← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အပိုင်း (၄၈၇) ကိုယ်ဝန်ရှိခြင်း (၁)

ယုံးကျားဧကရာဇ်သည် စစ်ရေးအကျိုးဆောင်မှု အများအပြား ရယူထားခဲ့သော သာ့ဝေတိုင်းပြည်၏ နာမည်ကျော် စစ်သူကြီး လုလင်းအပေါ် သားအရင်းများထက် ပို၍ ရင်းနှီးဖော်ရွေစွာ ဆက်ဆံလေသည်။ ပြုံးလျက် ပြောလိုက်၏။ "ညစာ ပြင်ဆင်ထားပြီးပြီ။ ကျန်းနဲ့အတူ သွားစားကြစို့"

လုလင်းသည်လည်း တင်းကျပ်မနေဘဲ ပြုံးကာ ပြန်ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ် ဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာ စည်းကမ်းမရှိသလို ဖြစ်နေပါဦးမယ်။ အရှင်မင်းကြီးနဲ့ မင်းသားများ အရင် ကြွပါ"

ဒါက လုလင်း၏ ထူးချွန်သော အချက်ပင်။

ကြီးမားသော အာဏာရှင် ရှေ့မှောက်တွင် အနေအထိုင် အပြောအဆို အတိအကျ ရှိလေသည်။ ဒူးထောက် ခစားလွန်းတာမျိုး မရှိသလို အသံကုန် အော်ဟစ်တာမျိုးလည်း မရှိပေ။ လက်ထပ်ပွဲကို ယဉ်ကျေးစွာ ငြင်းပယ်ပြီးနောက်တွင် အရှင်မင်းကြီးက ညစာစားဖို့ပင် ခေါ်ထားလိုက်သေးသည်။

လီကျင့်၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားစိတ်များ အလိုလို ဖြစ်ပေါ်လာလေသည်။

နန်းတွင်း ညစာသည် အရသာရှိပြီး စုံလင်လှသည်။ လုလင်းသည် စားကောင်းသောက်ကောင်း ဖြစ်ပြီး တစ်ယောက်တည်းနှင့် လူနှစ်ယောက်စာ ကုန်အောင် စားနိုင်လေသည်။

ယုံးကျားဧကရာဇ်နှင့် လုလင်းတို့သည် အတူတကွ စစ်တိုက်ဖူးကြသဖြင့် အကြောင်းသိနေကြသည်။ ပြုံးကာ ပြောလိုက်၏။ "ကျန်းက မင်းကို ထမင်းစားဖို့ ခေါ်ထားမှတော့ မင်းက ကျန်းကို အားနာမနေပါနဲ့။ ဒီည ဗိုက်ဝအောင် စားနော်"

လုလင်းက ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်မျိုးသာ တကယ် ဗိုက်ဝအောင် စားလိုက်ရင် အရှင်မင်းကြီးနဲ့ မင်းသားတွေ လန့်သွားပါလိမ့်မယ်။ ထိန်းထိန်းသိမ်းသိမ်းပဲ စားပြီး ဗိုက်တစ်ဝက်လောက်ပဲ ဖြည့်လိုက်ပါတော့မယ်"

ပါးစပ်ကသာ ပြောနေသော်လည်း စားတာတော့ နည်းနည်းလေးမှ မလျှော့ပေ။

လီကျင့်မှလွဲ၍ ကျန်မင်းသားများသည် လုလင်း၏ ထမင်းစားပွဲဝိုင်းမှ "စွမ်းဆောင်ရည်" ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။ ကွယ်ရာတွင် ကိုယ်စီ ရယ်မောနေကြပြီး လီကျင့်ကိုလည်း မနာလို ဖြစ်မိကြသည်။

စစ်အင်အားကို လက်ထဲ ဆုပ်ကိုင်ထားပြီး စစ်တပ်ထဲက အတော်ဆုံးလူတွေကို သမီးဆီ ပို့ပေးထားကာ သမက်ကို စိတ်ရောကိုယ်ပါ ထောက်ခံပေးတဲ့သူ။ ဒီလို ယောက္ခမကောင်းမျိုးကို သူတို့လည်း လိုချင်ကြတာပေါ့။

လီချန်သည် စိတ်အခြေအနေ မကောင်းသဖြင့် စိတ်ပျက်လက်ပျက်နှင့် ထမင်းနည်းနည်းသာ စားပြီး တူကို ဆက်မကိုင်တော့ပေ။

လုလင်းကတော့ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။

လီဟောက်သည် ခေါင်းစားခံပြီး ဤအကြံအစည်ကို ထုတ်ကာ ယုံးကျားဧကရာဇ်နှင့် ထိုက်ဇီတို့၏ သားအဖသံယောဇဉ်ကို ဖြတ်တောက်ရန် ကြိုးစားခဲ့သည်။ အိမ်ရှေ့စံအိမ်တော်ကိုလည်း အနေခက်သော အခြေအနေသို့ တွန်းပို့ခဲ့သည်။ လီချန်က ဝဝတုတ်တုတ်နှင့် အသုံးမကျသည့်အပြင် စူးဖေး၏ သားလည်း ဖြစ်သည်။ သူ လုမင်ယွဲ့ကို လီချန်နှင့် ဘယ်တော့မှ ပေးစားမည် မဟုတ်ပေ။

ဘာ ရန်သူဘက်ကနေ မိတ်ဆွေဖွဲ့တာလဲ... အကုန်လုံးက အလကား စကားတွေ။

ယုံးကျားဧကရာဇ် တစ်ယောက်ပဲ လီဟောက်ရဲ့ ယုတ္တိမရှိတဲ့ စကားတွေကို ယုံနေတာ။

ညစာစားပြီးနောက် လုလင်းသည် နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်၏။ မသွားခင်တွင် သမီးဖြစ်သူအတွက် တောင်းပန်စကား ဆိုရန် မမေ့ခဲ့ပေ။ "အရှင်မင်းကြီး... ထိုက်ဇီဖေးက ပွင့်လင်းရိုးသားပြီး စိတ်ဆတ်ပါတယ်။ အားလုံးက ကျွန်တော်မျိုး အလိုလိုက်ထားလို့ ဒီလိုအကျင့် ပါသွားတာပါ။ သူ အမှားပြောမိတာ၊ အမှားလုပ်မိတာ ရှိရင် အရှင်မင်းကြီး ကြိုက်သလိုသာ အပြစ်ပေးလိုက်ပါ။ ကျွန်တော်မျိုး ဘာမှ ပြောမှာ မဟုတ်ပါဘူး"

ယုံးကျားဧကရာဇ်က ရယ်မောကာ ပြောလိုက်သည်။ "ဘာစကား ပြောတာလဲ။ ကျန်း ကမ်းလှမ်းတုန်းက ပြောပြီးသားလေ။ လုရှီ အိမ်ထောင်ကျပြီးရင် သမီးရင်းလို သဘောထားမယ်လို့။ တစ်ခါတလေ ကျန်းကို လေသံမာမာနဲ့ ပြောတာလောက်ကတော့ ကျန်းက လူကြီးပဲဟာ... စိတ်ထဲ ထားနေစရာ လိုလို့လား"

လုလင်းသည် ရှက်ရွံ့အားနာသော မျက်နှာထားဖြင့် "ကျွန်တော်မျိုး သမီးကို သေချာ မဆုံးမတတ်လို့ပါ"

