အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အပိုင်း (၄၈၄) အားပြိုင်ပွဲ (၄)
လုမင်ယွိနှင့် လီကျင့်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရင်ထဲမှ ဒေါသများကို အသီးသီး မြိုသိပ်ကာ လှည့်ထွက်သွားကြလေသည်။
လှည့်ထွက်လိုက်သည့် ခဏတာတွင် လုမင်ယွိနှင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော လီဟောက်တို့၏ အကြည့်များ ဆုံတွေ့သွားကြသည်။
လီဟောက်၏ မျက်ဝန်းများသည် ရေကန်ပမာ နက်ရှိုင်းပြီး ခန့်မှန်းရခက်နေလေသည်။ လုမင်ယွိ၏ ရင်ထဲတွင် ရွံရှာမှုများ ပြည့်နှက်နေပြီး မျက်ဝန်းထဲတွင် အထင်အမြင်သေးမှုများ အပြည့်ရှိနေသည်။ သို့သော် ဒီနေ့တွင် ပြဿနာ ထပ်ဖြစ်ရန် မသင့်တော်တော့ပေ။ ဒီစာရင်းကို နောက်မှ ဖြည်းဖြည်းချင်း ရှင်းရလိမ့်မည်။
လီကျင့် ဇနီးမောင်နှံ ထွက်ခွာသွားသည်နှင့် ဝမ်ဟွားနန်းဆောင်ထဲရှိ လေထုသည်လည်း ပြေလျော့သွားတော့သည်။
ချောင်မိဖုရားခေါင်သည် ဟန်ဆောင်ကောင်းသူ တစ်ဦးပီသစွာပင် လီဟောက်၏ ရှေ့သို့ လျှောက်သွားပြီး လီဟောက်ကို ကိုယ်တိုင် တွဲထူလိုက်လေသည်။ "မင်းက ဘာလို့ ဒူးထောက်နေတုန်းလဲ။ မြန်မြန် ထစမ်းပါ။ ဒီနေ့ကိစ္စက မင်းရဲ့ အာ့ကောနဲ့ အာ့စောင်တို့ စိတ်ဆတ်ပြီး စကားပြောကြမ်းသွားလို့ ဖြစ်ရတာပါ။ သူတို့နှစ်ယောက်ကို အပြစ်မတင်ပါနဲ့ကွယ်"
လီဟောက်က ရှက်ရွံ့အားနာသော မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။ "မူဟုပ် ဒီလိုပြောတော့ သားတော် ရှက်လွန်းလို့ မျက်နှာဘယ်နား ထားရမှန်းတောင် မသိတော့ပါဘူး။ သားတော် သေချာ မစဉ်းစားမိဘဲ တစ်ဖက်သတ် ဆန္ဒစောမိသွားတာပါ။ မူဟုပ် ပြောတာ မှန်ပါတယ်။ လက်ထပ်တယ်ဆိုတာ တစ်ဖက်တည်း သဘောတူလို့ ရတာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ရှင်းယန်ဝမ်ရဲ့ သဘောထားကို အရင်မေးသင့်တာပေါ့။ တကယ်လို့ လုအိမ်တော်က သဘောမတူရင်လည်း လုအိမ်တော်က သခင်မလေးကို အတင်းအကျပ် လက်ထပ်ယူလို့ မဖြစ်ဘူးလေ"
ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြုံးလိုက်လေသည်။ "မင်းက အခုမှ အသက် ၂၀ ပဲ ရှိသေးတာ။ စေတနာနဲ့ လုပ်ရင်းနဲ့ တစ်ခါတလေ လွဲချော်သွားတာမျိုး ရှိတတ်ပါတယ်။ ပန်ကုံးက ဘယ်လိုလုပ် မင်းကို အပြစ်တင်ရမှာလဲ။ ပန်ကုံး မျှော်လင့်တာက မင်းတို့ညီအစ်ကိုတွေ သင့်သင့်မြတ်မြတ် ရှိကြဖို့ပါပဲ။ ဒီကိစ္စကြောင့် စိတ်ဝမ်းမကွဲကြပါစေနဲ့"
လီဟောက်က ချက်ချင်း ပြောလိုက်လေသည်။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အာ့ကောအပေါ်ထားတဲ့ သားတော်ရဲ့ စိတ်ထားက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒီကိစ္စကြောင့် အာ့ကော သားတော်ကို မုန်းသွားမှာပဲ စိုးရိမ်မိပါတယ်"
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်သည်။ "ပန်ကုံး အာမခံပါတယ်။ မင်း စိတ်ချလက်ချသာ နေပါ"
ထို့နောက် ယုံးကျားဧကရာဇ်ကို ကြည်လင်ရွှင်လန်းစွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး... ကျွန်မလည်း ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ကျောင်းဖန်နန်းဆောင်ကို အရင် ပြန်လိုက်ပါဦးမယ်"
ချောင်မိဖုရားခေါင်က ပါးပါးနပ်နပ်ဖြင့် အခြေအနေကို ထိန်းသိမ်းပေးခဲ့သဖြင့် ယုံးကျားဧကရာဇ်သည်လည်း မျက်နှာထား တင်းမနေတော့ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။ "ကောင်းပြီလေ။ ကျန်း အားတဲ့အချိန်ကျရင် ကျောင်းဖန်နန်းဆောင်ကို လာပြီး ဟွမ်ဟုပ်နဲ့ စကားလာပြောမယ်"
အားတဲ့အချိန်တဲ့လား။
ဘယ်အချိန်က အားတဲ့အချိန်လဲ။
သွားချင်တဲ့စိတ်ရှိရင် ဘယ်ကိစ္စကမှ တားလို့မရဘူး။ မသွားချင်ဘူးဆိုရင်တော့ အကြောင်းပြချက် ပေါင်းသောင်းခြောက်ထောင် ရှိနေမှာပဲလေ။
ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ "ဟုတ်ကဲ့ပါ။ ချန်ချဲ့ အရှင်မင်းကြီးကို စောင့်မျှော်နေပါ့မယ်"
ချောင်မိဖုရားခေါင် ထွက်ခွာသွားပြီးနောက် ဝမ်ဟွားနန်းဆောင်ထဲတွင် ယုံးကျားဧကရာဇ်နှင့် လီဟောက်တို့သာ ကျန်ရစ်တော့သည်။
လီဟောက်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဖုဟွမ်... တောင်းပန်ပါတယ်။ အားလုံးက သားတော်ရဲ့ စိတ်ကူးယဉ်မှုတွေ လွန်ကဲပြီး ဒီလို အသုံးမကျတဲ့ အကြံဉာဏ်မျိုး ထုတ်မိလို့ပါ။ အာ့ကောနဲ့ အာ့စောင်ကို ဒေါသထွက်စေခဲ့သလို ဖုဟွမ်ကိုလည်း မျက်နှာပျက်စေခဲ့မိပါပြီ"
ယုံးကျားဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ထားလိုက်ပါတော့။ အခုမှ ဒီစကားတွေ ပြောနေပြီး ဘာလုပ်မလဲ။ ကျန်း ကိုယ်တိုင်ကလည်း တွေးတာ ရိုးရှင်းလွန်းသွားတယ်။ ထင်ထားတာက..."
