အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
အပိုင်း (၄၉၀) မျက်နှာသာပေးမှု (၂)
အနောက်နန်းဆောင်၏ သတင်းကောင်းသည် ဝမ်ဟွားနန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
လုမင်ယွိတွင် ကိုယ်ဝန်ရှိကြောင်း ယုံးကျားဧကရာဇ် သိလိုက်ရသောအခါ စိတ်အခြေအနေ သိသိသာသာ ကောင်းမွန်သွားပြီး ထိုက်ဇီလီကျင့်ကို သီးသန့် ခေါ်တွေ့လိုက်လေသည်။
လီကျင့်သည် ရှားရှားပါးပါး အပြင်ဘက်တွင် စောင့်ဆိုင်းရခြင်း မရှိဘဲ နန်းဆောင်ထဲသို့ တိုက်ရိုက် ဝင်ခွင့်ရခဲ့သည်။
ယုံးကျားဧကရာဇ်က ပြုံးကာ မှာကြားလိုက်လေသည်။ "လုရှီ ကိုယ်ဝန်ရှိသွားပြီဆိုတော့ တော်ဝင်မိသားစုရဲ့ မျိုးဆက် ပြန့်ပွားတာပေါ့။ မင်းလည်း နိုင်ငံရေးကိစ္စတွေချည်းပဲ ဖိလုပ်မနေဘဲ အချိန်ရရင် လုရှီနဲ့ ကလေးတွေကို အဖော်ပြုပေးလိုက်ဦး"
တကယ်တမ်းတွင် အိမ်ရှေ့စံအိမ်တော်၏ အာဏာကို လျှော့ချထားသဖြင့် လုပ်စရာ အလုပ်လည်း သိပ်မရှိတော့ပေ။
ယုံးကျားဧကရာဇ်၏ စကားသည် အိမ်ရှေ့စံကို အနားယူစေလိုသော သဘော သက်ရောက်နေသည်။ နန်းတွင်းနိုင်ငံရေး ကိစ္စများတွင် ဝင်မပါစေချင်တော့ပေ။
လီကျင့်သည် ဒီရက်ပိုင်း စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ယုံးကျားဧကရာဇ်၏ စကားကို စိတ်ထဲ မထားဘဲ ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်လေသည်။ "ဟုတ်ကဲ့ပါ။ ဖုဟွမ် မပြောလည်း သားတော် အဲဒီလိုပဲ စိတ်ကူးထားပါတယ်"
ယုံးကျားဧကရာဇ်သည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း လီကျင့်၏ ကြည်လင်ရွှင်လန်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားပြီး လက်ကာပြလိုက်လေသည်။ "ထားလိုက်ပါတော့။ ကျန်းကို ပြုစုဖို့ မလိုတော့ဘူး။ သွားတော့"
လီကျင့်သည် ပြုံးလျက် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။
ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် လီကျင့်၏ မျက်နှာပေါ်မှ အပြုံးများသည် အနည်းငယ် လျော့ပါးသွားလေသည်။
သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခန့်ညားထည်ဝါသော ဝမ်ဟွားနန်းဆောင်ကို တစ်ချက် လှမ်းကြည့်လိုက်ကာ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာသွားတော့သည်။
သားအဖ နှစ်ယောက်ကြားတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။ အပေါ်ယံတွင် ဟန်ဆောင်၍ ရသော်လည်း အပြန်အလှန် ဆက်ဆံရာတွင် စိမ်းကားမှုများနှင့် သတိထားမှုများကိုတော့ ဖုံးကွယ်၍ မရပေ။
လီချန်၏ လက်ထပ်ပွဲကိစ္စကြောင့် သားအဖ နှစ်ယောက်ကြားမှ အဖုအထစ်သည် ပိုမို ထင်ရှားလာခဲ့သည်။
လီကျင့်သည် အိမ်ရှေ့စံအိမ်တော်သို့ တောက်လျှောက် ပြန်လာခဲ့သည်။
ယနေ့ ရာသီဥတုသည် အလွန် သာယာလှပနေပြီး နေရောင်ခြည် တောက်ပကာ လေအေးအေးလေး တိုက်ခတ်နေသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် ဝါးမြင်းစီးကာ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ လသားအရွယ် ကျုံးအာကိုလည်း နေစာလှုံရန် ပွေ့ချီထားကြပြီး ကလေးငယ်သည် လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ အီအီအာအာ အသံလေးများ ပြုလုပ်နေလေသည်။
လုမင်ယွိသည် မွေ့ရာပေါ်တွင် ထိုင်နေပြီး ဘေးနားရှိ စားပွဲငယ်ပေါ်တွင် လက်ဖက်ရည်နှင့် မုန့်များ၊ သစ်သီးလတ်လတ်ဆတ်ဆတ်များ တင်ထားလေသည်။ နန်းတွင်းသူများသည် ဘေးနားတွင် ပြုစုနေကြပြီး တစ်ခါတစ်ရံ ချီယွင်နှင့် စကားပြောကာ ရယ်မောနေကြသည်။ ဤကဲ့သို့သော ဘဝလေးသည် အေးချမ်းပြီး ပျော်ရွှင်စရာ ကောင်းလှသည်။
လီကျင့်သည် အဝေးကနေ ကြည့်ရင်း ရင်ထဲမှ မွန်းကြပ်မှုများ ပျောက်ကွယ်သွားကာ နှုတ်ခမ်းထောင့်များ ကွေးတက်လာပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။
...
