အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အပိုင်း (၄၉၃) မုန်တိုင်း (၁)
တုန်းပင်ကျွင်းဝမ်ဖေးသည် သေချာသော အဖြေတစ်ခု ရရှိခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ အိမ်တော်သို့ ပြန်သွားလေသည်။ နောက်တစ်နေ့တွင် ငွေအမြောက်အမြား အကုန်အကျခံကာ အောင်သွယ်တော်ကို ငှားရမ်းပြီး လုအိမ်တော်သို့ လွှတ်လိုက်တော့သည်။
လုလင်းနှင့် လုဖေး သားအဖသည် စစ်တပ်သို့ သွားရောက်ကြသဖြင့် လုအိမ်တော်ကို တာဝန်ယူ စီမံခန့်ခွဲသူမှာ ဒုတိယသခင်မလေး ရှန်းလန် ဖြစ်လေသည်။
ယောက်ျားလေးဘက်မှ ကမ်းလှမ်းလာသည်ကို မိန်းကလေးဘက်မှ မည်မျှပင် သဘောကျနေပါစေ နေရာမှာတင် ချက်ချင်း လက်ခံလိုက်ရိုးထုံးစံ မရှိပေ။
ရှန်းလန်သည် အောင်သွယ်တော်ကို ပြုံးကာ ပြောလိုက်၏။ "ယောက္ခမနဲ့ ခင်ပွန်းက အိမ်မှာ မရှိဘူးဆိုတော့ ကျွန်မက မရီး တစ်ယောက်အနေနဲ့ ကိုယ့်သဘောဆန္ဒအတိုင်း ဆုံးဖြတ်လို့ မရပါဘူး။ နောက်ရက်နည်းနည်း ကြာမှ အဖြေလာပြန်နားထောင်ပါ"
အောင်သွယ်တော်သည် အလျင်အမြန် ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့ပါ... ကျွန်မ နောက်ရက်နည်းနည်း ကြာမှ ပြန်လာပါ့မယ်"
ဤသို့ အပြန်အလှန် သွားလာရင်းဖြင့် လုအိမ်တော်နှင့် တုန်းပင်ကျွင်းဝမ် အိမ်တော်တို့ သဘောတူကြတော့မည့် သတင်းသည် မကြာမီတွင် ပြန့်နှံ့သွားခဲ့လေသည်။
ချောင်မိဖုရားခေါင်သည် ထိုသတင်းကို ကြားသိရသည်နှင့် လုမင်ယွိကို ပြုံးကာ ပြောလိုက်လေသည်။ "ဒါက လက်ထပ်ပွဲကောင်း တစ်ခုပါပဲ။ မင်ယွဲ့ဆိုတဲ့ ကောင်မလေးကို ပန်ကုံး (၂) ကြိမ် (၃) ကြိမ်လောက် တွေ့ဖူးတယ်။ ရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းတယ်။ လီယန်ကလည်း ပန်ကုံး စောင့်ရှောက်ပြီး ကြီးပြင်းလာခဲ့တာ။ ပါးနပ်သွက်လက်တဲ့ လူငယ်လေး တစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်က တော်တော် လိုက်ဖက်ညီပါတယ်"
ဒီလက်ထပ်ပွဲကို အကြောင်းပြုပြီး တုန်းပင်ကျွင်းဝမ်ကို အရှေ့နန်းဆောင်ဘက် ပါလာအောင် စည်းရုံးနိုင်ခဲ့ရင် ကျောက်ခဲတစ်ချက်တည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်သလို ဖြစ်သွားမှာပေါ့။
လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "လက်ထပ်ပွဲကို ဒီနှစ်ထဲမှာပဲ အတည်ပြုလိုက်ပါမယ်။ ဒါပေမဲ့ ကျွန်မအဖေက ဝူမေ့ကို နောက်ထပ် (၂) နှစ်လောက် အိမ်မှာ ထားချင်နေသေးတာ။ လက်ထပ်မယ့် ရက်ကိုတော့ နောက်ဆုတ်ထားရဦးမှာပါ"
ချောင်မိဖုရားခေါင်က ရယ်မောလိုက်လေသည်။ "သူတို့ လက်ထပ်တဲ့အချိန်ကျရင် ပန်ကုံးက လက်ဖွဲ့ကောင်းကောင်း ပေးရဦးမယ်"
စကားပြော ရယ်မောနေကြစဉ် ချိုင်လန်သည် ရုတ်တရက် ထူးဆန်းသော မျက်နှာထားဖြင့် ဝင်ရောက် သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်...ပဉ္စမမင်းသား နဲ့ လီရှစ်ဇီတို့ ဥယျာဉ်တော်ထဲမှာ တွေ့ပြီး ဘာတွေပြောကြမှန်း မသိဘဲ ရုတ်တရက် ရိုက်ပုတ်ကုန်ကြပါတယ်"
"ဘာ"
"လီချန် နဲ့ လီယန် ရန်ဖြစ်ကြတယ် ဟုတ်လား"
ချောင်မိဖုရားခေါင်သည် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်လေသည်။ "သူတို့နှစ်ယောက် ဘယ်မှာလဲ"
လုမင်ယွိသည်လည်း အပြုံးကို ရုပ်သိမ်းလိုက်ပြီး ချိုင်လန်ကို ကြည့်လိုက်လေသည်။
ချိုင်လန်က လေသံတိုးတိုးဖြင့် ဖြေကြားလိုက်လေသည်။ "ပဥ္စမမင်းသားရဲ့ ဂုဏ်ဒြပ်က မြင့်မြတ်သလို လီရှစ်ဇီကလည်း ငယ်ငယ်ကတည်းက နန်းတော်ထဲ ဝင်ထွက်သွားလာနေတာဆိုတော့ ကိုယ်ရံတော်တွေက ဘယ်သူ့ကိုမှ မတားရဲကြပါဘူး။ ဒါကြောင့် အခုထိ ရန်ဖြစ်နေကြတုန်းပါပဲ..."
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။ "ပန်ကုံး အခုပဲ သွားကြည့်လိုက်မယ်"
လုမင်ယွိကလည်း ထလိုက်ပြီး ပြောလိုက်လေသည်။ "အာရှီလည်း မူဟုပ်နဲ့အတူ လိုက်ခဲ့မယ်"
ချောင်မိဖုရားခေါင်သည် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်လေသည်။ "မင်းက ကိုယ်ဝန်ရှိနေတာလေ။ စိတ်လှုပ်ရှားလို့ မဖြစ်ဘူး။ အားစိုက်လို့လည်း မဖြစ်ဘူး။ မလိုက်ပါနဲ့တော့။ ဒီမှာပဲ ကောင်းကောင်း အနားယူနေလိုက်ပါ။ ဟိုကောင်စုတ်လေးနှစ်ယောက်ကို ပန်ကုံး သွားရင် ဆက်ပြီး ရန်ဖြစ်ရဲကြဦးမလား ကြည့်ရသေးတာပေါ့"
လုမင်ယွိက တည်ငြိမ်စွာ ပြောလိုက်လေသည်။ "သူတို့နှစ်ယောက်လုံးက ငယ်ရွယ်ကြသေးတော့ သွေးဆူလွယ်ကြတဲ့ အရွယ်တွေလေ။ အာရှီ မူဟုပ်နဲ့အတူ လိုက်သွားပါ့မယ်။ သူတို့ နားမထောင်ရဲဘဲ နေပါစေဦး"
...
