အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အပိုင်း (၄၈၁) အားပြိုင်ပွဲ (၁)
ဝမ်ဟွားနန်းဆောင်ထဲတွင်။
ယုံးကျားဧကရာဇ်သည် တိုင်းပြည်ရေးရာများကို စစ်ဆေးနေပြီး တတိယမင်းသား လီဟောက်က ဘေးမှနေ၍ မှင်သွေးပေးကာ ပြုစုနေလေသည်။
လျိုကုန်းကုန်းသည် ရှေ့သို့တိုးလာပြီး တိုးတိုးလေး လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီက အပြင်မှာ စောင့်နေတာ နာရီဝက်လောက် ရှိပါပြီ"
လွန်ခဲ့သော နှစ်ဝက်အတွင်း ထိုက်ဇီသည် ဝမ်ဟွားနန်းဆောင်သို့ အခေါ်တော် လွှတ်ခံရတိုင်း အပြင်ဘက်တွင် တစ်နာရီ နှစ်နာရီခန့် စောင့်ဆိုင်းရလေ့ ရှိသည်။
ကောင်းကင်သားတော်က ထိုက်ဇီကို ဘယ်လို "ဆုံးမ" မည်ဆိုသည်မှာ ကောင်းကင်သားတော်၏ ကိစ္စသာ ဖြစ်လေသည်။ ချောင်ကောလောင်က မြေးဖြစ်သူကို ဘယ်လောက်ပဲ ကာကွယ်ချင်ပါစေ၊ ရှင်းယန်ဝမ်က သမက်ဖြစ်သူကို ဘယ်လောက်ပဲ သနားပါစေ၊ ဒီကိစ္စတွင် ဝင်ပြော၍ မရပေ။
ထို့ကြောင့် ဂုဏ်ရှိန်ကြီးမားသော ထိုက်ဇီသည် ဝမ်ဟွားနန်းဆောင်သို့ ဝင်ရောက်ခွင့်ရသည့် အကြိမ်အရေအတွက်သည် အခြားမင်းသားများလောက်ပင် မများလှချေ။ အပြင်ဘက်တွင် စောင့်ဆိုင်းရသည့် အကြိမ်အရေအတွက် များလာသောအခါ အမတ်များက ကွယ်ရာတွင် တီးတိုး ပြောဆိုလာကြလေသည်။ ထိုကောလာဟလများသည် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သွားသော်လည်း အိမ်ရှေ့စံအိမ်တော်အတွက်တော့ အကျိုးမရှိလှပေ။
ယုံးကျားဧကရာဇ်က အင်းဟု တစ်ချက် ဖြေလိုက်ပြီး လက်ထဲမှ စုတ်တံကို ချလိုက်ကာ လက်ကောက်ဝတ်ကို နှိပ်နယ်ရင်း လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီကို ဝင်ခိုင်းလိုက်ပါ"
လျိုကုန်းကုန်းက အမိန့်ကို နာခံပြီး ပြန်ထွက်သွားလေသည်။ ခဏအကြာတွင် လီကျင့်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။
လီကျင့်သည် စိတ်မကျေနပ်မှု အနည်းငယ်မျှ မပြသဘဲ ပြုံးလျက် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်လေသည်။ "သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ထပါ"
ဘေးမှ ပြုစုနေသော လီဟောက်သည်လည်း အားလပ်သွားပြီဖြစ်၍ ပြုံးကာ "အာ့ကော" ဟု နှုတ်ဆက်လိုက်လေသည်။ လီကျင့်က ပြုံးကာ ထူးလိုက်သော်လည်း ရင်ထဲတွင် ထူးဆန်းသော စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ဒါက စစ်မြေပြင်မှာ အသက်လုပြီး တိုက်ခိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေကနေ ရလာတဲ့ အာရုံခံစားမှုမျိုး ဖြစ်လောက်တယ်။
လီကျင့်သည် မျက်နှာပေါ်တွင် ဘာမှမပေါ်လွင်စေသော်လည်း စိတ်ထဲတွင် ရုတ်တရက် သတိထားလိုက်မိသည်။
ယုံးကျားဧကရာဇ်က လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ဒီနေ့ ကျန်း မင်းကို ခေါ်လိုက်တာက ကိစ္စတစ်ခု ပြောစရာရှိလို့။ မင်းရဲ့ ဝူတိက မငယ်တော့ဘူး။ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပြီ။ ကျန်းက သူ့အတွက် အိမ်ထောင်ဖက်ကောင်း တစ်ယောက် ရွေးပေးချင်တယ်"
လီကျင့်၏ စိတ်အကြံများသည် လျှပ်စီးလက်သကဲ့သို့ လည်ပတ်သွားပြီး ပါးစပ်ကတော့ ပြုံးကာ မေးလိုက်သည်။ "ဟုတ်လား။ ဖုဟွမ်က ဘယ်အိမ်က အမျိုးသမီးကို သဘောကျနေတာလဲ"
မင်းသားကြင်ရာတော် ရွေးချယ်ခြင်းသည် မူလက ချောင်မိဖုရားခေါင်၏ အလုပ်ဖြစ်သည်။ သို့သော် ပထမမင်းသား၏ လက်ထပ်ပွဲမှ စတင်ကာ ယုံးကျားဧကရာဇ်ကသာ ဆုံးဖြတ်ခဲ့သည်။ သူနှင့် တတိယမင်းသား၊ စတုတ္ထမင်းသားတို့၏ လက်ထပ်ပွဲများကိုလည်း ယုံးကျားဧကရာဇ်ကပင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လီချန်အလှည့်ရောက်တော့လည်း ဒီလိုပဲ ဖြစ်မှာပါပဲ။
ခယ်မလောင်းက ဘယ်သူလဲဆိုတာ သူ့ကိစ္စ မဟုတ်ပါဘူး။
ဒါကိုများ ဘာကိစ္စ သူ့ကို တကူးတက ခေါ်ပြောနေရတာလဲ။
ထို့နောက် ယုံးကျားဧကရာဇ် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "ကျန်းက ပဉ္စမမင်းသားနဲ့ လုအိမ်တော်က ပဉ္စမသခင်မလေးကို လက်ထပ်ပေးဖို့ စိတ်ကူးရှိတယ်။ မင်း ဘယ်လိုသဘောရလဲ"
လီကျင့် "..."