"ဖေဖေ"
ရွှမ်းအာသည် မျက်စိအရှင်ဆုံး ဖြစ်ပြီး ဖခင်ဖြစ်သူကို ပထမဆုံး မြင်တွေ့လိုက်ကာ "မြင်းခေါင်း" ကို ချက်ချင်း လှည့်လိုက်ပြီး မြင်းစီးသံများ ပြုလုပ်လျက် ပြေးဝင်လာခဲ့သည်။
ရွှီအာသည်လည်း အရှုံးမပေးဘဲ ဝါးမြင်းစီးကာ နောက်မှ လိုက်လာခဲ့သည်။
လီကျင့်၏ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်နေပြီး သမီးဖြစ်သူကို ဖမ်းထိန်းလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် သားဖြစ်သူကို ပွေ့ဖက်လိုက်လေသည်။ "သားတို့ သမီးတို့က ဆော့လိုက်တာ။ သတိထားဦး။ ချော်လဲနေမယ်"
ရွှမ်းအာက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ "ဖေဖေ... ဒီနေ့ သမီး မြင်းစီးတာ မြန်တယ်မလား။ ကိုကိုက သမီးကို မမီဘူး"
ရွှီအာက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။ "နင်က အားသန်ပြီး အပြေးမြန်တာကိုး။ ဘယ်မီပါ့မလဲ။ ငါ ရက်နည်းနည်းလောက် လေ့ကျင့်လိုက်ရင် နင့်ကို နိုင်မှာပါ"
ရွှမ်းအာသည် ခါးထောက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်လေသည်။
လီကျင့်သည် သမီးဖြစ်သူကို နမ်းလိုက်ပြီး သားဖြစ်သူကို ပြောလိုက်လေသည်။ "ရွှီအာ... ဖေဖေ ဒီနေ့ အားတယ်။ ခဏနေရင် သားကို မြင်းအစစ် စီးဖို့ လေ့ကျင့်ရေးကွင်း ခေါ်သွားပေးမယ်"
ရွှီအာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်းနည်းမှုများကို မေ့ပျောက်သွားကာ "တကယ်လား။ သား မြင်းအစစ် စီးရတော့မလား"
"ဖေဖေ... သမီးလည်း လိုက်မယ်။ သမီးလည်း လိုက်မယ်" ရွှမ်းအာသည် စိတ်လှုပ်ရှားလွန်းသဖြင့် လီကျင့်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
လီကျင့်သည် နာကျင်လွန်းသဖြင့် အသက်ရှူသွင်းလိုက်ရပြီး ရွှမ်းအာကို ပြုံးကာ ချော့လိုက်လေသည်။ "တကယ်ပေါ့။ ဖေဖေက သားတို့ သမီးတို့ကို လိမ်ဖူးလို့လား။ သမီးလိမ္မာလေး... လက်လွှတ်လိုက်ပါဦး။ ဖေဖေ့လက် ပြတ်တော့မယ်"
ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ ရွှမ်းအာ၏ ခွန်အားသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။ လုမင်ယွိသည် ရွှမ်းအာကို ခွန်အား ထိန်းချုပ်ပုံ သင်ကြားပေးနေသော်လည်း ရွှမ်းအာသည် စိတ်လှုပ်ရှားလာလျှင် အကုန် မေ့သွားတတ်သည်။
ရွှမ်းအာသည် လက်ကို အလျင်အမြန် လွှတ်လိုက်ရာ လီကျင့်၏ လက်ပေါ်တွင် လက်ချောင်းရာ အနီကွက်များ ထင်ကျန်ရစ်ခဲ့လေသည်။
ရွှမ်းအာသည် အပြစ်ရှိစိတ်ဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ "တောင်းပန်ပါတယ်"
လီကျင့်သည် နာကျင်မှုကို အောင့်အီးပြီး သမီးဖြစ်သူကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။ "ခုနက ဖေဖေက သမီးကို စနောက်လိုက်တာပါ။ တကယ်တမ်း ဖေဖေ့လက်က နည်းနည်းလေးမှ မနာပါဘူး။ မကြောက်ပါနဲ့"
စကားပြောနေစဉ်မှာပင် လုမင်ယွိ ရောက်ရှိလာခဲ့လေသည်။
ရွှမ်းအာသည် မိခင်ဖြစ်သူ၏ ခြေသံကို ကြားလိုက်ရသဖြင့် လီကျင့်ကို အမြန် ပြောလိုက်လေသည်။ "ဖေဖေ... မေမေ့ကို မတိုင်နဲ့နော်။ မဟုတ်ရင် မေမေက သမီးကို ဆူဦးမယ်"
လီကျင့်သည် ရယ်ချင်စိတ်ကို ထိန်းလျက် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
လုမင်ယွိသည် မျက်စိရှင်သူ ဖြစ်သဖြင့် အဖြစ်အပျက် အလုံးစုံကို မြင်တွေ့လိုက်ရသည်။ ပါးစပ်ဟပြီး ဆူပူရန် ပြင်လိုက်စဉ် လီကျင့်က မျက်ရိပ်ပြလိုက်လေသည်။
လုမင်ယွိက လီကျင့်ကို မျက်စောင်းထိုးလိုက်တော့သည်။ "ရှင်က သူ့ကို အမြဲတမ်း အလိုလိုက်နေတာပဲ။ သူက ကြီးလာလေ အားသန်လာလေပဲ။ ခွန်အား ထိန်းချုပ်ဖို့ မသင်ပေးရင် သူများတွေကို ထိခိုက်ကုန်မှာပေါ့"
လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "သူက ငယ်ပါသေးတယ်။ မလောပါနဲ့။ ဖြည်းဖြည်းချင်း သင်ပေးရင် ရပါတယ်" ထို့နောက် ခဏနားပြီး ဆက်ပြောလိုက်လေသည်။ "ကိုယ် ဒီနေ့ ဘာမှ လုပ်စရာ မရှိဘူး။ သူတို့ ညီအစ်ကို မောင်နှမတွေကို မြင်းစီးဖို့ ခေါ်သွားမလို့။ မင်းက ကိုယ်ဝန်ရှိနေတော့ စိတ်မလှုပ်ရှားနဲ့၊ အားမစိုက်နဲ့။ လေ့ကျင့်ရေးကွင်းကို မလိုက်နဲ့တော့"
လုမင်ယွိ၏ အပြုံးများ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ လီကျင့်ကို ကြည့်လိုက်လေသည်။ "ရှင်က အခု ဒီလောက်တောင် အားနေတာလား"
လီကျင့်က ပုံမှန်အတိုင်းပင် ဖြေလိုက်လေသည်။ "ဖုဟွမ်က မင်း ကိုယ်ဝန်ရှိနေတော့ မင်းနဲ့ ကလေးတွေကို အဖော်ပြုပေးဖို့ သီးသန့် မှာလိုက်လို့ပါ"
လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင် ဖြတ်သန်းသွားလေသည်။
လီကျင့်၏ စိတ်အခြေအနေကတော့ အများကြီး တည်ငြိမ်နေလေသည်။ "အခု အခြေအနေက ကိုယ် မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေပါပြီ။ အားနေတာလည်း ကောင်းတာပဲလေ။ မင်းတို့ သားအမိတွေကို အဖော်ပြုပေးလို့ ရတာပေါ့"
ဒီလို ဖြစ်လာမှတော့ အကောင်းဘက်က တွေးရုံပဲ ရှိတာပေါ့။
မဟုတ်ရင် ဘာတတ်နိုင်မှာလဲ။
ယုံးကျားဧကရာဇ်က အိမ်ရှေ့စံ နေရာကနေ ဖယ်ရှားတာမှ မဟုတ်တာ။ ဒီတိုင်း အေးစက်စက် ဆက်ဆံပြီး ဖိနှိပ်ထားရုံပဲလေ။ သားတစ်ယောက် အနေနဲ့ သည်းမခံလို့ ဘာလုပ်ရမှာလဲ။ ပုန်ကန်ရမှာလား။
လုမင်ယွိသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေလေသည်။
လီကျင့်သည် သူမ၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ လန့်ဖျပ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ရှောင်ယွိ... မင်းက ကိုယ်ဝန်ရှိနေတာလေ။ စိတ်ကို အေးအေးထားပြီး နေမှပေါ့။ ကိုယ်ဝန်ကို မထိခိုက်စေနဲ့"
လုမင်ယွိက အင်းဟု ပြန်ဖြေလိုက်လေသည်။ "ဒီတစ်ခါ ကိုယ်ဝန်ဆောင်ရတာ အရင်တစ်ခေါက်နဲ့ မတူဘူး။ စိတ်မရှည်ဘူး။ ဒေါသထွက်လွယ်တယ်"
လီကျင့်က ပြုံးလိုက်ပြီး လုမင်ယွိ၏ ဗိုက်ကို ပွတ်သပ်လိုက်လေသည်။ "ကြည့်ရတာ ဒီတစ်ခါ မွေးမယ့်ကလေးက သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မင်းရဲ့ စိတ်နေစိတ်ထားနဲ့ တူမယ့်ပုံပဲ"
လုမင်ယွိသည် ဒေါသထွက်ရင်း ရယ်မောလိုက်မိပြီး သူ့ကို နှာခေါင်းရှုံ့ပြလိုက်တော့သည်။ "ဟုတ်တယ်... ဟုတ်တယ်။ ကျွန်မက မွေးကတည်းက စိတ်ဆိုးလွယ်တာ။ ဘယ်သူမှ ကျွန်မကို လာမစနဲ့။ လာစရင် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
ရွှမ်းအာသည် လူကြီးတစ်ယောက်ကဲ့သို့ ဝင်ပါလာပြီး ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။ "ဟုတ်တယ်... ဟုတ်တယ်။ မေမေက အဲဒီလိုပဲ"
ရွှီအာကလည်း ခေါင်းညိတ်လေသည်။ "မေမေ့စိတ်က သိပ်မကောင်းဘူး"
လုမင်ယွိ "..."