ချောင်မိဖုရားခေါင်သည် မျက်နှာထားတင်းတင်းဖြင့် ဥယျာဉ်တော်သို့ သွားလိုက်သည်။ လုမင်ယွိသည် ဖြည်းညှင်းစွာ လမ်းလျှောက်နေသော်လည်း တစ်လှမ်းမျှ နောက်မကျခဲ့ပေ။ အတူလိုက်ပါလာသော နန်းတွင်းသူများနှင့် အတွင်းနန်းဆောင် ကုန်းကုန်းများ အပါအဝင် လူအုပ်ကြီးသည် ခမ်းနားထည်ဝါစွာ ချီတက်သွားကြ၏။
လုမင်ယွိ၏ အကြားအာရုံသည် စူးရှထက်မြက်သဖြင့် အဝေးကပင် လက်သီးထိုးသံ၊ ခြေထောက်ကန်သံများကို ကြားနေရပြီး ကြားထဲတွင် ဆဲဆိုသံများလည်း ပါဝင်နေလေသည်။
ထိုဆဲဆိုသံ အများစုမှာ လီချန်ထံမှ ဖြစ်လေသည်။ လီယန်ကမူ အသံသိပ်မထွက်ဘဲ အသိဥာဏ် ရှိသေးကြောင်း သိသာလှသည်။ သူသည် လီချန်၏ ဘိုးဘေးများကို စော်ကားမပြောဆိုရဲပေ။
လုမင်ယွိသည် သေချာ နားထောင်လိုက်ရာ လုမင်ယွဲ့၏ နာမည်ကို ကြားလိုက်ရသဖြင့် မျက်နှာထား ချက်ချင်း မည်းမှောင်သွားတော့သည်။
လုမင်ယွဲ့နဲ့ လီယန်တို့ စေ့စပ်တော့မယ်ဆိုတာ ကြားလို့ လီချန်က မကျေမနပ်ဖြစ်ပြီး တမင်သက်သက် ရန်စတာ ဖြစ်ရမယ်။ လီယန်ကို ရိုက်နှက်ချင်နေတာ နေမှာ။ လီယန်ကလည်း အနိုင်ကျင့်ခံမယ့်သူ မဟုတ်တော့ ဘယ်လိုလုပ် ငြိမ်ခံနေမှာလဲ။
သူမသည် ရုတ်တရက် ခြေလှမ်းကို မြန်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် လန့်ဖျပ်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။ "စိတ်မလိုက်ပါနဲ့။ မင်းက ကိုယ်ဝန်ဆောင်ထားရတာနော်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်နဲ့..."
စကားမဆုံးမီမှာပင် လုမင်ယွိသည် ရှေ့သို့ ရောက်ရှိသွားလေသည်။
ကိုယ်ရံတော်များက အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြ၏။
လုမင်ယွိသည် တစ်ချက်ကြည့်လိုက်ရာ လုံးထွေးသတ်ပုတ်နေသော လီချန်နှင့် လီယန်ကို တွေ့လိုက်ရသဖြင့် အေးစက်စွာ အော်ဟစ်လိုက်လေသည်။ "ရပ်လိုက်ကြစမ်း"
အသံကြားသည်နှင့် လီယန်သည် အသိပြန်ဝင်လာပြီး လီချန်ကို အားကုန် တွန်းထုတ်ကာ ကိုယ်ကို လှည့်၍ ထလိုက်လေသည်။ သူ ကောင်းကောင်း မရပ်နိုင်သေးမီမှာပင် လီချန်သည် ကျားဆာတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်ပြီး နောက်ကျောမှနေ၍ လီယန်ကို မြေကြီးပေါ်သို့ လှဲချလိုက်လေသည်။
လီယန်သည် သတိမထားမိဘဲ လဲကျသွားကာ နှာခေါင်းနှင့် မြေကြီး အရှိန်ပြင်းပြင်း ဆောင့်မိပြီး နှာခေါင်းသွေးများ စီးကျလာတော့သည်။
လီချန်က ဆက်လက် ရိုက်နှက်ရန် ပြင်လိုက်စဉ် နောက်ကျောမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အော်ဟစ်လိုက်မိလေသည်။ သူသည် မီတာအနည်းငယ် အဝေးသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်ကာ လိမ့်သွားလေတော့သည်။
ကိုယ်ရံတော်များသည် အသက်ရှူမှားသွားကြပြီး ရက်ရက်စက်စက် ကန်ကျောက်လိုက်သော ထိုက်ဇီဖေးကို ကြောက်ရွံ့လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။
လုမင်ယွိ၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး အမိန့်ပေးလိုက်လေသည်။ "လီရှစ်ဇီကို တွဲထူပြီး အရှေ့နန်းဆောင်ကို ပို့လိုက်။ တော်ဝင်သမားတော်ကို ခေါ်ပြီး လီရှစ်ဇီရဲ့ ဒဏ်ရာကို ကုသခိုင်းလိုက်"
ကိုယ်ရံတော် နှစ်ယောက်သည် အလျင်အမြန် ခေါင်းညိတ်ကာ လီယန်ကို တွဲထူလိုက်ကြ၏။
လီယန်သည် နှာခေါင်းကို အုပ်ထားသော်လည်း လက်ချောင်းကြားမှ သွေးများ စီးကျနေပြီး ဒဏ်ရာ မည်မျှပြင်းထန်သည်ကို မသိရချေ။ သူက ပြတ်တောင်းပြတ်တောင်း ပြောလိုက်လေသည်။ "ထိုက်ဇီဖေး ညန်ညန်ကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိက တစ်ချက် ကြည့်လိုက်လေသည်။ "စကားတွေ အများကြီး ပြောမနေနဲ့တော့။ အရင်ဆုံး သွားပြီး ကုသလိုက်"
လီယန် ထွက်သွားပြီးနောက် လုမင်ယွိက ကိုယ်ရံတော်များကို လီချန်အား တွဲထူရန် အမိန့်ပေးလိုက်လေသည်။
စောစောက သူမသည် ဒေါသထွက်နေသဖြင့် ခြေကန်ချက်တွင် အား (၈) ဆယ်ရာခိုင်နှုန်းခန့် ပါဝင်ခဲ့ရာ လီချန်မှာ အတော်လေး ထိခိုက်သွားခဲ့လေသည်။ မီတာအနည်းငယ် လွင့်စင်သွားပြီး လိမ့်သွားသဖြင့် နာကျင်စွာ အော်ဟစ်နေပြီး ထရန်ပင် အားမရှိတော့ပေ။
ကိုယ်ရံတော်များ လာရောက် တွဲထူသည့်အခါ လီချန်က ဘယ်သူ့ကိုမှ အထိမခံဘဲ အော်ဟစ်လေသည်။ "သွား... အကုန်လုံး ထွက်သွားကြ" ပြီးနောက် ငိုယိုအော်ဟစ်လေသည်။ "စန်းကော... မြန်မြန် လာကယ်ပါဦး။ အစ်ကို မလာရင် ကျွန်တော် အာ့စောင် လက်ချက်နဲ့ သေတော့မယ်..."
