← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အပိုင်း (၄၇၅) ပရိယာယ် (၁)

ထိုအချိန်တွင် လီဟောက်သည် ဝမ်ဟွားနန်းဆောင်တွင် ရှိနေလေသည်။

ယုံးကျားဧကရာဇ်၏ စားပွဲတော်ပေါ်တွင် ထုံးစံအတိုင်း အစီရင်ခံစာများ ပုံလျက်သား ရှိနေသည်။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသူပီပီ တောင်ပုံရာပုံရှိသော နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသည်။ ယုံးကျားဧကရာဇ်သည် သံနှင့်လုပ်ထားသော လူမဟုတ်သဖြင့် မခံနိုင်သောအခါ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းပြီး တိုင်းပြည်ရေးကိစ္စ အများစုကို လွှဲအပ်ထားခဲ့သည်။ အတိုင်ပင်ခံအဖွဲ့သည် အရေးကြီးသော အစီရင်ခံစာများကို စိစစ်ရွေးချယ်ပြီးမှ အပေါ်သို့ ဆက်သရသည်။

သို့တိုင် ယုံးကျားဧကရာဇ်သည် တစ်နေ့လျှင် အနည်းဆုံး ၆ နာရီခန့် အစီရင်ခံစာများ ဖတ်ရှုစစ်ဆေးရလေသည်။

ယုံးကျားဧကရာဇ်သည် အစီရင်ခံစာများကို ကြည့်ရှုရန် မလောဘဲ လီဟောက်ကို ပြုံးရယ်လျက် ခေါ်လိုက်လေသည်။ "မင်း နန်းတော်ထဲ မဝင်တာ နှစ်ဝက်တောင် ရှိပြီ။ ကျန်း စိတ်ထဲမှာ မင်းကို အမြဲ သတိရနေတာ။ ဒီနား လာခဲ့ပါဦး။ ကျန်း မင်းကို ကြည့်ပါရစေ"

လီဟောက်သည် တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။

ယုံးကျားဧကရာဇ်သည် အပေါ်အောက် စုန်ဆန်ကြည့်ပြီးနောက် ကျေနပ်အားရစွာ ပြောလိုက်လေသည်။ "ကြည့်ရတာ မင်း အရင်ကထက် ပိုကျန်းမာလာသလိုပဲ။ လူကလည်း အများကြီး တည်ငြိမ်လာတယ်"

နာကျင်မှုနှင့် အခက်အခဲများသည် လူတစ်ယောက်ကို ရင့်ကျက်အောင် အကောင်းဆုံး ပျိုးထောင်ပေးနိုင်သည်။

ယခု လီဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အငွေ့အသက်များ မရှိတော့ဘဲ မျက်ဝန်းများကလည်း တည်ငြိမ်လေးနက်နေလေသည်။

လီဟောက်က ပြုံးလျက် ပြန်လျှောက်တင်လိုက်၏။ "သားတော်က နေ့တိုင်း အိမ်တော်ထဲမှာပဲ အနားယူပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ် နေတာဆိုတော့ ကျန်းမာရေး မကောင်းစရာ အကြောင်းမရှိပါဘူး။ ဖုဟွမ်ကသာ နည်းနည်း ပိန်သွားသလိုပဲ"

အဓိက အကြောင်းအရင်းမှာ ဒီနှစ်ဝက်အတွင်း ညတိုင်းလိုလို နောက်နန်းဆောင်သို့ သွားရောက်ခဲ့သဖြင့် "အားအင်ကုန်ခန်းမှု" များပြားခဲ့သောကြောင့်ပင်။

ယုံးကျားဧကရာဇ်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးလျက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "မင်း ကျန်းမာရေး ပြန်ကောင်းလာပြီဆိုတော့ အိမ်တော်ထဲမှာပဲ ပုန်းအောင်းပြီး ပျင်းမနေနဲ့တော့။ မနက်ဖြန်ကစပြီး ညီလာခံတက်၊ တာဝန်ထမ်းဆောင်ပြီး ကျန်းအတွက် ဝန်ထုတ်ဝန်ပိုးတွေ ကူမျှဝေပေးပါဦး"

လီဟောက်က ချက်ချင်း လက်ခံလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ "ဖုဟွမ်... သားတော် စဉ်းစားထားတာက မနက်ဖြန် မူဖေးရဲ့ အုတ်ဂူကို သွားကန်တော့ချင်လို့ပါ"

ကွယ်လွန်သူ စူးဖေးအကြောင်း ပြောလိုက်သည့်အခါ ယုံးကျားဧကရာဇ်သည် အခိုက်တန့် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်လေသည်။ "မနက်ဖြန် ညီလာခံပြီးရင် ကျန်း မင်းနဲ့အတူ လိုက်ခဲ့မယ်"

လီဟောက်၏ မျက်နှာတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။ "သားတော် ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"

"သားအဖတွေပဲ။ လွတ်လွတ်လပ်လပ် ပြောကြတာပေါ့။ ကျေးဇူးတင်စကားတွေ ပြောနေတာ မင်း မောမနေပေမယ့် ကျန်း နားထောင်ရတာ မောလှပြီ" ယုံးကျားဧကရာဇ်က ပြုံးလျက် စနောက်လိုက်သည်။

လီဟောက်လည်း ပြုံးလိုက်ပြီး "ကောင်းပါပြီ။ ဒါဆို သားတော် လွတ်လွတ်လပ်လပ်ပဲ နေပါ့မယ်။ စည်းကျော်တာတွေ ပါသွားရင် ဖုဟွမ် ခွင့်လွှတ်ပေးပါဦး"

ယုံးကျားဧကရာဇ်က ရယ်မောရင်း မေးလိုက်သည်။ "ဒါနဲ့ စောစောက အားချန်ရဲ့ မင်္ဂလာကိစ္စကို ပြောတော့ မင်းက အစီအစဉ် ရှိပြီးသားလို့ ပြောတယ်နော်။ ဘယ်လို အစီအစဉ်တွေလဲ။ ကျန်းကို ပြောပြပါဦး"

လီဟောက်က ပြုံးလိုက်သည်။ "သားတော် အားချန်အတွက် သတို့သမီးလောင်း တစ်ယောက် ရှာတွေ့ထားပါတယ်။ ဖုဟွမ်ကို အမိန့်တော်ပြန်တမ်း ထုတ်ပေးဖို့ လျှောက်တင်မလို့ပါ"

ယုံးကျားဧကရာဇ်က စိတ်ဝင်တစား မေးလိုက်လေသည်။ "ဘယ်အိမ်က မိန်းကလေးလဲ" လီဟောက် မဖြေမီ သူက ဆက်ပြောလိုက်သည်။ "မင်းရဲ့ ညီမဝမ်းကွဲတော့ မဟုတ်ပါဘူးနော်"

စူးဖေး၏ မောင်ဘက်တွင် လှပသော တူမတစ်ယောက် ရှိသည်။ ယခင်က စူးဖေး ခဏခဏ ပြောဖူးသည်။ စူးရော့ဟု ခေါ်ပုံရသည်။ အသက်အရွယ်က လီချန်နှင့် မတိမ်းမယိမ်းပင်။

စူးရော့၏ မျိုးရိုးနိမ့်ကျသော်လည်း ကွယ်လွန်သူ စူးဖေး၏ မျက်နှာကို ထောက်ထားပြီး စူးမိသားစုထဲမှ မင်းသားကြင်ရာတော် တစ်ယောက် ပေါ်ထွက်လာစေခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

လီဟောက်ကတော့ ချက်ချင်း ငြင်းဆိုလိုက်သည်။ "ဖုဟွမ် ထင်တာ မှားနေပါပြီ။ စူးပြောင်မေ့ မဟုတ်ပါဘူး။ သားတော်က ဝူတိအတွက် ရှင်းယန်ဝမ်ရဲ့ မွေးစားသမီး၊ လုမိသားစုရဲ့ ပဉ္စမသခင်မလေးကို ရည်မှန်းထားပါတယ်"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားလေသည်။ "မင်း ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောစမ်း"