လီကျင့်၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့သွားပြီး ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားကာ လီဟောက်ကို ချက်ချင်း လှမ်းကြည့်လိုက်လေသည်။
လီဟောက်က သူ့ကို ပြုံးပြနေလေသည်။ "အာ့ကောကို အမှန်အတိုင်း ပြောရရင် ဒီလက်ထပ်ပွဲက ကျွန်တော့်အကြံပါ။ ကျွန်တော်တို့က ညီအစ်ကိုအရင်းတွေလေ။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ညီအစ်ကိုက ညီအစ်ကိုပါပဲ။ အရိုးကွဲအောင် ရိုက်ရင်တောင် အသားချင်း ဆက်နေတုန်းပဲလေ"
"အာ့ကောက မူဖေးရဲ့ သေဆုံးမှုကြောင့် စိတ်ထဲမှာ အဖုအထစ် ရှိနေပြီး ကျွန်တော်နဲ့ ဝူတိကို သတိထားနေမယ်ဆိုတာ သိပါတယ်။ ကျွန်တော် အခု ဘယ်လောက်ပဲ ပြောပြော အာ့ကော ယုံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့ ဝူတိရဲ့ စေတနာမှန်ကို လက်တွေ့သက်သေပြချင်တာပါ"
"ဝူတိက လုအိမ်တော်က ပဉ္စမသခင်မလေးကို လက်ထပ်ပြီးသွားရင် အာ့ကောရဲ့ မယားညီအစ်ကို ဖြစ်သွားပြီလေ။ အာ့စောင်ရဲ့ မတ်လည်း ဖြစ်သွားပြီ။ ပထမအချက်က ဆွေမျိုးတွေ ပိုရင်းနှီးသွားမယ်။ ဒုတိယအချက်က ဒီလက်ထပ်ပွဲကို အကြောင်းပြုပြီး အမတ်တွေကို စောင့်ကြည့်ခန့်မှန်းနေတာတွေ လျော့သွားအောင် လုပ်လို့ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ အဖုအထစ် မရှိတော့ဘူးပေါ့။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ မင်္ဂလာကိစ္စ မဟုတ်ဘူးလား"
"အာ့ကော စိတ်ချပါ။ ဝူတိက အရင်တုန်းက သိပ်မလိမ္မာဘူး။ ကျွန်တော် သူ့ကို သင်ပေးလာတာ နှစ်ဝက်လောက် ရှိပြီ။ အများကြီး တိုးတက်လာပါပြီ။ လက်ထပ်ဖို့ စေ့စပ်ပြီးသွားရင် သူ့ကို ခယ်မလောင်းအပေါ် ကောင်းကောင်းဆက်ဆံဖို့ သေချာ သင်ပေးလိုက်ပါ့မယ်"
ကောင်းကောင်းဆက်ဆံရမယ်တဲ့လား။ ဖွီ...
အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ကြံစည်နေတာပဲ။
မျက်နှာပြောင်တိုက်လွန်းအားကြီးတယ်။
လီကျင့်သည် မည်မျှပင် သည်းခံနိုင်စွမ်း ရှိပါစေ ထိန်းချုပ်မထားနိုင်တော့ဘဲ ချောမောသော မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ "ကိစ္စက အတည်မဖြစ်သေးဘဲနဲ့ စန်းတိက ခယ်မလေး၊ ခယ်မလေးနဲ့ ပြောနေတာ သိပ်မကောင်းဘူး ထင်တယ်"
ထို့နောက် ယုံးကျားဧကရာဇ်ကို တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။ "ဖုဟွမ်... သားတော် ထင်တာကတော့ ဒီလက်ထပ်ပွဲက လုံးဝ မဖြစ်သင့်ပါဘူး"
"လက်ထပ်တယ်ဆိုတာ မျိုးနွယ်စုနှစ်ခု မိတ်ဆွေဖွဲ့တာပါ။ အဲဒီတုန်းက သားတော်နဲ့ စန်းတိရဲ့ လက်ထပ်ပွဲတုန်းက ဖုဟွမ် ကိုယ်တိုင် ကမ်းလှမ်းခဲ့တာလေ။ ရှင်းယန်ဝမ်နဲ့ ကွမ်းပင်းနယ်စားတို့ သဘောတူမှ အမိန့်တော် ပြန်တမ်း ထုတ်ခဲ့တာပါ"
"ဝူတိ အလှည့်ရောက်တော့လည်း အရင်ဆုံး ရှင်းယန်ဝမ်ကို နန်းတော်ထဲ ခေါ်ပြီး လုအိမ်တော်ရဲ့ သဘောထားကို မေးမြန်းသင့်ပါတယ်။ လုအိမ်တော်က သဘောတူမှ လက်ထပ်ခွင့် အမိန့်ထုတ်တာ မနောက်ကျပါဘူး"
"သားတော်နဲ့ စန်းတိ၊ ဝူတိတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ အားလုံးက စူးဖေးကြောင့် ဖြစ်ခဲ့ရတာပါ။ ဒီကိစ္စက ရှင်းရှင်းလင်းလင်း ဖြစ်ပြီးသားမို့ ထပ်ပြောစရာ မလိုတော့ပါဘူး။ စန်းတိ စိတ်ထဲမှာ ဘယ်လိုပဲ တွေးနေပါစေ သားတော်က အစ်ကိုကြီးတစ်ယောက် အနေနဲ့ တခြားစိတ်ကူး မရှိပါဘူး။ စန်းတိ ပြောတဲ့ လက်ထပ်ပွဲနဲ့ စေတနာမှန်ကို သက်သေပြမယ် ဆိုတာကြီးက လုံးဝ မလိုအပ်ပါဘူး"
"ဖုဟွမ် သေချာ ပြန်စဉ်းစားပေးပါ"
လီဟောက်က နည်းနည်းလေးမှ ထိတ်လန့်ခြင်း မရှိဘဲ ပြုံးကာ ဝင်ပြောလိုက်လေသည်။ "အာ့ကောက ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ လုအိမ်တော်က သာ့ဝေတိုင်းပြည်ရဲ့ နံပါတ်တစ် စစ်သူကြီးမျိုးနွယ်လေ။ ပဉ္စမသခင်မလေးလုက ရှင်းယန်ဝမ်ရဲ့ မွေးစားသမီး ဆိုပေမယ့် ရုပ်ရည်ချောမောပြီး ဉာဏ်ကောင်းတယ်။ သာ့ဝေတိုင်းပြည်ရဲ့ အထက်တန်းလွှာ အမျိုးသမီးတွေထဲမှာ ထိပ်ဆုံးကပဲ"
"ဝူတိက အိမ်ထောင်ပြုရမယ့်အရွယ် ရောက်နေပြီ။ ကျွန်တော်က ဝူတိအတွက် ဒီလို စစ်သူကြီးမျိုးနွယ်က သခင်မလေးကို မင်းသားကြင်ရာတော်အဖြစ် တောင်းရမ်းပေးတာ ဘာမသင့်တော်တာ ရှိလို့လဲ"
"အာ့ကောက လုမျိုးနွယ်ကို လက်ထပ်လို့ရပြီး ဝူတိကျတော့ လက်ထပ်လို့ မရဘူးလား"
"ဒါမှမဟုတ် အာ့ကော စိတ်ထဲမှာ တခြားအတွေးတွေ ရှိနေပြီး ဝူတိကို ဒီလို ကောင်းမွန်တဲ့ အိမ်ထောင်ရေးမျိုး မရစေချင်တာလား"
စကားလုံးတိုင်းသည် ဓားသွားများနှင့် မြှားများကဲ့သို့ စူးရှထက်မြက်နေလေသည်။
လီကျင့်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး စကားပြောရန် ပြင်လိုက်စဉ် လျိုကုန်းကုန်းက အလျင်အမြန် ဝင်ရောက်လာပြီး သတင်းပို့လိုက်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ထိုက်ဇီဖေးက အပြင်မှာ ခစားချင်ပါတယ်တဲ့"
...