ဘာထင်ထားလဲ ဆိုတာကိုတော့ ဆက်မပြောတော့ပေ။ ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "မင်းလည်း အရင် ပြန်တော့လေ။ မနက်ဖြန် ရှင်းယန်ဝမ် နန်းတော်ထဲ ရောက်လာမှ ကျန်း ရှင်းယန်ဝမ်ကို သေချာ မေးကြည့်လိုက်မယ်။ တကယ်လို့ ရှင်းယန်ဝမ်က သဘောမတူဘူးဆိုရင် ဒီလက်ထပ်ပွဲကို လက်လျော့လိုက်ရုံပဲ ရှိတာပေါ့"
လီဟောက်သည် ခေါင်းညိတ်လိုက်ပြီး မကြာမီ ဂါရဝပြုကာ ထွက်ခွာသွားတော့သည်။
ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် လီဟောက်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ သူ အနိုင်ရခဲ့ပြီ။ လက်ထပ်ပွဲ ဖြစ်မြောက်ခြင်း မဖြစ်မြောက်ခြင်းက အရေးမကြီးပေ။ အရေးကြီးသည်မှာ အရှင်မင်းကြီးနှင့် အိမ်ရှေ့စံအိမ်တော်ကြားတွင် နောက်ထပ် အဖုအထစ်တစ်ခု ဖြစ်ပေါ်လာခြင်းပင်။
ဘယ်လောက်ပဲ မျက်နှာသာပေးခံရပါစေ ဒီလိုမျိုး မကြာခဏ ပွတ်တိုက်မှုတွေ ဖြစ်လာရင် ကြာရှည်ခံမှာ မဟုတ်ဘူး။
ဝမ်ဟွားနန်းဆောင်ထဲတွင် ယုံးကျားဧကရာဇ်သည် တစ်ပါးတည်း အကြာကြီး ထိုင်နေပြီး ဘာကို တွေးမိသည်မသိ နဂါးမျက်လုံးတော်များထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
...
ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်နှင့် သား၊ ချွေးမတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။
ပုံမှန်အားဖြင့် သဘောထားကြီးသော ချောင်မိဖုရားခေါင်သည် ယခုအချိန်တွင် မျက်နှာထား တင်းမာနေပြီး သားနှင့် ချွေးမကို ဆူပူကြိမ်းမောင်းနေလေသည်။ "ဒါက လီဟောက် ဆင်ထားတဲ့ ထောင်ချောက်ဆိုတာ မင်းတို့ သိရက်သားနဲ့ ဘာလို့ ဒီလောက် စိတ်မြန်လက်မြန် ဖြစ်ပြီး သူ့အကွက်ထဲ ဝင်သွားရတာလဲ"
လီကျင့်၏ မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်နေပြီး လေးနက်စွာ ပြောလိုက်လေသည်။ "တကယ်လို့ ပြတ်ပြတ်သားသား မငြင်းလိုက်ရင် ဖုဟွမ်က အမိန့်တော် ပြန်တမ်း ထုတ်တော့မှာလေ"
ချောင်မိဖုရားခေါင်သည် လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး လုမင်ယွိကို အမြန် လှမ်းကြည့်လိုက်လေသည်။ "အဲဒီအဆင့်ထိတော့ မရောက်လောက်ပါဘူး။ အရှင်မင်းကြီးက ရှင်းယန်ဝမ်ကို ခေါ်ထားတယ်လို့ ပြောတယ်မလား"
လုမင်ယွိ၏ မျက်နှာပေါ်တွင် ပိုနေမြဲ ကျားနေမြဲ အမူအရာမှလွဲ၍ အခြား ဘာမှ မရှိပေ။ သူမသည် ချောင်မိဖုရားခေါင်ကို တည့်တည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "တကယ်လို့ ဒီနေ့ ကျွန်မတို့က ပျော့ပျော့ပြောင်းပြောင်း နေလိုက်မယ်ဆိုရင် ဒီလက်ထပ်ပွဲကို ငြင်းလို့ရတော့မှာ မဟုတ်ဘူး။ မူဟုပ်... ဖုဟွမ်က တိုင်းပြည်ကို စုစည်းပြီး သာ့ဝေတိုင်းပြည်ကို တည်ထောင်ခဲ့တာလေ။ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး အာဏာက ကြီးမားလာပြီး အရာရာကို တစ်ဦးတည်း ဆုံးဖြတ်ချင်လာတယ်။ စိတ်နေစိတ်ထားကလည်း အရင်ကနဲ့ မတူတော့ဘူး"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်၏ မျက်နှာသည်လည်း ပျက်ယွင်းသွားတော့သည်။
ယုံးကျားဧကရာဇ် ပြောင်းလဲသွားသည်ကို သူမ ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။
ယခင်က ယုံးကျားဧကရာဇ်သည် မုန့်ဖေးကို တစ်ဦးတည်း အချစ်ပိုခဲ့သည်မှာ မုန့်ဖေးကို တကယ်ချစ်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူ မုန့်ဖေးကို မြှောက်စားပေးနေခြင်းမှာ မိဖုရားခေါင်၏ အာဏာနှင့် အိမ်ရှေ့စံအိမ်တော်၏ အာဏာကို ထိန်းချုပ်ရန်အတွက်သာ ဖြစ်လေသည်။
ယခင်က ယုံးကျားဧကရာဇ်သည် ဉာဏ်ပညာ ကြီးမားပြီး သဘောထား ကြီးသူဖြစ်သည်။
ယခု အရှင်မင်းကြီးကတော့ ကြီးမားသော အောင်မြင်မှုများကို ပိုင်ဆိုင်ထားသဖြင့် မောက်မာဝင့်ကြွားလာပြီး ပို၍ အာဏာရှင် ဆန်လာသည်။ ထိုသို့ မဟုတ်လျှင် ယနေ့ကဲ့သို့ ကိစ္စမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
ချောင်မိဖုရားခေါင်သည် တွေးလေလေ ကြောက်လေလေ ဖြစ်လာပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။ "ဒီ လီဟောက်က တကယ်ကို မကောင်းတဲ့ကောင်ပဲ။ ဒါက တမင်သက်သက် အရှင်မင်းကြီးရဲ့ ရင်ထဲကို သပ်လျှိုလိုက်တာ။ ဒီကိစ္စပြီးရင် အရှင်မင်းကြီးက အိမ်ရှေ့စံအိမ်တော်အပေါ် ပိုပြီး မကျေနပ်တော့မှာ"
လုမင်ယွိ၏ မျက်ဝန်းများ အရောင်တောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ်... ဒီအကွက်ကို ဖြေရှင်းဖို့အတွက် ဝူမေ့ရဲ့ ဘဝတစ်ခုလုံးကို ကျွန်မ စတေးမခံနိုင်ဘူး"
"ဒါကတော့ သေချာတာပေါ့" လီကျင့်က တုံ့ဆိုင်းခြင်း မရှိဘဲ ဝင်ပြောလိုက်လေသည်။ "မင်း မလာခင်ကတည်းက ဖုဟွမ်ရဲ့ အကြံပြုချက်ကို ကိုယ် ပြတ်ပြတ်သားသား ငြင်းခဲ့ပြီးသားပါ"
ချောင်မိဖုရားခေါင်သည် အခိုက်တန့် စကားမပြောနိုင် ဖြစ်သွားပြီး သက်ပြင်းချလိုက်လေသည်။ "ကိစ္စက ဒီလိုဖြစ်လာမှတော့ ဘာမှ ပြောမနေပါနဲ့တော့။ မင်းတို့ နောက်ဆိုရင် ပိုပြီး သတိထားကြ။ ဒီ လီဟောက်က တကယ်ကို လျှော့တွက်လို့မရတဲ့ကောင်ပဲ"
လီကျင့်က ခေါင်းညိတ်လိုက်သည်။
လုမင်ယွိသည် စိတ်အခြေအနေ မကောင်းသဖြင့် စကားများများ မပြောပေ။
လီကျင့်သည် သူမကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီး လက်ကိုဆန့်ကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။
လုမင်ယွိက လီကျင့်ကို နှုတ်ခမ်းထောင့်များ တွန့်ကွေးရုံ ပြုံးပြလိုက်ပြီး အဆင်ပြေကြောင်း အမူအရာ ပြလိုက်သည်။
ချောင်မိဖုရားခေါင်သည် ခေါင်းကို တစ်ဖက်သို့ တိတ်တဆိတ် လှည့်လိုက်ပြီး နဖူးကို နှိပ်နယ်လိုက်လေသည်။
...