ယုံးကျားဧကရာဇ်က ချက်ချင်း ပြောလိုက်သည်။ "ကျန်း အမြင်မှာတော့ လုရှီက အရာရာ ပြည့်စုံပါတယ်။ တကယ်လို့ ကျန်းရဲ့ ချွေးမတွေ အားလုံးသာ လုရှီလို ထက်မြက်ပြီး အရည်အချင်း ရှိမယ်ဆိုရင် ဒါ ကျန်းရဲ့ ကံကောင်းခြင်းပဲ။ လီမျိုးနွယ်ရဲ့ ကံကောင်းခြင်းလည်း ဖြစ်တာပေါ့"

"အရှင်မင်းကြီး ဒီလို ချီးကျူးတော့ ကျွန်တော်မျိုး ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး" လုလင်းသည် စိတ်လှုပ်ရှားဝမ်းသာမှုရော ရှက်ရွံ့မှုပါ ဖြစ်ပေါ်နေလေသည်။ "နောက်ရက်နည်းနည်းနေရင် ကျွန်တော်မျိုး ထိုက်ဇီဖေးနဲ့ တွေ့ပြီး သူ့ကို ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်။ အရှင်မင်းကြီးက ဒီလောက် သဘောထားကြီးတာကို သူက ဘာလို့ ကောင်းကောင်း မပြောနိုင်ရတာလဲ။ အရှင်မင်းကြီးနဲ့ အပြိုင်အဆိုင် လည်ပင်းထောင်ပြီး ငြင်းခုံရတယ်လို့။ တကယ်ကို အချိုးမပြေတဲ့ကလေး"

ထို့နောက် လုလင်းသည် လီကျင့်ဘက်သို့ လှည့်လိုက်သည်။ "အရှင်မင်းသားက အိမ်ရှေ့စံ ဖြစ်သလို ကျွန်တော်မျိုးရဲ့ သမက်လည်း ဖြစ်ပါတယ်။ ကျွန်တော်မျိုး ဒီနေ့ သတ္တိမွေးပြီး အရှင်မင်းသားကို စကားနည်းနည်းလောက် ပြောပါရစေ"

"သားသမီးတစ်ယောက် အနေနဲ့ မိဘကို ရိုသေတာ ပထမပဲ။ ဘာကိစ္စနဲ့ ကြုံရ ကြုံရ အရှင်မင်းကြီးနဲ့ ခွန်းတုံ့ပြန်ပြီး မငြင်းခုံသင့်ဘူး။ ဒီတစ်ခါ အရှင်မင်းကြီးက ဒူးထောက်ခိုင်းတာ တော်တော် သက်ညှာပေးထားတာပဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျွန်တော်မျိုးက မျက်နှာပြောင်တိုက်ပြီး ယောက္ခမ အာဏာပြကာ အရှင်မင်းသားကို ဆုံးမရလိမ့်မယ်"

လီကျင့်သည်လည်း ခေါင်းမမာတော့ဘဲ လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယုံးကျားဧကရာဇ်ကို ရိုးသားစွာ တောင်းပန်လိုက်သည်။ "သားတော် မနေ့က အပြုအမူ ရိုင်းစိုင်းမိတာ ဖုဟွမ်ကို စော်ကားမိသလို ဖြစ်သွားပါတယ်။ ဖုဟွမ်က သဘောထားကြီးတဲ့သူမို့ သားတော်ကို ခွင့်လွှတ်ပေးပါ"

ယုံးကျားဧကရာဇ်က ဘာပြောနိုင်ဦးမည်နည်း။ သဘောထားကြီးစွာဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "ထားလိုက်ပါတော့။ ရှင်းယန်ဝမ်က မင်းအတွက် ဝင်ပြောပေးနေမှတော့ ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ်"

မင်းသားများ "..."

လီဟောက်၏ ရင်ထဲတွင် အရှုပ်ထွေးဆုံး ဖြစ်နေလေသည်။

သူ ခေါင်းစားခံပြီး ဒီထောင်ချောက်ကို ဆင်ထားတာ။ သွေးခွဲမှု အောင်မြင်ပြီး အသာစီး ရခါနီးမှ လုလင်း၏ ပါးနပ်သော ဖြေရှင်းချက်ကြောင့် အရာမထင် ဖြစ်သွားရသည်။

ရှင်းယန်ဝမ်က ထောက်ခံပေးနေသရွေ့၊ နန်းတွင်းမှာလည်း ချောင်ကောလောင် ရှိနေသရွေ့၊ ထိုက်ဇီကို ဖြုတ်ချဖို့က ပြောသလောက် မလွယ်ကူလှပေ။

လုလင်း ထွက်ခွာသွားပြီးနောက် လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ယောက် အရင်ဆုံး နှုတ်ဆက်ထွက်ခွာလာကြသည်။

ယုံးကျားဧကရာဇ်သည် လီချန် တစ်ညလုံး မှိုင်တွေနေသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားပြီး လီချန်ကို ပြောလိုက်လေသည်။ "လုအိမ်တော်က သဘောမတူရင်လည်း ကျန်းက မင်းအတွက် တခြား လှပပြီး အရည်အချင်းရှိတဲ့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ကို ရွေးပေးပါ့မယ်"

လီချန်က အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်သည်။ "သားတော် ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"

ညီအစ်ကိုနှစ်ယောက် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာပြီးနောက် မည်သူမျှ စကားမပြောကြပေ။ တိတ်ဆိတ်စွာပင် နန်းတော်ထဲမှ ထွက်လာကြပြီး ညလေညင်းထဲတွင် မြင်းစီးကာ အိမ်ပြန်လာကြသည်။ ဆောင်းဦးလေသည် အေးစက်မှုကို သယ်ဆောင်လာပြီး နှလုံးသားကိုပါ အေးခဲသွားစေသည်။

...

လီကျင့်သည် ယောက္ခမကို နန်းတော်ပေါက်ဝအထိ လိုက်ပို့ပြီးနောက် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ခဲ့သည်။

ချောင်မိဖုရားခေါင်သည် ချက်ချင်း ထွက်ကြိုပြီး မျှော်လင့်တကြီး မေးလိုက်လေသည်။ "ညစာစားပွဲ အဆင်ပြေရဲ့လား"

လီကျင့်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "အရမ်း အဆင်ပြေပါတယ်။ မူဟုပ် စိတ်မပူပါနဲ့"

ကိုယ့်ဘက်ပါတဲ့ ယောက္ခမကောင်း တစ်ယောက် ရှိတာ တကယ် ကောင်းတာပဲ။

ချောင်မိဖုရားခေါင်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်နှာပွင့်လန်းလာကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒါဆို တော်ပါသေးရဲ့။ မိုးချုပ်နေပြီ။ မင်းတို့လင်မယား ကလေးတွေခေါ်ပြီး အရှေ့နန်းဆောင် ပြန်နားကြတော့။ မနက်ဖြန်မှ စကားလာပြောကြတာပေါ့"

လုမင်ယွိသည် ပြုံးကာ လက်ခံလိုက်ပြီး လီကျင့်နှင့်အတူ ကလေးများကို ခေါ်ဆောင်ကာ အိမ်ရှေ့စံအိမ်တော်သို့ ပြန်ခဲ့ကြသည်။