လီဟောက်က အသာပြုံးလိုက်သည်။ "ဖုဟွမ် အံ့ဩသွားမယ်ဆိုတာ သားတော် သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို သားတော် အကြိမ်ကြိမ် စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ"

"ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီး စစ်သူကြီး တစ်ယောက်ပါ။ စစ်အောင်ပွဲတွေလည်း မရေမတွက်နိုင်အောင် ရခဲ့ဖူးတယ်။ အခု ရှင်းယန်တပ်ဖွဲ့က စစ်သားသစ်တွေ စုဆောင်းနေပြီး စစ်သည်အင်အား တစ်သိန်းအထိ တိုးချဲ့နေတယ်။ ရှင်းယန်ဝမ်ရဲ့ အရည်အချင်းနဲ့ဆိုရင် နှစ်နှစ်အတွင်းမှာ ပြိုင်ဘက်ကင်း တပ်မတော်ကြီးတစ်ခု ဖြစ်လာမှာပါ"

"ဒီမှာက သားအဖနှစ်ယောက်တည်း ရှိတာဆိုတော့ သားတော် ရင်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါရစေ။ သားတော် ဝူတိအတွက် ပဉ္စမသခင်မလေးလုကို တောင်းရမ်းပေးချင်တာက ပထမအချက်အနေနဲ့ ဝူတိအတွက် ယောက္ခမကောင်း တစ်ယောက် ရှာပေးချင်လို့ပါ။ နောင်တစ်ချိန်မှာ ရှင်းယန်ဝမ်ရဲ့ ကာကွယ်မှုအောက်မှာ အချိန်တိုင်း၊ နေရာတိုင်း၊ ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ဝူတိ ဘေးကင်းလုံခြုံနေမှာပါ"

ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး လီဟောက်ကို စူးစိုက်ကြည့်လိုက်သည်။ "ကျန်း ရှိနေသရွေ့ မင်းတို့ ညီအစ်ကိုတွေကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ မင်း ပြောတာတွေက အဓိပ္ပာယ်မရှိလိုက်တာ"

လီဟောက်က သက်ပြင်းချလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သားတော်က မူဖေးသေဆုံးရတာ သူ့အပြစ်နဲ့သူမို့လို့ အာ့ကောကို အပြစ်မတင်ဘူး၊ အာ့စောင်နဲ့ မူဟုပ်ကိုလည်း အပြစ်မတင်ဘူးလို့ ပြောရင် ဖုဟွမ်က ယုံမှာပါ။ ဒါပေမဲ့ အာ့ကော၊ အာ့စောင်နဲ့ မူဟုပ်တို့ကတော့ သားတော်ကို အပြည့်အဝ ယုံကြည်ချင်မှ ယုံကြည်ကြမှာပါ"

"သူတို့ သားတော်ကို သတိထားပြီး ဆက်ဆံတာ ဂရုမစိုက်ပါဘူး။ ခရီးဝေး နှင်မှ မြင်းကောင်းမှန်း သိသာသလို၊ အချိန်ကြာမှ လူ့စိတ်ကို သိနိုင်တာပါ။ တစ်နေ့ကျရင် သားတော် လီဟောက်က သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူးဆိုတာ သူတို့ သိလာမှာပါ"

"ဝူတိက ပဉ္စမသခင်မလေးလုကို လက်ထပ်ပြီး အာ့ကောနဲ့ မယားညီအစ်ကိုတွေ ဖြစ်သွားရင် ပိုပြီး ရင်းနှီးသွားကြမှာပါ။ ဒီလိုဆိုရင် အာ့ကောနဲ့ အာ့စောင်တို့ရဲ့ စိတ်ထဲက အဖုအထစ်တွေကိုလည်း ဖြေဖျောက်ပေးနိုင်မှာပါ"

"နောက်ပြီး လုမိသားစုက ဂုဏ်သိက္ခာရှိတဲ့ မိသားစုပါ။ အာ့စောင်ကို ကြည့်ရင် သိနိုင်ပါတယ်။ ဝူတိက လုမိသားစုရဲ့ သမီးကို ဇနီးအဖြစ် ရခဲ့ရင် သူ့အတွက် ကံကောင်းမှုပါပဲ။ ဒါက ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပါပဲ။ ဖုဟွမ် ဖြည့်ဆည်းပေးပါလို့ တောင်းဆိုချင်ပါတယ်"

ပြောပြီးသည်နှင့် ဒူးထောက်ချလိုက်ပြီး ရိုးသားပွင့်လင်းသော မျက်နှာထားဖြင့် သစ္စာဆိုလိုက်လေသည်။ "သားတော် ဒီနေရာမှာ ဖုဟွမ်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ တကယ်လို့ သားတော်က အာ့ကောနဲ့ အာ့စောင်အပေါ် မကျေနပ်ချက်တွေ ထားရှိပြီး မရိုးသားတဲ့ စိတ်ဓာတ်တွေ ရှိနေခဲ့ရင် မြားတစ်စင်းတည်းနဲ့ ရင်ဘတ်ကို ဖောက်ပြီး သေဆုံးရပါစေသား"

ယုံးကျားဧကရာဇ်သည် မျက်ခုံးမွေးထူထူများကို တွန့်ချိုးလိုက်ပြီး အချိန်အတော်ကြာမှ ပြောလိုက်လေသည်။ "မင်း အရင် ထပါဦး"

လီဟောက်သည် ဆက်လက် ဒူးထောက်မနေဘဲ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

"ဒီကိစ္စကို မင်း အားချန်နဲ့ တိုင်ပင်ပြီးပြီလား" ယုံးကျားဧကရာဇ်က လေးနက်စွာ မေးလိုက်သည်။

လီဟောက်က ခေါင်းခါလိုက်သည်။ "မတိုင်ပင်ရသေးပါဘူး။ ဖုဟွမ် သဘောတူမှ သူ့ကို ပြောပြမလို့ပါ။ ဝူတိက အမြဲတမ်း လိမ္မာတယ်။ သားတော်က သူ့အတွက် ဒီလို မင်္ဂလာပွဲကောင်းကို တောင်းဆိုပေးတာ သူ သေချာပေါက် သဘောကျမှာပါ"

ယုံးကျားဧကရာဇ်သည် မျက်နှာတည်သွားပြီး အတွေးများနေကာ လီဟောက်ကို စူးစူးရဲရဲ ကြည့်နေလိုက်သည်။

သူ၏ စူးရှသော မျက်လုံးများဖြင့်ပင် လီဟောက်၏ တည်ငြိမ်သော မျက်နှာအောက်မှ အမှန်တကယ် တွေးတောနေသည်များကို ထိုးဖောက်မမြင်နိုင်ပေ။

လီဟောက် ပြောတာတွေ အကုန် အမှန်တွေလား။

သူက မိခင်ကို သတ်တဲ့ အမုန်းတရားကို တကယ်ပဲ မေ့ပစ်နိုင်လို့လား။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသူ တစ်ယောက်အနေနဲ့ သူက အိမ်ရှေ့စံ နန်းဆောင် လှုပ်ခတ်ပြီး လူတွေ စိတ်မငြိမ်မသက် ဖြစ်မှာကို မလိုလားဘူး။ ဖခင်တစ်ယောက် အနေနဲ့လည်း သားအချင်းချင်း ရန်ငြိုးဖွဲ့ပြီး သတ်ဖြတ်ကြမှာကို ပိုပြီး မလိုလားဘူး။

ဒီနှစ်ဝက်အတွင်း သူက အလယ်နန်းဆောင်ကို ဖိနှိပ်ပြီး အရှေ့နန်းဆောင်ရဲ့ အင်အားကို လျှော့ချခဲ့တာက တစ်ဝက်လောက်က စိတ်ထဲက ဒေါသကို ဖြေဖျောက်ချင်လို့။ နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရင်းကတော့ လီဟောက်နဲ့ လီချန် ညီအစ်ကိုနှစ်ယောက်အတွက် တရားမျှတမှု ပေးချင်လို့။