လီကျင့်သည် သဘောကျလွန်းသဖြင့် ဟားတိုက် ရယ်မောလိုက်လေသည်။
နန်းတွင်းသူ နန်းတွင်းသားများ အားလုံးသည် ခေါင်းငုံ့ကာ ကြိတ်ရယ်နေကြသည်။ သစ္စာရှိသော ချီယွင် တစ်ယောက်သာ သခင်မဘက်မှ ကာကွယ်ပြောဆိုလေသည်။ "ထိုက်ဇီဖေးက ပွင့်လင်းရိုးသားပြီး စိတ်ထဲရှိတာ လုပ်တတ်တာပါ။ ဘယ်မှာ စိတ်သဘောထား မကောင်းတာ ရှိလို့လဲ။ မင်းသားလေးနဲ့ မင်းသမီးလေးတို့ ပြောတာ မဟုတ်သေးဘူး"
လီကျင့်က ရယ်မောကာ စနောက်လိုက်လေသည်။ "ထားလိုက်ပါတော့။ နောက်ဆိုရင် ချီယွင် ရှေ့မှာ သူ့သခင်မ မကောင်းကြောင်း မပြောနဲ့တော့။ မဟုတ်ရင် ချီယွင်က ပထမဆုံး သဘောမတူတဲ့သူ ဖြစ်လာလိမ့်မယ်"
လုမင်ယွိက ပြုံးလိုက်၏။
ကိုယ်ဝန်ရှိပြီးနောက် ဒေါသထွက်လွယ်သလို ပြေလွယ်သည်လည်း ဖြစ်လာသည်။ သူများတွေ ပြောစရာမလိုဘဲ သူမကိုယ်တိုင်ပင် စိတ်အပြောင်းအလဲ မြန်လွန်းသည်ဟု ခံစားမိလေသည်။ ကံကောင်းသည်မှာ ချီယွင်ကဲ့သို့ သစ္စာရှိသော အစေခံတစ်ယောက် ရှိနေခြင်းပင်။
...
အပိုင်း (၄၉၁) ဆံထိုးတင်မင်္ဂလာ
လုမင်ယွဲ့၏ ဆံထိုးတင်မင်္ဂလာပွဲ ကျင်းပမည့်နေ့ရက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့လေသည်။
မူလက လုမင်ယွိသည် ညီမငယ်အတွက် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဆောင်ရွက်ပေးရန် ဖြစ်သော်ငြား ယခုအခါတွင် ကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့် ပင်ပင်ပန်းပန်း မလုပ်ဆောင်သင့်တော့ချေ။ ထို့ကြောင့် ရှန်ကောလောင်ကတော်ကိုသာ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ရလေသည်။
ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ ကိုယ်တိုင် ကြွရောက်လာကြသဖြင့် လာရောက်ကြည့်ရှုကြသည့် ဂုဏ်သရေရှိအမျိုးသမီးများမှာ မရေမတွက်နိုင်အောင် များပြားလှပြီး အထူးတလည် စည်ကားသိုက်မြိုက်လှသည်မှာ အသေးစိတ် ပြောပြနေရန်ပင် လိုမည်မထင်တော့ချေ။
ယနေ့တွင် တုန်းပင်ကျွင်းဝမ်ဖေးလည်း ရောက်ရှိလာခဲ့လေသည်။ တုန်းပင်ကျွင်းဝမ်၏ ဆက်ခံသူသား လီယန်သည် မိခင်ဖြစ်သူကို လိုက်ပါပို့ဆောင်ရင်း မျက်နှာပြောင်တိုက်ကာ အိမ်တော်တွင် ဆက်လက်နေရစ်ခဲ့လေသည်။
ကျန်းကျုံးနှင့် ကျိုးလီတို့သည် အိမ်ထောင်သည်များ ဖြစ်ကြသည့်အလျောက် ထိုအခြေအနေကို ကြည့်လိုက်သည်နှင့် တိတ်တဆိတ် ရယ်မောလိုက်မိကြသည်။
"ဒီလီရှစ်ဇီကို ကြည့်စမ်းပါဦး" ကျန်းကျုံးသည် လုဖေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ရည်ရွယ်ချက်ပါပါဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "ဆွေမျိုးတော်စပ်မှုကလည်း ရှိ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းကလည်း ရှိ၊ ရုပ်ရည်ကလည်း ချောမောပြီး စိတ်သဘောထားကလည်း ထက်မြက်သွက်လက်တယ်။ ဘယ်အိမ်က မိန်းကလေးများ ကံကောင်းပြီး လီရှစ်ဇီနဲ့ လက်ထပ်ရမလဲ မသိဘူးနော်"
လုဖေးကမူ မကြားချင်ယောင်ဆောင်ကာ ပြုံးရုံသာ ပြုံးနေလိုက်ပြီး ထိုစကားကို ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။
ကျိုးလီနှင့် လီယန်တို့သည် တုန်းကုန်း(အိမ်ရှေ့စံနန်းဆောင်)မှ အရာရှိများဖြစ်ကြသဖြင့် အလွန်ရင်းနှီးကျွမ်းဝင်ကြပြီး ရယ်မောကာ လီယန်ကို ချီးကျူးစကား ဆိုလိုက်ကြသည်။
လုဖေးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော်လည်း သူ၏အကြည့်က လီယန်၏ မျက်နှာပေါ်သို့ မသိမသာ ရောက်ရှိသွားပြီး စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝူမေ့တောင် အရွယ်ရောက်လာခဲ့ပြီပဲ။ လုအိမ်တော်က ဆယ်နှစ်ကျော်ကြာအောင် တယုတယ ပြုစုပျိုးထောင်လာခဲ့တဲ့ သမီးပျိုလေးကို ဇနီးသည်အဖြစ် ပေါင်းသင်းဖို့ ကောင်စုတ်လေးတွေက အိမ်တံခါးဝအထိ ရောက်လာကြပြီပေါ့လေ။
လုဖေးသည် စစ်တိုက်ဖူးသူတစ်ဦး ဖြစ်ပြီး ယခုအခါ အဆင့်(၃) စစ်ဘက်ဆိုင်ရာအရာရှိအဖြစ် တာဝန်ထမ်းဆောင်ကာ နေ့စဉ် စစ်သည်များကို လေ့ကျင့်ပေးနေသူ ဖြစ်လေသည်။ အရပ်ရှည်၍ သန်မာထွားကျိုင်းကာ မျက်လုံးများက တောက်ပနေပြီး သဘာဝအလျောက် အရှိန်အဝါနှင့် ပြည့်စုံသူတစ်ဦး ဖြစ်လေသည်။
လီယန်၏ စိတ်ထဲတွင် အနည်းငယ် လိပ်ပြာမလုံဖြစ်ကာ ကြောက်ရွံ့သွားသဖြင့် မျက်နှာပြောင်တိုက်ကာ လုရွှမ်းနှင့် သွားရောက် စကားပြောလိုက်တော့သည်။
လုရွှမ်းသည် အသက်ငယ်ရွယ်သော်ငြားလည်း ဉာဏ်နီဉာဏ်နက် များသူတစ်ဦး ဖြစ်လေသည်။ သူသည် လီယန်၏ စိတ်ကူးကို ချက်ချင်း ရိပ်မိလိုက်ပြီး မျက်စောင်းတစ်ချက် ထိုးကာ ပြောလိုက်၏။ "ဒီနေ့က ကျွန်တော့်ရဲ့ ဝူကျဲ (ပဉ္စမအစ်မ) ရဲ့ ဆံထိုးတင်မင်္ဂလာပွဲလေ။ လီရှစ်ဇီက ပြင်ပယောက်ျားလေး တစ်ယောက်အနေနဲ့ လာပြီးကြည့်ရှုတာ သိပ်မသင့်တော်ဘူး ထင်တယ်နော်"
လီယန်က မျက်နှာချိုသွေးကာ ရယ်မောပြီး ပြောလိုက်လေသည်။ "ငါနဲ့ ထိုက်ဇီက ဆွေမျိုးတော်စပ်တဲ့အပြင် လုအိမ်တော်ကလည်း ထိုက်ဇီရဲ့ ယောက္ခမအိမ်တော်လေ။ ဒီလို တွက်ကြည့်လိုက်ရင် ငါကလည်း လူစိမ်းမှ မဟုတ်တာ။ လျို့တိ..."