ကလေးများ အိပ်ပျော်သွားမှ လီကျင့်သည် ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို တစ်ခုချင်း ပြန်ပြောပြလေသည်။ "...ယွဲ့ဖုက ဘယ်လိုငြင်းလိုက်လဲ မသိပေမယ့် ဖုဟွမ်က နည်းနည်းလေးမှ စိတ်မဆိုးဘူး။ ယွဲ့ဖုကို ဝမ်ဟွားနန်းဆောင်မှာ ညစာစားဖို့တောင် ခေါ်ထားလိုက်သေးတယ်။ ကိုတို့ ညီအစ်ကိုတွေကိုလည်း အဖော်လုပ်ပေးဖို့ ခေါ်လိုက်သေးတယ်"

ဒီလို မျက်နှာသာပေးမှုမျိုး နန်းတော်တစ်ခုလုံးမှာ ဒုတိယလူ ရှာတွေ့မှာ မဟုတ်ဘူး။

လုမင်ယွိ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အဖေက ဇာတ်လမ်းဆင်တာ အတော်ဆုံးပဲ။ သီချင်းဆို၊ ကဗျာရွတ်၊ သရုပ်ဆောင်၊ အကုန်လုပ်တတ်တယ်။ ဖုဟွမ်လည်း ဘယ်ခံနိုင်မလဲ"

ဝမ်းနည်းစရာ ကောင်းသည်မှာ သူမကတော့ ဖခင်၏ သရုပ်ဆောင် အရည်အချင်းကို အမွေမရလိုက်ခြင်းပင်။ ဒေါသထွက်လာပြီဆိုလျှင် လုံးဝ ထိန်းချုပ်၍ မရပေ။

လီကျင့်သည် ယောက္ခမ၏ ဒီည အပြုအမူကို တွေးမိပြီး မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။ "ဟုတ်ပါ့။ ယွဲ့ဖုက မင်းကို ပါးစပ်ကနေ တရစပ် ဆူပူပြီး ငါ့ကိုကျတော့ ဖုဟွမ်ဆီမှာ အပြစ်ဝန်ခံခိုင်းတယ်။ ဖုဟွမ်ခမျာ မျက်နှာထားတင်းဖို့ အခွင့်အရေးတောင် မရလိုက်ဘူး"

လုမင်ယွိ၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ရယ်မောကာ သက်ပြင်းချလိုက်လေသည်။ "အဖုအထစ်က ဖြစ်သွားပြီပဲ။ အပေါ်ယံ သင့်မြတ်နေတာပါ"

လီကျင့်က ဂရုမစိုက်ပေ။ "အပေါ်ယံ ဟန်ဆောင်တာပဲဖြစ်ဖြစ် ကောင်းပါတယ်။ ကို့ကို ၃ ရက်တစ်ခါ ၅ ရက်တစ်ခါ နန်းဆောင်အပြင်မှာ ရပ်စောင့်ခိုင်းတာတို့၊ ကျင်းလွမ်နန်းဆောင်မှာ တဲ့တိုး ငေါက်ငမ်းတာတို့ထက်စာရင် အများကြီး တော်ပါသေးတယ်"

ဂုဏ်သရေရှိတဲ့ ထိုက်ဇီတစ်ယောက် အနေနဲ့ မျက်နှာမလိုချင်ဘဲ နေမလား။

လုမင်ယွိသည် တစ်ချက် ရယ်မောလိုက်ပြီး ခင်ပွန်းဖြစ်သူကို သနားသွားကာ လက်ကိုဆန့်၍ လီကျင့်၏ မျက်နှာကို ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်မကြောင့် ရှင် ဒုက္ခရောက်ရပြီ"

စူးဖေးကို သတ်တာက သူမ၊ ဝူမေ့ကို လီချန်နဲ့ မယူဖို့ တားဆီးတာကလည်း သူမ။

ယုံးကျားဧကရာဇ်က ချွေးမကို ဒေါသထွက်ရခက်နေတော့ ဒေါသအရှိန်တွေကို လီကျင့်ခေါင်းပေါ် ပုံချလိုက်တာ။ လီကျင့်က သူမအစား ခံလိုက်ရတာ။

လီကျင့်သည် လုမင်ယွိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ချောမောသော မျက်နှာကို သူမ၏ လက်ဖဝါးတွင် ကပ်ထားကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ "ဒီည ကိုယ့်ကို ကောင်းကောင်း ပြန်လျော်ကြေးပေးရင် ကျေနပ်ပါပြီ"

လုမင်ယွိက တခစ်ခစ် ရယ်မောလိုက်ပြီး သူ့ကို တံတွေးထွေးဟန် ပြုလိုက်သည်။

သူမ၏ အပြုံးသည် ပန်းပွင့်လေးကဲ့သို့ တောက်ပနေလေ၏။

လီကျင့်သည် ရင်ထဲတွင် ပူနွေးလာပြီး ခေါင်းကို တိုးကပ်သွားကာ သူမ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။ ရှေ့ဆက်တိုးရန် ပြင်လိုက်စဉ် လုမင်ယွိက လီကျင့်၏ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ဒီလ ကျွန်မ ရာသီလာတာ ၇ ရက် ၈ ရက်လောက် နောက်ကျနေပြီ"

လီကျင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချက်ချင်း သဘောပေါက်လိုက်သည်။ မျက်လုံးများ အရောင်တောက်လာပြီး အသံမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေတော့သည်။ "မင်း ကိုယ်ဝန် ထပ်ရှိနေတာလား"

...

အပိုင်း (၄၈၈) ကိုယ်ဝန်ရှိခြင်း

လီကျင့်သည် စိတ်လှုပ်ရှားလွန်းသဖြင့် အသံမှာ ရုတ်တရက် ကျယ်လောင်သွားပြီး အမြီးအနင်းခံလိုက်ရသော မျောက်တစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။

လုမင်ယွိ၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်နှက်နေသော်လည်း ရယ်ချင်စိတ်လည်း ဖြစ်ပေါ်လာသဖြင့် ခင်ပွန်းဖြစ်သူကို မကျေမနပ် ပြောလိုက်လေသည်။ "ဘာလို့ အော်နေတာလဲ။ ရက်ပိုင်းပဲ ရှိသေးတာလေ။ တော်ဝင်သမားတော်ကို ခေါ်ပြရသေးတာလည်း မဟုတ်ဘူး။ ရှင် ဒီလို လျှောက်အော်နေတာ သူများတွေ ရယ်မှာ မကြောက်ဘူးလား"

လီကျင့်၏ နှုတ်ခမ်းများသည် နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေပြီး လုမင်ယွိကို ဆွဲဖက်လိုက်လေသည်။ "ရယ်ချင်တဲ့သူ ရယ်ပါစေ။ ကို ဒီလောက် ပျော်နေတာ ဘယ်လိုလုပ် အောင့်ထားနိုင်မှာလဲ"

တင်းကြပ်စွာ ဖက်ထားမိပြီးမှ မသင့်လျော်မှန်း သတိရသွားကာ အားကို အလျင်အမြန် လျှော့ချလိုက်ပြီး လုမင်ယွိ၏ ပြားကပ်နေသော ဝမ်းဗိုက်သားလေးကို စိုးရိမ်တကြီး ပွတ်သပ်လိုက်လေသည်။ "ခုနက ကို ဖက်တာ ကြမ်းသွားလား။ မင်းနဲ့ ကလေးလေး နာသွားသေးလား"