ညီအစ်ကိုနှစ်ယောက် တစ်သက်လုံး မတွေ့ဘဲ နေလို့မှ မရတာ။ နှစ်ဝက်လောက် အချိန်ယူပြီး လီကျင့်နဲ့ လီဟောက် ပြန်တွေ့ကြတဲ့အခါ နှစ်ယောက်လုံး အဆင်ပြေပြေ ရှိကြတာ တွေ့ရတယ်။ စိတ်ဆတ်တဲ့ လုမင်ယွိတောင်မှ အများကြီး သည်းခံလာတာ တွေ့ရတယ်။

ဒါတွေအားလုံးက သူ မြင်ချင်တဲ့ အရာတွေချည်းပဲ။

အခု လီဟောက်က လီချန်ကို လုမိသားစုရဲ့ သမီးနဲ့ လက်ထပ်ပေးပြီး ရန်ငြိုးတွေကို ဖြေဖျောက်ချင်တယ် ဆိုတော့ သေချာစဉ်းစားကြည့်ရင် တကယ်တော့ ကောင်းတဲ့ကိစ္စပါပဲ...

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။ "ဒီကိစ္စကို ကျန်း ရက်နည်းနည်းလောက် စဉ်းစားပါရစေဦး။ မင်း အခုလောလောဆယ်တော့ အသံမထွက်နဲ့ဦး"

လီဟောက်က လက်သီးဆုပ်ကာ အရိုအသေပြုရင်း လက်ခံလိုက်သည်။

...

လီဟောက်သည် ဝမ်ဟွားနန်းဆောင်တွင် ညနေခင်း တစ်ခုလုံး နေခဲ့ပြီး ညရောက်သောအခါ ယုံးကျားဧကရာဇ်နှင့်အတူ ညစာသုံးဆောင်ကာ မိုးချုပ်မှ အိမ်တော်သို့ ပြန်ခဲ့လေသည်။

"သမီးတော်က ဖုဝမ်ကို ဂါရဝပြုပါတယ်" ကျန်းအာသည် သေချာသင်ကြားထားသဖြင့် ဂါရဝပြုပုံမှာ စနစ်ကျလှသည်။

လီဟောက်က ပြုံးလျက် သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ထမင်းစားပြီးပြီလား"

ကျန်းအာက လိမ္မာစွာ ခေါင်းညိတ်ပြသည်။ "စားပြီးပါပြီ"

မုန့်ယွင်လော်က ပြုံးလျက် ပြောလိုက်သည်။ "ကျန်းအာက ရှင်နဲ့အတူ ထမင်းစားရတာ အကျင့်ဖြစ်နေပြီ။ ဒီည ရှင် မရှိတော့ သူက နှုတ်ခမ်းဆူပြီး မပျော်မရွှင် ဖြစ်နေတာ"

လီဟောက်က ပြုံးလိုက်ပြီး သမီးကို နူးညံ့စွာ ချော့လိုက်သည်။ "နောက်ဆိုရင် ဖေဖေ အတတ်နိုင်ဆုံး စောစောပြန်လာပြီး သမီးနဲ့အတူ ညစာစားမယ်နော်"

ကျန်းအာက ပျော်ရွှင်စွာဖြင့် ဟုတ် ဟု ထူးလိုက်လေသည်။

မုန့်ယွင်လော်၏ ရင်ထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံလာပြီး ရှေ့သို့တိုးကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်နျန် ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။ "အရှင်မင်းသား... ပဉ္စမမင်းသား ရောက်နေပါတယ်"

လီဟောက်က မျက်ခုံးပင့်လိုက်သည်။ "သူ့ကို စာကြည့်ဆောင်မှာ စောင့်ခိုင်းလိုက်"

...

အပိုင်း (၄၇၆) ပွင့်လင်းသော ပူးပေါင်းကြံစည်မှု (၂)

လီချန်သည် တတိယမင်းသားအိမ်တော်၌ နေထိုင်ခဲ့သည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း အစ်ကိုဖြစ်သူက သူ့ကို စာကြည့်ဆောင်သို့ ဆွဲခေါ်ကာ စာဖတ်ခိုင်းလေ့ရှိသဖြင့် စာကြည့်ဆောင်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေလေသည်။

သူသည် စာကြည့်ဆောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေပြီး ပူပြင်းသော ဒယ်အိုးပြားထက်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

"မင်း ငါ့ကို အရေးတကြီး ရှာနေတာ ဘာကိစ္စရှိလို့လဲ" လီဟောက်၏ အသံသည် တံခါးပေါက်ဝဆီမှ ထွက်ပေါ်လာခဲ့လေသည်။

လီချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး လမ်းဆက်မလျှောက်တော့ဘဲ ရှေ့သို့ ချက်ချင်း ပြေးထွက်သွားလိုက်သည်။ "စန်းကော! ဒီနေ့ ဖုဟွမ်ကို ပြောခဲ့တဲ့စကားကို အစ်ကို မှတ်မိသေးတယ်မလား။ ကျွန်တော့်အတွက် ဘယ်အိမ်က မိန်းကလေးကို တောင်းရမ်းပေးမှာလဲ"

လီဟောက်သည် စကားပြန်ပြောရန် မလောဘဲ စာကြည့်ဆောင်ထဲသို့ အရင်ဝင်ကာ တံခါးကို သေချာပိတ်လိုက်လေသည်။ ထို့နောက် ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။

လီချန်သည် ဆူပူဆုံးမခံရသည်မှာ အကျင့်ပါနေပြီဖြစ်၍ လိမ်လိမ်မာမာပင် လျှောက်သွားပြီး လီဟောက်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။ လီဟောက်သည် သူ့ထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေလျှင်ပင် သူ့ကို စီးမိုးကြည့်ရှုနိုင်လေသည်။ "မင်း အရင်ဆုံး ခန့်မှန်းကြည့်ပါဦး"

ဤနှစ်ဝက်အတွင်းတွင် လီဟောက်သည် လီချန်ကို ပြုပြင်သွန်သင်ရန် စိတ်အများကြီး နှစ်ထားခဲ့သည်။ စာပေနှင့် သိုင်းပညာ သင်ကြားပေးသည်သာမက လူနေမှုဘဝနှင့် အလုပ်လုပ်ကိုင်ပုံများကိုပါ အချိန်တိုင်း သင်ကြားပေးခဲ့လေသည်။ လီချန်သည် များစွာ တိုးတက်လာခဲ့ပြီး အစ်ကိုဖြစ်သူ၏ မေးခွန်းကို ကြားသည်တွင် လေးလေးနက်နက် စဉ်းစားပြီးမှ ပြောလိုက်တော့သည်။ "ကျွန်တော် ထင်တာကတော့ စန်းကောက ကျွန်တော့်အတွက် စစ်သူကြီးမျိုးနွယ်က သခင်မလေးတစ်ယောက်ကို သေချာပေါက် တောင်းရမ်းပေးမယ် ထင်တယ်"

"ပထမအချက်က မင်းသားကြင်ရာတော်တွေ အားလုံးက စစ်သူကြီးမျိုးနွယ်က ဆင်းသက်လာကြပြီး မိခင်ဘက်က ဆွေမျိုးအင်အား တောင့်တင်းကြတယ်။ ကျွန်တော့်ရဲ့ အနာဂတ် မင်းသားကြင်ရာတော်ရဲ့ ဆွေမျိုးဂုဏ်ဒြပ်ကလည်း နိမ့်ကျလွန်းလို့ မဖြစ်ဘူးလေ"

"ဒုတိယအချက်က စန်းကောက တနေ့ကျရင် အိမ်ရှေ့စံအိမ်တော်နဲ့ ထိပ်တိုက်တွေ့ရမှာပဲလေ။ လက်ထပ်ထိမ်းမြားခြင်းကို အကြောင်းပြုပြီး နန်းတွင်းက အရေးပါတဲ့ ဝန်ကြီးတွေကို စည်းရုံးထားဖို့ကလည်း လိုအပ်တယ်"

လီဟောက်၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တို့ ဖြတ်သန်းသွားပြီး ချီးကျူးစကား ဆိုလိုက်လေသည်။ "တကယ်ပဲ တိုးတက်လာတာပဲ"

လီချန်သည် ချီးကျူးခံလိုက်ရသဖြင့် ရင်ထဲတွင် ပန်းများပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး ပါးစပ်ဖြဲကာ ပြုံးလိုက်တော့သည်။ "စန်းကောကလည်း ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်မနေပါနဲ့တော့။ ဘယ်အိမ်က မိန်းကလေးလဲဆိုတာ မြန်မြန် ပြောပြပါတော့"

လီဟောက်က နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး စကားလုံးအနည်းငယ် ပြောလိုက်လေသည်။ "ရှင်းယန်ဝမ်အိမ်တော်က ပဉ္စမသခင်မလေး"

လီချန် "..."

