အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အပိုင်း (၄၇၂) ဟန်ဆောင်ခြင်း
လုမင်ယွိနှင့် လီကျင့်သည်လည်း မြင်းလှည်းပေါ်တွင် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။
“ရှင် အရက်တွေ ဘယ်လောက်တောင် သောက်ထားတာလဲ” လုမင်ယွိက လီကျင့်ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။ “တစ်ကိုယ်လုံး အရက်နံ့တွေချည်းပဲ”
လီကျင့်က ဟဲဟဲဟု ရယ်မောလိုက်သည်။ အရက်အရှိန်ကြောင့် သူ၏ ချောမောလှပသော မျက်နှာသည် နီရဲနေပြီး မျက်လုံးများမှာလည်း မက်မွန်ပွင့်လေးများသဖွယ် တောက်ပနေလေသည်။ “စိတ်မပူပါနဲ့။ ကိုယ် အများကြီး မသောက်ပါဘူး။ အခုချိန်ထိ သတိကပ်နေတုန်းပါ”
ဘာကို သတိကပ်နေတာလဲ။
လုမင်ယွိက ပြုံးလျက် မျက်စောင်းထိုးလိုက်ပြီး လျှောက်စမ်းနေသော သူ၏လက်ကို ဖမ်းဆွဲထားလိုက်လေသည်။ “မရှုပ်နဲ့ဦး။ ကျွန်မ ရှင်နဲ့ ပြောစရာရှိတယ်”
လီကျင့်သည် ထိုအနေအထားအတိုင်း သူမအနားသို့ တိုးကပ်လာပြီး မျက်နှာပြောင်ပြောင်ဖြင့် သူမ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ လုမင်ယွိသည် ရယ်ချင်စိတ်နှင့် ဒေါသစိတ် ရောထွေးသွားပြီး သူ၏ ပွတ်သပ်မှုကြောင့် ပါးပြင်များ နီမြန်းလာရရှာသည်။
ရယ်မော နောက်ပြောင်ပြီးနောက် လင်မယားနှစ်ယောက်သည် အလေးအနက်ထား၍ ပြောစရာရှိသည်များကို စတင် ပြောဆိုကြတော့သည်။
“နှစ်ဝက်လောက် မတွေ့ရတာ လီဟောက်ရဲ့ ဉာဏ်နီဉာဏ်နက်တွေက အရင်ကထက် ပိုများလာပြီ” လီကျင့်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်လေသည်။ “ဒီနေ့ တွေ့တုန်းကဆိုရင် သူက စိတ်ထဲမှာ ဘာမှ မရှိသလိုပဲ။ ကိုယ့်အပေါ် အရမ်းရင်းနှီးပြနေတာ”
“တခြားသူတွေ မပြောနဲ့ ကိုယ်တိုင်တောင် သူ့ကို ကြည့်ပြီး ပြိုင်ဘက်ကင်း ညီလေးကောင်း တစ်ယောက်လို့ ထင်မိတယ်”
လုမင်ယွိ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “သူတင် ဘယ်ဟုတ်မလဲ။ မုန့်ယွင်လော်ရဲ့ ဒီနေ့ အပြုအမူတွေကလည်း ကျွန်မ ထင်ထားတာထက် အများကြီး ပိုကောင်းနေတယ်။ ဒီနှစ်ဝက်အတွင်း လီဟောက် သူ့ကို ကောင်းကောင်းကြီး သင်ပေးထားတာပဲ ဖြစ်မယ်”
ဒါတွေအားလုံးက မျှော်လင့်ထားပြီးသား ကိစ္စတွေပါ။
ကိုင်တွယ်ရ ခက်ခဲသော်လည်း ဖြေရှင်းရန် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။
လီကျင့်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ “မနက်ဖြန် ကျင့်အန်းနဲ့ ကောင်းဖုမာ နန်းတော်ထဲ ဝင်ပြီး လက်ဖက်ရည်ဆက်သ ဂါရဝပြုကြမှာ။ ဖုဟွမ်နဲ့ မူဟုပ်တို့ ရှေ့မှောက်မှာ ဆက်ပြီးတော့ ဟန်ဆောင်ရဦးမယ်”
လုမင်ယွိက အင်း ဟု ပြန်ဖြေလိုက်သည်။
လီကျင့်သည် လုမင်ယွိကို အားနာစွာ ကြည့်လိုက်သည်။ “မင်းကို ပင်ပန်းစေမိပြီ”
လုမင်ယွိ၏ စိတ်နေစိတ်ထားအရ ဒေါသကို ထိန်းချုပ်ပြီး မုန့်ယွင်လော်နှင့် ဟန်ဆောင်ဆက်ဆံရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ။
လုမင်ယွိက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်လေသည်။ “ဒါက ဘာများ ပင်ပန်းစရာ ရှိလို့လဲ။ ကျွန်မတို့ လင်မယားနှစ်ယောက် စိတ်တူကိုယ်တူ ရှိနေသရွေ့ ဘယ်လိုပဲ နေရနေရ အဆင်ပြေပါတယ်”
တကယ်တမ်း ပင်ပန်းဆင်းရဲရတာက ကိုယ်က အရာအားလုံး ပေးဆပ်ခဲ့ပေမယ့် တခြားသူတွေက ဒါကို ပုံမှန်ပဲလို့ သဘောထားတဲ့အခါမျိုးပါ။
တကယ့် ဝမ်းနည်းစရာက ကိုယ့်ရဲ့ စစ်မှန်တဲ့ စေတနာကို တန်ဖိုးမထားဘဲ အလဟဿ ဖြစ်စေခဲ့တာမျိုးပါ။
အခုလို နေရတာက သူမ စဉ်းစားခဲ့ဖူးသမျှ အပျော်ရွှင်ဆုံး နေ့ရက်တွေပါပဲ။
နှုတ်မှ မထွက်သော စကားလုံးများသည် နှစ်ဦးသား၏ အကြည့်များကြားတွင် တိတ်တဆိတ် စီးဆင်းသွားကြသည်။ လီကျင့်သည် ရင်ထဲတွင် နွေးထွေးသွားပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။ “ရှောင်ယွိ... ကိုယ့်ကို လက်ထပ်ခဲ့တာ နောင်တရဖူးလား”
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး မတော်တဆ ပြောလိုက်သလို ဟန်ဆောင်ကာ ဖြေလိုက်သည်။ “တစ်ခါတစ်လေပေါ့”
“ဒါဆိုရင်တော့ ကိုယ် ဆက်ပြီး ကြိုးစားရဦးမှာပေါ့။ ထိုက်ဇီဖေးညန်ညန် ပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပြီး နောင်တရတဲ့ အတွေးမျိုး ဘယ်တော့မှ မဝင်လာအောင်လို့လေ” လီကျင့်၏ အသံထဲတွင် စနောက်လိုသော အရိပ်အယောင်များ ပါဝင်နေသည်။
လုမင်ယွိက တမင်တကာ မျက်ခုံးပင့်ပြလိုက်ပြီး မာန်တက်သော ပုံစံဖြင့် “ဒါဆို ရှင် ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့”
လီကျင့်က တိုးတိုးလေး ရယ်မောလိုက်လေသည်။ “ကောင်းပြီလေ။ ကောင်းပြီလေ။ ဒီည ကိုယ် ကောင်းကောင်း စွမ်းဆောင်ပြပါ့မယ်”
သူ၏ စကားကို တုံ့ပြန်လိုက်သည်မှာ ခါးကို မနာအောင် ဆွဲလိမ်လိုက်ခြင်းနှင့် မျက်စောင်းတစ်ချက်သာ ဖြစ်သည်။ လီကျင့်သည် သွားဖြဲပြီး ရယ်မောလိုက်လေတော့သည်။
...