လုရွှမ်းက ခပ်ဟဟ ရယ်မောလိုက်လေသည်။ "လီရှစ်ဇီက သိပ်ပြီးတော့ ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်နဲ့ လီရှစ်ဇီနဲ့က နည်းနည်းလေးမှ မရင်းနှီးပါဘူး။ ဘယ်လိုတော်စပ်မှုမျိုးနဲ့ လျို့တိ လို့ လာခေါ်နေတာလဲ"
လီယန်သည် မာကျောသော ကျောက်ဆောင်နှင့် တိုးမိသကဲ့သို့ ဖြစ်သွားသော်လည်း စိတ်ဓာတ်မကျသွားဘဲ ဆက်လက်၍ ရင်းနှီးဖော်ရွေစွာ ပြုံးရယ်လျက် ပြောလိုက်လေသည်။ "ကောင်းပြီ ကောင်းပြီ။ ငါ မင်းကို လျို့ကုန်းဇီ (သခင်လေးလု) လို့ ခေါ်မယ်။ ရတယ်မလား"
လုရွှမ်းသည် စကားနာထိုးရာတွင် အတော်ဆုံးသူ ဖြစ်သဖြင့် ချက်ချင်းပင် ပြုံးကာ ပြောလိုက်တော့သည်။ "လီရှစ်ဇီက ကျွန်တော့်ကို အဲဒီလိုခေါ်တာ မခံယူဝံ့ပါဘူး။ ဒါနဲ့ ဆံထိုးတင်မင်္ဂလာပွဲက စတော့မှာ။ လီရှစ်ဇီ အရင်ဆုံး ရှောင်နေလိုက်ပါဦး။ စားသောက်ပွဲစမှ ပြန်ထွက်လာလည်း နောက်မကျပါဘူး"
လီယန်သည် မည်သို့ ထွက်သွားလိုစိတ် ရှိပါမည်နည်း။ ဟိုပြောဒီပြောဖြင့် လုံးဝ မရွေ့လျားဘဲ နေတော့သည်။
လီကျင့်သည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း ရယ်ချင်သလိုလို ဖြစ်မိပြီး ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
ဒီလိုမြင်ကွင်းမျိုးက အရင်တုန်းက မြင်ဖူးသလိုလို နေပါလား...
လုဖေးသည် လီယန်ကို ဂရုမစိုက်တော့ဘဲ ပြုံးလျက် လီကျင့်ကို ပြောလိုက်လေသည်။ "မင်္ဂလာအချိန် ကျရောက်ပါပြီ။ ထိုက်ဇီ အရှင်မင်းသား ကြွပြီး အတူတူ ရှုစားပေးပါဦး"
လီကျင့်က ဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်သည်။
လီယန်သည် မျက်လုံးထောင့်ကနေ ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာပြောင်တိုက်ကာ လျှောက်လာခဲ့လေသည်။ "ဒီနေ့ လူများတယ်။ ကျွန်တော် အရှင်မင်းသားကို လာပြီး ကာကွယ်ပေးတာပါ"
လီကျင့်က ရယ်မောချင်စိတ်ကို အောင့်အီးထားရင်း ပြောလိုက်လေသည်။ "မင်း လိုက်ချင်ရင် လိုက်ခဲ့လေ။ ဒါပေမဲ့ ဒီလို အခမ်းအနားမျိုးမှာ တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ထိန်းရမယ်နော်။ ပေါက်ကရတွေ လျှောက်မပြောနဲ့"
လီယန်သည် စိတ်နှလုံး ရွှင်လန်းသွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်တော့၏။
လုဖေးသည် ယောက်ဖဖြစ်သူ ထိုက်ဇီ၏ မျက်နှာကို ထောက်ထားသောအားဖြင့် မငြင်းဆန်တော့ဘဲ လီယန်၏ ချောမောသော မျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်ကာ စိတ်ထဲတွင် ချင့်ချိန်တွက်ဆပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ "ကျွန်တော်တို့ အတူတူ သွားကြတာပေါ့"
လီယန်သည်လည်း ပျော်ရွှင်စွာဖြင့် လိုက်ပါလာခဲ့လေသည်။ သူ၏ မျက်နှာချိုသွေးနေသော ပုံစံမှာ ကြည့်လို့ပင် မရချေ။
လီကျင့်သည် အနည်းငယ် ရွံရှာသလို ဖြစ်သွားသော်လည်း ကျန်းကျုံးက အနားသို့ တိုးကပ်လာပြီး ပြုံးကာ ပြောလိုက်၏။ "အရင်တုန်းက အရှင်မင်းသား လုအိမ်တော်ကို လာတုန်းကလည်း အစ်ကိုကြီးကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခဲ့တာပဲလေ"
လီကျင့် "..."
...