လီချန်၏ အပြုံးသည် နှုတ်ခမ်းထောင့်တွင် တောင့်တင်းသွားပြီး မကြီးမားလှသော မျက်လုံးအစုံသည် ရုတ်တရက် ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ အပြည့် ဖြစ်သွားတော့သည်။ "စန်းကော! အစ်ကို ကျွန်တော့်ကို နောက်နေတာ မဟုတ်ပါဘူးနော်"

"ဒီလောက် အရေးကြီးတဲ့ကိစ္စကို ငါက ဘယ်လိုလုပ် နောက်ရမှာလဲ" လီဟောက်က လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ နေ့လယ်က ဝမ်ဟွားနန်းဆောင်မှာ ဖုဟွမ်ကို ပြောခဲ့ပြီးပြီ။ ဖုဟွမ်က ရက်အနည်းငယ်လောက် စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ ပြောတယ်"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လီချန်သည် စိတ်လောသွားပြီး နဖူးပေါ်တွင် ချွေးများပင် စို့လာတော့သည်။ "လုမင်ယွိက ရှင်းယန်ဝမ်ရဲ့ အသည်းနှလုံးလေ။ လုအိမ်တော်က မွေးထားတဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေကိုတောင် သူ့ကို ပေးလိုက်တာ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ရှင်းယန်စစ်တပ်ထဲက အတော်ဆုံးစစ်သည်တွေကို ထုတ်နှုတ်ပြီး လုမင်ယွိရဲ့ လယ်ယာမြေဆီ ပို့လိုက်သေးတယ်။ လုအိမ်တော်က အထက်အောက် အားလုံး အိမ်ရှေ့စံအိမ်တော်ကိုပဲ စိတ်အားထက်သန်စွာ ထောက်ခံကြတာ။ ကျွန်တော်က ပဉ္စမသခင်မလေးလုကို လက်ထပ်ပြီး ခေါ်လာရင်တောင် လုအိမ်တော်က လမ်းကြောင်းပြောင်းပြီး ကျွန်တော်တို့ ညီအစ်ကိုကို ထောက်ခံမှာ မဟုတ်ဘူး"

"ဒါ့အပြင် လုမင်ယွိက မူဖေးကို ကိုယ်တိုင် သတ်ခဲ့တာလေ။ ကျွန်တော်တို့နဲ့ သူနဲ့က သေမှကျေမဲ့ ရန်ငြိုးရှိတယ်။ ကျွန်တော်က ဘယ်လိုလုပ် သူ့ရဲ့ညီမကို လက်ထပ်လို့ရမှာလဲ။ မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး"

လီချန်၏ ဒေါသထွက်ပြီး စိတ်ပျက်အားငယ်နေမှုနှင့် ယှဉ်လျှင် လီဟောက်ကတော့ တည်ငြိမ်အေးဆေးနေလေသည်။ "ဘာလို့ မဖြစ်ရမှာလဲ။ ဘယ်သူက ငါတို့နဲ့ ထိုက်ဇီဖေးက သေမှကျေမဲ့ ရန်သူတွေလို့ ပြောလို့လဲ။ မင်း ပဉ္စမသခင်မလေးလုကို လက်ထပ်ပြီးတာနဲ့ ငါတို့နဲ့ လုအိမ်တော်က ခမည်းခမက်တွေ ဖြစ်သွားပြီ။ မင်းနဲ့ အာ့ကောက ညီအစ်ကိုတွေရော မယားညီအစ်ကိုတွေပါ ဖြစ်သွားပြီး ဘယ်လောက်တောင် ရင်းနှီးသွားလိုက်မလဲ"

"နောက်ဆိုရင် မူဖေးအကြောင်း ထပ်မပြောနဲ့တော့။ ပြီးတော့ သေမှကျေမဲ့ ရန်ငြိုးဆိုတဲ့ စကားမျိုးလည်း ထပ်မပြောနဲ့တော့"

"ရန်ဘက်ကနေ မိတ်ဆွေဖွဲ့ပြီး ညီအစ်ကိုတွေ သင့်မြတ်ကြတာ။ အဲဒါကမှ ဖုဟွမ် အမြင်ချင်ဆုံး အရာပဲ"

စကားဆုံးသည်နှင့် သူသည် လီချန်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်လေသည်။

ထိုအကြည့်သည် ရေခဲရေဖြင့် ခေါင်းမှနေ၍ လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

လီချန်၏ ရင်ထဲမှ ဒေါသမီးသည် ချက်ချင်း ငြိမ်းသွားတော့သည်။ လူတစ်ကိုယ်လုံးလည်း တည်ငြိမ်သွားတော့၏။

သူတို့ညီအစ်ကို၏ လက်ရှိအင်အားဖြင့်ဆိုလျှင် လက်စားချေဖို့ မပြောနှင့် တည်ငြိမ်စွာ အသက်ရှင်ဖို့ပင် မလွယ်ကူလှချေ။ မူဖေး၏ အကာအကွယ် မရှိတော့ဘဲ အင်အားကြီးမားသော အိမ်ရှေ့စံအိမ်တော်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့ အားကိုးနိုင်သည်မှာ ယုံးကျားဧကရာဇ် တစ်ပါးတည်းသာ ရှိလေသည်။

လီချန်သည် ဒီကိစ္စကို ခေါက်တုံ့ခေါက်ပြန် တွေးတောပြီးနောက် အံကိုကြိတ်ကာ ရက်ရက်စက်စက် ဆုံးဖြတ်လိုက်တော့သည်။ "ထားလိုက်ပါတော့လေ။ ဖုဟွမ် ပျော်ရွှင်မယ်ဆိုရင် လက်ထပ်ဆိုလည်း လက်ထပ်လိုက်ပါ့မယ်"

လီဟောက်၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် မင်းစိတ်ထဲမှာ အသိတရား ရှိရင် ပြီးတာပါပဲ။ ဒီကိစ္စက အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ အခုချိန်မှာ ပြောဖို့စောပါသေးတယ်။ ဖုဟွမ်က ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ ငါ့ကို မှာထားတယ်"

"မနက်ဖြန် ငါတို့ မူဖေးရဲ့ ဂူသင်္ချိုင်းကို သွားကန်တော့ကြမယ်။ ဖုဟွမ်လည်း အတူတူ လိုက်လာလိမ့်မယ်။ မင်း ဖုဟွမ်ရဲ့ ရှေ့မှောက်ရောက်ရင် စကားပြောတာ အထူးသတိထားရမယ်။ တကယ်လို့ နားမလည်ရင် စကားနည်းနည်းပဲ ပြော"

လီချန်သည် အစ်ကိုဖြစ်သူ၏ စကားကို အမြဲတမ်း နားထောင်လေ့ရှိသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