ထိုညတွင် ယုံးကျားဧကရာဇ်သည် စူးဖေး၏ ယိဟွားနန်းဆောင်သို့ သွားရောက်ခဲ့သည်။
စူးဖေး ကွယ်လွန်သွားသည်မှာ နှစ်ဝက်ကျော် ရှိပြီဖြစ်သဖြင့် ယိဟွားနန်းဆောင်တွင် သန့်ရှင်းရေးလုပ်သော အစေခံအနည်းငယ်သာ ရှိတော့သည်။
အရှင်မင်းကြီး ရောက်ရှိလာသည်နှင့် နန်းတွင်းအစေခံများသည် ပျာယာခတ်သွားကြပြီး ဒူးထောက်ကာ ဦးခိုက် နှုတ်ဆက်ကြလေသည်။ ယုံးကျားဧကရာဇ်သည် စိတ်လက်မကြည်မသာ ဖြစ်နေသဖြင့် လက်ကာပြလိုက်သည်။
လျိုကုန်းကုန်းက အစေခံများကို ထွက်သွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။
မကြာမီ အစေခံများအားလုံး ထွက်ခွာသွားကြလေသည်။
နှစ်ဝက်ကျော်ကြာ လူနေထိုင်ခြင်း မရှိသော ယိဟွားနန်းဆောင်သည် အလွန်တရာ တိတ်ဆိတ်ခြောက်ကပ်နေလေသည်။
ယုံးကျားဧကရာဇ်သည် ယိဟွားနန်းဆောင်ထဲတွင် တစ်ပတ် လျှောက်ကြည့်ပြီးနောက် စူးဖေး၏ အိပ်ဆောင်သို့ ဝင်ရောက်သွားခဲ့သည်။ အိပ်ဆောင်ထဲတွင် အတော်ကြာအောင် ရပ်နေပြီးနောက် မျက်နှာပေါ်တွင် လွမ်းဆွတ်တသသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
ခွေးတစ်ကောင်ကို မွေးရင်တောင် ကြာလာရင် သံယောဇဉ် ဖြစ်လာတတ်တာပဲ။ ဒီလို ချောမောလှပပြီး ကိုယ့်ဘေးနားမှာ အဖော်ပြုပေးခဲ့တဲ့အပြင် သားနှစ်ယောက်တောင် မွေးပေးခဲ့တဲ့ မိန်းမလှလေးဆိုရင် ပိုဆိုးတာပေါ့။
စူးဖေးတွင် အပြစ်ပေါင်း ထောင်သောင်း ရှိခဲ့ပါစေဦး။ လူသေသွားပြီ ဆိုရင်တော့ အဲဒီအပြစ်တွေ အားလုံးက ပျောက်ကွယ်သွားပြီ။ ယုံးကျားဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် ကျန်ရစ်နေသည်မှာ စူးဖေး၏ ကောင်းကွက်များသာ ဖြစ်တော့သည်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသူမို့ နိုင်ငံရေးကိစ္စများနှင့် အလုပ်များပြီး အားလပ်ချိန် နည်းပါးလှသည်။ ဤနှစ်ဝက်တာ ကာလအတွင်း ယုံးကျားဧကရာဇ်သည် နှစ်ကြိမ်သာ လာရောက်ခဲ့ဖူးပြီး ယခုညနှင့်ပေါင်းပါက သုံးကြိမ်မြောက်သာ ရှိသေးသည်။
လျိုကုန်းကုန်းသည် တံခါးဝတွင် စောင့်နေပြီး အချိန်အတော်ကြာမှ ယုံးကျားဧကရာဇ် ထွက်လာသည်ကို တွေ့လိုက်ရသည်။
လျိုကုန်းကုန်းသည် ခေါင်းမော့မကြည့်ရဲသလို မျက်လုံးထောင့်ကနေ အကဲခတ်ဖို့လည်း မဝံ့ရဲပေ။ “မိုးချုပ်နေပါပြီ။ အရှင်မင်းကြီး ဘယ်နန်းဆောင်ကို ကြွချင်ပါသလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။
ယုံးကျားဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ “ယန်ရှီနန်းဆောင်ကို သွားမယ်”
ဒီနေ့က ကျင့်အန်းကုန်းကျူ မင်္ဂလာဆောင်သည့် နေ့ရက်ဖြစ်သည်။ သာမန် ဆင်ခြင်တုံတရားအရသော်လည်းကောင်း၊ ခံစားချက်အရသော်လည်းကောင်း သူသည် ယန်ရှီနန်းဆောင်သို့ သွားသင့်ပေသည်။
လျိုကုန်းကုန်းက အမိန့်ကို နာခံလိုက်ပြီး အတွင်းနန်းဆောင်ကုန်းကုန်းကို သတင်းကြိုပို့ရန် စေခိုင်းလိုက်သည်။ အရှင်မင်းကြီးနှင့် အဖွဲ့ ယန်ရှီနန်းဆောင်သို့ ရောက်သောအခါ မုန့်ဖေးသည် သတင်းရပြီး ကြိုဆိုရန် ထွက်လာပြီးသား ဖြစ်နေလေသည်။
မုန့်ဖေးသည် တောက်ပသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ်များ ထူပိန်းနေအောင် လိမ်းခြယ်ထားသော်လည်း လှပနေဆဲပင်။ သို့သော် အသက်အရွယ် ရလာပြီဖြစ်သဖြင့် မျက်လုံးထောင့်နှင့် မျက်ခုံးတဝိုက်က အရေးအကြောင်းများကို မည်မျှထူသော မိတ်ကပ်ဖြင့် ဖုံးဖုံး ဖုံးကွယ်၍ မရနိုင်ပေ။
နုနယ်ပျိုမြစ်သော ဝမ်ကျဲယွီနှင့် ယှဉ်လိုက်လျှင် မုန့်ဖေးသည် တကယ်ပင် အိုမင်းသွားလေပြီ။
သို့သော် မုန့်ဖေးကမူ ထိုအချက်ကို သတိမထားမိဘဲ နဂိုအတိုင်းပင် နွဲ့နှောင်းနေလေသည်။ “ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
လျိုကုန်းကုန်းသည် နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်လေသည်။
ယုံးကျားဧကရာဇ်က ပြုံးလျက် မုန့်ဖေးကို တွဲထူလိုက်ပြီး လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ “ဒီနေ့က ကျင့်အန်းရဲ့ မင်္ဂလာနေ့ရက်ဆိုတော့ ကျန်း စိတ်ထဲမှာ အရမ်း ဝမ်းသာနေတာ”
ဝမ်းသာနေတယ်ဆိုပြီး ဟိုသေသွားတဲ့ စူးဖေးရဲ့ နန်းဆောင်ကို သွားနေသေးတယ်ပေါ့။
မုန့်ဖေးသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးပန်းများ ဝေဆာနေလေသည်။ “ဟုတ်ပါတယ် အရှင်မင်းကြီး။ ချန်ချဲ့လည်း ဒီနေ့ စိတ်လှုပ်ရှားပြီး ပျော်နေတာပါ။ မိုးမြန်မြန်လင်းပြီး ကျင့်အန်းနဲ့ ဖုမာတို့ ဂါရဝပြုဖို့ လာကြတာကို စောင့်နေမိတာ”
ယုံးကျားဧကရာဇ်က ပြုံးလိုက်ပြီး မုန့်ဖေး၏ လက်ကို ဆွဲကာ အိပ်ဆောင်ထဲသို့ ဝင်သွားလေသည်။
...