လုမင်ယွိသည် အောင့်မထားနိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်ပြီး လက်ကိုဆန့်ကာ လီကျင့်၏ ပါးကို ဆွဲလိမ်လိုက်လေသည်။ "ရှင်က ပျော်လွန်းလို့ ရူးသွားတာလား။ တကယ် ကိုယ်ဝန်ရှိတယ် ဆိုရင်တောင် ရက်ပိုင်းပဲ ရှိသေးတာလေ။ ဗိုက်က ပြားကပ်နေတာကို ဖက်လိုက်ရုံနဲ့ ကလေးကို ဘယ်လိုလုပ် သွားထိမှာလဲ"

လီကျင့်သည် ပျော်ရွှင်စွာဖြင့် ကျန်ပါးတစ်ဖက်ကိုပါ ထိုးပေးလိုက်လေသည်။ "လာ... လာ... ဒီဘက်ကိုပါ ဆွဲလိမ်လိုက်ပါဦး။ ကို ခေါင်းတွေ မူးပြီး လေထဲ မြောက်နေသလို ဖြစ်နေလို့။ နာနာလေး ဆွဲလိမ်ပြီး အသိဝင်အောင် လုပ်ပေးပါဦး"

လုမင်ယွိသည် တခစ်ခစ် ရယ်မောနေမိလေသည်။

ခဏအကြာတွင် လီကျင့်သည် ကခုန်ချင်လောက်အောင် ပျော်ရွှင်နေပြီးမှ အနည်းငယ် တည်ငြိမ်သွားပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ဒီနှစ်ဝက်လုံး ကို တိတ်တဆိတ် ကြိုးစားခဲ့တာလေ။ မင်းဆီက သတင်းကောင်း ကြားရဖို့ မျှော်လင့်နေခဲ့တာ။ မထင်မှတ်ဘဲ ရုတ်တရက် ရောက်လာတာပဲ"

ဟုတ်ပါ့...

လုမင်ယွိက တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "ခြောက်လဆက်တိုက် ဘာသတင်းမှ မကြားရတော့ ကျွန်မလည်း သိပ်မတွေးတော့ဘူးလေ။ ထင်မထားတာက မျှော်နေတုန်းက မလာဘဲ မမျှော်တော့မှ ရောက်လာတယ်။ ဒီလ ရာသီလာတာ နောက်ကျနေတော့ ကျွန်မ ခံစားမိနေတယ်။ သေချာပေါက် ကိုယ်ဝန်ရှိနေတာ ဖြစ်မယ်"

လုမင်ယွိ၏ လက်သည် သူမ၏ ဝမ်းဗိုက်သားလေးပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိသွားလေသည်။

ဘဝသစ်တစ်ခုကို မွေးဖွားပေးရမည့် ပီတိအဟုန်သည် ရင်ထဲတွင် လှုပ်ရှားသွားတော့၏။

လီကျင့်၏ ရင်ထဲတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး လုမင်ယွိကို ကြင်နာစွာ ဖက်ထားကာ သူမ၏ လက်ပေါ်တွင် အုပ်မိုးကိုင်ထားလိုက်လေသည်။ ဇနီးမောင်နှံ နှစ်ဦးသည် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ကြပြီး တိုးတိုးသက်သာ ပြောဆိုနေကြတော့သည်။

"ဒီတစ်ခါ သားလေးလား သမီးလေးလား မသိဘူးနော်"

"သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကိုကတော့ အတူတူပဲ ချစ်မှာပါ"

"ဒါနဲ့... ဒီကိစ္စကို ရွှီအာနဲ့ ရွှမ်းအာကို မပြောနဲ့ဦးနော်"

"ဘာကြောက်စရာ ရှိလို့လဲ။ သူတို့က အစ်ကိုကြီး အစ်မကြီး ဖြစ်တော့မှာဆိုတော့ ဘယ်လောက်တောင် ပျော်လိုက်မလဲ"

"အဲဒါတော့ မပြောတတ်ဘူး။ ရွှမ်းအာက နည်းနည်း ဆိုးတယ်။ ရွှီအာကလည်း အလျော့မပေးချင်ဘူး။ သူတို့က နေ့တိုင်း အချစ်လုနေကြတာ။ သူတို့ထက်ငယ်တဲ့ မောင်လေး ညီမလေး ရလာမယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲ မသိနိုင်ဘူး။ နောက်ရက်နည်းနည်းကြာလို့ ကိုယ်ဝန်ရှိတာ သေချာပြီဆိုမှ သူတို့ကို ဖြည်းဖြည်းချင်း ပြောပြရအောင်"

လီကျင့်သည် စဉ်းစားလိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။

လုမင်ယွိက နောက်ထပ် မှာကြားဖို့ မမေ့လျော့ခဲ့ပေ။ "ပြီးတော့ မူဟုပ်ကိုလည်း ခဏလောက် မပြောနဲ့ဦး"

လီကျင့်သည် စဉ်းစားမနေဘဲ သဘောတူလိုက်လေသည်။

သို့သော် တကယ်တမ်း အောင့်ထားနိုင်မလား ဆိုတာကိုတော့... သူ အာမ မခံနိုင်ပေ။

လုမင်ယွိသည် လီကျင့်၏ စိတ်နေစိတ်ထားကို သိသဖြင့် အလိုက်သင့် မှာကြားလိုက်ခြင်းသာ ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းသည် မင်္ဂလာကိစ္စ ဖြစ်သဖြင့် လူများကို ထုတ်ပြော၍ မရသော ကိစ္စမျိုး မဟုတ်ပေ။

ယခုအချိန်တွင် လီဟောက်နှင့် လီချန်တို့ မည်သို့ ဖြစ်နေမည်ကို တွေးတောရန် မည်သူ့မှာမှ စိတ်ကူးမရှိကြတော့ပေ။

...

ထင်ထားသည့်အတိုင်းပင်။ လီကျင့်သည် တစ်ရက်ကလေးပင် အောင့်မထားနိုင်ခဲ့ပေ။ နောက်တစ်နေ့ မနက်စောစော ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ချိန်တွင် ပျော်ရွှင်စွာဖြင့် သတင်းကောင်းကို ချောင်မိဖုရားခေါင်အား ပြောပြလိုက်လေသည်။ "မူဟုပ်... ရှောင်ယွိမှာ ကိုယ်ဝန်ရှိနေပြီ"

ချောင်မိဖုရားခေါင်သည် အံ့သြဝမ်းသာ ဖြစ်သွားပြီး လုမင်ယွိ၏ လက်ကိုဆွဲကာ ဟိုကြည့်ဒီကြည့် လုပ်ရင်း ပါးစပ်စေ့မရအောင် ပြုံးနေတော့သည်။ "ဒါ အရမ်းကောင်းတာပဲ။ ရွှီအာနဲ့ ရွှမ်းအာလည်း ကြီးနေပြီ။ နောက်တစ်နှစ်လောက်ဆိုရင် စာသင်လို့ ရပြီ။ အဲဒီကျရင် မြေးတော်လေး နောက်တစ်ယောက် ထပ်မွေးတာ အတော်ပဲ"

ထို့နောက် ပြုံးလျက် လုမင်ယွိကို မှာကြားပြန်သည်။ "မင်းက ကိုယ်ဝန်ဆောင်ဖူးတယ် ဆိုပေမယ့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တာက တစ်သားနဲ့တစ်သား မတူဘူးကွဲ့။ ကိုယ့်ကျန်းမာရေး ကောင်းတယ်၊ အတွေ့အကြုံ ရှိတယ် ဆိုပြီး ပေါ့ပေါ့ဆဆ မနေနဲ့။ သေချာ ဂရုစိုက်ပြီး နေမှ ဖြစ်မှာ"