လီဟောက်က လီချန်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေသည်။ "မင်းက အမြဲတမ်း ဆွေမျိုးဂုဏ်ဒြပ်မြင့်မားပြီး ရုပ်ရည်ချောမောတဲ့အပြင် ဥစ္စာပစ္စည်း ကြွယ်ဝတဲ့ မင်းသားကြင်ရာတော်ကို လိုချင်နေခဲ့တာ မဟုတ်ဘူးလား။ ပဉ္စမသခင်မလေးလုရဲ့ တစ်ခုတည်းသော အားနည်းချက်က ရှင်းယန်ဝမ်ရဲ့ မွေးစားသမီး ဖြစ်နေတာပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံးက မင်းစိတ်ထဲက မျှော်လင့်ချက်တွေနဲ့ ကိုက်ညီနေတာပဲလေ။ မင်းမှာ မကျေနပ်စရာ ဘာရှိသေးလို့လဲ"

လုမင်ယွဲ့သည် အိမ်ရှေ့စံအိမ်တော်သို့ မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး လီချန်လည်း သူမကို ကြိမ်ဖန်များစွာ မြင်ဖူးလေသည်။

ထိုလှပပြီး ကျက်သရေရှိသော မိန်းမပျိုလေးကို တွေးမိသည်နှင့် လီချန်၏ ရင်ထဲတွင် ပူနွေးသွားပြီး ဖောင်းအစ်နေသော မျက်နှာတွင် အနီရောင်သမ်းသွားတော့သည်။ "စန်းကောက ကျွန်တော့်အတွက် စဉ်းစားပေးတာ အရမ်းပြည့်စုံပါတယ်။ ကျွန်တော် စန်းကော ပြောတဲ့အတိုင်း နားထောင်ပါ့မယ်"

လီဟောက်က ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် မှာကြားလိုက်ပြန်သည်။

လီချန်သည် နားစွင့်ကာ နားထောင်နေပြီး မကြာခဏ ခေါင်းညိတ်လိုက်လေသည်။

...

နောက်တစ်နေ့တွင် လီဟောက်နှင့် လီချန်တို့သည် ကျင်းလွမ်နန်းဆောင်သို့ ရောက်ရှိလာကြ၏။

လီကျင့်က ပြုံးရွှင်စွာဖြင့် သူတို့ကို နှုတ်ဆက်စကား ဆိုလေသည်။ ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း အနားသို့ ရောက်ရှိလာကြ၏။ ညီအစ်ကို ငါးယောက်သည် တစ်နေရာတည်းတွင် အတူတကွ ရပ်လျက် စကားပြောဆို ရယ်မောနေကြပြီး ကြည်နူးဖွယ်ရာ အသွင်ဆောင်နေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝန်ကြီးများ၏ စိတ်ထဲတွင်တော့ ကိုယ်စီ တွက်ချက်မှုများ ရှိနေကြလေသည်။

ယနေ့သည် ညီလာခံကြီး ကျင်းပသောနေ့ဖြစ်သဖြင့် အရပ်ဘက် အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ စုံညီစွာ ရောက်ရှိနေကြသည်။ ရှင်းယန်ဝမ်လုလင်း၊ ကွမ်းပင်းနယ်စားနှင့် ဖူယန်နယ်စားတို့သည် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ရှေ့ဆုံးတန်းတွင် ရပ်နေကြသည်။ အရပ်ဘက် အရာရှိများဘက်တွင်တော့ ချောင်ကောလောင်က ဦးဆောင်လျက် ဝန်ကြီးဌာနခြောက်ခုမှ ဝန်ကြီးများသည် အစဉ်လိုက် ရပ်နေကြလေသည်။

အရှင်မင်းကြီး ညီလာခံသို့ မရောက်လာသေးသဖြင့် အမတ်များသည်လည်း စည်းကမ်းတင်းကျပ်မနေဘဲ သုံးဦးတစ်စု ငါးဦးတစ်စု စုဝေးကာ စကားပြောဆိုနေကြသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးကောင်းသည် လူအများ၏ ဝိုင်းဝန်းစနောက်ခြင်းကို ခံနေရလေသည်။

"ဝန်ကြီးကောင်းက ကုန်းကျူ ချွေးမတော်တစ်ယောက် တိုးလာပြီဆိုတော့ နောက်ဆိုရင် အရှင်မင်းကြီးရဲ့ ခမည်းခမက် ဖြစ်သွားပြီပေါ့"

"ဟုတ်တာပေါ့။ ကျွန်တော်တို့တွေ ဝန်ကြီးကောင်းကို သေချာ ဂုဏ်ပြုပေးရမယ်"

ဝန်ကြီးကောင်းက တဟင်းဟင်း ရယ်မောကာ ပြောလိုက်လေသည်။ "ဒီလောက်ကြီး မဝံ့ကြွားရဲပါဘူး။ ကောင်းမိသားစုက ကုန်းကျူကို လက်ထပ်ခွင့်ရတာ ကောင်းမိသားစု တစ်ခုလုံးရဲ့ မင်္ဂလာကိစ္စပါ"

စစ်သူကြီးများ၏ ရာထူးဂုဏ်ဒြပ်များသည် မျိုးဆက်အလိုက် လက်ဆင့်ကမ်း အမွေဆက်ခံနိုင်လေသည်။ အရပ်ဘက် အရာရှိများတွင်တော့ ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိချေ။ ရာထူးမှ အနားယူလိုက်သည်နှင့် အမြင့်ဆုံး အသိုင်းအဝိုင်းမှ ချက်ချင်း ပြုတ်ကျသွားမည် ဖြစ်ကာ ချောင်အိမ်တော်ပင်လျှင် ချွင်းချက်မရှိပေ။

ထိုက်ဇီဖေး အပါအဝင် မင်းသားကြင်ရာတော် အားလုံးသည် စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် စစ်သူကြီးအသိုင်းအဝိုင်းသည် အမတ်များအားလုံး၏ အထက်တွင် ရောက်ရှိနေကြခြင်း ဖြစ်လေသည်။

ကောင်းမိသားစုမှ ဖုမာတစ်ယောက် ထွက်ပေါ်လာပြီး တော်ဝင်မိသားစုနှင့် ဆွေမျိုးစပ်လိုက်ရသည်။ နောင်တွင် ကျင့်အန်းကုန်းကျူ မွေးဖွားလာမည့် ကလေးသည် ကောင်းမျိုးရိုး ဖြစ်မည့်အပြင် တရားဝင်သားကြီးသည် ရာထူးဆက်ခံခွင့် ရရှိမည်ဖြစ်သည်။ ဤကဲ့သို့သော ကောင်းကွက်များကို အရပ်ဘက် အရာရှိ အမတ်များက မည်သို့ အားမကျဘဲ နေနိုင်ပါမည်နည်း။

"အရှင်မင်းကြီး ကြွချီလာပါပြီ"

လျိုကုန်းကုန်း၏ အသံစူးစူးက ထွက်ပေါ်လာခဲ့လေသည်။

အမတ်များ အားလုံးသည် ချက်ချင်း မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ယှက်ပြီး အရိုအသေ ပြုလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားသော ယုံးကျားဧကရာဇ်သည် ကျားကဲ့သို့ လျှောက်လှမ်းကာ ကျင်းလွမ်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ နဂါးပလ္လင်ထက်တွင် ထိုင်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် မိန့်ကြားလိုက်လေသည်။ "အားလုံး ထကြ"

အမတ်များသည် ကျေးဇူးတင်စကား ဆိုပြီးနောက် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။

ယုံးကျားဧကရာဇ်၏ အကြည့်သည် လီကျင့်နှင့် လီဟောက် ညီအစ်ကိုတို့အပေါ် ဖြတ်သန်းသွားပြီး မကြာမီ အမတ်များ၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။ "အမတ်မင်းတို့ လျှောက်တင်စရာ ဘာကိစ္စများ ရှိကြသလဲ"

ချောင်ကောလောင်သည် ရှေ့ဆုံးမှ ထွက်လာပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သော နန်းတွင်းအရေးကိစ္စများကို လျှောက်တင်လေသည်။