ကျင့်အန်းကုန်းကျူ၏ မင်္ဂလာဆောင်သည် နန်းတော်တစ်ခုလုံးအတွက် ဝမ်းမြောက်စရာ ကိစ္စဖြစ်သဖြင့် လူတိုင်း ရှို့နင်နန်းဆောင်တွင် စုဝေးရောက်ရှိနေကြသည်။
ယုံးကျားဧကရာဇ်သည် သမီးတော်နှင့် သမက်တော် လာရောက် ဂါရဝပြုသည်ကို စောင့်ဆိုင်းရန်အတွက် ညီလာခံကိုပင် ဖျက်သိမ်းထားလိုက်သည်။
မင်းသားများနှင့် မင်းသားကြင်ရာတော်များ အားလုံး စောစီးစွာ ရောက်ရှိနေကြပြီး ဟွေ့အန်းကုန်းကျူနှင့် ဖုမာဝူတို့လည်း ရောက်ရှိနေကြသည်။ ထို့အပြင် ထန်အာနှင့် ရွှီအာ အစရှိသည့် ကလေးတစ်သိုက်လည်း ပါဝင်သဖြင့် ရှို့နင်နန်းဆောင်သည် အလွန် စည်ကားသိုက်မြိုက်နေလေသည်။
မယ်တော်ကြီးကျောက်သည် ပျော်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး ပြုံးရွှင်နေပြီး ယုံးကျားဧကရာဇ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “နောက်ဆိုရင် ပဉ္စမမင်းသားအတွက် မင်္ဂလာကိစ္စ စီစဉ်ပေးရတော့မယ်”
ပဉ္စမမင်းသားသည် ယခုနှစ်တွင် ၁၅ နှစ် ပြည့်ပြီဖြစ်ရာ ယခုအချိန်တွင် စေ့စပ်ထားလျှင် နောက်နှစ် မင်္ဂလာဆောင်ရန် အချိန်ကိုက်ပင်။
ယုံးကျားဧကရာဇ်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး လီချန်ကို လှမ်းကြည့်လိုက်၏။ “အားချန်က ဘယ်လို မိန်းကလေးမျိုးကို သဘောကျလဲ”
လီချန်သည် အနည်းငယ် ပိန်သွားပြီး ယခင်ကလောက် မဝတော့သဖြင့် ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လာလေသည်။ မိန်းမယူရမည့်ကိစ္စကို ပြောလိုက်သည့်အခါ ရှက်သွေးဖြာသွားပြီး “အားလုံးကို ဖုဟွမ် သဘောအတိုင်း စီစဉ်ပေးပါ” ဟု ပြောလိုက်လေသည်။
ယုံးကျားဧကရာဇ်၏ ချွေးမရွေးချယ်မှုသည် ကောင်းမွန်သဖြင့် သူ့အတွက် အကောင်းဆုံး တစ်ယောက်ကို ရွေးချယ်ပေးမည်မှာ သေချာသည်။
သူ့တွင် တောင်းဆိုစရာ အများကြီး မရှိပါ။ မျိုးရိုးမြင့်ပြီး ချောမောလှပကာ စိတ်သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်လျှင် ရပါပြီ။ ပြီးတော့ မင်္ဂလာတင်တောင်းငွေ များများပါလျှင် ပိုကောင်းသည်။ မင်္ဂလာဆောင်ပြီးလျှင် သူသည် တတိယမင်းသားအိမ်တော်တွင် ကပ်နေစရာ မလိုတော့ဘဲ ကိုယ်ပိုင်အိမ်တော်တွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် နေထိုင်နိုင်တော့မည်။
ယုံးကျားဧကရာဇ်က ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လီဟောက်က မထင်မှတ်ဘဲ ဝင်ပြောလိုက်သည်။ “ဖုဟွမ်... ဝူတိရဲ့ မင်္ဂလာကိစ္စအတွက် သားတော် စီစဉ်ထားတာ ရှိပါတယ်”
ယုံးကျားဧကရာဇ် အံ့ဩသွားပြီး လှမ်းကြည့်လိုက်သည်။ “ဪ... မင်းမှာ ဘယ်လို အစီအစဉ်တွေ ရှိလဲ။ ပြောပြပါဦး”
လီချန်လည်း အံ့ဩသွားသည်။
စန်းကောမှာ ဘယ်လို အစီအစဉ်တွေ ရှိတာလဲ။
ဘာလို့ သူ့ကို တစ်ခါမှ မပြောပြဖူးတာလဲ။
လုမင်ယွိ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ဧကန္တ လီဟောက်...
ထိုအချိန်မှာပင် လျိုကုန်းကုန်းသည် မျက်နှာပြည့် အပြုံးဖြင့် ဝင်ရောက်လာပြီး လျှောက်တင်လိုက်လေသည်။ “မယ်တော်ကြီးနဲ့ အရှင်မင်းကြီး... ကျင့်အန်းကုန်းကျူနဲ့ ကောင်းဖုမာတို့ ဂါရဝပြုဖို့ ရောက်ရှိနေပါပြီ”
...
အပိုင်း (၄၇၃) သားအမိ (၁)
ကျင့်အန်းကုန်းကျူသည် အနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း မက်မွန်ပွင့်သဖွယ် လှပနုနယ်နေသည်။
သူမ၏ ဘေးနားရှိ ကောင်းဖုမာသည်လည်း အရပ်ရှည်ရှည်နှင့် ချောမောခန့်ညားပြီး မျက်နှာတွင် ကြည်နူးရိပ်များ လွှမ်းခြုံထားလေသည်။
မင်္ဂလာဦး ဇနီးမောင်နှံနှစ်ဦး ယှဉ်တွဲရပ်နေသည်မှာ တကယ့်ကို လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲပင်။
မုန့်ဖေးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ပျားရည်သောက်လိုက်ရသကဲ့သို့ ချိုမြိန်ကြည်နူးသွားရတော့သည်။ တစ်ခုတည်းသော မကျေနပ်စရာမှာ သမီးနှင့် သမက်က ချောင်မိဖုရားခေါင်ကို အရင်ဆုံး လက်ဖက်ရည်ဆက်သရပြီးမှ သူမလို အမေအရင်းအလှည့် ရောက်လာမည့် အချက်ပင်။
ကုန်းကျူ၏ မင်္ဂလာပွဲသည် မင်းသားများ၏ မင်္ဂလာပွဲနှင့် မတူညီပေ။ နန်းတော်ထဲ ဝင်ရောက် ဂါရဝပြု လက်ဖက်ရည်ဆက်သလျှင် ရပြီဖြစ်ပြီး ဘိုးဘေးများကို သွားရောက်ကန်တော့စရာ မလိုပေ။ ထို့အပြင် မယ်တော်ကြီးကျောက်ရော ချောင်မိဖုရားခေါင်ပါ ကောင်းဖုမာကို အခက်တွေ့အောင် လုပ်မည်မဟုတ်ပေ။
လက်ဖက်ရည်ဆက်သခြင်း အခမ်းအနားသည် ချောမွေ့စွာ ပြီးဆုံးသွားပြီး အားလုံး ပျော်ရွှင်ချမ်းမြေ့နေကြသည်။