လုမင်ယွိ ရောက်လာပြီ။
လီဟောက်သည် မသိစိတ်ဖြင့် ခါးကို မတ်လိုက်ပြီး တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။
လီကျင့်၏ မျက်ဝန်းထဲမှ ဒေါသများ မပြေပျောက်သေးဘဲ လီဟောက်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထိုမြင်ကွင်းကို ယုံးကျားဧကရာဇ် မြင်တွေ့လိုက်ရပြီး မျက်နှာထား အနည်းငယ် တင်းမာသွားလေသည်။
ယခုအချိန်တွင် လီကျင့်သည် ယုံးကျားဧကရာဇ် ဘယ်လိုထင်မလဲ ဆိုတာကို ဂရုမစိုက်နိုင်တော့ပေ။
လုမင်ယွိ၏ ရင်းနှီးသော ပုံရိပ်လေး တံခါးပေါက်ဝတွင် ပေါ်လာသည်နှင့် လီကျင့်က အမြန်သွားရောက် ကြိုဆိုလိုက်လေသည်။ ယုံးကျားဧကရာဇ်ကို ကျောပေးထားပြီး လုမင်ယွိကို စိတ်လှုပ်ရှားစွာ မျက်ရိပ်ပြလိုက်လေသည်။ "ရှောင်ယွိ... မင်းလာတာ အတော်ပဲ။ ဖုဟွမ်က ငါ့ကို ခေါ်လိုက်တာ ဝူတိရဲ့ လက်ထပ်ပွဲကိစ္စ ပြောမလို့တဲ့။ လုအိမ်တော်နဲ့လည်း ပတ်သက်နေတယ်..."
လုမင်ယွိ၏ မျက်နှာသည် ဆီးနှင်းကဲ့သို့ အေးစက်နေပြီး လီကျင့်ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။ "အရှင်မင်းသား ပြောတဲ့ကိစ္စကို ကျွန်မလည်း ရိပ်မိပါတယ်"
ဇနီးမောင်နှံ နှစ်ယောက် အကြည့်ချင်း ဆုံသွားကြပြီး မျက်ဝန်းထဲတွင် ဒေါသများ တပြိုင်နက်တည်း ဖြစ်ပေါ်လာကြသည်။
သို့သော် ကိစ္စက ဒီအဆင့်ထိ ရောက်လာမှတော့ ဒေါသထွက်နေရုံနဲ့ အလကားပင်။ ယုံးကျားဧကရာဇ် အမိန့်မချမှတ်ခင် တားဆီးရမည်။
လုမင်ယွိသည် ရှေ့သို့တိုးသွားပြီး ယုံးကျားဧကရာဇ်ကို ဂါရဝပြုလိုက်လေသည်။ "အာရှီ ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်သည် သားဖြစ်သူကို မျက်နှာထားတင်းနိုင်သော်လည်း ချွေးမဖြစ်သူကိုတော့ ယောက္ခမပီသစွာ ဆက်ဆံရမည် ဖြစ်သဖြင့် မျက်နှာထား ချက်ချင်း လျော့ကျသွားလေသည်။ "လုရှီ... ထလိုက်ပါ"
"ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်" လုမင်ယွိသည် မတ်တပ်ထရပ်လိုက်ပြီး လီဟောက်၏ အကြည့်နှင့် တိုက်ရိုက် ဆုံတွေ့သွားလေသည်။
လီဟောက်၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး အကြည့်များက နက်ရှိုင်းနေလေသည်။
လုမင်ယွိ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး မျက်ဝန်းများက အေးစက်နေလေသည်။
ရန်ငြိုးရှိရင် သူ့ဆီ တိုက်ရိုက်လာလေ။
သူ့ညီမလေးကိုပါ ရန်ရှာရဲတယ်ဆိုတော့ တကယ်ပဲ ယုတ်မာကောက်ကျစ်ပြီး အရှက်မရှိလိုက်တာ။
ဒါက လီဟောက်ရဲ့ ပူးပေါင်းကြံစည်မှု ဖြစ်ပြီး ယုံးကျားဧကရာဇ်နဲ့ အိမ်ရှေ့စံအိမ်တော်ကို သွေးခွဲဖို့ လုပ်နေမှန်း သိနေရင်တောင် သူမ လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူး။ အိမ်ရှေ့စံအိမ်တော်အပေါ် ယုံးကျားဧကရာဇ် သဘောကျစေဖို့အတွက် ညီမလေးကို စတေးခံလိုက်မှာ မဟုတ်ဘူး။
လိမ္မာယဉ်ကျေးတာတွေ၊ သဘောထားကြီးတာတွေ၊ တွက်ချက်မှုတွေ အကုန်လုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီ။
"လုရှီ... ကျန်းက ပဉ္စမမင်းသားနဲ့ မင်းရဲ့ ဝူမေ့ကို လက်ထပ်ပေးဖို့ စိတ်ကူးထားတယ်။ ဒါက ဆွေမျိုးအချင်းချင်း ပိုရင်းနှီးသွားစေမယ့် မင်္ဂလာကိစ္စ ဖြစ်သလို အိမ်ရှေ့စံအိမ်တော်နဲ့ တတိယမင်းသား၊ ပဉ္စမမင်းသားတို့ကြားက ရန်ငြိုးတွေကိုလည်း ပြေပျောက်သွားစေနိုင်တယ်။ မင်း ဘယ်လိုသဘောရလဲ"
လုမင်ယွိသည် မတ်မတ်ရပ်နေပြီး သူမ၏ အရှိန်အဝါသည် အရှင်မင်းကြီးထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ။ "အာရှီ ထင်တာကတော့ ဒီကိစ္စက လုံးဝ မဖြစ်သင့်ပါဘူး"
...