နောက်တစ်နေ့ မနက် ညီလာခံတွင် လီကျင့်နှင့် လီဟောက်တို့ တွေ့ဆုံကြရာ တစ်ယောက်နှင့်တစ်ယောက် ပြုံးပြပြီး လက်ကိုယှက်ကာ နှုတ်ဆက်စကား ဆိုကြလေသည်။
မနေ့က ဝမ်ဟွားနန်းဆောင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ အနည်းငယ် ကြားသိထားကြသဖြင့် စိတ်ထဲတွင် ခန့်မှန်းတွက်ချက်နေကြပြီး သူတို့အနားသို့ အမြန် ရောက်ရှိလာကြကာ စကားပြောရင်း သူတို့နှစ်ဦး၏ အပြုအမူနှင့် စကားလုံးများကို မသိမသာ စောင့်ကြည့်နေကြလေသည်။
သို့သော် လီကျင့်နှင့် လီဟောက် နှစ်ယောက်လုံးသည် ပုံမှန်အတိုင်း တည်ငြိမ်နေကြပြီး ရန်ဖြစ်ထားသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
သို့သော် ညီလာခံ စတင်သောအခါတွင်တော့ တစ်ခုခု မှားယွင်းနေကြောင်း သိသာလာလေသည်။
နဂါးပလ္လင်ထက်တွင် ထိုင်နေသော ယုံးကျားဧကရာဇ်သည် ယနေ့တွင် မျက်နှာထား တင်းမာနေပြီး အစမှ အဆုံးထိ အပြုံးအရိပ်အယောင် မတွေ့ရပေ။
အမတ်များ ဆွေးနွေးတင်ပြကြရာတွင် ယုံးကျားဧကရာဇ်သည် ထိုက်ဇီကို နာမည်တပ်ပြီး ဝင်ရောက်ဆွေးနွေးခိုင်းလေသည်။ လီကျင့် စကားပြောသောအခါတွင် ကြက်ဥထဲ အရိုးရှာသလို အပြစ်ရှာပြီး ကောင်းကွက်မရှိအောင် ဝေဖန်ပြောဆိုလေသည်။
လီကျင့်သည် စိတ်ရှည်သည်းခံနိုင်သူ ဖြစ်သဖြင့် တစ်ခုချင်းစီကို သည်းခံကျော်ဖြတ်ခဲ့လေသည်။
ပထမမင်းသားသည် လီဟောက်ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။ ဒီ စန်းတိက တကယ်ကို ယုတ်မာကောက်ကျစ်တဲ့ကောင်ပဲ။ ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လို့ ဖုဟွမ်က ထိုက်ဇီကို ဒီလောက် မုန်းသွားတာပါလိမ့်။
စတုတ္ထမင်းသားပင်လျှင် အခြေအနေ မကောင်းကြောင်း ခံစားမိလိုက်သည်။
လွန်ခဲ့သော လအနည်းငယ်က ထိုက်ဇီသည် မကြာခဏ ဆူပူကြိမ်းမောင်း ခံခဲ့ရသည်။ မကြာသေးမီ ကာလကမှ အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။ ဒီနေ့ ဘာဖြစ်သွားတာလဲ။
နေ့လယ်ပိုင်းတွင် ရှင်းယန်ဝမ်လုလင်းသည် စစ်တပ်မှ မြို့တော်သို့ ပြန်ရောက်လာပြီး လုအိမ်တော် တံခါးပေါက်ကိုပင် မဝင်ဘဲ နန်းတော်ထဲသို့ မြင်းစီးကာ ဝင်ရောက်ပြီး အရှင်မင်းကြီးကို ခစားလေသည်။
လုလင်းသည် မြင်းစီးပြီး အပြေးအလွှား ပြန်လာရသော်လည်း မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် မရှိဘဲ မျက်လုံးများ တောက်ပနေကာ လက်ကိုယှက်ပြီး ဂါရဝပြုလိုက်လေသည်။ "ကျွန်တော်မျိုး လုလင်း... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်က ခပ်တိုးတိုး ရယ်မောလိုက်ကာ "မြန်မြန် ထပါ။ ကျန်း မင်းကို ဒီလောက် အလျင်အမြန် ပြန်ခေါ်လိုက်တာက တိုင်းပြည်ကိစ္စ မဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု အတွက်ပါ"
လုလင်းသည် လမ်းခုလတ်တွင် အိမ်ရှေ့စံအိမ်တော်မှ စေလွှတ်လိုက်သော သတင်းပို့သူနှင့် တွေ့ဆုံခဲ့ပြီး နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်လေသည်။ ယခုအချိန်တွင် မျက်နှာအမူအရာ မပျက်ဘဲ ပြုံးလျက် ပြောလိုက်လေသည်။ "ကျွန်တော်မျိုး နားထောင်နေပါတယ်။ အရှင်မင်းကြီး မိန့်ကြားပါ"
...