ဆံထိုးတင်မင်္ဂလာပွဲကို အတွင်းခန်းမဆောင်တွင် ကျင်းပလေသည်။
လီယန်သည် ထိုက်ဇီ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အကောင်းဆုံး နေရာတွင် နေရာယူလိုက်၏။ လုမင်ယွဲ့၏ လှပသော မျက်နှာလေးနှင့် နှုတ်ခမ်းထောင့်မှ အပြုံးတို့ကို အထင်းသား မြင်တွေ့နေရသည်။
လီကျင့်သည် ရံဖန်ရံခါ လီယန်ကို လှမ်းကြည့်ပြီး တိုးတိုးလေး သတိပေးလိုက်လေသည်။ "နည်းနည်းလောက် ထိန်းပါဦး"
"တအားကြီး စိုက်မကြည့်နဲ့လေ"
လီယန်က ပါးစပ်မှ ဟုတ်ကဲ့ဟု ပြောနေသော်လည်း သူ၏ မျက်လုံးများကိုမူ မထိန်းချုပ်နိုင်ခဲ့ချေ။
လီယန်၏ စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်ခြင်းကို ခံရသဖြင့် လုမင်ယွဲ့၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ပါးပြင်များ နီရဲလာခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ဘေးနားရှိ အထိန်းတော်များ၏ သတိပေးမှုကြောင့် အပြုအမူ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။
ရှန်းလန်သည် လုမင်ယွိ၏ ဘေးတွင် ရပ်နေရင်း တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "ကြည့်ရတာ ဝူမေ့ရဲ့ မင်္ဂလာကိစ္စက အကောင်အထည် ပေါ်လာတော့မယ်နဲ့ တူတယ်"
လုမင်ယွိက အသာပြုံးလိုက်လေသည်။
လီဟောက် ညီအစ်ကိုတွေရဲ့ အကြံအစည်ကတော့ ပျက်စီးသွားခဲ့ပြီပဲ။ ဒီကိစ္စကို သိတဲ့သူက နန်းတော်တွင်းရော အပြင်မှာပါ (၁၀)ယောက်တောင် မပြည့်ပါဘူး။ နန်းတော်ထဲမှာ ဒီကိစ္စကြောင့် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တာကို ရှန်းလန်တောင် မသိခဲ့ဘူးလေ။
ဆံထိုးတင်မင်္ဂလာပွဲ ပြီးဆုံးသွားသောအခါ လူတိုင်း ဧည့်ခံပွဲသို့ သွားရောက်ကြလေသည်။
လုမင်ယွိသည် ရင်ထဲတွင် မအီမသာ ဖြစ်ကာ ပျို့ချင်သလို ခံစားလိုက်ရပြီး အစာအိမ်ထဲတွင်လည်း နေမထိထိုင်မသာ ဖြစ်လာသဖြင့် အနည်းငယ်သာ စားသောက်လိုက်ပြီး သူမ၏ခြံဝင်းထဲသို့ ပြန်လည်အနားယူရန် ထွက်ခွာလာခဲ့လေသည်။
အပျိုဘဝက နေထိုင်ခဲ့သည့် အဆောင်လေးသည် ယခင်အတိုင်းပင် မပြောင်းမလဲ ရှိနေဆဲဖြစ်ပြီး နေ့စဉ် သန့်ရှင်းရေး လုပ်ထားသဖြင့် သပ်ရပ်သန့်ရှင်းနေလေသည်။ လုမင်ယွိသည် မိမိ၏ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ရသည်တွင် အထူးတလည် သက်တောင့်သက်သာနှင့် လွတ်လပ်မှုကို ခံစားလိုက်ရသည်။
ချီယွင်က စိတ်ပူပန်စွာဖြင့် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ညန်ညန် အခု ဘယ်လိုနေသေးလဲ။ နန်းတော်ကို စောစောပြန်မလား။ ဒါမှမဟုတ် လူလွှတ်ပြီး တော်ဝင်သမားတော်ကို လုအိမ်တော်ဆီ လာပြီး စမ်းသပ်ခိုင်းလိုက်ရမလား"
"မလိုပါဘူး" လုမင်ယွိ၏ အသံသည် ပျင်းရိလေးတွဲနေလေသည်။ "ငါ ခုနက နည်းနည်း ပျို့ချင်သလို ဖြစ်သွားတာပါ။ ခဏလောက် လှဲနေလိုက်ရင် သက်သာသွားမှာပါ။ ဒီလောက်ကြီး အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်လိုက်ရင် နောက်ဆို နန်းတော်ထဲက ထွက်ဖို့ လွယ်မှာ မဟုတ်တော့ဘူး"
ဒါကလည်း ဟုတ်နေပြန်တာပါပဲ။
လုမင်ယွိ ကိုယ်ဝန်ရှိလာသည်နှင့် ချောင်မိဖုရားခေါင်သည် ချက်ချင်းဆိုသလို စိတ်ပူပန်မှုများ တိုးပွားလာခဲ့ပြီး အရာရာတိုင်းကို လက်ထဲတွင် ပွေ့ပိုက်ထားချင်နေခဲ့သည် မဟုတ်ပါလား။
ချီယွင်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "အရင်တုန်းကဆို ကျွန်မက အမြဲတမ်း စိတ်ပူနေခဲ့တာ။ ညန်ညန်ရဲ့ စိတ်ထားက မာကျောခက်ထန်တော့ ဟွမ်ဟုပ်ညန်ညန်နဲ့များ အဆင်မပြေ ဖြစ်မလားဆိုပြီးလေ။ ထင်မှတ်မထားဘဲ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးက ဒီလောက်အထိ သင့်မြတ်နေကြတာ။ သားအမိအရင်းတွေတောင် ဒီလောက် ဖြစ်ပါ့မလားမသိဘူး"
လုမင်ယွိက ပြောလိုက်လေသည်။ "ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးက သားအမိအရင်းတွေလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အတိုင်းအတာ တစ်ခုတော့ ထားရှိရမယ်။ အရမ်းလည်း မစိမ်းကားလွန်း၊ အရမ်းလည်း မရင်းနှီးလွန်းအောင် နေရမယ်။ တစ်ဖက်သားကို နားလည်ပေးရသလို ကိုယ့်ရဲ့ ရပ်တည်ချက်နဲ့ မူဝါဒကိုလည်း ထိန်းသိမ်းထားရမယ်။ အရေးကြီးဆုံးအချက်ကတော့ လုံးဝ မျက်နှာမပျက်ဖို့ပဲ။ အက်ကြောင်း တစ်ခု ထင်သွားပြီဆိုတာနဲ့ နောက်ဆိုရင် အေးအေးချမ်းချမ်း အတူနေဖို့ မဖြစ်နိုင်တော့ဘူး"
ယောက္ခမနဲ့ ချွေးမကြား ဆက်ဆံရေးက အခက်ခဲဆုံးပါပဲ။
ဒီနေ့ ဒီအခြေအနေအထိ ရောက်လာဖို့ဆိုတာ တကယ်ကို မလွယ်ကူခဲ့ပါဘူး။
ချီယွင်သည် တည်ငြိမ်အေးချမ်းနေသော လုမင်ယွိကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားတော့သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် ညန်ညန် ဒီလိုစကားမျိုး ပြောထွက်လာမယ်လို့ ကျွန်မ ဘယ်လိုမှ မယုံနိုင်လောက်ဘူး"
လုမင်ယွိသည် ဒေါသထွက်လွန်းအားကြီးပြီး ရယ်မောလိုက်မိတော့သည်။ "တော်ပါတော့။ နင်ကပါ ငါ့ကို စိတ်ကြီးတယ်ဆိုပြီး လာနောက်နေပြန်ပြီ"
ချီယွင်က ပြုံးကာ ပြောလိုက်လေသည်။ "အခုက တခြားလူမှ မရှိတာ။ ကျွန်မနဲ့ ညန်ညန် နှစ်ယောက်တည်း ရှိတာပဲလေ။ အမှန်အတိုင်း ပြောလည်း ဘယ်သူမှ ကြားတာမှ မဟုတ်တာ"
လုမင်ယွိက တခစ်ခစ် ရယ်မောလိုက်လေသည်။
...
ဒေါက် ဒေါက် ဒေါက်!