အပိုင်း (၄၈၂) အားပြိုင်ပွဲ (၂)
ယုံးကျားဧကရာဇ်သည် လုမင်ယွိက ဒီလောက်အထိ ပြတ်ပြတ်သားသား ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူသည် ကောင်းကင်သားတော် ဖြစ်သဖြင့် ညီလာခံမှာ ဖြစ်ဖြစ်၊ နန်းတွင်းမှာ ဖြစ်ဖြစ်၊ ရောက်လေရာအရပ်၌ လူတိုင်းက ဦးညွှတ်ခစားကြရသည်။ အကြံဉာဏ်ပေးချင်သူ ရှိလျှင်တောင် ခေါင်းငုံ့ပြီး ယဉ်ကျေးစွာ ပြောဆိုကြရလေသည်။
လုမင်ယွိလိုမျိုး ပြောရဲတဲ့သူ ဘယ်မှာရှိလို့လဲ။
ယုံးကျားဧကရာဇ်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး ရင်ထဲတွင် မကျေနပ်စိတ်များ ဖြစ်ပေါ်လာတော့သည်။
သို့သော် ရှေ့မှလူသည် ဝန်ကြီးများ မဟုတ်သလို ကြင်ရာတော်များလည်း မဟုတ်ချေ။ ယောက္ခမ ဖြစ်သူက ချွေးမကို တဲ့တိုး ဆူပူရန် မသင့်လျော်သဖြင့် မကျေနပ်သော်လည်း ထုတ်မပြောပေ။ "ကျန်း အမြင်မှာတော့ ဒီလက်ထပ်ပွဲက သင့်လျော်ပါတယ်။ မင်းက ဘာကြောင့် လုံးဝမဖြစ်ဘူးလို့ ပြောရတာလဲ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပလာလေသည်။ "လုအိမ်တော်က သမီးတစ်ယောက် ထိုက်ဇီဖေး ဖြစ်နေပြီပဲ။ နောက်ထပ် သမီးတစ်ယောက်က ပဉ္စမမင်းသားရဲ့ ကြင်ရာတော် လုပ်ရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တော်ဝင်မိသားစု မပြောနဲ့ သာမန်မိသားစုတွေတောင် ဒီလိုကိစ္စမျိုးကို ရှောင်ကြဉ်ကြပါတယ်။ အိမ်နှစ်အိမ် ပြိုင်ဆိုင်မိပြီး ညီအစ်ကိုတွေ သံယောဇဉ် ပျက်စီးမှာ၊ ညီအစ်မတွေ သံယောဇဉ် ပျက်စီးမှာကို စိုးရိမ်လို့ပါ။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းပြချက်ကို အာရှီ အသေးစိတ် ပြောစရာ မလိုပါဘူး"
"နောက်ပြီး လက်ထပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူမှ ဖြစ်တာလေ။ ဖုဟွမ်က အာရှီရဲ့ သဘောထားကို မေးလို့ အာရှီက သဘောမတူဘူးလို့ ပြောတာပါ။ ဖုဟွမ်က အဖေ့ကို ခေါ်မေးရင်လည်း အဖေက ငြင်းပယ်မှာပါပဲ"
ယုံးကျားဧကရာဇ်သည် ပါးစပ်ပိတ်သွားလေသည်။
လီဟောက်သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၍ ချက်ချင်း ဝင်ပြောလိုက်လေသည်။ "အာ့စောင်... ကျွန်တော့်စကားကို နားထောင်ပါဦး။ ဒီလက်ထပ်ပွဲကို ကျွန်တော်က ဖုဟွမ်ဆီမှာ တောင်းဆိုခဲ့တာပါ။ ပထမအချက်က လုအိမ်တော်ရဲ့ ဂုဏ်သတင်းကို လေးစားလို့ပါ။ ဒုတိယအချက်က ဝူတိနဲ့ လုအိမ်တော်ကို ဆွေမျိုးစပ်ပေးပြီး ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ အိမ်ရှေ့စံအိမ်တော်ကြားက အဖုအထစ်တွေကို ဖြေဖျောက်ချင်လို့ပါ..."
စကားမဆုံးသေးခင် လုမင်ယွိက အေးစက်စက် ရယ်မောကာ ဖြတ်ပြောလိုက်လေသည်။ "နင်က ဖုဟွမ်ကို ဒီလိုစကားတွေနဲ့ မြှောက်ပင့်ထားတာကိုး။ လီဟောက်... နင် ဘယ်တုန်းက ဒီလောက်တောင် ယုတ်မာကောက်ကျစ်သွားရတာလဲ"
"စူးဖေးက ရွှီအာကို အဆိပ်ခတ် လုပ်ကြံခဲ့လို့ ငါကိုယ်တိုင် သူ့ကို သတ်ခဲ့တာ။ ဒီကိစ္စကို ငါ ဘယ်တုန်းကမှ နောင်တမရဖူးဘူး။ နောက်တစ်ခေါက် ပြန်ဖြစ်ရင်လည်း ငါ ဒီလိုပဲ လုပ်မှာ"
"မိခင်သတ်ခံရတဲ့ ရန်ငြိုးကို နင် လက်စားချေချင်ရင် ငါ့ဆီလာခဲ့လေ။ အိမ်ရှေ့စံအိမ်တော်ကို လာခဲ့လေ။ အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်ကို ကြံစည်တာက ယောက်ျားကောင်း လုပ်ရပ်လား။ လူကြီးလူကောင်း မလုပ်ဘဲ ဒီလို ယုတ်မာတဲ့ အောက်တန်းစား အလုပ်မျိုး လုပ်နေတာ တကယ်ကို ရွံရှာစရာ ကောင်းတယ်"
လီဟောက်၏ စကားများသည် ဓားသွားများ ဖြစ်သည် ဆိုလျှင် လုမင်ယွိ၏ စကားများသည် နှလုံးသားကို ထိုးဖောက်သွားစေသည်။
လီဟောက်သည် မည်မျှပင် ဟန်ဆောင်ကောင်းသူ ဖြစ်ပါစေ ဤမျှ ပြင်းထန်သော စကားလုံးများကို ခံနိုင်ရည်မရှိတော့ဘဲ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ နာကျည်းမုန်းတီးမှုများနှင့် ဖြတ်တောက်၍မရသော သံယောဇဉ်များ ရောနှောကာ ထက်မြက်သော ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ရင်ထဲကလီစာများကို မွှေနှောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ယုံးကျားဧကရာဇ်၏ မျက်နှာထား မဲမှောင်သွားပြီး သတိပေးလိုက်လေသည်။ "မိုက်ရိုင်းလိုက်တာ။ လုရှီ... ဒီနေရာက ဝမ်ဟွားနန်းဆောင်ကွ။ ကျန်း ဒီမှာ ရှိနေတာတောင် မင်းက ပေါက်ကရတွေ ပြောရဲသေးတာလား"
လုမင်ယွိ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေပြီး မျက်ဝန်းများက မီးတောက်များကဲ့သို့ တောက်ပနေလေသည်။ "အာရှီက ပွင့်လင်းရိုးသားတဲ့သူပါ။ ထင်တာကို ပြောတတ်တယ်။ ဖုံးကွယ်မနေတတ်ဘူး။ တချို့ လူယုတ်မာတွေလို အပေါ်ယံ ရွှေမှုံကြဲပြီး အတွင်းက နောက်ကျိနေတာမျိုး မလုပ်တတ်ဘူး။ ဖုဟွမ်ကိုလည်း ပြောချင်တယ်။ သားသမီး ချစ်စိတ်နဲ့ အမှန်တရားကို မမြင်ဘဲ ဖြစ်မနေပါနဲ့။ သူများ အသုံးချခံ ဖြစ်နေတာကို ကိုယ်တိုင် မသိဘဲ ဖြစ်နေပါဦးမယ်"
ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် နဂါးပလ္လင်ကို ရိုက်ကာ မတ်တပ်ထရပ်လိုက်လေသည်။
လီကျင့်သည် ချက်ချင်း ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး လုမင်ယွိ၏ ရှေ့မှ ကာကွယ်ပေးလိုက်လေသည်။ "ရှောင်ယွိ ပြောတာတွေက သားတော် ပြောချင်တဲ့ စကားတွေပါပဲ။ အမှားအမှန်က လူတိုင်းရဲ့ စိတ်ထဲမှာ ရှိပါတယ်။ သားတော်တို့ ဇနီးမောင်နှံက ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး လိပ်ပြာသန့်ပါတယ်"
"ဖုဟွမ် စိတ်ဆိုးရင် သားတော်ကိုပဲ အပြစ်ပေးပါ။ သားတော် ခံယူပါ့မယ်။ ဒါပေမဲ့ ဒီလက်ထပ်ပွဲကတော့ လုံးဝ မဖြစ်ပါဘူး"
"ကောင်းပြီလေ" ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းနေလေသည်။ "ကောင်းပြီ။ ကောင်းပြီ။ ထိုက်ဇီဖေးကလည်း ပွင့်လင်းလိုက်တာ။ ထိုက်ဇီကလည်း မိန်းမကို အသက်ပေးပြီး ကာကွယ်တတ်လိုက်တာ။ ကျန်းမှာ ဒီလို သားနဲ့ ချွေးမ ရှိတာ တကယ့် ကံကောင်းခြင်းပါပဲ"
ဘေးနားတွင် ရပ်နေသော လျိုကုန်းကုန်းသည် ထိတ်လန့်သွားပြီး အနီးရှိ အတွင်းနန်းဆောင်ကုန်းကုန်း တစ်ယောက်ကို မျက်ရိပ်ပြလိုက်လေသည်။
ကျောင်းဖန်နန်းဆောင်ကို သွားပြီး သတင်းပို့လိုက်။
ထိုကုန်းကုန်းသည် လျိုကုန်းကုန်း၏ အဓိပ္ပာယ်ကို နားလည်သဖြင့် တိတ်တဆိတ် ထွက်ခွာသွားလေသည်။
လူတိုင်းသည် ဒေါသအရှိန် တက်နေကြသဖြင့် ကုန်းကုန်းတစ်ယောက် ထွက်သွားသည်ကို မည်သူမျှ သတိမထားမိကြပေ။
...