မယ်တော်ကြီးကျောက်က ကျင့်အန်းကုန်းကျူကို ပြုံးရယ်လျက် မှာကြားလိုက်လေသည်။ "ကျင့်အန်း... နင်က တော်ဝင်မင်းသမီး ဖြစ်ပေမယ့် ယောက္ခမတွေကို အချိန်ပြည့် ပြုစုနေစရာ မလိုပါဘူး။ ဒါပေမဲ့ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်ကိုတော့ မေ့လို့မရဘူး။ တစ်လကို နှစ်ကြိမ်လောက်တော့ ကောင်းအိမ်တော်ကို သွားပြီး ဂါရဝပြုပေါ့"
ချောင်မိဖုရားခေါင်က အပြုံးဖြင့် ဝင်ပြောလိုက်သည်။ "ကျင့်အန်းက အမြဲတမ်း လိမ္မာရေးခြားရှိပြီး ကျင့်ဝတ်နားလည်တဲ့ ကလေးပါ။ မူဟုပ် မမှာကြားရင်တောင် သူက ကျင့်ဝတ်ပျက်ကွက်မယ့်သူ မဟုတ်ပါဘူး"
ဝါးပုပ်က ဝါးကောင်းထွက်သည် ဆိုသော စကားမှာ အမှားမရှိပေ။
မုန့်ဖေးသည် မောက်မာဝင့်ကြွားပြီး လူမုန်းများသူ ဖြစ်သလို ပထမမင်းသားသည်လည်း သဘောထားသေးသိမ်ပြီး ပြိုင်ဆိုင်လိုစိတ် ပြင်းပြသူဖြစ်သည်။ သို့သော် ကျင့်အန်းကုန်းကျူကတော့ ငယ်စဉ်ကတည်းက နူးညံ့သိမ်မွေ့ပြီး စကားနည်းကာ လိမ္မာသူလေး ဖြစ်သည်။ ချောင်မိဖုရားခေါင်သည်လည်း ကျင့်အန်းကုန်းကျူကို အမြဲတမ်း နှစ်သက်သဘောကျလေသည်။
ကျင့်အန်းကုန်းကျူသည် ချီးကျူးခံရသဖြင့် မျက်နှာလေး ရဲသွားပြီး မတ်တပ်ထကာ ပြန်လျှောက်တင်လိုက်သည်။ "သမီးတော်က မူဟုပ်ရဲ့ ချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး။ နောက်ဆိုရင် ယောက္ခမတွေကို ကောင်းကောင်း ရိုသေပြုစုပြီး ဖုမာနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်သွားပါ့မယ်။ မူဟုပ် စိတ်မပူရအောင် နေပါ့မယ်"
ချောင်မိဖုရားခေါင်သည် ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။
မုန့်ဖေးက ထိုမြင်ကွင်းကို ကြည့်ရင်း မျက်စိစူးကာ စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် တမင်သက်သက် ပြောလိုက်လေသည်။ "ချန်ချဲ့ကတော့ ကျင့်အန်း မြန်မြန် ကိုယ်ဝန်ရဖို့ပဲ မျှော်လင့်ပါတယ်။ သားလေးမွေးမွေး သမီးလေးမွေးမွေး ကောင်းတာပါပဲ"
ထိုစကားသည် တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြောဆိုလိုက်မှန်း သိသာလှသည်။
ဒီအခန်းထဲရှိ အမျိုးသမီးများထဲတွင် ဟွေ့အန်းကုန်းကျူ တစ်ယောက်တည်းသာ ကလေးမမွေးဖူးသေးသူ ဖြစ်သည်။
ပထမမင်းသား ကြင်ရာတော်က အနည်းဆုံးတော့ ကိုယ်ဝန်ပျက်ကျဖူးပြီး မယားငယ်မွေးသည့် သားတစ်ယောက် ရှိသေးသည်။ ဟွေ့အန်းကုန်းကျူမှာတော့ သတင်းကောင်း လုံးဝ မရှိခဲ့ဖူးပေ။ မနှစ်ကမှ ဝူအိမ်တော်မှ တူဖြစ်သူ လိကောအာကို ခေါ်ယူပြီး ကုန်းကျူအိမ်တော်တွင် မွေးစားထားရသည်။
မုန့်ဖေးက စကားစလိုက်သည်နှင့် လူတိုင်းက ဟွေ့အန်းကုန်းကျူကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိကြသည်။
ဟွေ့အန်းကုန်းကျူသည် ဒီနှစ်ပိုင်းတွင် စိတ်ကို အတော်လေး လျှော့ချထားသည်။ အရင်ကသာဆိုလျှင် ချက်ချင်း ရန်ထလုပ်လောက်ပြီ ဖြစ်သည်။ ဒီနေ့တွင်တော့ ရှားရှားပါးပါး သည်းခံလိုက်ပြီး ပြုံးကာ ထောက်ခံပြောဆိုလိုက်သည်။ "ကျင့်အန်းက ကံကောင်းတတ်ပါတယ်။ မကြာခင် သတင်းကောင်း ကြားရမှာပါ"
ချောင်မိဖုရားခေါင်၏ အပြုံးသည် မှေးမှိန်သွားတော့သည်။
မုန့်ဖေးက ဤမျှ ဗြောင်ကျကျ ပြုမူရဲသည်မှာ ယုံးကျားဧကရာဇ်၏ အချစ်တော် ဖြစ်နေခြင်းကို အားကိုးနေသောကြောင့်ပင်။
ဟွေ့အန်းကုန်းကျူက ဒေါသကို မြိုသိပ်လိုက်ခြင်းမှာ မိခင်နှင့် မောင်ဖြစ်သူတို့ကို ဒုက္ခမရောက်စေလိုသောကြောင့်ပင်။
ဒီနှစ်ဝက်အတွင်းတွင် ယုံးကျားဧကရာဇ်က မုန့်ဖေးကို မြှောက်စားပြီး အလယ်နန်းဆောင်ကို ဖိနှိပ်ထားကြောင်း သိသာလှသည်။ ထိုက်ဇီ၏ အင်အားစုများသည်လည်း ညီလာခံတွင် နေရာတိုင်း၌ ဖိအားပေးခံနေရသည်။ ဟွေ့အန်းကုန်းကျူသည် မိခင်နှင့် မောင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရပြီး အနေအထိုင် ပို၍ ဆင်ခြင်လာခဲ့သည်။
လုမင်ယွိသည် ကျေနပ်အားရနေသော မုန့်ဖေးကို တစ်ချက် စွေကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။ "မုန့်ဖေးရဲ့ မိခင်မေတ္တာက တကယ်ပဲ ကြည်နူးစရာပါပဲ။ ကျွန်မကလည်း ယောက်မတစ်ယောက် အနေနဲ့ ကုန်းကျူနဲ့ ဖုမာတို့ အဆင်ပြေပြေ နေနိုင်ကြဖို့ မျှော်လင့်ပါတယ်"
ကျင့်အန်းကုန်းကျူသည် အခြေအနေ မဟန်မှန်း သိလိုက်ပြီး အမြန်ပြုံးကာ ပြောလိုက်ရသည်။ "အာ့စောင်ရဲ့ ဆုတောင်းစကားအတိုင်း ဖြစ်ပါစေ။ နောက်ဆို ညီမ အားရင် နန်းတော်ထဲ ဝင်ပြီး မကြာခဏ လာဂါရဝပြုပါ့မယ်။ အာ့စောင်က ညီမ ခဏခဏ လာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်"
လုမင်ယွိသည် ထိုက်ဇီဖေး ဖြစ်သလို အနောက်နန်းဆောင်၏ အနာဂတ် သခင်မလည်း ဖြစ်လေသည်။ ကျင့်အန်းကုန်းကျူ၏ စကားသည် လုမင်ယွိ၏ အရှိန်အဝါကို အသိအမှတ်ပြုကြောင်း ပြသလိုက်ခြင်းပင်။