လုမင်ယွိက အေးစက်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ နှစ်လှမ်း တိုးလိုက်လေသည်။
လီချန်သည် လန့်ဖျပ်သွားပြီး လှိမ့်ကာ ရှောင်လိုက်သဖြင့် အတော်လေး ကြည့်ရဆိုးနေလေသည်။
ချောင်မိဖုရားခေါင်သည်လည်း ရောက်ရှိလာပြီး လီချန်၏ ငိုယိုအော်ဟစ်သံကို ကြားရသဖြင့် မျက်နှာထား မကောင်းတော့ပေ။ "ပါးစပ်ပိတ်ထားစမ်း။ မင်းသားတစ်ပါး ဖြစ်ပြီးတော့ မြေကြီးပေါ်မှာ လူးလှိမ့်နေတာ ဘာပုံစံလဲ"
လီချန်က ငိုကြွေးကာ ပြောလိုက်လေသည်။ "ကျွန်တော်က ဘာမျက်နှာကို လိုချင်ရမှာလဲ။ ကျွန်တော်က ဘာမင်းသားလဲ။ ဒီနန်းတော်ထဲမှာ လူတိုင်းက ကျွန်တော့်ကို အထင်သေးကြတယ်။ ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ ရတယ်။ ကျွန်တော်က လီယန်လောက်တောင် မကောင်းဘူး။ လီယန်မှာ ချစ်ပေးမယ့် မိဘအရင်းတွေ ရှိတယ်။ ကျွန်တော့်မှာတော့ ဘယ်သူမှ မရှိဘူး။ ဖုဟွမ်ကလည်း ကျွန်တော့်ကို ဂရုမစိုက်ဘူး။ မူဖေးကလည်း သူများ လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရပြီ။ ဒီနန်းတော်ထဲမှာ ကျွန်တော့်ကို လူရာသွင်းတဲ့သူ ဘယ်သူရှိလို့လဲ"
ချောင်မိဖုရားခေါင်၏ မျက်နှာသည် မည်းမှောင်သွားလေသည်။
သူမသည် မိဖုရားခေါင် ဖြစ်သလို မင်းသားများ၏ တရားဝင် မိခင်လည်း ဖြစ်လေသည်။ ပဉ္စမမင်းသား ဤကဲ့သို့ ငိုယိုအော်ဟစ်နေခြင်းသည် သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် မဟုတ်ပါလား။
မြေကြီးပေါ်တွင် လူးလှိမ့်ပြီး မထဘဲ နေနေသည့် ပုံစံမှာ တကယ်ကို ရွံရှာစရာ ကောင်းလှသည်။
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "လီချန်... ငါ ၃ အထိ ရေတွက်မယ်။ နင်သာ မထရင် ဒီနေ့ တကယ်သေလောက်အောင် အရိုက်ခံရတာ ဘယ်လိုလဲဆိုတာ ပြလိုက်မယ်။ တစ်... နှစ်..."
အေးစက်သော အသံသည် နားထဲသို့ ဝင်ရောက်လာသဖြင့် လီချန် တုန်လှုပ်သွားလေသည်။
သူသည် မော့ကြည့်ကာ လုမင်ယွိကို ကြည့်လိုက်လေသည်။
နေရောင်အောက်တွင် လုမင်ယွိ၏ မျက်ဝန်းမှ အလင်းရောင်သည် ကြောက်မက်ဖွယ်ကောင်းပြီး အရိုးထဲထိ အေးစက်သွားစေသည်။
လီချန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာတော့သည်။ လုမင်ယွိသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူမ တကယ် လုပ်ရဲသည်။
"သုံး" လုမင်ယွိက နောက်ဆုံး စကားလုံးကို ပြောလိုက်ပြီး လက်မောင်းကို ပင့်တင်လိုက်လေသည်။
လီချန်သည် လန့်ဖျပ်သွားပြီး နောက်ကျောမှ နာကျင်မှုကို ဂရုမစိုက်နိုင်တော့ဘဲ ကုန်းရုန်းထလိုက်လေသည်။ "ကျွန်တော် ထပြီ... ကျွန်တော် ထပါပြီ။ ခင်ဗျား... ခင်ဗျား လာမလုပ်နဲ့"
လုမင်ယွိသည် မျက်ရည်များ၊ နှပ်များနှင့် ပေပွနေသော လီချန်ကို ရွံရှာစွာ ကြည့်လိုက်လေသည်။ "မျက်ရည်တွေ သုတ်လိုက်စမ်း။ တော်ဝင်သမားတော်ကို ခေါ်ပြီး ကြည့်ခိုင်းလိုက်။ ဒီနေ့ကိစ္စက ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့။ ခဏနေရင် အစအဆုံး ပြန်ပြောပြရမယ်။ တစ်လုံးမှ မကျန်စေနဲ့"
လီချန်သည် လက်မောင်းစဖြင့် မျက်လုံးများကို သုတ်လိုက်လေသည်။
ထိုအချိန်မှာပင် ရင်းနှီးသော အသံတစ်သံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာခဲ့သည်။ "ဝူတိ"
လီဟောက်၏ အသံပင်။
လီချန်၏ မျက်ရည်များ ဒလဟော စီးကျလာပြန်လေသည်။ "စန်းကော... သူတို့အားလုံး ကျွန်တော့်ကို ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်"
...
အပိုင်း (၄၉၄) မုန်တိုင်း (၂)
လီဟောက်သည် မျက်မှောင်ကြုတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာလေသည်။
လီချန်၏ ကြည့်မကောင်းအောင် ဖြစ်နေသော ပုံစံသည် သူ၏ မျက်ဝန်းထဲသို့ ဝင်ရောက်လာပြီး လီဟောက်၏ မျက်ဝန်းများသည် အေးစက်သွားသော်လည်း လီချန်ဘက်မှ ကာကွယ်ပေးရန် မလောဘဲ ဆန့်ကျင်ဘက်အနေဖြင့် လေးနက်စွာ အော်ဟစ်လိုက်လေသည်။ "ဒီလောက် အရွယ်ရောက်နေပြီ... ကိစ္စလေး နည်းနည်း ဖြစ်တာနဲ့ ငိုယိုနေတာ ဘာပုံစံလဲ။ မျက်ရည်တွေ နှပ်တွေ မြန်မြန် မသုတ်သေးဘူးလား"
လီချန်သည် နာကျည်းဝမ်းနည်းစွာဖြင့် လက်မောင်းစနှင့် မျက်ရည်များ၊ နှပ်များကို သုတ်လိုက်လေသည်။ နောက်ကျောမှ နာကျင်မှုက ပြင်းထန်သဖြင့် မတ်မတ်ပင် မရပ်နိုင်ဘဲ ခါးကို ကွေးထားရလေသည်။
ကြည့်လိုက်သည်နှင့် အရိုက်ခံထားရမှန်း သိသာလှသည်။
လက်မောင်းကို ပင့်တင်ကာ အေးစက်စွာ ရယ်မောနေသော လုမင်ယွိ၏ ပုံစံကို ကြည့်လျှင် မည်သူ့လက်ချက် ဖြစ်ကြောင်း မေးနေစရာပင် လိုမည် မဟုတ်ပေ။
လီဟောက်သည် ရင်ထဲက ဒေါသကို မြိုသိပ်ထားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဝူတိက ဘာအမှား လုပ်မိလို့ အာ့စောင် ကိုယ်တိုင်တောင် လက်ပါပြီး ဆုံးမရတာလဲ မသိဘူး။ အာ့စောင်က ကိုယ်ဝန်ဆောင်ထားရတာဆိုတော့ စိတ်လှုပ်ရှားလို့ မဖြစ်ဘူး၊ အားစိုက်လို့လည်း မဖြစ်ဘူးလေ။ နောက်ဆို ဝူတိ အမှားလုပ်ရင် ကျွန်တော့်ကို လာပြောလိုက်ပါ။ ကျွန်တော် ကိုယ်တိုင် ဆုံးမပေးပါ့မယ်"
လုမင်ယွိသည် ဤကိုယ်ဝန်ကို ဆောင်ထားရပြီးနောက်ပိုင်း မကြာခဏ စိတ်မရှည် ဖြစ်တတ်ပြီး ဒေါသထွက်လွယ်လာလေသည်။ ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်လေသည်။ "ငါကလည်း လီချန်ကို မေးချင်နေတာ။ လီယန်က ဘာအမှား လုပ်မိလို့ သူက တမင်သက်သက် ရန်စပြီး လီယန်ကို လက်ပါရတာလဲ"
"ငါနဲ့ မူဟုပ် ရောက်လာပြီး သူတို့ကို ရပ်ခိုင်းလိုက်တော့ လီချန်က အခွင့်ကောင်းယူပြီး လီယန် ရပ်လိုက်တဲ့အချိန်မှာ နောက်ကနေ ဝင်တိုက်တယ်။ လီယန် မြေကြီးပေါ် ပြင်းပြင်းထန်ထန် လဲကျပြီး မျက်နှာမှာ ဒဏ်ရာရသွားတယ်"
"မင်း ရောက်လာတာ ကွက်တိပဲ။ ဘာကိစ္စကြောင့် ဒီလိုလုပ်ရတာလဲဆိုတာ သေချာ မေးကြည့်လိုက်ပါဦး"
လီဟောက် "..."