လုမင်ယွိက အရင်ဆုံး ပါးစပ်ဖွာသော လီကျင့်ကို ပြုံးလျက် မျက်စောင်းထိုးလိုက်၏။ ထို့နောက် ချောင်မိဖုရားခေါင်ကို ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မက လျှောက်တွေးမိတာပါ။ တော်ဝင်သမားတော်ကို စမ်းသပ်ခိုင်းရသေးတာ မဟုတ်ဘူး။ အခုချိန်မှာ ကိုယ်ဝန်ရှိတယ်လို့ အတိအကျ ပြောဖို့ စောပါသေးတယ်။ မူဟုပ် သိပ်မပျော်ပါနဲ့ဦး။ တော်ကြာ အလကား ဖြစ်နေပါဦးမယ်"

ချောင်မိဖုရားခေါင်က ချက်ချင်း ပြုံးကာ ပြောလိုက်လေသည်။ "သွေးခုန်နှုန်း စမ်းသပ်တာ ကျွမ်းကျင်တဲ့ သမားတော်ဆိုရင် ရက်နည်းနည်းလောက် ရှိတာနဲ့ ကိုယ်ဝန်ရှိမရှိ သိနိုင်ပါတယ်။ ပန်ကုံး အခုပဲ သမားတော်ဝူကို ခေါ်လိုက်မယ်"

တော်ဝင်ဆေးကုသဆောင်တွင် သမားတော်ဝူသည် ရောဂါရှာဖွေရာ၌ အတော်ဆုံး ဖြစ်လေသည်။

ချောင်မိဖုရားခေါင်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသဖြင့် လုမင်ယွိသည် မငြင်းသာတော့ဘဲ စေတနာကို ပြုံးလျက် လက်ခံလိုက်ရတော့သည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် နားလည်တစ်ချက် မလည်တစ်ချက်ဖြင့် ဝိုင်းမေးကြလေသည်။ "အဘွားတော်... ကိုယ်ဝန်ရှိတယ် ဆိုတာ ဘာလဲဟင်"

"ဘာလို့ သမားတော်ကို ခေါ်ရတာလဲ။ မေမေ နေမကောင်းလို့လား"

ချောင်မိဖုရားခေါင်သည် မျက်နှာပွင့်လန်းစွာဖြင့် မြေးနှစ်ယောက်၏ လက်ကို ဆွဲလိုက်လေသည်။ "မြေးတို့ရဲ့ မေမေက ကိုယ်ဝန်ရှိနေပြီလေ။ နောက်နှစ်ကျရင် မြေးတို့အတွက် မောင်လေး ဒါမှမဟုတ် ညီမလေး မွေးပေးလိမ့်မယ်။ မြေးတို့နှစ်ယောက်က အစ်ကိုကြီး၊ အစ်မကြီး ဖြစ်တော့မှာ"

ရွှီအာနှင့် ရွှမ်းအာတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လေးလေးနက်နက် ဆွေးနွေးနေကြတော့သည်။ "နင် အစ်မကြီး လုပ်ချင်လား"

"လုပ်ချင်တာပေါ့။ ငါ မောင်လေး လိုချင်တယ်"

"ငါတော့ မလိုချင်ပါဘူး။ ငါက အစ်ကိုကြီး ဖြစ်နေပြီလေ။ နေရာတကာ နင့်ကို အလျှော့ပေးနေရတာ။ နောက်ထပ် မောင်လေး ညီမလေး တစ်ယောက် ထပ်တိုးလာရင် နောက်တစ်ယောက်ကို ထပ်ပြီး အလျှော့ပေးနေရဦးမှာ"

ရွှမ်းအာသည် မျက်နှာငယ်လေး ဖြစ်နေသော ရွှီအာကို ချက်ချင်း နှစ်သိမ့်လိုက်လေသည်။ "နောက်ဆိုရင် နင် ငါ့ကို အလျှော့ပေးစရာ မလိုတော့ဘူး။ ငါတို့နှစ်ယောက်ပေါင်းပြီး မောင်လေး ညီမလေးကို အလျှော့ပေးကြမယ်လေ"

ရွှီအာသည် မျက်လုံးလှန်ကြည့်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေသည်။ "ငါ မယုံပါဘူး။ နင် ငါ့ကို အနိုင်မကျင့်ရင်ပဲ တော်လှပြီ"

ကလေးတို့၏ စကားသံကြောင့် လူကြီးများ တဟားဟား ရယ်မောလိုက်ကြလေသည်။

လုမင်ယွိသည် သားဖြစ်သူကို သနားသွားပြီး ရင်ခွင်ထဲ ဆွဲသွင်းကာ တိုးတိုးလေး နှစ်သိမ့်လိုက်လေသည်။ "စိတ်မပူပါနဲ့။ မောင်လေးမွေးမွေး ညီမလေးမွေးမွေး မေမေက သားကို အချစ်ဆုံးပါပဲ"

ရွှီအာသည် နှစ်သိမ့်ခံလိုက်ရသဖြင့် ပျော်ရွှင်သွားပြီး မိခင်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်လေသည်။

ရွှမ်းအာ မြင်လိုက်သည်နှင့် ချက်ချင်း ပြေးဝင်လာလေသည်။

ရွှမ်းအာသည် အသက်ကြီးလာသည်နှင့်အမျှ ခွန်အားလည်း ကြီးမားလာသည်။ ဤသို့ ပြေးဝင်လာသည်မှာ နွားပေါက်လေး တစ်ကောင်ကဲ့သို့ပင်။

လီကျင့်သည် ထိတ်လန့်သွားပြီး ချွေးစေးများပင် ထွက်လာကာ လက်ကိုဆန့်၍ ရွှမ်းအာကို ပွေ့ဖက်လိုက်လေသည်။ "ရွှမ်းအာ လိမ္မာတယ်။ သမီးက အားသန်တယ်လေ။ မေမေ့ဗိုက်ကို ဝင်မတိုက်မိစေနဲ့"

ရွှမ်းအာသည် မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်ပြီး အောက်ဆင်းရန် ရုန်းကန်လေသည်။

လီကျင့်က ချက်ချင်း ပြုံးကာ ချော့လိုက်လေသည်။ "တို့ရွှမ်းအာက အားသန်တယ်လေ။ နောက်နှစ် မောင်လေး ညီမလေး ရလာရင် အစ်မကြီး အနေနဲ့ ကာကွယ်ပေးရမယ်နော်။ သူများကို အနိုင်ကျင့်မခံနဲ့"

ရွှမ်းအာသည် ရင်ကော့လိုက်ပြီး ဂုဏ်ယူစွာ ကြေညာလိုက်၏။ "ဒါကတော့ သေချာတာပေါ့။ ဘယ်သူက သမီးရဲ့မောင်လေး ညီမလေးကို အနိုင်ကျင့်ရဲလဲ ကြည့်မယ်။ လက်သီးနဲ့ ထိုးပြီး ပြားသွားအောင် လုပ်ပစ်မယ်"

ပြောရင်းဆိုရင်း သူမ၏ လက်သီးဆုပ်လေးကို အားပါပါ ဆုပ်ပြလိုက်လေသည်။

လီကျင့်သည် ရယ်ချင်စိတ်ကို ထိန်းလျက် လေးနက်ဟန်ဆောင်ကာ ထောက်ခံလိုက်လေသည်။ "ရွှမ်းအာက တကယ် တော်တာပဲ။ ဒါနဲ့... ဖေဖေ့ကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင်ရော ရွှမ်းအာက သူ့ကို ထိုးမှာလား"

ရွှမ်းအာသည် ဖခင်ဖြစ်သူကို အထင်သေးစွာ ကြည့်လိုက်လေသည်။ "ဖေဖေကလည်း တကယ် အသုံးမကျပါဘူး။ ဒီလောက် အရပ်ရှည်ပြီး ကြီးနေပြီကို သူများအနိုင်ကျင့်တာ ခံနေတုန်းလား"

လီကျင့် "..."