လုမင်ယွိက အသာပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မုန့်ဖေးက ဖြတ်ပြောလိုက်ပြန်သည်။ "ကျင့်အန်း... နင် ဘာစကားတွေ ပြောနေတာလဲ။ နင်က သာ့ဝေတိုင်းပြည်ရဲ့ ကုန်းကျူလေ။ နန်းတော်ထဲ ပြန်ချင်ရင် ပြန်လာလို့ရတာပေါ့။ ဟွမ်ဟုပ်ညန်ညန်တောင်မှ နင် မကြာခဏ ပြန်လာတာကို ငြိုငြင်မှာ မဟုတ်ဘူး။ ထိုက်ဇီဖေးက ငြင်းခွင့်ရှိလို့လား"
အားလုံးမှာ "..." ဟု ဖြစ်ကုန်ကြသည်။
ဒီလောက် ဗြောင်ကျကျ ရန်စလိုက်မှတော့ ဘယ်သူက သည်းခံနိုင်မှာလဲ။
လုမင်ယွိသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "အဘွားတော်၊ ဖုဟွမ်နဲ့ မူဟုပ်တို့ ဒီမှာ ထိုင်နေကြတာလေ။ အနောက်နန်းဆောင်က ကိုယ်လုပ်တော်တစ်ယောက်က ဘယ်အချိန်ကစပြီး အချိန်တိုင်း ဝင်ပြောခွင့် ရသွားတာလဲ။ ဒီလောက် စည်းကမ်းမရှိတာ ပထမမင်းသားနဲ့ ကျင့်အန်းကုန်းကျူတို့ရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ။ ပြီးတော့ ဖုဟွမ်ရဲ့ သိက္ခာကိုလည်း ကျစေတယ်။ ကျွန်မ မုန့်ဖေးကို သတိပေးလိုက်မယ်။ လူလုပ်ပြီး စကားပြောရင် သိပ်ပြီး မောက်မာမနေနဲ့။ ကိစ္စတိုင်းမှာ ကိုယ့်အတွက် လမ်းကြောင်းတစ်ခု ချန်ထားပြီး ကိုယ့်မျက်နှာကိုယ်လည်း ထောက်ပါဦး"
မုန့်ဖေး၏ မျက်ဝန်းထဲတွင် ဒေါသအမျက်များ တောက်လောင်သွားပြီး မျက်ခုံးပင့်ကာ အော်ဟစ်လိုက်သည်။ "လုရှီ... နင် ငါ့ကို ဒီလို စော်ကားရဲတယ်ပေါ့"
လုမင်ယွိ၏ မျက်နှာထားက တည်ငြိမ်နေဆဲပင်။ "ကျွန်မ ပြောတာ အကုန် အမှန်တရားတွေချည်းပါပဲ။ ဘယ်စကားက စော်ကားတာလဲဆိုတာ ရှင် ထုတ်ပြောကြည့်လေ။ ဒီနေ့ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လို့"
"နင်..." မုန့်ဖေး၏ မျက်လုံးထဲမှ မီးပွားများ ထွက်ကျမတတ် ဖြစ်နေလေပြီ။
ကျင့်အန်းကုန်းကျူမှာ မျက်ရည်ကျလုမတတ် ဖြစ်သွားပြီး မုန့်ဖေး၏ လက်ကို ဆွဲကာ တားလိုက်သည်။ "မူဖေး... တော်ပါတော့။ စကားနည်းနည်း လျှော့ပါဦး"
ချောင်မိဖုရားခေါင်က အေးဆေးတည်ငြိမ်စွာ ဝင်ပြောလိုက်လေသည်။ "ထိုက်ဇီဖေး ပြောလိုက်တဲ့ စကားတွေက ပန်ကုံးရဲ့ ရင်ထဲကို ထိသွားတာပဲ။ မုန့်ဖေးက အရှင်မင်းကြီးရဲ့ အချစ်ကို အားကိုးပြီး မာနကြီးနေတာ။ စည်းကမ်းမရှိတာလည်း တစ်ရက်နှစ်ရက် မဟုတ်တော့ဘူး။ ဒီနေ့ ရှားရှားပါးပါး အရှင်မင်းကြီးလည်း ရှိနေတာဆိုတော့ အရှင်မင်းကြီးကိုပဲ တရားသူကြီး လုပ်ခိုင်းရမလား။ ခုနက မုန့်ဖေး ပြောလိုက်တဲ့ စကားတွေက သင့်တော်ရဲ့လား ဆိုတာလေ"
လုမင်ယွိကလည်း ယုံးကျားဧကရာဇ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ဖုဟွမ် ဆုံးဖြတ်ပေးပါဦး"
ယုံးကျားဧကရာဇ် "..."
တကယ်လို့ ချောင်မိဖုရားခေါင်နဲ့ မုန့်ဖေး နှစ်ယောက်တည်းဆိုရင်တော့ သူက မျက်နှာလိုက်လို့ ရကောင်းရနိုင်တယ်။ အခုက ချွေးမဖြစ်သူ လုမင်ယွိပါ ပါဝင်ပတ်သက်နေတော့ ယောက္ခမတစ်ယောက် အနေနဲ့ သူ့သိက္ခာသူ ထိန်းရတော့မယ်။
လီကျင့်ကလည်း အခြေအနေကို ကောင်းကောင်း သဘောပေါက်နေသည်။ သာမန်အချိန်ဆိုလျှင် သူက ဝင်ပြီး ရန်တွေ့နေလောက်ပြီ။ အခုတော့ တစ်ခွန်းမှ မဟဘဲ ခမည်းတော်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပုံစံဖြင့် ငြိမ်နေလိုက်သည်။
မယ်တော်ကြီးကျောက်က သားဖြစ်သူကို သနားသဖြင့် ချက်ချင်း ဝင်ပြောလိုက်သည်။ "တော်ကြပါတော့။ တော်ကြပါတော့။ ဒီနေ့လို မင်္ဂလာရှိတဲ့ နေ့ရက်မှာ တစ်ယောက်တစ်ခွန်း လျှော့ကြပါဦး။ မိသားစုအချင်းချင်း စကားပြောတာပဲ။ သွားနဲ့လျှာလို ကိုက်မိတာမျိုး ရှိမှာပေါ့။ ဒါလေးကို အရေးတယူ လုပ်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။ အရှင်မင်းကြီးက တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့ အလုပ်များနေတဲ့သူပါ။ မိန်းမတွေ ရန်ဖြစ်တာကို ဝင်ပါစရာ မလိုပါဘူး"
ယုံးကျားဧကရာဇ်သည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး အလိုက်သင့် ပြောလိုက်သည်။ "မူဟုပ် ပြောတာ မှန်ပါတယ်"
လုမင်ယွိသည် အသာစီးရသွားပြီဖြစ်ရာ အပြုံးဖြင့် ပါးစပ်ပိတ်နေလိုက်သည်။
မုန့်ဖေးမှာ ဒေါသထွက်လွန်းသော်လည်း သည်းခံလိုက်ရပြီး အံကြိတ်ကာ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။
ကျင့်အန်းကုန်းကျူသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ရရှာတော့သည်။
မင်္ဂလာရှိသော နေ့ရက်တွင် မိခင်အရင်းက မျက်နှာပျက်အောင် လုပ်လေသည်။ သူမသည် မည်မျှပင် နူးညံ့သိမ်မွေ့သူ ဖြစ်ပါစေ စက္ကူရုပ်၊ ရွှံ့ရုပ် မဟုတ်သည့်အတွက် ရင်ထဲတွင် ဒေါသမထွက်ဘဲ နေပါမည်တဲ့လား။
...