ဒါက စဉ်းစားနေစရာ လိုသေးလို့လား။
လီဟောက်၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး လီချန်ကို စိုက်ကြည့်လိုက်မိလေသည်။
တကယ့်ကို အသုံးမကျတဲ့ ကောင်စုတ်လေးပါလား။
လုအိမ်တော်နဲ့ လက်ထပ်ခွင့် မရလိုက်လို့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာ။ ပြီးတော့ လီယန်နဲ့ လုမင်ယွဲ့တို့ စေ့စပ်တော့မယ်ဆိုတဲ့ သတင်းကို ကြားတော့ ဒေါသထွက်ပြီး လီယန်ကို လာပြီး ရန်ရှာတာပေါ့။
ပုံမှန်ဆိုလျှင် သတ္တိနည်းသော လီချန်သည် ဤတစ်ကြိမ်တွင်တော့ အမှားဝန်ခံလိုစိတ် နည်းနည်းလေးမှ မရှိဘဲ လည်ပင်းကို မတ်ကာ ပြောလိုက်လေသည်။ "ကျွန်တော်က လီယန် ဆိုတဲ့ကောင်ကို ကြည့်မရတာ ကြာပြီ။ သူ့ကို ရိုက်တာ ဘာဖြစ်လဲ။ ကျွန်တော်က ဂုဏ်သရေရှိတဲ့ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါးအနေနဲ့ အရှေ့နန်းဆောင်က အရာရှိတစ်ယောက်ကို ရိုက်တာတောင် မရဘူးလား။ အာ့စောင် ပြောတာက သိပ်လွန်လွန်းနေပြီ"
လုမင်ယွိက အေးစက်စွာ ရယ်မောလိုက်ပြီး ပါးစပ်မဟရသေးမီမှာပင် လီဟောက်သည် မျက်နှာထား မည်းမှောင်စွာဖြင့် ခြေထောက်နှင့် ကန်လိုက်လေသည်။
ထိုကန်ချက်သည် လီချန်၏ ဒူးခေါင်းတည့်တည့်ကို ထိသွားလေသည်။
လီချန်သည် မထင်မှတ်ထားသော ကန်ချက်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒူးနှစ်ဖက် ပျော့ခွေသွားကာ ဒူးထောက်ကျသွားလေသည်။
"ခွေးကောင်..." လီဟောက်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "လီယန်က အရှေ့နန်းဆောင်က အရာရှိ ဖြစ်ရုံတင် မကဘူး။ တုန်းပင်ကျွင်းဝမ်ရဲ့ သားအရင်း၊ မင်းနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ညီအစ်ကိုဝမ်းကွဲလေ။ မင်း ဘယ်လိုလုပ် ဒီလောက် ယုတ်မာတဲ့လက်နဲ့ လုပ်ရက်ရတာလဲ။ အာ့စောင် ဆုံးမလိုက်တာ မှန်တယ်။ ငါသာ ဒီနေရာမှာ ရှိရင်လည်း မင်း အသိပြန်ဝင်လာတဲ့အထိ ကောင်းကောင်း ရိုက်နှက်မိမှာပဲ"
"မူဟုပ်နဲ့ အာ့စောင်ကို မြန်မြန် တောင်းပန်လိုက်စမ်း"
လီချန်သည် နာကျင်မှုကြောင့် မျက်ရည်များ စီးကျလာပြီး မျက်လုံးများ နီရဲလာလေသည်။ "ကျွန်တော်က ဘာမင်းသားလဲ။ ဒီနန်းတော်ထဲမှာ ဘယ်သူကမှ ကျွန်တော့်ကို လူရာမသွင်းကြဘူး။ အခု အစ်ကိုကပါ ကျွန်တော့်ဘက် မပါတော့ဘူး။ ကျွန်တော် အရိုက်ခံရသင့်တာ။ အသေရိုက်သတ်ခံရလည်း ဖြစ်သင့်တာပဲ။ အစ်ကို သွားလိုက်... ဒီမှာ ဆက်မနေနဲ့တော့။ ကျွန်တော့်မှာ အစ်ကို့လို အစ်ကိုမျိုး မရှိဘူး"
လီဟောက်သည် ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် နာကျင်လာပြီး လီချန်ကို နောက်ထပ်တစ်ချက် ထပ်ကန်ချင်စိတ် ပေါက်သွားလေသည်။
လွန်ခဲ့သော နှစ်ဝက်အတွင်း သူသည် အစွမ်းအစများကို ဖုံးကွယ်ထားပြီး နေရာတိုင်းတွင် အလျှော့ပေးကာ ခေါင်းငုံ့ခံခဲ့လေသည်။ အပေါ်ယံတွင် နစ်နာသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် တစ်ဆင့်ချင်းစီ သွေးထိုးလှုံ့ဆော်ကာ ယုံးကျားဧကရာဇ်နှင့် ထိုက်ဇီကြားက သားအဖသံယောဇဉ်ကို ကွဲပြားအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဒီအတိုင်းသာ ဆက်သွားရင် နောက်ထပ် နှစ်အနည်းငယ်အတွင်း အရှေ့နန်းဆောင်ရဲ့ အင်အားက ပိုပြီး ယုတ်လျော့လာလိမ့်မယ်။ လူ့စိတ်ဆိုတာ ပြောင်းလဲလွယ်တယ်။ ယုံးကျားဧကရာဇ်ရဲ့ စိတ်ထဲမှာလည်း အိမ်ရှေ့စံ နေရာကို ပြောင်းလဲချင်စိတ်တွေ တဖြည်းဖြည်း ပေါ်လာလိမ့်မယ်။
ဒါပေမဲ့ လီချန် ဆိုတဲ့ကောင်က တုံးအလွန်းတော့ ဒီအကွက်တွေကို မမြင်ဘူး၊ နားမလည်နိုင်ဘူး။ ဒီမှာ လာပြီး သောင်းကျန်းနေသေးတယ်။