ကံကောင်းသည်မှာ လီကျင့်သည် မျက်နှာပြောင်တိုက်သူ ဖြစ်သဖြင့် လှောင်ရယ်ခံရသော်လည်း မျက်နှာမပျက်ဘဲ သက်ပြင်းချကာ ပြောလိုက်လေသည်။ "ဖေဖေက အသုံးမကျပါဘူး။ နောက်ဆိုရင် ရွှမ်းအာ ကြီးလာပြီး ဖေဖေ့ကို ကာကွယ်ပေးတာ စောင့်ရတော့မှာပေါ့"

ရွှမ်းအာသည် သနားစရာကောင်းသော ဖခင်ကို စာနာစွာ ကြည့်လိုက်လေသည်။ "ကောင်းပါပြီ။ နောက်ဆိုရင် ဖေဖေ အနိုင်ကျင့်ခံရရင် သမီးကို လာပြောနော်"

လီကျင့်၏ မျက်နှာတွင် ကြည်နူးမှုများ ပေါ်လာလေသည်။ "တကယ်ပဲ သမီးလေးက ငါ့ကို အချစ်ဆုံးပါပဲ"

လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့သည် လဲကျမတတ် ရယ်မောနေကြတော့သည်။

ခဏအကြာတွင် သမားတော်ဝူ ရောက်ရှိလာလေသည်။

ချောင်မိဖုရားခေါင်နှင့် အိမ်ရှေ့စံတို့၏ မျှော်လင့်တကြီး အကြည့်အောက်တွင် သမားတော်ဝူသည် ထိုက်ဇီဖေးကို သွေးခုန်နှုန်း စမ်းသပ်ပေးလိုက်သည်။ ထို့နောက် ဝမ်းသာအားရ လက်ကိုယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်လေသည်။ "ထိုက်ဇီဖေးကို ဂုဏ်ပြုပါတယ်။ တကယ်ပဲ ကိုယ်ဝန်ရှိနေပါပြီ"

လုမင်ယွိ စကားမပြောရသေးခင် ချောင်မိဖုရားခေါင်က တရစပ် ရယ်မောကာ ပြောလိုက်လေသည်။ "ကောင်းတယ်။ ကောင်းတယ်။ လာကြစမ်း... သမားတော်ဝူကို ဆုတော် ချလိုက်"

...

အပိုင်း (၄၈၉) မျက်နှာသာပေးမှု (၁)

လုမင်ယွိတွင် ကိုယ်ဝန်ရှိသည်ဆိုသော သတင်းကောင်းသည် လူတိုင်း၏ ရင်ထဲရှိ တိမ်မည်းများကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်တော့သည်။

ချောင်မိဖုရားခေါင်က လီကျင့်ကို ရယ်မောကာ တိုက်တွန်းလေသည်။ "အချိန်မစောတော့ဘူး။ ညီလာခံတက်ဖို့ မြန်မြန်သွားတော့။ အနောက်နန်းဆောင် ကိစ္စတွေကို ပန်ကုံး ကြည့်လုပ်လိုက်မယ်။ မင်း စိတ်မပူနဲ့"

လီကျင့်သည် ရွှီအာနှင့် ရွှမ်းအာတို့၏ ပါးလေးများကို နမ်းလိုက်ပြီး လုမင်ယွိ၏ လက်ကိုဆွဲကာ ထပ်ခါတလဲလဲ မှာကြားနေပြန်သည်။ နောက်ဆုံးတွင် လုမင်ယွိက သည်းမခံနိုင်တော့ဘဲ မောင်းထုတ်လိုက်မှ တက်ကြွစွာဖြင့် ညီလာခံတက်ရန် ထွက်ခွာသွားတော့သည်။

ညီလာခံ တက်နေစဉ်အတွင်း ယုံးကျားဧကရာဇ်က သုံးကြိမ်တိုင်တိုင် အပြစ်ရှာခဲ့သော်လည်း လီကျင့်၏ ကောင်းမွန်သော စိတ်အခြေအနေကို မဖျက်ဆီးနိုင်ခဲ့ပေ။

ညီလာခံ ပြီးဆုံးသောအခါ စတုတ္ထမင်းသားသည် သနားစရာ မျက်နှာထားဖြင့် အနားကပ်လာပြီး လီကျင့်၏ ပခုံးကို ပုတ်လိုက်လေသည်။ "အာ့ကော... ဝူတိရဲ့ ကိစ္စက ဒီလောက်ထိ ဖြစ်သွားတော့ ဖုဟွမ် စိတ်မကြည်မလင် ဖြစ်နေတာ။ ဒီရက်ပိုင်း အာ့ကောကို အပြစ်ရှာနေတာ နည်းနည်း သည်းခံလိုက်ပါ"

လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "သားတစ်ယောက် အနေနဲ့ အဖေ ဆူတာလောက်က ဘာဖြစ်မှာလဲ။ စိတ်မပူပါနဲ့။ ငါ လုံးဝ စိတ်ထဲ မထားပါဘူး"

ကြည့်စမ်းပါဦး... ဒီလောက် ကျေနပ်နေတဲ့ ပုံစံကြီးနဲ့။ တကယ် စိတ်ထဲ မထားဘူးပဲ။

စတုတ္ထမင်းသားသည် ရယ်ရခက်သလို ဖြစ်သွားပြီး ထူးဆန်းသည်ဟု ထင်မိကာ မေးလိုက်လေသည်။ "အာ့ကော ဒီနေ့ စိတ်အခြေအနေ ဘာလို့ ဒီလောက် ကောင်းနေတာလဲ။ ဘာသတင်းကောင်း ရှိလို့လဲ"

လီကျင့်က ပါးစပ်ဖြဲကာ ပြုံးလိုက်ပြီး "နောက်ကျရင် သိလာပါလိမ့်မယ်" ဟု ပြောကာ ထွက်သွားတော့သည်။

စတုတ္ထမင်းသား ပြန်မေးရန် အချိန်ပင် မရလိုက်ပေ။

စတုတ္ထမင်းသား "..."