နေ့လယ်စာ စားပွဲ ပြီးဆုံးသွားသည့် အချိန်ရောက်မှသာ ကျင့်အန်းကုန်းကျူနှင့် မုန့်ဖေးတို့ သားအမိနှစ်ယောက် သီးသန့် စကားပြောခွင့် ရကြတော့သည်။
မုန့်ဖေးသည် မနက်ကတည်းက အောင့်ထားရသမျှကို သမီးဖြစ်သူနှင့် အတူရှိမှ ပေါက်ကွဲပစ်လိုက်တော့သည်။ ပါးစပ်ဖွင့်သည်နှင့် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ကို ဆဲဆိုကြိမ်းမောင်းတော့၏။
ကျင့်အန်းကုန်းကျူသည် ယခင်ကကဲ့သို့ ဝင်ရောက် နှစ်သိမ့်ပေးခြင်း မရှိဘဲ တိတ်ဆိတ်စွာ ထိုင်နေပြီး ခေါင်းငုံ့ထားလိုက်သည်။
မုန့်ဖေးသည် တစ်ယောက်တည်း ပြောဆိုနေပြီးမှ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် ကျင့်အန်းကုန်းကျူကို မကျေမနပ်ဖြင့် ဆူပူလိုက်လေသည်။ "နင် ဘာဖြစ်နေတာလဲ။ ရုတ်တရက်ကြီး အ-သွားတာလား။ ငါ ဒီနေ့ ဒီလောက် ခံလိုက်ရတာ ဘယ်သူ့အတွက်မို့လို့လဲ။ နင့်အတွက်ပဲ မဟုတ်ဘူးလား။ နင်ကတော့ ကောင်းလိုက်တာ။ ကျေးဇူးတင်ဖို့ နေနေသာသာ ငါ့ရှေ့မှာ မျက်နှာကြီး စူပုတ်ပြီး လုပ်ပြနေတယ်..."
"မူဖေး ဒီနေ့ ဘာနေ့လဲဆိုတာ သိရဲ့လား" ကျင့်အန်းကုန်းကျူက ရုတ်တရက် ခေါင်းမော့လာပြီး သူမ၏ လှပသော မျက်ဝန်းအိမ်များထဲတွင် မျက်ရည်များ ဝဲနေလေသည်။
မုန့်ဖေးမှာ ဆွံ့အသွားရသည်။
ကျင့်အန်းကုန်းကျူ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး အသံမှာလည်း တိမ်ဝင်နေတော့သည်။ "သမီးနဲ့ ဖုမာက လက်ထပ်ပြီးကာစ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂါရဝပြုဖို့ လာခဲ့ကြတာ။ ဟွမ်ကျဲတောင်မှ အလိုက်တသိနဲ့ လျှော့ပေးပြီး ပြဿနာမဖြစ်အောင် နေပေးခဲ့တယ်။ မူဖေးက အသာစီးရနေတာတောင် အားမရနိုင်သေးဘဲ ပါးစပ်ဟပြီး ရန်စနေသေးတယ်"
"မူဖေးက သမီးအတွက် လုပ်ပေးနေတာဆိုတာ ဘယ်နေရာမှာလဲ သမီးတော့ မမြင်မိဘူး"
"တကယ်လို့ မူဖေးက သမီးအပေါ် တကယ်စေတနာရှိတယ်ဆိုရင် ဒီနေ့တစ်ရက်လောက်တော့ သည်းခံပေးသင့်တာပေါ့။ သမီးကို ဒီနေ့လေးတစ်ရက်လောက် ချောချောမွေ့မွေ့ ဖြတ်သန်းခွင့် ပေးသင့်တယ်။ ဖုမာကိုလည်း မျက်နှာမပျက်စေဘဲ ဒီအခက်အခဲကို ကျော်ဖြတ်ခွင့် ပေးသင့်တယ်"
"အခုတော့ သမီးမှာ ဘာမျက်နှာ ကျန်သေးလို့လဲ။ ဖုမာမှာရော ဘာမျက်နှာ ရှိဦးမှာလဲ။ မူဖေးကိုယ်တိုင်ရော မျက်နှာရစရာ ရှိလို့လား"
...
အပိုင်း (၄၇၄) သားအမိ (၂)
ကျင့်အန်းကုန်းကျူ၏ ငိုရှိုက်ကာ အပြစ်တင်ပြောဆိုမှုသည် မုန့်ဖေးကို စကားပြော၍ မရအောင် ဆွံ့အသွားစေသလို ဒေါသလည်း ထွက်လာစေသည်။
မုန့်ဖေးသည် ဒေါသကြောင့် မျက်နှာပျက်ကာ ခက်ထန်မာကျောစွာ ပြောလိုက်လေသည်။ "ဟုတ်တယ် ဟုတ်တယ်... အကုန်လုံး ငါ့အမှားတွေချည်းပါပဲ။ ငါက ဘာမှ အသုံးမကျပါဘူး။ ငါ့လို အမေမျိုးကို နင် မလိုချင်ရင်လည်း နေပါစေတော့။ နင် အခုချိန်ထိ ဒီမှာ ဘာလုပ်နေသေးတာလဲ။ မြန်မြန် ထွက်သွားတော့လေ။ နောက်ဆိုရင်လည်း လာစရာမလိုတော့ဘူး။ နင့်ဖုမာနဲ့အတူ ကုန်းကျူအိမ်တော်မှာပဲ ဇိမ်ယစ်ပြီး နေလိုက်တော့။ ငါ့အသက်အသေအရှင်ကို ဂရုစိုက်စရာ မလိုတော့ဘူး"
ကျင့်အန်းကုန်းကျူသည် ဝမ်းနည်းလွန်းသဖြင့် မျက်ရည်များ တသွင်သွင် ကျဆင်းလာတော့သည်။ "မူဖေးက သမီးရဲ့ နှလုံးသားကို ဓားနဲ့မွှန်းသလို စကားမျိုးကို ဘာလို့ ပြောရတာလဲ။ သမီးက ဘယ်အချိန်တုန်းက အမေအရင်းကို မလိုချင်ဘူး၊ ဂရုမစိုက်ဘူးလို့ ပြောခဲ့လို့လဲ"
"မူဖေးက ကိုယ့်မာနကိုပဲ ရှေ့တန်းတင်ပြီး သမီးရဲ့ မျက်နှာကို ငဲ့ညှာတာမရှိဘူး။ သမီးက ဝမ်းနည်းကြောင်းလေး ပြောမိရုံနဲ့ အဲဒီလောက်ထိ ပြောဖို့လိုလို့လား"
"ထားပါတော့လေ။ မူဖေး စိတ်အနှောင့်အယှက် မဖြစ်ရအောင် သမီးပဲ ပြန်လိုက်ပါတော့မယ်"
ပြောပြီးသည်နှင့် မျက်ရည်များကို လက်ဖြင့်သုတ်ကာ လှည့်ထွက်သွားတော့သည်။
မုန့်ဖေးသည် အလိုအလျောက် မတ်တပ်ထရပ်လိုက်သော်လည်း သမီးဖြစ်သူကို တားဆီးရန် အချိန်မမီတော့ပေ။ ကျင့်အန်းကုန်းကျူ ထွက်ခွာသွားသည်ကို မချင့်မရဲ ကြည့်နေရတော့သည်။ သူမ၏ ရင်ထဲတွင် နောင်တရခြင်း၊ ဝမ်းနည်းခြင်းများ ပြည့်နှက်နေသော်လည်း မာနကြောင့် နှုတ်မှ ထုတ်မပြောနိုင်ခဲ့ပေ။
သူမ၏ မာနကြောင့် ရင်ထဲက ခံစားချက်များကို ထုတ်ဖော်ပြောဆို၍ မရနိုင်ခြင်းပင်။
ယုံးကျားဧကရာဇ်က သူမကို မြှောက်စားထားခြင်းမှာ သူမကို ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ သမီးယောက္ခမ နှစ်ယောက်နှင့် အားပြိုင်စေချင်သောကြောင့် မဟုတ်ပါလား။
အကယ်၍ သူမက နေရာတိုင်းတွင် သည်းခံပြီး နောက်ဆုတ်နေပါက သူမသည် စစ်တုရင်ရုပ်ကလေး တစ်ရုပ်အဖြစ်ပင် တန်ဖိုးရှိတော့မည် မဟုတ်ပေ။ ထိုအခါ ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်သို့ လာပါဦးမည်လား။
ဆူးငြောင့်ခလုတ်များ ပြည့်နှက်နေသော လမ်းဖြစ်မှန်း သိသော်လည်း သူမသည် ဆက်လျှောက်ရပေဦးမည်။
မုန့်ဖေးသည် နေရာတွင် အချိန်အတော်ကြာ ရပ်နေပြီး မျက်လုံးများ မှေးမှိန်သွားကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။
...