ချောင်မိဖုရားခေါင်က နောက်ဆုံးတွင် ဝင်ရောက် ပြောဆိုလိုက်လေသည်။ "တော်ကြပါတော့။ အားလုံး တိတ်လိုက်ကြတော့။ ဒီနေရာက ဥယျာဉ်တော်ကြီး။ လူတွေ ဝင်ထွက်သွားလာနေတဲ့နေရာမှာ ဒီလိုပုံစံမျိုး ဖြစ်နေတာ နန်းတော်တစ်ခုလုံးရဲ့ အရှက်ခွဲစရာ ဖြစ်မနေဘူးလား။ ကလေးနှစ်ယောက် စကားများ ရန်ဖြစ်ပြီး လက်ပါကြတာ လီယန်က နစ်နာသွားတယ်။ လီချန်ကလည်း သင်ခန်းစာ ရသွားပြီ။ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့"
"လီဟောက်... မင်း လီချန်ကို ခေါ်ပြီး အရင် ပြန်လိုက်တော့"
လီဟောက်သည် လက်ကိုယှက်ကာ ဟုတ်ကဲ့ဟု ပြောလိုက်ပြီး လီချန်၏ ကော်လာစကို ဆွဲမလိုက်လေသည်။ အရပ် (၇) ပေ မပြည့်သော်လည်း ပေါင် (၁၇၀-၁၈၀) ခန့် လေးသော လီချန်သည် ထိုအတိုင်း တရွတ်တိုက် ပါသွားလေတော့သည်။
လုမင်ယွိက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ရယ်ချင်သလိုလို၊ မတတ်နိုင်သလိုလို ဖြစ်သွားပြီး ချွေးမတော်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ "မင်း စိတ်ထဲမှာ မကျေနပ်ဘူးဆိုတာ ပန်ကုံး သိပါတယ်။ ဒါပေမဲ့ မင်းလည်း လီချန်ကို လက်ပါပြီး ဆုံးမလိုက်ပြီပဲ။ ဒီလောက် စကားများရုံလေးနဲ့ ဘာဆက်လုပ်လို့ ရဦးမှာလဲ။ မင်းက အခု ကိုယ်ဝန်ဆောင်ထားရတာ။ ကလေး ထိခိုက်မှာ စိုးရတယ်။ စိတ်ကို မြန်မြန် လျှော့လိုက်ပါ"
လုမင်ယွိ၏ ရင်ထဲက ဒေါသမီးသည် မငြိမ်းသေးသဖြင့် တည်ငြိမ်စွာ ပြောလိုက်လေသည်။ "မူဟုပ် စိတ်ချပါ။ ကျွန်မရဲ့ ခန္ဓာကိုယ် အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျွန်မ ကိုယ်တိုင် သိပါတယ်။ ကလေးကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ လီချန်ကသာ ပေါက်ကရတွေ ထပ်ပြောရင် နောက်တစ်ကြိမ်ကျရင် ဒီလောက်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
ချောင်မိဖုရားခေါင်က ကလေးချော့သလို လေသံမျိုးဖြင့် ပြောလိုက်လေသည်။ "ကောင်းပါပြီ ကောင်းပါပြီ။ နောက်တစ်ခါ သူ ဒီလိုထပ်လုပ်ရင် ပန်ကုံး လူလွှတ်ပြီး သူ့ကို ကြိမ်ဒဏ် ပေးခိုင်းလိုက်ပါ့မယ်။ မင်းရဲ့ ဒေါသပြေအောင်လို့လေ။ လာ... ပန်ကုံးနဲ့အတူ ပြန်ပြီး အနားယူကြရအောင်"
လုမင်ယွိ "..."
ဒီလေသံက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။
ဟုတ်သားပဲ... ချောင်မိဖုရားခေါင်က ပုံမှန်အချိန်တွေမှာ ရွှီအာ နဲ့ ရွှမ်းအာ ကို ချော့ရင် ဒီလိုပုံစံမျိုးနဲ့ ချော့တာလေ။
လုမင်ယွိသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ချောင်မိဖုရားခေါင်ကို ကြည့်လိုက်လေသည်။ "ကျွန်မက ဒီလောက် အသက်ကြီးနေပြီ။ မူဟုပ်က အထူးတလည် လာချော့နေစရာ မလိုပါဘူး"
ချောင်မိဖုရားခေါင်သည် ရယ်မောချင်စိတ်ကို အောင့်အီးထားရင်း ဆက်လက် ချော့မော့လေသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ချော့စရာ မလိုပါဘူး။ ပန်ကုံးက မင်းရဲ့ ကျန်းမာရေးကို စိတ်ပူလို့ပါ။ ဒီလို ဒေါသထွက်ပြီး လက်ပါလိုက်တော့ ကလေး ထိခိုက်သွားမှာ စိုးရိမ်လို့လေ။ တော်ဝင်သမားတော်ကို ခေါ်ပြီး စမ်းသပ်ခိုင်းလိုက်ပါ။ ဘာမှမဖြစ်ဘူးဆိုတာ သေချာမှ ပန်ကုံး စိတ်အေးရမှာ"
ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် စိတ်ဆတ်ပြီး ဒေါသကြီးတတ်သည်မှာ သဘာဝပင်။ လုမင်ယွိ ကိုယ်တိုင်ကလည်း စိတ်သဘောထား နူးညံ့သိမ်မွေ့သူ မဟုတ်သည်ကို ပြောနေစရာပင် လိုမည် မဟုတ်ပေ။
လုမင်ယွိသည် ထိုအခါမှ ခေါင်းညိတ်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ရယ်မောလိုက်ပြီး လုမင်ယွိ၏ အင်္ကျီကော်လာနှင့် လက်မောင်းစများကို ကိုယ်တိုင် သပ်ရပ်အောင် ပြင်ဆင်ပေးကာ လုမင်ယွိ၏ လက်ကို ဆွဲပြီး ကျောင်းဖန်နန်းဆောင်သို့ ပြန်ခေါ်သွားလေတော့သည်။
...