အာ့ကောက တော်တော် ဆိုးတာပဲ။

စကားကို တစ်ဝက်ပဲ ပြောပြီး ထွက်သွားတတ်တဲ့ လူမျိုးက အမုန်းဆုံးပဲ။

လီဟောက်သည် ဘေးမှ အေးစက်စွာ ကြည့်နေပြီး မျက်ဝန်းအိမ်များ မှေးမှိန်သွားလေသည်။

ဘာဖြစ်တယ် ဆိုတာ သူ ခန့်မှန်းမိပါတယ်။ အဲဒါကြောင့် သူ့စိတ်အခြေအနေ ပိုဆိုးသွားတာပေါ့။

"တတိယမင်းသား..." လျိုကုန်းကုန်းသည် ပြုံးရွှင်စွာ ရောက်ရှိလာပြီး ယဉ်ကျေးစွာ ဂါရဝပြုလိုက်လေသည်။ "အရှင်မင်းကြီးက မင်းသားကို ဝမ်ဟွားနန်းဆောင်မှာ နေ့လယ်စာ အတူတူ စားဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

လီဟောက်၏ ရင်ထဲမှ တိမ်မည်းများ လွင့်စင်သွားပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီ။ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်"

ရက်တွေက အများကြီး ကျန်ပါသေးတယ်။

ဘယ်သူက နောက်ဆုံးမှ ရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့။

ပထမမင်းသားသည် လီဟောက်က လျိုကုန်းကုန်းနှင့်အတူ ဝမ်ဟွားနန်းဆောင်သို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားကာ ရင်ထဲတွင် မနာလိုမှုများ ဖြစ်ပေါ်လာလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ယုံးကျားဧကရာဇ်၏ အချစ်ဆုံးသား ဖြစ်ခဲ့ပြီး ဝမ်ဟွားနန်းဆောင်သို့ မကြာခဏ အခေါ်ခံခဲ့ရသည်။

နောက်ပိုင်းတွင် လီကျင့် ဖြစ်လာပြီး အိမ်ရှေ့စံ ဖြစ်ခါနီးနှင့် ဖြစ်ပြီးစ ကာလများတွင် အရှိန်အဝါ အကြီးမားဆုံး ဖြစ်ခဲ့သည်။

ယခုအချိန်တွင်တော့ မျက်နှာသာ အပေးခံရဆုံးသူမှာ လီဟောက် ဖြစ်နေလေပြီ။

...

စိတ်ဓာတ်ကျနေသော ပထမမင်းသားသည် အိမ်မပြန်ဘဲ ယန်ရှီနန်းဆောင်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့လေသည်။

မုန့်ဖေးသည် ပထမမင်းသား ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် ဝင်လာသည်ကို မြင်သောအခါ စိတ်မကောင်း ဖြစ်သွားသလို ဒေါသလည်း ထွက်သွားလေသည်။ "ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ခြေထောက်မကောင်းရင် အိမ်မှာပဲ နေပါဆိုတာကို။ ဘာလို့ ခေါင်းမာပြီး ညီလာခံ လာတက်နေရတာလဲ"

ညီလာခံ တက်တော့ရော ဘာထူးမှာလဲ။

ဒီအတိုင်း မတ်တပ်ရပ်ပြီး နားထောင်နေရုံပဲလေ။ တာဝန်ပေးခံရတာလည်း မဟုတ်။ ဝင်ပြောခွင့် ရတာလည်း မဟုတ်။ ဘာကို မျှော်လင့်နေတာလဲ။ မျက်နှာပြချင်လို့လား။ ဒါက ပိုပြီး ရှက်စရာ မကောင်းဘူးလား။

ရင်ဘတ်ထဲ ဆောင့်ကန်လိုက်သလို ခံစားရစေမည့် ထိုစကားများကို မုန့်ဖေးက ထုတ်မပြောသော်လည်း ပထမမင်းသားက နားလည်လေသည်။ သူ၏ မျက်နှာထား ပိုဆိုးလာတော့သည်။ "မူဖေး ကျွန်တော့်ကို မတွေ့ချင်ရင် ကျွန်တော် ပြန်ပါတော့မယ်"

ပြောပြီးသည်နှင့် ဒေါသတကြီး လှည့်ထွက်သွားလေသည်။

မုန့်ဖေးသည် ဒေါသထွက်သလို ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ရှေ့သို့ အမြန်တိုးကာ ပထမမင်းသားကို တားလိုက်လေသည်။ "တော်စမ်းပါ။ ငါက ဒီတိုင်း ပြောလိုက်တာကို မင်းက အမေအရင်းကို ပြန်ပြီး စိတ်ကောက်နေတယ်။ ဒီနေ့ ဘာဖြစ်လာတာလဲ။ ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လိုက်လို့လဲ"

ပထမမင်းသားက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ဘာမှ မဖြစ်ပါဘူး"

မုန့်ဖေးသည် ပထမမင်းသားကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် ခန့်မှန်းမိသွားသည်။ "မင်းအဖေက လီဟောက်ကို ဝမ်ဟွားနန်းဆောင် ခေါ်သွားလို့မလား"

ပထမမင်းသားက နောက်ထပ် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြန်သည်။

မုန့်ဖေး၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "မင်းတို့အားလုံးက မင်းသားတွေပဲ။ မင်းအဖေရဲ့ သားတွေပဲလေ။ မင်းအဖေက ဘယ်သူ့ကို ကြည့်ရတာ သဘောကျလဲ အဲဒီလူကို ခေါ်မှာပေါ့။ မင်းက ဘာမကျေနပ်စရာ ရှိလို့လဲ။ မင်းတစ်ယောက်တည်း အချစ်ခံရပြီး သူများတွေ အချစ်ခံရတာ မင်းက မကြည့်နိုင်ဘူးလား"

ပထမမင်းသားသည် သူ၏ ညာဘက်ခြေထောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် မော့ကြည့်ကာ ဝမ်းနည်းစွာ ပြုံးလိုက်လေသည်။ "ကျွန်တော်က အခု လူရာမဝင်တဲ့ ဒုက္ခိတ ဖြစ်နေပြီ။ ကျွန်တော် ဘယ်လိုခံစားရလဲ ဘယ်သူက ဂရုစိုက်မှာလဲ"

မုန့်ဖေး၏ နှာခေါင်းများ ရှုံ့မဲ့သွားပြီး မျက်လုံးများ နီရဲလာတော့သည်။ "မင်း ဒီလို စကားတွေ ပြောတာ ငါ့ကို တမင်သက်သက် စိတ်ဆင်းရဲအောင် လုပ်တာလား။ စစ်မြေပြင်မှာ မင်းခြေထောက် ဒဏ်ရာရတုန်းက ငါက အမေရင်းတစ်ယောက် အနေနဲ့ ဘယ်သူ့ထက်မဆို ပိုပြီး ရင်နာခဲ့ရတာ။ ဒါပေမဲ့ အခုက ဒီလို ဖြစ်နေပြီပဲ။ ကံတရားကို လက်မခံလို့ ဘာလုပ်နိုင်မှာလဲ"

ပထမမင်းသား၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များ တောက်ပလာပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။ "ကျွန်တော် လက်မခံနိုင်ဘူး"

လေသံထဲတွင် ပါဝင်နေသော ဒေါသအငွေ့အသက်များသည် ကြောက်လန့်ဖွယ် ကောင်းလှသည်။

မုန့်ဖေးသည် လန့်ဖျပ်သွားပြီး မျက်ရည်များကို အင်္ကျီလက်စဖြင့် သုတ်ကာ နန်းတွင်းသူ နန်းတွင်းသားများကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ဒေါသတကြီး ပြောလိုက်လေသည်။ "မင်း ဝက်ဆီတွေ စားပြီး စိတ်တွေ နှောက်သွားပြီလား။ ဒီလိုစကားမျိုးကို နန်းတွင်းသူတွေ ရှေ့မှာ ပြောရသလား"