ညီလာခံကြီးသည် နေ့ဝက်ခန့် ကြာမြင့်ခဲ့လေသည်။

ညီလာခံ ပြီးဆုံးသွားသောအခါ ယုံးကျားဧကရာဇ်သည် လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ဦးကို ချန်ထားရစ်ခဲ့၏။

ပထမမင်းသား၏ စိတ်ထဲတွင် မနာလိုဝန်တိုစိတ်များ ပြင်းထန်လျက်ရှိပြီး စတုတ္ထမင်းသားကို ပြောလိုက်လေသည်။ "ကြည့်ပါဦး။ အခုတော့ စန်းတိကမှ ဖုဟွမ်ရဲ့ အသည်းနှလုံး ဖြစ်နေပြီ။ ထိုက်ဇီတောင်မှ စန်းတိလောက် မျက်နှာသာ မရတော့ဘူး"

စတုတ္ထမင်းသားက တဟဲဟဲ ရယ်မောလိုက်လေသည်။ "အရင်တုန်းက သာ့ကောက မျက်နှာသာ အပေးခံရဆုံးပဲ။ နောက်တော့ အာ့ကော ဖြစ်သွားတယ်။ အခုတော့ စန်းကော ဖြစ်သွားပြန်ပြီ။ ဒီလိုပုံစံအတိုင်း တွက်ကြည့်မယ်ဆိုရင် မကြာခင် ကျွန်တော့်အလှည့် ရောက်တော့မှာပေါ့"

ပထမမင်းသား "..."

...

အပိုင်း (၄၇၇) ပွင့်လင်းသော ပူးပေါင်းကြံစည်မှု (၃)

စတုတ္ထမင်းသား၏ စပ်ဖြဲဖြဲ အမူအရာကို ကြည့်ပြီး ပထမမင်းသားသည် အလွန်အမင်း စိတ်ပျက်သွားသဖြင့် တံတွေးထွေးပစ်ချင်စိတ်ကို အနိုင်နိုင် ချုပ်တည်းထားရလေသည်။ ထို့နောက် အပေါ်ယံ အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်လေသည်။ "မင်းပြောတာ နားထောင်ကြည့်တော့လည်း ဟုတ်သလိုလိုပဲ။ အဲဒီနေ့ ရောက်လာမှာကို ငါစောင့်နေမယ်"

စတုတ္ထမင်းသားက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြုံးလိုက်လေသည်။ "သာ့ကော စိတ်ချပါ။ အဲဒီလိုနေ့မျိုး တကယ်ရောက်လာရင် ကျွန်တော်က စတုတ္ထညီ တစ်ယောက်အနေနဲ့ သာ့ကောကို လက်တွဲကူညီပေးဖို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

ပထမမင်းသား "..."

လောကကြီးထဲမှာ ဒီလောက်တောင် မျက်နှာပြောင်တိုက်တဲ့ကောင် ရှိသေးတာလား။

ပထမမင်းသားသည် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ဒါဆိုရင် စစ်တိကို အရင်ဆုံး ကျေးဇူးတင်လိုက်ပါတယ်"

စတုတ္ထမင်းသားသည် ပထမမင်းသားကို အောင်မြင်စွာ စိတ်အနှောင့်အယှက် ပေးနိုင်ခဲ့သဖြင့် ပါးစပ်ဖြဲကာ အလွန် ပျော်ရွှင်စွာ ရယ်မောလိုက်တော့သည်။ "ကျွန်တော်တို့က ညီအစ်ကိုအရင်းတွေပဲလေ။ အချင်းချင်း ကူညီစောင့်ရှောက်တာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ သာ့ကော ကျွန်တော့်ကို လိုအပ်တဲ့နေရာရှိရင် ဘာမဆို ပြောလို့ရတယ်။ ကျွန်တော်လည်း သာ့ကောကို အားနာနေမှာ မဟုတ်ဘူး"

ပထမမင်းသားသည် မျက်နှာကြီး တောင့်တင်းသွားပြီး ဆင်ခြေတစ်ခု ရှာကာ အရင်ဆုံး ထွက်ခွာသွားတော့သည်။

ပထမမင်းသား ထွက်ခွာသွားပြီးနောက် စတုတ္ထမင်းသားသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကာ လီကျင့်ကို အမီလိုက်လာခဲ့သည်။ "အာ့ကော! ကျွန်တော့်ကို စောင့်ပါဦး"

လီကျင့်သည် ခြေလှမ်းများကို လျှော့ချလိုက်ပြီး စတုတ္ထမင်းသားနှင့် ယှဉ်တွဲလျက် လျှောက်လှမ်းလိုက်လေသည်။

စတုတ္ထမင်းသားသည် မျက်လုံးထောင့်ကနေ လီကျင့်ကို မကြာခဏ လှမ်းကြည့်နေလေသည်။

လီကျင့်က ပေါ့ပေါ့ပါးပါး ပြုံးကာ မေးလိုက်၏။ "မင်း ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ"

စတုတ္ထမင်းသားက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "ဖုဟွမ်က နေ့လယ်စာ စားဖို့အတွက် စန်းကောနဲ့ ဝူတိကိုပဲ ချန်ထားခဲ့တာလေ။ ဒီနေ့ ကျွန်တော့်မှာ သွားစရာနေရာ မရှိဘူး။ အရှေ့နန်းဆောင်ကို လာပြီး နေ့လယ်စာ ကပ်စားမလို့ပါ"

လီကျင့်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။

ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမျှ စကားမဆိုကြချေ။

ထို့နောက်တွင် နားလည်မှု ရှိစွာဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြတော့သည်။

အိမ်ရှေ့စံအိမ်တော်သို့ ရောက်ရှိပြီးနောက် အိမ်ရှေ့စံအိမ်တော်၏ အရာရှိများ လာရောက် တွေ့ဆုံကြလေသည်။ လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့ စစ်တိ လာလည်တာဆိုတော့ မီးဖိုဆောင်ကို ဟင်းကောင်းတွေ ချက်ခိုင်းလိုက်။ မင်းတို့လည်း အတူတူ စားကြ"

အိမ်ရှေ့စံအိမ်တော်တွင် အမြဲတမ်း နေထိုင်ကြသော အရာရှိ လေးဦးရှိပြီး ဖန်းဇီကျန်း၊ ကျိုးလီ၊ ကျောက်ရွေ့နှင့် လီယန်တို့ ဖြစ်ကြသည်။ သူတို့အားလုံးသည် အိမ်ရှေ့စံ၏ ဆွေမျိုးတော်စပ်သူများ သို့မဟုတ် တော်ဝင်မျိုးနွယ်များ ဖြစ်ကြသည်။ အားလုံးက လူငယ်များ ဖြစ်ကြပြီး စတုတ္ထမင်းသားနှင့်လည်း ရင်းနှီးကျွမ်းဝင်ကြလေသည်။

လီကျင့်က နှုတ်ဖွင့် ဖိတ်ခေါ်လိုက်သည်တွင် လူတိုင်းက အားနာမနေကြဘဲ ပြုံးရွှင်စွာ လက်ခံလိုက်ကြလေသည်။ နေ့လယ်ပိုင်းတွင် အလုပ်တာဝန် ရှိသေးသဖြင့် အရက်သောက်ခွင့် မရှိကြချေ။ ကံကောင်းသည်မှာ ဟင်းလျာများက စုံလင်ပြီး အရသာရှိသဖြင့် လူတိုင်း စကားပြောဆို ရယ်မောကြကာ စည်ကားသိုက်မြိုက်နေတော့သည်။

နေ့လယ်စာ စားသောက်ပြီးနောက် လီကျင့်တို့ ညီအစ်ကို နှစ်ယောက်သည် စာကြည့်ဆောင်သို့ သွားရောက်ကာ စကားပြောဆိုကြလေသည်။