"ကျွန်တော့်ကို လွှတ်"
လီဟောက်သည် လမ်းတစ်လျှောက်လုံး လီချန်ကို ဆွဲခေါ်လာပြီး တတိယမင်းသား အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ လီချန်သည် မျက်လုံးများ နီရဲနေပြီး အားကုန် ရုန်းကန်လိုက်၏။ "ကျွန်တော့်ကို လွှတ်... မြန်မြန် လွှတ်ပေး။ ကျွန်တော့်မှာ အစ်ကို့လို အစ်ကိုမျိုး မရှိဘူး"
လီဟောက်သည် စကားတစ်ခွန်းမှ မဆိုဘဲ ငိုယိုအော်ဟစ်နေသော လီချန်ကို အခန်းထဲထိ ဆွဲခေါ်သွားပြီး ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ လီချန်သည် ကုတင်ပေါ်သို့ လွင့်စင်သွားလေသည်။
လီချန်သည် နာကျင်မှုကြောင့် သွားများကို စေ့ကာ အော်ဟစ်ငိုကြွေးလိုက်လေသည်။
မုန့်ယွင်လော်သည် သတင်းကြားသည်နှင့် အလျင်အမြန် ရောက်ရှိလာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားကာ စိုးရိမ်တကြီး မေးလိုက်လေသည်။ "ဒါ ဘာဖြစ်တာလဲ။ မနက်ကတုန်းက အကောင်းကြီး ရှိနေသေးတာကို။ ဘာလို့ ဒီလိုပုံစံ ဖြစ်ပြီး ပြန်ရောက်လာတာလဲ။ ဘယ်သူက ဝူတိကို အနိုင်ကျင့်လိုက်တာလဲ"
ချစ်သူကို ချစ်လျှင် သူနှင့် ပတ်သက်သမျှ အရာအားလုံးကို မြတ်နိုးတတ်သည် ဟူသော စကားအတိုင်းပင်။
လွန်ခဲ့သော နှစ်ဝက်အတွင်း မုန့်ယွင်လော်နှင့် လီဟောက်တို့၏ လင်မယားသံယောဇဉ်သည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ပြီး လီချန်အပေါ်တွင်လည်း အဘက်ဘက်မှ ဂရုစိုက်ပေးခဲ့ကာ အစ်မကြီးက မိခင်သဖွယ် ဟူသော ပုံစံမျိုး ပေါက်နေလေသည်။
ယခုအခါ လီချန်၏ အရိုက်ခံထားရသော ပုံစံကို မြင်သောအခါ မုန့်ယွင်လော်သည်လည်း စိတ်မကောင်း ဖြစ်မိလေသည်။
လီဟောက်က မျက်နှာထား မည်းမှောင်စွာဖြင့် ပြောလိုက်လေသည်။ "ဒီကိစ္စ မင်း ဝင်မပါနဲ့။ အရင် ထွက်သွားလိုက်။ ငါ ဒီနေ့ ဒီကောင်စုတ်လေးကို လောကကြီးအကြောင်း ကောင်းကောင်း သင်ပေးလိုက်မယ်"
မုန့်ယွင်လော်သည် လီဟောက်၏ မျက်နှာထားကြောင့် ကြောက်လန့်သွားပြီး စကားဆက်မပြောရဲတော့ဘဲ အလျင်အမြန် ထွက်ခွာသွားကာ တံခါးကိုလည်း သေချာ ပိတ်ပေးခဲ့လေသည်။
လီဟောက်က ကုတင်ဘေးသို့ လျှောက်သွားလိုက်၏။
လီချန်သည်လည်း အစ်ကိုဖြစ်သူ၏ မျက်နှာထားကြောင့် လန့်ဖျပ်သွားပြီး အလိုအလျောက် ပါးစပ်ပိတ်သွားလေသည်။
လီဟောက်က အေးစက်စွာ ပြောလိုက်လေသည်။ "မင်း စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတယ် ဆိုတာ ငါ သိတယ်။ ကိုယ် သဘောကျတဲ့ မိန်းကလေးကို သူများ လုယူသွားတာလေ။ အဲဒါက ငါ အရင်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး"
"လီချန်... ငါ မင်းကို ပြောလိုက်မယ်။ ဒီအငွေ့အသက်ကို မင်း မျိုမချချင်လည်း မျိုချထားရမယ်။ ငါ ဒီနှစ်တွေမှာ သည်းခံပြီး နေခဲ့သလိုမျိုးပေါ့။ ကိုယ်ချစ်တဲ့ မိန်းမက အာ့စောင် ဖြစ်သွားတာကို ရပ်ကြည့်နေပြီး တခြားယောက်ျားအတွက် သားသမီးတွေ မွေးပေးနေတာကို သည်းခံကြည့်နေရသလိုမျိုးပေါ့"
"ဒါက ဘာမှ မဟုတ်သေးဘူး။ တစ်နေ့ကျရင် ငါ ဒီအကြွေးတွေကို အရင်းရော အတိုးပါ ပြန်ဆပ်ခိုင်းမယ်"
...
အပိုင်း (၄၉၅) မုန်တိုင်း (၃)
လီချန်သည် လီဟောက်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားကြောင့် လန့်ဖျပ်သွားပြီး တုန်ရီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
လီဟောက်သည် လီချန်ကို စိုက်ကြည့်ပြီး တစ်လုံးချင်း လေးနက်စွာ ပြောလိုက်\။ "ငါ ဒီနေ့ ပြောတဲ့စကားတွေကို သေချာ မှတ်ထား။ နောက်ဆို လီယန်နဲ့ ရန်မဖြစ်ရဘူး"
"မင်း လုမင်ယွဲ့ကို လက်ထပ်ဖို့ တောင်းဆိုခဲ့တဲ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောရဘူး။ တစ်လုံးမှတောင် မဟရဘူး။ သတင်းပေါက်ကြားသွားရင် ပထမဆုံး မျက်နှာပျက်ရမှာ မင်းပဲ။ ပြီးမှ ငါ့အလှည့်၊ နောက်ဆုံး ဖုဟွမ် ရဲ့ မျက်နှာပါ အကုန်ပျက်စီးသွားလိမ့်မယ်"
"ရန်သူကို ထိခိုက်အောင်လုပ်ရင်း ကိုယ်တိုင်လည်း အထိနာမယ့် မိုက်မဲတဲ့ကိစ္စမျိုးကို လုံးဝ မလုပ်နဲ့"
လီချန်သည် အသံမထွက်ရဲဘဲ ခေါင်းကိုသာ ဆက်တိုက် ညိတ်ပြလိုက်လေသည်။
လီချန် လုံးဝ ငြိမ်ကျသွားသည်ကို မြင်မှ လီဟောက်သည် လေသံကို လျှော့လိုက်\။ "တချို့ကိစ္စက မင်းကို ပြောပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး။ မင်း မှတ်ထားရမှာက ငါတို့ ညီအစ်ကိုတွေက လုံးဝ အလျှော့ပေးလိုက်လေ ဖုဟွမ်က ငါတို့ကို ပိုပြီး သနားလေပဲ။ အရှေ့နန်းဆောင်ရဲ့ အရှိန်အဝါ ပိုကြီးလေ ဖုဟွမ်က သူတို့ကို ပိုပြီး မကျေမနပ်ဖြစ်ကာ သံသယဝင်လေ ဖြစ်မှာ"
လီချန်က မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်လိုက်လေသည်။ "အဲဒါဆိုရင် လိပ်လိုမျိုး ခေါင်းဝှက်ပြီး နေရတော့မှာလား"
လီဟောက်သည် ဒေါသထွက်သွားပြီး လီချန်၏ ခေါင်းကို ရိုက်ချလိုက်လေသည်။ "ပါးစပ်ပိတ်ထားစမ်း"
"ဘာ လိပ်လို ခေါင်းဝှက်ပြီး နေရမှာလဲ။ ဒါက ကိုယ့်အားနည်းချက်ကို ပြသပြီး နောက်တစ်လှမ်းဆုတ်ကာ ရှေ့ဆက်တိုးဖို့ အားယူတာကွ။ မင်း စဉ်းစားကြည့်လေ... ဒီနှစ်ဝက်အတွင်း ဖုဟွမ်က လီကျင့်အပေါ် တစ်နေ့ထက်တစ်နေ့ ပိုပြီး အေးစက်လာတာ ဘာကြောင့်လဲ"
"မူဖေးလည်း ဆုံးသွားပြီ။ ပါးစပ်ကနေ လက်စားချေမယ်လို့ အော်နေရုံနဲ့ ဘာမှ အသုံးမဝင်ဘူး။ လက်စားချေချင်ရင် စိတ်ကို တည်ငြိမ်အောင် ထားရမယ်။ အရှက်တရားကို မြိုသိပ်ထားပြီး တိတ်တဆိတ် အင်အားမွေးရမယ်။ လက်စားချေနိုင်မယ့် အချိန်ကို စောင့်ရမယ်"
လီချန်သည် ခေါင်းငုံ့ကာ ငြိမ်နေလိုက်သည်။
သစ်တုံးလို လူစားမျိုးပါလား... ဘယ်လိုသင်ပေးပေး နားမလည်နိုင်ပါလား။
လီဟောက်သည် ဆက်မပြောတော့ဘဲ သမားတော်ကို ခေါ်ခိုင်းလိုက်လေသည်။
လီချန်သည်လည်း ရင်ထဲတွင် ဝမ်းနည်းနေသော်လည်း ဘာမှ မပြောရဲတော့ပေ။
အိမ်တော်မှ သမားတော် ရောက်ရှိလာပြီးနောက် လီချန်၏ အဝတ်အစားများကို ဖယ်ရှားကာ ဒဏ်ရာများကို စစ်ဆေးလေသည်။
လုမင်ယွိ၏ ကန်ချက်သည် လီချန်၏ ကျောပြင်ပေါ်တွင် ကြီးမားသော အညိုအမည်းကွက်ကြီး ဖြစ်ပေါ်ကျန်ရစ်ခဲ့လေသည်။ လီဟောက် ကန်လိုက်သော နေရာသည်လည်း လီချန်၏ ဒူးခေါင်းပေါ်တွင် အရာထင်ကျန်နေခဲ့သည်။
သမားတော် ဆေးထည့်ပေးနေစဉ် လီချန်သည် မရပ်မနား အော်ဟစ်ငြီးငြူနေလေသည်။
လီဟောက်သည် နားမခံသာတော့သဖြင့် ထရပ်ကာ ထွက်ခွာသွားတော့သည်။
လီချန်သည် ခေါင်းအုံးထဲသို့ ခေါင်းမြှုပ်ကာ စောင်ကို အတင်းကိုက်ထားသည်မှာ စောင်ကိုပင် ရန်သူဟု သတ်မှတ်ကာ ကိုက်ဖြတ်ပစ်ချင်နေသကဲ့သို့ပင်။
...