ပထမမင်းသားသည် အမှားလုပ်မိမှန်း သိသဖြင့် လေသံပျော့သွားလေသည်။ "ကျွန်တော် စိတ်လွတ်သွားလို့ပါ။ တမင် ပြောတာ မဟုတ်ပါဘူး"

မုန့်ဖေးသည် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်ကို ထိန်းကာ နှစ်သိမ့်လိုက်လေသည်။ "အခု အခြေအနေက မဆိုးပါဘူး။ ငါက နန်းတော်ထဲမှာ မျက်နှာပန်းလှတုန်းပဲ။ မင်းကလည်း ပထမမင်းသား ဆိုတော့ ဘယ်သူမှ မင်းကို အနိုင်မကျင့်ရဲကြဘူး။ အိမ်ရှေ့စံအိမ်တော်နဲ့ တတိယမင်းသားတို့ တိုက်ခိုက်နေတာ ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့က ဘေးကနေ ထိုင်ကြည့်နေလိုက်ရင် ရပြီ"

ငါးစာလုရင်း ငှက်ကြား အစာဖြစ် ဆိုသလိုပေါ့။

အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူးလေ။

ပထမမင်းသားသည် ဘာကို တွေးမိသွားသည်မသိ မျက်နှာထား လျော့ကျသွားလေသည်။ "မူဖေး ပြောတာ ဟုတ်တယ်။ နောက်ဆိုရင် ကျွန်တော် သတိထားပါ့မယ်"

ဒီလိုမှပေါ့။

မုန့်ဖေးသည် ပထမမင်းသားကို ချီးကျူးစွာ ကြည့်လိုက်ပြီး မေးလိုက်လေသည်။ "လျန်ရှီမှာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာ မတွေ့သေးဘူးလား"

ပထမမင်းသားသည် နေရခက်သွားပြီး ဝါးတားတား ဖြေလိုက်လေသည်။ "မရှိသေးပါဘူး"

မုန့်ဖေး၏ မျက်နှာထား တင်းမာသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "မင်း မြို့တော်ပြန်ရောက်နေတာ နှစ်ဝက်လောက် ရှိနေပြီ။ ဘာလို့ အခုထိ သတင်းကောင်း မကြားရသေးတာလဲ" ချွေးမဗိုက်က သိပ်အသုံးမကျဘူး။

ပထမမင်းသားက ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ "အိမ်မှာ ထန်ကောအာ ရှိနေတာပဲ။ သားသမီး မရှိတာမှ မဟုတ်တာ။ ဘာလို့ လောနေရတာလဲ"

ကိုယ်လုပ်တော် မွေးတဲ့ကလေးနဲ့ တရားဝင် မယားကြီးမွေးတဲ့ ကလေးက ဘယ်လိုလုပ် တူမှာလဲ။

မုန့်ဖေးက ပထမမင်းသားကို မျက်စောင်းထိုးလိုက်လေသည်။ "တကယ်လို့ မင်းသာ တရားဝင် မယားကြီးမွေးတဲ့ သားဆိုရင် အိမ်ရှေ့စံ နေရာကို လီကျင့် ရပါ့မလား"

ပထမမင်းသားသည် ဒေါသထွက်သွားလေသည်။ "ကိုယ်လုပ်တော် မွေးတာ ကျွန်တော့်အပြစ်လား။ အဲဒီတုန်းက မူဖေးကိုယ်တိုင်က ကိုယ်လုပ်တော် လုပ်ချင်လို့ ဝင်လာပြီးတော့။ အဲဒါကြောင့် ကျွန်တော် မွေးကတည်းက တရားဝင် သားကြီး မဖြစ်ခဲ့ရတာလေ"

မုန့်ဖေး "..."

မုန့်ဖေးသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီလာပြီး သည်းမခံနိုင်တော့ဘဲ ပထမမင်းသားကို မောင်းထုတ်လိုက်တော့သည်။ ပထမမင်းသားသည် မျက်နှာမဲကြီးဖြင့် ဒေါသတကြီး ထွက်ခွာသွားလေသည်။

ကျန်ရစ်ခဲ့သော မုန့်ဖေးသည် တွေးလေ ဝမ်းနည်းလေ ဖြစ်ပြီး အကြီးအကျယ် ငိုကြွေးလေတော့သည်။

...

နန်းတော်ထဲတွင် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။

ရက်အနည်းငယ် ကြာသောအခါ ထိုက်ဇီဖေးလုရှီ ကိုယ်ဝန်ရှိသည်ဟူသော သတင်း ထွက်ပေါ်လာလေသည်။

ယခင်က လုမင်ယွိသည် မနက်တိုင်း ညတိုင်း ဂါရဝပြုရန် လာလေ့ရှိသည်။ ဒီရက်ပိုင်းတွင်တော့ အရိပ်အယောင်ပင် မတွေ့ရပေ။ ချောင်မိဖုရားခေါင်ကလည်း ကိုယ်ဝန်စောင့်ရှောက်ရာတွင် ကျွမ်းကျင်သော သမားတော်ကို အိမ်ရှေ့စံအိမ်တော်သို့ သီးသန့် လွှတ်ပေးထားသည်။ အဓိပ္ပာယ်မှာ ရှင်းလင်းနေပေပြီ။

ကိုယ်လုပ်တော်များသည် ချောင်မိဖုရားခေါင်ကို ဝိုင်းဝန်း ဂုဏ်ပြုကြလေသည်။

ချောင်မိဖုရားခေါင်က ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်လေသည်။ "လုရှီ ကိုယ်ဝန်ရှိတာ ရက်ပိုင်းပဲ ရှိသေးလို့ ခဏလောက် အသံတိတ်နေတာပါ။ ထင်မထားဘူး။ မင်းတို့က အကုန် ရိပ်မိနေကြတာပဲ"

ချင်ဖေးက လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က ထိုက်ဇီဖေးကို အိမ်ရှေ့စံအိမ်တော်မှာပဲ အနားယူခိုင်းထားပြီး သမားတော်တွေပါ ပို့ပေးထားတာလေ။ ချန်ချဲ့တို့က မရိပ်မိရင် အရူးတွေ ဖြစ်ကုန်မှာပေါ့"

"ဒီလို မင်္ဂလာသတင်းမျိုးကို ကြားရတော့ ချန်ချဲ့လည်း ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့အတွက် ဝမ်းသာပါတယ်" ငယ်ရွယ်သော ဝမ်ကျဲယွီက ပြုံးလျက် ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး သိရင်လည်း သေချာပေါက် ပျော်သွားမှာပါ"

ယုံးကျားဧကရာဇ် အကြောင်း ပါလာသည်နှင့် ချောင်မိဖုရားခေါင်၏ အပြုံးများ မှေးမှိန်သွားလေသည်။ "ပန်ကုံး အရှင်မင်းကြီးကို သွားပြီး ဂုဏ်ပြုစကား မပြောရသေးပါဘူး။ မင်းပြောသလို အရှင်မင်းကြီး ဒီသတင်းကြားပြီး ပျော်ရွှင်သွားဖို့ မျှော်လင့်ပါတယ်"

ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ လာရောက်သည့် အကြိမ်ရေ အလွန် နည်းပါးလှပြီး ဧကရာဇ်နှင့် မိဖုရားခေါင်တို့ ဆယ်ရက် တစ်လလောက် မတွေ့ရသည်မှာ ပုံမှန်ကိစ္စပင် ဖြစ်လေတော့သည်။

...

All Chapters