အပိုင်း (၄၈၅) လက်ထပ်ခွင့် ငြင်းပယ်ခြင်း (၁)
"ထိုက်ဇီဖေး... ရှင်းယန်ဝမ် ဝမ်ဟွားနန်းဆောင်ထဲ ဝင်သွားတာ နာရီဝက်တောင် ကျော်သွားပြီ" အိမ်ရှေ့စံအိမ်တော်ထဲမှ ချီယွင်၏ စိုးရိမ်တကြီး တိုးတိုးလေး ပြောသံ ထွက်ပေါ်လာလေသည်။ "ကုန်းကုန်းတစ်ယောက်လောက် လွှတ်ပြီး အခြေအနေ သွားကြည့်ခိုင်းလိုက်ရမလား"
လုမင်ယွိက တည်ငြိမ်စွာပင် ဖြေလိုက်၏။ "မလိုပါဘူး။ ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
ယုံးကျားဧကရာဇ်သည် သားဖြစ်သူကို စိတ်ဆိုး၍ ရသော်လည်း တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့သော စစ်သူကြီးတစ်ဦးကို ထိုကဲ့သို့ ပြုမူမည် မဟုတ်ပေ။ လက်ရှိ စစ်တပ်နှင့် နန်းတွင်းတွင် ရှင်းယန်ဝမ်၏ အဆင့်အတန်းအရ ယုံးကျားဧကရာဇ်သည် ချော့မော့ဆက်ဆံရမည် ဖြစ်လေသည်။
ချီယွင်သည် စိတ်ပူနေပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ "တကယ် မထင်ထားတဲ့ ပြဿနာပဲ။ ဘာလို့ ရုတ်တရက်ကြီး ပဉ္စမသခင်မလေး ဆီ ရောက်သွားရတာလဲ"
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင် ဖြတ်သန်းသွားလေသည်။ "စိတ်မပူပါနဲ့။ အဖေက ဒီလက်ထပ်ပွဲကို လုံးဝ လက်ခံမှာ မဟုတ်ဘူး"
ချီယွင်သည် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "ထိုက်ဇီဖေး လက်မခံတာ၊ သခင်ကြီး လက်မခံတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် တတိယမင်းသားရဲ့ ထောင်ချောက်ထဲ ဝင်သွားသလို ဖြစ်သွားမှာပေါ့။ အရှင်မင်းကြီး စိတ်မပျော်ရင် ထိုက်ဇီကို အပြစ်ရှာတော့မှာ။ အဲဒီကျရင် ထိုက်ဇီ နန်းတော်ထဲမှာ နေရတာ ပိုခက်ခဲသွားမှာ"
ချီယွင် မပြောလျှင်လည်း လုမင်ယွိ ကောင်းကောင်း သိလေသည်။
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ထိုက်ဇီ လုပ်ရတာက အစကတည်းက လွယ်ကူတာမှ မဟုတ်တာ။ ငါလည်း သူ့ကို သနားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ငါ နောက်ဆုတ်ပေးလို့ မရဘူး"
ချီယွင်သည် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။
လုမင်ယွိသည် ချီယွင်ကို တစ်ချက် ကြည့်လိုက်လေသည်။ "ဒီနေ့ တစ်မနက်ခင်းလုံး နင် သက်ပြင်းချနေတာပဲ ကြားရတော့တယ်"
ချီယွင်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ထိုက်ဇီဖေး နားမထောင်ချင်ရင် ကျွန်မ သက်ပြင်းမချတော့ပါဘူး"
ထိုစဉ် အတွင်းနန်းဆောင်ကုန်းကုန်း ရှောင်ယွမ်သည် ပြုံးရွှင်စွာ ရောက်ရှိလာပြီး လျင်မြန်စွာ ဂါရဝပြုလိုက်လေသည်။ "ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်... ထိုက်ဇီက လူလွှတ်ပြီး စကားပါးလိုက်ပါတယ်။ အရှင်မင်းကြီးနဲ့ ရှင်းယန်ဝမ်တို့ စကားပြောကောင်းနေကြပြီး ရှင်းယန်ဝမ်ကို ညစာစားဖို့ ဝမ်ဟွားနန်းဆောင်မှာ ဆွဲထားလိုက်ပါတယ်။ မင်းသားတွေနဲ့ ထိုက်ဇီကိုလည်း အတူတူ စားဖို့ ခေါ်ထားပါတယ်တဲ့"
လုမင်ယွိ၏ မျက်ခုံးများ လျော့ကျသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ "ကောင်းပြီ... ငါ သိပြီ"
ရှင်းယန်ဝမ် ရောက်လာပြီဆိုမှတော့ ဒီကိစ္စ အဆင်ပြေပြေ ပြီးသွားလောက်ပြီ။
ချီယွင်သည် လက်အုပ်ချီလိုက်ပြီး "ဘုရား... ဘုရား... နောက်ဆုံးတော့ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်သွားပြီ"
လုမင်ယွိသည်လည်း ပြုံးလိုက်ကာ "ငါ့မျက်စိရှေ့မှာ လာရှုပ်မနေနဲ့တော့။ နေ့ဝက်လောက် ငါ့အနားမှာ နေပြီးပြီဆိုတော့ ပြန်ပြီး ကျွမ်းအာကို သွားထိန်းပေးချေ"
ချီယွင်သည် နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်ပြီး အမိန့်ကို နာခံလျက် ထွက်ခွာသွားတော့သည်။
ခဏအကြာတွင် ချိုင်လန်သည် ချောင်မိဖုရားခေါင်၏ အမိန့်ဖြင့် အိမ်ရှေ့စံအိမ်တော်သို့ ရောက်ရှိလာပြီး ပြုံးကာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က ထိုက်ဇီဖေးနဲ့ မြေးတော်လေး နှစ်ယောက်ကို ကျောင်းဖန်နန်းဆောင်မှာ ညစာလာစားဖို့ ဖိတ်လိုက်ပါတယ်"
ကြည့်ရတာ ချောင်မိဖုရားခေါင်လည်း သတင်းရပြီးပြီ ထင်တယ်။
လုမင်ယွိသည် ပြုံးလိုက်လေသည်။ "ကောင်းပါပြီ။ ကျွန်မ ကလေးတွေကို ခေါ်ပြီး အခုပဲ လာခဲ့ပါ့မယ်"
...
ဝမ်ဟွားနန်းဆောင် အပြင်ဘက်တွင်။
မိုးချုပ်စပြုလာလေပြီ။ နန်းဆောင်အပြင်ဘက်တွင် ရပ်နေသော အရပ်ရှည်ရှည် လူရိပ်သည် အလွန် ရင်းနှီးနေလေ၏။
စတုတ္ထမင်းသားသည် ရယ်ချင်သွားပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ အနားသို့ ကပ်သွားပြီး ရယ်မောကာ ပြောလိုက်လေသည်။ "အာ့ကော... အစ်ကိုက ဘာလို့ ဒီမှာ လာရပ်နေပြန်တာလဲ"
ဤနှစ်ဝက်အတွင်း စတုတ္ထမင်းသားသည် လီကျင့်၏ ဟာသများကို မနည်းမနော ကြည့်ခဲ့ရသည်။
လီကျင့်က ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ကာ ရယ်လိုက်လေသည်။ "ယွဲ့ဖု နန်းတော်ထဲ ရောက်လာလို့သာပေါ့။ မဟုတ်ရင် ဒီည ဒီနေရာမှာ ရပ်စောင့်နေခွင့်တောင် ရမှာ မဟုတ်ဘူး"
စတုတ္ထမင်းသားသည် စာနာစိတ်ဖြင့် လီကျင့်၏ ပခုံးကို ပုတ်လိုက်ပြီး စကားမပြောတော့ပေ။
ထိုစဉ် နောက်ကျောဘက်မှ ပထမမင်းသား၏ စိတ်ပျက်စရာကောင်းသော လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့လေသည်။ "အာ့တိက အထဲမဝင်ဘဲ ငါတို့ကို ဒီမှာ စောင့်နေတာလား။ တကယ်ကို အံ့သြစရာပဲ"
လီကျင့်က ပြုံးလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ ပထမမင်းသား၏ လက်မောင်းကို လှမ်းတွဲပေးလိုက်လေသည်။ "သာ့ကော ဖြည်းဖြည်း လျှောက်နော်"
ပထမမင်းသား "..."