လီကျင့်နှင့် ယုံးကျားဧကရာဇ်တို့ အကြည့်ချင်း ဆုံနေကြပြီး လီကျင့်၏ ရင်ထဲတွင် အေးစက်မှုများ ဖြစ်ပေါ်နေလေသည်။
ယခင်ဘဝက သူ စောစောစီးစီး သေဆုံးခဲ့ပြီး ယုံးကျားဧကရာဇ်သည်လည်း မကြာမီ ကွယ်လွန်ခဲ့သည်။
သူသည် အိမ်ရှေ့စံ မဖြစ်ဖူးခဲ့သလို ယုံးကျားဧကရာဇ်သည်လည်း နန်းတက်ပြီး နှစ်အနည်းငယ်အတွင်း စစ်ပွဲများ တိုက်ခိုက်နေရသဖြင့် နန်းတော်ထဲတွင် အေးအေးဆေးဆေး မနေခဲ့ရပေ။ ထို့ကြောင့် သူသည် သားအဖချင်း ထိပ်တိုက်တွေ့ဆုံရသော အခြေအနေမျိုး မကြုံဖူးခဲ့ပေ။
စစ်တိုက်နေချိန်တွင် ထက်မြက်သော ခေါင်းဆောင်တစ်ယောက် ရှိခြင်းသည် ကောင်းမွန်သောအရာ ဖြစ်သည်။ ယခု စစ်ပွဲများ ငြိမ်းချမ်းသွားပြီး တိုင်းပြည် တည်ထောင်ပြီးနောက်တွင်တော့ စစ်မြေပြင်မှ ရရှိလာသော အာဏာရှင်ဆန်မှုနှင့် မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော စိတ်ထားများက တဖြည်းဖြည်း ပေါ်လာလေသည်။
လီဟောက်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကျေနပ်နေလေ၏။
ဒါက ဒီအကြံအစည်ရဲ့ အကောင်းဆုံး အချက်ပဲ။
သူ လုမင်ယွိကို ကောင်းကောင်း သိသည်။ သူမ၏ စိတ်နေစိတ်ထားအရ လုမင်ယွဲ့ကို ဘယ်တော့မှ စတေးခံမည် မဟုတ်ပေ။ လီကျင့်ကလည်း မိန်းမစကား နားထောင်တတ်သူ ဖြစ်သဖြင့် လုမင်ယွိဘက်က ပါမှာ သေချာသည်။ ဒါဆိုရင် ယုံးကျားဧကရာဇ် ဒေါသထွက်လာအောင် လုပ်လို့ရပြီ။
ထိုက်ဇီ ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ။
ထိုက်ဇီဆိုတာ တင်မြှောက်လို့ရသလို ဖြုတ်ချလို့လည်း ရတာပဲ။
ယုံးကျားဧကရာဇ်က ကျန်းမာသန်စွမ်းနေဆဲ ဖြစ်ပြီး နောက်ထပ် ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် အသက်ရှင်ဖို့ ပြဿနာမရှိဘူး။ ဒီလောက် ကြာမြင့်တဲ့ အချိန်အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လေ။
လီဟောက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများ နီရဲလျက် အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "ဖုဟွမ် စိတ်လျှော့ပါဦး။ သားတော် ဒီလက်ထပ်ပွဲကို အကြံပြုတာက အာ့ကော၊ အာ့စောင်တို့နဲ့ ရန်ငြိုးတွေ ပြေပျောက်ချင်လို့ပါ။ နန်းတွင်းထဲက ကောလာဟလတွေကို ရပ်တန့်စေချင်လို့ပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ အာ့ကောနဲ့ အာ့စောင်တို့ သဘောမတူရင်လည်း ထားလိုက်ပါတော့"
"ဖုဟွမ် ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ တကယ်လို့ ဖုဟွမ် ကျန်းမာရေး ထိခိုက်သွားရင် သားတော် ဖုဟွမ်ကို မျက်နှာပြရဲတော့မှာ မဟုတ်ပါဘူး"
နှစ်သိမ့်ပေးသလိုလိုနှင့် မီးလောင်ရာ လေပင့်ပေးလိုက်ခြင်ပင်။
ထင်ထားသည့်အတိုင်းပင် ယုံးကျားဧကရာဇ်သည် ပိုမို ဒေါသထွက်လာပြီး လီကျင့်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။ "မိုက်မဲတဲ့ကောင်... ဒူးထောက်စမ်း"
ဖခင်က သားကို ဒူးထောက်ခိုင်းလျှင် သားဖြစ်သူက မထောက်ဘဲ နေ၍မရ။ အရှင်သခင်က ကျွန်ကို ဒူးထောက်ခိုင်းလျှင် ကျွန်ဖြစ်သူက မထောက်ဘဲ နေ၍မရ။
လီကျင့်သည် ဒေါသကို မြိုသိပ်ပြီး ဒူးထောက်လိုက်ရသည်။
သူ ဒူးထောက်လိုက်သည်နှင့် သူ့နောက်မှ လုမင်ယွိသည် ယုံးကျားဧကရာဇ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။
ယုံးကျားဧကရာဇ်သည် ဒေါသအရှိန်ကြောင့် အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း လုမင်ယွိက နည်းနည်းလေးမှ ကြောက်ရွံ့ခြင်း မရှိဘဲ အေးစက်စွာ ပြောလိုက်လေသည်။ "အာရှီနဲ့ ထိုက်ဇီက ဇနီးမောင်နှံတွေပါ။ အေးအတူ ပူအမျှပေါ့။ ဖုဟွမ်က ထိုက်ဇီကို ဒူးထောက်ခိုင်းရင် အာရှီလည်း ဒီနေ့ အတူတူ ဒူးထောက်ပါ့မယ်"
"ဒါပေမဲ့ ဒူးထောက်နေရင်တောင် အာရှီရဲ့ သဘောထားကိုတော့ ပြောရမှာပါပဲ။ အာရှီရဲ့ ညီမလေးကို ပဉ္စမမင်းသားအိမ်တော်ထဲ ဝင်ခွင့်မပြုနိုင်ပါဘူး။ ဖုဟွမ် ဒီအကြံအစည်ကို စောစောစီးစီး စွန့်လွှတ်လိုက်ပါ"
ပြောပြီးသည်နှင့် လုမင်ယွိသည် ရှေ့သို့ နှစ်လှမ်းတိုးကာ လီကျင့်၏ ဘေးတွင် ဝင်ရောက် ဒူးထောက်လိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲတွင် ဆူပွက်နေတော့သည်။
ဒါက ဒူးထောက်ပြီး အပြစ်ဝန်ခံတာ မဟုတ်ဘူး။ ဒါက သက်သက်မဲ့ သူ့ကို ဒေါသထွက်အောင် လုပ်နေတာ။
"ကောင်းပြီ။ မင်းတို့လင်မယား ဒူးထောက်ချင်မှတော့ ထောက်နေလိုက်ကြ။ ဘယ်လောက်ကြာကြာ ထောက်နိုင်မလဲ ကြည့်ရသေးတာပေါ့။ ဝမ်ဟွားနန်းဆောင်က ကြမ်းပြင်က မာသလား။ မင်းတို့လင်မယား ပါးစပ်က မာသလား ဆိုတာ ကြည့်ကြတာပေါ့"
လီဟောက်သည် ရှေ့သို့တိုးလာပြီး စိုးရိမ်တကြီး ဝင်ရောက် ဖြောင်းဖျလေသည်။ "ဖုဟွမ် စိတ်လျှော့ပါဦး။ အာ့ကောက အရှေ့နန်းဆောင်ရဲ့ အိမ်ရှေ့စံပါ။ အာ့စောင်က သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးပါ။ ဒီလို ဒူးထောက်နေတာက သိက္ခာကျစရာ ကောင်းလွန်းပါတယ်။ ဒီသတင်း အပြင်ရောက်သွားရင် တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားသွားပါလိမ့်မယ်။ ဖုဟွမ်... အာ့ကောနဲ့ အာ့စောင်ကို ထခိုင်းလိုက်ပါ"
"လက်ထပ်ပွဲကိစ္စကို ကျွန်တော် သေချာ မစဉ်းစားမိလို့ပါ။ အာ့ကောနဲ့ အာ့စောင် သဘောမတူရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါတော့။ ဖုဟွမ်က ဝူတိအတွက် တခြား သင့်တော်တဲ့သူ ရွေးပေးလိုက်ပါ"
...