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
လုမင်ယွိသည် လုအိမ်တော်တွင် ရှိနေသဖြင့် နန်းတော်ထဲတွင်ထက် ပိုမိုလွတ်လပ်ပေါ့ပါးနေလေသည်။ "ဘယ်သူလဲ"
တံခါးအပြင်ဘက်မှ ရင်းနှီးနေသော အသံ ထွက်ပေါ်လာခဲ့သည်။ "ရှောင်ယွိ... အဖေပါ"
လုလင်း၏ အသံပင်။
ချီယွင်က အလျင်အမြန် ထကာ တံခါးသွားဖွင့်ပေးလိုက်ပြီးနောက် အခန်းပြင်သို့ ထွက်ခွာသွားကာ တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေလိုက်သည်။
လုမင်ယွိက ထထိုင်မည် ပြင်လိုက်သည်တွင် လုလင်းက ရယ်မောကာ ပြောလိုက်လေသည်။ "အဖေအရင်းနဲ့ သမီးကြားမှာ ဘာတွေများ ယဉ်ကျေးနေစရာ လိုလို့လဲ။ ဒီအတိုင်း လှဲနေပြီး အနားယူလိုက်ပါ" ထိုသို့ပြောရင်း ကုတင်ဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး ဝင်ထိုင်လိုက်လေသည်။
အဖေအရင်းရဲ့ အချစ်ခံရတဲ့ ခံစားချက်ကို မိဘအိမ် ပြန်ရောက်လာတဲ့ သမီးတွေပဲ နားလည်နိုင်မှာပါ။
လုမင်ယွိက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ဖခင်ဖြစ်သူကို အားမနာတော့ဘဲ ကုတင်ပေါ်တွင် ဆက်လက် လှဲလျောင်းနေလိုက်တော့သည်။
လုလင်းက သူမကို တစ်ချက် အကဲခတ် ကြည့်ရှုလိုက်ပြီးမေးလိုက်လေသည်။ "အခုရော သက်သာရဲ့လား"
"အင်း သက်သာသွားပါပြီ" လုမင်ယွိက ပြုံးကာ ရေရွတ်လိုက်လေသည်။ "ဒီတစ်ခေါက် ကိုယ်ဝန်ဆောင်ရတဲ့ အခြေအနေက ပြီးခဲ့တဲ့တစ်ခေါက်နဲ့ လုံးဝမတူဘူး။ ရက်နည်းနည်းပဲ ရှိသေးတာကို တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေပြီး အမြဲတမ်း ပျို့ချင်နေတယ်။ ဗိုက်ထဲကကလေးက သေချာပေါက် ကလေးဆိုးလေး ဖြစ်မှာပဲ"
လုလင်းက သဘောကျစွာ ရယ်မောလိုက်လေသည်။ "သမီးနဲ့ တူတယ်ဆိုတာ သိသာလိုက်တာ"
လုမင်ယွိ "..."
...
အပိုင်း (၄၉၂) ရင်ဖွင့်တိုင်ပင်ခြင်း
လုမင်ယွိသည် ဒေါသထွက်ပြီး ရယ်မောလိုက်မိကာ အဖေဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။ "ဒါကလည်း အဖေ ပြောတဲ့စကားပဲလား။ အရင်တုန်းက သမီး ဘာလုပ်လုပ် ကောင်းတယ်ဆိုတာ သမီးကို ချော့နေတာပေါ့လေ"
ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် စိတ်ပြောင်းလဲလွယ်တတ်ကြရာ ပွင့်လင်းရိုးသားသော လုမင်ယွိသည်ပင် စိတ်ကောက်တတ်လာလေသည်။
လုလင်းက စိတ်ထဲတွင် ပြုံးလိုက်ပြီး ပါးစပ်ကတော့ ဆက်ချော့လိုက်သည်။ "အဖေက ဘယ်လိုလုပ် သမီးကို ချော့ရမှာလဲ။ အဖေရဲ့ မျက်လုံးထဲမှာတော့ သမီးက ဘယ်လိုပဲနေနေ ကောင်းနေတာပါပဲ"
လုမင်ယွိသည် ထိုအခါမှ စိတ်ဆိုးပြေပြီး ပြုံးလိုက်လေသည်။ "ဒီလိုမှပေါ့"
အခြားသူများ၏ ရှေ့မှောက်တွင် သူမသည် အာဏာပြင်းထန်ပြီး ထက်မြက်သော ထိုက်ဇီဖေး ဖြစ်သော်ငြား ဖခင်ဖြစ်သူ၏ ရှေ့တွင်တော့ ဖခင်၏ လက်ဖဝါးပေါ်တွင် တယုတယ ထားရှိခံရသော သမီးငယ်လေး ဖြစ်သွားလေသည်။
သားအဖနှစ်ဦးသည် စကားအနည်းငယ် ပြောဆိုရယ်မောပြီးနောက် မကြာမီတွင် အရေးကြီးကိစ္စကို လေသံတိုးတိုးဖြင့် ပြောဆိုလာကြလေသည်။
"...လီဟောက်က ဉာဏ်နီဉာဏ်နက် အရမ်းများတယ်” လုလင်းက အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။ "သူက အရင်ဆုံး နှုတ်ချိုသွေးပြီး အရှင်မင်းကြီးကို မြှောက်ပင့်လိုက်လို့ အရှင်မင်းကြီးက လက်ထပ်ပွဲ ချီးမြှင့်ဖို့ စိတ်ကူးရသွားတာ။ တကယ်တော့ သူက အဖေတို့ သားအဖ ငြင်းပယ်ကြမယ်ဆိုတာကို စောစောကတည်းက တွက်ချက်ထားပြီးသားပါ"
လုမင်ယွိက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ "သူက ဒီအကြံအစည်ကို သုံးပြီး အရှင်မင်းကြီးနဲ့ ထိုက်ဇီကြားက သားအဖသံယောဇဉ်ကို သွေးခွဲလိုက်တာ။ အရှေ့နန်းဆောင်ကို အခြေအနေ မကောင်းအောင် လုပ်လိုက်တာလေ"
လုလင်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ရလဒ်က ဒီလိုဖြစ်မယ်ဆိုတာ သိရက်နဲ့ အဖေတို့က ဒီချောက်ထဲကို မခုန်ဆင်းလို့ မရဘူးလေ။ မဟုတ်ရင် မင်ယွဲ့ရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို ဖျက်ဆီးသလို ဖြစ်သွားမှာပေါ့။ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ အများကြီး တွေးနေလည်း အကျိုးမရှိပါဘူး။ နောက်ဆို ပိုပြီး သတိထားရမှာပေါ့"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "အဖေ စိတ်ချပါ။ သမီးနဲ့ လီကျင့် နှစ်ယောက်လုံး တောင့်ခံနိုင်ပါတယ်"
"တောင့်ခံထားရမယ်။ တည်ငြိမ်နေရမယ်” လုလင်းက လေးနက်စွာ ပြောလိုက်လေသည်။ "လီကျင့်က မိဖုရားခေါင်က မွေးတဲ့ သားအရင်း၊ ဂုဏ်ဒြပ်ကလည်း မြင့်မြတ်တယ်။ ထိုက်ဇီအဖြစ် ခန့်အပ်ခံရပြီးတော့ ကိုယ်တိုင် စစ်မြေပြင်ဆင်းပြီး တိုင်းပြည်အတွက် ကုသိုလ်တွေ အများကြီး ယူခဲ့တယ်။ သမီးကလည်း ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ မြို့တော် အန္တရာယ်ကြုံနေချိန်မှာ အသက်ကို ပဓာနမထားဘဲ ယန်ထော်ကို သတ်ခဲ့တယ်။ ဒီအကျိုးဆောင်မှု (၂) ခုကြောင့် အရှေ့နန်းဆောင်ရဲ့ နေရာက ကျောက်ဆောင်လို ခိုင်မာနေပြီ။ ဘယ်သူမှ မလှုပ်ခါနိုင်ဘူး"
"တော်လှန်ပုန်ကန်ရာ ကျမယ့် စကားကို ပြောရရင်တော့။ အရှင်မင်းကြီးက ထိုက်ဇီကို ငြီးငွေ့သွားရင်တောင်မှ ဖြုတ်ချမယ့်ကိစ္စကို လုပ်မှာ မဟုတ်ဘူး"