ပထမမင်းသားသည် တခြားသူများ မိမိ၏ ခြေထောက်မသန်စွမ်းမှုကို ထည့်ပြောသည်ကို အမုန်းဆုံး ဖြစ်လေသည်။
ပထမမင်းသားသည် မျက်နှာမဲကြီးဖြင့် လီကျင့်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။ ထို့နောက် လီကျင့်၏ လက်ကို အားဖြင့် ခါထုတ်လိုက်ပြီး နန်းဆောင်တံခါးဝဆီသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။
သူ၏ ညာဘက်ခြေထောက် မသန်စွမ်းဖြစ်သွားပြီးနောက် ဖြည်းဖြည်းလျှောက်လျှင် ဟန်မပျက်သော်လည်း မြန်မြန်လျှောက်လျှင်တော့ ဟန်ချက်ပျက်တတ်လေသည်။ ကံကောင်းသည်မှာ စတုတ္ထမင်းသားသည် မျက်စိရှင်ပြီး လက်မြန်သဖြင့် ပထမမင်းသားကို အချိန်မီ ဖမ်းထိန်းလိုက်နိုင်သည်။ "သာ့ကော သတိထား"
ပထမမင်းသားသည် ရှက်ရမ်းရမ်းပြီး စတုတ္ထမင်းသားကိုပါ စိုက်ကြည့်လိုက်လေသည်။
စတုတ္ထမင်းသားသည် နှာခေါင်းကို ပွတ်လိုက်ပြီး လက်ကို ပြန်ရုပ်လိုက်သည်။
တတိယမင်းသား လီဟောက်နှင့် ပဉ္စမမင်းသား လီချန်တို့သည်လည်း နန်းတော်တံခါးကို ဖြတ်ကျော်ကာ ဝမ်ဟွားနန်းဆောင်ဘက်သို့ ဦးတည်လာကြသည်။
လီချန်သည် ဘာဖြစ်ပျက်နေသည်ကို မသိသေးသဖြင့် လီဟောက်ကို တိုးတိုးလေး မေးလိုက်လေသည်။ "စန်းကော... ဖုဟွမ်က ဘာလို့ ရုတ်တရက်ကြီး ညစာစားဖို့ ခေါ်တာလဲ"
လီဟောက်က ခေါင်းလှည့်ပြီး လီချန်ကို တစ်ချက် ကြည့်လိုက်လေသည်။ "ရှင်းယန်ဝမ်လည်း ဝမ်ဟွားနန်းဆောင်ထဲမှာ ရှိတယ်"
လီချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး အသံမှာလည်း စိတ်လှုပ်ရှားကာ တုန်ရီနေလေသည်။ "ရှင်းယန်ဝမ် နန်းတော်ထဲ ရောက်နေတာလား။ ဒါဆို ဖုဟွမ်က ရှင်းယန်ဝမ်ကို ကမ်းလှမ်းလိုက်ပြီလား။ ဒီည ဖုဟွမ်က ကျွန်တော်တို့ကို ခေါ်တာ လက်ထပ်ပွဲ အောင်မြင်သွားလို့များလား။ အနာဂတ် ယောက္ခထီးနဲ့ တွေ့ပေးချင်လို့လား"
လီဟောက်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
လီချန်သည် သတိမထားမိဘဲ စိတ်အားထက်သန်စွာဖြင့် လီဟောက်ကို ဆက်ပြောနေလေသည်။ "စန်းကော... ခဏနေ အနာဂတ် ယောက္ခထီးနဲ့ တွေ့ရင် ကျွန်တော် ကောင်းကောင်း ပြုမူနေထိုင်ရမယ်"
နေဝင်ချိန်၏ အလင်းရောင်သည် လီဟောက်၏ မျက်လုံးထဲတွင် ထင်ဟပ်နေပြီး သူ၏ အကြည့်များမှာ ရှုပ်ထွေးနေလေသည်။ "ဝူတိ... မင်း ပဉ္စမသခင်မလေးလုကို တကယ် သဘောကျနေတာလား"
လီချန်၏ ခေါင်းထဲတွင် ချစ်စဖွယ် ကောင်းသော မျက်နှာလေး ဖြတ်သန်းသွားပြီး ရင်ထဲတွင် ပူနွေးသွားသော်လည်း မျက်နှာပေါ်တွင်တော့ ဂရုမစိုက်သလို ဟန်ဆောင်လိုက်လေသည်။ "သာမန်ပါပဲ"
လီဟောက်သည် လီချန်၏ စိတ်နေစိတ်ထားကို မသိဘဲ အဘယ်မှာ နေပါမည်နည်း။
လီချန်ကို ကြည့်လိုက်လျှင် ပျော့ညံ့ညံ့ ပုံစံ ပေါက်နေသော်လည်း တကယ်တမ်းတွင် စိတ်ထား မကောင်းလှပေ။ တတိယမင်းသားအိမ်တော်တွင် နေထိုင်ခဲ့သည့် နှစ်ဝက်အတွင်း အိမ်ဖော်များနှင့် ကုန်းကုန်းများကို နှိပ်စက်ခဲ့သည့် သတင်းများကို လီဟောက် ကြားသိခဲ့ရသည်။ သို့သော် ဝင်မပါခဲ့ပေ။
"ဒီလက်ထပ်ပွဲကို ရှင်းယန်ဝမ် လက်ခံမှာ မဟုတ်ဘူး" လီဟောက်က ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
လီချန်၏ မျက်နှာထား တောင့်တင်းသွားပြီး ရယ်မောနေမှုများ ရပ်တန့်သွားတော့သည်။
လီဟောက်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ခဏနေ အထဲဝင်လို့ ရှင်းယန်ဝမ်နဲ့ တွေ့ရင် မင်း ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့နော်"
လီချန်သည် အစ်ကိုဖြစ်သူ၏ အင်္ကျီလက်ကို ဆောင့်ဆွဲလိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "လုအိမ်တော်ရဲ့ မွေးစားသမီးလောက်ကို ငါက သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါး အနေနဲ့ မတန်လို့လား။ ရှင်းယန်ဝမ်က ဘာကိစ္စ ငြင်းရမှာလဲ"
တကယ်ကြီး ပဉ္စမသခင်မလေးလုကို ကြိုက်သွားတာကိုး။
လီဟောက်သည် မျက်မှောင်ကြုတ်လိုက်ပြီး လီချန်ကို သတိပေးလိုက်လေသည်။ "ရှင်းယန်ဝမ် ငြင်းတယ်ဆိုတာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ ခဏနေ ဝမ်ဟွားနန်းဆောင်ထဲ ရောက်ရင် ငြိမ်ငြိမ်နေ။ လူကြားထဲမှာ အရှက်ကွဲအောင် မလုပ်နဲ့"
လီချန်သည် ဒေါသထွက်နေသဖြင့် ပါးစပ်က လွှတ်ခနဲ ထွက်သွားလေသည်။ "အဲဒီတုန်းက လုမင်ယွိကို အာ့ကော လုယူသွားတုန်းကကျ အစ်ကို ကိုယ့်ဟာကိုယ် လူကြားထဲ အရှက်မကွဲအောင် နေပါလို့ ပြောခဲ့လား"
လီဟောက် "..."