ကျင့်အန်းကုန်းကျူသည် စိတ်သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်သော်ငြားလည်း ငယ်စဉ်ကတည်းက လက်ပေါ်တွင် တင်ကာ အလိုလိုက်ခံထားရသူ ဖြစ်သဖြင့် အနည်းနှင့်အများတော့ စိတ်ဆတ်တတ်သည်။ ယခု မိခင်အရင်းနှင့် စကားများပြီး စိတ်မချမ်းမသာ ဖြစ်နေသဖြင့် မျက်လုံးများ နီရဲကာ ရှို့နင်နန်းဆောင်သို့ နှုတ်ဆက်ရန် ထွက်ခွာလာခဲ့သည်။
မယ်တော်ကြီးကျောက်သည် မြင်ကွင်းကို ကြည့်ပြီး နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်ရလေသည်။ "မုန့်ဖေးက ဒီနေ့ စကားပြောတာ တကယ်ပဲ မဆင်ခြင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက အရင်ကတည်းက အရှင်မင်းကြီးရဲ့ အချစ်တော်ဆိုပြီး မာနကြီးပြီး ရမ်းကားတတ်တဲ့ စရိုက်ရှိတာပဲလေ။ ဒီနှစ်တွေမှာ ဟွမ်ဟုပ်နဲ့ အမြဲတမ်း ပြိုင်ဆိုင်နေကျဆိုတော့ သူ့ကို ပါးစပ်ပိတ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နင်လည်း စိတ်ထဲ ထားမနေပါနဲ့"
"ပြဇာတ်တစ်ပုဒ် ကြည့်လိုက်ရတယ်လို့ပဲ သဘောထားလိုက်ပါ"
"ဒီလိုကိစ္စမျိုးက ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်နိုင်ပါဘူး"
ကျင့်အန်းကုန်းကျူမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဒါက သူမကို နှစ်သိမ့်နေတာလား။ ဒါမှမဟုတ် ရင်ဘတ်ကို ဓားနဲ့ ထိုးနေတာလား။
ကျင့်အန်းကုန်းကျူသည် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့ပြီး "ဟုတ်ကဲ့ပါ" ဟု ဖြေကြားလိုက်ရတော့သည်။
ရှို့နင်နန်းဆောင်မှ ထွက်လာသောအခါ ဘေးနားမှ ကောင်းဖုမာက တိုးတိုးလေး ပြောလိုက်သည်။ "ကုန်းကျူ... ကိုယ်တို့ အရင်ဆုံး မျက်နှာသစ်ပြီးမှ ကျောင်းဖန်နန်းဆောင်ကို သွားနှုတ်ဆက်ကြမလား"
မင်္ဂလာဦးကာလဖြစ်သဖြင့် ချစ်ခင်စုံမက်နေချိန်ဖြစ်သည်။ ကောင်းဖုမာသည် ကျင့်အန်းကုန်းကျူ၏ နီရဲနေသော မျက်လုံးများကို ကြည့်ပြီး သနားနေရှာသည်။
ကျင့်အန်းကုန်းကျူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်လုံးနက်နက်လေးများထဲတွင် ခေါင်းမာသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။ "မလိုပါဘူး။ အားလုံး သိနေတဲ့ကိစ္စကို ဘာလို့ ဖုံးကွယ်နေရမှာလဲ။ ရယ်ချင်တဲ့သူ ရယ်ပါစေ"
ထို့နောက် ကျောင်းဖန်နန်းဆောင်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့လေသည်။
"မူဟုပ်၊ အာ့စောင်... ကျွန်မနဲ့ ဖုမာ အိမ်ပြန်ကြပါတော့မယ်" ကျင့်အန်းကုန်းကျူသည် ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်လေသည်။
ယန်ရှီနန်းဆောင်မှ အဖြစ်အပျက်များကို ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ မည်သို့ ဖုံးကွယ်ထားနိုင်မည်နည်း။ ကျင့်အန်းကုန်းကျူသည် ငိုကြွေးလျက် ယန်ရှီနန်းဆောင်မှ ထွက်ခွာလာသည်နှင့် သတင်းသည် ကျောင်းဖန်နန်းဆောင်သို့ ချက်ချင်း ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။
ကျင့်အန်းကုန်းကျူသည် အနည်းနှင့်အများ ဖုံးကွယ်ထားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ ငိုထားသည့် မျက်နှာဖြင့် နှုတ်ဆက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်သည်။ "ဒီနေ့က မင်းနဲ့ ဖုမာတို့ လက်ဖက်ရည် ဆက်သတဲ့ နေ့ကောင်းရက်မြတ်လေ။ အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေသင့်တာကို ဘာဖြစ်လို့ ကိုယ့်အမေရင်းနဲ့ ရန်ဖြစ်လာရတာလဲ"
ကျင့်အန်းကုန်းကျူ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး တိုးတိုးလေး ပြောလိုက်သည်။ "မူဖေးရဲ့ စိတ်က အရင်ကတည်းက ဒီလိုပဲဆိုတော့ ကျွန်မလည်း မတတ်နိုင်ပါဘူး။ မူဖေးရဲ့ ကိုယ်စား မူဟုပ်နဲ့ အာ့စောင်ကို တောင်းပန်ပါတယ်"
မုန့်ဖေးလို လူမျိုးက ကျင့်အန်းကုန်းကျူလို သဘောထားကြီးပြီး လိမ္မာတဲ့ သမီးမျိုး မွေးလာတာ တကယ် အံ့ဩစရာပဲ။
လုမင်ယွိသည် စိတ်ထဲတွင် ချီးကျူးလိုက်မိပြီး ရှေ့သို့တိုးကာ ဦးညွှတ်နေသော ကျင့်အန်းကုန်းကျူကို ကိုယ်တိုင် တွဲထူပေးလိုက်လေသည်။ "ဟွမ်မေ့ ထပါတော့။ စကားများတာလောက်က ဘာမှ မဟုတ်ပါဘူး။ ပြောရရင် မုန့်ဖေးလည်း ဘာမှ အသာစီးမရလိုက်ပါဘူး။ သူပဲ ဒေါသထွက်ပြီး ကျန်ခဲ့ရတာပါ။ အာ့စောင်ကလည်း မွေးရာပါ စိတ်ဆတ်ပြီး သည်းမခံတတ်တဲ့သူဆိုတော့ ဟွမ်မေ့ စိတ်မရှိပါနဲ့နော်"
လုမင်ယွိသည် ခွန်အားကြီးမားသူဖြစ်သဖြင့် အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ကျင့်အန်းကုန်းကျူသည် ဆက်ပြီး ဒူးထောက်၍ မရတော့ဘဲ မတ်တပ်ရပ်လိုက်ရတော့သည်။ "အာ့စောင် ဒီလိုပြောတာ ကျွန်မအတွက် တကယ်ပဲ ရှက်စရာကောင်းလှပါတယ်"
လုမင်ယွိက ပြုံးလျက် ပြောလိုက်သည်။ "မိသားစုချင်းပဲ။ ဒီလို အားနာစကားတွေ ပြောမနေပါနဲ့။ နောက်ဆို အားတဲ့အချိန် နန်းတော်ထဲ လာလည်နော်"