စတုတ္ထမင်းသားသည် ညီလာခံပြီးနောက် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးကို လီကျင့်အား ဟာသတစ်ခုသဖွယ် ပြောပြလိုက်လေသည်။ "...သာ့ကောက မွေးကတည်းက စိတ်သဘောထား သေးသိမ်တာ။ ဖုဟွမ်က စန်းကောနဲ့ ဝူတိကို နေ့လယ်စာ စားဖို့ ချန်ထားခဲ့တာကို သူ ကြည့်ပြီး မနာလို ဖြစ်နေတာ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ နေ့တိုင်း ဖုဟွမ်ရဲ့ အနားမှာ ကပ်နေတုန်းကဆို ကျွန်တော်တို့က သူ့လို မနာလိုဝန်တို မဖြစ်ခဲ့ဖူးဘူး။ သူကတော့ ပြောထွက်တယ်နော်"

လီကျင့်၏ မျက်လုံးများ အရောင်တောက်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "သာ့ကောက အမြဲတမ်း ဒီလိုစိတ်မျိုး ရှိတာပဲလေ။ စိတ်ထဲ ထားမနေပါနဲ့"

စတုတ္ထမင်းသားသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။ "ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ အာ့ကောကသာ နည်းနည်းလေးမှ စိတ်ထဲမထားတာ။ တကယ်ပဲ သဘောထားကြီးလွန်းပါပေတယ်။ လေးစားပါတယ်ဗျာ"

နှစ်ဝက်လောက် ကြာပြီးနောက် ယုံးကျားဧကရာဇ် တစ်ယောက်သာလျှင် လီဟောက်သည် မိခင်သတ်ခံရသော ရန်ငြိုးကို မေ့ပျောက်သွားလောက်ပြီဟု ထင်မှတ်နေပြီး လီကျင့်သည်လည်း လီဟောက်နှင့် မည်သည့် အဖုအထစ်မှ မရှိဘဲ ညီအစ်ကိုကောင်း ပီသစွာ ပြန်လည်နေထိုင်နိုင်လိမ့်မည်ဟု တဖက်သတ် တွေးထင်နေခြင်း ဖြစ်လေသည်။

အားလုံးက ယုံးကျားဧကရာဇ်ကို ဟန်ဆောင်ပြနေကြခြင်းသာ ဖြစ်၏။

လီကျင့်က ပြုံးရုံသာ ပြုံးနေပြီး စကားမဆိုချေ။

သူနှင့် စတုတ္ထမင်းသားတို့၏ ဆက်ဆံရေးသည် အမှန်တကယ် ပိုမိုရင်းနှီးလာခဲ့သည်။ သို့သော် ထိုအရာက သူသည် ရင်ထဲက စကားများကို အကုန်ဖွင့်ပြောပြမည်ဟု မဆိုလိုပေ။ တော်ဝင်မိသားစုတွင် မွေးဖွားလာသူများ ဖြစ်ကြသဖြင့် ညီအစ်ကို သံယောဇဉ်ကြားတွင် ထီးနန်းအာဏာ လုပွဲနှင့် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုအပေါ် ယှဉ်ပြိုင်မှုများ ရောထွေးနေပြီး ညီအစ်ကို သံယောဇဉ် စစ်မှန်ဖို့ မဖြစ်နိုင်တော့ကြောင်း သေချာနေသည်။

စတုတ္ထမင်းသားသည် အနည်းငယ် စမ်းသပ်မေးမြန်းကြည့်ရာ လီကျင့်က များများစားစား မပြောလိုသည်ကို တွေ့လိုက်ရသဖြင့် ထပ်ပြောလိုက်ပြန်သည်။ "ဒီနေ့ နေ့လယ် စန်းကောနဲ့ ဝူတိတို့ စူးဖေးရဲ့ ဂူသင်္ချိုင်းကို သွားကန်တော့ကြမယ်လို့ ကြားတယ်။ ဖုဟွမ်လည်း အတူတူ လိုက်သွားမယ်တဲ့"

လီကျင့်က ခေါင်းအသာညိတ်လိုက်သည်။ "စူးဖေးက အမှားကြီး ကျူးလွန်ခဲ့ပေမယ့် သူ့အသက်တစ်ချောင်းနဲ့ ပြန်ပေးဆပ်ခဲ့ပြီးပါပြီ။ အဲဒီတုန်းက မူဟုပ်က သူ့ကို တော်ဝင်သင်္ချိုင်းမှာ မြှုပ်နှံဖို့ အမိန့်ပေးခဲ့တာဆိုတော့ သွားရောက် ဂါရဝပြုဖို့လည်း အဆင်ပြေတာပေါ့"

စတုတ္ထမင်းသားသည် နှစ်ကြိမ်တိုင်တိုင် တဲ့တိုးမေးမြန်းသော်လည်း အဖြေရေရေရာရာ မရရှိခဲ့သဖြင့် အလိုက်တသိပင် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

...

တော်ဝင်သင်္ချိုင်းဆိုသည်မှာ လီမျိုးနွယ်၏ ဘိုးဘွားပိုင် သင်္ချိုင်းမြေပင် ဖြစ်သည်။

လီမျိုးနွယ်သည် နှစ်ပေါင်းနှစ်ရာတိုင် ဆက်ခံလာခဲ့ကြပြီး ဘိုးဘွားပိုင် သင်္ချိုင်းမြေသည် တောင်ကုန်းတစ်ခုလုံး နေရာယူထားကာ တောင်အောက်တွင်လည်း မြေကွက်လပ် အကျယ်ကြီး ရှိနေသေးပြီး အားလုံးကို ခြံခတ်ထားလေသည်။ ယုံးကျားဧကရာဇ် လီယွမ်၏ လက်ထက်မှ စတင်ကာ တော်ဝင်သင်္ချိုင်းကို တရားဝင် တည်ဆောက်ခဲ့ပြီး နောင်တချိန်တွင် အရှင်မင်းကြီး နတ်ရွာစံလျှင် မြှုပ်နှံရန်အတွက် ချန်ထားခဲ့လေသည်။

အိမ်ရှေ့စံလီကျင့်သည် တော်ဝင်သင်္ချိုင်း တည်ဆောက်ရေး တာဝန်ကို ယူပြီးနောက် အလွန် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ပြီး မကြာခဏ လာရောက် စစ်ဆေးလေ့ရှိသည်။ အရှင်မင်းကြီး၏ သင်္ချိုင်းဂူသည် ကနဦး ပုံဖော်ပြီးစီးနေပြီ ဖြစ်သော်လည်း အားလုံး ပြီးစီးရန်မှာ သုံးလေးနှစ်ခန့် ကြာမြင့်ပေဦးမည်။

ယုံးကျားဧကရာဇ်သည် ကိုယ်တိုင် မြင်းစီးကာ တော်ဝင်သင်္ချိုင်း အပြင်ဘက်သို့ ရောက်ရှိလာပြီး မြင်းပေါ်မှဆင်းကာ လမ်းလျှောက် ဝင်ရောက်လာခဲ့သည်။ လက်သမားဆရာများ စနစ်တကျ အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ကျေနပ်မှု ရရှိသွားလေသည်။

လီဟောက်နှင့် လီချန် ညီအစ်ကို နှစ်ဦးသည် ယုံးကျားဧကရာဇ်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။

စူးဖေးသည် အမှားကျူးလွန်ပြီး ကွပ်မျက်ခံရသော မိဖုရားတစ်ပါး ဖြစ်သဖြင့် အစွန်အဖျား အကျဆုံး ထောင့်တစ်နေရာတွင် မြှုပ်နှံထားခြင်း ခံရသည်။ မကြီးမားလှသော မြေပုံလေးတစ်ခုနှင့် ရိုးရှင်းသော ကျောက်တိုင်ပေါ်တွင် "စူးမျိုးနွယ်၏ ဂူသင်္ချိုင်း" ဟူသော စာလုံးလေးလုံးကို ထွင်းထုထားလေသည်။ ဂူသင်္ချိုင်းပေါ်မှ မြက်ပင်များသည် ကျဲပါးနေပြီး လေတိုက်လိုက်သည်နှင့် ယိမ်းထိုးလှုပ်ရှားနေကြသည်။