လီဟောက်၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားပြီး အကြည့်များက ဓားသွားကဲ့သို့ စူးရှနေလေသည်။
လူတိုင်းတွင် မထိတွေ့စေချင်သော ဒဏ်ရာများ ရှိကြသည်။
လုမင်ယွိသည် သူ့ရင်ထဲမှ အသည်းနှလုံး ဖြစ်လေသည်။
လီချန်သည် အစ်ကိုဖြစ်သူ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ကျောချမ်းသွားပြီး တုန်တုန်ယင်ယင် ပြောလိုက်လေသည်။ "ကျွန်... ကျွန်တော်က တမင်သက်သက် အစ်ကို့ဒဏ်ရာကို ဆွပေးတာ မဟုတ်ပါဘူး။ စိတ်မဆိုးပါနဲ့နော်"
လီဟောက်က မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "ငါ ခုနက ပြောတဲ့စကားကို မှတ်ထား။ ဝမ်ဟွားနန်းဆောင်ထဲ ရောက်ရင် စကားပြော ဆင်ခြင်။ မကျေနပ်တာတွေကို မျက်နှာပေါ်မှာ မပြနဲ့။ ယောက်ျားကောင်းတစ်ယောက်က မိန်းမ မရမှာ မပူရပါဘူး။ လုအိမ်တော်က သဘောမတူရင် တခြား ဂုဏ်ရည်မြင့်မားတဲ့ အမျိုးသမီးကို ယူလိုက်ပေါ့"
လီချန်သည် ခေါင်းငုံ့ကာ နာခံလိုက်လေသည်။
လီဟောက်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆက်လက် လျှောက်လှမ်းလိုက်သည်။
လီချန်သည် ခေါင်းမော့လိုက်ပြီး လီဟောက်၏ ကျောပြင်ကို စိုက်ကြည့်ကာ မျက်ဝန်းထဲတွင် မကျေနပ်မှုနှင့် နာကျည်းမှုများ ဖြတ်သန်းသွားလေသည်။ ထို့နောက် ခေါင်းပြန်ငုံ့လိုက်ပြီး အစ်ကိုဖြစ်သူ၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
ခဏအကြာတွင် ညီအစ်ကိုနှစ်ယောက်သည် နန်းဆောင်အပြင်ဘက်တွင် ရပ်နေသော လီကျင့်တို့အဖွဲ့နှင့် ဆုံတွေ့ကြလေသည်။
ညီအစ်ကို ငါးယောက် စုံညီစွာ တွေ့ဆုံရခဲလှပြီး အပေါ်ယံတွင်တော့ အဆင်ပြေနေကြသည်။
ပထမမင်းသားသည် ရည်ရွယ်သည်လား၊ မရည်ရွယ်သည်လား မသိဘဲ လီချန်ကို ပြုံးကာ မေးလိုက်လေသည်။ "ဖုဟွမ်က ရှင်းယန်ဝမ်ကို သီးသန့် ခေါ်တွေ့ပြီး ငါတို့ညီအစ်ကိုတွေကိုပါ ခေါ်လိုက်တာဆိုတော့ ဝူတိရဲ့ လက်ထပ်ပွဲကိစ္စ အဆင်ပြေသွားပြီလား"
...
အပိုင်း (၄၈၆) လက်ထပ်ခွင့် ငြင်းပယ်ခြင်း (၂)
လီချန်၏ မျက်နှာသည် မူလကတည်းက မကောင်းလှရာမှ ပို၍ အရုပ်ဆိုးလာတော့သည်။
ပထမမင်းသားသည် မြင်လိုက်သည်နှင့် အခြေအနေကို ခန့်မှန်းမိသွားပြီး ပီတိဖြာသွားကာ လှောင်ပြောင်သံဖြင့် ပြောလိုက်လေသည်။ "ဝူတိ ဘာဖြစ်သွားတာလဲ။ ဘာလို့ ချက်ချင်းကြီး မျက်နှာပျက်သွားရတာလဲ။ လက်ထပ်ပွဲကိစ္စ တစ်ခုခု အဆင်မပြေဖြစ်သွားလို့လား။ ရှင်းယန်ဝမ်က ဝူတိကို သမက်အဖြစ် သဘောမကျလို့များလား"
လီချန် "..."
လီဟောက်က မျက်နှာထားတင်းတင်းဖြင့် ပထမမင်းသားကို ကြည့်လိုက်၏။
လီကျင့်သည်လည်း မျက်နှာထား တည်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "တိုင်းပြည်ရဲ့ အရေးပါတဲ့ ဝန်ကြီးတစ်ယောက်ကို ဒီလို နောက်ပြောင်တာ မကောင်းပါဘူး။ သာ့ကော ဆင်ခြင်ပါ"
ပထမမင်းသားသည် အသာစီးရသွားပြီဟု ထင်မှတ်နေသဖြင့် အလွယ်တကူ လက်လျော့မည် မဟုတ်ပေ။ အပေါ်ယံ အပြုံးဖြင့် ပြောလိုက်လေသည်။ "ငါက စနောက်လိုက်တာပါ။ မင်းတို့က အတည်ယူနေကြတာကိုး။ ငါပြောတာ မှန်နေလို့လား။ တကယ်လို့ ဝူတိက စိတ်ဝင်စားတယ်ဆိုရင် အာ့တိက ဒီအတိုင်း ကြည့်မနေသင့်ဘူးလေ"
"ရှင်းယန်ဝမ်က မင်းရဲ့ ယောက္ခထီး၊ လုအိမ်တော်က သခင်မလေးက မင်းရဲ့ ခယ်မ။ မင်းသာ ဖွင့်ပြောလိုက်ရင် ရှင်းယန်ဝမ်က မငြင်းပါဘူး"
စကားလုံးတိုင်းသည် ရန်စနေပြီး ထေ့ငေါ့နေလေသည်။
လီကျင့်က တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။ "သမက်တစ်ယောက်က ယောက္ခမအိမ်ကို ဘယ်လိုလုပ် ဆုံးဖြတ်ပေးလို့ ရမှာလဲ။ ဒီအချက်ကို သာ့ကောက ကျွန်တော့်ထက် ပိုသိမယ် ထင်ပါတယ်"
ပထမမင်းသား "..."