အပိုင်း (၄၈၃) အားပြိုင်ပွဲ (၃)
ဤဟန်ဆောင်ကောင်းလှသော စကားများကို ကြားရသောအခါ လုမင်ယွိသည် ရွံရှာလွန်းသဖြင့် ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
သူမသည် ယခင်ဘဝက လီဟောက်နှင့် နှစ်ပေါင်းများစွာ လင်မယားအဖြစ် ပေါင်းသင်းခဲ့သဖြင့် သူ့အကြောင်းကို ကောင်းကောင်းသိသည်ဟု ထင်ခဲ့သည်။ သို့သော် ယနေ့တွင် လီဟောက်၏ အပြုအမူများသည် သူမ၏ ထင်မြင်ယူဆချက်များကို ကျော်လွန်သွားခဲ့ပြီး လီဟောက်အပေါ်ထားရှိသော အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
ဒီပုံစံက မျက်ရည်မကျရုံတမယ်ပါပဲ။ ယခင်ဘဝက စူးဖေး သနားစရာကောင်းအောင် ဟန်ဆောင်ပြီး စာနာမှုရအောင် လုပ်ခဲ့တာတွေနဲ့ ဘာမှမခြားပါဘူး။
သားအမိတွေဆိုတော့လည်း တူကြတာပေါ့လေ။ လီဟောက်ရဲ့ သွေးထဲမှာ စူးဖေးရဲ့ သွေးတွေ စီးဆင်းနေတာပဲ။ တချို့အရာတွေက မွေးရာပါ ပါလာတာ။
လုမင်ယွိသည် မျက်လွှာပင့်ပြီး လီဟောက်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
လီဟောက်သည် ခေါင်းမလှည့်သော်လည်း အေးစက်ပြီး ရွံရှာမှုများ ပါဝင်နေသော အကြည့်ကို ခံစားမိနေလေသည်။
သူ၏ ရင်ထဲတွင် ရောဂါသည်တစ်ယောက်ကဲ့သို့ ကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့လေသည်။
လုမင်ယွိ... ဪ... လုမင်ယွိ... မင်းက ငါတို့ရဲ့ လင်မယားသံယောဇဉ်ကို စွန့်လွှတ်ပြီး လီကျင့်ကို လက်ထပ်ခဲ့တယ်။ ပြီးတော့ ငါ့အမေအရင်းကို ကိုယ်တိုင် သတ်ခဲ့တယ်။ ဒီအငြိုးကိုမှ မချေရရင် ငါ လူမဟုတ်တော့ဘူး။ ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲဖြစ်ဖြစ် ငါက မင်းရင်ထဲကနေ ဘယ်တော့မှ ဖျောက်ဖျက်လို့မရတဲ့ လူတစ်ယောက် ဖြစ်နေရမယ်။
လီဟောက်သည် ဒူးထောက်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းမှုနှင့် နောင်တရမှုများ ပြည့်နှက်နေကာ အသံမှာလည်း တိမ်ဝင်နေလေသည်။ "ဖုဟွမ်... အားလုံးက သားတော်ရဲ့ အမှားပါ။ အာ့ကောနဲ့ အာ့စောင်ကို ခွင့်လွှတ်ပေးပါ"
လူတစ်ယောက်သည် မိမိမြင်ချင်သည့် အရာကိုသာ မြင်တတ်စမြဲပင်။
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် လီကျင့်သည် ခေါင်းမာပြီး လုမင်ယွိသည် မောက်မာနေသည်။ လီဟောက်ကတော့ အဖက်ဖက်ကနေ အလျှော့ပေးနေရှာသည်။
ယုံးကျားဧကရာဇ်၏ ဒေါသများ အနည်းငယ် ပြေလျော့သွားလေသည်။ "ကျန်းက လီကျင့်ကို ဒူးထောက်ခိုင်းတာ။ လုရှီက သူ့သဘောနဲ့သူ ဒူးထောက်တာ။ မင်းက ဘာလို့ လိုက်ဒူးထောက်နေတာလဲ။ မြန်မြန် ထစမ်း"
လီဟောက်သည် ဆက်လက် ဒူးထောက်ထားပြီး ထမလာခဲ့ပေ။ "အာ့ကော ဒူးထောက်ရင် ကျွန်တော်လည်း ဒူးထောက်မယ်။ အာ့ကော မထရင် ကျွန်တော်လည်း မထဘူး"
လီကျင့်သည်လည်း ရွံရှာလွန်းသဖြင့် ဟန်ဆောင်ကောင်းလှသော လီဟောက်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်မိသည်။ ထို့နောက် ဗိုက်ထဲတွင် မွှေနှောက်လာပြီး ပျို့အန်ချင်သလို ဖြစ်လာခဲ့သည်။
လီဟောက်က အိမ်ထဲမှာ နှစ်ဝက်လောက် "အနားယူ" နေပြီးတော့ ဒီလောက် ရွံရှာစရာကောင်းတဲ့ နည်းလမ်းကို ကြံစည်ခဲ့တာကိုး။ တိုက်ခိုက်မှု အရှိန်ကတော့ မသေးဘူး။
လက်ထပ်ပွဲ မဖြစ်ရင်တောင် လီဟောက် ညီအစ်ကိုတွေအတွက် ဘာမှ ဆုံးရှုံးစရာ မရှိဘူး။ အိမ်ရှေ့စံအိမ်တော်ကတော့ ယုံးကျားဧကရာဇ်ရဲ့ အမုန်းကို ခံလိုက်ရပြီး မျက်နှာသာပေးမှုတွေ ဆုံးရှုံးသွားရပြီ။
ထိုအချိန်တွင် အတွင်းနန်းဆောင်ကုန်းကုန်း တစ်ဦး ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဟွမ်ဟုပ်ညန်ညန်က အပြင်မှာ ခစားချင်ပါတယ်တဲ့"
ဟွမ်ဟုပ်က ဘာလို့ ရောက်လာတာလဲ။
ယုံးကျားဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ကို အပြင်မှာ စောင့်ခိုင်းလိုက်..."