"နန်းတွင်းမှာ ထိုက်ဇီဘက်က ပါတဲ့ စာပေပညာရှင် အမတ်တွေ ရှိတယ်။ စစ်တပ်ထဲမှာ ထိုက်ဇီကို ထောက်ခံတဲ့ ရှင်းယန်စစ်သည် (၁၀) သောင်း ရှိတယ်။ အနောက်နန်းဆောင်မှာ ချောင်မိဖုရားခေါင်ရဲ့ စိတ်သဘောထား ပြည့်ဝမှု ဂုဏ်သတင်းကို လူတိုင်းသိကြတယ်။ မြို့တော်က ပြည်သူတွေအားလုံးကလည်း ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို ချစ်ခင်လေးစားကြတယ်။ နန်းတွင်း တည်ငြိမ်မှုအတွက်၊ မြို့တော် အေးချမ်းမှုအတွက် အရှင်မင်းကြီးက အရှေ့နန်းဆောင်ကို ဘယ်တော့မှ ဖယ်ရှားမှာ မဟုတ်ဘူး"
"ဒါကြောင့် ပုံမှန်အချိန်မှာ အေးစက်စက် ဆက်ဆံခံရလည်း ကိစ္စမရှိပါဘူး။ အရှင်မင်းကြီးရဲ့ ဆူပူကြိမ်းမောင်းတာ ခံရရင်လည်း စိတ်ထဲ ထားမနေပါနဲ့။ သမီးနဲ့ ထိုက်ဇီကသာ တည်ငြိမ်နေရင် ဘယ်သူကမှ သမီးတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
လုမင်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ "အဖေ ပြောတဲ့စကားတွေကို သမီး မှတ်သားထားလိုက်ပါပြီ"
လုလင်း၏ မျက်နှာထားသည် လျော့ကျသွားပြီး လေသံကလည်း ပေါ့ပါးလာခဲ့လေသည်။ "အဖေ ခုနက ပြောတာက အဆိုးဆုံး အခြေအနေကို ပြောတာပါ။ လက်ရှိ အခြေအနေအရ ကြည့်ရင်တော့ အဲဒီအဆင့်အထိ ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်"
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "ဟုတ်ပါတယ်။ အနည်းဆုံးတော့ နန်းတော်ထဲမှာ သမီးကို စိတ်ဆင်းရဲအောင် လုပ်ရဲတဲ့သူ မရှိသေးပါဘူး။ ဒါကြောင့် အဖေ သမီးအတွက် အရမ်း စိတ်ပူမနေပါနဲ့"
လုလင်းက ပြုံးလိုက်ပြီး စကားအများကြီး ဆက်မပြောတော့ဘဲ လုမင်ယွဲ့၏ လက်ထပ်ပွဲအကြောင်း ပြောင်းလဲ ပြောဆိုလိုက်လေသည်။ "အဖေက အစတုန်းက မင်ယွဲ့က ငယ်သေးတော့ စေ့စပ်ဖို့ မလောသေးဘူးလို့ တွေးထားတာ။ အခု ပဉ္စမမင်းသား ကိစ္စ ဖြစ်လာတော့ ဆက်ပြီး အချိန်ဆွဲထားလို့ မဖြစ်တော့ဘူး။ နောက်ထပ် ပြဿနာတွေ ထပ်မဖြစ်အောင်လို့လေ"
လုမင်ယွိ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားလေသည်။ "ဒီကိစ္စက စောလေ ကောင်းလေပါပဲ။ တုန်းပင်ကျွင်းဝမ်ဖေးက စောစောကတည်းက သဘောတူချင်တဲ့ ဆန္ဒ ရှိနေတာ။ နန်းတော် ပြန်ရောက်တာနဲ့ သမီး လူလွှတ်ပြီး သူ့ကို လာခေါ်ခိုင်းလိုက်မယ်။ ပြီးရင် အရိပ်အမြွက် ပြောပြလိုက်ရင် ရပါပြီ"
လုလင်းသည် လီယန်အပေါ် အမြင်မဆိုးသဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "လီယန် ဆိုတဲ့ ကောင်စုတ်လေးကတော့ တော်တော် အလိုက်သိပြီး ပါးနပ်သားပဲ။ ဒီနေ့ တုန်းပင်ကျွင်းဝမ်ဖေးကို လာပို့ရင်းနဲ့ သူကိုယ်တိုင်လည်း မျက်နှာပြောင်တိုက်ပြီး ပြန်မသွားဘဲ နေခဲ့တယ်လေ။ ဒါပေမဲ့ မင်ယွဲ့ကို အရင်ဆုံး မေးကြည့်ရမယ်။ သူ ခေါင်းညိတ်မှ လက်ထပ်ဖို့ ဆွေးနွေးလည်း နောက်မကျပါဘူး"
"ခဏနေရင် ဝူမေ့ကို ခေါ်လိုက်မယ်” လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "သမီး ကိုယ်တိုင် သူ့ကို မေးလိုက်ပါ့မယ်"
...
နေ့လယ်ခင်းသို့ ရောက်သောအခါ လာရောက်ကြည့်ရှုကြသော ဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြလေသည်။
လုမင်ယွဲ့သည် ပွဲတက်ဝတ်စုံကို လဲလှယ်လိုက်ပြီး ပုံမှန်ဝတ်ဆင်နေကျ ဘဲငန်းဝါရောင် ဂါဝန်ကို ဝတ်ဆင်ကာ ပြုံးရွှင်စွာ ရောက်ရှိလာလေသည်။ "စစ်ကျဲ နေလို့ ကောင်းသွားပြီလား"
လုမင်ယွိသည် ပြုံးကာ ကိုယ်ကို မတ်လိုက်လေသည်။ "တစ်နေကုန် လှဲနေတာ အားပြန်ပြည့်နေပါပြီ။ လာ... အစ်မဘေးမှာ လာထိုင်။ အစ်မ နင့်ကို ပြောစရာ စကားနည်းနည်း ရှိတယ်"
လုမင်ယွဲ့၏ မျက်နှာလေးသည် အကြောင်းအရင်းမရှိ ပူနွေးသွားပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြန်ဖြေလိုက်ပြီး ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
လုမင်ယွိသည် သူမ၏ ဟန်ဆောင်နေသော ပုံစံကို ကြည့်ပြီး စိတ်ထဲတွင် ရယ်ချင်နေသော်လည်း တမင်သက်သက် စကားမပြောဘဲ လုမင်ယွဲ့ကို ဒီအတိုင်း ကြည့်နေလိုက်သည်။
လုမင်ယွဲ့သည် အကြည့်ခံရသဖြင့် စိတ်လှုပ်ရှားကာ မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။ "စစ်ကျဲ... အစ်မက ညီမကို ဘာစကား ပြောချင်လို့လဲ။ ဘာလို့ ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ"
"ငါ့ရဲ့ ဝူမေ့လေးကလည်း အရွယ်ရောက်လာပြီး ဒီလောက်တောင် လှပလာပါလားလို့ ကြည့်နေတာ။ ဒါကြောင့်လည်း ဒီပန်းပွင့်လေးရဲ့ ဘေးမှာ ပျားပိတုန်းတွေ တဝီဝီနဲ့ ဝိုင်းနေကြတာကိုး" လုမင်ယွိက တည်တည်ငြိမ်ငြိမ်ဖြင့် စနောက်လိုက်လေသည်။
လုမင်ယွဲ့၏ မျက်နှာလေး နီရဲလာလေသည်။ "ဘာပန်းပွင့်လဲ။ ဘာပျားလဲ။ စစ်ကျဲက ငါ့ကို လာစနေတာ"
လုမင်ယွိသည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီမှာ တခြားလူ မရှိပါဘူး။ ငါတို့ ညီအစ်မနှစ်ယောက်ပဲ ရှိတာ။ အစ်မ တည့်တည့်ပဲ ပြောလိုက်မယ်။ တုန်းပင်ကျွင်းဝမ်ဖေးက အမြဲတမ်း သဘောတူချင်တဲ့ ဆန္ဒရှိနေတာ။ ဒီနေ့လည်း အထူးတလည် ရင်းနှီးပြနေတယ်။ နင် အရွယ်ရောက်ပြီးတာနဲ့ သူက ငါ့ကို ကမ်းလှမ်းလာမှာ သေချာတယ်။ ဒီလက်ထပ်ပွဲကို နင် သဘောတူလား"
လုမင်ယွဲ့သည် ခေါင်းငုံ့ကာ လက်ချောင်းလေးများကို လိမ်ယှက်နေပြီး ရှက်သွေးဖြာစွာဖြင့် ပြန်ဖြေလိုက်လေသည်။ "ညီမက စစ်ကျဲ သဘောအတိုင်းပါပဲ"
လုမင်ယွိက တမင်သက်သက် စဉ်းစားဟန်ပြုလိုက်လေသည်။ "တကယ်တော့ လုအိမ်တော်နဲ့ သဘောတူချင်တဲ့ အိမ်တော်တွေက ရှိပါသေးတယ်။ နင်သာ လီယန်ကို သဘောမကျရင် အစ်မ နင့်အတွက် တခြားတစ်ယောက် ရွေးပေး..."