"အား... နာတယ် နာတယ်"
အရှေ့နန်းဆောင် ထဲမှ သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
သမားတော်ဝူသည် လီယန်ကို ဆေးထည့်ပတ်တီးစည်းပေးရင်း သတိပေးလိုက်လေသည်။ "နှာခေါင်းဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အနုနယ်ဆုံး နေရာပဲ။ ရှစ်ဇီက ပြင်းပြင်းထန်ထန် လဲကျသွားလို့ သွေးတွေ အများကြီး ထွက်သွားတာ။ တော်သေးတာက နှာခေါင်းရိုး မကျိုးသွားလို့။ မဟုတ်ရင် အရိုးဆက်ရဦးမှာ။ ကံမကောင်းရင် နှာခေါင်းရိုး စောင်းသွားနိုင်တယ်။ တကယ်လို့ အဲဒီလိုသာ ဖြစ်သွားရင် ရှစ်ဇီက နောက်ဆို လူတောထဲ ဘယ်လိုတိုးမလဲ..."
လီယန်သည် လန့်ဖျပ်သွားပြီး လေတစ်ချက် ရှူသွင်းလိုက်မိလေသည်။ နှာခေါင်းကပဲ အရမ်းနာနေလို့လား၊ သမားတော်ဝူ ပြောတာကိုပဲ ကြောက်သွားလို့လားတော့ မသိချေ။
သမားတော်ဝူသည် လီယန် ငြိမ်သွားသည်ကို မြင်မှ ကျေနပ်သွားပြီး ဆက်ပြောလိုက်လေသည်။ "ကံကောင်းလို့ ရှစ်ဇီရဲ့ ဒဏ်ရာက မပြင်းထန်ဘူး။ ကျွန်တော် သုံးပေးထားတာက ဆေးရုံတော်က အထူးဖော်စပ်ထားတဲ့ အကောင်းဆုံး ဒဏ်ရာပျောက်ဆေးပါ။ နေ့တိုင်း တစ်ကြိမ် ဆေးလဲပေးရင် (၅) ရက် (၆) ရက်လောက်ဆို သက်သာသွားပါလိမ့်မယ်"
လီယန်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်လေသည်။ "နှာခေါင်းက မစောင်းဘူးဆိုတာ သေချာတယ်နော်"
သမားတော်ဝူသည် စိတ်ထဲတွင် ရယ်မောလိုက်မိသော်လည်း မျက်နှာထားကတော့ အလွန်လေးနက်နေလေသည်။ "ကျွန်တော် ဆေးကုလာတာ နှစ် (၂၀) ရှိပါပြီ။ အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်။ ရှစ်ဇီသာ ဆေးမှန်မှန်လဲပြီး ဂရုစိုက်ရင် (၁၀) ရက်မပြည့်ခင် ပြန်ကောင်းလာပါလိမ့်မယ်"
လီယန်သည် ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက်တွင်တော့ ငြိမ်ကုပ်နေတော့၏။
သမားတော်ဝူသည် ကျွမ်းကျင်သွက်လက်စွာဖြင့် ဆေးထည့်ပတ်တီးစည်းခြင်းကို အမြန်ပင် ပြီးစီးအောင် ဆောင်ရွက်လိုက်လေသည်။
လီယန်သည် မှန်တစ်ချပ်ကို ယူကြည့်လိုက်ရာ မှန်ထဲမှ မိမိပုံစံကို မြင်ပြီး လန့်ဖျပ်သွားလေသည်။ "ဘာလို့ သတ္တဝါဆန်းကြီးနဲ့ တူနေတာလဲ"
ဖြူဖွေးသော ပတ်တီးစများသည် နှာခေါင်းကို ပတ်ပြီး ခေါင်းနောက်ဘက်အထိ စည်းနှောင်ထားလေသည်။ ခေါင်းတစ်ဝက်လောက်ကို ပတ်တီးများဖြင့် ဖုံးအုပ်ထားရာ တကယ်ကို ကြည့်ရဆိုးပြီး ထူးဆန်းနေလေတော့သည်။
သမားတော်ဝူသည် ရယ်ချင်စိတ်ကို ထိန်းထားရင်း ပြောလိုက်ရသည်။ "နှာခေါင်း ဒဏ်ရာရရင် ဒီလိုပဲ စည်းရတာပါ။ ရှစ်ဇီ နည်းနည်းတော့ သည်းခံလိုက်ပါ"
လီယန်က သက်ပြင်းချလိုက်လေသည်။ "ဒီနေ့ ငါ ကံဆိုးတာပဲ"
ဟို လီချန် ဆိုတဲ့ကောင်က ဆေးမှားသောက်လာသလား မသိဘူး။ သူ့ဆီတည့်တည့်လာပြီး "မင်း လုအိမ်တော်ကို ကမ်းလှမ်းလိုက်ပြီလား" လို့ မေးတယ်။ သူ ခေါင်းညိတ်လိုက်တာနဲ့ ချက်ချင်း ပြေးလာပြီး ထိုးတော့တာပဲ။
သူက ရှောင်ရင်းတိမ်းရင်းနဲ့ လက်သီးအနည်းငယ် ထိသွားတော့ ဒေါသထွက်ပြီး လီချန်နဲ့ လုံးထွေးသတ်ပုတ်မိတော့သည်။ လီချန်က မင်းသားတစ်ပါး ဖြစ်နေလို့သာ သူက အားကုန်မသုံးခဲ့တာ။ မဟုတ်ရင် လီချန်လို ဝဝဖိုင့်ဖိုင့် တုံးအအကောင်က သူ့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ။
အခု စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်လိုက်တော့ လီယန်သည် တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိလိုက်သည်။
လီချန်က လက်ပါတာ...