လီချန်၏ မျက်လုံးများ နီရဲလာပြီး ဒူးထောက်ကာ ငိုကြွေးလေတော့သည်။

လီဟောက်၏ မျက်ဝန်းအိမ်များလည်း နီရဲလာပြီး တရိုတသေ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်သည်။ ဘေးနားရှိ အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်နျန်သည် အသင့် ပြင်ဆင်ထားသော ဖယောင်းတိုင်နှင့် ငွေစက္ကူများကို တိတ်တဆိတ် ဆက်သလိုက်ပြီး တစ်ခုပြီးတစ်ခု မီးရှို့လိုက်ရာ မကြာမီတွင် သင်္ချိုင်းရှေ့၌ မီးခိုးများနှင့် မီးတောက်များ ထွက်ပေါ်လာလေတော့သည်။

ယုံးကျားဧကရာဇ်သည် အရှင်မင်းကြီး တစ်ပါး ဖြစ်သည့်အလျောက် ဒူးထောက်မည် မဟုတ်ချေ။ ကိုယ်တိုင် ငွေစက္ကူ အနည်းငယ်ကို မီးရှို့ပေးလိုက်ရုံသာ ရှိသည်။

နောက်ကျောဖက်မှ ခြေသံများနှင့်အတူ ငိုကြွေးသံများ ရောနှောကာ ရုတ်တရက် ထွက်ပေါ်လာပြီး နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။

ယုံးကျားဧကရာဇ်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ စူးမိသားစုဝင်များ ရောက်လာကြသည်ကို တွေ့လိုက်ရလေသည်။

အကြီးအငယ် စုစုပေါင်း လူနှစ်ဆယ်ကျော်ခန့် ရှိလေသည်။

စူးဖေး အသက်ရှင်စဉ် နန်းတွင်းမိဖုရား ဖြစ်ခဲ့ချိန်က စူးမိသားစု တစ်ခုလုံးသည် မျက်နှာပွင့်လန်းခဲ့ရပြီး မြေပိုင်ရှင်များ ဖြစ်လာကာ စားဝတ်နေရေး ပူပန်စရာမလိုသော ဘဝကို ရရှိခဲ့ကြသည်။ သို့သော် စူးမိသားစုတွင် ဘယ်သူကမှ အရာရှိ မဖြစ်ကြသဖြင့် ပုံမှန်အားဖြင့် နန်းတော်ထဲသို့ ဝင်ရောက် ဂါရဝပြုခွင့် မရရှိခဲ့ကြပေ။ လီဟောက်သည် နှစ်စဉ် စူးအိမ်တော်သို့ နှစ်ကြိမ် သုံးကြိမ်ခန့် ပြန်လည်ရောက်ရှိလေ့ရှိပြီး ရွှေငွေရတနာများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လေ့ရှိသည်။

လီဟောက်သည် ဒီနှစ်ဝက်လုံး အိမ်တော်ထဲတွင် အနားယူနေခဲ့သဖြင့် စူးမိသားစုဝင်များသည် အကြိမ်ကြိမ် လာရောက်ကြသော်လည်း လီဟောက်နှင့် မတွေ့ဆုံနိုင်ခဲ့ကြပေ။

ယနေ့တွင်တော့ လီဟောက်သည် မနက်စောစောကတည်းက စူးမိသားစုဝင်များကို သွားရောက် ခေါ်ဆောင်ရန် လူလွှတ်လိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် မိသားစု တစ်စုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တစ်ယောက်ပြီးတစ်ယောက် မျက်ရည်များ စီးကျကာ စူးဖေး၏ ဂူသင်္ချိုင်းရှေ့တွင် ဒူးထောက်နေကြလေသည်။

"သနားစရာကောင်းတဲ့ ငါ့သမီးလေးရေ။ မင်းက ဘာလို့ ဒီလောက်စောစောစီးစီး ထွက်သွားရတာလဲ..." စူးသခင်ကြီးသည် အဝမ်းနည်းဆုံးဖြစ်ပြီး သတိလစ်မတတ် ငိုကြွေးနေတော့သည်။

မူလက တိတ်ဆိတ်ငြိမ်သက်နေသော တော်ဝင်သင်္ချိုင်းတွင် ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားတော့၏။

ယုံးကျားဧကရာဇ်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။

လီဟောက်သည် အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေသည်။ "ဖုဟွမ်... စူးမိသားစုက အမြဲတမ်း သင်္ချိုင်းကို လာကန်တော့ချင်နေကြတာ။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်ဒြပ်နဲ့က တော်ဝင်သင်္ချိုင်းထဲကို ဝင်ခွင့်မရှိဘူးလေ။ သူတို့က ဘာပဲဖြစ်ဖြစ် မူဖေးရဲ့ ဆွေမျိုးသားချင်းတွေပဲလေ။ ကျွန်တော် တွေးမိတာက သူတို့ကို တစ်ခေါက်လောက် လာခွင့်ပေးပြီး မူဖေးကို ဦးချကန်တော့ခိုင်းလိုက်ရင် မူဖေးနဲ့ မိသားစုကြားက သံယောဇဉ်လည်း ပြည့်စုံသွားပြီပေါ့"

ယုံးကျားဧကရာဇ်သည် မျက်လုံးများ နီရဲနေသော လီဟောက်ကို ကြည့်ရင်း ကျောက်တုံးပမာ မာကျောသော နှလုံးသားသည် ပျော့ပြောင်းသွားပြီး သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်လေသည်။ "ထားလိုက်ပါတော့။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကို ကျန်း စိတ်ထဲ ထားမနေပါဘူး"

လီဟောက်၏ မျက်နှာတွင် ကျေးဇူးတင်သော အမူအရာ ပေါ်လာလေသည်။ "ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်သည် ခဏသာ နေပြီးနောက် အရင်ဆုံး ထွက်ခွာသွားတော့သည်။

ဤသို့ဖြင့် အရှင်မင်းကြီး ကိုယ်တိုင် လာရောက် ဂါရဝပြုခြင်းသည်ပင် အလွန်ကြီးမားသော ဂုဏ်ယူစရာ ဖြစ်နေပေပြီ။

သို့သော် သူ့မိခင်အရင်းက သေဆုံးသွားခဲ့ပြီ။ ဒီလို ဂုဏ်သတင်း ကျော်ဇောမှုများက ဘာများအသုံးဝင်ဦးမည်နည်း။

သူသည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူက အိမ်တော်အတွင်းရေးတွင် ကြောက်ရွံ့သိမ်ငယ်ပြီး အရှက်ခွဲခံရသည်များကို မြင်တွေ့ခဲ့ရသဖြင့် မိခင်ဖြစ်သူကို လူတိုင်း လေးစားရသော ကောင်းမွန်သည့် ဘဝမျိုး ပေးမည်ဟု သစ္စာဆိုခဲ့ဖူးသည်။ ယခု ပြန်လည် တွေးတောမိသောအခါ ဘဝတစ်ပါးသို့ ရောက်ရှိသွားသကဲ့သို့ပင်။

လီဟောက်သည် တိတ်ဆိတ်စွာ ဒူးထောက်နေပြီး မီးရောင်အောက်တွင် သူ၏ ချောမောသော ဘေးတိုက်မျက်နှာသည် ဓားဖြင့် ထွင်းထုထားသော ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေလေ၏။

ဝမ်းနည်းကြေကွဲမှုနှင့် နာကျည်းမုန်းတီးမှု အားလုံးသည် မာကျောသော အပြင်ပန်း ပုံပန်းသဏ္ဍာန်အောက်တွင် တင်းကျပ်စွာ ဖုံးအုပ်ထားခြင်း ခံလိုက်ရပြီး ပေါက်ကွဲထွက်လာမည့် အချိန်ကို အသံတိတ် စောင့်ဆိုင်းနေလေတော့သည်။

...

All Chapters