လုမင်ယွဲ့သည် လန့်ဖျပ်သွားပြီး ချက်ချင်း မော့ကြည့်ကာ ပါးစပ်ကနေ လွှတ်ခနဲ ပြောထွက်သွားတော့သည်။ "မလိုပါဘူး... မလိုပါဘူး။ လီယန်နဲ့ပဲ ဖြစ်ဖြစ်ပါစေ"
လုမင်ယွိသည် သဘောကျပြီး ရယ်မောလိုက်မိလေသည်။
လုမင်ယွဲ့သည်လည်း ထိုမျှလောက် ရှက်ရွံ့တတ်သည့် မိန်းကလေးမျိုး မဟုတ်ပေ။ ရင်ထဲက စကားကို ပြောထွက်ပြီးသည်နှင့် နောက်ဆက်တွဲ စကားများကလည်း ချောမွေ့သွားတော့သည်။ "ငါ လီယန်ကို (၂) ကြိမ် (၃) ကြိမ်လောက် တွေ့ဖူးတယ်။ သူ့ကို ရင်းနှီးတယ်လို့ ပြောလို့ရတယ်။ တခြားလူနဲ့ လက်ထပ်ရတာထက်စာရင် သူ့ကို လက်ထပ်ရတာ ပိုကောင်းပါတယ်"
"ပြီးတော့ တုန်းပင်ကျွင်းဝမ်က မျိုးနွယ်တော်များထိန်းသိမ်းရေးရုံးကို အုပ်ချုပ်ရပြီး အရှင်မင်းကြီးရဲ့ ယုံကြည်အားကိုးမှုကို ခံရသူလေ။ ငါတို့ လုအိမ်တော်နဲ့ တုန်းပင်ကျွင်းဝမ် အိမ်တော်တို့ သဘောတူလိုက်ရင် အရှေ့နန်းဆောင်အတွက်လည်း အင်အားတစ်ခု ဖြစ်လာနိုင်တယ်"
လုမင်ယွဲ့သည် ဤအချက်များကို စောစောကတည်းက တွေးတောထားသည်မှာ သိသာလှပြီး လှပသော မျက်နှာလေးမှာ အလွန်လေးနက်နေလေသည်။
လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး လက်ကိုဆန့်ကာ လုမင်ယွဲ့၏ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်လိုက်လေသည်။ "ဝူမေ့... အစ်မက နင့်ကို ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီး နောက်ပိုင်းမှာ ကိုယ့်ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်တာ။ အရှေ့နန်းဆောင်ရဲ့ အခြေအနေကို ထည့်စဉ်းစားစရာ မလိုပါဘူး။ အစ်မအတွက်နဲ့ နိုင်ငံရေးအရ လက်ထပ်ရမယ်လို့ ပိုပြီးတော့တောင် မတွေးသင့်ဘူး"
လုမင်ယွဲ့က မျက်တောင်ခတ်လိုက်ပြီး တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "နှစ်ဖက်စလုံး အဆင်ပြေသွားတော့ ပိုမကောင်းဘူးလား"
ဒါကလည်း ဟုတ်နေတာပါပဲ။
ယခင်ဘဝတုန်းက လုအိမ်တော်နဲ့ တုန်းပင်ကျွင်းဝမ် အိမ်တော်တို့ သဘောတူခဲ့ကြတာက နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားခြင်းကို ထည့်သွင်းစဉ်းစားခဲ့လို့ပါပဲ။ လုမင်ယွဲ့နဲ့ လီယန်ကလည်း တကယ်ကို ချစ်ခင်စုံမက်ကြတဲ့ ဇနီးမောင်နှံလေး ဖြစ်ခဲ့ကြပါတယ်။
လုမင်ယွိ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းသွားပြီး အချိန်အတော်ကြာမှ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "နင် သဘောတူတယ်ဆိုမှတော့ ဒီလက်ထပ်ပွဲကို အစ်မပဲ ဦးစီးပြီး စီစဉ်ပေးပါ့မယ်"
...
(၃) ရက်ကြာပြီးနောက် တုန်းပင်ကျွင်းဝမ်ဖေးသည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဂါရဝပြုရင်း အရှေ့နန်းဆောင်ကို အထူးတလည် သွားရောက်ပြီး ထိုက်ဇီဖေးကို နှုတ်ဆက်လေသည်။ ထို့နောက် အခွင့်ကောင်းယူကာ လုမင်ယွဲ့၏ လက်ထပ်ပွဲအကြောင်းကို ထက်သန်စွာ မေးမြန်းလာခဲ့သည်။
ပုံမှန်အားဖြင့် မျက်နှာထားတင်းမာတတ်သော ထိုက်ဇီဖေးသည် ရှားရှားပါးပါး လျှော့ပေါ့စွာ ပြောကြားလိုက်လေသည်။ "ကျွင်းဝမ်ဖေးက ဝူမေ့ကို ဒီလောက်တောင် သဘောကျနေမှတော့ အောင်သွယ်တော်ကို အိမ်တော်ဆီလွှတ်ပြီး ကမ်းလှမ်းခိုင်းလိုက်ပါလား"
တုန်းပင်ကျွင်းဝမ်ဖေးသည် စိတ်အားတက်ကြွသွားပြီး မျက်နှာအပြည့် ဝမ်းသာသွားတော့သည်။ "ကောင်းပါပြီ... ကောင်းပါပြီ။ ကျွန်မ ပြန်ရောက်တာနဲ့ အောင်သွယ်တော်ကို သွားခေါ်လိုက်ပါ့မယ်"
"ထိုက်ဇီဖေးညန်ညန် စိတ်ချပါ။ ဒီလက်ထပ်ပွဲက ကျွန်မ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုထားရတာပါ။ နောက်ပိုင်း လက်ထပ်ပြီးလို့ ပဥ္စမသခင်မလေး အိမ်ရောက်လာရင် ကျွန်မက ယောက္ခမတစ်ယောက်အနေနဲ့ သူ့ကို ကောင်းကောင်း ဆက်ဆံပါ့မယ်။ သမီးအရင်းလေးလိုကို ချစ်ခင်ပေးပါ့မယ်"
လုမင်ယွိသည် တုန်းပင်ကျွင်းဝမ်ဖေးကို လေးနက်စွာ ကြည့်လိုက်လေသည်။ "ရှင် ပြောခဲ့တဲ့ စကားတွေကို ကျွန်မ မှတ်သားထားလိုက်ပါပြီ"
...