မင်းသားများသည် မိမိတို့၏ ယောက္ခမအိမ်များနှင့် ရင်းနှီးကြသည်။ သူတစ်ယောက်တည်းသာ ချွင်းချက် ဖြစ်နေသည်။ သူသည် လျန်မိသားစုနှင့် မရင်းနှီးချင်၍ မဟုတ်ပေ။ လျန်စစ်သူကြီးသည် မိမိကိုယ်မိမိ အရှင်မင်းကြီး၏ ကျွန်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားပြီး ယုံးကျားဧကရာဇ်အပေါ် အလွန် သစ္စာရှိလေသည်။ မင်းသားများ၏ အာဏာလုပွဲတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပေ။
လျန်သခင်လေးများ ဖြစ်ကြသော လျန်သာ့လန်နှင့် လျန်အာ့လန်တို့သည်လည်း ဖခင်ဖြစ်သူကဲ့သို့ပင် သူ့ကို လုံးဝ ကူညီခြင်း မရှိကြပေ။
လီကျင့်၏ စကားသည် ပထမမင်းသား၏ အနာကို တည့်တည့် ထိုးလိုက်ခြင်းပင်။
ပထမမင်းသားသည် ရှက်ရမ်းရမ်းပြီး ဒေါသထွက်လာကာ ပြန်လည် တုံ့ပြန်ရန် စကားလုံး ရှာမတွေ့သဖြင့် ဒေါသများကို လီချန်အပေါ် ပုံချလိုက်တော့သည်။ "ဝူတိက ဘာလို့ တစ်ခွန်းမှ မပြောဘဲ နေနေရတာလဲ။ မင်းက လုအိမ်တော်က သခင်မလေးကို သဘောမကျတာလား။ ဒါမှမဟုတ် ရှင်းယန်ဝမ်က မင်းကို သဘောမကျတာလား။ သူများတွေ ရှေ့မှာ ဖုံးကွယ်ချင်ရင်လည်း ထားလိုက်ပါတော့။ ကိုယ့်အစ်ကိုတွေ ရှေ့မှာတောင် ပြောစရာ ရှိတာ မပြောရဲဘူးလား"
လီချန်၏ မျက်နှာသည် နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်နေပြီး ရင်ထဲမှ ဒေါသများ ပေါက်ကွဲထွက်မတတ် ဖြစ်နေတော့သည်။
သူက အရူးမှ မဟုတ်တာ။ ပထမမင်းသားရဲ့ လှောင်ပြောင်သရော်မှုတွေကို နားမလည်ဘဲ နေမလား။
လီဟောက်သည် လက်ကိုဆန့်ကာ လီချန်၏ ပခုံးကို ဖိထားလိုက်ပြီး မျက်လုံးဖြင့် သတိပေးလိုက်လေသည်။ ထို့နောက် ပထမမင်းသားကို ကြည့်ကာ ပြောလိုက်လေသည်။ "ဝူတိက ကလေးပဲ ရှိပါသေးတယ်။ ဘာမှ နားမလည်သေးပါဘူး။ တကယ်လို့ သူ အမှားလုပ်မိတာ ရှိရင် ကျွန်တော်ကပဲ ကိုယ်စား တောင်းပန်ပါတယ်။ သာ့ကော မကျေနပ်တာ ရှိရင် ကျွန်တော့်ကိုပဲ ပြောပါ။ ဝူတိကို အခက်တွေ့အောင် မလုပ်ပါနဲ့"
ကလေးတစ်ယောက်ကို အနိုင်ကျင့်တာ ဘာစွမ်းရည်မို့လို့လဲ။
သတ္တိရှိရင် ငါ့ဆီလာခဲ့လေ။
ပထမမင်းသားသည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးပြူးကာ ကြည့်နေလေသည်။
စတုတ္ထမင်းသားသည် မနေနိုင်တော့ဘဲ ဝင်ရောက် ဖြောင်းဖျရတော့သည်။ "သာ့ကော၊ အာ့ကော၊ စန်းကော၊ ဝူတိ... အားလုံးပဲ တော်ကြပါတော့။ ဖုဟွမ် ကြားသွားရင် အားလုံး မျက်နှာပျက်ရပါလိမ့်မယ်"
မင်းသားများသည် စကားသံ တိတ်သွားကြသည်။
အနစ်နာဆုံးကတော့ လီချန်ပင်။
သူက အစကနေ အဆုံးထိ စကားတစ်လုံးမှ မပြောရသေးဘဲ အနိုင်ကျင့်ခံနေရခြင်းသာ။
လီချန်သည် ဒေါသတကြီးဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်လေသည်။
ခဏအကြာတွင် လျိုကုန်းကုန်းသည် ပြုံးရွှင်စွာ ထွက်လာပြီး ဂါရဝပြုလိုက်လေသည်။ "ထိုက်ဇီနဲ့ မင်းသားတိုး... အရှင်မင်းကြီးက အထဲဝင်ခဲ့ဖို့ ခေါ်နေပါတယ်"
လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်၏ လူယုံတော် ဖြစ်သဖြင့် မင်းသားများသည် လျစ်လျူရှု၍ မရဘဲ ပြုံးပြကာ ဝင်ရောက်သွားကြလေသည်။
အခန်းထဲသို့ ဝင်ရောက်ရာတွင် ထိုက်ဇီလီကျင့်က ဦးဆောင်ပြီး ကျန်မင်းသားများက အစဉ်လိုက် ဝင်ရောက်သွားကြသည်။
...
လီကျင့်သည် ယောက္ခမ ဖြစ်သူကို စိတ်ပူနေသဖြင့် အထဲရောက်သည်နှင့် ရှင်းယန်ဝမ်ကို အရင်ဆုံး လှမ်းကြည့်လိုက်လေသည်။
လုလင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေပြီး လီကျင့်ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။ လီကျင့်က စိတ်သက်သာရာ ရသွားပြီး ပြုံးကာ ဂါရဝပြုလိုက်၏။
ယုံးကျားဧကရာဇ်သည်လည်း မနေ့ကကဲ့သို့ ဒေါသထွက်နေခြင်း မရှိတော့ဘဲ တည်ငြိမ်နေပြီး မင်းသားများကို ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့ ရှင်းယန်ဝမ် နန်းတော်ထဲ ရောက်တုန်းရောက်ခိုက် ညစာစားဖို့ ခေါ်ထားလိုက်တာ။ မင်းတို့ကိုပါ ခေါ်လိုက်တာက ပိုပြီး စည်ကားသွားအောင်လို့ပါ"
ပထမမင်းသားသည် ခုနကကဲ့သို့ ရန်လိုနေခြင်း မရှိတော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ရှင်းယန်ဝမ်က စစ်တိုက်တာရော စစ်သည်တွေကို လေ့ကျင့်ပေးတာရော တော်တဲ့သူဆိုတော့ သားတော်က ရှင်းယန်ဝမ်ဆီက ပညာသင်ချင်နေတာ"
လီဟောက်ကလည်း ပြုံးကာ ပြောလိုက်လေသည်။ "သာ့ကောက ကျွန်တော့်စိတ်ထဲက စကားတွေကို ပြောလိုက်တာပဲ။ ခဏနေရင် ကျွန်တော်လည်း သေချာ နားထောင်ရမယ်"
စတုတ္ထမင်းသားက ရယ်မောကာ ပြောလိုက်လေသည်။ "ကျွန်တော့်ကို မကျန်ခဲ့နဲ့ဦး။ ကျွန်တော်လည်း နားထောင်ချင်တယ်"
လီချန် "..."