စကားမဆုံးသေးခင် ချောင်မိဖုရားခေါင်သည် အတင်း ဝင်ရောက်လာခဲ့လေသည်။
ပုံမှန်အားဖြင့် တည်ငြိမ်ရင့်ကျက်သော ချောင်မိဖုရားခေါင်သည် ယနေ့တွင် အမူအရာကို ဂရုမစိုက်နိုင်တော့ဘဲ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ အလောတကြီး ပြေးလာသဖြင့် ခေါင်းပေါ်မှ ဆံထိုးတစ်ချောင်း ပြုတ်ကျသွားပြီး ဆံပင်တစ်ခွေ ကျွတ်ကျကာ နားရွက်ဘေးတွင် တွဲလောင်းကျနေလေသည်။
ချောင်မိဖုရားခေါင်သည် ယင်းကို သတိမထားမိပေ။ သူမ၏ စိုးရိမ်တကြီး အကြည့်များသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော သားနှင့် ချွေးမအပေါ် ကျရောက်သွားပြီး ရင်ထဲတွင် မီးလောင်သကဲ့သို့ ပူလောင်သွားကာ မျက်ရည်များ ဝဲတက်လာတော့သည်။ "အရှင်မင်းကြီး... ထိုက်ဇီနဲ့ ထိုက်ဇီဖေးက ဘာအမှား လုပ်မိလို့လဲ။ ဘာလို့ အရှင်မင်းကြီးက အိမ်ရှေ့စံအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို မငဲ့ညှာဘဲ သူတို့ကို ဒီမှာ ဒူးထောက်ခိုင်းထားရတာလဲ"
"ဒီကိစ္စ အပြင်ကို ရောက်သွားရင် လူတွေက အိမ်ရှေ့စံအိမ်တော်ကို ဘယ်လိုမြင်ကြမလဲ။ အရှင်မင်းကြီးက ထိုက်ဇီကို ဖြုတ်ချချင်တာလား"
ယုံးကျားဧကရာဇ်သည် မူလက ဒေါသထွက်နေသော်လည်း ချောင်မိဖုရားခေါင်၏ စွပ်စွဲချက်ကြောင့် အရှိန်လျော့သွားလေသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ကျန်း ဘယ်တုန်းက ထိုက်ဇီကို ဖြုတ်ချမယ် ပြောလို့လဲ"
အိမ်ရှေ့စံ ဖြုတ်ချခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။
အိမ်တွင်းရေး ပြဿနာလေး တစ်ခုကြောင့် မပြောနှင့်။ ထိုက်ဇီ တကယ် အမှားကြီး ကျူးလွန်လျှင်ပင် အလွယ်တကူ ဖြုတ်ချ၍ မရပေ။
ချောင်မိဖုရားခေါင်သည် စိတ်သဘောထား ပျော့ပျောင်းသော်လည်း ယခုအချိန်တွင် မာကျောလာခဲ့လေသည်။ "အရှင်မင်းကြီးက အဲဒီလို သဘောမရှိရင် ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို ထခိုင်းလိုက်ပါ။ အိမ်ရှေ့စံအိမ်တော်ကို မျက်နှာသာပေးတဲ့ အနေနဲ့ရော၊ ချန်ချဲ့ကို မျက်နှာသာပေးတဲ့ အနေနဲ့ရော၊ အရှင်မင်းကြီးရဲ့ သိက္ခာအတွက်ရောပေါ့"
ယုံးကျားဧကရာဇ်သည် ဆွံ့အသွားကာ ဒေါသတကြီး ကြည့်နေလေသည်။
ချောင်မိဖုရားခေါင်သည် သားနှင့် ချွေးမ၏ ရှေ့သို့ လျှောက်သွားပြီး ခါးကို မတ်မတ်ထားကာ ယုံးကျားဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။ "သူတို့ကို ထခိုင်းလိုက်ပါ အရှင်မင်းကြီး"
ယုံးကျားဧကရာဇ်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "လီကျင့်... လုရှီ... မင်းတို့လင်မယား မတ်တပ်ရပ်ကြတော့။ ဆက်ပြီး ဒူးထောက်နေရင် ကျန်းက အမှားအမှန် မခွဲခြားတတ်တဲ့ မင်းဆိုးမင်းညစ် ဖြစ်သွားတော့မယ်"
လီကျင့်နှင့် လုမင်ယွိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အတူတူ မတ်တပ်ထရပ်လိုက်ကြသည်။
ဒီလိုဆိုတော့ ဘေးနားမှာ ဆက်ပြီး ဒူးထောက်နေတဲ့ လီဟောက်ကတော့ အနေခက်သွားပြီပေါ့။
ယုံးကျားဧကရာဇ်သည် ဒေါသထွက်နေသဖြင့် လီဟောက်ကို ထခိုင်းဖို့ မေ့နေလေသည်။ ချောင်မိဖုရားခေါင်ကလည်း မြင်သော်လည်း ဝင်မပြောပေ။ လီဟောက်သည် ဆက်လက် ဒူးထောက်နေရပြီး မျက်နှာပေါ်တွင် "အစ်ကိုကို ချစ်တဲ့ ညီကောင်း" ဟူသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားရလေသည်။
"ဒီနေ့ တကယ်ပဲ ဘာဖြစ်ကြတာလဲ" ချောင်မိဖုရားခေါင်က ခေါင်းလှည့်ပြီး လီကျင့်ကို တိုးတိုးလေး မေးလိုက်လေသည်။ "ကောင်းကောင်းနေရင်းနဲ့ မင်းတို့လင်မယားက ဘာလို့ ဖုဟွမ် ဒေါသထွက်အောင် လုပ်ရတာလဲ"
ယုံးကျားဧကရာဇ်ကို တောက်လျှောက် မာမာထန်ထန် ဆက်ဆံ၍ မရပေ။ စောစောက လေသံမာခဲ့ပြီးပြီမို့ အခု အနည်းငယ် လျှော့ပေးရမည်။ မဟုတ်လျှင် ဆက်ပြီး ထိပ်တိုက်တွေ့နေပါက အိမ်ရှေ့စံအိမ်တော်သာ နစ်နာလိမ့်မည်။
လီကျင့်သည်လည်း ဤသဘောတရားကို နားလည်သဖြင့် ဒေါသကို ထိန်းချုပ်လိုက်ပြီး အသံကို လျှော့ကာ ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြောပြလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသည်နှင့် စိတ်နှလုံးများ လေးလံသွားတော့သည်။
ဒီအကြံက တော်တော် ရက်စက်တာပဲ။
ဒီ လီဟောက်က တကယ့်ကို စိတ်ဓာတ်မဲမှောင်ပြီး ရက်စက်တတ်တဲ့ကောင်ပဲ။
ဒါက အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံအိမ်တော်ကြားကို သွေးခွဲဖို့ အစွမ်းကုန် ကြိုးစားနေတာ။
ဒီအကြံကို ဖျက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အမှားကို အမှန်လုပ်ပြီး လက်ထပ်ပွဲကို လက်ခံလိုက်တာပဲ။ လုမင်ယွဲ့ကို လီချန်နဲ့ ပေးစားလိုက်ပြီး အိမ်ရှေ့စံအိမ်တော်နဲ့ တတိယမင်းသား၊ ပဉ္စမမင်းသားတို့ အဆင်ပြေသွားပြီ ဆိုတဲ့ ပုံစံမျိုး လုပ်ပြလိုက်ရင် နန်းတွင်းက ကောလာဟလတွေ ငြိမ်သွားပြီး ယုံးကျားဧကရာဇ်ကလည်း အိမ်ရှေ့စံအိမ်တော်ရဲ့ စေတနာကို ယုံကြည်သွားလိမ့်မယ်။
ဒါပေမဲ့...