လုအိမ်တော်က လက်ထပ်ပွဲကိစ္စကြောင့်လား။
ဖြစ်နိုင်တာက...
တံခါးဝမှ ရင်းနှီးသော ခြေသံ ထွက်ပေါ်လာခဲ့သည်။
လီယန်သည် မော့ကြည့်လိုက်ရာ ထိုက်ဇီ လီကျင့်သည် မျက်နှာထားတည်တည်ဖြင့် ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
လီယန်သည် အလျင်အမြန် ထကာ ကြိုဆိုလိုက်လေသည်။ "အရှင်မင်းသား ဘယ်လိုလုပ် ရောက်လာတာလဲ"
လီကျင့်၏ အကြည့်သည် လီယန်၏ ပတ်တီးအထပ်ထပ် စည်းထားသော နှာခေါင်းပေါ်သို့ ရောက်ရှိသွားပြီး သနားသလိုလို၊ ရယ်ချင်သလိုလို ဖြစ်သွားကာ တည်ထားသော မျက်နှာအမူအရာမှာ ပျက်သွားတော့သည်။ "လီချန်နဲ့ မင်း လက်ပါကြတယ်ဆိုလို့... မင်း ဒဏ်ရာရသွားတယ် ကြားတာနဲ့ တမင်သက်သက် လာကြည့်တာ။ အခု ဘယ်လိုနေသေးလဲ။ နှာခေါင်းက နာနေတုန်းပဲလား"
"ဘယ်ကမလဲ... နာလွန်းလို့ သေတော့မယ်"
လီယန်သည်လည်း အလိုလိုက်ခံထားရသူ ဖြစ်သဖြင့် ဤကဲ့သို့ မတရားခံရမှုကို သည်းမခံနိုင်ဘဲ တိုင်တောလေတော့သည်။ "ကျွန်တော်နဲ့ ပဉ္စမမင်းသား လမ်းမှာ တွေ့တော့ စကားတောင် (၂) ခွန်း (၃) ခွန်း မပြောရသေးဘူး... သူက စပြီး လက်ပါတော့တာပဲ။ ကျွန်တော်က အရာရာ လိုက်လျောပေးပေမဲ့ သူက မရပ်ဘဲ ဆက်လုပ်နေလို့ ပြန်လုပ်မိတာ။ နောက်တော့ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေး ရောက်လာပြီး ထိုက်ဇီဖေးက ရပ်ခိုင်းလိုက်လို့ ကျွန်တော် ရပ်လိုက်တာ။ သူကတော့ အခွင့်ကောင်းယူပြီး ကျွန်တော့်ကို တွန်းလှဲလိုက်လို့ အခုလို ဒဏ်ရာရသွားတာပါ"
"ကျွန်တော်နဲ့ ပဥ္စမမင်းသားက အရင်ကလည်း ရန်ငြိုးမရှိ၊ အခုလည်း ပြဿနာမရှိဘဲနဲ့ သူ ဘာစိတ်ကူးပေါက်ပြီး ရူးတာလဲ မသိဘူး။ ကျွန်တော် အခုထိ နားမလည်နိုင်သေးဘူး..."
လီကျင့်သည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထား တင်းမာသွားလေသည်။
လီယန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "အရှင်မင်းသား... လုအိမ်တော်ရဲ့ လက်ထပ်ပွဲကိစ္စကြောင့်လား"
လီကျင့်က တစ်ချက် ဝေ့ကြည့်လိုက်ရာ နန်းတွင်းသူနန်းတွင်းသားများနှင့် သမားတော်တို့ ထွက်ခွာသွားကြလေသည်။
မကြာမီ အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"အခု အခြေအနေက ဒီလိုဖြစ်လာမှတော့ ငါ မင်းကို မဖုံးကွယ်ထားတော့ပါဘူး" လီကျင့်က လီယန်ကို ကြည့်ပြီး ယခင်က လီချန် လုမင်ယွဲ့ကို လက်ထပ်ခွင့်တောင်းခဲ့သည့် အကြောင်းစုံကို ဖြည်းဖြည်းချင်း ပြောပြလိုက်လေသည်။ "...ဒီကိစ္စကို သိတဲ့သူက လက်ချိုးရေလို့ ရတယ်။ လုအိမ်တော်က လူတွေတောင် မသိကြဘူး။ ဝူမေ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ကောလာဟလ မထွက်အောင် ဖုံးဖိထားကြတာ"
"မင်းနဲ့ ဝူမေ့ရဲ့ လက်ထပ်ပွဲက မသေချာသေးဘူး။ မင်း စိတ်ပြောင်းချင်ရင် အခုချိန်ဆို မီသေးတယ်"
လီယန်သည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး ချက်ချင်းပင် ပြောလိုက်လေသည်။ "ဘယ်လိုလုပ် စိတ်ပြောင်းရမှာလဲ။ ကျွန်တော် မင်ယွဲ့ ညီမလေးကို သဘောကျနေတာ တစ်ရက်နှစ်ရက်မှ မဟုတ်တာ။ လီချန် ကမ်းလှမ်းတာ မအောင်မြင်ခဲ့တာ ထားလိုက်ဦး။ လုအိမ်တော်က စဉ်းစားနေတုန်း ဆိုရင်တောင်မှ ကျွန်တော် ကြိုးစားကြည့်ရမှာပဲ"
လီကျင့်သည် ကျေနပ်အားရစွာဖြင့် လီယန်၏ ပခုံးကို ပုတ်လိုက်လေသည်။ "ငါ မင်းကို အထင်မမှားခဲ့ဘူးပဲ။ ဒါမှ ယောက်ျားပီသတာ"
လီယန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်ပဲ သိရင် ရပါပြီ။ ကျွန်တော့်အဖေနဲ့ အမေကို ပေးမသိပါနဲ့။ အထူးသဖြင့် ကျွန်တော့်အမေပေါ့... သူသာ သိသွားရင် နောက်ဆုတ်သွားမှာ သေချာတယ်"
ဒီလက်ထပ်ပွဲက အရှေ့နန်းဆောင်နဲ့ တတိယမင်းသား၊ ပဉ္စမမင်းသားတို့ကြားက ပြိုင်ဆိုင်မှုတွေ ပါဝင်ပတ်သက်နေသလို အရှင်မင်းကြီးနဲ့ ထိုက်ဇီတို့လည်း ပါဝင်ပတ်သက်နေတယ်လေ။ တုန်းပင်ကျွင်းဝမ်ဖေးလို လေသင့်ရာ ယိမ်းတတ်တဲ့ စိတ်သဘောထားနဲ့ဆိုရင် ဘာလုပ်မလဲဆိုတာ ပြောဖို့ခက်တယ်။
လီကျင့်က ခေါင်းညိတ်လိုက်လေသည်။ "မင်း ဒဏ်ရာက ဒီလောက်ဖြစ်သွားမှတော့ ဖုံးဖိထားလို့လည်း ရမှာ မဟုတ်ဘူး။ သူတို့မေးရင် လီချန်နဲ့ စကားများတာလို့ပဲ ပြောလိုက်။ တခြားဟာတွေ ပြောမနေနဲ့တော့"
"ငါ မင်းကို (၁၀) ရက် ခွင့်ပေးမယ်။ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ မျက်နှာက ဒဏ်ရာ သက်သာမှ အရှေ့နန်းဆောင်ကို ပြန်လာပြီး အလုပ်ဆင်းတော့"
...