြေထောက်က မသန်စွမ်းသဖြင့် လမ်းလျှောက်သည့်အခါ အဆင်မပြေဘဲ ကြာကြာရပ်လျှင် ပိုပင်ပန်းလာသည်။
သို့သော် သူသည် မာနကြီးသူတစ်ဦး ဖြစ်သဖြင့် လူရှေ့သူရှေ့တွင် အားနည်းချက်ကို ထုတ်ပြလိုသူ မဟုတ်ပေ။ တစ်နေ့လုံး အောင့်အီးသည်းခံထားခဲ့ရသည်။ မြင်းလှည်းပေါ်သို့ ရောက်၍ ထိုင်လိုက်ရမှသာ ပင်ပန်းနွမ်းနယ်သည့် ပုံစံ ပေါ်ထွက်လာတော့သည်။
ပထမမင်းသား ကြင်ရာတော်က ဂရုတစိုက် ပြောလိုက်၏။ “အရှင်မင်းသား ပြန်ရောက်ရင် ရေနွေးနွေးလေးနဲ့ စိမ်ချိုးပြီး အပန်းဖြေလိုက်နော်။ ကျွန်မ ခြေထောက်ကို နှိပ်နယ်ပေးပါ့မယ်”
ပထမမင်းသားသည် သူ၏ ခြေထောက်အကြောင်း ပြောသည်ကို အမုန်းဆုံးဖြစ်သဖြင့် ချက်ချင်း မျက်နှာပျက်သွားပြီး ပြောလိုက်လေသည်။ “မလိုဘူး။ ငါက မသန်စွမ်း မဟုတ်ဘူး။ မင်း ဒီလို ပြုစုပေးစရာ မလိုဘူး”
ပထမမင်းသား ကြင်ရာတော်သည် စေတနာနှင့် ပြောပါသော်လည်း အငေါက်ခံလိုက်ရသဖြင့် မျက်နှာအနည်းငယ် ပျက်သွားသည်။ သို့သော် ချက်ချင်းပင် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး လုမင်ယွိနှင့် မုန့်ယွင်လော်တို့အကြောင်း ပြောပြလိုက်လေသည်။ “...ပြောရရင်လည်း ရယ်စရာပဲ။ ပုံမှန်ဆို သူတို့နှစ်ယောက် တွေ့တာနဲ့ နှာခေါင်းရှုံ့ မျက်စောင်းထိုးပြီး ရန်ဖြစ်ကြတာ”
“ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးနေကြတာ အံ့ဩစရာကြီးနော်”
ပထမမင်းသားက မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး အထင်သေးစွာ ရယ်မောလိုက်လေသည်။ “ထိုက်ဇီနဲ့ လီဟောက်ကို မင်း မကြည့်မိဘူးလား။ မင်းက ငါ့ကို လေးစားသလိုလို ငါက မင်းကို အလျှော့ပေးသလိုလိုနဲ့ တကယ့်ကို ညီအစ်ကိုရင်းချာ သံယောဇဉ်ကြီးမားတဲ့ စံပြတွေပါလား။ တစ်ယောက်က သားဖြစ်သူ လုပ်ကြံခံရတာကို ထည့်မတွက်သလို နောက်တစ်ယောက်ကလည်း မိခင်ကို အသတ်ခံရတဲ့ အမုန်းတရားကို မေ့ပစ်လိုက်သလိုလိုနဲ့။ အဟက်”
တကယ့်ကို ဟန်ဆောင်ကောင်းပြီး ရွံစရာကောင်းလိုက်တာ။
ပထမမင်းသား ကြင်ရာတော်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ ဪ နန်းတော်ထဲက ဖုဟွမ် မြင်အောင်လို့ ပြဇာတ်ကနေကြတာကိုး။
ပထမမင်းသားက ထပ်မံ၍ လှောင်ပြောင်လိုက်ပြန်သည်။ “ဒီနေ့က ဘာမှ မဟုတ်သေးဘူး။ မင်း မနက်ဖြန်ကျမှ စောင့်ကြည့်လိုက်။ ပိုပြီးတော့တောင် ရွံစရာကောင်းဦးမှာ”
ပထမမင်းသား ကြင်ရာတော်သည် ပထမမင်းသား၏ အထင်သေးစရာကောင်းသော မျက်နှာပေးကို ကြည့်ပြီး စိတ်ထဲတွင် ငြီးငွေ့မိသွားသည်။
သူမသည် သူ့ခြေထောက် မသန်စွမ်းသည်ကို နားလည်ပေးပြီး နေရာတကာတွင် လေးစားမှုပေးကာ အချိန်တိုင်း ချော့မော့ဆက်ဆံခဲ့သည်။
သို့သော် လဝက်ပင် ကြာမြင့်ခဲ့ပြီ။ သူကတော့ ဒီလိုပုံစံအတိုင်းပင်။ လောကကြီးကို မကျေမနပ်ဖြစ်ပြီး လူတိုင်းက သူ့အပေါ် အကြွေးတင်နေသလို မျက်နှာထားမျိုး လုပ်နေဆဲပင်။ ထိုက်ဇီအကြောင်း ပြောသည့် လေသံကလည်း မနာလိုဝန်တိုမှုတွေ ပြည့်နှက်နေလေသည်။
သူ့ကို မှန်တစ်ချပ်လောက် ပေးပြီး သူ့မျက်နှာ ဘယ်လောက်အရုပ်ဆိုးနေလဲ ဆိုတာကို ပြလိုက်ချင်တော့သည်။
ပထမမင်းသား ကြင်ရာတော်လည်း ခေါင်းကို ငုံ့ထားလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
...