ချောင်မိဖုရားခေါင်ကလည်း ပြုံးလျက် ဝင်ပြောလိုက်သည်။ "ဟုတ်တာပေါ့။ ပန်ကုံးလည်း မင်းကို မှာစရာရှိတယ်။ မင်း အိမ်ထောင်ကျသွားပြီ ဆိုပေမယ့် အမြဲ လီမိသားစုရဲ့ သမီး၊ သာ့ဝေတိုင်းပြည်ရဲ့ ကုန်းကျူပဲ။ ဒီနန်းတော်က မင်းရဲ့ အိမ်ပဲ။ ပြန်ချင်တဲ့အချိန် ပြန်လာလို့ ရတယ်။ အားမနာနဲ့"
ကျင့်အန်းကုန်းကျူသည် နှာခေါင်း တရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ မူဟုပ်ရဲ့ စကားကို နားထောင်ပါ့မယ်"
ချောင်မိဖုရားခေါင်သည် ကောင်းဖုမာဘက်သို့ လှည့်ကာ သိမ်မွေ့စွာ ပြောလိုက်ပြန်သည်။ "ကျင့်အန်းက ကုန်းကျူ ဖြစ်ပေမယ့် မာနမကြီးဘူး။ ရိုင်းစိုင်းတာမျိုး မရှိဘူး။ နူးညံ့သိမ်မွေ့ပြီး လိမ္မာတယ်။ သူ့ရဲ့ ဖုမာဖြစ်ရတာ မင်းရဲ့ ကံကောင်းမှုပဲ။ မင်းတို့ လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်းချမ်း နေထိုင်ကြပါ။ တကယ်လို့ ကျင့်အန်းသာ ဝမ်းနည်းအောင် လုပ်မိရင် ပန်ကုံးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးနော်"
ကောင်းဖုမာက အလျင်အမြန် ပြုံးကာ ကတိပေးလိုက်သည်။ "မူဟုပ် စိတ်ချပါ။ ကျွန်တော် ကုန်းကျူကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"
...
ကျင့်အန်းကုန်းကျူနှင့် ကောင်းဖုမာ ထွက်ခွာသွားသောအခါ ချောင်မိဖုရားခေါင်က လုမင်ယွိကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ဝါးပုပ်က ဝါးကောင်းထွက်တယ် ဆိုတာ တကယ်ပဲ။ မုန့်ဖေးက ကျင့်အန်းလို သမီးမျိုး မွေးလာတာ အံ့ဩစရာပဲ"
ဟုတ်ပါ့။
မုန့်ဖေးသည် ယခုအချိန်ထိ အချစ်တော်အဖြစ် ဆက်လက် တည်ရှိနေပြီး လီအိမ်တော်တွင် တစ်ဦးတည်းသော အချစ်တော်အဖြစ် နေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကွေ့ဖေး ဖြစ်လာပြီး နှစ်ပေါင်းများစွာ ထင်ပေါ်ကျော်ကြားခဲ့သည်။ ကျင့်အန်းကုန်းကျူကိုလည်း အလိုလိုက်ပြီး မွေးမြူခဲ့သော်လည်း မုန့်ဖေးနှင့် လုံးဝ မတူညီပေ။
လုမင်ယွိက စနောက်လိုက်သည်။ "စိတ်နေစိတ်ထားအရ ပြောရရင် ဟွေ့အန်းဟွမ်ကျဲကမှ မုန့်ဖေးရဲ့ သမီးနဲ့ တူနေသေးတယ်"
ချောင်မိဖုရားခေါင်က ရယ်မောလိုက်သည်။ "ဒီလို ဟာသမျိုးကို ပန်ကုံးရှေ့မှာ ပြောတာ ကိစ္စမရှိပေမယ့် ဟွေ့အန်း ကြားသွားရင်တော့ ပြဿနာတက်တော့မှာ"
လုမင်ယွိက နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်သည်။
ယောက္ခမနှင့် ချွေးမတို့သည် သင့်မြတ်ပြီး ရင်းနှီးကြသဖြင့် ဤကဲ့သို့ စနောက်ကြသော်လည်း မည်သူကမျှ အတည်မယူကြပေ။
ချောင်မိဖုရားခေါင်သည် မုန့်ဖေးကို သတိရသွားပြီး နှာခေါင်းရှုံ့လိုက်လေသည်။ "မုန့်ဖေးက အခုဆိုရင် နေရာတိုင်းမှာ ပန်ကုံးနဲ့ အပြိုင်အဆိုင် လုပ်နေတယ်။ အရှင်မင်းကြီးရဲ့ အားပေးမှုကို ရထားလို့ ပန်ကုံးကို မျက်လုံးထဲတောင် ထည့်တာ မဟုတ်ဘူး"
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားသည်။ "ဒီလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ နောက်ဆုံး ဘယ်လိုရလဒ်မျိုး ရလာမလဲ ဆိုတာ သူ့ကံပဲပေါ့"
ချောင်မိဖုရားခေါင်က နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းစဉ်ပြောင်းကာ တတိယမင်းသားနှင့် ပဉ္စမမင်းသားအကြောင်း ပြောလာသည်။ "နှစ်ဝက်လောက် မတွေ့ရတာ လီဟောက်နဲ့ လီချန် ညီအစ်ကိုနှစ်ယောက်လုံး ပုံစံပြောင်းသွားကြတယ်"
"လီဟောက်က ဉာဏ်နီဉာဏ်နက် ပိုများလာတာ ပြောစရာမလိုပါဘူး။ ဒီနေ့ ပန်ကုံး ကြည့်ရသလောက် သူက နည်းနည်းလေးတောင် မကျေနပ်တဲ့ အရိပ်အယောင် မပြဘဲ အားကျင့်အပေါ်မှာ အရမ်း ရင်းနှီးပြနေတယ်။ လီချန်ကလည်း အရင်ကထက်စာရင် ကြည့်ပျော်ရှုပျော် ဖြစ်လာတယ်"
လုမင်ယွိက ခပ်အေးအေး ပြောလိုက်သည်။ "နောက်ဆိုရင် ပိုပြီး သတိထားရတော့မယ်"
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "ဒီနေ့ အရှင်မင်းကြီးက လီချန်ရဲ့ မင်္ဂလာကိစ္စကို ပြောတော့ လီဟောက်က စောစောကတည်းက အစီအစဉ် ရှိပြီးသားလို့ ပြောတယ်။ ဘာကြောင့်မှန်း မသိဘူး။ ပန်ကုံး စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ လီဟောက်က ဘာတွေ ကြံစည်နေလဲ မသိဘူး"
ထိုအချိန်က စကားဖြတ်ပြောခံလိုက်ရသဖြင့် လီဟောက် ပြောမည့်စကား ဆုံးသွားခြင်း မရှိပေ။ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ထပ်မေးသော်လည်း လီဟောက်က ရှောင်လွှဲသွားခဲ့သည်။ လီဟောက် မည်သည့် အကြံအစည် ရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။
လုမင်ယွိက လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မတို့ အခြေအနေကို အရင် စောင့်ကြည့်ကြတာပေါ့"
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်တော့သည်။ "ဒီလိုပဲ လုပ်ရတော့မှာပေါ့"
…