ချောင်မိဖုရားခေါင်သည် မျက်နှာထား တင်းမာနေသော ချွေးမဖြစ်သူ လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒီလမ်းကြောင်းကတော့ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အခုလောလောဆယ်တော့ ဖြေရှင်းပြီးမှ ဆက်စဉ်းစားရမှာပဲ။
"သြော်... ပဉ္စမမင်းသားရဲ့ လက်ထပ်ပွဲကိစ္စကြောင့်ကိုး" ချောင်မိဖုရားခေါင်သည် သက်ပြင်းချသလို ဟန်ဆောင်လိုက်ပြီး သားနှင့် ချွေးမကို အပြစ်တင်လိုက်လေသည်။ "မင်းတို့လင်မယားကလည်း ဒီလက်ထပ်ပွဲကို သဘောမကျရင်လည်း ဖြည်းဖြည်းချင်း ယဉ်ယဉ်ကျေးကျေး ပြောလို့ရတာပဲကို"
ထို့နောက် ယုံးကျားဧကရာဇ်ကို ပြောလိုက်ပြန်သည်။ "အရှင်မင်းကြီးလည်း စိတ်လျှော့ပါဦး။ ကမ်းလှမ်းတယ် ဆိုတဲ့ ကိစ္စက တစ်ခါပြောရုံနဲ့ ဖြစ်တာမှ မဟုတ်တာ။ ပြီးတော့ လုရှီက တော်ဝင်မိသားစုထဲ ရောက်နေပြီဆိုတော့ လီမိသားစုရဲ့ ချွေးမ ဖြစ်နေပြီလေ။ လုအိမ်တော်ကိစ္စကို သူ ဆုံးဖြတ်လို့ မရဘူး။ အရှင်မင်းကြီးက လုအိမ်တော်ရဲ့ သဘောထားကို သိချင်ရင် ရှင်းယန်ဝမ်ကို နန်းတော်ထဲ ခေါ်မေးမှ ရမှာပေါ့။ သူတို့နှစ်ယောက်ကို မေးနေတော့ ဘာအသုံးဝင်မှာလဲ"
ချောင်မိဖုရားခေါင်သည် "ရန်ငြိုးပြေပျောက်ရေး" တို့ "လက်နက်ချရေး" တို့ကို လုံးဝ ထည့်မပြောဘဲ လက်ထပ်ပွဲကိစ္စကိုသာ ပြောဆိုလိုက်လေသည်။
အဓိကအချက်ကို ပါးပါးနပ်နပ် လွှဲပြောင်းလိုက်ခြင်းပင်။
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် သိသိသာသာ လျော့ကျသွားလေသည်။ "ကျန်းက စစ်တပ်ထဲကို လူလွှတ်ပြီး ရှင်းယန်ဝမ်ကို ခေါ်ခိုင်းလိုက်ပြီ။ သွားတာပြန်တာ တစ်ရက်လောက် ကြာလိမ့်မယ်။ ရှင်းယန်ဝမ်က မနက်ဖြန် နန်းတော်ထဲ ရောက်လာလိမ့်မယ်"
ချောင်မိဖုရားခေါင်က အလိုက်တသိ ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင် မနက်ဖြန် ရှင်းယန်ဝမ် ရောက်လာတဲ့အခါ အရှင်မင်းကြီးက ရှင်းယန်ဝမ်ရဲ့ သဘောထားကို မေးကြည့်လိုက်ပေါ့။ ရှင်းယန်ဝမ်က ခေါင်းညိတ်ရင် အရှင်မင်းကြီးက အမိန့်တော် ပြန်တမ်း ထုတ်လိုက်ပေါ့။ တကယ်လို့ ရှင်းယန်ဝမ်က သဘောမတူရင်လည်း အရှင်မင်းကြီးက ရှင်းယန်ဝမ် ဘာပြောမလဲ ဆိုတာ နားထောင်ကြည့်ပေါ့။ ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို စိတ်ဆိုးနေစရာ မလိုပါဘူး"
"သူတို့နှစ်ယောက်က ငယ်ရွယ်ပြီး သွေးဆူလွယ်တဲ့ အရွယ်တွေလေ။ ဒေါသထွက်နေတဲ့အချိန် ပြောမိတဲ့ စကားတွေက နားထောင်လို့မကောင်း ဖြစ်တတ်ပါတယ်။ အရှင်မင်းကြီးက လူကြီးပဲဟာ။ သူတို့နဲ့အပြိုင် ဖက်မဖြစ်ပါနဲ့"
ပြောရင်းဆိုရင်း မျက်နှာထား တင်းလိုက်ပြန်သည်။ "မင်းတို့နှစ်ယောက်... မင်းတို့ ဖုဟွမ်ကို မြန်မြန် တောင်းပန်လိုက်ကြ။ တကယ်ကို အချိုးမပြေကြဘူး။ ဘာပဲဖြစ်ဖြစ် လူကြီးမိဘကို စားပွဲရိုက်ပြီး မျက်ထောင့်နီကြီးနဲ့ ကြည့်ရတယ်လို့ မရှိဘူး"
ချောင်မိဖုရားခေါင်က လမ်းခင်းပေးနေပြီ ဖြစ်သဖြင့် လုမင်ယွိသည် မည်မျှပင် ခေါင်းမာသူ ဖြစ်ပါစေ အလိုက်သင့် နေရမည်ကို သိသဖြင့် ခေါင်းညိတ်လိုက်လေသည်။ လီကျင့်နှင့်အတူ ဂါရဝပြုပြီး တောင်းပန်လိုက်ကြသည်။
ယုံးကျားဧကရာဇ်သည် ဒေါသပြေသွားပြီဖြစ်ပြီး ယနေ့ကိစ္စကို ပုံကြီးချဲ့မိသည်ဟု ခံစားလိုက်ရသဖြင့် လက်ကာပြလိုက်လေသည်။ "ထားလိုက်ပါတော့။ မင်းတို့ ငါ့ကို စိတ်မဆိုးအောင် မလုပ်ရင်ပဲ ကျေးဇူးတင်လှပါပြီ။ အားလုံး ထွက်သွားကြတော့"
...