သူတို့တွေ မျက်နှာပြောင်းတာ မြန်လိုက်ကြတာ။ သူကတော့ မလုပ်နိုင်ပါဘူး။
လီချန်သည် စိတ်ပျက်စွာဖြင့် ခေါင်းငုံ့ပြီး ငြိမ်နေလိုက်သည်။
ပုံမှန်အားဖြင့် လီချန်ကို လူတိုင်းက လျစ်လျူရှုထားတတ်ကြသည်။ ယုံးကျားဧကရာဇ်ပင်လျှင် ခြွင်းချက် မရှိပေ။ သို့သော် ဒီရက်ပိုင်း သူ့လက်ထပ်ပွဲကိစ္စကြောင့် ယုံးကျားဧကရာဇ်သည် သူ့ကို ပိုပြီး သတိထားမိလာသည်။
ယုံးကျားဧကရာဇ်သည် လီချန်၏ ပျော့ညံ့ညံ့ ပုံစံကို မြင်လိုက်ရသည်နှင့် ဒေါသထွက်လာပြီး အသံမှာ မာထန်သွားလေသည်။ "ကြည့်စမ်းပါဦး။ ခေါင်းငုံ့ပြီး ပခုံးတွန့်နေတာ။ ဒါ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါး ဖြစ်ရမယ့် ပုံစံလား။ မတ်မတ်ရပ်ပြီး ခေါင်းမော့ထားစမ်း"
ရှင်းယန်ဝမ် သဘောမတူတာ မဆန်းပါဘူး။ သူ့မှာသာ သမီးရှိရင် ဒီလို သမက်မျိုးကို ဘယ်လိုလုပ် သဘောကျမှာလဲ။
လီချန်သည် ယုံးကျားဧကရာဇ်၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး လန့်ဖျပ်သွားကာ ခါးကို မတ်လိုက်ပြီး ခေါင်းမော့လိုက်သည်တွင် ဖောင်းအစ်နေသော မျက်နှာကြီးက တောင့်တင်းသွားလေသည်။
စတုတ္ထမင်းသားသည် အောင့်မထားနိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်လေသည်။ "ဝူတိ မကြောက်ပါနဲ့။ ဖုဟွမ်က စနောက်နေတာပါ"
ပထမမင်းသားသည်လည်း ရယ်မောလိုက်သည်။
လီဟောက်က မျက်မှောင်ကြုတ်လိုက်ပြီး လီချန်ကို ကြည့်လိုက်သည်။
လီချန်သည် လူကြားထဲတွင် အရှက်ကွဲသွားသဖြင့် ဒေါသထွက်နေပြီး ရှင်းယန်ဝမ်၏ နှုတ်ခမ်းထောင့်များ ကွေးတက်နေသည်ကို မြင်လိုက်ရသဖြင့် ပို၍ ရှက်ရွံ့သွားကာ အကြာကြီးနေမှ စကားတစ်ခွန်း ထွက်လာလေသည်။ "ကျွန်တော်က ဖုဟွမ် ပျော်အောင် တမင် လုပ်ပြတာပါ"
ယုံးကျားဧကရာဇ် ရယ်နိုင်မယ် ထင်နေလား။
ဒီကောင် တကယ် အသုံးမကျဘူး။
လုလင်းသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြုံးကာ ဝင်ပြောပေးလိုက်လေသည်။ "ပဉ္စမမင်းသားက ငယ်သေးတာကိုး။ စာသင်နေရတုန်းဆိုတော့ နောက်ကျရင် အိမ်ထောင်ပြုပြီး နန်းတွင်းရေးရာတွေ လေ့လာလိုက်ရင် ရင့်ကျက်လာမှာပါ။ အရှင်မင်းကြီးက သားသမီးတွေအပေါ် စေတနာထားတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်အိမ်မှာလည်း သားသမီးတစ်သိုက်နဲ့ သူတို့ကို စိတ်ပူပေးနေရတာ ဆံပင်တွေတောင် ဖြူကုန်ပြီ"
ယုံးကျားဧကရာဇ်၏ မျက်နှာထား လျော့ကျသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "မင်းက နှိမ့်ချလွန်းနေပါပြီ။ လုအိမ်တော်က သားသမီးတွေက လိမ္မာရေးခြား ရှိကြပါတယ်။ ကျန်းရဲ့ သားသမီးတွေလို အသုံးမကျတာ မဟုတ်ဘူး။ သူတို့ကြောင့် ခေါင်းကို ကိုက်နေတာပဲ"
"အသုံးမကျတဲ့ သားသမီးများ" သည် လက်ကိုယှက်ကာ တောင်းပန်လိုက်ကြသည်။ "ဖုဟွမ် စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"
လုလင်းက ပြုံးကာ ပြောလိုက်၏။ "အရှင်မင်းကြီးကလည်း... ထိုက်ဇီက သဘောထား ပြည့်ဝပြီး ရည်မွန်သူပါ။ ပထမမင်းသားက ရိုးသားဖြောင့်မတ်ပြီး မိဘကို ရိုသေတယ်။ တတိယမင်းသားက စာပေရော သိုင်းရော တော်တယ်။ စတုတ္ထမင်းသားက ပျော်ပျော်နေတတ်တယ်။ ပဉ္စမမင်းသားက ရိုးသားအေးဆေးတယ်”
"ဒီလို ထူးချွန်တဲ့ သားတော်တွေကို ပိုင်ဆိုင်ထားတာ အရှင်မင်းကြီး ဘာမကျေနပ်စရာ ရှိသေးလို့လဲ။ ပြီးတော့ မင်းသမီးလေးတွေကလည်း ဉာဏ်ကောင်းပြီး လိမ္မာကြတယ်။ နောက်နှစ်နည်းနည်းလောက် ကြာရင် နန်းတော်ထဲမှာ မင်းသားလေးတွေ ထပ်မွေးလာဦးမှာ။ အဲဒီကျရင် အရှင်မင်းကြီးက မြေးထိန်းရတဲ့ အရသာကို ခံစားရဦးမှာ။ လောကကြီးထဲက ကောင်းခြင်းတရားတွေ အကုန်လုံး အရှင်မင်းကြီးဆီ ရောက်နေတာကို ကျွန်တော်က ဘယ်လောက်တောင် အားကျနေရလဲ မသိဘူး"
ဤမြှောက်ပင့်စကားများသည် ယုံးကျားဧကရာဇ်ကို သဘောကျသွားစေပြီး ဟားတိုက် ရယ်မောလိုက်လေသည်။ "မင်းပြောသလောက် ကောင်းနေရင်တော့ ကျန်းက ဘာလို့ စိတ်ညစ်နေရတော့မှာလဲ"
တကယ် ကောင်းတယ်လို့ ထင်ရင် ဘာလို့ လုမင်ယွဲ့ကို သူ့ဆီ ပေးမစားချင်တာလဲ။
လီချန်သည် ရင်ထဲတွင် မကျေမနပ် ဖြစ်နေလေသည်။
သို့သော် ယခုအချိန်တွင် သူ ဝင်ပြောစရာ အခွင့်အရေး မရှိပါချေ။
...